တကွဲတပြား လွင့်ထွက်ကုန်ခြင်း
Vol. 022 Ch. 1081
သူမသည် ခါးသီးစွာ ပြုံး၏။ သူမထံ၌ မျက်လုံးများ မရှိတော့သော်လည်း သူမ၏ ဗလာဟောက်ပတ်ဖြစ်နေသော မျက်လုံးအိမ်ကနေ အလင်းတစ်ခု ထွက်ပေါ်လာသည်ဟု ထင်မှတ်ရ၏။ သည်အခိုက်အတန့်၌ သူမ၏ မျက်လုံးအိမ်ကနေ အစိမ်းရောင်အခိုးငွေ့များ ထွက်ပေါ်လာကာ သူမ၏မျက်လုံးနေရာသို့ အစားထိုး ဝင်လာ၏။
သူမသည် ချင်းလင်၏ကိုယ်ပွားကို ကြည့်၏။ ထို့နောက် နာကျင်စွာ ရယ်မောသည်။
“ငါ့ဘဝမှာ အမုန်းဆုံးလူက နင်ပဲ ချင်းလင်…”
“အတိတ်တုန်းက ငါ့တက်တူးကလန်ဟာ အန္တိမသခင်ကြီး( အန္တိမ=အထွတ်အထိပ်) တစ်ပါးကို စော်ကားမိခဲ့လို့ သူ့ထိန်းချုပ်မှုကနေ လွတ်ကင်းတဲ့ ဒီချိပ်ပိတ်နယ်မြေကို ထွက်ပြေးလာခဲ့ရတယ်။ ငါတို့က ဒီဒုက္ခကပ်ဆိုးကို ရှောင်ချင်တဲ့အတွက် ငါတို့နေထိုင်လို့ ရမယ့်နေရာတစ်ခုကို ရှာခဲ့ကြတယ်…”
“နင်တို့ ကောင်းကင်ဘုံနယ်မြေနဲ့ စစ်ပွဲဟာ နင်တို့ကောင်းကောင်းကင်ဘုံသားတွေဟာ ငါတို့တက်တူးကလန်ရဲ့ မူလစွမ်းအင်ရင်းမြစ်ကို မျက်စိကျခဲ့ကြလို့ပဲ။ နင်တို့က အရင်ဆုံး တိုက်ခိုက်ခဲ့ကြတာ။ ငါ့တက်တူးကလန်က နင်တို့ကို နာခံရမှာလား။ ဒါ့ကြောင့်ပဲ ဒီစစ်ပွဲဟာ အချိန်ကြာမြင့်ခဲ့ပြီး နင်တို့ကောင်းကင်ဘုံနယ်မြေဟာ ငါတို့ကို တိုက်ခိုက်ဖို့အတွက် နည်းလမ်းမျိုးစုံ အသုံးပြုခဲ့ကြတယ်။ ငါ့တက်တူးကလန်ရဲ့ တော်ဝင်ပုလင်းကို လုယူဖို့ အမိန့်ပေးလိုက်တာကြောင့် နင်ဟာ ငါ့ကလန်ဝင် မရေမတွက်နိုင်အောင် သေစေခဲ့တယ်…”
ဒီလောက်ဆိုရင်တောင် အဆင်ပြေသေးတယ်။ တကယ်တော့ စစ်ပွဲကြောင့် ကပ်ဆိုးဒုက္ခက တက်တူးကလန်အပေါ်မှာရော၊ ကောင်းကင်ဘုံနယ်မြေဘက်မှာရော ကျရောက် ခံစားခဲ့ရတာပဲ။ ဒါပေမဲ့လည်း ကောင်းကင်ဘုံအင်ပါယာလေးပါးထဲက တစ်ပါးအနေနဲ့ ကောင်းကင်ဘုံနယ်မြေမှာ အစွမ်းထက်ဆုံးပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ အမျိုးသမီးတစ်ယောက်ရဲ့ နူးညံ့တဲ့နှလုံးသားကို ဘာကြောင့် ဖြားယောင်းခဲ့ရတာလဲ…”
