← Chapters

အခန်း (၃၇-၃၈)

Vol. 4 Ch. 37-38

အခန်း (၃၇-၃၈)

Vol. 4 Ch. 37-38

အခန်း (၃၇)

အရာအားလုံးကို အစီအစဉ်ဆွဲပြီးနောက်တွင် ဟယ်ယွီကျူးသည် အိမ်ထဲမှ ထွက်ခွာလာပြီး ရီကျုံးဟိုင်ရှိရာဆီသို့ တိုက်ရိုက် ဦးတည်သွားသည်။

ဤအချိန်တွင် ရီကျုံးဟိုင်သည်လည်း ခြံဝန်းအစည်းအဝေးအတွက် အလုပ်များနေသည်။ ပန့်ကန့်အတွက် အလွန်တရာ စိတ်ပူပန်ပေးနေရသည်ဟု ပြော၍ရပေသည်။

သေချာသည်မှာ သူ ဤသို့ ပန့်ကန့်အတွက် စိတ်ပူပန်ပေးနေခြင်းမှာ ထိုကလေးက မည်မျှ ကောင်းမွန်ကြောင်း သူ ထင်မြင်၍ မဟုတ်သကဲ့သို့ သူ၏ စိတ်ထားကောင်းမွန်သောကြောင့်လည်း မဟုတ်ချေ။

ဤသေးငယ်သော ခြံဝန်းလေးထဲတွင် ရှိသမျှ လူအားလုံးမှာ ကိုယ်ကျိုးရှာသမားများချည်းသာ ဖြစ်ကြသည်။ အထူးသဖြင့် ဦးလေးကြီးရီ ဖြစ်သည်။ ထိုသူကား အကျိုးအမြတ် ရှာဖွေရာတွင် အလွန် ထူးချွန်သူတစ်ဦးပင် ဖြစ်သည်။

မူလကဆိုလျှင် သူသည် မိမိ၏ အကျိုးစီးပွားနှင့် မသက်ဆိုင်သော ထိုကိစ္စများကို စိတ်ပူပန်နေရန် လုံးဝ မလိုအပ်ခဲ့‌ေချ။ခြံဝန်းအစည်းအဝေး ခေါ်ယူခြင်းကိစ္စများကို ဒုတိယဦးလေးနှင့် တတိယဦးလေးတို့ကိုသာ လုပ်ဆောင်စေလေ့ရှိသည်။

သို့သော် ဤတစ်ကြိမ်တွင် တတိယဦးလေး မရှိသော်လည်း သူ ထိုမျှလောက် ဂရုစိုက်နေရခြင်း၏အဓိက အကြောင်းရင်းမှာ တစ်ခုတည်းသာ ရှိသည်။

ထိုအရာမှာ နာမည်ဂုဏ်သတင်းပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အကယ်၍ ပန့်ကန့်က ပစ္စည်းခိုးယူကြောင်း သက်သေအထောက်အထား ခိုင်လုံသွားပါက ဤခြံဝန်းလေး၏ နာမည်ဂုဏ်သတင်းမှာ ပျက်စီးသွားမည် ဖြစ်သောကြောင့် ဖြစ်သည်။

ထိုသို့ဖြစ်လာပါက နောက်တစ်ကြိမ်တွင် သူက ကိုယ်ကျင့်တရားအရ အကျပ်ကိုင်ခြင်းမျိုး ပြုလုပ်သည်ဖြစ်စေ၊ ကိုယ်ကျင့်တရားနှင့် ပညာရေးတို့ကို မည်မျှပင် ဝါဒဖြန့်သည်ဖြစ်စေ အခြားသူများက သူ ရီကျုံးဟိုင်ကို ယုံကြည်တော့မည် မဟုတ်ချေ။

မည်သို့ပင်ဆိုစေ ဤခြံဝန်းထဲတွင် သူခိုးပေါ်လာသည်ဖြစ်ရာ အခြားသူများက ရီကျုံးဟိုင်၏ စီမံအုပ်ချုပ်မှုတွင် ပြဿနာရှိသည်ဟု ယူဆကြ‌ေပလိမ့်မည်။သို့မဟုတ်လျှင်လည်း သူ၏ ကိုယ်ကျင့်တရားတွင် ပြဿနာရှိသည်ဟု ယူဆကြမည် ဖြစ်သည်။

ထိုသို့ဖြစ်လာပါက အခြားသူများက သူ့ကို မယုံကြည်ကြတော့လျှင် သူသည် အကျိုးအမြတ်များကို မည်သို့ ထပ်မံ ရယူနိုင်မည်နည်း။

အထူးသဖြင့် နောင်အနာဂတ်တွင် အိုမင်းမစွမ်းဖြစ်လာချိန်၌ စောင့်ရှောက်ပေးမည့်သူ မရှိသေးသော သူ့အတွက် ပို၍ပင် သတိထားရမည်ဖြစ်သည်။ ထို့ကြောင့် ပန့်ကန့် ပစ္စည်းခိုးယူသည့် ကိစ္စမှာ အပြင်သို့ ပေါက်ကြားသွားရန် လုံးဝ ခွင့်မပြုနိုင်ချေ။

သူ ထိုသို့ တွေးတောနေချိန်တွင်ပင် ဟယ်ယွီကျူးသည် သူ၏ အိမ်တံခါးဝသို့ ရောက်ရှိလာပြီး အော်ဟစ်ခေါ်ဝေါ်တော့သည်။

ရှားကျူး၏ အော်ခေါ်သံကို ကြားလိုက်ရသောအခါ ရီကျုံးဟိုင်သည် အလျင်အစလို ရှေ့သို့ ထွက်လာပြီး

"ရှားကျူး၊ ပန့်ကန့် အခု ဘယ်လိုနေသေးလဲ" ဟု စိုးရိမ်တကြီး မေးမြန်းလိုက်သည်။

ဟယ်ယွီကျူးသည်လည်း ဤကိစ္စကို ဖုံးကွယ်ထား၍ မရနိုင်ကြောင်း သိရှိသဖြင့် ဖြစ်ကြောင်းကုန်စင်ကို သူ့အား ပြောပြလိုက်သည်။

