အခန်း ၃၀၃
Vol. 31 Ch. 303
အခန်း (၃၀၃) ဘာ... သူက ကာကွယ်ရေး စင်တာဆီက ငှက်ကို တောင်းတာလား... အောင်မြင်သွားသေးတယ်ပေါ့
ကြိုးကြာနီပေါက်လေးက အရွယ်ရောက်လာပြီ ဖြစ်သဖြင့် နည်းနည်း ပုန်ကန်ချင်လာပြီ ဖြစ်သည်။
ဘာပဲမြင်မြင် နှစ်ချက်လောက်တော့ အမြဲတမ်း နှုတ်သီးဖြင့် ဆိတ်ချင်နေသည်။
ရွှီယန်က ကြိုးကြာနီ ကာကွယ်ရေး စင်တာမှ ဝန်ထမ်းများနှင့် တိုင်ပင်ဆွေးနွေးပြီးနောက် ကြိုးကြာနီများ၏ စရိုက်လက္ခဏာကို နားလည်လာခဲ့သည်။
ကြိုးကြာနီပေါက်လေးများက ရန်ဖြစ်ရသည်ကို အလွန် နှစ်သက်ကြပြီး ၎င်းက ဖြတ်သန်းရမည့် လုပ်ငန်းစဉ် တစ်ခု ဖြစ်ကာ ခန္ဓာကိုယ်နှင့် နှုတ်သီး၏ စွမ်းအားကို လေ့ကျင့်ပေးနိုင်ပေသည်။
အထူးသဖြင့် အသက်အရွယ် တူညီသော ကြိုးကြာနီ နှစ်ကောင်က တွေ့ဆုံပါက တစ်ကောင်နှင့် တစ်ကောင် အမြဲတမ်း ယှဉ်ပြိုင်ချင်နေကြသည်။
သေချာသည်မှာ သူတို့က တစ်ဖက်လူကို နာကျင်အောင် သို့မဟုတ် သေဆုံးအောင်တော့ မလုပ်ကြဘဲ သာမန် ရန်ဖြစ်ရုံသာ ဖြစ်သည်။
တဖြည်းဖြည်း ကြီးထွားလာမှသာ ကြိုးကြာနီများက မာနကြီးလာကြခြင်း ဖြစ်သည်။
ရွှီယန်က ကြိုးကြာနီများ၏ အလေ့အထများက အတော်လေး စိတ်ဝင်စားဖို့ ကောင်းသည်ဟု တွေးလိုက်မိသည်။
ကြိုးကြာနီ ကာကွယ်ရေး စင်တာမှ ဝန်ထမ်းက အကြံပြုလာသည်။
"တစ်ကောင်တည်းဆိုရင် သူ့ရဲ့ ကြီးထွားမှု အတွက် ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်တယ်"
"သူက မျိုးနွယ်စုရဲ့ အလေ့အထတွေကို သင်ယူဖို့ လိုအပ်သလို အပေါင်းအဖော်တွေနဲ့ အတူ ရန်ဖြစ်ရင်း ကြီးထွားလာဖို့ လိုတယ်လေ"
"အဲဒါကြောင့် ခင်ဗျားရဲ့ ကြိုးကြာနီကို ကာကွယ်ရေး စင်တာဆီ ခေါ်လာဖို့ အကြံပြုချင်ပါတယ်... ကျွန်တော်တို့ သေချာ ပြုစုပျိုးထောင်ပေးပါ့မယ်"
"အဲဒါက သူ့ကို ပိုပြီး ကောင်းကောင်း ကြီးထွားလာစေနိုင်ပါတယ်"
တစ်ဖက်လူ၏ စကားကို ကြားသောအခါ ရွှီယန်က သေချာ စဉ်းစားနေလိုက်သည်။
တစ်ဖက်လူ ပြောသည်က အတော်လေး ယုတ္တိရှိပေသည်။
တစ်ကောင်တည်း ကင်းကွာနေခြင်းက ကြိုးကြာနီ၏ ကြီးထွားမှုကို အဟန့်အတား ဖြစ်စေနိုင်သည်။
ယခု ကြိုးကြာနီက ရန်ဖြစ်ရမည့် အရွယ် ရောက်နေပြီဖြစ်ရာ ခန္ဓာကိုယ် ကြီးထွားရန် လိုအပ်ပေသည်။
ထို့ကြောင့် ရွှီယန်က ပြန်ပြောလိုက်သည်။
"အဲဒီလိုလား"
"ဒါဆို ကျွန်တော် ကာကွယ်ရေး စင်တာဆီကနေ ကြိုးကြာနီပေါက်လေး နောက်ထပ် သုံးကောင်လောက် ထပ်တောင်းလို့ ရမလား"
"နှစ်လသား အရွယ်လောက်ပေါ့"
"ကျွန်တော့်ဘက်မှာလည်း ကာကွယ်ရေး စင်တာ တစ်ခု ရှိတယ်လေ... သူတို့ကို သေချာ ပြုစုပျိုးထောင်ပေးပါ့မယ်"
ကြိုးကြာနီ ကာကွယ်ရေး စင်တာ ဝန်ထမ်း “.....”
