← Chapters

အခန်း (၃၁-၃၂)

Vol. 4 Ch. 31-32

အခန်း (၃၁-၃၂)

Vol. 4 Ch. 31-32

အခန်း (၃၁)

"ယောက်ျား ဘယ်လိုကြွက်က ဒီလောက်တောင် စွမ်းနေလို့ ဒီလောက်ကြီးတဲ့ ထောင်ချောက်ကြီးကို သုံးရမှာလဲ"

ထိုစကားကို ကြားသောအခါ ချန်ကောဟွားသည် ယခင်က ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာများကို အကုန်အစင် ရှင်းပြလိုက်သည်။

ထိုအကြောင်းအရာများကို သိရှိသွားပြီးနောက် သူမ၏ မျက်လုံးများက ပြူးကျယ်သွားပြီး လုံးဝ မယုံကြည်နိုင်သည့် အမူအရာမျိုး ဖြစ်သွားသည်။

"ဘာ ယောက်ျား ကျားမိသားစုက ကလေးသုံးယောက်က ငါတို့အိမ်ကို လာပြီး ပစ္စည်းခိုးမယ်လို့ ပြောလိုက်တာလား"

"ဒါက ခန့်မှန်းချက်သက်သက်ပါ"

ချန်ကောဟွားက အသာအယာ ခေါင်းညိတ်လိုက်သည်။

"ဒါပေမဲ့ သူတို့က လက်သရမ်းရဲတယ်ဆိုရင်တော့ သူတို့ကို သေတဲ့အထိ အကွက်ဆင်ဖို့လည်း ငါက ဝန်လေးနေမှာ မဟုတ်ဘူး"

အမှန်တကယ်တော့ ချန်ကောဟွားသည် လူကြီးတစ်ယောက်ဖြစ်သည့်အားလျော်စွာ ကလေးအနည်းငယ်နှင့် အသေးအဖွဲ့ကိစ္စများကို တွက်ချက်နေမည် မဟုတ်ပေ။

သို့သော် လူကြီးတစ်ယောက်အနေဖြင့် မည်မျှပင် ခွင့်လွှတ်ပေးစေကာမူ ထိုလူများ၏ စက်ဆုပ်ရွံရှာဖွယ် အပြုအမူများကိုမူ သည်းခံနိုင်စွမ်း ရှိမည်မဟုတ်ပေ။ ထိုသူများက စက်ဆုပ်ရွံရှာဖွယ် ကောင်းရုံသာမက ကိုယ်ကျင့်တရားအရ အကျပ်ကိုင်ခြင်းမျိုးကိုပါ လုပ်ဆောင်တတ်ကြသေးသည်။

လွန်ခဲ့သော ရက်အနည်းငယ်ကကဲ့သို့ပင် သူတို့သည် အရှက်အကြောက်ဟူ၍ အလျဉ်းမရှိကြဘဲ မိမိက ဆန်မပေးကြောင်း ရှင်းလင်းပြတ်သားစွာ ပြောထားသည့်တိုင်အောင် အရှက်မဲ့စွာ လုယူလိုကြသေးသည်။

ဤမျှလောက် အောက်ခြေလွတ်နေသော လူမျိုးနှင့် ကြုံတွေ့ရချိန်တွင် သူတို့နှင့် စကားများများ ပြောနေရန် အဘယ်မှာ လိုအပ်မည်နည်း။

ထို့အပြင် မိမိသည် စနစ်တစ်ခုကို ပိုင်ဆိုင်ထားသော အမျိုးသားတစ်ယောက် ဖြစ်သည်။ သူတို့၏ အချည်းနှီးသော အနိုင်ကျင့်မှုများကို မည်သို့သည်းခံနေမည်နည်း။

ထိုသို့သော စိတ်နေသဘောထားကို ကိုင်စွဲထားသော ချန်ကောဟွားသည် သားရဲဖမ်း ထောင်ချောက်ကို သေချာစွာ နေရာချထားလိုက်သည်။ထို့နောက် ထမင်းစားပြီးချိန်တွင် မိုးလည်း ချုပ်သွားခဲ့ပြီ ဖြစ်သည်။ သူတို့နှစ်ဦးသည်လည်း အိမ်တံခါးဝမှ ထွက်ခွာသွားလိုက်ကြသည်။

အိမ်နီးနားချင်းအချို့က မြင်တွေ့သွားသောအခါ သူတို့နှစ်ဦးကို အမှတ်တမဲ့ မေးမြန်းကြရာ ချန်ကောဟွားတို့နှစ်ဦးက မနက်ဖြန်အတွက် ဟင်းသီးဟင်းရွက်များ သွားဝယ်မည်ဖြစ်ပြီး ခေါင်းဆောင်နှင့်လည်း လမ်းလျှောက်ထွက်မည်ဖြစ်ကြောင်း ပြောပြလိုက်သည်။

ထိုစကားများကို ကြားပြီးနောက် အိမ်နီးနားချင်းများအားလုံးသည် အားကျနေသော အကြည့်များကို ဖော်ပြလာကြသည်။

"ချန်မိသားစုက တော်တာပဲ ၊နေထိုင်ရတဲ့ ဘဝက မျှော်လင့်ချက်တွေ အပြည့်ပဲ"

"ဟုတ်ပါ့ ငါတို့ခြံဝန်းထဲမှာတော့ ချန်ကောဟွားက အတိုးတက်ဆုံးပဲ"

ဤမြင်ကွင်းကို ငါးမျှားရန် ချိန်းဆိုထားကြသော ကျားကျန်းရှီနှင့် ယန်ပုကွေ့တို့က အမှတ်မထင် မြင်တွေ့သွားခဲ့ကြသည်။

ထိုအချိန်တွင် သူတို့ ထွက်လာကြခြင်းမှာ ညဘက် ပူအိုက်သေးခြင်း မရှိသည့်အချိန်တွင် ရေကန်ဘေးသို့ သွားရောက်၍ ငါးမျှားရန် ရည်ရွယ်ထားသောကြောင့် ဖြစ်သည်။

ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရပြီးနောက် ကျားကျန်းရှီ၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းရောင်တစ်ခု လက်သွားသည်။ထို့‌ေနာက် သူမက ရက်စက်ကြမ်းကြုတ်စွာဖြင့် ပြောသည်။

