← Chapters

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

အခန်း (၃၃)

အခြေအနေ မဟန်သည်ကို သတိပြုမိသွားပြီးနောက် ဟယ်ယွီကျူးသည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး‌နောက် ဝင်မသွားလိုတော့ချေ။ အကြောင်းပြချက်က အလွန်ပင် ရိုးရှင်းလှသည်။

ကလေးငယ်များ နားမလည်ဘဲ ဝင်သွားခြင်းက ပြောရဆိုရ သက်သာသော်လည်း မိမိကဲ့သို့ လူကြီးတစ်ယောက်က နားမလည်ချင်ယောင်ဆောင်ကာ ဝင်သွားမည်ဆိုပါက မည်သို့မျှ ပြော၍ကောင်းမည် မဟုတ်ချေ။

ထို့အပြင် ရွှီတမောင်းလည်း ရှိနေသဖြင့် အကယ်၍ သူက ကွယ်ရာတွင် မဟုတ်မတရား လုပ်ကြံကာ မိမိကို ပစ္စည်းခိုးပါသည်ဟု ပြောဆိုလာပါက သူမည်သို့မျှ ရှင်းနိုင်မည် မဟုတ်ပေ။

ဟယ်ယွီကျူး မဝင်လာသည်ကို မြင်သောအခါ ဟွိုင်ဟွားသည် ချက်ချင်းပင် အလောတကြီး ဖြစ်သွားသည်။

သူမသည် ငိုသံကြီးဖြင့် ပြောသည်။

"ဦးလေးရှားကျူး၊ ပန့်ကန့်က ထောင်ချောက်ညှပ်ပြီး သွေးတွေ ထွက်နေတာ၊ ဦးလေးက ဝင်မကူညီရင် သူ…သူ သေသွားလိမ့်မယ်"

"ဘာ"

"ပန့်ကန့်က ထောင်ချောက်ညှပ်ပြီး သွေးထွက်နေတယ် ဟုတ်လား"

ဟယ်ယွီကျူးသည် ချက်ချင်းပင် ကြောင်အမ်းသွားခဲ့ရသည်။

ဘယ်လို ကြွက်ထောင်ချောက်က ဒီလောက်တောင် ပြင်းထန်ပြီး လူကိုတောင် သွေးထွက်အောင် ညှပ်နိုင်ရတာလဲ

သို့သော် သူသည် မကြာမီမှာပင် သတိပြန်ဝင်လာသည်။ ဟွိုင်ဟွားက မိမိအား အကူအညီတောင်းလိုခြင်း ဖြစ်မည်ဟု တွေးတောလိုက်သည်။ ထို့ကြောင့် အရေပြား ပွန်းပဲ့ရုံမျှသာ ဖြစ်သော်လည်း ဤမျှလောက် ချဲ့ကားပြောဆိုနေခြင်း ဖြစ်နိုင်‌‌သည်။

သို့သော်လည်း ကလေးငယ်က ဒဏ်ရာရပြီး သွေးထွက်နေသည်ဖြစ်ရာ ဟယ်ယွီကျူးသည်လည်း အများကြီး တွေးမနေတော့ဘဲ တိုက်ရိုက်ပင် အထဲသို့ လျှောက်ဝင်သွားသည်။

ရွှီတမောင်းသည် ပို၍ပင် စူးစမ်းလိုစိတ် ပြင်းပြသွားသည်။ သူသည် ချန်ကောဟွား၏ လက်ပါးစေ တပည့်ကျော် လုပ်ရန် ဆုံးဖြတ်ထားပြီးဖြစ်‌လေရာ သဘာဝကျကျပင် အိမ်ထဲဝင်၍ ချန်ကောဟွားကို မပြစ်မှားလိုသော်လည်း ယခုအခါ ကြွက်ထောင်ချောက်က ပန့်ကန့်ကို ဒဏ်ရာရအောင် ညှပ်လိုက်သည်ဟု ကြားလိုက်ရသဖြင့် ချက်ချင်းပင် သူ၏ စူးစမ်းလိုစိတ်မှာ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ထို့ကြောင့် သူသည်လည်း အနောက်မှ အမြှီးလှုပ်ကာ လိုက်ဝင်သွားသည်။

အထဲသို့ ဝင်သွားသည်နှင့် လူသုံးယောက်စလုံးသည် ပန့်ကန့် မြေကြီးပေါ်တွင် မေ့လဲနေသည်ကို မြင်တွေ့လိုက်ကြရသည်။

တစ်ချိန်တည်းမှာပင် သူ၏ ခြေထောက်ကို ဧရာမ ထောင်ချောက်ကြီးဖြင့် ညှပ်ထားပြီး မြေကြီးပေါ်တွင်လည်း သွေးကွက်ကြီးတစ်ခု စီးကျနေ‌‌သည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ဟယ်ယွီကျူး၏ ဦးနှောက်မှာ ခဏမျှ အေးခဲသွားခဲ့ပြီး အလိုအလျောက်ပင်

"ဒီမှာ ဘာဖြစ်လို့ ဒီလောက်ကြီးတဲ့ ထောင်ချောက် ရှိနေရတာလဲ" ဟု ပြောလိုက်သည်။

"ဦးလေးရှားကျူး၊ ထောင်ချောက်ကို ဂရုမစိုက်နဲ့တော့၊ ပန့်ကန့်ကို မြန်မြန် ကယ်ပေးပါဦး"

ဟွိုင်ဟွားက ဘေးဘက်မှ အလျင်အမြန်ပြောဆိုနေ‌ သည်။

"ဟုတ်တယ်… ဟုတ်တယ်၊ ကယ်ရမယ်"

ရှားကျူးက ထောက်ခံပြောဆိုလိုက်ပြီးနောက် အလျင်အစလို စတင်လှုပ်ရှားတော့သည်။

အဘယ်ကြောင့်ဆိုသော် ချန်ကောဟွား ပြန်လာပါက ကိစ္စက ကိုင်တွယ်ရ ခက်ခဲသွားလိမ့်မည်ကို သူ သိရှိထားသောကြောင့်ပင်ဖြစ်သည်။

