အခန်း ၂၀၀
Vol. 20 Ch. 200
အခန်း (၂၀၀) ဆရာမကု က ကျွန်တော့်ကို ရှာနေတာလား
၎င်းတို့ ဈေးဝတ်ထွက်သည်မှာ နှစ်နာရီ သုံးနာရီခန့် ကြာသွားခဲ့၏။
အရာအားလုံး ဝယ်ယူပြီးနောက် ချန်ဖုန်းက သူ၏ မိဘများကို သူ၏ ဗီလာသို့ ခေါ်သွားခဲ့သည်။
"အစ်ကို... ဒါ အစ်ကို့ရဲ့ ဗီလာလား..."
ချန်ဟွေ လုံးလုံးလျားလျား ကြက်သေသေသွားခဲ့၏။
ယခုအချိန်အထိ သူမ မြင်ဖူးသမျှ အထည်ဝါဆုံး အိမ်မှာ ကျေးလက်တွင် သူမ၏ အစ်ကို ဆောက်ထားသော ဗီလာပင် ဖြစ်သည်။
အခုတော့ သူမရှေ့ရှိ ဤသီးသန့် ဗီလာကြီးမှာ ကျေးလက်က ဗီလာထက် အဆဆယ်ဆမက ပိုမို ခမ်းနားနေလေ၏။
ပြီးတော့ ဧရိယာကလည်း အလွန် ကျယ်ဝန်းပြီး စတုရန်းမီတာ ထောင်ချီ ရှိပေသည်။
ချန်ဖုန်းမိဘများကလည်း မျက်လုံးများ ပြူးကျယ်သွားကြ၏။
"ဖုန်းဇီ... သားရဲ့ ဗီလာက ဘယ်လောက်တောင် ပေးရတာလဲ..."
"ပိုက်ဆံ မပေးရပါဘူး... ဥက္ကဋ္ဌရှန် က သားကို လက်ဆောင်ပေးထားတာပါ..."
ချန်ဖုန်းက အနည်းငယ် ပြုံးလိုက်သည်။
"အဲဒီတုန်းက ဥက္ကဋ္ဌရှန် ရဲ့ ကုမ္ပဏီမှာ ယွမ် ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးပြီး အကူအညီကြီး တစ်ခု ပေးခဲ့လို့ သူက ဒီဗီလာကို လက်ဆောင်ပေးတာလေ... ဒီနေရာက တော်တော်လေး သေးပါတယ်... သားမှာ တခြားနေရာမှာ စံအိမ်ကြီးတစ်ခု ရှိသေးတယ်... စတုရန်းမီတာ ငါးထောင် ခြောက်ထောင်လောက် ရှိမယ်... ဖေဖေ မေမေ... တကယ်လို့ ကျေးလက်မှာ မနေချင်တော့ဘူးဆိုရင် သားဆီ လာခဲ့လေ... ဘာပဲဖြစ်ဖြစ် အခန်းတွေ အများကြီး ရှိတာပဲ... ပြီးတော့ စံအိမ်ထဲမှာ ဟင်းသီးဟင်းရွက်တွေ စိုက်လို့ရတော့ အမေတို့ အားနေမှာ မဟုတ်ပါဘူး..."
"စတုရန်းမီတာ ငါးထောင် ခြောက်ထောင် ဟုတ်လား..."
ချန်ဖုန်း၏ မိဘများ၏ ပါးစပ်ထောင့်များ နောက်တစ်ကြိမ် တွန့်လိမ်သွားပြန်၏။
၎င်းက မည်မျှ ကြီးမားကြောင်းကို ၎င်းတို့ အတိအကျ မသိသော်လည်း အလွန်ကြီးမားမည်မှာ သေချာပေသည်။
ဖခင်ဖြစ်သူက လက်ချောင်းများဖြင့်ပင် ရေတွက်လိုက်သေး၏။
"မြေတစ်ဧကက စတုရန်းမီတာ ၆၆၇ ဆိုတော့ ဧကဆယ်ဂဏန်းလောက် ရှိတာ မဟုတ်ဘူးလား..."
