← Chapters

အခန်း ၁၉၇

Vol. 20 Ch. 197

အခန်း ၁၉၇

Vol. 20 Ch. 197

အခန်း (၁၉၇) ဇာစ်မြစ် လျှို့ဝှက်ချက်

ဒုတိယဦးလေးမှာ တုံ့ဆိုင်းသွားပေ၏။

၎င်းတို့ မိသားစုသည် ဟွာရှန်းဆေးရုံနှင့် သိပ်မဝေးလှသော မြို့ထဲတွင် နေထိုင်ကြသော်လည်း သူသည် ကြီးကြပ်ရေးမှူးရာထူးကို တစ်ကြိမ်တစ်ခါမျှ မလုပ်ဖူးသဖြင့် အမှားလုပ်မိမည်ကို စိုးရိမ်နေခဲ့သည်။

ချန်ဖုန်း မျက်နှာပျက်ရမည်ကိုလည်း သူ ကြောက်ရွံ့နေပေ၏။

ချန်ဖုန်းက ပြုံးလျက် ပြောဆိုလိုက်သည်။

"ဒုတိယဦးလေး အရင်ကလည်း ထောက်ပံ့ပို့ဆောင်ရေး အလုပ်တွေ လုပ်ဖူးတာပဲ... ဦးလေး ကောင်းကောင်း လုပ်နိုင်မယ်လို့ ကျွန်တော် ယုံတယ်... ပြီးတော့ ထောက်ပံ့ပို့ဆောင်ရေး မန်နေဂျာကလည်း ဦးလေးကို ကူညီပေးမှာပါ... တကယ်လို့ သေချာ မလုပ်တတ်သေးရင်လည်း ဖြည်းဖြည်းချင်း သင်ယူလို့ ရတာပဲ... ဒီအလုပ်က တော်တော်လေး လွယ်ပါတယ်... ဒီရာထူးနဲ့ နှစ်ကုန်ဆုကြေးတွေ ပေါင်းလိုက်ရင် တစ်နှစ်ကို ယွမ်တစ်သိန်းလောက် ရမှာနော်..."

"ဒီလောက်တောင် များတာလား..."

ဒုတိယဦးလေး၏ ပါးစပ်မှာ ချက်ချင်းပင် အဟောင်းသား ဖြစ်သွားလေ၏။

သူ၏ ယခင်လစာမှာ မများပြားလှဘဲ တစ်နှစ်လျှင် ယွမ်လေးသောင်းခန့်သာ ရရှိသဖြင့် ယခုလစာမှာ အခြေခံအားဖြင့် နှစ်ဆနီးပါး ဖြစ်နေချေပြီ။

ဘေးရှိ သမီးဖြစ်သူကို သူ တစ်ချက်ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် အံကိုကြိတ်ကာ ပြောဆိုလိုက်သည်။

"ကောင်းပြီလေ... ဦးလေး အရင် စမ်းလုပ်ကြည့်ပါ့မယ်..."

"ဟေး..."

ချန်ဟွေသည် စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်သွားတော့၏။ ဖခင်ဖြစ်သူ၏ ဝင်ငွေ တိုးလာပြီဖြစ်ရာ သူမဘာသာ မုန့်တွေ အများကြီး ပိုဝယ်စားလို့ ရပြီမဟုတ်လော။

တစ်ခုတော့ ပြောရမည်သာ ဖြစ်၏။

ချန်ဟွေသည် မိတ်ကပ်လိမ်းရန် မနှစ်သက်သော်လည်း သူမ၏ အသားအရေမှာ အလွန်ကောင်းမွန်ပြီး စိုပြည်နေပေသည်။ သူမသည် ယခုနှစ်တွင် အသက်ဆယ့်ရှစ်နှစ် ပြည့်ပြီဖြစ်သည်။

သူမသည် အလွန်လှပပြီး အတန်းထဲတွင် အတန်း၏အလှပန်းလေးဟုပင် အခေါ်ခံရလေ၏။

သူမသည် တကယ့်ကို အလှလေးတစ်ဦး ဖြစ်ပေသည်။

"ဖုန်းဇီ ကျေးဇူးပဲနော်..."

ဒုတိယဦးလေးသည် မူလက ချန်ဖုန်းအား ဒုက္ခမပေးချင်ခဲ့သော်လည်း ချန်ဖုန်း ချမ်းသာလာသည်နှင့်အမျှ အဆက်အသွယ်လုပ်ရန်နှင့် ငွေချေးရန် လာရောက်မည့်သူ ပိုမိုများပြားလာမည်ကို သူ သိထားပေ၏။

"ဒုတိယဦးလေးကလည်း မိသားစုတွေပဲဟာ ကျေးဇူးတင်စရာ လိုလို့လား..."