ဘေးဘက်ရှိ ရွှီတမောင်း၏ မျက်နှာမှာလည်း ပြာနှမ်းသွားသည်။ ပန့်ကန့်က သွေးများစွာ ထွက်နေသဖြင့် အကယ်၍ တိုက်ရိုက်ပင် အသက်ပျောက်သွားပါက ခြံဝန်းတစ်ခုလုံးအပေါ် သေချာပေါက် သက်ရောက်မှု မကောင်းနိုင်ကြောင်း စိုးရိမ်မိသွားသည်။ ထို့ကြောင့် သူသည်လည်း ဝိုင်းဝန်းကူညီလိုက်သည်။

ထိုသို့ဖြင့် သူတို့နှစ်ဦးသည် စကားများများ မပြောတော့ဘဲ ကယ်ဆယ်ရေးလုပ်ငန်းကို တိုက်ရိုက်ပင် စတင်လိုက်ကြ‌‌သည်။

ဟွိုင်ဟွား၏ ခွန်အားမှာ မလုံလောက်သဖြင့် မည်သည့်ခွန်အားမျှ မစိုက်ထုတ်နိုင်ခဲ့ချေ။ သို့သော် ရွှီတမောင်းနှင့် ဟယ်ယွီကျူးတို့ နှစ်ဦးမှာမူ ငယ်စဉ်ကတည်းက သတ်ပုတ်လာကြသော သန်မာထွားကျိုင်းသည့်သူများ ဖြစ်ကြသည်။

သူတို့၏ ကူညီမှုအောက်တွင် မေ့မြောနေသော ပန့်ကန့်သည် သူ၏ ခြေထောက်နှစ်ဖက်မှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။ ဤစူးရှသော နာကျင်မှုသည် သူ့ကို မေ့မြောနေရာမှ လန့်နိုးသွားစေခဲ့ပြီး ပါးစပ်မှလည်း တိုးတိုးတိတ်တိတ် ညည်းတွားလာသည်။

ဟယ်ယွီကျူးသည် ပန့်ကန့်၏ နာကျင်စွာ ညည်းတွားသံကို ကြားလိုက်ရပြီး သူ၏ ရင်ထဲတွင်မူ သက်ပြင်းချနိုင်သွားသည်။မည်သို့ပင်ဆိုစေ လူက ဘာမှမဖြစ်သေးချေ။

ထို့ကြောင့် သူက ရွှီတမောင်းကို ပြောလိုက်သည်။

"အတူတူ အားစိုက်ရအောင်၊ အရင်ဆုံး ကလေးရဲ့ ဘယ်ဘက်ခြေထောက် ထွက်အောင်လုပ်ရမယ်"

ရွှီတမောင်းက ခေါင်းညိတ်လိုက်သည်။ထို့နောက် သူက ပန့်ကန့်ကိုလည်း "အောင့်ထားဦး" ဟု ပြောလိုက်ပြန်သည်။

ထိုသို့ပြောပြီးသည်နှင့် သူတို့နှစ်ဦးသည် ကယ်ဆယ်ရေးကို စတင်လိုက်ကြသည်။

"အဆင်သင့်"

"အားစိုက်"

အမိန့်ပေးသံနှင့်အတူ သူတို့နှစ်ဦးသည် ရှိသမျှခွန်အားကို အသုံးချကာ နောက်ဆုံး၌ ဘယ်ဘက်ခြေထောက်ကို လွတ်မြောက်အောင် ဖြုတ်ပေးနိုင်သွားသည်။ ဆက်တိုက်ဆိုသလိုပင် ညာဘက်ခြေထောက်ကိုလည်း လွတ်မြောက်အောင် ဖြုတ်ပေးလိုက်ကြပြန်သည်။

သို့သော် ထောင်ချောက်ကို အသည်းအသန် ဖွင့်လိုက်ချိန်တွင် ဟယ်ယွီကျူးနှင့် ရွှီတမောင်းတို့ သတိမပြုမိခဲ့သောအရာမှာ ဤဖြစ်စဉ်တစ်ခုလုံးတွင် ပန့်ကန့်သည် အော်ဟစ်ဆူပူခြင်း လုံးဝမရှိခြင်းပင် ဖြစ်သည်။

မည်သို့ပင်ဆိုစေ ယခုအခါ ပန့်ကန့် ထောင်ချောက်မှ လွတ်မြောက်သွားသည်ကို မြင်လိုက်ရသဖြင့် သူတို့နှစ်ဦးစလုံး သက်ပြင်းချနိုင်သွားခဲ့ကြသည်။ သို့သော် ပန့်ကန့်၏ မျက်နှာတွင် သွေးမရှိတော့သကဲ့သို့ ဖြူဆွတ်နေသည်ကိုလည်း တွေ့ရှိသွားကြသည်။

ဟယ်ယွီကျူးမှာ လန့်ဖျတ်သွားသဖြင့် ဦးနှောက်ပင် ကောင်းကောင်း အလုပ်မလုပ်နိုင်တော့‌ပေ။

နောက်တစ်စက္ကန့်တွင် သူသည် ကလေးကို ပွေ့ချီကာ ဆေးရုံသို့ ပြေးသွားရန် ပြင်ဆင်တော့သည်။ ပြေးနေစဉ်အတွင်း သူက ဟွိုင်ဟွားကိုလည်း မှာကြားရန် မမေ့ပေ။

“မင်း မိသားစုကို သွားအကြောင်းကြားလိုက်၊ ငါ ပန့်ကန့်ကို ဆေးရုံ ပို့လိုက်မယ်"

ပြောပြီးသည်နှင့် သူသည် ပန့်ကန့်ကို ပွေ့ချီလျက် အပြင်သို့ ဝုန်းခနဲ ပြေးထွက်သွားသည်။

ဟွိုင်ဟွားမှာမူ စိတ်လွင့်မျောကာ တွေဝေငေးမောကျန်ရစ်သည်။ မိမိ၏ အဖွားဖြစ်သူမှာလည်း ဘယ်သွားလို့ သွားမှန်း မသိချေ။ ဖခင်ဖြစ်သူမှာလည်း ကုတင်ပေါ်မှ မဆင်းနိုင်သဖြင့် ကိစ္စအဝဝကို လုံးဝ မကိုင်တွယ်နိုင်ချေ။ မိခင်ဖြစ်သူကိုသာ အကြောင်းကြားနိုင်တော့မည် ဖြစ်သည်။