"ဒီချန်မိသားစုက ခွေးလိုကောင်တွေပဲ၊ နေ့တိုင်း ကြွားဖို့လောက်ပဲ သိတယ်။ ဒီနေ့ ငါတို့ ငါးကြီးကြီးရလာတဲ့အခါ နင်တို့နှစ်ယောက် ဘယ်လိုများ ဆက်ကြွားနိုင်ဦးမလဲဆိုတာ ကြည့်ကြသေးတာပေါ့"

ဘေးဘက်တွင် ငါးမျှားတံကို ကိုင်ထားသော ယန်ပုကွေ့သည်လည်း မျက်မှောင်ကြုတ်လျက် ခေါင်းညိတ်လိုက်သည်။

"တကယ်လည်း ဟုတ်တယ်၊ အဲ့ဒီတုန်းက ချန်ကောဟွား ဒီခြံဝန်းထဲ ရောက်လာတဲ့အချိန်မှာ ငါက သူ့ကို အများကြီး ကူညီပေးခဲ့ရတာလေ၊ ငါသာ မရှိရင် သူက ဒီလိုမျိုး ကောင်းမွန်တဲ့ ဘဝကို ဖြတ်သန်းနိုင်ပါ့မလား"

"ဒါပေမဲ့ ချန်ကောဟွားဆိုတဲ့ လူက မနေ့က ငါးစားတာတောင် ငါ့ကို နည်းနည်းလေးမှ မခွဲဝေပေးဘူး"

အမှန်တကယ်တော့ ယန်ပုကွေ့ ပြောဆိုနေသော ကူညီမှုဆိုသည်မှာ လွန်ခဲ့သောနှစ်များက ချန်ကောဟွား စတင်ရောက်ရှိလာချိန်တွင် ဖြစ်ပျက်ခဲ့သော ကိစ္စဖြစ်သည်။

ထိုစဉ်က ချန်ကောဟွားသည် အသစ်ရောက်လာခါစဖြစ်၍ လမ်းများကို လုံးဝ မသိကျွမ်းခဲ့ချေ။ တိုက်ဆိုင်စွာပင် ယန်ပုကွေ့နှင့် ကြုံတွေ့၍ လမ်းမေးခဲ့ရာ ယန်ပုကွေ့က စိတ်မပါတပါဖြင့် လက်တစ်ဖက်ဖြင့်သာ ညွှန်ပြပေးခဲ့ခြင်း ဖြစ်သည်။

သို့သော် ဤမျှ သာမန်ဖြစ်သော အသေးအဖွဲကိစ္စလေးကိုပင် သူက ရင်ထဲတွင် စွဲမြဲစွာ မှတ်သားထားခဲ့ရာ သူသည် အချောင်နှိုက်ရန် မည်မျှ ဝါသနာပါကြောင်းကို လုံလောက်စွာ မြင်တွေ့နိုင်‌ပေသည်။

"အခု ဆယ်နာရီတောင် ထိုးနေပြီ၊ ကျားကျန်းရှီ အချိန်ဆွဲမနေနဲ့တော့၊ ခရီးဆက်ဖို့က အရေးကြီးတယ်"

ယန်ပုကွေ့က စတင်၍ အလျင်စလို တိုက်တွန်းလိုက်သည်။

ကျားကျန်းရှီက ခေါင်းညိတ်လိုက်သည်။သူတို့နှစ်ဦးသည် ငါးမျှားတံနှင့် ငါးထည့်သည့်ပုံးကို ကိုင်ဆောင်ကာ မြို့ပြင်သို့ထွက်၍ အရှေ့ဘက်သို့ တစ်လျှောက်လုံး သွားရောက်ကာ ငါးမျှားမည့် ရေကန်ကို ရှာဖွေရန် ရည်ရွယ်လိုက်ကြသည်။

...

အခြားတစ်ဖက်တွင် ကျားမိသားစုအိမ်၌

"အမေက ပြောတယ်၊ ဒီနေ့ ကလေးတွေ စားဖို့ ကောင်းတဲ့ဟာတွေ ယူလာခဲ့မယ်တဲ့၊ မင်း အခု မီးဖိုချောင်ကို မြန်မြန် ရှင်းလင်းထားလိုက်။ သူ ရောက်လာရင် ငါတို့တွေ ချက်ပြုတ်ကြတာပေါ့"

ကျားတုန်းရွှီသည် ကုတင်ပေါ်တွင် လှဲနေရင်း တိုက်ရိုက်ပင် အမိန့်စတင်ပေးနေသည်။

မိမိ၏ မိန်းမကို ဟိုဟာလုပ် ဒီဟာလုပ်ဟု ခိုင်းစေ ခြင်းမှာ သူ၏ နေ့စဉ် လုပ်ရိုးလုပ်စဉ် ဖြစ်ပြီး သူ၏ ဘဝတွင် သာယာမှုကို ခံစားနိုင်သော တစ်ခုတည်းသော အခွင့်အရေးလည်း ဖြစ်သည်။

ဘေးဘက်ရှိ ချင်ဟွိုင်ယွီမှာမူ စိတ်မပါသည့် အမူအရာမျိုး ဖြစ်နေသည်။

"ဘာဖြစ်တာလဲ အိမ်မှုကိစ္စတွေကိုတောင် မင်းက မလုပ်ချင်တော့ဘူးလား"

ကျားတုန်းရွှီက ဒေါသတကြီးဖြင့် ပြောဆိုလိုက်သည်။

စိတ်မပါဖြစ်နေသော ချင်ဟွိုင်ယွီသည် ကျားတုန်းရွှီ၏ မေးခွန်းကို လျစ်လျူရှုထားလိုက်သည်။

စောစောကပင် သူမသည် ချင်ကျင်းယွီက ချန်ကောဟွားကို ဖက်တွယ်ထားပြီး တံခါးမကြီးမှ လွတ်လပ်ပေါ့ပါးစွာ ထွက်သွားသည်ကို မြင်တွေ့ခဲ့ရသည်။

ထိုခဏတွင်ပင် တစ်ဖက်လူက ကောင်းကောင်းစားရ၊ ကောင်းကောင်းသုံးရသည်ကို တွေးမိလိုက်ပြီး အားကျသည့်စိတ်များ ထိန်းမနိုင်သိမ်းမရ စတင်ဖြစ်ပေါ်လာသည်။