ချန်ဖုန်းက အနည်းငယ် ပြုံးလိုက်သည်။

သူ၏ ဒုတိယဦးလေး မိသားစုသည် ယခင်က သူ့မိဘများနှင့် သူ့အပေါ် အလွန်ကောင်းမွန်ခဲ့ကြရာ ယခု သူ ချမ်းသာလာချိန်တွင် ၎င်းတို့ကို ကူညီပေးရမည့်အချိန် ရောက်ပြီဖြစ်ပေ၏။

"ကောင်းပါပြီ... မင်းတို့ဘာသာ စကားပြောကြဦး... ဒုတိယအဒေါ်နဲ့ ဦးလေးတို့ ပြန်တော့မယ်... ရှောင်ဟွေ သမီး ဘယ်တော့ ပြန်မှာလဲ..."

"ဖေဖေ မေမေတို့ အရင် ပြန်နှင့်ကြ... သမီး အခု မပြန်သေးဘူး... မရီးတို့နဲ့ အချိန်နည်းနည်းလောက် အတူတူ နေချင်သေးတယ်..."

ချန်ဟွေသည် လက်တစ်ဖက်က ရှန်ယန်းယန်းအား ဆွဲကိုင်ထားပြီး ကျန်လက်တစ်ဖက်က ယွင်ထင်အား ဆွဲကိုင်ကာ တခစ်ခစ် ရယ်မောနေခဲ့သည်။

ရှန်ယန်းယန်းနှင့် ယွင်ထင်တို့သည်လည်း ဤချစ်စရာကောင်းသော ညီမငယ်လေးကို အလွန် သဘောကျကြပေ၏။

သူမ၏ စကားများမှာ မသင့်တော်ကြောင်း သိထားသော်လည်း ၎င်းတို့က မငြင်းခုံခဲ့ကြချေ။

ဘာပဲဖြစ်ဖြစ် ကလေးပဲလေ ကလေးတွေ ပြောတဲ့စကားက ဘာအဓိပ္ပာယ်မှ မရှိပါဘူး။

ချန်ဖုန်း တစ်ယောက်သာ ပါးစပ် တွန့်လိမ်သွားတော့၏။

‘မရီးတွေ ဟုတ်လား...

ကောင်းပါပြီလေ...

ငါ တကယ်ကို အဲဒီလို မတွေးခဲ့ပါဘူး’

[ ၁၉၉၈ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့ ညပိုင်းမှာ လယ်သမားတစ်ဦးက တံခါးဖွင့်လိုက်တော့ အထဲမှာ ကလေးလေးတစ်ယောက်ကို တွေ့လိုက်ရတယ်... မိဘတွေက နေရာအနှံ့ ရှာဖွေပေမဲ့ ဘာရလဒ်မှ မရခဲ့ဘူး... အဲဒါကြောင့် နောက်ဆုံးမှာ မွေးစားလိုက်တယ်…]

စနစ်က နောက်ထပ် ဗီဒီယိုတစ်ခုကို ပေါ်လာစေခဲ့သည်။

ထိုဗီဒီယိုမှာ လွန်ခဲ့သော ၂၂ နှစ်က ဖြစ်ပျက်ခဲ့ခြင်းဖြစ်ပြီး လယ်သမားတစ်ဦး ညဘက် အိမ်သာတက်ရန် ထလာစဉ် တံခါးအပြင်ဘက်တွင် အဝတ်ဟောင်းတစ်ခုဖြင့် ပတ်ထားသော ကလေးလေးတစ်ယောက်ကို မြင်တွေ့ခဲ့ရခြင်း ဖြစ်ပေ၏။

ကလေးလေးမှာ အကျယ်ကြီး ငိုယိုနေဆဲဖြစ်ပြီး အသက် ခြောက်လခန့်သာ ရှိဦးမည် ဖြစ်သည်။ လယ်သမားသည် ကလေးလာပစ်သူကို နေရာအနှံ့ ရှာဖွေခဲ့သော်လည်း တစ်ညလုံး ရှာဖွေပြီးနောက် မည်သူ့ကိုမျှ မတွေ့ခဲ့ရချေ။ နောက်ပိုင်းတွင် ကလေးကို အိမ်ထဲသို့ ပြန်ခေါ်သွားကာ မွေးစားလိုက်လေ၏။

ဤဗီဒီယိုက ချန်ဖုန်းအား အနည်းငယ် ကြက်သေသေသွားစေခဲ့သည်။

ဘာကြောင့်လဲဆိုတော့...