'ဘာ'
'ခင်ဗျားက ကာကွယ်ရေး စင်တာဆီကနေ ငှက်ကို တောင်းတာလား'
'ပြောင်းပြန်တွေ ဖြစ်ကုန်ပြီလား'
အမြဲတမ်း တခြားသူများကသာ ဒဏ်ရာရနေသော သို့မဟုတ် လူစုကွဲနေသော ကြိုးကြာနီများကို တွေ့ရှိပါက ကာကွယ်ရေး စင်တာသို့ လာပို့လေ့ ရှိကြသည်။
ကာကွယ်ရေး စင်တာဆီမှ အကောင်ပေါက်လေးများကို လာတောင်းသည့်လူ ဆို၍ တစ်ခါမှ မရှိခဲ့ဖူးချေ။ ထို့အပြင် သုံးကောင်တောင် တောင်းနေသေးသည်။
မျက်နှာ အရမ်း ပြောင်လွန်းနေသည်။
ကာကွယ်ရေး စင်တာ ဝန်ထမ်းက ပြန်ဖြေလိုက်သည်။
"ဒီကိစ္စကိုတော့ ဘာမှ လုပ်လို့ မရပါဘူး... အထက်လူကြီးတွေကို တင်ပြရဦးမယ်"
"ကျွန်တော်တို့လည်း ဆုံးဖြတ်လို့ မရဘူးလေ"
ထိုစကားကို ကြားသောအခါ ရွှီယန်က ခေါင်းညိတ်လိုက်ပြီး "ဟုတ်ပြီလေ... ကျွန်တော်က ဒီအတိုင်း မေးကြည့်ရုံပါ"
ရွှီယန်က တကယ်ပင် စတင် တွက်ချက်နေပြီ ဖြစ်သည်။
ကြိုးကြာနီ မွေးမြူရသည်မှာ ထင်သလောက် မလွယ်ကူလှချေ။ ဥပမာအားဖြင့် တစ်လသား အရွယ်တွင် မိမိ၏ ရေခွက်ထဲမှ ရေသောက်ရန် သို့မဟုတ် အစာခွက်ထဲမှ အစာစားရန်အတွက် လက်ချောင်းဖြင့် လမ်းညွှန်ပြသပေးရသည်။
ထို့အပြင် ပထမ နှစ်လအတွင်းတွင် ကြိုးကြာနီများကို ရေချိုးပေး၍ မရချေ။ သူတို့ဘာသာ သူတို့ ရေဆော့သည့် အချိန်ရောက်မှသာ ရေချိုးပေးနိုင်ပေသည်။
နောက်ထပ် အရေးကြီးသည်မှာ ပထမ သုံးလအတွင်းတွင် ကြိုးကြာနီများ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို အချိန်တိုင်း ဂရုစိုက်နေရမည် ဖြစ်သည်။ နေ့စဉ် လုံလောက်သော လှုပ်ရှားမှု ပမာဏ ရှိရန် လိုအပ်ပြီး ဖျားနာခြင်း မရှိစေရန်လည်း သတိထားရမည် ဖြစ်သည်။
သုံးလ ကြာသွားပြီးပါက ကြိုးကြာနီများ၏ အသက်ရှင်နိုင်ခြေက အတော်လေး မြင့်မားသွားမည် ဖြစ်၏။
ရွှီယန်က ကာကွယ်ရေး စင်တာ ဝန်ထမ်း၏ စကားများကို နားထောင်ပြီးနောက် သဘောပေါက်သွားခဲ့သည်။
သူ့အတွက် အပေါင်းအဖော် တစ်ကောင် ရှာပေးရမည် ဖြစ်သည်။
ရွှီယန်က ခြံဝင်းထဲရှိ အခြေအနေကို တစ်ချက် ကြည့်လိုက်သည်။
ကြိုးကြာနီပေါက်လေးက ရှောင်ဟေးနှင့် ဝံပုလွေပေါက်လေးတို့၏ နောက်တွင် လိုက်ပါနေသည်။ ဤကောင်လေးက အပေါင်းအဖော် မရှိသဖြင့် သူ့ကိုယ်သူ ခွေးတစ်ကောင်ဟု ထင်မှတ်သွားမည်ကို စိုးရိမ်ရပေသည်။