သူမကို ပြန်ကြည့်မည်ဆိုလျှင် ကျားမိသားစုထံသို့ အိမ်ထောင်ကျပြီးနောက်ပိုင်း နေ့စဉ်ရက်ဆက် အိမ်မှုကိစ္စများကိုသာ လုပ်ဆောင်ရပြီး ကလေးထိန်းရုံသာ ရှိသည်။

အပြင်ထွက်၍ ဈေးဝယ်ထွက်ရန် မဆိုထားနှင့် ညဉ့်နက်ချိန်များတွင်ပင် သူမ၏ ယောက်ျားသည် အမျိုးသမီးတစ်ဦးအနေဖြင့် ရရှိသင့်သော ပျော်ရွှင်မှုကို သူမအား ဖြည့်ဆည်းမပေးနိုင်ခဲ့ချေ။

ထို့ထက်ပို၍ အမျိုးသမီးတစ်ဦးအနေဖြင့် ဆိုရလျှင်… အထူးသဖြင့် ကျေးလက်ဒေသမှ မြို့ပြသို့ လာရောက်ကာ ကောင်းမွန်သော ဘဝကို ဖြတ်သန်းရန် ကြိုးစားနေသည့် အမျိုးသမီးတစ်ဦးအနေဖြင့် ထိုသို့သော ကွာဟချက်ကို မည်ကဲ့သို့ လက်ခံနိုင်မည်နည်း။

အထူးသဖြင့် ယခင်က မိမိလောက် မတော်ခဲ့သော ညီမဝမ်းကွဲက ယခုလို လွတ်လပ်ပေါ့ပါးစွာ ဖြတ်သန်းနေရခြင်းက ခံစားချက်ကို ပို၍ပင် ဆိုးရွား‌ေစသည်။ သူမ၏ မျက်လုံးအကြည့်များသည် စတင်၍ ယိမ်းယိုင်လှုပ်ရှားလာသည်။

ဆက်တိုက်ဆိုသလိုပင် သူမ၏ စိတ်အာရုံများသည် အတိတ်က မြင်ကွင်းများဆီသို့ သတိမထားမိဘဲ ရောက်ရှိသွားသည်။

ယခင်အချိန်က အဘွားဝမ်သည် သူမကို အောင်မြင်မှု မရသေးသော ချန်ကောဟွားနှင့် သွားရောက်တွေ့ဆုံစေခဲ့ပြီး သူနှင့် စေ့စပ်ကြောင်းလမ်းပေးသည်။

သို့သော် တိုက်ဆိုင်စွာပင် ငွေကြေးချမ်းသာပြီး မာနကြီးသော ကျားတုန်းရွှီနှင့်လည်း ကြုံတွေ့ခဲ့ရသည်။ ကျားတုန်းရွှီက သူမကို မြင်မြင်ချင်းပင် သဘောကျသွားသည်။

စကားပြောတိုင်း ပါးစပ်ကနေ အိမ်ဂရန်တွင် သူမနာမည်ကို ထည့်ပေးမည်ဟု ပြောဆိုသည်။

ထိုအချိန်က ချန်ကောဟွားမှာ ဘာလုပ်ရမှန်း မသိဖြစ်နေသည်ကို သူမ မှတ်မိနေသေးသည်။ သို့သော်လည်း သူက မေးမြန်းခဲ့သေးသည်။

"ချင်ဟွိုင်ယွီ နောင်တစ်ချိန်မှာ ငါက ပိုက်ဆံတွေ အများကြီး ရှာနိုင်လိမ့်မယ်၊ ပြီးတော့ အိမ်က ပိုက်ဆံတွေ အကုန်လုံးကို မင်းက စီမံခန့်ခွဲရလိမ့်မယ်၊ ဒါပေမဲ့ အိမ်က ငါ့မိဘတွေ ချန်ထားခဲ့တဲ့ လက်ကျန်ပစ္စည်းလေးဖြစ်လို့ မင်းနာမည်ကိုတော့ ထည့်ပေးလို့ မရဘူး၊ ငါ့အခြေအနေ‌ကတော့ ဒီလိုပဲ၊ ဒါကြောင့် မင်းက ငါ့ကို ရွေးချယ်ဖို့ ဆန္ဒရှိလား"

ထိုနေရာအထိ အတိတ်ကို ပြန်လည်အမှတ်ရလာသောအခါ ချင်ဟွိုင်ယွီသည် ထိန်းမရသိမ်းမရဖြစ်ကာ အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်သည်။

"ငါ ဆန္ဒရှိပါတယ်"

ထိုစကားကို သူမ ပြောဆိုလိုက်ပြီးနောက် ချင်ဟွိုင်ယွီသည် ရုတ်တရက် အံ့အားသင့်သွားသည်။ အကြောင်းမှာ သူမ၏ ယောက်ျားက ဘေးတွင် ရှိနေသေးကြောင်းကို သတိပြုမိသွားသောကြောင့် ဖြစ်သည်။သူမသည် အပြစ်ရှိသလို ခံစားရကာ ကျားတုန်းရွှီကို အကဲခတ်သည့်အနေဖြင့် ခိုးကြည့်လိုက်သည်။

ဘေးဘက်တွင် ရှိနေသော ကျားတုန်းရွှီသည်လည်း ထိုစကားကို သဘာဝကျကျပင် ကြားလိုက်ရသည်။ သို့သော် သူက ဒေါသမထွက်ခဲ့ဘဲ အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွားသည့် အသွင်ပေါ်နေသည်။

အိမ်မှုကိစ္စလုပ်ဖို့ ဆန္ဒရှိတာကို ဘာဖြစ်လို့ ဒီလောက် အသံကျယ်ကြီးနဲ့ အော်နေရတာလဲ

သဘောပေါက်ပြီ

ထိုသို့ တွေးတောလိုက်ပြီး အထင်လွဲသွားသော ကျားတုန်းရွှီ၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။

သို့သော်လည်း ကျားတုန်းရွှီ မသိခဲ့သောအရာမှာ သူ ဂုဏ်ယူဝင့်ကြွားနေချိန်တွင် မိန်းမဖြစ်သူက သူ့ကို ဖောက်ပြန်ထားသည်မှာ အကြိမ်ပေါင်းများစွာ ရှိနေခဲ့ပြီ ဖြစ်သည်။

သို့သော် သူသည် ကံကောင်းသူတစ်ဦးလည်း ဖြစ်သည်။ အနည်းဆုံးတော့ ဝူတလန် ဖောက်ပြန်ခံရသည့် ခံစားချက်မျိုးကို ကိုယ်တိုင် ခံစားရန် မလိုအပ်ခဲ့ပေ။