ဗီဒီယိုထဲက အိမ်က သူ့အိမ် ဖြစ်နေလို့ပဲလေ။

ဗီဒီယိုထဲမှ လယ်သမားမှာလည်း လွန်ခဲ့သော ၂၂ နှစ်က သူ၏မိဘများပင် ဖြစ်လေသည်။ သူ အလွန် ငယ်ရွယ်သေးသော်လည်း ချန်ဖုန်းက တစ်ချက်ကြည့်ရုံဖြင့် မှတ်မိလိုက်ပေ၏။

‘ဒါက မဖြစ်နိုင်ဘူး... ငါက ဗီဒီယိုထဲက ကလေးလေးလား…’

ဤအခိုက်အတန့်တွင် ချန်ဖုန်း၏ ခံစားချက်များမှာ အလွန် ရှုပ်ထွေးနေခဲ့သည်။ သူသည် သူ့မိဘများ၏ သွေးသားအရင်း ကလေးမဟုတ်ကြောင်း တစ်ကြိမ်တစ်ခါမျှ မတွေးမိခဲ့ချေ။

ဗီဒီယိုထဲရှိ သတင်းအချက်အလက်များမှာ အကန့်အသတ် ရှိနေပေ၏။ သူက သတင်းအချက်အလက်များကို ထပ်မံရှာဖွေချင်ခဲ့သော်လည်း ဘာမှ ရှာမတွေ့ခဲ့ချေ။

ဗီလာထဲမှ ဖြည်းညင်းစွာ လျှောက်ထွက်လာပြီးနောက် ခြံဝင်းထဲရှိ လှေကားထစ်များပေါ်တွင် သူ ထိုင်ချလိုက်သည်။

တကယ်တော့ သူ၏ လက်ရှိမိသားစုအပေါ် သူ အလွန် ကျေနပ်နေခဲ့သည်။သူ၏ လက်ရှိမိဘများက သူ့အပေါ် အလွန် ကောင်းမွန်ကြသော်လည်း သူ၏ မိဘအရင်းများက သူ့ကို ဘာကြောင့် စွန့်ပစ်ခဲ့ရသနည်းဆိုတာကို သူ နားမလည်နိုင်ခဲ့ချေ။

သူတို့ ဘာအခက်အခဲတွေများ ကြုံတွေ့ခဲ့ရလို့လဲ ဒါမှမဟုတ် တခြား အကြောင်းပြချက် တစ်ခုခု ရှိနေလို့လား။

ဤအချိန်၌ ရှန်ယန်းယန်းက လျှောက်လာပြီး သူ၏ဘေးရှိ လှေကားထစ်ပေါ်တွင် ဝင်ထိုင်ကာ ညင်သာစွာ မေးမြန်းလိုက်၏။

“ဘာဖြစ်လို့လဲ..”

"ဘာမှမဖြစ်ပါဘူး..."

ချန်ဖုန်းက ရုတ်တရက် အရာများစွာကို ပြန်လည် သဘောပေါက်သွားခဲ့သည်။

သူက လက်ရှိ မိဘများ၏ သွေးသားအရင်း ဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ ဘာအရေးပါလို့လဲ။ ဘာပဲဖြစ်ဖြစ် သူ့မျိုးရိုးနာမည်က ချန် ဖြစ်ပြီး သူက အမြဲတမ်း ချန် မိသားစုဝင် တစ်ယောက်ဖြစ်သလို တစ်သက်လုံး သူတို့ရဲ့ သားပဲ ဖြစ်နေမှာလေ။

"ဒါဆို... နင့်ကို ခဏလောက် မှီထားပါရစေ..."

ရှန်ယန်းယန်းက သူမ၏ နှုတ်ခမ်းကိုကိုက်ကာ ချန်ဖုန်း၏ ပခုံးပေါ်သို့ ခေါင်းမှီလိုက်သည်။ တစ်ဖက်လူမှာ စိတ်အခြေအနေ မကောင်းဖြစ်နေကြောင်း သူမ ခံစားမိသော်လည်း ဘာဖြစ်သည်ကို သူမအား မပြောပြချင်ပုံရပေ၏။

ဗီလာထဲတွင်။

မိခင်ဖြစ်သူက လှေကားထစ်တွင် မှီတွယ်နေသော သူတို့နှစ်ဦးကို ကြည့်ရင်း ရင်ထဲတွင် သက်ပြင်းချလိုက်သည်။

ရုတ်တရက် သူမက ဖခင်ဖြစ်သူအား ဆွဲခေါ်သွားကာ တီးတိုးပြောဆိုလိုက်၏။

"ခုနက အဖေက ဖုန်းဇီ ရဲ့ ဇာစ်မြစ်အကြောင်း ပြောသွားတယ်... ဖုန်းဇီ ကို ပြောပြလိုက်သင့်လား..."