၎င်းတို့၏ စိတ်ထဲတွင် ဘော့စ်ကြီးများသာ ဤကဲ့သို့သော အိမ်မျိုးတွင် နေထိုင်ခွင့်ရှိသည်ဟု ထင်မြင်ထားကြသည်။ တစ်နေ့တွင် သူတို့၏ သားဖြစ်သူက တကယ်ကြီး ထိုနေရာတွင် နေထိုင်လိမ့်မည်ဟု ၎င်းတို့ တစ်ကြိမ်တစ်ခါမျှ မထင်မှတ်ထားခဲ့ကြချေ။
အနီးတွင် ရပ်နေသော ယွင်ထင်က အနည်းငယ် ပြုံးလျက် ပြောဆိုလိုက်၏။
"ဦးလေး... အန်တီ... ဦးလေးတို့ ကျေးလက်မှာ ဒုက္ခခံမနေသင့်တော့ဘူး... ချန်ဖုန်း မှာ အခု ပိုက်ဆံရှိနေပြီလေ... ရှန်ယန်းယန်း ရဲ့ ဖခင် ကုမ္ပဏီမှာ ချန်ဖုန်း က အဓိက ရှယ်ယာရှင် ဖြစ်ပြီး တစ်နှစ်ကို အနည်းဆုံး ဘီလီယံ ၉၀ လောက် ဝင်ငွေရှိတယ်... ပြီးတော့ သမီးရဲ့ ဝမ်ယွီ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက် မှာလည်း ရှယ်ယာ ဘီလီယံ ဆယ်ဂဏန်းကျော် ပိုင်ဆိုင်ထားတယ်လေ... ပြည်နယ်မြို့တော်မှာလည်း သူပိုင်တဲ့ ဘီလီယံဆယ်ဂဏန်းကျော် တန်တဲ့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ တစ်ခု ရှိသေးတယ်..."
ယွင်ထင်က တတွတ်တွတ် ပြောနေခဲ့သည်။
မိဘများမှာ ကြက်သေသေသွားကြတော့၏။ အနီးတွင် ရပ်နေသော ချန်ဟွေ ပင်လျှင် မှင်သက်သွားခဲ့သည်။
သတိပြန်လည်လာရန် အချိန်အတော်ကြာ ယူလိုက်ရ၏။
‘ဘုရားရေ...
ငါ့အစ်ကိုက တကယ်ကြီး အဲဒီလောက် ချမ်းသာနေတာလား...
ဘီလီယံနာ တစ်ယောက်လား... ဘီလီယံနာတဲ့လား...
ဒါဆို ငါက မင်းသမီးလေး ဖြစ်သွားပြီပေါ့’
"အစ်ကို... ကျွန်မ ကောလိပ်တက်ရင် အစ်ကို့အိမ်မှာ လာနေချင်တယ်... မဟုတ်ဘူး... အခုချက်ချင်း အခန်းတစ်ခန်း ယူထားချင်တယ်..."
ချန်ဟွေက အပေါ်ထပ်သို့ ပြေးတက်သွား၏။
ဒုတိယထပ်ရှိ ပထမဆုံး အခန်းကို ဖွင့်လိုက်သည်။
ပထမအခန်းမှာ လူ နေနေတယ်…
ဒုတိယအခန်း... အဲဒီမှာလည်း နေနေတုန်းပဲ…
သူမ ရုတ်တရက် အေးခဲသွားပြီး အောက်ထပ်သို့ အော်ဟစ်လိုက်လေသည်။
"အစ်ကို... အစ်ကိုနဲ့ မရီးတို့က... အတူတူ နေနေကြတာလား..."