“ငါဟာ နင့်ကောင်းကင်ဘုံလှိုဏ်ဂူကိုယ်လုပ်တော် ဖြစ်လာရမယ်လို့ နင်ပြောခဲ့တယ်။ ငါ ချူးယောင်ဟာ ငါ့ကလန်ကို နင့်အတွက် သစ္စာဖောက်ခဲ့ပြီး နင့်ရဲ့ ကိုယ်လုပ်တော်ဖြစ်လာစေခဲ့တယ်။ ဒီအတွက် ငါဟာ ငါ့ကလန်ဝင်တွေအတွက် ဒီချိပ်ပိတ်နယ်မြေအတွင်း နေထိုင်ဖို့ တစ်နေရာပဲ တောင်းဆိုခဲ့တယ်…”
“နင်က ငါ့မျက်လုံးတွေကို သဘောကျတယ်ဆိုလို့ နင့်အတွက် ငါကိုယ်တိုင် ငါ့မျက်လုံးတွေကို ဖောက်ထုတ်ပေးခဲ့တယ်။ ဒီမျက်လုံးတွေထဲမှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် စုဆောင်းထားတဲ့ စွမ်းအင်တွေ ပါရှိနေပြီး ကမ္ဘာဦးစွမ်းအင်အမျှင်တန်းတစ်ခုအဖြစ် သိပ်သည်းနေခဲ့တယ်။ ဒီမျက်လုံးတစ်စုံဟာ ငါ့ရှေးမျိုးဆက် တက်တူးကလန်ဘိုးဘေးတွေရှိကနေ မျိုးဆက်တိုင်း အမွေဆက်ခံခဲ့ရတာပဲ…”
“နင် အဲ့မြင်ကွင်းကို မှတ်မိသေးလား။ ငါ့မျက်လုံးအိမ်ကနေ သွေးတွေ စီးကျနေတဲ့ မြင်ကွင်းကို မှတ်မိသေးလား…”
“နင်ဟာ ငါ့ကို အများကြီး တောင်းဆိုခဲ့တယ်။ ငါကလည်း နင်တောင်းဆိုသမျှကို အကောင်းဆုံး ဖြည့်ဆည်းပေးခဲ့တယ်။ နင်က ငါ့ကို ဒီလိုစိတ်ဝိညာဉ်မြောက်များစွာ ရှိတဲ့နေရာမှာ ချိပ်ပိတ်ထားတဲ့အချိန်မှာတောင် ငါ လိုက်နာဖို့ ဆန္ဒရှိခဲ့တယ်…”
“နင့်ဘေးမှာ ရှိနေရရင် ငါဟာ တော်ဝင်ဘိုးဘေးတစ်ယောက် မဟုတ်တော့ဘူး။ နင့်ရဲ့ ကိုယ်လုပ်တော်ပဲ။ ငါ နင့်ကို အရမ်းချစ်ခဲ့တယ်…”
သူမ၏မျက်နှာထက်ရှိ အပြုံးမှာ ပို၍ နာကျင်လာသည့်ပုံ ပေါ်နေ၏။ မျက်လုံးဟောက်ပတ်နေရာကနေလည်း အနက်ရောင်သွေးများမှာ မျက်ရည်များအလား စီးကျနေသည်။
“ဘာကြောင့်လဲ…ငါနင့်အတွက် အရာရာလုပ်ပေးခဲ့တာတောင် နင် ဘာကြောင့် ငါ့ကို ညာခဲ့ရတာလဲ။ နင် ငါ့ကို ကတိပေးခဲ့တယ်လေ…ငါ့ကလန်ဝင်တွေ နေထိုင်ဖို့ နေရာတစ်ခု ပေးမယ်လို့ ကတိပေးခဲ့တယ်လေ။ ဒါ့အပြင် တနေ့မှာ နင်ဟာ ငါ့ကလန်ကို ချိပ်ပိတ်နယ်မြေအပြင်ဘက်ထိပါ ခေါ်သွားပေးမယ်လို့ ပြောခဲ့တယ်လေ…”
“ဒါတွေအားလုံးက နင် ငါ့ကို ပြောခဲ့တာတွေပဲ။ ငါ ချူးယောင်ဟာ နင့်စကားတွေကို ယုံတဲ့အထိ မိုက်မဲခဲ့တာပဲ။ နင်က ငါ့ကို ဒီလိုနေရာမှာ ချိပ်ပိတ်ထားတာတောင်မှ ငါ နင့်ကို ယုံကြည်မိနေတုန်းပဲ….”