ခြေထောက်ဖြတ်ရမည့် အလားအလာရှိကြောင်း ကြားသိလိုက်ရသောအခါ ရီကျုံးဟိုင်၏ မျက်နှာမှာ မည်းမှောင်သွားပြီး ပြဿနာမှာ ကိုင်တွယ်ဖြေရှင်းရန် ပို၍ပင် ခက်ခဲလာပြီဟု ခံစားလိုက်ရသည်။

ထို့နောက် တိုက်ရိုက်ပင် အော်ဟစ်ဆဲဆိုတော့သည်။

"ဘာ ခြေထောက်ဖြတ်ရနိုင်ခြေ ရှိတယ် ဟုတ်လား၊ ဘယ်လိုဖြစ်လို့ ဒီလောက်တောင် သတိလက်လွတ် ဖြစ်ရတာလဲ၊ အဲဒါဆို ချန်ကောဟွားကို လျော်ကြေး ထပ်တောင်းရဦးမှာပေါ့"

ရီကျုံးဟိုင်သည် ခေါင်းခါလိုက်သည်။

ထိုအချိန်က ဟယ်ယွီကျူး တစ်ယောက် ပန့်ကန့်ကို ပွေ့ချီလျက် ချန်မိသားစုအိမ်ထဲမှ အလောတကြီး ပြေးထွက်လာသည်ကို သူ မြင်တွေ့ခဲ့ရပြီးဖြစ်သည်။

ချန်ကောဟွား၏ စိတ်နေသဘောထားအရဆိုလျှင် သေချာပေါက် လွယ်လွယ်ကူကူ လျော်ကြေးပေးမည် မဟုတ်ချေ။ ဤကိစ္စမှာ သေချာပေါက် ကြီးကျယ်သွားတော့မည် ဖြစ်သည်။ အနည်းငယ် တွေးကြည့်ရုံမျှဖြင့်ပင် ခေါင်းကိုက်စရာ ကောင်းလှပေသည်။ထို့ကြောင့် တိတ်တဆိတ် ဆဲဆိုလိုက်ပြီးနောက် ရှားကျူးဘက်သို့ လှည့်ကာ မျက်မှောင်ကြုတ်လျက်

"မင်း ဘာကိစ္စရှိလို့လဲ" ဟု မေးမြန်းလိုက်သည်။

ဟယ်ယွီကျူး သူ့ကို လာရှာရခြင်းမှာလည်း အရေးကြီးသော ကိစ္စ ပြောဆိုရန်ပင် ဖြစ်သည်။

ယခုအခါ တစ်ဖက်လူက ကိုယ်တိုင် စတင်မေးမြန်းလာသဖြင့် သူသည် သဘာဝကျကျပင် ရိုးရိုးသားသားဖြင့် ချင်ဟွိုင်ယွီနှင့် ပြောဆိုထားသော အကြောင်းအရာများ အားလုံးကို ဖွင့်ဟပြောပြလိုက်တော့သည်။

သိသာလှသည်မှာ ရှားကျူးအပေါ် သူ၏ နားလည်ထားမှုအရဆိုလျှင် ဤစကားကို သူ လုံးဝ ယုံကြည်မည် မဟုတ်ချေ။

မည်သို့ပင်ဆိုစေ ရှားကျူးသည် အလုပ်မရှိ အကိုင်မရှိသဖြင့် ခြံဝန်းတစ်ခုလုံးကို ငါးချက်ကျွေးစရာ အကြောင်းမရှိသကဲ့သို့ ယန်ပုကွေ့ကလည်း ငါးမျှားရာမှ ပြန်လာပါက ငါးကို သူ့အား ပေး၍ ချက်ခိုင်းမည်ဟု ပြောဆိုထားခြင်း မရှိခဲ့ချေ။

ထို့အပြင် ဤအရာအားလုံးမှာ အကြောင်းပြချက် ခိုင်လုံလျှင်ပင် မည်သည့်အတွက်ကြောင့် ယခင်က မပြောခဲ့ဘဲ ချင်ဟွိုင်ယွီနှင့် တိုင်ပင်ဆွေးနွေးပြီးမှ ထိုကဲ့သို့သော စကားမျိုး ထွက်ပေါ်လာရသနည်း။

ရီကျုံးဟိုင်သည် အမှန်တရားကို ချက်ချင်းပင် ရိပ်မိသွားသည်။ ထိုအရာမှာ ချင်ဟွိုင်ယွီက ပန့်ကန့် တစ်ယောက် ချန်မိသားစုကို ပြစ်မှားမိမည်ကို စိုးရိမ်သဖြင့် ဟယ်ယွီကျူးကို သူမ၏ သားအတွက် အပြစ်ကို တာဝန်ယူပေးစေခြင်းပင် ဖြစ်သည်။

ထိုအကြောင်းများကို သိရှိသွားပြီးနောက် သူက တိုက်ရိုက်ပင် အပြောရခက်စွာဖြင့် ငေါက်လိုက်သည်။

"ရှားကျူး မင်းက တကယ့်ကို တုံးအတာပဲ၊ ဘာလို့ ဒီလိုလုပ်ရတာလဲ။ ချင်ဟွိုင်ယွီက မင်းကို အသုံးချနေတာ၊ မင်း ချန်မိသားစုရဲ့ ပြဿနာထဲ ဝင်မပါစမ်းပါနဲ့"

ရီကျုံးဟိုင်သည် ဟယ်ယွီကျူးက သူ၏ ကိုယ်ကျိုးစီးပွားအတွက် ကြိုးပမ်းရယူခြင်းမရှိဘဲ အလိုအလျောက် အပြစ်ကို တာဝန်ယူပေးနေခြင်းအတွက် ဒေါသထွက်မိသွားသည်။

သို့သော်လည်း ဟယ်ယွီကျူးမှာ မည်မျှပင် တုံးအစေကာမူ ရီကျုံးဟိုင်သည် သူ့အား အနာဂတ်တွင် မိမိကို ပြုစုစောင့်ရှောက်ပေးမည့်သူအဖြစ် သတ်မှတ်ထားသဖြင့် သဘာဝကျကျပင် သူ မီးတွင်းထဲ ခုန်ချသွားမည်ကို လက်ပိုက်ကြည့်မနေနိုင်ချေ။ထို့ကြောင့် စေတနာဖြင့် အကြံပေးကာ တားမြစ်လိုက်သည်။