အနီးတွင် ရပ်နေသော ရှန်ယန်းယန်းနှင့် ယွင်ထင်တို့မှာ ချက်ချင်းပင် မျက်နှာများ နီမြန်းသွားကြ၏။
မိခင်ဖြစ်သူမှာလည်း အတွေးများ နက်ရှိုင်းသွားသည်။ ဗီလာကို ပတ်ပတ်လည် ကြည့်ရှုရင်း သူမဘာသာ တီးတိုးရေရွတ်လိုက်၏။
"ဒုက္ခပါပဲ... ဒုက္ခပါပဲ... တကယ်လို့ နှစ်ယောက်စလုံး ကိုယ်ဝန်ရသွားရင် ဘယ်လိုလုပ်မလဲ... ဒါဆို ဘယ်သူ့ကို ရွေးသင့်လဲ..."
"ချန်ဟွေ... နင် စကားမပြောလို့ ဘယ်သူကမှ နင့်ကို `အ´နေတယ် မထင်ဘူးနော်..."
ချန်ဖုန်းမှာလည်း စကားပြောစရာမဲ့ ဖြစ်သွားခဲ့၏။
‘ဒီညီမဝမ်းကွဲက တကယ်ကို ပြဿနာရှာနေတာပဲ’
ချန်ဟွေက နောက်ပြောင်ကာ လျှာထုတ်ပြလိုက်ပြီး တတိယအိပ်ခန်းကို အလျင်အမြန် ဖွင့်ကာ နောက်ဆုံးတွင် ထိုအခန်းကို နေရာယူလိုက်လေသည်။
ဒုတိယထပ်တွင် အိပ်ခန်း စုစုပေါင်း လေးခန်း ရှိပေ၏။
တကယ်လို့ သူ၏ မိဘတွေပါ လာနေမယ်ဆိုရင် လုံလောက်ပါတယ်လေ
တကယ်လို့ လုံးဝ အဆင်မပြေရင် ယုံဟယ်စံအိမ် ကို ပြောင်းသွားလို့ ရတာပဲ။
"အစ်ကို... အစ်ကိုက ဘာလို့ အိမ်မွေးတိရစ္ဆာန် မွေးထားတာလဲ... ဝါး... သူက ပျံလို့တောင် ရတယ်..."
ချန်ဟွေသည် တစ်နည်းနည်းဖြင့် ရှောင်ရီ (ပတီးရိုဆော) ကို ဆွဲထုတ်နိုင်ခဲ့၏။
ဤ ပတီးရိုတောငှက်လေးမှာ တစ်လကျော်ခန့်သာ ရှိသေးသော်လည်း တော်တော်လေး ကြီးထွားလာခဲ့ပေပြီ။
ကံကောင်းထောက်မစွာဖြင့် ချန်ဟွေမှာ အားသိပ်မသန်သဖြင့် တော်သေးသည်။ ထိုသို့မဟုတ်ပါက တိုက်ခိုက်ခံရမည်မှာ သေချာပေ၏။
ရှောင်ရီ က အချိန်တိုအတွင်း ရုန်းကန်လိုက်ပြီး သူမ၏ ဆုပ်ကိုင်မှုမှ တိုက်ရိုက် ပျံသန်းထွက်ပြေးသွားလေသည်။ ၎င်းက ချန်ဖုန်း၏ ပခုံးပေါ်တွင် သွားနားလိုက်၏။
ချန်ဟွေ၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူမက ဆော့ကစားချင်သော်လည်း မည်မျှပင် ကြိုးစားနေစေကာမူ ဖမ်း၍ မရခဲ့ချေ။
မူလက ချန်ဖုန်းသည် သူ၏ မိဘများကို မြို့ထဲတွင် ရက်အနည်းငယ်ခန့် ထပ်မံထားရှိချင်ခဲ့သော်လည်း ၎င်းတို့မှာ ကျေးလက်သို့ ပြန်ရဦးမည်ဖြစ်ပြီး ချန်ဟွေလည်း ကျောင်းသွားရဦးမည် ဖြစ်ပေသည်။
မွန်းလွဲပိုင်းတွင် ၎င်းတို့ကို ပြန်ပို့ပေးလိုက်ရ၏။
နောက်တစ်နေ့။
ချန်ဖုန်း အိပ်ရာမှ ထလိုက်သည်နှင့် တစ်ပြိုင်နက် စနစ်က ဗီဒီယိုတစ်ခုကို ပေါ်လာစေခဲ့သည်။