ထိုအချိန်တွင်ပင် ပန့်ကန့်သည် ရှောင်တန်းနှင့် ဟွိုင်ဟွားတို့ကို ဆွဲခေါ်ကာ ဘေးဘက် နံရံထောင့်တွင် ပုန်းအောင်းနေခဲ့ပြီးနောက် တစ်ခုခုကို လျှို့ဝှက်တိုင်ပင်ရန် စတင်ပြောဆိုနေကြသည်။

နံရံထောင့်တွင် ပန့်ကန့်သည် သူ၏ ညီမနှစ်ယောက်ကို သတိကြီးစွာဖြင့် ညွှန်ကြားလိုက်သည်။

"စောစောက ငါမြင်လိုက်တယ်၊ ချန်ကောဟွားတို့ နှစ်ယောက်လုံး ထွက်သွားကြပြီ။ သူတို့အိမ်မှာ လူမရှိတော့ဘူး၊ မင်းတို့က အပြင်ကနေ စောင့်ကြည့်နေ၊ သူတို့ လာရင် ငိုချင်ယောင်ဆောင်ပြီး သူတို့ အာရုံစိုက်လာအောင် လုပ်လိုက်"

ရှောင်တန်းက နားလည်သလို နားမလည်သလိုဖြင့် ခေါင်းညိတ်လိုက်သည်။

ဟွိုင်ဟွားမှာမူ အနည်းငယ် စိုးရိမ်နေသည်။

"အစ်ကို ငါတို့တွေ ပစ္စည်းခိုးတာကို လူတွေ တွေ့သွားရင် ဘယ်လိုလုပ်မလဲ"

"ဘာကြောက်စရာ ရှိလို့လဲ၊ မင်းတို့ သေချာစောင့်ကြည့်ပေးရင်ရပြီ၊ သူတို့ ငါ့ကို လုံးဝ ဖမ်းမိမှာ မဟုတ်ဘူး၊ နောက်ပြီး ဖမ်းမိသွားရင်တောင် ကိစ္စမရှိပါဘူး၊ ရှားကျူးအိမ်ကိုလည်း ငါတို့တွေ ခဏခဏ သွားနေကြပဲ မဟုတ်ဘူးလား"

ထိုစကားကို ကြားပြီးနောက် ဟွိုင်ဟွားနှင့် ရှောင်တန်းတို့ နှစ်ဦးစလုံးက ခေါင်းညိတ်လိုက်ကြသည်။

သို့သော် ဟွိုင်ဟွားမှာ အနည်းငယ် စိုးရိမ်ပူပန်နေဆဲ ဖြစ်သည်။ ပန့်ကန့်သည် သူမ အနည်းငယ် တွန့်ဆုတ်နေသည်ကို မြင်သောအခါ

"ငါ မင်းတို့ကို မေးမယ်၊ မင်းတို့ ချန်ကောဟွားအိမ်က ငါးကို မစားချင်ဘူးလား" ဟု စကားစ၍ ပြောလိုက်သည်။

"စားချင်တယ်"

ဤတစ်ကြိမ်တွင်မူ ကလေးနှစ်ယောက်စလုံးက တစ်ပြိုင်နက်တည်း အသံထွက်၍ ဖြေလိုက်ကြသည်။

ဟွိုင်ဟွား၏ မျက်နှာပေါ်တွင် မည်သည့် စိုးရိမ်ပူပန်မှုမျှ မရှိတော့ဘဲ ပန့်ကန့်၏ လက်ကို ဆွဲကာ အလွန်အမင်း ငါးပြေးခိုးချင်စိတ်များ ဖြစ်ပေါ်လာသည်။

"အစ်ကို သမီးလည်း ငါးစားချင်တယ် သမီးလည်း အတူတူ လိုက်သွားမယ်"

ပန့်ကန့်မှာ အနည်းငယ် လက်မြှောက်အရှုံးပေးလိုက်ရသော်လည်း သဘောတူလိုက်ရသည်။

မည်သို့ပင်ဆိုစေ လူနှစ်ယောက် ငါးခိုးစားမည်ဆိုလျှင် သဘာဝကျကျပင် ပို၍ များများ ခိုးနိုင်မည် မဟုတ်ပါလော။

ထို့ကြောင့် ရှောင်တန်းအား သေချာစွာ ထပ်မံမှာကြားပြီးနောက် ပန့်ကန့်တို့သည် ညအမှောင်ကို အကာအကွယ်ယူ၍ နံရံထောင့် ဘေးမှတစ်ဆင့် ချန်မိသားစုအိမ်တွင်းသို့ တိတ်တဆိတ် ဝင်ရောက်သွားကြသည်။

သူတို့နှစ်ဦးအနေဖြင့် ဤမျှ လွယ်ကူစွာ ချန်မိသားစုအိမ်တွင်းသို့ ဝင်ရောက်နိုင်ခဲ့ခြင်းမှာ ထိုခေတ်ကာလတွင် ခိုးယူမှုနှင့် ပတ်သက်၍ အရေးယူစီရင်မှုမှာ အလွန် ပြင်းထန်သောကြောင့် ဖြစ်သည်။

ထို့အပြင် အားလုံးက ခြံဝန်းတစ်ခုတည်းတွင် နေထိုင်ကြသူများဖြစ်ရာ တစ်စုံတစ်ခု ဖြစ်ပေါ်လာပါက သဘာဝကျကျပင် အလွယ်တကူ စုံစမ်းဖော်ထုတ်နိုင်သည်။ ထို့ကြောင့် လူအများစုမှာ သော့ခတ်ရမည်ဟူသော အသိစိတ်မျိုး သိပ်မရှိကြချေ။

သို့သော် ပန့်ကန့်က ပစ္စည်းလာခိုးမည်ဟု ခန့်မှန်းထားသော ချန်ကောဟွားအတွက်မူ တံခါးကို သော့ခတ်ထားရန်မှာ ပို၍ပင် မဖြစ်နိုင်တော့‌ချေ။

ထိုသို့မဟုတ်ပါက ကြွက်ကို မည်သို့ ဖမ်းနိုင်မည်နည်း

အခန်း (၃၂)