သို့သော် မမျှော်လင့်ထားသည်မှာ ဟယ်ယွီကျူးက လုံးဝ နားမထောင်သည့်အပြင် စိတ်လှုပ်ရှားစွာဖြင့် ပြန်လည်ငြင်းခုံတော့သည်။

"မဟုတ်ဘူး ဦးလေးကြီးရီ၊ ဒါက အသုံးချတာ မဟုတ်ဘူး၊ ဒါက အချစ်ပဲ"

ထိုစကားသံ အဆုံးတွင် ရီကျုံးဟိုင်မှာ တိုက်ရိုက်ပင် ကျောက်ရုပ်ဖြစ်သွားသည်။

သို့သော် သတိပြန်ဝင်လာပြီးနောက်တွင် သူသည် သနားစဖွယ် လေသံဖြင့် ထပ်မံ၍ အကြံပေးကာ တားမြစ်တော့သည်။

"အချစ် ဟုတ်လား၊ ငါ မင်းကို ဘာမှတောင် မပြောချင်တော့ဘူး၊ ဒါဆို မင်းကို အပြစ်တွေ တာဝန်ယူခိုင်းတဲ့ မိန်းမက မင်းအပေါ် အချစ်တွေ ဖြစ်ပေါ်လာပြီး မင်းနဲ့ တစ်သက်လုံး ပေါင်းသင်းသွားမယ်လို့ ထင်နေတာလား။ ငါက မင်းကို အတင်းအကျပ် ဖိအားပေးချင်လို့ မဟုတ်ဘူး၊ ဒီနေ့ သူမက သူမရဲ့ သားအတွက် မင်းကို အပြစ်တွေ တာဝန်ယူခိုင်းတယ်ဆိုရင် နောင်တစ်ချိန်မှာ မင်းရဲ့ အိမ်ကို လိုချင်လာရင် မင်းရဲ့ စုဆောင်းငွေတွေကို လိုချင်လာရင် မင်း ဘယ်လိုလုပ်မလဲဆိုတာ မင်းကို သိစေချင်လို့ပါ"

"ငါ့မှာ ရှိတာပဲ၊ ငါက ဆန္ဒရှိတယ်လေ"

ဟယ်ယွီကျူးသည် ရီကျုံးဟိုင်၏ စကားထဲမှ ဆိုလိုရင်းကို နားမလည်စွာဖြင့် ဖြေကြားလိုက်သည်။

ရီကျုံးဟိုင် “...”

သူသည် အလွန်တရာမှ စကားပြောရ ခက်သွားသည်။ အဘယ်ကြောင့်ဆိုသော် ချန်ကောဟွားကို သွားမရှုပ်ချင်တော့သောကြောင့် အလေးအနက်ထား၍ အကြံပေးလိုက်ပြန်သည်။

"ငါက မင်းရဲ့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ပြဿနာကို ပြောနေတာ မဟုတ်ဘူး၊ မင်းက စစ်မှန်တဲ့ အချစ်ကို ရှာဖွေနေတယ်ဆိုရင်တော့ ငါလည်း ဘာမှ ထပ်မပြောတော့ပါဘူး၊ ဒါပေမဲ့ တစ်ဖက်လူက မင်းကို လုံးဝ မချစ်ဘူး၊ သူမက မင်းဆီကနေ ရနိုင်မယ့် အကျိုးအမြတ်တွေကိုပဲ လိုချင်နေတာ၊ နားလည်လား ဒီလို မိန်းမမျိုးနဲ့ မပတ်သက်တာ အကောင်းဆုံးပဲ"

ရီကျုံးဟိုင်၏ ဆိုလိုရင်းမှာ အလွန် ရိုးရှင်းလှပေသည်။ အမှန်တကယ်တော့ သူသည် ရှားကျူးကို အိမ်ထောင်ကျစေချင်သည်။ထိုသို့ အိမ်ထောင်ကျသွားပါက မိမိကို ပြုစုစောင့်ရှောက်ပေးရန်အတွက် အာမခံချက် တစ်ခု ပိုရလာမည် ဖြစ်သည်။ သို့သော် ချင်ဟွိုင်ယွီဟူသော မိန်းမမှာမူ ရှားကျူး၏ ပိုင်ဆိုင်မှုများကိုသာ အကုန်အစင် ထုတ်ယူသွားမည်ဖြစ်ရာ သူ၏ အမြင်တွင် လုံးဝ လက်ခံနိုင်စရာ မရှိချေ။

သို့သော် မည်သူ သိနိုင်မည်နည်း။ ရီကျုံးဟိုင်က ပြောပြီးသွားသောအခါ ရှားကျူးသည် ချက်ချင်းပင် မျက်နှာရဲတက်လာပြီး စိတ်လှုပ်ရှားစွာဖြင့် ပြန်လည်ချေပတော့သည်။

"ချီးပဲ ခင်ဗျားက ဒီလောက် အိုနေပြီကို အချစ်အကြောင်း ဘာသိလို့လဲ။ အကယ်၍ ခင်ဗျားသာ အချစ်အကြောင်း တကယ်သိတယ်ဆိုရင် အဒေါ်ကြီးရီက ဘာလို့ ခင်ဗျားကို အမြဲတမ်း ဆဲဆိုနေရတာလဲ၊ဒါဆို ငါ ခင်ဗျားကို မေးမယ် ချင်ဟွိုင်ယွီက ငါ့ကို မချစ်ဘူးဆိုရင် သူမက ဘာဖြစ်လို့ ငါ့ကို ကူညီခိုင်းရတာလဲ။ ဘာဖြစ်လို့ တခြားလူတွေကို သွားမခိုင်းရတာလဲ၊ သူမက ငါနဲ့ သူမရဲ့ အချစ်ကြားမှာ စမ်းသပ်မှုလေး နည်းနည်း လုပ်လိုက်ရုံပါ၊ ခင်ဗျားက ဘာမှ နားမလည်ဘဲနဲ့"

စကားသံ အဆုံးတွင် ရီကျုံးဟိုင်မှာ တိုက်ရိုက်ပင် ကြက်သေသေသွားသည်။

မိမိ ရွေးချယ်သတ်မှတ်ထားသော အနာဂတ်တွင် ပြုစုစောင့်ရှောက်ပေးမည့်သူမှာ အစအဆုံး အချစ် အရူး တစ်ယောက် ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။သူက ချက်ချင်းပင် ဒေါသထွက်ကာ ခုန်ပေါက်တော့သည်။