[ ၂၀၃၇ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့မှာ ရှဲ့ဟယ် ဓာတ်ခွဲခန်းက ဟွာထို ရဲ့ ရှေးဟောင်းဆေးနည်းကို ပြန်လည်ဖော်ထုတ်နိုင်ခဲ့ပြီး အံ့မခန်း အာနိသင်ရှိတဲ့ အမာရွတ်ပျောက်ဆေးကို တီထွင်နိုင်ခဲ့တယ်…]
ဗီဒီယိုက ဇာတ်လမ်းကို ပြောပြနေပေ၏။
ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲခန်းတစ်ခုက လက်ရှိ ဈေးကွက်ထဲရှိ ထုတ်ကုန်များထက် အဆပေါင်း ဒါဇင်ချီ၍ ပိုမိုထိရောက်သော အမာရွတ်ပျောက်ဆေးကို တီထွင်နိုင်ခဲ့သည်။ အကြိမ်ကြိမ် အသုံးပြုပြီးနောက် ၎င်းက အမာရွတ်များကို လုံးဝ ပျောက်ကင်းသွားစေနိုင်ပေသည်။
ချန်ဖုန်း၏ မျက်လုံးများ ရုတ်တရက် လင်းလက်သွားခဲ့၏။
ဒါက သေချာပေါက် ဈေးကွက် အခွင့်အလမ်းတစ်ခုပဲ အထူးသဖြင့် အမျိုးသမီးတွေအတွက်ပေါ့။
စဉ်းစားကြည့်လေ အမာရွတ် နည်းနည်းပါးပါး မရှိတဲ့သူ ဘယ်သူများ ရှိလို့လဲ... လက်ရှိ ဈေးကွက်ထဲက ထုတ်ကုန်တွေက အမာရွတ်တွေကို မှေးမှိန်သွားအောင်ပဲ လုပ်နိုင်ပြီး လုံးဝ ပျောက်ကင်းသွားအောင် မလုပ်နိုင်ဘူး။
အထူးသဖြင့် ကလေးမွေးထားတဲ့ သူတွေအတွက်ပေါ့ တကယ်လို့ ခွဲမွေးထားရတယ်ဆိုရင် အမာရွတ်က အပြင်ပန်း အလှအပကို ထိခိုက်စေနိုင်တုန်းပဲလေ။
ဗီဒီယို၏ အောက်ဘက် ညာဘက်ထောင့်ရှိ ဝယ်ယူရန် အမှတ်အသားကို ချန်ဖုန်း သတိပြုမိသွားသည်။
သူက တိုက်ရိုက် နှိပ်လိုက်၏။
[ဒင်... အမာရွတ်ပျောက်ဆေး ဖော်စပ်နည်းကို ဝယ်ယူနိုင်ခဲ့တဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်... စနစ်ပွိုင့် ၃၀၀၀ နုတ်ယူပါမယ်...]
[ပိုင်ရှင်... လက်ရှိ ကျန်ရှိသော စနစ်ပွိုင့်များ ၃၂၅၀...]
ကျောပိုးအိတ်ထဲရှိ ဆေးနည်းကို ဖွင့်လိုက်ရာ သူက ထိုအသိပညာများ အားလုံးကို ချက်ချင်း စုပ်ယူလိုက်လေ၏။
ချန်ဖုန်း ရုတ်တရက် သတိရသွားသည်။ ရှန်ကွမ်ယွဲ့ ၏ ခန္ဓာကိုယ်ပေါ်တွင် အမာရွတ်များစွာ ရှိနေပြီး ဤဆေးက သူမအတွက် အသုံးဝင်နိုင်ကောင်းပေသည်။
ဆေးနည်းထဲရှိ လမ်းညွှန်ချက်များအတိုင်း သူ အလျင်အမြန် လိုက်နာလုပ်ဆောင်ပြီး ပစ္စည်းများကို သူကိုယ်တိုင် သွားဝယ်လိုက်၏။
တစ်နာရီ။
နှစ်နာရီ။
သုံးနာရီ တိတိ ကြာသွားခဲ့သည်။
နောက်ဆုံးတွင် နမူနာတစ်ခုကို ဖန်တီးနိုင်ခဲ့သော်လည်း အာနိသင် ဘယ်လောက်ကောင်းမလဲဆိုတာကို သူ မသေချာသေးချေ။
"ဒါဆို စမ်းကြည့်ဖို့ လူတစ်ယောက်ယောက် ရှာလိုက်ကြတာပေါ့..."