သူတို့နှစ်ဦး ချန်မိသားစုအိမ်ထဲသို့ ဝင်ရောက်သွားသည်နှင့်အမျှ ပန့်ကန့်သည် သူ၏ နှာခေါင်းကို အလျင်စလိုပင် ပြင်းပြင်းထန်ထန် ရှူရှိုက်လိုက်သည်။

လေထုထဲတွင် ကျန်ရစ်နေသော လတ်ဆတ်သည့် ငါးအနံ့ကို ရှူရှိုက်မိသွားသောအခါ သူ၏ မျက်နှာပေါ်တွင် အလိုအလျောက် သာယာယစ်မူးသွားသော အသွင်အပြင်တစ်ခု ပေါ်လာသည်။ သူသည် ချန်မိသားစုအိမ်သို့ ရောက်ရှိလာခြင်း မဟုတ်ဘဲ အလွန်ချမ်းမြေ့ဖွယ်ကောင်းသော နိဗ္ဗာန်ဘုံသို့ ရောက်ရှိသွားသကဲ့သို့ပင် ခံစားနေရသည်။

"အနောက်ဘက်မှာ"

ပန့်ကန့်သည် လေထုထဲတွင် အနံ့အမွှေးဆုံး ထွက်ပေါ်နေသော အရပ်မျက်နှာဆီသို့ လက်ညှိုးထိုးလိုက်သည်။ သူ လက်ညှိုးထိုးပြလိုက်သော နေရာသည်ကား မီးဖိုချောင်ပင် ဖြစ်သည်။

သို့သော် ပန့်ကန့် ခြေတစ်လှမ်း စတင်လှမ်းလိုက်သည်နှင့် ဘေးဘက်ရှိ ဟွိုင်ဟွားက သူ့ကို တားဆီးလိုက်သည်။

"အစ်ကို အရင် မသွားနဲ့ဦး"

ဟွိုင်ဟွား၏ လေသံမှာ အနည်းငယ် အရေးတကြီးဖြစ်နေပြီး တစ်စုံတစ်ခုသော အလွန်အရေးကြီးသည့် အရာကို တွေ့ရှိသွားသကဲ့သို့ ဖြစ်နေသည်။ ထိုအရာက ပန့်ကန့်ကို အတော်လေး သိချင်စိတ် ဖြစ်ပေါ်သွားစေသည်။

တစ်စုံတစ်ခု မှားယွင်းနေတဲ့ နေရာများ ရှိနေလို့လား

ပန့်ကန့်သည် သံသယဖြစ်နေသော မျက်နှာဖြင့် ဟွိုင်ဟွားဘက်သို့ လှည့်ကြည့်လိုက်သည်။ သို့သော် နောက်တစ်စက္ကန့်တွင် သူ၏ မျက်လုံးများက ဝိုင်းစက်သွားသည်အထိ ပြူးကျယ်သွားသည်။

အဘယ်ကြောင့်ဆိုသော် သူသည် တံမြက်စည်းရှိရာ နေရာတွင် သစ်သီးအခွံတစ်ခုကို မမျှော်လင့်ဘဲ မြင်တွေ့လိုက်ရသောကြောင့် ဖြစ်သည်။ ထိုသစ်သီးအခွံမှာ ထိုစဉ်က ချန်ကောဟွား ဆောင်းဦးပေါက်ပွဲတော်ကို ဖြတ်သန်းစဉ် ကျွဲကောသီးစားရာမှ ကျကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။

ထိုအရာကို မြင်တွေ့လိုက်ပြီးနောက် သူသည် ခွေးတစ်ကောင်က ချေးကို မြင်တွေ့သွားသကဲ့သို့ သုံးလှမ်းကို နှစ်လှမ်းဖြင့် ပြေးသွားကာ ထိုအခွံကို ကောက်ယူပြီး ပါးစပ်ထဲသို့ အတင်းထိုးထည့်လိုက်သည်။

ထို့နောက် ပန့်ကန့်က စတင်ဝါးစားလိုက်ရာ သူ၏ လျှာဖျားပေါ်တွင် တစ်သက်လုံး တစ်ခါမှ မခံစားခဲ့ဖူးသော မွှေးပျံ့သည့် အရသာတစ်ခု ပြန့်နှံ့သွားသည်။ မျက်နှာပေါ်တွင်လည်း စိတ်ကူးကြည့်ရန် ခက်ခဲသော ပျော်ရွှင်သည့် အမူအယာ ပေါ်လာသည်။

"ဟွန့် အစ်ကိုက တကယ် ဆိုးတာပဲ၊ သမီး အရင်တွေ့တာကို"

ပန့်ကန့်၏ အပြုအမူကို မြင်တွေ့လိုက်ရသောအခါ ဟွိုင်ဟွားသည် ခါးထောက်ကာ မကျေနပ်မှုကို ပြင်းပြင်းထန်ထန် ဖော်ပြလိုက်သည်။

သို့သော် သူမသည် သူမ၏ ရည်ရွယ်ချက်ကို မေ့လျော့မသွားခဲ့ချေ။ ထိုအရာမှာ ငါးအသားလွှာကို လက်ထဲရောက်အောင် ခိုးယူရန်ပင် ဖြစ်သည်။

သို့သော် သူမက ပန့်ကန့်ကို သတိပေးရန် ပြင်ဆင်လိုက်ချိန်တွင်ပင် ပန့်ကန့်မှာ မြေကြီးပေါ်သို့ တိုက်ရိုက် ဝပ်တွားသွားခဲ့ပြီး မြေကြီးပေါ်ရှိ အမည်းရောင် အရာဝတ္ထုတစ်ခုကို စိုက်ကြည့်နေသည်။

"ဒါ ဒါက လမုန့်အစအနပဲ၊ ပဲအနှစ်ရဲ့ အနံ့လေး"

ပန့်ကန့်က စိတ်လှုပ်ရှားစွာဖြင့် စကားတစ်ခွန်း ပြောလိုက်ပြီးနောက် မြေကြီးကို စတင် လျက်တော့သည်။

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ ဟွိုင်ဟွားသည် သူမ၏ မျက်နှာလေးကို တိုက်ရိုက် အုပ်ကိုင်လိုက်ပြီး ပန့်ကန့်ကို ဆက်မကြည့်ရဲတော့ချေ။ အဘယ်ကြောင့်ဆိုသော် သူမသည် သူမ၏ အစ်ကိုဖြစ်သူမှာ ခွေးတစ်ကောင်နှင့် တူနေသည်ဟု ခံစားလိုက်ရသောကြောင့် ဖြစ်သည်။