"ကောင်းပြီ ကောင်းပြီ၊ ဒါက မင်း ပြောတာနော် အဲဒီအချိန်ကျရင် ချန်ကောဟွားကို သွားပြစ်မှားမိလို့ ပြဿနာကို မဖြေရှင်းနိုင်ရင် ငါ့ကို လာမတောင်းပန်နဲ့"

ထိုသို့ပြောပြီးသည်နှင့် ရီကျုံးဟိုင်သည် ဟောင်းနေသော သစ်သားကို ပန်းပုထု၍ မရနိုင်တော့သကဲ့သို့ ခေါင်းယမ်းကာ တိုက်ရိုက် ထွက်ခွာသွားတော့သည်။

တစ်ချိန်တည်းမှာပင် သူ၏ ရင်ထဲတွင် အလွန်အမင်း ဒေါသထွက်နေသည်။

ဘာဖြစ်လို့ ကျားကျန်းရှီဆိုတဲ့ အဘွားကြီးက စောစောစီးစီး မသေသွားရတာလဲ

အကယ်၍ သူမသာ သေသွားခဲ့မည်ဆိုပါက သူ့အား ချန်ကောဟွားကို သွယ်ဝိုက်သောနည်းဖြင့် သွားပြစ်မှားမိစေမည် မဟုတ်ချေ။

အကယ်၍ သူမသာ သေသွားခဲ့မည်ဆိုပါက ချင်ဟွိုင်ယွီသည် ကျားမိသားစုအိမ်ထဲသို့ ဝင်ရောက်နိုင်မည် မဟုတ်သကဲ့သို့ ရှားကျူးသည်လည်း သူမ၏ ညှို့ခြင်းကို ခံရမည် မဟုတ်ချေ။

အကယ်၍ သူမသာ သေသွားခဲ့မည်ဆိုပါက သူနှင့် ချန်ကောဟွား၏ ဆက်ဆံရေးမှာလည်း ဤမျှလောက် ဆိုးရွားလာမည် မဟုတ်သကဲ့သို့ ချန်ကောဟွားက သူ့အား ပြုစုစောင့်ရှောက်ပေးမည့်သူ ဖြစ်လာနိုင်ခြေ ရှိပေသည်။

ချက်ချင်းပင် ရီကျုံးဟိုင်သည် ကျားမိသားစုအပေါ်တွင် အလွန်အမင်း နာကျည်းမုန်းတီးသွားသည်။ သို့သော် ကိစ္စများမှာ ဤအခြေအနေအထိ ရောက်ရှိနေပြီဖြစ်ရာ သူကိုယ်တိုင်လည်း မည်သို့မျှ မတတ်နိုင်တော့ချေ။သူက ကျားမိသားစုနှင့် ပူးပေါင်းကာ ချန်ကောဟွားကို ရင်ဆိုင်ရန်သာ ရှိတော့သည်။

ထိုသို့ဖြင့် ခြံဝန်းအတွင်းရှိ လူအများစုမှာ ခေါင်းမီးတောက်မတတ် အလုပ်များနေကြသည်။

သို့သော် ချန်ကောဟွားဘက်တွင်မူ သက်သောင့်သက်သာနှင့် ပေါ့ပေါ့ပါးပါး ရှိနေသည်။

သူတို့နှစ်ဦးသည် လမ်းပေါ်တွင် အတော်ကြာ လျှောက်လည်ခဲ့ကြပြီး ပစ္စည်းများစွာ ဝယ်ယူပြီးမှသာ အိမ်ပြန်ရန် ပြင်ဆင်ကြသည်။

"ယောက်ျား တို့တွေ တစ်ခါတည်း ပစ္စည်းတွေ အများကြီး ဝယ်လိုက်တာ သိပ်မကောင်းဘူး မဟုတ်လား"

ချင်ကျင်းယွီသည် လက်ထဲမှ အိတ်ကြီးအိတ်ငယ်များကို ဆွဲမလျက် အသံတိုးတိုးလေးဖြင့် မေးလိုက်သည်။

သူမ၏ ပျော်ရွှင်မှုများက အနည်းငယ် ရုတ်တရက်ဆန်လွန်းလှသည်ဟု ခံစားနေရသည်။ အမျိုးသမီးတစ်ဦးအနေဖြင့် မည်သူက ဝယ်ယူခြင်းကို မနှစ်သက်ဘဲ နေမည်နည်း။

ယနေ့ညတွင် မိမိ၏ ယောက်ျားက သူမအတွက် အရသာရှိသော အစားအသောက်များနှင့် အသုံးအဆောင်ပစ္စည်းများ အများအပြားကို မမျှော်လင့်ဘဲ ဝယ်ယူပေးသည်။

ဤအရာက သူမကို မျက်လုံးများ အရောင်လင်းလက်လာသည်အထိ ပျော်ရွှင်သွားစေသည်။

"ဒါက ဘာမကောင်းစရာ ရှိလို့လဲ၊ မကြာခင် နွေဦးပွဲတော် ရောက်တော့မှာ မဟုတ်ဘူးလား။ ငါတို့တွေလည်း နှစ်သစ်ကူးအတွက် ပစ္စည်းတွေ ကြိုတင်ပြင်ဆင်ထားရမှာပေါ့၊ ပြီးတော့ မင်းလည်း အိမ်မပြန်ရတာ ကြာပြီပဲ၊ ဒီနှစ်တော့ တစ်ခေါက်လောက် ပြန်ရမှာပေါ့"

လွန်ခဲ့သော နှစ်များအတွင်း ချန်ကောဟွား အောင်မြင်မှု မရရှိသေးခင်အချိန်က ချင်ကျင်းယွီသည် နှစ်သစ်ကူးအတွက် အိမ်ပြန်ရန် ကိစ္စကို တစ်ခါမျှ မဟခဲ့ချေ။ အကြောင်းမှာ ဆွေမျိုးများက ချန်ကောဟွားနှင့် ကျားတုန်းရွှီတို့ကို နှိုင်းယှဉ်ကြမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ သို့သော် ချန်ကောဟွား၏ သိက္ခာကို ထိခိုက်မည်ကို စိုးရိမ်သောကြောင့် သူမသည် အချိန်တိုင်း မိမိ မိသားစုကို မိမိ အလွန် ကောင်းမွန်စွာ နေထိုင်ရပြီး အလွန် ပျော်ရွှင်ကြောင်းကိုသာ အမြဲတစေ ပြောဆိုသည်။