“ငါ့ကလန်ဝင်တစ်ယောက်ရဲ့ အော်ရာကို ခံစားမိပြီး သူ့ကို တွေ့ဖို့ ငါ မြှုပ်နှံ့ခြင်းရေကန်ထဲကနေ အတင်း ထွက်လာတာကြောင့် မဟုတ်ရင် ငါ့ကလန်ဟာ သူတို့ရဲ့ ကိုယ်ပိုင်နယ်မြေမှာ ဘယ်တုန်းကမှ မနေခဲ့ရဘူး၊မရရှိခဲ့ကြဘူးဆိုတာ ငါ လုံးဝ သိခဲ့မှာ မဟုတ်ဘူး။ ငါ့ကို ချိပ်ပိတ်ပြီးတာတောင်မှ ငါ့ကလန်ဟာ နင်တို့ ကောင်းကင်ဘုံသားတွေရဲ့ ကျေးကျွန်တွေ ဖြစ်လာခဲ့ရပြန်တယ်…”
“ဒီအချက်က နင့်ကို ပိုမုန်းသွားစေခဲ့တာပဲ။ ချင်းလင်…နင်က နှလုံးသားကင်းမဲ့တဲ့လူလား။ နင့်မှာ ဘာခံစားချက်မှ မရှိဘူးလား။ နင်က ကျောက်တုံးတစ်တုံးလား။ သာမန်ကျေးကျွန်ချိပ်ပိတ်မှုဆိုရင် ငါ့တက်တူးကလန်ကို မျိုးဆက်ပေါင်းအဆက်ဆက် ချိပ်ပိတ်နိုင်မှာ မဟုတ်ဘူး နင်က ဒီချိပ်ပိတ်မှုကို ငါ့မျက်လုံးထဲက ရခဲ့တဲ့ ကမ္ဘာဦးစွမ်းအင်ကနေ ထုတ်ယူခဲ့တာပဲ။ ဒီလိုစွမ်းအားမျိုးကသာ ငါ့ကလန်ကို အခုလိုမျိုး ချိပ်ပိတ်စေနိုင်မှာ…”
“နင်က ငါ့မျက်လုံးနှစ်လုံးကိုလည်း ရခဲ့တယ်။ အဲ့အထဲက ကမ္ဘာဦးစွမ်းအင် အမျှင်တန်းကိုလည်း ရရှိခဲ့တယ်။အဲ့နောက်မှာတော့ နင်က ငါ့ကလန်သားတွေကို ဒီချိပ်ပိတ်နယ်မြေအတွင်းမှာ ကျွန်သာသာ ဖြစ်အောင် လုပ်ခဲ့တယ်။မျိုးဆက်ပေါင်းများစွာ နင်တို့ ကောင်းကင်ဘုံသားတွေကို အလေးအမြတ်ပြုနေရအောင် လုပ်ခဲ့တယ်…”
သူမ၏ မျက်လုံးအိမ်ထဲမှ သွေးနက်များ ပိုမိုစီးကျလာနေသည်။
“ချင်းလင်….နင့်ကိုယ်ပွားက ဒီမှာ ရှိနေတယ်ဆိုတော့ နင် မသေသေးဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ။ နင် ငါ့ရှေ့မှာ နင်ကိုယ်တိုင် ပေါ်လာရဲလား…”
ထိုအမျိုးသမီးသည် ကောင်းကင်ဘုံမြှုပ်နှံခြင်းရေကန်ထဲသို့ ပြန်ဆွဲချခံနေရရင်း သူမ၏ အလောတကြီး ဒေါမာန်အပြည့်၊နာကျဉ်မှုအပြည့်အသံသည် ထွက်ပေါ်နေတော့သည်။
သူမသည် ကောင်းကင်ဘုံမြှုပ်နှံ့ခြင်းရေကန်အတွင်းသို့ လုံးဝ ပြန်ဆွဲနစ်မြုပ်ခံရခါနီးအချိန်၌ သူမ၏ ခေါင်းသည် ဆက်ခနဲ့ မော့လာ၏။ သူမမျက်ခုံးနှစ်ခုကြားရှိ တက်တူးသည် သူမ၏ အသားအရေကနေ လုံးဝ ခွဲခြားထွက်လာ၏။ ထိုတက်တူးသည် အရူးအမူး တောက်ပနေကာ ဝမ်လင်းရှိနေသော နေရာကနေပင် မြင်နေရ၏။ သူက ထိုတက်တူး၌ သွေးစသွေးနများ ကပ်နေသည်ကိုလည်း ရှင်းလင်းစွာ မြင်နေရသည်။ သူသည် ထိုသို့ ပြုလုပ်ရန် ထိုအမျိုးသမီး မည်မျှနာကျင်မည်ကို စိတ်ကူးကြည့်နိုင်မိသည်။
သို့ရာတွင် ထိုနာကျင်မှုသည် သူမ၏စိတ်နှလုံးထဲမှ နာကျင်မှုနှင့် မယှဉ်သာပေ။ သူမသည် ညာလက်ကို ပင့်မြှောက်ကာ ထိုတက်တူးကို ဖမ်းဆုပ်လိုက်၏။ ထို့နောက် သူမသည် ၎င်းကို သူမ၏ မျက်ခုံးနှစ်ခုကြားကနေ အဆုံးမဲ့နာကျင်မှုကို တောင့်ခံရင်း ခပ်ကြမ်းကြမ်း ဆွဲထုတ်ကာ အထက်သို့ ပစ်လွှတ်လိုက်တော့သည်။
