အခန်း ၃၀၄
Vol. 31 Ch. 304
အခန်း (၃၀၄) ဒီလယ်ယာခြံဝင်းထဲက တိရစ္ဆာန်တွေက တကယ်ကို ထူးဆန်းတာပဲ
လျိုကျိုက်နှင့် ချီကျိုက်ဟူသော ကြိုးကြာနီပေါက်လေးနှစ်ကောင်မှာ အချင်းချင်း မကျေမနပ်ဖြစ်နေကြသည်။
၎င်းတို့နှစ်ကောင် ရန်ဖြစ်ပုံမှာ အတော်လေး စိတ်ဝင်စားဖွယ်ကောင်းသည်။ တစ်ကောင်နှင့်တစ်ကောင် ရင်ဘတ်ချင်းကပ်ကာ မည်သူက အရပ်ပိုရှည်သနည်းဟူသည်ကို ယှဉ်ပြိုင်နေကြခြင်း ဖြစ်သည်။
ရွှီယန်က ၎င်းတို့ကိုကြည့်ရင်း လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့် ပေးထားလိုက်သည်။
သူ အပြင်ထွက်သွားမည့်အချိန်ရောက်မှသာ ထိုနှစ်ကောင်ကို ခွဲထားခဲ့မည်ဖြစ်သည်။ မဟုတ်လျှင် ဆက်လက် သောင်းကျန်းနေကြမည်သာတည်း။
သို့သော် ဤသို့ဖြင့် အတူတကွ နေလာသည်မှာ နှစ်ရက်ခန့် ကြာမြင့်လာသောအခါ အကောင်လေးနှစ်ကောင်မှာ သင့်တင့်စွာ နေထိုင်တတ်လာကြသည်။ အတူတကွ အစာစားကာ အတူတကွ ရေသောက်ကြလေသည်။
တစ်ခါတရံ တစ်ဖက်လူကို မျက်မုန်းကျိုးသည့် အခါမျိုးတွင်သာ ပြန်လည်၍ ရန်ဖြစ်တတ်ကြသေးသည်။
ရွှီယန်လည်း တဖြည်းဖြည်းနှင့် ၎င်းတို့ကို သိပ်၍ ဂရုမစိုက်တော့ပေ။
သူ့တွင် လုပ်ဆောင်စရာ ကိစ္စရပ်များစွာ ရှိနေသေးသည်။ သူသည် တောင်ကတုံးပေါ်တွင် စီးပွားဖြစ်သစ်တောတစ်ခု တည်ဆောက်ရန် ရည်ရွယ်ထားသည်။
တောင်ကတုံးဆိုသည်မှာ သစ်ပင်ပန်းမန် လုံးဝမရှိသော တောင်တန်းမျိုးကို ဆိုလိုခြင်းမဟုတ်ဘဲ အရပ်ရှည်သော သစ်ပင်ကြီးများမရှိဘဲ ခြုံနွယ်ပိတ်ပေါင်းများသာ ဖုံးလွှမ်းနေသော ဧရိယာမျိုးကို ဆိုလိုခြင်းဖြစ်သည်။ ကြည့်ရသည်မှာ ပြောင်ရှင်းနေပြီး သစ်တောနှင့် လုံးဝမတူညီချေ။
သို့သော် မြေဆီလွှာမှာမူ အတော်လေး ကောင်းမွန်နေသေးသည်။
ပုံမှန်အားဖြင့် တောင်များကို ကန်ထရိုက်ယူသော သူဌေးကြီးများသည် တည်းခိုခန်းများနှင့် အပန်းဖြေစခန်းများ တည်ဆောက်ရန် ရည်ရွယ်ထားတတ်ကြပြီး ကုန်ကျစရိတ်ကို မျှဝေခံစားရန်အတွက် မိတ်ဖက်များ ရှာဖွေကာ အကျိုးအမြတ်ဖြစ်စေ၊ အရှုံးဖြစ်စေ အတူတကွ ခံစားလေ့ရှိကြသည်။
သို့သော် ရွှီယန်က ထိုသို့ မစဉ်းစားထားပေ။ သူက သီးသန့် စီးပွားဖြစ်သစ်တော တစ်ခုကိုသာ ဖန်တီးချင်ခြင်းဖြစ်သည်။
ရွှီယန် ပထမဆုံး စဉ်းစားထားသည်မှာ ထင်းရှူးနီတောဖြစ်ပြီး ၎င်းက အသေချာဆုံး လုပ်ငန်းလည်း ဖြစ်သည်။