ယခုအခါ အိမ်၏ အခြေအနေမှာ ကောင်းမွန်လာပြီဖြစ်ရာ ချင်ကျင်းယွီသည် ချန်ကောဟွားအကြောင်းကို မိသားစုဝင်များ သိရှိစေရန် ပြောပြရန် အချိန်တန်ပြီဟု ထင်မြင်မိသည်။ ပို၍ အရေးကြီးသည်မှာ မိသားစုဝင်များရှေ့တွင် မိမိသည် ယောက်ျားကောင်းတစ်ယောက်ကို ရရှိထားကြောင်း ကြွားဝါလိုခြင်းကြောင့်ဖြစ်ရာ မနေ့က အမှတ်တမဲ့ ထည့်ပြောလိုက်မိခြင်း ဖြစ်သည်။

မမျှော်လင့်ဘဲ ချန်ကောဟွားက သဘောတူရုံသာမက ရင်ထဲတွင်ပါ မှတ်သားထားသည်။ဤအရာက ချင်ဟွိုင်ယွီကို ချန်ကောဟွား၏ ကောင်းမွန်မှုအပေါ် ပို၍ပင် စွဲလမ်းယစ်မူးသွားစေသည်။

ဘေးဘက်ရှိ ချန်ကောဟွားမှာမူ ဤမျှလောက် အများကြီး မတွေးတောခဲ့ချေ။

သူသည် အချိန်ကို တွက်ချက်ကြည့်လိုက်ရာ ပန့်ကန့် တစ်ယောက် ထောင်ချောက်ထဲ မိလောက်ပြီဟု ခန့်မှန်းမိသည်။ထို့ကြောင့် ဝယ်ယူထားသော ပစ္စည်းများကို စက်ဘီးပေါ်တွင် တင်ဆောင်ပြီးနောက် ဇနီးသည်ကို ခေါ်ဆောင်ကာ အိမ်သို့ အပြေးအလွှား ပြန်လာသည်။

…

အခန်း (၃၈)

အချိန်သည် ည ဆယ်နာရီသို့ ရောက်ရှိလာခဲ့လေပြီ။ ချန်ကောဟွားသည် စက်ဘီးကို စီးနင်းကာ ချင်ကျင်းယွီနှင့် အထုပ်ကြီး အထုပ်ငယ်များကို တင်ဆောင်လျက် ခြံဝန်းအတွင်းသို့ ပြန်လည် ရောက်ရှိလာသည်။

ခြံဝန်းအတွင်းသို့ ပြန်လည် ရောက်ရှိလာသောအခါ ရီကျုံးဟိုင်နှင့် လျိုဟိုင်ကျုံးတို့သည် အိမ်တံခါးဝတွင် စောစောကတည်းက စောင့်ဆိုင်းနေခဲ့ကြ၏။

ချန်ကောဟွားတို့ ဇနီးမောင်နှံ ပြန်လည် ရောက်ရှိလာသည်ကို မြင်တွေ့လိုက်ရသောအခါ သူတို့နှစ်ဦးသည် ယခင်က အေးစက်သော အမူအရာများကို ဖယ်ရှားပစ်ကာ အလိုအလျောက်ပင် ရှေ့သို့ တိုးသွားကြသည်။

"အို ကောဟွား ပြန်လာပြီလား၊ ပစ္စည်းတွေ အများကြီး ဝယ်လာတာပဲ၊ ပိုက်ဆံတွေ အများကြီး ကုန်မှာပဲနော်"

လျိုဟိုင်ကျုံးက မျက်နှာဖုံး အပြုံးဖြင့် ပြောဆိုလိုက်သည်။

"ဟဲဟဲ အခုတော့ ငါတို့ခြံဝန်းထဲမှာ မင်းက အအောင်မြင်ဆုံးပဲ"

ရီကျုံးဟိုင်ကလည်း ထောက်ခံ ပြောဆိုလိုက်သည်။ လျိုဟိုင်ကျုံးနှင့် ရီကျုံးဟိုင်တို့၏ တွေးတောပုံမှာ အတူတူပင် ဖြစ်သည်။

အကယ်၍ ပန့်ကန့်၏ ကိစ္စကို မဖြေရှင်းနိုင်ပါက ဒုတိယဦးလေးဖြစ်သော သူသည်လည်း နောင်အနာဂတ်တွင် အခြားသူများ၏ လက်ညှိုးထိုး အပြစ်တင်ခြင်းကို သေချာပေါက် ခံရမည် ဖြစ်သည်။ထို့ကြောင့် ရီကျုံးဟိုင်က စကားအနည်းငယ် ပြောဆိုပြီးနောက် သူသည်လည်း ချန်ကောဟွားကို ရင်ဆိုင်မည့် အဖွဲ့ထဲသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။

ဤလူနှစ်ဦးကို မြင်တွေ့လိုက်ရသောအခါ ချန်ကောဟွားသည် အေးစက်စွာ ရယ်မောလိုက်သည်။

ဤအခြေအနေမှာ ကြက်မထံသို့ မြွေပါက နှစ်သစ်ကူး ဂါရဝပြုရန် လာရောက်ခြင်းနှင့် အတူတူပင် ဖြစ်ပြီး မကောင်းသော ရည်ရွယ်ချက်များ ရှိနေသည်မှာ အသေအချာပင် ဖြစ်သည်။

ပန့်ကန့်ဟူသော ကျေးဇူးကန်းသည့် ကော‌င်‌လေးသည် မိမိအိမ်ထဲသို့ ပစ္စည်းဝင်ခိုးသည်မှာ သေချာပေါက် ဖြစ်နိုင်သည်ဟု သူ၏ အလိုအလျောက် အသိစိတ်က တွေးတောမိလိုက်သည်။ထိုသို့ မဟုတ်ပါက ဤကဲ့သို့သော အမူအရာမျိုး မည်သို့ ပြသနိုင်မည်နည်း။