ထို့ကြောင့် ရွှီယန်က သစ်တောရေးရာ ဦးစီးဌာန မှ လူများကို ချက်ချင်း ဆက်သွယ်လိုက်သည်။
ဤကဲ့သို့သော ကိစ္စများမှာ အချင်းချင်း ကူညီရုံသာ ဖြစ်ပြီး ဥပဒေနှင့် ညီညွတ်ပါက အဆင်ပြေပေသည်။
ရွှီယန်က သစ်တောရေးရာ ဦးစီးဌာန ၏ ပရိုမိုးရှင်း လှုပ်ရှားမှု တစ်ခုတွင် ပါဝင်ရန် သဘောတူလိုက်ပြီး သစ်တော မီးဘေး ကာကွယ်ရေး ပရိုမိုးရှင်း သံတမန် အဖြစ် ဆောင်ရွက်ပေးမည် ဖြစ်သည်။
ထို့နောက် ကြိုးကြာနီ သုံးကောင် ထပ်မံ မွေးမြူလိုသည့် ဆန္ဒကို တင်ပြလိုက်သည်။
သုံးကောင်တောင်းဆိုမှုကို ပယ်ချခံလိုက်ရသော်လည်း တစ်ကောင် ထပ်မွေးမည့် အဆိုပြုချက်ကိုတော့ လက်ခံပေးခဲ့သည်။
မည်သို့ပင်ဆိုစေ ရွှီယန်၏ လယ်ယာခြံဝင်းတွင် နေရာလည်း ရှိသလို တိရစ္ဆာန် ဆရာဝန်လည်း ရှိကာ တိရစ္ဆာန် ကာကွယ်ရေး စင်တာ ၏ လုပ်ငန်းဆောင်တာများကိုပါ လုပ်ဆောင်နေသဖြင့် ကြိုးကြာနီ မွေးမြူခွင့် ရှိပေသည်။
ထို့အပြင် မွေးမြူရေး ကြိုးကြာနီများက တောရိုင်း ကြိုးကြာနီများလောက် တန်ဖိုး မကြီးလှချေ။ ယခု ရွှီယန် မွေးမြူထားသော ကြိုးကြာနီမှာ တောရိုင်း ကြိုးကြာနီ အစစ် ဖြစ်ရာ ပို၍ တန်ဖိုးကြီးလှပေသည်။
ထို့ကြောင့် အပြန်အလှန် ညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက် ရွှီယန်သည် ကြိုးကြာနီ ကာကွယ်ရေး စင်တာသို့ သွားရောက် လေ့လာရန် ဖိတ်ကြားခံခဲ့ရသည်။
ထို့အပြင် ကြိုးကြာနီပေါက်လေး တစ်ကောင်ကိုပါ ခေါ်ဆောင်သွားနိုင်မည် ဖြစ်သည်။
ရွှီယန်နှင့် ဆက်သွယ်ခဲ့သော ကာကွယ်ရေး စင်တာ ဝန်ထမ်းမှာ ဤသတင်းကို ကြားသောအခါ လုံးဝ ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။
'ဘာ... သူ တကယ်ကြီး ကာကွယ်ရေး စင်တာဆီကနေ ငှက်ကို တောင်းတာလား... တကယ်လည်း အောင်မြင်သွားသေးတယ်ပေါ့'
'အထက်လူကြီးတွေကပါ သူ့ကို ဖိတ်ကြားလိုက်သေးတယ်'
'ဒီလောက်တောင် လွယ်နေတာလား'
ဝန်ထမ်းက (အံ့ဩသွားကာ) "ဒီလူက ချန်ပိုင်တောင်တန်းရဲ့ ကောင်းချီချန် များ ဖြစ်နေမလား... ဩဇာအာဏာ အရမ်းကြီးနေတယ်"