ထာရှန်သည် သူမနှင့် အနီးဆုံးနေရာတွင် ရှိနေ၏။ သူ့ရှေ့ရှိ အရာများကို ကြည့်ကာ သူသည် တချို့တဝက်ကို နားလည်လာခဲ့၏။ သို့သော် သူ့မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှုတို့နှင့် ပြည့်နှက်နေသေး၏။ ထိုအမျိုးသမီး ပစ်လွှတ်လိုက်သည့် တက်တူးအမှတ်အသားသည် အလင်းတန်းတစ်ခုအလား ပျံသန်းလာကာ ထာရှန် အနားသို့ ရောက်ရှိလာ၏။ ၎င်းက သူ့မျက်ခုံးနှစ်ခုကြားတွင် ပေါင်းစပ်သွားတော့သည်။
ထိုတက်တူးကို ပစ်လွှတ်လိုက်သည့်နောက် အမျိုးသမီးသည် အလွန်အားနည်းလာ၏။ သူမသည် မြှုပ်နှံ့ခြင်းရေကန်ထဲသို့ တဖြည်းဖြည်း နစ်မြုပ်နေသည်။ သူမ၏မျက်လုံးအိမ်မှ အစိမ်းရောင်အခိုးငွေ့များသည် တလက်လက် ဖြစ်လာကာ ဝမ်လင်းရှိရာသို့ လှမ်းကြည့်၍ ခပ်တိုးတိုးဆို၏။ “နင်က ငါ့တက်တူကလန်ကို ကူညီပေးခဲ့တယ်။ ငါ ချူးယောင်ဟာ ငါ့အကူအညီကို မေ့လိမ့်မှာ မဟုတ်ဘူး…”
သူမသည် နာကျင်စွာ ပြုံးလိုက်ပြန်၏။ထို့နောက် သူမသည် သူမ၏ မျက်လုံးအိမ်ထဲသို့ ခပ်ကြမ်းကြမ်းထိုးစိုက်ချလိုက်သည်။ အစိမ်းရောင်အခိုးငွေ့များ ပန်းထွက်လာပြီးနောက် သူမသည် ၎င်းတို့ကို ပစ်လွှတ်၏။ ၎င်းအခိုးငွေ့များက အစိမ်းရောင်အလင်းတန်းနှစ်ခုအဖြစ်ကနေ တစ်ခုတည်းအဖြစ်သို့ ပြန်ပေါင်းစည်း၍ ဝမ်လင်းရှိရာသို့ တဟုန်ထိုး တိုးဝင်လာတော့သည်။
“ငါ့တက်တူးကလန်ရဲ့ အသက်ကယ်တက်တူးအပြင် ငါတို့ ပြင်ပနယ်မြေမှာ ရှိစဉ်က ငါ့တို့ကို ကျော်ကြားစေခဲ့တဲ့ တခြားအရာတစ်ခု ရှိခဲ့တယ်။ ဒီအရာကို ခြောက်သွေ့တက်တူးမန္တာန်တို့ ခေါ်တွင်တယ်။ ဒါက ခြောက်သွေ့တက်တူးမန္တာန်ရဲ့ နည်းလမ်းပဲ။ ငါက ငါ့တက်တူးကလန်ကို ကူညီပေးခဲ့တဲ့အတွက် ငါ့မျိုးဆက်တွေသာ ရနိုင်တဲ့ ဒီတက်တူးစွမ်းအားကို နင်လည်း ရသင့်တယ်…”
ဝမ်လင်းသည် ထိုစကားများကို အစိမ်းရောင်အလင်းတန်းအား ဖမ်းယူပြီးသည့်နောက် ချက်ခြင်း လက်ခံရရှိလိုက်ခြင်းပင်။
သူမသည် ချင်လင်း၏ အေးစက်စက်ပုံရိပ်ကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်နေရင်း တဖြည်းဖြည်း ကောင်းကင်ဘုံမြှုပ်နှံ့ခြင်းရေကန်ထဲသို့ နစ်မြုပ်သွားတော့သည်။ သည်အခိုက်အတန့်၌ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေ၏။ သူမနှင့်အတူ မရေမတွက်နိုင်သော စိတ်ဝိညာဉ်များသည် မြှုပ်နှံခြင်းရေကန်ထဲသို့ ပြန်နစ်မြုပ်သွားခဲ့ကြပြီ ဖြစ်သည်။
ဝဲကတော့လှည့်လည်နေသော အသံကိုတော့ ကြားနေရသေး၏။ဝဲကတော့သည်လည်း တဖြည်းဖြည်းနစ်မြုပ်ရင် ဟိုးအောက်ခြေတွင် ပြန်ပျောက်ကွယ်လုနီးပါး ဖြစ်နေပေပြီ။