"ကိစ္စရှိရင် ပြောလေ၊ ကိစ္စမရှိရင် အိမ်ပြန်တော့မယ်"

ချန်ကောဟွားက ခပ်အေးအေးပင် ပြောဆိုလိုက်သည်။

သို့သော် ထိုအချိန်တွင်ပင် ဦးလေးကြီးရီသည် စကားမများတော့ဘဲ တိုက်ရိုက်ပင် စတင် ပြောဆိုတော့သည်။

"ကောဟွား မင်း အရင် မလောပါနဲ့ဦး၊ ငါ ခြံဝန်းအစည်းအဝေး ခေါ်ဖို့ ပြင်ဆင်ထားတယ်၊ ဒီကိစ္စက မင်း ပါဝင်ဖို့ လိုအပ်တယ်"

ချန်ကောဟွားသည် နားမလည်ဟန် ဆောင်လိုက်သည်။

"ငါ ပါဝင်ရမယ် ဟုတ်လား၊ ဘာဖြစ်လို့ ငါ ပါဝင်ဖို့ လိုအပ်တာလဲ"

လျိုဟိုင်ကျုံး၏ မျက်နှာမှာ အနည်းငယ် မည်းမှောင်သွားပြီး ရီကျုံးဟိုင်ကို တစ်ချက် ဆွဲလိုက်သည်။သူက တိုက်ရိုက်ပင် အကုန်အစင် မဖွင့်ဟလိုသေးချေ။

ရီကျုံးဟိုင်က နားလည် သဘောပေါက်သွားပြီးနောက် လှည့်ထွက်ကာ ခြံဝန်းအစည်းအဝေးကို စတင် စီစဉ်တော့‌သည်။

ကြိုတင် ပြင်ဆင်ထားမှုများ ရှိနေသဖြင့် မိနစ်အနည်းငယ်အတွင်းမှာပင် ပြီးစီးသွားသည်။

လူအနည်းငယ်သည် အလယ်ခြံဝန်းတွင် စုဝေးနေကြသည်။ အလယ်တွင် ခုံရှည် အချို့ကို နေရာချထားသည်။

ဆက်တိုက်ဆိုသလိုပင် ခြံဝန်းအတွင်းရှိ လူများသည် တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာကြသည်။

ချန်ကောဟွားကိုမူ အရေးပါသော နေရာတွင် ထိုင်စေသည်။ ဘေးဘက်တွင်ရှိ‌သော ချင်ကျင်းယွီမှာမူ မည်သည့် အခြေအနေဖြစ်နေကြောင်းကို မသိရှိဘဲ ဘေးဘက်တွင် ရပ်လျက် တိတ်ဆိတ်စွာ ကြည့်ရှုနေသည်။

ထိုအချိန်တွင် ကျားတုန်းရွှီကိုလည်း ဆေးရုံမှ ပြန်လည် ခေါ်ဆောင်လာခဲ့ကြသည်။

မိမိ၏ သားသည် ချန်မိသားစုအိမ်တွင် ဒုက္ခရောက်ခဲ့ခြင်း ဖြစ်ကြောင်း သူ သိရှိထားသည်။ထို့ကြောင့် သူ ပေါ်လာသည်နှင့် တစ်ပြိုင်နက်တည်းမှာပင် သူ၏ အကြည့်များသည် ချွန်ထက်သော ဓားမြှောင်များကဲ့သို့ ချန်ကောဟွားဆီသို့ စူးစူးရဲရဲ စိုက်ကြည့်နေခဲ့‌သည်။

ရီကျုံးဟိုင်တို့ နှစ်ဦးသည် လူတိုင်း၏ အချိန်ကို မဖြုန်းတီးတော့ချေ။ ယနေ့ ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များကို တိုက်ရိုက်ပင် ပြောပြလိုက်သည်။

သို့သော် ထိုသူနှစ်ဦး၏ လုပ်ဆောင်မှုများအောက်တွင် အရေးကြီးသည်ကို ရှောင်လွှဲကာ အသေးအဖွဲကိုသာ ပြောဆိုလျက် ပန့်ကန့်နှင့် ဟယ်ယွီကျူးတို့ နှစ်ဦး၏ လုပ်ရပ်များကို သိသိသာသာ ဝေဝါးသွားစေခဲ့ပြီး အတိုင်းအတာ တစ်ခုအထိပင် အလှဆင် ပြောဆိုခဲ့ကြသည်။

သူတို့၏ စကားများအရဆိုလျှင် ပန့်ကန့်နှင့် ဟယ်ယွီကျူးတို့မှာ ခြံဝန်းအတွင်းရှိ လူတိုင်း၏ ကောင်းကျိုးအတွက် ချန်မိသားစုအိမ်ထဲသို့ ဝင်ရောက်ရန် ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။

သို့သော် ပန့်ကန့်သည် ချန်ကောဟွား အိမ်တွင် မရှိသည်ကို မြင်သောအခါ ကိုယ့်သဘောနှင့်ကိုယ် ဝင်ရောက်သွားခဲ့ခြင်း ဖြစ်သည်။ အဆုံးတွင် ငါးအနံ့က အလွန်မွှေးနေသဖြင့် ထပ်မံ၍ နမ်းရှူလိုရာ မတော်တဆ ထောင်ချောက်ကို နင်းမိသွားခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ခွဲစိတ်မှု ပြုလုပ်နေရ‌သည်။

ထိုအချိန်တွင် ချန်ကောဟွားက တစ်ဖက်လူကို ဒေါသတကြီး မဆဲဆိုရသေးမီအချိန်တွင်ပင် ငါးမျှားသူ နှစ်ဦးမှာလည်း အိမ်သို့ ပြန်လည် ရောက်ရှိလာကြသည်။

ယန်ပုကွေ့မှာ အနည်းငယ် ဂုဏ်ယူဝင့်ကြွားနေပြီး လက်ထဲတွင် ငါးအသေးလေး နှစ်ကောင်ကို ကိုင်ဆောင်ထားသည်။ပေါင်းလိုက်လျှင် တစ်ပိသာ၏ တစ်ဝက်ပင် မပြည့်သော်လည်း ကျားကျန်းရှီမှာမူ အလွန် သနားစရာကောင်းသော အခြေအနေ ဖြစ်နေသည်။