ချန်ဖုန်းက နမူနာကို အိတ်ကပ်ထဲ ထည့်ကာ ကျောင်းဘက်သို့ လျှောက်သွားလိုက်သည်။
ယခုလေးတင် နည်းပြဆရာမက ဖုန်းဆက်ပြီး သူနှင့် ဆွေးနွေးစရာရှိသည်ဟု ပြောခဲ့၏။
ဘာပဲဖြစ်ဖြစ် ဗီလာမှာ တစ်ယောက်တည်း နေရတာ ပျင်းစရာကောင်းသဖြင့် ရှန်ယန်းယန်းသည် စီမံခန့်ခွဲမှုပညာ သင်ယူရန် ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီ သို့ ထွက်သွားခဲ့သည်။
ယွင်ထင်ကလည်း ကိစ္စများကို ကိုင်တွယ်ရန် ကုမ္ပဏီသို့ သွားခဲ့၏။
ကျောင်းသို့ နောက်တစ်ကြိမ် ပြန်ရောက်လာချိန်တွင် ချန်ဖုန်းသည် စိမ်းသက်သော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ သူ ကျောင်းမလာသည်မှာ တစ်လနီးပါး ရှိနေပြီ ဖြစ်ပုံရပေ၏။
စစ်မြေပြင်မှာ တိုက်ခိုက်ခဲ့ရတဲ့ ရန်လိုမှုတွေက ကျောင်းမှာ ပြန်လည်ငြိမ်သက်သွားနိုင်ကောင်းပါရဲ့...
ကျောင်းဝင်းထဲသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် လူအများအပြားကို ဆူညံပွက်လောရိုက်သွားစေခဲ့၏။
"ချီးပဲ... ချန်ဖုန်း ကျောင်းမလာတာ လဝက်ကျော်နေပြီဟာကို ဘာလို့ ရုတ်တရက်ကြီး ပြန်ပေါ်လာရတာလဲ..."
"မြန်မြန်... မင်းရဲ့ ကောင်မလေးကို သေချာ ပုန်းခိုင်းထား..."
"ပုန်းနေ... ပုန်းနေခိုင်းထား..."
ချန်ဖုန်း ကျောင်းမလာသော ကာလအတွင်း
ကောင်လေးများသည် ကျောင်းရှိ လှပသော မိန်းကလေးများကို နှုတ်ဖြင့်ဖြစ်စေ ကိုယ်ထိလက်ရောက်ဖြစ်စေ ရူးသွပ်စွာ လိုက်ခဲ့ကြ၏။
ကိုယ့်ကောင်မလေးကို အရင်ရအောင်လုပ်ထားရမယ်လေ...