"တော်ပါတော့..."

ဖခင်ဖြစ်သူက တည်ကြည်လေးနက်စွာဖြင့် ပြောဆိုလိုက်သည်။

"ဒီနှစ်တွေ အကုန်လုံး ငါတို့ ဘယ်မှ မပြောင်းခဲ့ဘူး... အဲဒီတုန်းက ကလေးကို လာပစ်သွားတဲ့သူသာ သက်ရှိထင်ရှား ရှိနေသေးရင် ဒီနေရာကို သေချာပေါက် ရှာတွေ့မှာပဲ... ဒါပေမဲ့ ဒီနှစ်တွေ အကုန်လုံး ကြာခဲ့ပြီးတာတောင် အဲဒီလူက သူ့ကို လာမရှာသေးဘူးလေ... ဒါက ဘာကို ပြနေတာလဲ... တစ်ဖက်လူက ဒီကလေးကို လုံးဝ မလိုချင်တော့တာ ဒါမှမဟုတ် သူတို့မိသားစုမှာ ကြောက်စရာကောင်းတဲ့ ကိစ္စတစ်ခုခု ဖြစ်သွားတာပဲ ဖြစ်ရမယ်... ဘယ်လိုပဲဖြစ်ဖြစ် ဒါက ဖုန်းဇီ အတွက် မကောင်းဘူးလေ... ဒါကို ထပ်မပြောတာ အကောင်းဆုံးပဲ... ဘာမှမဖြစ်ခဲ့ဘူးလို့ပဲ သဘောထားလိုက်..."

"ကျုပ် သိပါပြီ..."

မိခင်ဖြစ်သူက ခေါင်းညိတ်လိုက်၏။ သူမ၏ သားဖြစ်သူသည် ယခုအခါ ပျော်ရွှင်စွာ နေထိုင်နေရပြီး ဘွဲ့ရပြီးပါက သူ၏အရည်အချင်းဖြင့် မိန်းမတစ်ယောက် ရှာတွေ့နိုင်ပေလိမ့်မည်။ သူ့အနေနဲ့ နောက်ထပ် ပြဿနာတွေကို ထပ်မံရင်ဆိုင်ရနိုင်ခြေ မရှိတော့ချေ။

ဤအကြောင်းကို တွေးမိချိန်တွင် ရှန်ယန်းယန်းနှင့် ယွင်ထင်တို့ကို သူမ နောက်တစ်ကြိမ် ကြည့်လိုက်မိသည်။

ဒါဆို ဘယ်သူနဲ့ လက်ထပ်သင့်လဲ...

ဒါမှမဟုတ် နှစ်ယောက်လုံးနဲ့ လက်ထပ်လိုက်မလား။

ကောင်းပါပြီလေ… ဒါတော့ သေချာပေါက် မဖြစ်နိုင်ပါဘူး။

…

တစ်ချိန်တည်းမှာပင်။

ရွာအဝင်ဝ၌။

အော့ဖ်ရုဒ် ကားတစ်စီးပြီး တစ်စီး အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်လာကြပြီး လူတိုင်းကို အံ့အားသင့်စေသည်မှာ ဤကားများ၌ အဖြူရောင် လိုင်စင်နံပါတ်ပြားများ တပ်ဆင်ထားခြင်းပင်။ ကားဆယ်စီးကျော် ရောက်ရှိလာခဲ့လေ၏။

ဤသည်က လူတိုင်းကို ဆူညံပွက်လောရိုက်သွားစေခဲ့သည်။

"ဘုရားရေ... ငါတို့ရွာကို အရေးကြီး ပုဂ္ဂိုလ်တစ်ယောက်ယောက်များ လာနေတာလား..."

"ငါလည်း မသိဘူးလေ... ဒီနေ့ အဘိုးကြီးချန် တို့ မိသားစုက အိမ်သစ်တက်ပွဲ လုပ်နေတယ် မဟုတ်လား... သူတို့များ အဘိုးကြီးချန် တို့ အိမ်ကို သွားကြမှာလား..."

"ဝါး... ချန် မိသားစုက အဲဒီလို အရေးကြီးပုဂ္ဂိုလ်မျိုးကို ဘယ်တုန်းက သိသွားတာလဲ..."