အကြောင်းရင်းမှာ ထိုသို့ဖြစ်သည်။ သူမနှင့် ယန်ပုကွေ့တို့သည် အခက်အခဲများစွာဖြင့် မြို့ပြင်သို့ ကားစီး၍ ထွက်လာခဲ့ကြပြီး အရှေ့ဘက်သို့ တစ်လျှောက်လုံး လမ်းလျှောက်သွားခဲ့ရာ အချိန်အတော်ကြာ လမ်းလျှောက်ပြီးမှသာ ငါးမျှားနိုင်သော ရေကန်တစ်ခု ရှိကြောင်း တွေ့ရှိခဲ့ကြရ‌သည်။

သို့သော် ကျားကျန်းရှီမှာ ငါးမမျှားတတ်သဖြင့် သဘာဝကျကျပင် ငါးတစ်ကောင်မျှ မရရှိခဲ့ချေ။

ယန်ပုကွေ့မှာ နည်းပညာ ရှိသော်လည်း ငါးစာ မမှန်ကန်သဖြင့် ငါးအသေးလေး နှစ်ကောင်သာ ရရှိခဲ့သော်လည်း အနည်းငယ်တော့ ရရှိသည်ဟု ဆိုရပေမည်။ ထိုအရာက လက်ဗလာဖြင့် ပြန်လာခဲ့ရသော ကျားကျန်းရှီ၏ ရင်ထဲတွင် မမျှတမှုကို ဖြစ်ပေါ်စေသည်။

ကျားကျန်းရှီ ဒေါသထွက်ရခြင်း အကြောင်းရင်းမှာ အလွန် ရိုးရှင်းလှ‌ပေသည်။ ကိစ္စရပ်များကို အခြားသူများ၏ ခေါင်းပေါ်သို့ ပုံချခြင်းပင် ဖြစ်သည်။

ငါးတစ်ကောင်မျှ မရရှိခဲ့သော သူမသည် သဘာဝကျကျပင် ဒေါသများကို ချန်ကောဟွားအပေါ်သို့ ပုံချတော့‌သည်။

သူက သေချာ ရှင်းပြခြင်း မရှိသောကြောင့် မိမိအား ခရီးအဝေးကြီး လျှောက်စေခဲ့ပြီး အားအင်များစွာ စိုက်ထုတ်ခဲ့ရသော်လည်း အဆုံးတွင် ဘာမျှ မရရှိခဲ့ဟု ထင်မြင်မိ‌သည်။

လမ်းတစ်လျှောက်လုံးတွင် ခွေးမသား ချန်ကောဟွားဟုသာ ဒေါသတကြီး ဆဲဆိုလာသည်။

ကျားကျန်းရှီသည် တံခါးဝသို့ ခြေချလိုက်သည်နှင့် မမျှော်လင့်ဘဲ မိမိ၏ မြေးဖြစ်သူမှာ ချန်မိသားစုအိမ်တွင် ခြေထောက်ညှပ်၍ ဒဏ်ရာရသွားကာ ခွဲစိတ်မှုပင် ပြုလုပ်နေရကြောင်း ကြားသိလိုက်ရ‌သည်။

သူမသည် စကားတစ်ခွန်းမျှ မပြောတော့ဘဲ ချန်ကောဟွား၏ အရှေ့သို့ ပြေးသွားကာ စတင်၍ ဒေါသတကြီး ဆဲဆိုတော့သည်။

"သေချင်းဆိုး ချန်ကောဟွား"

"ငါတို့ မိသားစုက ပန့်ကန့်က နင့်ကို ဘာလုပ်လို့ နင်က သူ့ခြေထောက်ကို ဒဏ်ရာရအောင် လုပ်ရတာလဲ"

"နင် ရူးနေတာလား"

ပြောပြီးသည်နှင့် သူမသည် ချန်ကောဟွားကို ပါးရိုက်ရန် ဟန်ရေးပြကာ လက်ကို ဆန့်ထုတ်လိုက်သည်။

ထိုအရာကို မြင်သောအခါ ဟယ်ယွီကျူးမှာ ထုံထိုင်းသွားသည်။ ရီကျုံးဟိုင်နှင့် လျိုဟိုင်ကျုံးသည်လည်း ထုံထိုင်းသွားခဲ့ရသည်။

လူတိုင်းသည် အခက်အခဲများစွာဖြင့် ကြိုးစားပမ်းစား လုပ်ဆောင်ခဲ့ရခြင်း၏ ရည်ရွယ်ချက်မှာ ချန်ကောဟွားကို လူကြီးလူကောင်းတစ်ယောက်အနေဖြင့် အသေးအဖွဲ့ ကိစ္စများကို ခွင့်လွှတ်ပေးစေရန် ဖြစ်သည်။

သို့သော် ဤကျားကျန်းရှီမှာမူ အကြောင်းပြချက်ကို နားမထောင်သည့်အပြင် ချန်ကောဟွားကို ရိုက်နှက်ရန်ပင် ကြိုးစားနေသေးသည်။ ဤသည်မှာ ယမမင်းကို သွား၍ ပြစ်မှားနေခြင်း မဟုတ်ပါလော။

အနီးဆုံးတွင် ရှိနေသော ဟယ်ယွီကျူးသည် ကျားကျန်းရှီနှင့် ချန်ကောဟွားတို့ နှစ်ဦးကြားသို့ ချက်ချင်း ဝင်ရောက် ပိတ်ဆို့လိုက်‌သည်။

"အဒေါ်ကျား အဒေါ်ကျား ခဏလောက် နေပါဦး ငါတို့ကို အရင်..."