ရွှီယန်က ကြိုးကြာနီပေါက်လေးကို ခေါ်ဆောင်ကာ ကာကွယ်ရေး စင်တာသို့ ရောက်ရှိလာခဲ့သည်။
ဤနေရာတွင် ခြံဝင်း တစ်ခု ရှိပြီး အထဲတွင် ကြိုးကြာနီပေါက်လေးများကို မွေးမြူထားသည်။
တိရစ္ဆာန် ထိန်းကျောင်းသူ ယန်ဖေး က ရှင်းပြပေးနေပြီး ဘေးတွင် ကာကွယ်ရေး စင်တာမှ အကြီးအကဲ နှစ်ဦးနှင့် အခြား လူအချို့လည်း ပါဝင်သည်။
ကောင်လေး နှစ်ယောက်က ကင်မရာများကို ကိုင်ဆောင်ကာ နေရာမျိုးစုံမှ ဓာတ်ပုံများ ရိုက်ကူးနေကြသည်။
ဤကဲ့သို့ သတင်းများတွင် မျက်နှာပြရသည့် ကိစ္စမျိုးကို အကြီးအကဲများက အမြဲတမ်း နှစ်သက်လေ့ ရှိကြသည်။
ယခုအခါ ရွှီယန်၏ နာမည်ကျော်ကြားမှုက အလွန် ကြီးမားနေပြီဖြစ်ရာ သေချာပေါက် အထူး အခွင့်အရေးများ ရရှိမည်သာ ဖြစ်သည်။
ရွှီယန်က သူ မွေးမြူထားသော ကြိုးကြာနီပေါက်လေးကိုလည်း ခြံဝင်းထဲတွင် ချထားလိုက်သည်။
သူက ကြိုးကြာနီပေါက်လေးကို လျိုကျိုက် ဟု နာမည်ပေးထားသည်။ (ခြောက်လပိုင်းတွင် ကောက်ရခဲ့သောကြောင့် ဖြစ်သည်)
လျိုကျိုက် က မြေကြီးပေါ်သို့ ရောက်သည်နှင့် ၎င်း၏ အကြည့်များက မလှမ်းမကမ်းရှိ အခြား ကြိုးကြာနီပေါက်လေး တစ်ကောင်ဆီသို့ ချက်ချင်း ရောက်ရှိသွားတော့သည်။
တစ်ဖက်ကလည်း အလျော့မပေးဘဲ ၎င်းကို ပြန်လည် စိုက်ကြည့်နေသည်။
ထိုအကောင်လေး နှစ်ကောင်စလုံးမှာ အညိုရောင် အမွေးများ ရှိပြီး အတောင်ပံ မပါသော ကြက်ကင် နှစ်ကောင်နှင့်ပင် တူညီနေသည်။ သူတို့က အချင်းချင်း မကျေမနပ် ဖြစ်နေပုံရပြီး ချက်ချင်းပင် တစ်ကောင်နှင့် တစ်ကောင် အနားသို့ လျှောက်သွားကြတော့သည်။
ရွှီယန်က စိတ်ဝင်တစား ကြည့်နေလိုက်သည်။
ဘေးမှ တိရစ္ဆာန် ထိန်းကျောင်းသူ က ရှင်းပြသည်။
"ကြိုးကြာနီပေါက်လေးတွေက ပုံမှန်အားဖြင့်တော့ သင့်တင့်အောင် နေတတ်ကြပါတယ်... တစ်ခါတလေတော့ ရန်ဖြစ်တတ်တယ်... ရန်ဖြစ်ပြီဆိုရင်တော့ စောင့်ကြည့်ပြီး အချိန်မီ ခွဲပေးရပါတယ်"
"သုံးလသား အရွယ် ရောက်လာရင်တော့ ကြိုးကြာနီပေါက်လေးတွေက ပိုပြီး ရင့်ကျက်လာပြီး ရန်ဖြစ်တာတွေလည်း နည်းသွားပါလိမ့်မယ်"