အစိမ်းရောင်အလင်းကို ကိုင်ထားရင်း ဝမ်လင်းက ထိုအမျိုးသမီး၏ နာမည်ကို ချူးယောင်ဟု သိရှိသွား၏။ သူမအပြောအရ သည်ခြောက်သွေ့တာအိုမန္တာန်သည် တက်တူးကလန်၏ အကူအညီပေးမှုကြောင့် ရခဲ့သည်ဟုဆိုကာ ထိုအဖြစ်က ဝမ်လင်းနှင့်တက်တူးကလန်တို့ကြား မမြင်ရသောချည်နှောင်မှုတစ်ခု ဖြစ်လာတော့သည်။
“သူမတောင် ဒီလောက် ယုံကြည်မှု ရှိနေမှတော့ ဒီခြောက်သွေ့တက်တူးက ဘယ်လိုမှ သာမန် မဖြစ်နိုင်ဘူး…” ဝမ်လင်းသည် အတိတ်တုန်းက အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းရှိ မူလစွမ်းအင်များကို ချိပ်ပိတ်နိုင်သော အဝါရောင်အဆောင်များကို ပြန်အမှတ်ရမိသွား၏။
“ဖြစ်နိုင်တာက…” ဝမ်လင်း၏မျက်လုံးသည် ကျဉ်းမြောင်းသွားသည်။
ဤအခိုက်အတန့်၌ ကောင်းကင်ဘုံမြှုပ်နှံခြင်းရေကန် ဝဲကတော့ ပျောက်ကွွယ်ခါနီး၌ တုန်လှုပ်ဖွယ်ပြောင်းလဲမှု တစ်ခု ဖြစ်ပျက်လာခဲ့သည်။ ချူးယောင်၏ ပုံရိပ်မှာ ရုတ်တရက် နစ်မြုပ်နေသော ဝဲကတော့ထဲကနေ ထိုးထွက်လာ၏။ စုတ်ဖြဲသံတစ်ခုနှင့်အတူ ကောင်းကင်ယံတုန်ဟိန်းစေမည့် အသံကြီးတစ်ခုသည် ဝဲကတော့ထဲကနေ ထွက်ပေါ်လာသည်။
“ချင်းလင်…ငါ သေရမယ်ဆိုရင်တောင် ငါ နင့်ကို ခွင့်မလွှတ်ဘူး…”ထိုစကားသံ ထွက်ပေါ်လာသည့်အခါ စိတ်ဝိညာဉ်များစွာသည်လည်း ပေါ်လာ၏။ထိုစိတ်ဝိညာဉ်များမှာ ထိုးထွက်လာခြင်းတော့မဟုတ်၊ ပျက်စီးပြိုပျက်ကာ ပေါ်ထွက်လာခြင်းပင်။ ကောင်းကင်ဘုံမြှုပ်နှံခြင်းရေကန်သည်လည်း တုန်ခါလာ၏။
“နင်က ငါ့ကို ဖိနှိပ်ထားဖို့အတွက် ဒီစိတ်ဝိညာဉ်တွေကို အသုံးပြုခဲ့မှတော့ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ ငါဟာလည်း ဒီမြှုပ်နှံခြင်းရေကန်ထဲက တစ်ယောက် ဖြစ်လာခဲ့မယ်ဆိုတာလည်း နင် သိသင့်တယ်။ သူတို့ကလည်း ငါ့ကို ထွက်သွားခွင့် ပြုမှာ မဟုတ်သလို၊ နင်ကလည်း ငါ့ကို ထွက်သွားခွင့် ပြုမှာ မဟုတ်ဘူး။ဒါ့ကြောင် ငါတို့အတူ ပျက်စီးကြရတာပေါ့…”
ချူးယောင်၏ စကားသံများ ထွက်ပေါ်လာနေရင်း ကောင်းကင်မြှပ်နှံခြင်းရေကန်သည်လည်း ပျက်စီးလာတော့သည်။ မရေမတွက်နိုင်သော စိတ်ဝိညာဉ်များသည် အပိုင်းပိုင်းအစစ ဖြစ်သွားကာ အဖျက်အစီးအားတစ်ခုသည် ဝဲကတော့ထဲသို့ ဝင်ရောက်သည်။ ထိုဝဲကတော့ထဲသို့ ဝင်ရောက်သည့် အဖျက်အစီးအားမှာ နှိုင်းဆ၍ပင်မရပေ။
ထိုဝဲကတော့သည် ရုတ်တရက်ကြီး ထိုးထွက်လာကာ ၎င်း၏ လမ်းကြောင်းရှိ အရာရာကို ဖျက်စီးပစ်နိုင်သည့် လေပွေကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ ၎င်းက ကောင်းကင်ယံထိ ထိုးတက်သွားသည်။သည်အခိုက်အတန့်၌ အရှင်လေဟာနယ်၏အသွင်သည် ပြောင်းလဲသွာ၏။ သူက သက်လတ်ပိုင်းအမျိုးသမီးနှင့် တောက်ပသောဟင်းလင်းပြင်၏ သခင်မဟု ထင်ကြေးပေးခံရသောမိန်းကလေးတို့ကို ဆွဲခေါ်ကာ ထွက်ပြေးတော့သည်။