ထင်းရှူးနီတောများကို ကန်ထရိုက်ယူပြီး ပြုစုပျိုးထောင်ပေးသော သစ်တောရေးရာ ကုမ္ပဏီများ အများအပြား ရှိသည်။ ဆိုလိုသည်မှာ ထိုကုမ္ပဏီများနှင့် ဆက်သွယ်လိုက်ရုံဖြင့် အလျင်အမြန်ပင် သစ်ပင် စတင်စိုက်ပျိုးနိုင်မည် ဖြစ်သည်။
ထို့အပြင် ထင်းရှူးနီပင်မှာ ချန်ပိုင်တောင်တန်းတွင် ကြီးထွားရန် အလွန် သင့်တော်ပြီး စိုက်ပျိုးပြီးသွားပါက အထူးတလည် ဂရုစိုက်နေရန် မလိုအပ်တော့ချေ။
အစပိုင်းတွင် ရင်းနှီးမြှုပ်နှံမှု ကြီးမားသော်လည်း နောက်ပိုင်းတွင် ငွေဝင်လာမည့်အချိန်ကို ထိုင်စောင့်နေရုံသာ ဖြစ်သည်။ ဤသည်မှာ ရေရှည် စီးပွားရေးလုပ်ငန်း တစ်ခုဖြစ်သည်။
ယခုအခါ ရွှီယန်တွင် ငွေကြေးပြည့်စုံနေပြီဖြစ်သည်။ တိုက်ရိုက်ထုတ်လွှင့်ခြင်းနှင့် လယ်ယာခြံဝင်းမှ ရရှိသော ဝင်ငွေများမှာ အတော်လေး များပြားနေပြီ ဖြစ်သည်။
အကြမ်းဖျင်း ခန့်မှန်းချက်အရ လယ်ယာခြံဝင်း၏ တစ်နှစ်ဝင်ငွေမှာ ယွမ်သန်းနှစ်ဆယ် အထက်တွင် ရှိပေသည်။ သေးငယ်သော လယ်ယာခြံဝင်း တစ်ခုအတွက်မူ ဤဝင်ငွေမှာ အတော်လေး ကောင်းမွန်နေပြီ ဖြစ်သည်။
တိုက်ရိုက်ထုတ်လွှင့်မှုမှ ရရှိသော ဝင်ငွေကမူ ထို့ထက်ပင် ပိုမို များပြားပါသေးသည်။
ယခင်က ရွှီယန်သည် သစ်တောရေးရာဦးစီးဌာနကို ကတိပေးထားခဲ့ဖူးရာ ကျားသစ်ပေါက်လေးများ ပါဝင်သည့် တိုက်ရိုက်ထုတ်လွှင့်မှုများတွင် လက်ဆောင်ငွေပေးပို့သည့်စနစ်ကို ဖွင့်လှစ်ခွင့် မရှိချေ။
သို့သော် ပုံမှန်အချိန်များ၌ တောင်ထဲဝင်ပါက လက်ဆောင်ငွေစနစ်ကို ဖွင့်ထားခွင့် ရှိသည်။ တောရိုင်းတိရစ္ဆာန်များနှင့် ကြုံတွေ့ရလျှင်ပင် တမင်သက်သက် ရိုက်ကူးနေခြင်း မဟုတ်သဖြင့် ပြဿနာ မရှိနိုင်ပေ။
ထို့ကြောင့် သူ၏ တိုက်ရိုက်ထုတ်လွှင့်မှုမှ ဝင်ငွေမှာ အလွန် များပြားလှသည်။
ထိပ်တန်း လိုက်ဖ်လွှင့်သူ တစ်ဦးဖြစ်ရာ တကယ်ကို ဝင်ငွေကောင်းလွန်းလှပေသည်။
ထို့နောက် ရွှီယန်က သစ်တောရေးရာ ကုမ္ပဏီနှင့် ဆက်သွယ်ကာ ထင်းရှူးနီပင်များကို ဝယ်ယူလိုက်သည်။ အားလုံးမှာ ထင်းရှူးသီးများ သီးနိုင်သော ထင်းရှူးနီပင်များသာ ဖြစ်သည်။
ရိတ်သိမ်းချိန်သို့ ရောက်ရှိလာပါက သစ်ပင်တိုင်းတွင် ထင်းရှူးသီးများ အပြည့်အမောက် သီးနေမည် ဖြစ်၏။
ယခင်က တောင်ထဲသို့ ဝင်ရောက်ကာ ထင်းရှူးသီးများကို လိုက်လံ ကောက်ယူခဲ့ရသော်လည်း ယခုအခါတွင်မူ ကိုယ်တိုင် စိုက်ပျိုးနိုင်ပြီ ဖြစ်သည်။ ငွေကြေးပြည့်စုံလာသောအခါ ဤသို့ပင် လက်ဖွာနိုင်ပေသည်။