သို့သော် ဟွိုင်ဟွား အိမ်သို့ အပြေးအလွှား ပြန်ရန် ပြင်ဆင်နေချိန်တွင် ဘေးဘက်ရှိ ရွှီတမောင်းသည် မျက်တောင်တချက်ခတ်လျက် ဟွိုင်ဟွားကို တားဆီးလိုက်သည်။ သိသာစွာပင် သူ၏ ရင်ထဲတွင် ကိုယ်ပိုင် အကြံအစည် ရှိနေခြင်းပင် ဖြစ်သည်။

သူက ဟွိုင်ဟွားကို

"ဟွိုင်ဟွား၊ မင်းမိဘတွေ သိရင် သေချာပေါက် ဆူလိမ့်မယ်၊ အဲဒါကြောင့် ခြံထဲက ဦးလေးကြီးတွေကို အရင်သွားပြောလိုက်၊ ရှားကျူးရဲ့ ထောင်ချောက်က ပန့်ကန့်ကို ညှပ်မိလို့ အခု သူ ဆေးရုံကို ပို့လိုက်ပြီ၊ သူတို့ကို ထွက်ပြီး ကူညီခိုင်းလိုက်" ဟု ပြောလိုက်သည်။

ဟွိုင်ဟွားသည် ငိုလွန်းသဖြင့် လူရုပ်ပင် မပေါက်တော့ချေ။ မိဘများ၏ ဆူပူမှုကို ခံရမည်ဟု ကြားလိုက်ရချိန်တွင် ချက်ချင်းပင် စိတ်ဝိညာဉ်ပင် ကယောက်ကယက် ဖြစ်သွားကာ ခေါင်းညိတ်ပြပြီးနောက် အခန်းထဲမှ အလောတကြီး ပြေးထွက်သွားသည်။

ရီကျုံးဟိုင်သည် အိမ်အပြင်ဘက်တွင် လေညင်းခံနေစဉ် ဟယ်ယွီကျူး တစ်ယောက် ပန့်ကန့်ကို ပွေ့ချီကာ အလောတကြီး ပြေးထွက်သွားသည်ကို မြင်တွေ့လိုက်ရသဖြင့် မူမမှန်သော အခြေအနေတစ်ခု ရှိနေကြောင်း ရိပ်မိလိုက်သော်လည်း မည်သည့်အရာ မှားယွင်းနေသည်ကိုမူ ရေရေရာရာ မပြောနိုင်ခဲ့ချေ။

ထို့နောက်တွင် ဟွိုင်ဟွား တစ်ယောက် မျက်ရည်စက်လက်ဖြင့် သူ၏ ရှေ့သို့ ပျာပျာသလဲ လျှောက်လာသည်ကို မြင်တွေ့လိုက်ရသဖြင့် ကြီးမားသော ကိစ္စတစ်ခု ဖြစ်ပွားနေပြီ ဖြစ်ကြောင်း သိရှိသွားသည်။

"ဘာဖြစ်လို့လဲ"

ရီကျုံးဟိုင်၏ မေးမြန်းမှုအောက်တွင် ဟွိုင်ဟွားသည် ဖြစ်ပျက်သမျှကို အမှန်အတိုင်း ဖြေကြားလိုက်သည်။

ပန့်ကန့်က သူမကို ခေါ်ဆောင်ကာ ချန်ကောဟွားအိမ်သို့ သွားရောက်ခိုးစားရာမှ ဟယ်ယွီကျူး ပေးထားသော ကြွက်ထောင်ချောက်ဖြင့် ခြေထောက်ကို ညှပ်မိသွားခြင်း ဖြစ်ကြောင်း ကြားသိလိုက်ရသောအခါ သူကိုယ်တိုင်လည်း ရင်ထဲတွင် မညည်းတွားဘဲ မနေနိုင်တော့ချေ။

"ဘာ၊ ပစ္စည်းခိုးတာ ဟုတ်လား၊ ချန်မိသားစုအိမ်ကို သွားခိုးတာလား"

ရီကျုံးဟိုင်သည် ချက်ချင်းပင် အံ့အားသင့် မှင်တက်သွားခဲ့ရသည်။

သူသည် ပစ္စည်းခိုးယူခြင်း ထက်ပို၍ ချန်မိသားစု၏ ပစ္စည်းကို ခိုးယူခြင်းဟူသော ကိစ္စ၏ ကြီးလေးမှုကိုသာ သတိပြုမိလိုက်ခြင်း ဖြစ်သည်။

ပန့်ကန့်၏ ခြေထောက်နှစ်ဖက်စလုံးရှိ လှုပ်ရှားမှုအာရုံကြောများသည် ထောင်ချောက်ညှပ်၍ ပျက်စီးသွားပြီ ဖြစ်ကြောင်းကိုမူ သတိမထားမိခဲ့ချေ။ထို့ကြောင့် သူသည် အံ့အားသင့်စွာ အော်ဟစ်ပြီးနောက် ဟွိုင်ဟွားကို ချက်ချင်းပင် မှာလိုက်သည်။

"မင်း အရင်ဆုံး စိတ်မလောနဲ့ဦး၊ မင်းအမေဆီ သွားပြီး ဒီကိစ္စကို အရင်ပြောလိုက်၊ ငါ ခြံဝန်းအစည်းအဝေး လုပ်ဖို့ သွားပြင်ဆင်လိုက်မယ်"

ထိုသို့ပြောပြီးသည်နှင့် သူတို့နှစ်ဦးသည် အသီးသီး လှုပ်ရှားကြတော့သည်။

ထို့နောက်တွင် ဟွိုင်ဟွားနှင့် ရှောင်တန်းတို့သည်လည်း ရှိုက်ကြီးတငင် ငိုယိုလျက် အိမ်သို့ ပြန်ရောက်လာကြသည်။