"ဆရာ ရွှီယန် ရဲ့ ကြိုးကြာနီက နှစ်လသား အရွယ်ဆိုတော့ ရန်အဖြစ်ချင်ဆုံး အရွယ်ပဲ"
စကားပြောနေစဉ်မှာပင် လျိုကျိုက် နှင့် အခြား ကြိုးကြာနီ တစ်ကောင်က ရင်ဘတ်ချင်း ကပ်ကာ အချင်းချင်း ဘယ်သူက အရပ်ပိုရှည်သလဲ ဘယ်သူက ရင်ဘတ် ကြွက်သား ပိုကြီးသလဲ ဆိုသည်ကို ယှဉ်ပြိုင်နေကြပြီ ဖြစ်သည်။
ထို့နောက် အကောင်လေး နှစ်ကောင်က တစ်ကောင်၏ အတောင်ပံကို တစ်ကောင်က အပြန်အလှန် နှုတ်သီးဖြင့် ဆိတ်နေကြတော့သည်။
ယင်းကို မြင်သောအခါ တိရစ္ဆာန် ထိန်းကျောင်းသူ က အလျင်အမြန်ပင် သွားရောက် ခွဲထုတ်လိုက်သည်။
ခွဲထုတ်နေစဉ်အတွင်း အကောင်လေး နှစ်ကောင်က တိရစ္ဆာန် ထိန်းကျောင်းသူ ၏ လက်များကိုပါ နှုတ်သီးဖြင့် ဆိတ်နေကြသေးသည်။
ဤအချိန်တွင် ကြိုးကြာနီများက အားလုံးကို အလွတ်မပေးဘဲ ရန်ပြုတတ်ကြသည်။
ကံကောင်းသည်မှာ သူတို့၏ ခွန်အားက သိပ်မကြီးမားသလို နှုတ်သီးများကလည်း တုံးနေသဖြင့် နှုတ်သီးဖြင့် အဆိတ်ခံရပါက အနည်းငယ် နာကျင်ရုံသာ ရှိပြီး အရေပြား ပေါက်ပြဲခြင်းမျိုး မရှိနိုင်ချေ။
"ဒီကြိုးကြာနီပေါက်လေးက မဆိုးဘူးပဲ"
"ခေါ်သွားလို့ ရမလား"
ရွှီယန်က မေးလိုက်သည်။
တိရစ္ဆာန် ထိန်းကျောင်းသူ က တစ်ချက် ကြည့်လိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။
"အခြေအနေက ဒီလိုပါ..."
"ကျွန်တော်တို့ ဆီမှာ နှစ်လသား အရွယ် ကြိုးကြာနီ ခြောက်ကောင် ရှိပါတယ်"
"ကြိုးကြာနီ တွေကို အမြဲတမ်း ခွဲပြီး မွေးထားရပါတယ်... ဘာလို့လဲဆိုတော့ သုံးလသား အရွယ်တွေက နှစ်လသား အရွယ်တွေကို အနိုင်ကျင့်တတ်ပြီး နှစ်လသား အရွယ်တွေကလည်း တစ်လသား အရွယ်တွေကို အနိုင်ကျင့်တတ်လို့ပါ"
"နှစ်လသား အရွယ် ကြိုးကြာနီ ခြောက်ကောင်ထဲက ငါးကောင်မှာ အမေ ရှိပါတယ်... ဒါကြောင့် ခေါ်သွားလို့ မရပါဘူး"
"တစ်ကောင်တည်းသာ မိဘမဲ့ ဖြစ်နေတာပါ... အမေက သေသွားပြီလေ... အဲဒီတစ်ကောင်ကိုတော့ ဆရာ ခေါ်သွားပြီး ပြုစုပျိုးထောင်လို့ ရပါတယ်"
တိရစ္ဆာန် ထိန်းကျောင်းသူ က လျိုကျိုက် နှင့် ရန်ဖြစ်နေသော ကြိုးကြာနီပေါက်လေးကို ကောက်ကိုင်လိုက်ပြီး နှစ်ချက်ခန့် ကြည့်ရှုပြီးနောက် ပြောလိုက်သည်။
"အင်း..."