ရှေ့ဖြစ်ဟောသူနှင့်အခြားသူများသည်လည်း အတူတူပင်။ သည်အခိုက်အတန့်၌ လူတိုင်းသည် နေရာစုံသို့ တကွဲတပြား လွတ်ရာလွတ်ကြောင်း ပြေးကြရတော့သည်။
ထိုလေပွေကြီးက ထိုးထွက်လာနေရင်း သည်နေရာရှိ ဟင်းလင်းပြင်ကိုပါ ပျက်စီးစေသည်။ တုန်ဟိန်းသံများ နေရာအနှံ့တွင် ဖြစ်ပေါ်သည်။ထိုပျက်စီးမှုက သည်နေရာတစ်ခုတည်းတွင်သာ မဟုတ်ပေ။ပြန့်ကြဲနတ်ဆိုး ထိန်းချုပ်ထားသော လှိုဏ်ဂူအစွန်းပိုင်းတွင်လည်း ဖြစ်ပွားလာခဲ့သည်ပင်။
လေပွေသည် ချက်ခြင်း ထိုးထွက်လာ၏။ အဆုံးမဲ့ မကျေမချမ်းအော်ဟစ်သံများ ပဲ့တင်ထပ်နေရင်း အောက်ခြေအနေ တစ်စုံတစ်ခုသည် လွင့်မြောလို့လာ၏။
၎င်းမှာ ပေတစ်ရာလောက် ရှိသော သွေးနက်များနှင့် ပြည့်နှက်နေသည့် ရေကန်ပင်။၎င်းက မသီတစရာစွမ်းအင်ကို ပေးစွမ်းနေသည်။ ထူးဆန်းသည်က ထိုမကောင်းဆိုးဝါးစွမ်းအင်မှာ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် ဖြစ်နေခြင်းပင်။
ကောင်းကင်ဘုံမြှုပ်နှံ့ခြင်းရေကန်။
မရေမတွက်နိုင်သော ကြမ်းကြုတ်သည့်သားရဲများသည်လည်း ထိုအနက်ရောင်ရေကန်တစ်လျှောက်တွင် ရေးထိုးထား၏။ ၎င်းတို့၏မျက်နှာမှာလည်း နာကျင်မှုကြောင့် တွန့်ရှုံ့နေကြသည်။ဤသို့ ကောင်းကင်ဘုံမြှုပ်နှံ့ခြင်းရေကန် ထွက်ပေါ်လာသည့်အခိုက်တွင် ကြောက်မက်ဖွယ်အော်ရာတစ်ခုသည်လည်း ထွက်ပေါ်လာ၏။ ကောင်းကင်ဘုံစိတ်ဝိညာဉ်ကောင်းကင်နယ်မြေ (ဝါ) နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေသည် စတင် ပြောင်းလဲလာ၏။သည်နယ်မြေတွင် မိုးကြိုးများ နယ်မြေတစ်ခွင်တွင် ပဲ့တင်ထပ် မြည်ဟိန်းလာတော့သည်။
နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၏ ပြင်ပ ဟင်းလင်းပြင်၌လည်း ကောင်းကင်ကိုပါ တုန်လှုပ်စေနိုင်သည့် ပြောင်းလဲမှုတစ်ခု ဖြစ်ပွားလာခဲ့ပြန်သေးသည်။ အရှေ့နတ်ဆိုးစိတ်ဝိညာဉ် ပင်လယ်ထဲရှိ ဝဲကတော့မှာ အရူးအမူး စတင်လှည့်ပတ်လာကာ မူလစွမ်းအင်တို့ကို စတင် စုပ်ယူလာ၏။ ထိုဝဲကတော့သည် အရူးအမူး ချဲ့ကားလာရင်း သည်နေရာသို့ ဖြတ်သန်းသွားလာကြသည့် ကျင့်ကြံသူအချို့သည်လည်း ဝဲကတော့အတွင်းသို့ စွဲယူခြင်း ခံလိုက်ရသည်။သူတို့၏ခန္ဓာကိုယ်များမှာ ချက်ခြင်း ပျက်စီး၍ မူလစိတ်ဝိညာဉ်ပင် မလွတ်မြောက်နိုင်ပေ။
ကြောက်မက်ဖွယ်ပြောင်းလဲမှုက ချက်ခြင်းပင် လူများစွာ၏ အာရုံကို ဖမ်းစားသွား၏။
ခုချိန်၌ လူတိုင်း၏ရှေ့တွင်ပင် ကောင်းကင်ဘုံမြှုပ်နှံခြင်းရေကန်ထက်၌ အက်ကြောင်းတစ်ခု ရုတ်တရက် ပေါ်လာခဲ့ပေပြီ။