ဤအချိန်တွင် ကျားကျန်းရှီနှင့် ယန်ပုကွေ့တို့သည် ငါးမျှားရန် ထွက်သွားကြပြီဖြစ်သဖြင့် အိမ်တွင် ချင်ဟွိုင်ယွီနှင့် ကျားတုန်းရွှီ နှစ်ဦးတည်းသာ ရှိနေသည်။

ကလေးနှစ်ဦးက ဖြစ်ပျက်ခဲ့သော အကြောင်းအရာ အစအဆုံးကို ပြောပြလိုက်ပြီးနောက်တွင် ပန့်ကန့်သည် ပစ္စည်းခိုးယူမှုကြောင့် ဟယ်ယွီကျူး၏ ကြွက်ထောင်ချောက်ဖြင့် ညှပ်မိကာ သွေးထွက်သွားပြီး ဆေးရုံသို့ ပွေ့ချီခေါ်ဆောင်သွားခြင်း ခံရကြောင်း သိရှိလိုက်ရသည်။ ချင်ဟွိုင်ယွီသည် မိုးမြေတစ်ခုလုံး လှည့်ပတ်သွားသကဲ့သို့ ခံစားလိုက်ရပြီး မြေကြီးပေါ်သို့ လဲကျကာ‌ မေ့မျောလုနီးပါး ဖြစ်သွားခဲ့ရသည်။

ကျားတုန်းရွှီမှာမူ အစပိုင်းတွင် ကြက်သေသေသွားခဲ့ပြီးနောက် ဆက်တိုက်ဆိုသလိုပင် အပြင်းအထန် ဒေါသထွက်သွားသည်။

"ဒီ သေချင်းဆိုး ရှားကျူး"

" ကြွက်ထောင်ချောက်ကို သုံးပြီး ငါ့သားကို ဆေးရုံရောက်အောင် လုပ်ရက်တယ်"

"တကယ်လို့ ငါ့သားသာ တစ်ခုခုဖြစ်သွားရင် ငါ သူ့ကို သေချာပေါက် သတ်ပစ်မယ်"

ကျားတုန်းရွှီသည် သူ၏ သားဖြစ်သူ ပန့်ကန့်က ချန်မိသားစု၏ ပစ္စည်းကို ခိုးယူသည့် ကိစ္စကိုမူ အနည်းငယ်မျှပင် ထည့်မပြောခဲ့ချေ။

ပထမဆုံးအကြိမ်အဖြစ် ရှားကျူးကိုသာ နာကျည်းစွာ ဆဲဆိုနေသည်။

"မင်း ဘာဖြစ်လို့ ဒီမှာ ကြောင်အမ်းနေရတာလဲ"

"ငါ့ကို ဆေးရုံကို မြန်မြန် လိုက်ပို့စမ်း"

ကျားတုန်းရွှီသည် ချင်ဟွိုင်ယွီကို အော်ဟစ်ငေါက်ငမ်းလိုက်သည်။ သူသည် ကိုယ်တစ်ပိုင်း သေနေသူဖြစ်ပြီး ဘဝမှာ မျှော်လင့်ချက် ကင်းမဲ့နေသူ ဖြစ်ရာ သားဖြစ်သူ ပန့်ကန့်ကသာ သူ၏ တစ်သက်တာလုံးအတွက် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်သည်။

ချင်ဟွိုင်ယွီသည် အော်ဟစ်ခံရပြီးနောက် သတိပြန်ဝင်လာခဲ့ပြီး အလျင်အစလိုပင် ကျားတုန်းရွှီကို တွန်းလှည်းဖြင့် တွန်းကာ အနီးဆုံး ဆေးရုံဆီသို့ ဦးတည်ကာ အပြေးအလွှား ခေါ်ဆောင်သွားသည်။

...

စစ်ကျို့ချန် ဆေးရုံ

ဟယ်ယွီကျူးသည် ပန့်ကန့်ကို ပွေ့ချီလျက် ဆေးရုံသို့ အလောတကြီး ရောက်ရှိလာသည်။ ထို့နောက် စကားတစ်ခွန်းမျှ မပြောတော့ဘဲ ပြင်ပလူနာဌာန အခန်းထဲသို့ တိုက်ရိုက် ပြေးဝင်သွားသည်။

ဒဏ်ရာခွဲစိတ်ဆရာဝန်သည် သူ တန်းမစီသည်ကို မြင်သောအခါ ချက်ချင်းပင် မကျေမနပ် ဖြစ်သွားသော်လည်း ပန့်ကန့်၏ ခြေထောက်နှစ်ဖက်စလုံးရှိ ဒဏ်ရာမှာ အရိုးပေါ်သည်အထိ နက်ရှိုင်းနေသည်ကို မြင်လိုက်ရချိန်တွင် ချက်ချင်းပင် ပျာယာခတ်သွားသည်။

"ဒဏ်ရာကို မြန်မြန် ကိုင်တွယ်ရမယ်၊ အခုချက်ချင်း ခွဲစိတ်ဖို့ ပြင်ဆင်ကြ"

ဆရာဝန် ပြောကြားပြီးနောက် ဟယ်ယွီကျူး၏ ဦးနှောက်မှာ တုန်ခါသွားသည်။

သူသည် ဒဏ်ရာက အနည်းငယ် နက်သွားရုံမျှသာ ဖြစ်ပြီး ဆေးကုသမှု ခံယူရုံဖြင့် ရနိုင်မည်ဟု ထင်မှတ်ထားခဲ့ရာ ခွဲစိတ်မှု ပြုလုပ်ရလိမ့်မည်ဟု တစ်ခါမျှ မတွေးတောခဲ့ဖူးပေ။ ထို့ကြောင့် သူက စိုးရိမ်ပူပန်စွာဖြင့် မေးလိုက်သည်။

"ဆရာ၊ ကလေးက ထောင်ချောက်နဲ့ နည်းနည်း ညှပ်မိရုံတင်ကို ဘာဖြစ်လို့ ခွဲစိတ်ဖို့ လိုအပ်ရတာလဲ"