"အကုန်လုံးက သူ့သားကြောင့်ပေါ့... သူက တော်တော်လေး အောင်မြင်နေပြီး မြို့မှာ ချမ်းသာနေပြီလို့ ကြားတယ်... လမ်းတွေဖောက်ဖို့ ပိုက်ဆံလှူတယ်... ဗီလာတောင် ဆောက်ထားသေးတာပဲ... ဒီကားတွေက အဘိုးကြီးချန် ရဲ့ သားအတွက် လာတာ သေချာတယ်..."

ရွာသားများက အပြင်သို့ ပြေးထွက်လာကြပြီး လမ်းပေါ်ရှိ အော့ဖ်ရုဒ်ကားများကို လက်ညှိုးထိုးကာ တီးတိုးပြောဆိုနေကြလေ၏။

တစ်ချိန်တည်းမှာပင် ချန် မိသားစု တစ်ခုလုံးကို ၎င်းတို့ အားကျနေကြသည်။

သူတို့က တကယ်ကို အံ့သြဖို့ကောင်းတဲ့ သားတစ်ယောက်ကို မွေးထားတာပဲ...

အချို့သော ရွာသားများသည် ၎င်းတို့၏ စိတ်ပျက်စရာကောင်းသော သားများကို ကြည့်လိုက်ကြပြီးနောက် မလှမ်းမကမ်းရှိ ထည်ဝါသော ဗီလာကြီးကို လှမ်းကြည့်ကာ ဒေါသတကြီးဖြင့် ဖိနပ်များကို ဆွဲချွတ်ပြီး သားဖြစ်သူများကို ရိုက်နှက်ကြတော့၏။

အကုန်လုံး သားမွေးထားတာပဲကို ဘာလို့ ဒီလောက်တောင် ကွာခြားနေရတာလဲ။

"ကြည့်စမ်း... ဟိုအပေါ်မှာ ရဟတ်ယာဉ်တစ်စင်း ပါလား..."

ထိုအချိန်၌ တစ်စုံတစ်ယောက်က ရုတ်တရက် အံ့သြတကြီးဖြင့် အော်ဟစ်လိုက်သည်။

ရဟတ်ယာဉ်တစ်စင်းလည်း ပျံသန်းလာခဲ့၏။ ရှေ့ရှိ အော့ဖ်ရုဒ်ကား ဆယ်စီးကျော်က ရဟတ်ယာဉ်အတွက် လမ်းခင်းပေးနေသည့်အလား ထင်ရပေသည်။

ရဟတ်ယာဉ်၏ အသံများက လူတိုင်း၏ အာရုံစိုက်မှုကို ချက်ချင်း ဆွဲဆောင်သွားခဲ့၏။

၎င်းတို့ထဲမှ မည်သူမျှ ရဟတ်ယာဉ်ကို ဤမျှ အနီးကပ် မမြင်ဖူးခဲ့ကြချေ။ ၎င်းမှာ အတော်လေး ထူးဆန်းသည်ဟု ထင်မှတ်နေကြသည်။

"ဟင်... အဲဒီရဟတ်ယာဉ်က ဘာလို့ စစ် ဆိုတဲ့ စာလုံး ပါနေတာလဲ..."

လူတစ်ယောက်က အာမေဍိတ်သံဖြင့် ပြောဆိုလိုက်သည်။

အိမ်ထဲမှ ယခုမှ ထွက်လာသော လူငယ်တစ်ဦးသည် ကောင်းကင်ယံ၌ နိမ့်ချည်ပျံသန်းနေသော ရဟတ်ယာဉ်ကို မြင်သောအခါ ရုတ်တရက် တုန်ရီသွားလေ၏။

"ဒါက... စစ်ဘက်ဆိုင်ရာဌာန က ရဟတ်ယာဉ်တွေလား..."

ထိုလူငယ်သည် စစ်တပ်မှ ထွက်လာသူတစ်ဦး ဖြစ်ပေသည်။

သူသည် စစ်ဘက်ဆိုင်ရာဌာန အဖွဲ့ဝင် ရွေးချယ်ရေးတွင် တစ်ကြိမ် ဝင်ရောက်ယှဉ်ပြိုင်ဖူးသော်လည်း ကံမကောင်းစွာဖြင့် ရွေးချယ်မခံခဲ့ရချေ။

သို့သော် စစ်ဘက်ဆိုင်ရာဌာန၏ အမှတ်တံဆိပ်ကို သူ မှတ်မိနေဆဲပင်။

ချန်ဖုန်း၏ အိမ်ဘက်သို့ ပျံသန်းသွားသော ရဟတ်ယာဉ်နှင့် ယာဉ်တန်းကို ကြည့်ရင်း သူ၏ရင်ထဲတွင် ဇဝေဇဝါ ဖြစ်မှုများ လွှမ်းမိုးသွားတော့၏။

All Chapters