သိပ်မကြာခင်မှာပင် တောင်ကတုံးပေါ်သို့ မြေတူးစက်များ ရောက်ရှိလာပြီး မြေဆွခြင်းနှင့် မြေကော်ခြင်းများကို စတင် လုပ်ဆောင်ကြတော့သည်။ ဤကဲ့သို့သော တောင်စောင်းများတွင် ထွန်စက်များ တက်ရောက်၍ မရသဖြင့် မြေတူးစက်များကိုသာ အားထားရခြင်း ဖြစ်သည်။
မြေတူးစက် နှစ်စီး တောင်ပေါ်သို့ ရောက်ရှိလာသည်ကို မြင်သောအခါ ရွာသူရွာသား အများအပြားကလည်း လာရောက် ကြည့်ရှုကြသည်။ အားလုံးက အမျိုးမျိုး ပြောဆိုနေကြလေသည်။
"ဒါက ဘာဖြစ်တာလဲ... ငါတို့ တောင်ပေါ်မှာ ဘာဆောက်မှာလဲ"
"လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေဘာတွေ ဆောက်မှာများလား... အဲဒါတွေ ဆောက်ရင် ငါတို့ဒေသ ဖွံ့ဖြိုးရေးအတွက် မကောင်းဘူးလို့ ကြားဖူးတယ်"
"ဘယ်လို အခြေအနေလဲ... ရွာရဲ့ ရေအရင်းအမြစ်ကို ညစ်ညမ်းစေတယ်ဆိုပြီး သူ့ဆီကနေ ပိုက်ဆံနည်းနည်းလောက် တောင်းလို့ ရမလား"
ခေါင်ဖျားပြီး ဆင်းရဲသော ဒေသအချို့တွင် တမင်သက်သက် ပြဿနာရှာကာ ငွေတောင်းတတ်သူ အချို့ အမြဲတမ်း ရှိတတ်ပေသည်။ ယခင်က ရွာအချို့တွင် လမ်းဖောက်လုပ်စဉ်က သက်ကြီးရွယ်အို အချို့မှ လမ်းပိတ်ကာ ငွေတောင်းသည့် ကိစ္စများပင် ရှိခဲ့ဖူးသည်။
အကြောင်းပြချက် တစ်ခုခု ရှိရန်သာ လိုအပ်ပေသည်။ ရွာသား အချို့က ဘာလုပ်နေသနည်းဟု တကယ်ပင် လာရောက် မေးမြန်းကြသည်။
မကြာခင်မှာပင် သူတို့ အဖြေကို သိရှိသွားကြလေသည်။ ဤပြောင်ရှင်းနေသော တောင်ကို ရွှီယန်က ကန်ထရိုက်ယူလိုက်ပြီး ယခု သစ်ပင် စိုက်ပျိုးနေခြင်း ဖြစ်သည်။
ဤအဖြေကို ကြားသောအခါ သူတို့ အားလုံး အသံတိတ်သွားကြတော့သည်။
ထိုတောင်ကတုံးမှာ ရွာနှင့် အတော်လေး ဝေးကွာသဖြင့် ရွာကို မည်သို့မျှ ထိခိုက်မှု မရှိနိုင်ချေ။ ထို့အပြင် သူက လျှပ်စစ်ဓာတ်အားပေး စက်ရုံ တည်ဆောက်နေခြင်း မဟုတ်ဘဲ သစ်ပင် စိုက်နေခြင်း ဖြစ်ရာ ပတ်ဝန်းကျင်ကိုလည်း ထိခိုက်မှု မရှိနိုင်ပေ။
ဤတောင်က ရွှီယန်၏ လယ်ယာခြံဝင်းနှင့် အတော်လေး နီးကပ်သဖြင့် နောင်တွင် ဤနေရာသို့ လာရောက်ရန် အဆင်ပြေမည် ဖြစ်၏။ စိုက်ပျိုးရေး တက္ကသိုလ်မှ ကျောင်းသားများကလည်း တောင်ပေါ်ရှိ မြင်ကွင်းကို အဝေးမှ လှမ်းကြည့်ရင်း အံ့ဩနေကြသည်။
"အစ်ကိုယန်က အဲဒီတောင်ကို ကန်ထရိုက်ယူလိုက်ပြီဆိုတာ ကြားပြီးပြီလား... ထင်းရှူးနီတွေ စိုက်နေတယ်တဲ့"