ဆရာဝန်က ထိုစကားကို ကြားသောအခါ တစ်ဖက်လူသည် မိမိအား အသေးအဖွဲ့ကိစ္စကို အကြီးကြီးချဲ့ကာ ဆေးကုသစရိတ် ညှစ်ယူလိုခြင်း ဖြစ်သည်ဟု ထင်မြင်သွားပြီး ချက်ချင်းပင် မကျေမနပ်ဖြင့် ပြောသည်။

"မင်းတို့ မိဘတွေက ဘယ်လိုဖြစ်တာလဲ၊ ကလေးကို ဒီလောက်အထိ ဒဏ်ရာအပြင်းအထန် ရအောင် လုပ်ရက်တယ်၊ အခု ခွဲစိတ်ရတာက ကိစ္စအသေးလေးပဲ ရှိသေးတယ်၊ အကယ်၍ အာရုံကြောတွေပါ ပိုးဝင်သွားရင်တော့ သေချာပေါက် ခြေထောက် ဖြတ်ပစ်ရလိမ့်မယ်"

ဆရာဝန်၏ စကားများ ပြီးဆုံးသွားသောအခါ ဟယ်ယွီကျူးမှာ လုံးဝကို အံ့အားသင့် မှင်တက်သွားခဲ့ရသည်။

အကျပ်ရိုက်နေသော အခြေအနေအောက်တွင် သူ၏ ပါးစပ်မှလည်း စကားလုံးနှစ်လုံးကိုသာ အဆက်မပြတ် ရေရွတ်နေမိတော့သည်။

"ခြေ…ခြေထောက် ဖြတ်ရမယ် ဟုတ်လား"

အခန်း (၃၄)

ပန့်ကန့်က ခြေထောက်ဖြတ်တောက်ပစ်ရမည့် အလားအလာရှိကြောင်း ကြားသိလိုက်ရသောအခါ ဟယ်ယွီကျူး၏ ရင်ထဲတွင် နောင်တရပြီး စိုးရိမ်ပူပန်မှုများဖြင့် အပြည့်အဝ ဖုံးလွှမ်းသွားသည်။

သူ နောင်တရမိသည်မှာ မိမိအနေဖြင့် ဟွိုင်ဟွား၏ စကားကို နားမထောင်ခဲ့သင့်ခြင်းပင် ဖြစ်သည်။

ဘာကိစ္စရှိလို့ ချန်မိသားစုအိမ်ထဲကို ဝင်ခဲ့မိပါလိမ့်

အခုတော့ အခြေအနေက ကောင်းကြသေးရဲ့လား

ကျားမိသားစုကိုလည်း ရှင်းပြရန် ခက်ခဲသွားခဲ့ပြီ ဖြစ်သည်။ ချန်မိသားစုဘက်ကိုလည်း ပို၍ပင် ရှင်းလင်းပြသရန် မလွယ်ကူတော့ချေ။

ယခုလည်း ထိုနည်းအတိုင်းပင်ဖြစ်သည်။ ဟယ်ယွီကျူး၏ စိတ်အာရုံများ ရှုပ်ထွေးနေသည့် အချိန်တွင် ကျားတုန်းရွှီတို့ဇနီးမောင်နှံသည် မီးဟုန်းဟုန်းတောက်‌ေနသကဲ့သို့ အလောတကြီးဖြင့် ဆေးရုံသို့ ရောက်ရှိလာကြသည်။

ဆေးရုံအတွင်းသို့ ဝင်ရောက်လာသည်နှင့် ကျားတုန်းရွှီသည် ဒေါသထွက်ကာ အော်ဟစ်တော့သည်။

"သေချင်းဆိုး တိရစ္ဆာန်ကောင် မင်းက ငါ့သားကို ဒုက္ခပေးရဲတယ်"

"ငါ မင်းကို အသက်နဲ့လဲပြီး သတ်မှာ"

ဝှီးချဲကုလားထိုင်ပေါ်တွင် ထိုင်နေသော ကျားတုန်းရွှီသည် ထိုစကားပြောပြီးသည်နှင့် လက်ကို ဆန့်ထုတ်ကာ ဟယ်ယွီကျူးကို ရိုက်နှက်ရန် ရွယ်လိုက်သည်။

ကျားတုန်းရွှီ၏ ဒေါသတကြီး ငေါက်ငမ်းမှုကို ရင်ဆိုင်ရသောအခါ ဟယ်ယွီကျူး၏ ရင်ထဲတွင်လည်း ဒေါသမီးဟုန်းဟုန်း တောက်လောင်လာသည်။

မိမိက အထင်အရှားပင် ကူညီ‌ေပးခဲ့ခြင်း ဖြစ်သော်လည်း ရလဒ်အနေဖြင့် မသန်စွမ်းသူ ကျားတုန်းရွှီက အမှားအမှန်ကို ဝေဖန်ပိုင်းခြားခြင်း မရှိဘဲ ရောက်လာသည်နှင့် မိမိအပေါ် ကို အပြစ်ပုံချလာသည်။

ရွှံ့ရုပ်တုပင်လျှင် စိတ်ဆိုးဒေါသထွက်တတ်သေးသည်၊သံမဏိစက်ရုံ၏ လူမိုက်ကြီးဖြစ်သော ရှားကျူးအတွက်မူ ပို၍ပင် ဆိုဖွယ်ရာမရှိချေ။

ကျားတုန်းရွှီ၏ ကုတ်ဖဲ့မှုကို အနည်းငယ် ခံလိုက်ရပြီးနောက် ဒေါသဟုန်းဟုန်းတောက်နေသော ဟယ်ယွီကျူးသည် လက်ပြန်ဖြင့် ပါးရိုက်ချလိုက်သည်။

ဖြောင်း

စူးရှသော ပါးရိုက်သံတစ်ခု ထွက်ပေါ်လာသည်။

"ခွေးမသား ကျားတုန်းရွှီ မင်း ရူးနေတာလား"

"ဘာမှလည်း မသိဘဲနဲ့ ဘာတွေ အော်ဟစ်နေတာလဲ"

"ပြီးတော့ မင်းရဲ့ ဘယ်ဘက်မျက်စိက ငါ မင်းရဲ့သား ပန့်ကန့်ကို ဒုက္ခပေးနေတာ မြင်လို့လဲ"