သိပ်မကြာခင်တွင် အက်ကွဲသံများ ဆက်တိုက် မြည်လာပြီး အက်ကွဲများ ပိုမို ပေါ်ထွက်လာ၏။ ကျော်ကြားလှသော ကောင်းကင်ဘုံမြှုပ်နှံခြင်း ရေကန်သည် ရုတ်တရက် ပျက်စီးကာ အထဲရှိ စိတ်ဝိညာဉ်များသည်လည်း အပိုင်းပိုင်း ဖြစ်ကုန်တော့၏။ အံ့မခန်းအဖျက်အစီးအားသည် အရူးအမူး ပြန့်ကြဲနေ၏။
ချင်းလင်၏ကိုယ်ပွားသည် မရှောင်ပေ။ မြှုပ်နှံခြင်းရေကန်မှ အဖျက်အစီးအား ရောက်ရှိလာချိန်တွင် သူသည် မျက်လုံးမှိတ်ကာ အလင်းတန်းအဖြစ် ပြောင်း၍ ပျောက်ကွယ်သွားတော့၏။
ထိုတုန်ခါလှိုင်းသည် ပျံ့နှံ့နေရင်း သည်နေရာတစ်ခုလုံးသည် တဝုန်းဝုန်း မြည်ဟိန်းနေတော့၏။ သည်တုန်ခါလှိုင်းမှာ အားကောင်းလွန်းလှရာ ပြန့်ကြဲမိစ္ဆာ၏ ချိပ်ပိတ်ထားသောနေရာကိုပါ တစစီ ဖြစ်သွားစေရာ ကောင်းကင်ဘုံလှိုဏ်ဂူ၏ အစစ်အမှန်ပုံစံ ပေါ်ထွက်လာတော့သည်။ ဝမ်လင်း အပါအဝင် လူတိုင်းသည် ပြင်းထန်သောသတုန်ခါလှိုင်းကြောင့် နေရာအနှံ့သို့ လွင့်ထွက်ကုန်ကြ၏။
အရှင်လေဟာနယ်၏အသွင်သည်ပင် ဒဏ်ရာရထားသကဲ့သို့ ဖြူရောနေသည်။ သူသည် သက်လတ်ပိုင်းအမျိုးသမီးနှင့်မိန်းကလေးတို့ကိုပင် တုန်ခါလှိုင်းကြောင့် လွင့်ထွက်သွားရသည့်အတွက် အာရုံမစိုက်နိုင်တော့ပေ။ သူက လှိုဏ်ဂူအတွင်းရှိ အတားအဆီးတစ်ခုနှင့် ဝင်စောင့်မိရင်း ပျောက်ကွယ်လို့သွားသည်။
ထိုသက်လတ်ပိုင်းအမျိုးသမီးနှင့် ပန်းရောင်ဝတ်စုံဖြင့်မိန်းကလေးတို့သည်လည်း တကွဲတပြား ဖြစ်သွား၏။ သူတို့နှစ်ယောက်လုံးကလည်း မတူညီသောအတားအဆီးတစ်ခုနှင့် ဝင်စောင့်မိကာ သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။
ရှေ့ဖြစ်ဟောသူက နောက်သို့ ဆက်တိုက် ဆုတ်နေ၏။ သူ့မျက်လုံးထံမှ ဆန်းကြယ်သောအလင်းတစ်ခု ထွက်ပေါ်နေသည်။ သူက ထူးဆန်းသောနည်းလမ်းဖြင့် ရွှေ့လျားနေရင်း အကွာအဝေးတစ်ခုရှိ အဆောက်အဦးထဲရှိ အတားအဆီးထံသို့ တရကြမ်း တိုးဝင်ကာ ပျောက်ကွယ်သွားတော့သည်။
လူတိုင်းနီးပါးသည် နောက်ဆုတ်နေရင်း ပျောက်ကွယ်သွားတော့သည်။
ဝမ်လင်းသည်လည်း ထိုတုန်ခါမှုလှိုင်းအောက်၌ သူ့အရိုများပင် တစစီဖြစ်သွားပလား အောက်မေ့မိသွား၏။ သူသည် သွေးပါ အန်လိုက်ရသည်။ ထို့နောက် သူသည် ပန်းအချို့ရှိနေသော မြေပြင်ထက်သို့ ပြုတ်ကျကာ ထိုနေရာရှိ အတားအဆီးနှင့် ထိမိသွား၏။ထို့နောက် သူ့ပုံရိပ်သည် ဖျပ်ခနဲ ပျောက်ကွယ်သွားတော့သည်။
သို့ရာတွင် သူ့ခန္ဓာကိုယ် ပျောက်ကွယ်ခါနီးအခိုက်အတန့်လေး၌ အလင်းတန်းတစ်ခုသည် ဝဲကတော့ထဲကနေ သူ့ထံသို့ အမြန် နီးကပ်လာ၏။