"ဖြောင်း ဖြောင်း ဖြောင်း"

ဟယ်ယွီကျူး၏ စကားမဆုံးသေးမီမှာပင် စူးရှသော ပါးရိုက်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။

ထိုပါးရိုက်သံများကြောင့် ဟယ်ယွီကျူးမှာ ကြောင်အမ်းသွားခဲ့ရသည်။

ထိုနေရာတွင် ရှိနေသော လူတိုင်းသည်လည်း ကြက်သေသေသွားခဲ့ကြသည်။

ရီကျုံးဟိုင်သည် ဟယ်ယွီကျူး အရိုက်ခံရသည်ကို မြင်လိုက်ရသောအခါ ချက်ချင်းပင် အရှေ့သို့ ပြေးသွားပြီး ကျားကျန်းရှီကို အတင်း ဆွဲထားလိုက်သည်။

ကျားတုန်းရွှီမှာ မူလကတည်းက ဟယ်ယွီကျူးကို နာကျည်းမုန်းတီးနေခဲ့သူ ဖြစ်သည်။

ယခုအခါ ဟယ်ယွီကျူးက ချန်ကောဟွားအတွက် ကျားကျန်းရှီကို ဝင်ရောက် တားဆီးပေးနေသည်ကို မြင်သောအခါ ကျားတုန်းရွှီမှာ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်လာခဲ့ပြီး အသံကျယ်ကြီးဖြင့် ဒေါသတကြီး အော်ဟစ်တော့‌သည်။

"ဟယ်ယွီကျူး"

"တိရစ္ဆာန်ကောင် ငါ့ရဲ့ ပန့်ကန့်ကို ဒုက္ခပေးတဲ့ မင်းကို ငါတို့ ကျားမိသားစုက လုံးဝ အလွတ်မပေးဘူး"

"ပြီးတော့ ချန်ကောဟွား မင်းရောပဲ၊ ငါ့သားက မင်းအိမ်မှာ ပြဿနာဖြစ်တာ၊ ငါ မင်းကိုလည်း သတ်ပစ်မယ်"

ဤရက်စက်ကြမ်းကြုတ်သော စကားများ ထွက်ပေါ်လာပြီးနောက် ဟယ်ယွီကျူး၏ ရင်ထဲတွင်လည်း ဒေါသမီးများ တဟုန်းဟုန်းတောက်လောင်လာသည်။

မိမိက သူတို့ ကျားမိသားစုကို ကူညီပေးနေပါလျက်နှင့် ဤသားအမိ နှစ်ယောက်မှာ ကျေးဇူးမတင်သည့်အပြင် မိမိကို ပြန်လည်၍ အပြစ်တင်နေကြသေးသည်။ထိုအ‌ေခြအ‌ေနက ဟယ်ယွီကျူးကို မည်သို့လျှင် ဒေါသအမျက် မထွက်စေဘဲ နေနိုင်မည်နည်း။

သို့သော် သူသည် ဤအဘွားကြီး ကျားကျန်းရှီကို မရိုက်နှက်သင့်ကြောင်း သိရှိထား‌သည်။

သို့သော် မသန်မစွမ်းဖြစ်နေသော ကျားတုန်းရွှီကို မရိုက်နှက်နိုင်စရာ အကြောင်း မရှိချေ။

ဆက်တိုက်ဆိုသလိုပင် အံကြိတ်ရင်း ဟယ်ယွီကျူးသည် လက်ပြန်ဖြင့် ပါးတစ်ချက် ရိုက်ချလိုက်သည်။

"ဖြောင်း"

ဟယ်ယွီကျူး၏ ခွန်အားမှာ သာမန်လူများနှင့် မနှိုင်းယှဉ်နိုင်ချေ။ ဤပါးတစ်ချက်က ကျားတုန်းရွှီကို တိုက်ရိုက်ပင် မူးဝေသွားစေသည်။ ထို့နောက် သူသည် ကုလားထိုင်ပေါ်တွင် ပုံလျက်သား ထိုင်လျက် သတိလစ်မေ့မြောသွားတော့သည်။

"ဟွန့် အသုံးမကျတဲ့ကောင် မင်းက တကယ်ကို အရိုက်ခံချင်နေတာပဲ"

ဟယ်ယွီကျူးက ကျားတုန်းရွှီကို ရိုက်နှက်၍ မေ့မြောသွားစေသည်ကို မြင်တွေ့လိုက်ရသောအခါ ချင်ဟွိုင်ယွီသည် ဘာကြောင့်ရယ်မသိ လုံးဝ နာကျင်ဝမ်းနည်းမှု မရှိသည့်အပြင် တစ်မူထူးခြားသော သာယာမှုတစ်မျိုးကိုပင် ခံစားလိုက်ရ‌သည်။

ထို့ထက်ပို၍ သူမ၏ ရင်ထဲတွင် ကျားတုန်းရွှီ အရိုက်ခံရပြီး သေသွားလျှင် ပိုကောင်းမည်ဟုပင် တွေးတောနေမိသေး‌သည်။ ထိုသို့ဖြစ်လာပါက မိမိနှင့် ချန်မိသားစုတို့အကြား ပြန်လည်သင့်မြတ်နိုင်ရန် အခွင့်အရေး ရှိလာနိုင်ပေသည်။

ကျားကျန်းရှီမှာ ချင်ဟွိုင်ယွီ၏ အတွေးများကို မသိရှိခဲ့ချေ။

သူမသည် မိမိ၏ သားဖြစ်သူ သတိလစ်မေ့ မြောသွားသည်ကို မြင်သောအခါ ရှေ့သို့ တိုးသွားကာ အော်ဟစ်ငိုယိုလျက် အပြင်းအထန် ကုတ်ဖဲ့တော့‌သည်။

ရှားကျူး၏ ရင်ထဲတွင် အလွန်တရာ အားမလိုအားမရ ဖြစ်နေသည်။ သူသည် တစ်ခုခု လုပ်ရမည်ဟု တွေးတောကာ ကျားကျန်းရှီကိုပါ တစ်ဆက်တည်း ရိုက်နှက်ရန် ပြင်ဆင်လိုက်‌သည်။

သို့သော် လှုပ်ရှားရန် ပြင်လိုက်ချိန်တွင် ရုတ်တရက် ချင်ဟွိုင်ယွီက သူ့ကို မျက်ရည်ဝဲသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။

ချင်ဟွိုင်ယွီ၏ ရင်ထဲတွင် ဝမ်းနည်းမှု မဖြစ်စေရန်အတွက် သူသည် နောက်ဆုံးတွင် လက်သီးကို ချထားလိုက်ပြီး ကျားကျန်းရှီက သူ၏ ရင်ဘတ်ကို အပြင်းအထန် ကုတ်ဖဲ့နေခြင်းကို သည်းခံလိုက်ရသည်။

မတတ်နိုင်ချေ၊ အရာအားလုံးမှာ အချစ်အတွက်ပင် ဖြစ်သည်။

…

All Chapters