ကျားတုန်းရွှီသည် ပါးတစ်ချက် အရိုက်ခံလိုက်ရပြီးနောက် လူကလည်း ငြိမ်ကျသွားသည်။ သူသည် ဟယ်ယွီကျူး၏ ပြိုင်ဘက်မဟုတ်ကြောင်း သိရှိသဖြင့် ကုလားထိုင်ပေါ်တွင် ထိုင်လျက် ရက်စက်ကြမ်းကြုတ်သော မျက်လုံးများဖြင့်သာ စိုက်ကြည့်နေနိုင်တော့သည်။

ချင်ဟွိုင်ယွီသည် ထိုမြင်ကွင်းကို မြင်သောအခါ ဟယ်ယွီကျူးနှင့် ကျားတုန်းရွှီတို့ နှစ်ဦးတွင် မည်သူက အမှားအမှန်ဖြစ်သည်ကို အနည်းငယ်မျှ စိတ်မဝင်စားဘဲ သူမ၏ ရင်ထဲတွင် သားဖြစ်သူ ပန့်ကန့်ကိုသာ ပူပန်နေမိတော့သည်။ထို့ကြောင့် သူမသည် မျှော်လင့်တကြီးဖြစ်‌ေနသော မျက်လုံးများဖြင့် ဟယ်ယွီကျူးကို ကြည့်ကာ

"ရှားကျူး ပန့်ကန့်က အခု ဘယ်လိုနေသေးလဲ" ဟု မေးမြန်းလိုက်သည်။

ဟယ်ယွီကျူးသည် ရင်ထဲတွင် အပြစ်မကင်းသလို ခံစားရသဖြင့် ချင်ဟွိုင်ယွီ၏ အကြည့်များကိုသာ ရှောင်လွှဲ‌ေနလိုက်သည်။

ဤသို့ဖြင့် ချင်ဟွိုင်ယွီသည် အခြေအနေမှာ မကောင်းလှကြောင်း ရိပ်မိသွားသည်။ အဘယ်ကြောင့်ဆိုသော် ဟယ်ယွီကျူးသည် ရိုးသားဖြောင့်မတ်သူတစ်ဦး ဖြစ်ပြီး သာမန်အချိန်များတွင် မေးသမျှကို အမြဲတစေ ဖြေကြားတတ်သောကြောင့်ပင်ဖြစ်သည်။

ယခုအခါ သူသည် စကားမပြောရဲဘဲ အကြည့်များကို ရှောင်ကွင်းနေသည့် ပုံစံမှာ အခြေအနေမှာ အလွန်တရာ ကြီးလေးနေပြီဖြစ်ကြောင်း ထင်ရှားလှသည်။ထို့ကြောင့် သူမက ထပ်မံ၍

"ရှားကျူး ပြောစမ်းပါဦး၊ ငါ့သားက အခု တကယ်ပဲ ဘယ်လိုဖြစ်သွားတာလဲ" ဟု မေးမြန်းလိုက်ပြန်သည်။

ချင်ဟွိုင်ယွီ၏ ထပ်မံမေးမြန်းမှုကို ရင်ဆိုင်ရသောအခါ ရှားကျူးသည်လည်း မတတ်သာဘဲ သက်ပြင်းချလိုက်ရသည်။ မည်သို့ပင်ဆိုစေ ဤကိစ္စကို ဖုံးကွယ်ထား၍ မရနိုင်သကဲ့သို့ တစ်ဖက်လူမှာလည်း ပန့်ကန့်၏ မိဘများဖြစ်သဖြင့် သားဖြစ်သူ၏ အခြေအနေကို သိပိုင်ခွင့် ရှိသောကြောင့် ဆရာဝန်က မိမိအား ပြောကြားခဲ့သော စကားများကို တစ်ခေါက် ပြန်လည်ပြောပြလိုက်သည်။

ခွဲစိတ်မှု ပြုလုပ်ရမည်ဟူသော အကြောင်းကို ကြားသိလိုက်ရသောအခါ သူတို့နှစ်ဦးစလုံးသည် ချက်ချင်းပင် ကြောင်အမ်းသွားခဲ့ကြရသည်။

သို့သော် ထို့နောက်တွင် ခြေထောက်နှစ်ဖက်စလုံး ဖြတ်တောက်ပစ်ရမည့် အလားအလာရှိကြောင်း ဆက်လက်ကြားလိုက်ရချိန်တွင် ချင်ဟွိုင်ယွီသည် မိမိ၏ ခြေထောက်နှစ်ဖက်စလုံး ခွန်အားကင်းမဲ့ကာ ပျော့ခွေသွားသကဲ့သို့ ခံစားလိုက်ရသည်။

သူမသည် ကျားမိသားစုထံသို့ အိမ်ထောင်ကျပြီးနောက် ကောင်းမွန်သော နေ့ရက်များကို ရက်အနည်းငယ်မျှပင် ပိုင်ဆိုင်ဖူးခြင်း၊ ဖြတ်သန်းဖူးခြင်း မရှိသေးသည့် အချိန်တွင်ပင် မိမိ၏ ယောက်ျားမှာ လေဖြတ်ကာ မသန်မစွမ်း ဖြစ်သွားခဲ့ရသည်။

ယခုအခါတွင်လည်း ဒုက္ခအပေါင်းကို ခါးစည်းခံလျက် ဘဝ၏ ဖိအားများကို သည်းခံနေရသည့်တိုင်အောင် စိတ်ထဲတွင် အမြဲတစေ မျှော်လင့်တောင့်တနေသည်မှာ ပန့်ကန့်တစ်ယောက် ကြီးပွားအောင်မြင်လာစေရန် ဖြစ်သည်။

သို့သော် ယခုအခါတွင်မူ မိမိ၏ အဖိုးတန်လှသော သားဖြစ်သူမှာ ဒုက္ခိတတစ်ဦး ဖြစ်သွားမည့် အလားအလာ ရှိနေကြောင်း ကြားလိုက်ရသည်။ ထိုအခြေအနေကို သူမအနေဖြင့် မည်သို့ လက်ခံနိုင်ပါမည်နည်း။