သို့သော် ပန့်ကန့်မှာ ဟွိုင်ဟွားကို ဂရုစိုက်နေရန် အချိန်မရှိခဲ့ချေ။ မြေကြီးပေါ်ရှိ လမုန့်အစအနများကိုသာ အရသာခံကာ လျက်နေသည်။

သူ့ကိုယ်သူ ချန်ကောဟွားအိမ်သို့ စောစောကတည်းက လာခဲ့သင့်သည်ဟု ရင်ထဲတွင် တွေးတောမိလိုက်သည်။

တံခါးဝမှာတင် လမုန့်အစအနကို စားရတယ်ဆိုရင် မီးဖိုချောင်ထဲမှာဆိုရင် ပိုပြီးတော့တောင် အားပါးတရ စားရမှာ မဟုတ်ဘူးလား

ဤတစ်ကြိမ်တွင် ပန့်ကန့်သည် ချန်မိသားစုအိမ်မှာ နိဗ္ဗာန်ဘုံတစ်ခုပင် ဖြစ်သည်ဟု ခံစားလိုက်ရသည်။

မကြာမီမှာပင် ပန့်ကန့်သည် မြေကြီးပေါ်မှ ထလာသည်။ ထို့နောက် ငါးကို လက်ထဲရအောင် မဖြစ်မနေ ခိုးယူမည်ဟု သူက ဆုံးဖြတ်ချက်ကို ခိုင်မာစွာ ချလိုက်သည်။ ယနေ့ မွန်းတည့်ချိန်က ချန်ကောဟွား ငါးစားနေသည်ကို မြင်တွေ့လိုက်ရချိန်တွင် သူသည် သွားရည်ကျပြီး ငိုချင်စိတ်ပင် ပေါက်သွားခဲ့ရသည်။

သူ့ကိုယ်ပိုင် အမြင်အရ ပြောရမည်ဆိုလျှင် ခိုးယူခြင်းမှာ ရှက်စရာကောင်းသော အရာမဟုတ်ဘဲ ဘဝရှင်သန်ရေးအတွက် နည်းလမ်းတစ်ခုသာ ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူ ရှားကျူးထံသို့ သွား၍ ပစ္စည်းယူချိန်တွင် ရှားကျူးက သူ့ကို ဘာမှ မပြောခဲ့ဖူးချေ။ ထို့ကြောင့် ပစ္စည်းခိုးခြင်းမှာ ကြီးမားသော ကိစ္စတစ်ခု မဟုတ်ဟု သူက တွေးတောထားသည်။

ထိုသို့ဖြင့် ပန့်ကန့်နှင့် ရှောင်တန်းတို့သည် ချန်ကောဟွားအိမ်၏ မီးဖိုချောင်ဆီသို့ တစ်လျှောက်လုံး လျှောက်သွားခဲ့ကြသည်။

မီးဖိုချောင်ထဲသို့ ဝင်ရောက်သွားသည်နှင့် သူတို့နှစ်ဦးသည် မီးဖိုခုံပေါ်ရှိ ရေလုံပြုတ် ငါးအသားလွှာ ပန်းကန်လုံးကြီးတစ်လုံးကို မြင်တွေ့လိုက်ကြသည်။ ပစ်မှတ်ကို မြင်တွေ့လိုက်ရပြီးနောက် သူတို့နှစ်ဦးစလုံးမှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြသည်။

ပန့်ကန့်မှာမူ ငါးအသားကို စားရလျှင် မည်မျှ အရသာရှိမည်ကို သူ၏ ခေါင်းထဲတွင် စိတ်ကူးယဉ်နေမိတော့သည်။ထို့နောက် ဟွိုင်ဟွားသည် ရှေ့သို့ လျှောက်သွားကာ လက်လှမ်း၍ တစ်လုပ်မျှ စားကြည့်လိုသည်ကို သိသာစွာ မြင်တွေ့လိုက်ရသည်။

ပန့်ကန့်သည် ချက်ချင်းပင် မကျေမနပ်ဖြစ်သွားပြီး မျက်နှာမည်းကြီးဖြင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ဒါက ငါရှာတွေ့ထားတာ၊ မင်း လျှောက်မကိုင်နဲ့ ၊ ငါ အရင်ယူမယ်"

စိတ်လှုပ်ရှားနေသော အခြေအနေအောက်တွင် ပန့်ကန့်သည် ဟွိုင်ဟွားကို အတင်း ပြန်ဆွဲလိုက်ပြီးနောက် မီးဖိုခုံဆီသို့ တစ်လှမ်းချင်း လျှောက်သွားသည်။ ထိုသို့ သွားနေချိန်တွင် မီးဖိုခုံအနီးရှိ ကောက်ရိုးများကို သူ သတိမပြုမိခဲ့ချေ။

သို့သော် ပို၍ နီးကပ်လာသည်နှင့်အမျှ ထိုနေရာရှိ ကောက်ရိုးများမှာ သိသာစွာ မူမမှန်ဖြစ်နေသည်ကို သူ သတိပြုမိသွားသည်။

မီးဖိုချောင်ထဲက ကောက်ရိုး‌ေတွကို သပ်ရသပ်ရပ်ရပ် စည်းနှောင်ထားသင့်ပြီး ဒီလောက် ရှုပ်ပွမနေသင့်ဘူး မဟုတ်ဘူးလား

သို့သော် ဝမ်းဗိုက်ထဲမှ အစားမက်သော လောဘက ဆွဲဆောင်နေသဖြင့် ဤအချိန်တွင် ပန့်ကန့်က မည်သို့ သေချာ ဂရုစိုက်နိုင်မည်နည်း။

သူက တစ်လှမ်းချင်း နီးကပ်သွားသည်နှင့်အမျှ နောက်တစ်စက္ကန့်အကြာတွင်

"ချလပ်" ဟူသော အသံတစ်သံ ထွက်ပေါ်လာသည်ကိုသာ ကြားလိုက်ရပြီး အသည်းခိုက်မတတ် နာကျင်မှုတစ်ခုက ပန့်ကန့်၏ ခေါင်းထဲသို့ ဝင်ရောက်လာသည်။