လမ်းတစ်လျှောက်၌ ထိုအလင်းတန်းသည် ပိတ်ဆို့နေသော အတားအဆီးအားလုံးကို ချိုးဖျက်ကာ ဝမ်လင်းထံသို့ တန်းတန်းမတ်မတ် ဝင်လာ၏။ခက်ခြင်းလိုလိုပင် ၎င်းအလင်းတန်းက ဝမ်လင်းနားသို့ ရောက်လာ၏။သူပင် မင်သက်မိသွားချိန်လေး သူ့သိုလှောင်အိတ်ထဲသို့ ဤအလင်းတန်းက ဝင်ရောက်သွားတော့သည်။
“ချင်းလင်ရဲ့ ကိုယ်ပွား…” ထိုအတွေးတစ်ခုသာ ပေါ်လာပြီးနောက် သူသည် လုံးဝ ပျောက်ကွယ်သွားတော့သည်။ ဝမ်လင်းက ထိုအလင်းတန်းထဲ၌ ချင်းလင်၏ကိုယ်ပွားရှိနေသည်ကို ရှင်းလင်းစွာ မြင်လိုက်နိုင်၏။
ကောင်းကင်ဘုံမြှုပ်နှံခြင်းရေကန် ပျက်စီးမှုက ကောင်းကင်ဘုံအင်ပါယာလှိုဏ်ဂူကို ပြင်းပြင်းထန်ထန် တုန်ခါစေသည်။ လူတိုင်းသည် လွင့်စင်သွားကြပြီး မတူညီသောအတားအဆီးများကို အသက်ဝင်စေ၍ မတူညီသောနေရာများထံသို့ တည်နေရာပို့ဆောင်ခြင်း ခံလိုက်ရတော့သည်။
ကံကြမ္မာဖန်သည်လားတော့ မပြောတတ်၊ နတ်ဆိုးစွမ်းအင်များနှင့် ခြုံလွှမ်းနေသော အမျိုးသမီး၊မျက်နှာပေါ်၌လည်း အမာရွက်များ ရှိနေသောအမျိုးသမီးက တုန်ခါလှိုင်း ဖြစ်ပေါ်သည့်နောက် ဝမ်လင်းအနားသို့ ရောက်ရှိလာခဲ့၏။ သူမသည်လည်း ဝမ်လင်း စေလွှတ်ခံရသော နေရာထဲသို့ပင် တူညီစွာ စေလွှတ်ခဲ့ရလေ၏။
အချိန်အတန်ကြာပြီးနောက် ထိုတုန်ခါလှိုင်းသည် လွင့်ပြယ်လာ၏။ နေရာတစ်ခုလုံးမှာလည်း အပျက်အစီးပုံ ဖြစ်နေလေပြီ။ ကောင်းကင်ဘုံမြှုပ်နှံခြင်းရေကန်မှာ အပိုင်းပိုင်းအစစ ဖြစ်ကာ အမျိုးမျိုးသော အတားအဆီးများအတွင်း ပျောက်ကွယ်သွားတော့သည်။
သည်နေရာက လုံးဝ တိတ်ဆိတ်လို့နေ၏။ အချိန်မည်မျှ ကြာသွားမှန်း မသိပြီးနောက် လူတစ်ယောက်သည် တွင်းနက်ထဲကနေ ကုတ်တွယ်တက်လာ၏။ သူ့ခေါင်းမှာ ကြီးမားလှ၏။ သူ့ခန္ဓာကိုယ်ကမူ သေးငယ်သည်။ သူသည် ကုတ်တွွယ်တက်လာနေရင်း သူ့မျက်လုံးထဲ၌ အကြောက်တရားတို့ ရှိနေ၏။
သူ့နောက်တွင်မူ ချန်ညီကိုသုံးယောက်နှင့် ဝဲကတော့အတွင်းသို့ စုပ်ယူခြင်းခံခဲ့ရသည့်သူများ လိုက်ပါလာကြ၏။ သူ့ကြယ်အမှတ်အသားဖျံကို ဆုံးရှုံသွားသည် အကြီးအကဲစွန်လည်း ပါသည်။ လူတိုင်းသည် တွင်းနက်ထဲကနေ တက်လာကြသည်။
သူတို့သည် သူတို့ပတ်ပတ်လည်ကို ကြည့်၍ တိတ်ဆိတ်စွာ စဉ်းစားနေကြ၏။ သူတို့၏ စိတ်နှလုံးထဲ၌ ကြောက်ရွှံ့မှုမှာ အရှိန်မပြေ တွယ်ငြိနေတော့သည်။
မည်သူကမျှ ကြယ်အမှတ်အသားနှင့်ဖျံက လူတိုင်း မိမိကိုယ်ကို ကုသနေစဉ်အတွင်း ဖျပ်ခနဲ တွင်းနက်အတွင်းသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်ကို သတိမပြုလိုက်မိကြပေ။ ၎င်းမှာ အလွန်မြန်သောကြောင့် ဖြစ်၏။
၎င်းဖျံ၏မျက်လုံးထဲ၌လည်း အသိဉာဏ်နှင့် ပြည့်နေ၏။ ၎င်းသည် သူ့ကို ရူးသွပ်သွားအောင် လုပ်နေသည့် အော်ရာတစ်ခု တွင်းနက်ထဲကနေ ထွက်ပေါ်လာသည်ကို ရှင်းလင်းစွာ ခံစားမိနေသည်။
***