အချိန်တခဏအတွင်းတွင်ပင် သူမ၏ ရင်ထဲတွင် အတိုင်းအဆမရှိသော ဝမ်းနည်းကြေကွဲမှုများဖြင့် ပြည့်နှက်သွားသည်။

ဘေးဘက်ရှိ ကျားတုန်းရွှီသည်လည်း ကုလားထိုင်ပေါ်တွင် ပုံလျက်သား ထိုင်နေခဲ့ပြီး တစ်ကိုယ်လုံးရှိ အားအင်များ ဆွဲထုတ်ခံလိုက်ရသကဲ့သို့ ဖြစ်နေသည်။

ဤကလေးသည် သူတို့မိသားစု၏ တစ်ဦးတည်းသော ဆက်ခံသူ အမျိုးသား ဖြစ်သည်။ အကယ်၍ သားဖြစ်သူကလည်း မိမိကဲ့သို့ မသန်စွမ်းသူ ဖြစ်သွားမည်ဆိုပါက သူတို့၏ ကျားမိသားစုမှာ မျိုးဆက်သုံးဆက်မတိုင်မီမှာပင် မျိုးပြုတ်သွားရတော့မည် ဖြစ်သည်။ထို့ကြောင့် သူသည် အံကြိတ်လျက် ဟယ်ယွီကျူးကို ဒေါသတကြီး အော်ဟစ်ဆဲဆိုတော့သည်။

"တိရစ္ဆာန်ကောင်"

"မင်းလို တိရစ္ဆာန်ကောင်"

"ဟယ်ယွီကျူး ငါပြောမယ် ၊အကယ်၍ ငါ့သားသာ တစ်ခုခုဖြစ်သွားလို့ကတော့ ငါ သေရင်တောင် မင်းကို အတူဆွဲခေါ်သွားမှာ"

ဟယ်ယွီကျူး၏ ရင်ထဲတွင် မည်မျှလောက် အားမလိုအားမရ ဖြစ်နေသည်ကိုမူ ပြောပြရန်ပင် မလိုအပ်တော့ချေ။

မိမိအနေဖြင့် ကျားမိသားစုနှင့် အိမ်နီးနားချင်း ဖြစ်ရခြင်းမှာ ရှစ်ဘဝစာလောက် ကံဆိုးမိုးမှောင်ကျခြင်းပင် ဖြစ်သည်။ သူတို့မိသားစုကို ကူညီစောင့်ရှောက်ပေးသည်ကို ကျေးဇူးမတင်သည့်အပြင် အရိုက်အနှက်နှင့် ဆဲဆိုခြင်းကိုပါ ခံရသေးသည်။

ဟယ်ယွီကျူး၏ အမြင်အရ ပြောရမည်ဆိုလျှင် မိမိသည် ကျားမိသားစုကို ကူညီပေးခဲ့သော လူကောင်းတစ်ဦးသာ ဖြစ်သည်။ ပန့်ကန့် ဒဏ်ရာရရှိခဲ့သည့် နေရာသည် ချန်မိသားစုအိမ်တွင် ဖြစ်သဖြင့် ချန်မိသားစုကသာ ပန့်ကန့် ဒဏ်ရာရမှုအတွက် အဓိက တာဝန်ရှိသူ ဖြစ်သင့်သည်။

သို့သော် ယခု အခြေအနေတွင် သူသည်လည်း မည်သို့ စတင်ပြောဆိုရမည်ကို မသိရှိခဲ့ချေ။ ထို့ကြောင့် သူသည် စကားတစ်ခွန်းမျှ မဆိုဘဲ ကျားမိသားစု ဇနီးမောင်နှံ၏ ဒေါသအမျက်များကိုသာ တိတ်တဆိတ် တောင့်ခံနေလိုက်သည်။

သို့သော် ချင်ဟွိုင်ယွီ တစ်ယောက် တိတ်ဆိတ်စွာ မျက်ရည်ကျလျက် ကြေကွဲဝမ်းနည်းနေသည့် ပုံစံကို မြင်တွေ့လိုက်ရသောအခါ သူ၏ ရင်ထဲတွင်လည်း ခံရခက်စွာဖြင့် နာကျင်လာခဲ့ရပြန်သည်။ထို့ကြောင့် တခဏမျှ စဉ်းစားလိုက်ပြီးနောက် ချင်ဟွိုင်ယွီ၏ ဘေးဘက်သို့ လျှောက်သွားကာ တိုးတိုးတိတ်တိတ်ဖြင့် ပြောလိုက်သည်။

"ချင်ဟွိုင်ယွီ၊ အမှန်တော့ ပန့်ကန့်ကို ဒုက္ခပေးတာ ချန်ကောဟွားပဲ၊ သူ့အိမ်က..."

"ဖြောင်း"

သူ၏ စကားမဆုံးသေးမီမှာပင် ချင်ဟွိုင်ယွီ၏ စူးရှလှသော ပါးရိုက်သံတစ်ခုကြောင့် စကားသံ ပြတ်တောက်သွားခဲ့ရသည်။

ဆက်တိုက်ဆိုသလိုပင် နာကျည်းမုန်းတီးမှုများ ပြည့်နှက်နေသော ရက်စက်သည့် အကြည့်တစ်စုံက ဟယ်ယွီကျူးထံသို့ ရောက်ရှိလာသည်။ထို့အပြင် ချင်ဟွိုင်ယွီ၏ ဒေါသတကြီး အော်ဟစ်သံလည်း ထွက်ပေါ်လာသည်။

"ပါးစပ်ပိတ်ထားစမ်း"

"လုပ်ရဲပြီး မခံရဲတဲ့ အသုံးမကျတဲ့ကောင်"

ချင်ဟွိုင်ယွီ၏ အမြင်အရဆိုရလျှင် ရှောင်တန်း၏ ပြောပြချက်အရ ပန့်ကန့်သည် ဟယ်ယွီကျူး၏ ကြွက်ထောင်ချောက်ကြောင့် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ဆေးရုံသို့ ခေါ်ဆောင်လာသူမှာလည်း ထိုသူပင် ဖြစ်သည်။ ထို့ကြောင့် တရားခံအစစ်အမှန်မှာ သေချာပေါက် ထိုသူသာ ဖြစ်ရပေမည်။