ပြင်းထန်သော နာကျင်မှုအောက်တွင် ပန့်ကန့်သည် ခန္ဓာကိုယ်၏ ဟန်ချက်ကိုထိန်းရန် ကြိုးစားလိုက်သည်။သို့သော် သူ၏ အခြားခြေတစ်ဖက်ကိုပါ လှမ်းနင်းလိုက်မိချိန်တွင်

"ချလပ်" ဟူသော အသံတစ်သံ ထပ်မံ ထွက်ပေါ်လာခဲ့ပြန်သည်။

အသည်းခိုက်မတတ် နာကျင်မှုနှစ်ခုက ပန့်ကန့်ကို ချက်ချင်းပင် ဆက်၍ တောင့်မခံနိုင်အောင် ဖြစ်သွားစေသည်။သူ အသံကျယ်ကြီးဖြင့် အော်ဟစ်ရန်ပင် အချိန်မရလိုက်ချေ။ သူသည် နာကျင်လွန်းသဖြင့် မြေကြီးပေါ်သို့ တိုက်ရိုက် မေ့လဲကျသွားသည်။

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ စောစောက ပန့်ကန့်ကို အနည်းငယ် စိတ်ဆိုးနေသော ဟွိုင်ဟွားမှာ တိုက်ရိုက်ပင် ကြက်သေသေသွားသည်။

အဘယ်ကြောင့်ဆိုသော် ပန့်ကန့်၏ ခြေထောက်နှစ်ဖက်စလုံးတွင် ဧရာမ ထောင်ချောက်ကြီး နှစ်ခု ညပ်နေသည်ကို သူမ မြင်တွေ့လိုက်ရသောကြောင့် ဖြစ်သည်။

ပို၍ ဆိုးရွားသည်မှာ ထောင်ချောက် ညပ်သွားပြီးနောက် သူ၏ ခြေထောက်နှစ်ဖက်မှ သွေးများ တသွင်သွင် စီးကျလာနေခြင်းပင် ဖြစ်သည်။ ထိုအရာကို မြင်သောအခါ ဟွိုင်ဟွားမှာ လန့်၍ ငိုတော့မိမတတ် ဖြစ်သွားသည်။

သူမက ကလေးငယ်ဖြစ်သဖြင့် နားမလည်တတ်‌ေသး‌ေချ။သွေးထွက်ခြင်းမှာ မည်သည့်အဓိပ္ပာယ်ဖြစ်ကြောင်းကို သူမ မသိရှိခဲ့ချေ။

သို့သော် သူမ သိထားသည်မှာ အကယ်၍ ချန်ကောဟွားသာ ဤနေရာသို့ ရောက်လာပါက သူတို့နှစ်ဦးစလုံး သေချာပေါက် သေရမည်ဟုဆိုလိုခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ပန့်ကန့်၏ ခြေထောက်ပေါ်ရှိ ထောင်ချောက်ကို အလျင်စလို ဖြုတ်ပေးရန် သူမ ကူညီလိုက်သည်။

သို့သော် စနစ်မှ ဝင်ရောက်မှတ်ပုံတင်၍(စာရင်းသွင်း) ရရှိထားသော ဤသားရဲဖမ်းထောင်ချောက်မှာ အရည်အသွေး အလွန်ကောင်းမွန်လှရာ ကလေးငယ်တစ်ဦးက မဖြုတ်နိုင်ချေ။

ထောင်ချောက်ကို ဖြုတ်၍မရသည်ကို မြင်သောအခါ သူမက စိုးရိမ်ထိတ်လန့် လာသည်။

"ဟုတ်ပြီ ရှားကျူးကို သွားရှာမယ်"

"သူက စားဖိုမှူးပဲ၊ အရင်က သူ့ အိမ်ကို ကြွက်ထောင်ချောက် လာပေးဖူးတာ မြင်ဖူးတယ်၊ ထောင်ချောက် ဘယ်လိုဖြုတ်ရမလဲဆိုတာ သူ သေချာပေါက် သိမှာပဲ"

ထိုသို့ တွေးမိလိုက်သောအခါ ဟွိုင်ဟွား၏ မျက်လုံးများ ချက်ချင်း အရောင်လင်းလက်သွားသည်။ မည်သို့ပင်ဆိုစေ ရှားကျူးသည် သူတို့မိသားစုအပေါ်တွင် အလွန်တရာမှ ကောင်းမွန်လွန်းသည်ဟု ပြော၍ရပေသည်။

ယခုလို ပြဿနာပေါ်လာချိန်တွင် သေချာပေါက် ရှားကျူးကို အကူအညီတောင်းရမည် ဖြစ်သည်။ ထို့အပြင် ယခင်က ကြွက်များ သောင်းကျန်းချိန်တွင် ရှားကျူးက ကျားမိသားစုထံသို့ ကြွက်ထောင်ချောက် ပေးဖူးသည်။ ထို့ကြောင့် ဟွိုင်ဟွားသည် တစ်လျှောက်လုံး ပြေးလွှားကာ ချန်မိသားစုအိမ်မှ အလောတကြီး ထွက်ခွာသွားသည်။

မကြာမီမှာပင် ရှားကျူး၏ အိမ်တွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။

သို့သော် တိုက်ဆိုင်ချင်တော့ ထိုအချိန်တွင် ရှားကျူးမှာ ရွှီတမောင်းနှင့် ပြဿနာတက်နေသည်။ သူတို့နှစ်ဦး၏ ပဋိပက္ခအကြောင်းရင်းမှာ ကြွက်ထောင်ချောက် ကိစ္စပင် ဖြစ်သည်။

"ငါပြောမယ် ရှားကျူး မင်းရဲ့ ကြွက်ထောင်ချောက်ကို နည်းနည်း ဝေးဝေးမှာ သွားထားစမ်း၊ ငါ့အိမ်က ကြက်ကို သွားညှပ်မိလို့ကတော့ မင်း အသေပဲ မှတ်"

ရှားကျူးက အိမ်တံခါးဝတွင် ကြွက်ထောင်ချောက် ထောင်နေသည်ကို မြင်သောအခါ ရွှီတမောင်းက ချက်ချင်းပင် အော်ဟစ်ဆူပူလိုက်သည်။

"ဟေ့ ငါပြောမယ် မင်းက အသားယားနေတာလား"

"ငါက စေတနာနဲ့ ကြွက်ထောင်ချောက် ထောင်ပေးပြီး တစ်ခြံလုံးအတွက် အကျိုးပြုနေတာကို၊ မင်းက ငါ့ကို အပြစ်လာတင်နေသေးတယ်ပေါ့လေ"