"ဒီတစ်ကောင်ပါပဲ... သူက ဆရာ့ လယ်ယာခြံဝင်းကို ထည့်ပေးလိုက်ဖို့ ပြင်ဆင်ထားတဲ့ ကြိုးကြာနီပေါက်လေးပါ"
ထိုစကားကို ကြားသောအခါ ရွှီယန်လည်း ရယ်မောလိုက်မိသည်။
'လျိုကျိုက် က ရွေးတတ်သားပဲ'
'ပြိုင်ဘက် တစ်ကောင်ကို တန်းပြီး ရွေးလိုက်တာကိုး'
"ကောင်းပြီလေ... ဒီတစ်ကောင်ကိုပဲ ယူလိုက်ပါ့မယ်... ကျွန်တော်လည်း မွေးမယ်"
"ကျွန်တော် သင်တန်းတွေလည်း တက်ဖူးသလို လယ်ယာခြံဝင်းမှာလည်း တိရစ္ဆာန် ဆရာဝန် ရှိတယ်... ပတ်ဝန်းကျင်ကလည်း ကောင်းပါတယ်"
"ဘာပြဿနာမှ မရှိနိုင်ပါဘူး"
ရွှီယန်က ပြုံးကာ ဖြေကြားလိုက်သည်။
ထို့နောက် သူတို့က အတူတကွ ဆက်လက် လေ့လာကြည့်ရှုကြသည်။
အကြီးအကဲများက သူ့ကို လိုက်လံ ပြသနေသည်ဟု ဆိုသော်လည်း တကယ်တမ်းတွင်မူ သူက အကြီးအကဲများကို လိုက်လံ ပြသနေခြင်းပင် ဖြစ်သည်။
တစ်ပတ်ခန့် လှည့်ပတ်ကြည့်ရှုပြီး ဓာတ်ပုံများ ရိုက်ကူးပြီးနောက် ယနေ့ ကိစ္စက ပြီးဆုံးသွားပြီ ဖြစ်သည်။
ထို့နောက် ရွှီယန်က ကြိုးကြာနီပေါက်လေး နှစ်ကောင်ကို ခေါ်ဆောင်ကာ လယ်ယာခြံဝင်းသို့ ပြန်လာခဲ့သည်။
ပြန်ရောက်သောအခါ ညနေ ငါးနာရီခန့် ရှိနေပြီ ဖြစ်သည်။
လယ်ယာခြံဝင်းက ယခင်အတိုင်းပင် ဖြစ်သည်။
တိရစ္ဆာန်များ အားလုံး ကိုယ့်ဟာကိုယ် ဆော့ကစားနေကြပြီး နေရာတိုင်းတွင် သူတို့ကို မြင်တွေ့ရပေသည်။
ခြံဝင်းကို သေချာစွာ သန့်ရှင်းရေး ပြုလုပ်ထားသည်။
ရွှီယန် ရောက်လာသည်နှင့် ခွေးများ အားလုံး ဝိုင်းအုံလာကြသည်။
ရွှီယန်က သူတို့ကို ဂရုမစိုက်ဘဲ ခြံဝင်းထဲသို့ တိုက်ရိုက် ဝင်သွားကာ ကြိုးကြာနီပေါက်လေး နှစ်ကောင်ကို မြက်ခင်းပေါ်တွင် ချထားလိုက်သည်။
ခွေးများကလည်း သူနှင့်အတူ ဝင်လာကြပြီး ရွှီယန်၏ ဘေးတွင် ဝပ်ကာ စောင့်ရှောက်နေကြသည်။
ရွှီယန်က ကြိုးကြာနီပေါက်လေး နှစ်ကောင်ကို အပြင်ထုတ်ပေးလိုက်ပြီး ရေနှင့် အစာများကို ပြင်ဆင်ပေးလိုက်သည်။
အသစ်ရောက်လာသော ကြိုးကြာနီကို ရွှီယန်က ချီကျိုက် ဟု နာမည်ပေးလိုက်သည်။
လျိုကျိုက် နှင့် ချီကျိုက် တို့မှာ ကြက်ကင်လေးများ နှင့် တူညီသော အညိုရောင် ကြိုးကြာနီပေါက်လေး နှစ်ကောင် ဖြစ်သည်။