ယခုအခါ ဟယ်ယွီကျူးသည် အမှားကျူးလွန်ထားပါလျက်နှင့် တာဝန်ကို ချန်ကောဟွားအပေါ်သို့ လွှဲချနေခြင်းမှာ တာဝန်ယူလိုစိတ် ကင်းမဲ့ခြင်း‌ပင် ဖြစ်သည်။

ထို့ကြောင့် သူမသည် ချန်ကောဟွားကို မုန်းတီးမိသော်လည်း တာဝန်ယူမှု ကင်းမဲ့လှသော အသုံးမကျသူ ဟယ်ယွီကျူးကို ပို၍ပင် စက်ဆုပ်ရွံရှာမိတော့သည်။

ပါးတစ်ချက် အရိုက်ခံလိုက်ရပြီးနောက် ဟယ်ယွီကျူးသည် မယုံကြည်နိုင်သော အသွင်ဖြင့် ချင်ဟွိုင်ယွီကို စိုက်ကြည့်နေမိတော့သည်။မျက်နှာပေါ်ရှိ ပူစပ်ပူလောင် နာကျင်မှုထက် သူ ပိုခံစားရသည်မှာ ရင်ထဲမှ အားမလိုအားမရ ဖြစ်သည့် ခံစားချက်ပင် ဖြစ်သည်။

မိမိက အမှန်အတိုင်း ပြောဆိုပါလျက်နှင့် တစ်ဖက်လူက အရေးမစိုက်သည့်အပြင် လုံးဝ မယုံကြည်ခြင်းကြောင့် ဖြစ်ရသော ခံပြင်းမှုမျိုးပင် ဖြစ်သည်။

သို့သော် ပတ်ဝန်းကျင်ရှိ လူများ၏ အကြည့်များ ရောက်ရှိလာသည်နှင့်အမျှ ဟယ်ယွီကျူးသည် မိမိကိုယ်ကိုယ် အမျိုးသားတစ်ဦး ဖြစ်ကြောင်း သတိရသွားခဲ့ပြီး ခိုင်မာပြတ်သားစွာ ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည်။ထို့ကြောင့် သူသည် အံကြိတ်လျက်

"ကောင်းပြီ၊ မင်းတို့ ကျားမိသားစုကို ကူညီတာတောင် ငါ့ကို အသုံးမကျတဲ့ကောင်လို့ ဆဲသေးတယ်ပေါ့၊ ဒါ မင်းပြောတာနော်၊ သေချာမှတ်ထားလိုက်၊ နောက်ဆိုရင် ငါ့ကို လာပြီး ဒုက္ခမပေးနဲ့တော့"

ထိုသို့ပြောပြီးသည်နှင့် သူသည် အင်္ကျီလက်ကို ဝှေ့ယမ်းကာ လှည့်ထွက်၍ ဆေးရုံမှ ထွက်ခွာသွားသည်။

သူ ထွက်ခွာသွားခဲ့ခြင်းက ကျားတုန်းရွှီ၏ ရင်ထဲတွင် အနည်းငယ် မကျေမနပ် ဖြစ်သွားစေသည်။ သူသည် ချင်ဟွိုင်ယွီ၏ ပြောဆိုမှုမှာ လွန်လွန်ကျူးကျူး ဖြစ်သည်ဟု မထင်မြင်ခဲ့ချေ။

သို့သော် ဤလူမိုက်ကြီးမှာ မိမိမိသားစုအတွက် စားစရာအချို့ ရှာဖွေပေးနိုင်သေးသည် မဟုတ်ပါလော။ ယခုအခါ သူက လုံးဝ ပစ်ပယ်သွားပြီဖြစ်ရာ နောင်အနာဂတ်တွင် မိမိ မိသားစုက မည်သည့်အရာကို စားသောက်ရမည်နည်း။သို့သော် ဤအချိန်တွင် သူသည်လည်း မိမိ၏ ဇနီးကို အပြစ်မတင်လိုခဲ့ချေ။

မည်သို့ပင်ဆိုစေ သူသည် ဟယ်ယွီကျူးကဲ့သို့ ဖားယားသွေးဆောင်သူကို ရင်ထဲမှပင် အထင်သေးသည်။သူက ကိစ္စမရှိဘဲ ချင်ဟွိုင်ယွီနှင့် ဆက်သွယ်နေတတ်သဖြင့် သူတို့နှစ်ဦး မည်မျှအထိ လွန်ကျူးထားသည်ကို မသိနိုင်‌လေရာ ယခုကဲ့သို့ ပြတ်ပြတ်သားသား လမ်းခွဲလိုက်ခြင်းက ပို၍ပင် ကောင်းမွန်လှသည်။

ချင်ဟွိုင်ယွီအတွက်မူ သူမက ပို၍ပင် ဂရုမစိုက်ခဲ့ချေ။ မည်သို့ပင်ဆိုစေ သူမ၏ အမြင်တွင် ဤရှားကျူးမှာ မိမိက လက်ညှိုးလေး တစ်ချက် ခါပြရုံမျှဖြင့် ခွေးတစ်ကောင်ကဲ့သို့ အပြေးအလွှား ရောက်ရှိလာတတ်သောကြောင့်ပင်ဖြစ်သည်။ ထို့ကြောင့် သူမ၏ ဦးနှောက်ထဲတွင် ပန့်ကန့်၏ ကိစ္စကိုသာ အမြဲ စဉ်းစားနေမိတော့သည်။

ဟယ်ယွီကျူး ဒေါသတကြီး ထွက်ခွာသွားခြင်းအပေါ် သူမအနေဖြင့် အနည်းငယ်မျှ စိတ်ထဲမထားခဲ့ပေ။

ဟယ်ယွီကျူး၏ အပြုအမူမှာလည်း ရှေးလူကြီးများ၏ စကားပုံတစ်ခုအတိုင်းပင် ဖြစ်သည်။ မွှန်နေသူသည် အဆုံးသတ်တွင် ဘာမျှ ရရှိလိမ့်မည် မဟုတ်ချေ။

…

All Chapters