ရှားကျူးသည် အင်္ကျီလက်ကို ပင့်တင်ကာ ရွှီတမောင်းကို ပညာနည်းနည်း ပေးရန် ရည်ရွယ်လိုက်သည်။

ရွှီတမောင်းကလည်း ရှားကျူးမှာ လွန်လွန်းသည်ဟု ထင်မြင်ကာ လက်သီးကို ဆုပ်ထားလိုက်ပြီး သိသာစွာပင် အနည်းငယ် ဒေါသထွက်လာသည်။

သို့သော်လည်း သူတို့နှစ်ဦး စတင် ရန်ဖြစ်ရန် ပြင်ဆင်နေချိန်မှာပင် ဟွိုင်ဟွား ပြေးဝင်လာပြီး အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်သည်။

"ရှားကျူး၊ သမီး… သမီး အစ်ကို ကြွက်ထောင်ချောက် ညှပ်သွားလို့"

ဟွိုင်ဟွားသည် သားရဲဖမ်းထောင်ချောက်ဟူသည် မည်သို့သောအရာမှန်း မသိချေ။သူမက ကြွက်ထောင်ချောက်ကိုသာ မြင်ဖူးသဖြင့် ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

"ငါ ပြောသားပဲ ရှားကျူး မင်းက အလုပ်မရှိဘဲ ကြွက်ထောင်ချောက် ထောင်တာ၊ လူကို ဒုက္ခပေးတာပဲ"

ရွှီတမောင်းက ခနဲ့တဲ့တဲ့ ပြောဆိုလိုက်သည်။

"သွားစမ်းပါကွာ ဒီမှာ လာမရှုပ်နဲ့"

ရှားကျူးက ရွှီတမောင်းကို လက်ကာပြလိုက်ပြီးနောက် ဟွိုင်ဟွားဘက်သို့ လှည့်ကာ မေးလိုက်သည်။

"မင်း အစ်ကိုက ကြွက်ထောင်ချောက် ညှပ်သွားတယ် ဟုတ်လား၊ ဘယ်လိုဖြစ်ရတာလဲ၊ ဘာဖြစ်လို့ အကောင်းကြီးနေရင်း ကြွက်ထောင်ချောက် သွားညှပ်ရတာလဲ"

"အဲ... အဲဒါက ညှပ်သွားတာပဲ..."

ဟွိုင်ဟွားသည် ချန်ကောဟွားအိမ်မှ ပစ္စည်းသွားခိုးရာမှ ဖြစ်ရသည်ဟု သဘာဝကျကျပင် မပြောရဲသဖြင့် လက်ဖြင့် အရွယ်အစားပြကာ ထစ်ထစ်အအပြောလိုက်သည်။

"အဲဒါက... ကြွက်ထောင်ချောက် အကြီးကြီးပဲ..."

သူမက လမင်းကြီးလောက် ကြီးမားကြောင်း လက်ဖြင့် အရွယ်အစားပြနေသည်ကို မြင်သောအခါ ရှားကျူးတင်မကဘဲ ဘေးဘက်ရှိ ရွှီတမောင်းပါ ကြက်သေသေသွားခဲ့ရသည်။

"မဟုတ်သေးပါဘူး၊ ငါ ခြံဝန်းထဲမှာ သာမန်အရွယ်အစား ကြွက်ထောင်ချောက်တွေပဲ ထောင်ထားတာလေ၊ ဘယ်တုန်းက ဒီလောက်ကြီးတာ ရှိသွားတာလဲ"

ရှားကျူးမှာ အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွားသည်။

ဟွိုင်ဟွားသည် သူမကိုယ်တိုင် ရှင်းပြ၍ မရနိုင်ကြောင်း သိသဖြင့် ရှားကျူးကို ဆွဲကာ ပြေးတော့သည်။ ဘေးဘက်ရှိ ရွှီတမောင်းမှာ အတော်လေး သိချင်စိတ်ပြင်းပြနေသဖြင့် အလျင်စလို နောက်မှ လိုက်သွားသည်။

မကြာမီမှာပင် လူသုံးယောက်သည် ချန်ကောဟွားအိမ် အနီးသို့ ရောက်ရှိသွားကြသည်။ ထိုအချိန်တွင် ရှောင်တန်းသည် ရှားကျူးနှင့် ရွှီတမောင်းတို့ ပေါ်လာသည်ကို မြင်သောအခါ ပန့်ကန့် မှာကြားခဲ့သော စကားကို ချက်ချင်း သတိရသွားသည်။

လူလာသည်နှင့် အသံကျယ်ကြီးဖြင့် ငိုပြီး တစ်ဖက်လူ၏ အာရုံစိုက်မှုကို ဆွဲဆောင်ရမည် ဖြစ်သည်။ ထိုသို့ဖြင့် ရှောင်တန်းသည် အသံကျယ်ကြီးဖြင့် အော်ဟစ်ငိုယိုတော့သည်။

ဤတစ်ကြိမ်တွင် ရှားကျူးသည် အပြီးတိုင် ကြက်သေသေသွားသည်။

"ရှောင်တန်း မင်း ဘာလို့ ငိုနေတာလဲ၊ မင်းအစ်ကိုက ထောင်ချောက်နည်းနည်း ညှပ်သွားရုံပဲကို အသားတစ်တောင် လျော့သွားတာမှ မဟုတ်တာကို ဘာဖြစ်လို့ ဒီလောက်တောင် အသည်းအသန် ငိုနေရတာလဲ"

သို့သော် ဟွိုင်ဟွားက ရှားကျူးကို ဆွဲကာ ချန်ကောဟွား၏ အိမ်ထဲသို့ ဝင်ရန် ပြင်ဆင်လိုက်ချိန်တွင် ရှားကျူးသည် ထိုကိစ္စက မရိုးရှင်းတော့ကြောင်း ချက်ချင်း သိရှိသွားသည်။

ဒါက ဘာအခြေအနေလဲ…

ဘာဖြစ်လို့ ဒီနေရာ ဖြစ်နေရတာလဲ

ပန့်ကန့်ကများ ချန်မိသားစုအိမ်ထဲ ဝင်သွားတာလား

အခြေအနေ မဟန်သည်ကို သတိပြုမိသွားပြီးနောက် ရှားကျူးသည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ဝင်မသွားလိုတော့ချေ။

All Chapters