သူတို့ နှစ်ကောင်က ရေအနည်းငယ် သောက်ကာ အစာ နှစ်လုတ်ခန့် စားလိုက်ကြသည်။
ထို့နောက် အကောင်လေး နှစ်ကောင်က ထပ်မံ၍ ရင်ဘတ်ချင်း ကပ်ကာ အချင်းချင်း ပြင်းထန်စွာ တွန်းထိုးနေကြပြန်သည်။
ရွှီယန်က ဘေးမှနေ၍ ကြည့်နေလိုက်သည်။
သူတို့ နှစ်ကောင် အချင်းချင်း နှုတ်သီးဖြင့် မဆိတ်သရွေ့ ဘာပြဿနာမှ မရှိသဖြင့် ခဏမျှ တိုက်ခိုက်ခွင့် ပေးထားနိုင်သည်။ အချင်းချင်း နှုတ်သီးဖြင့် စတင် ဆိတ်လာပါက ခွဲထုတ်ပေးရမည် ဖြစ်သည်။
ညဘက်တွင်လည်း အကောင်လေး နှစ်ကောင်ကို ခွဲ၍ အိပ်ခိုင်းကာ ကိုယ်ပိုင် လှောင်အိမ်များထဲတွင် ထားရှိရမည် ဖြစ်သည်။
လှောင်အိမ်များက ကာကွယ်ပေးရန်အတွက် ဖြစ်သည်။ မည်သို့ပင်ဆိုစေ ညဘက်တွင် မည်သည့် တိရစ္ဆာန်များ ဝင်လာမည်ကို မသိနိုင်သောကြောင့် ဖြစ်သည်။
အကောင်လေး နှစ်ကောင်က ခြံဝင်းထဲတွင် အကြိတ်အနယ် တိုက်ခိုက်နေကြသည်။ ထိုအချိန်တွင် လီဟွာကြောင် ကလည်း နံရံပေါ်သို့ တက်လာပြီး ခေါင်းပြူကာ သတိကြီးစွာဖြင့် စောင့်ကြည့်နေပြန်သည်။
'ခိုးကြောင်ခိုးဝှက် စောင့်ကြည့်ခြင်း'
ဤမြင်ကွင်းကို အီမိုဂျီ တစ်ခု အဖြစ်ပင် ဖန်တီး၍ ရနိုင်ပေသည်။
ကြောင်မျိုးရင်းဝင် တိရစ္ဆာန်များ၏ အမြင်တွင် ကြိုးကြာနီပေါက်လေးများက တကယ်ကို အရသာရှိသည့် ပုံပေါ်ပေသည်။ အသားများပြီး နူးညံ့ကာ အမွေးများလည်း သိပ်မရှိချေ။
ရွှီယန်က ဤမြင်ကွင်းကို သတိထားမိသွားရာ လှည့်ကြည့်လိုက်ပြီး လီဟွာကြောင် ဆန်းပြောင်ကို ပြောလိုက်သည်။
"ဆန်းပြောင်... မင်း ဘာကြည့်နေတာလဲ... ဒါတွေကို စားလို့ မရဘူး"
"ဒီနှစ်ကောင်က နိုင်ငံတော်အဆင့် ၁ ကာကွယ်ရမယ့် တိရစ္ဆာန်တွေ ဆိုတာ သိရဲ့လား"
"မင်းက ရိုးရိုး ကြောင်လေး တစ်ကောင်ပဲနော်"
ထိုစကားကို ကြားသောအခါ လီဟွာကြောင်က လူမိသွားမှန်း သိလိုက်သဖြင့် ဆက်ဟန်မဆောင်တော့ဘဲ နံရံပေါ်သို့ တက်သွားတော့သည်။
၎င်းက ခြေလေးချောင်းကို စုစည်းကာ အမြီးဖြင့် ရစ်ပတ်လိုက်ပြီး နံရံပေါ်တွင် ထိုင်ကာ အနားယူနေတော့သည်။