မဟုတ်ရင် အနာဂတ်မှာ ကောင်မလေး ရဖို့ သေချာပေါက် ခက်ခဲသွားလိမ့်မယ်…
လူတစ်စုက ၎င်းတို့၏ ကောင်မလေးများကို ဘေးသို့ ဆွဲခေါ်သွားသည်ကို မြင်သောအခါ ချန်ဖုန်းမှာ အနည်းငယ် စကားပြောစရာမဲ့ ဖြစ်သွားရပေသည်။
‘ဘာလို့ ထွက်ပြေးနေကြတာလဲ... ငါက မင်းတို့ရဲ့ ကောင်မလေးကို လုမှာမှ မဟုတ်တာ…’
နည်းပြဆရာမ ရုံးခန်းသို့ ရောက်ရှိချိန်တွင် နည်းပြဆရာမ ကျင်းထျန် မရှိဘဲ အနုပညာဌာနမှ ဆရာမကု သာ ရှိနေခဲ့၏။
ပြီးခဲ့သော ပါတီပွဲတွင် သူအသုံးပြုခဲ့သော ဂူကျန်းမှာ ဆရာမကု ထံမှ ငှားရမ်းခဲ့ခြင်း ဖြစ်ပေသည်။
ယနေ့ ဆရာမကု သည် ရိုးရာ ဟန် တရုတ်ဝတ်စုံကို ဝတ်ဆင်ထားဆဲ ဖြစ်၏။
သူမတွင် ပြင်းထန်သော ဂန္ထဝင်အလှတရား အငွေ့အသက်များ ရှိနေပေသည်။
နည်းပြဆရာမ မရှိသည်ကို မြင်သောကြောင့် ချန်ဖုန်း ထွက်သွားရန် ပြင်လိုက်ချိန်တွင် ဆရာမကု က သူ့ကို ရုတ်တရက် လှမ်းခေါ်လိုက်သည်။
"ချန်ဖုန်း... ဆရာမကို မြင်တာနဲ့ ဘာလို့ ထွက်ပြေးရတာလဲ…”
"အာ..."
ချန်ဖုန်းမှာ တကယ်ကို ဘယ်လိုပြန်ဖြေရမလဲဆိုတာ မသိခဲ့ချေ။
သူသည် ဆရာမကု နှင့် တစ်ကြိမ်သာ တွေ့ဖူးသေးသဖြင့် ခဏတာ တုံ့ဆိုင်းနေပြီးနောက် ပြောဆိုလိုက်၏။
"ဆရာမကု... ကျွန်တော် ကျွန်တော်တို့ရဲ့ နည်းပြဆရာမကို လာရှာတာပါ... သူမ ခုနကပဲ ဖုန်းဆက်လိုက်လို့..."
"ဆရာမကျင်း ကို ပြောတာလား..."
ဆရာမကု က အနည်းငယ် ပြုံးကာ သူမ၏ ထိုင်ခုံမှ မတ်တပ်ရပ်လိုက်သည်။
သူမက ချန်ဖုန်းထံသို့ ဖြည်းညင်းစွာ လျှောက်လာပြီး ပြောဆိုလိုက်၏။
"ဆရာမကျင်း ကို မင်းဆီ ဖုန်းဆက်ခိုင်းလိုက်တာ ဆရာမပါ... တိတိကျကျ ပြောရရင် ဆရာမ မင်းနဲ့ ဆွေးနွေးစရာ ကိစ္စလေးတစ်ခု ရှိလို့..."
"ဟင်..."
ဘာလုပ်ဖို့ စီစဉ်နေတာလဲ…
ချန်ဖုန်းက သူမကို အထက်အောက် အကဲခတ် ကြည့်ရှုလိုက်၏။
"ဆရာမကု က ကျွန်တော့်ကို ရှာနေတာလား..."
"သွားရအောင်... အပြင်မှာ စကားပြောကြတာပေါ့..."
ဆရာမကု က ရယ်မောလျက် သူ့ကို အပြင်သို့ ဆွဲခေါ်သွားလေသည်။
ဆယ်မိနစ်ခန့် ကြာပြီးနောက်။
နည်းပြဆရာမ ကျင်းထျန် သည် ရုံးခန်းထဲသို့ ဝင်လာခဲ့၏။ ရုံးခန်းထဲတွင် မည်သူမျှ မရှိသည်ကို တွေ့လိုက်ရသဖြင့် သူမ ဇဝေဇဝါ ဖြစ်သွားခြင်းကို မတားဆီးနိုင်ခဲ့ချေ။
"ဘာတွေ ဖြစ်နေတာလဲ... ခုနကပဲ ချန်ဖုန်း ဝင်လာတာကို ငါ သေချာ မြင်လိုက်ပါသေးတယ်... သူ ဘယ်ရောက်သွားတာလဲ... ဟင်... ဘာလို့ ဆရာမကု လည်း မရှိတော့တာလဲ... ဒီနှစ်ယောက် ထွက်ပြေးသွားကြတာလား..."