ကြိုးကြာနီပေါက်လေး နှစ်ကောင်က တိုက်ခိုက်နေကြဆဲပင်။ သူတို့က ခြေဖျားထောက်ကာ တစ်ဖက်လူထက် ပိုမို အရပ်ရှည်ကြောင်း ပြသရန် ကြိုးစားနေကြသည်။
ရွှီယန်က အခြေအနေကို ကြည့်ပြီးနောက် ဤအကောင်လေး နှစ်ကောင်ကို ခွဲထုတ်လိုက်သည်။
တစ်ဖက်တွင် တစ်ကောင်စီ ကိုင်ထားလိုက်သည်။
နှစ်လသား အရွယ် ကလေးများ ဖြစ်သော်လည်း အတော်လေး လှုပ်ရှားနိုင်ကြပေသည်။
သုံးလသား အရွယ် ရောက်လာပါက အမွေးများက အညိုရောင် ရှိနေဆဲ ဖြစ်သော်လည်း အနည်းငယ် ပိုမို ရင့်ကျက်လာမည်ဖြစ်ရာ ဤမျှ ရန်မလိုတော့ချေ။
ထို့အပြင် ကြိုးကြာနီပေါက်လေး နှစ်ကောင်က ကြီးထွားလာသည်နှင့်အမျှ ပိုမို ရင့်ကျက်လာပြီး တဖြည်းဖြည်း မာနကြီးလာမည် ဖြစ်သည်။
ရွှီယန်က ဆူညံနေသော ကြိုးကြာနီပေါက်လေး နှစ်ကောင်ကို ကြည့်ရင်း အရွယ်ရောက်ပြီးသော ကြိုးကြာနီများ၏ ကျက်သရေရှိသော ကိုယ်ဟန်အမူအရာကို စိတ်ထဲတွင် ပြန်လည် မြင်ယောင်ကြည့်လိုက်သည်။
အတော်လေး ကွဲလွဲနေပေသည်။
'ငှက်ကလေးတွေက အမြန် ကြီးထွားပြီး မြန်မြန် ပြောင်းလဲတတ်ကြတယ်' ဟုသာ ဆိုရမည် ဖြစ်သည်။
"မင်းတို့ နှစ်ကောင်ကို နာမည် မှားမပေးခဲ့ဘူးဆိုရင် နိုင်ငံတော် ငှက်တောင် ဖြစ်သွားနိုင်တယ်"
"အခုတော့ ကျီလင် ရဲ့ ပြည်နယ် ငှက်ပဲ ဖြစ်သွားတယ်"
"ဒဏ္ဍာရီလာ ငှက်တွေ အဆင့် ရောက်နေပြီဆိုတော့ နည်းနည်း ငြိမ်ငြိမ်လေး နေကြစမ်းပါ"
ရွှီယန်က အကောင်လေး နှစ်ကောင်ကို နှစ်သိမ့်နေလိုက်သည်။
ကြိုးကြာနီပေါက်လေး နှစ်ကောင်က ရွှီယန်၏ ဘယ်ဘက်လက်တွင် တစ်ကောင် ညာဘက်လက်တွင် တစ်ကောင် ရှိနေပြီး အချင်းချင်း စိုက်ကြည့်နေကြကာ ခေါင်းကို အရှေ့သို့ အဆက်မပြတ် ထုတ်၍ တစ်ဖက်လူကို နှုတ်သီးဖြင့် ဆိတ်ရန် ကြိုးစားနေကြသေးသည်။
ကြည့်ရသည်မှာ ဘယ်သူကမှ အလျှော့မပေးချင်သည့် ပုံစံမျိုးပင်။
ရွှီယန်က ကမန်းကတမ်းပင် သူတို့ နှစ်ကောင်ကို ဆွဲခွာလိုက်ရသည်။
ဒေါသကလည်း အတော်လေး ကြီးကြပေသည်။
သူတို့ နှစ်ကောင်၏ ပုံစံကို ကြည့်ရင်း ရွှီယန်လည်း အနာဂတ်တွင် သူတို့ မည်ကဲ့သို့ မာနကြီးပြီး ကျက်သရေရှိသော ပုံစံမျိုး ဖြစ်လာမည်ကို မယုံနိုင်အောင် ဖြစ်နေမိတော့၏။