"တကယ်ကို လက်ဖွာတာပဲ... တောင်ကြီး တစ်လုံးကို တန်းပြီး ကန်ထရိုက်ယူပစ်လိုက်တာ"
"တကယ်တော့ တောင်ကို ကန်ထရိုက်ယူတာက အရမ်း ဈေးမကြီးပါဘူး... ဘယ်လို အသုံးချမလဲ ဆိုတာကသာ ဈေးကြီးတာလေ... သစ်ပင်စိုက်တာကတော့ ဝင်ငွေ အတော်လေး တည်ငြိမ်တဲ့ နည်းလမ်း တစ်ခုပါပဲ"
"နောက်ပိုင်းကျရင် တောင်တွေတောင် သူ့ပိုင်ဆိုင်မှု ဖြစ်လာတော့မှာပဲ... တကယ် မိုက်တာပဲ"
အားလုံးက ရွှီယန်ကို ပို၍ပင် လေးစားသွားကြတော့သည်။ ထိုအချိန်တွင် ရွှီယန်က နေရာတွင် ကိုယ်တိုင် ကြီးကြပ်နေပြီး လုပ်ငန်းခွင် အခြေအနေများကို စစ်ဆေးနေသည်။
သူက တောင်နောက်ဘက်သို့ လှမ်းကြည့်လိုက်ပြီး မှန်ပြောင်းဖြင့်ပါ သေချာစွာ ကြည့်ရှုလိုက်သည်။ သိပ်မကြာခင်မှာပင် ရှောင်ဟွာတို့ မိသားစု၏ သဲလွန်စကို သူ မြင်တွေ့လိုက်ရသည်။
ရှောင်ဟွာက ကျောက်တုံး တစ်တုံး နောက်တွင် ပုန်းအောင်းနေပြီး ခန္ဓာကိုယ် တစ်ဝက်ကို အပြင်ထုတ်ကာ လျှို့ဝှက်စွာ ကြည့်ရှုနေလေသည်။ တိရစ္ဆာန်များကလည်း ပွဲကြည့်ရသည်ကို ဝါသနာပါသည်သာ။
ကျားသစ်ကလည်း မြေတူးစက်များကို ကြည့်ချင်နေပုံရသည်။ ရှောင်ဟွာ ပေါ်လာသည်ကို မြင်သောအခါ ရွှီယန်လည်း မနေနိုင်ဘဲ ရယ်မောလိုက်မိသည်။
မလှမ်းမကမ်းရှိ တောင်ခြေတွင်လည်း ဝက်ဝံမည်း နှစ်ကောင် လှုပ်ရှားသွားလာနေသည်ကို သူ မြင်တွေ့လိုက်ရသေးသည်။ ၎င်းတို့က ဤဘက်ရှိ အခြေအနေများကို အတော်လေး စိတ်ဝင်စားနေကြသည်။
ထင်းရှူးနီတောက တောင်ကတုံးကြီး၏ ငါးပုံတစ်ပုံခန့်ကိုသာ နေရာယူထားသဖြင့် အများကြီးတော့ မဟုတ်ချေ။ သို့သော် ထူထပ်သော သစ်တော တစ်ခုတော့ ဖြစ်လာနိုင်ပေသည်။ နောက်ပိုင်းတွင် တဖြည်းဖြည်း ထပ်မံ စိုက်ပျိုးကာ အခြား သစ်ပင် မျိုးစိတ်များကိုပါ ဖြည့်စွက်သွားမည် ဖြစ်သည်။
သစ်ပင်များ စိုက်ပျိုးလိုက်သည်နှင့် ဤဘက်ရှိ ပတ်ဝန်းကျင် အခြေအနေများကလည်း တဖြည်းဖြည်း ပိုမို ကောင်းမွန်လာမည်မှာ သေချာလှပေသည်။
တောင်ကတုံးကြီးကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်သည့် ကိစ္စများက အစီအစဉ်တကျ ဖြစ်ပေါ်နေသည်။ လယ်ယာခြံဝင်း ဘက်တွင်လည်း ယခင်အတိုင်းပင် စည်ကားနေဆဲ ဖြစ်၏။
လတ်တလောတွင် စိုက်ခင်းများကို အားလုံး တစ်ပတ် ထွန်ယက်ပြီးဖြစ်ကာ အာလူးများကိုလည်း စိုက်ပျိုးပြီးပြီ ဖြစ်သည်။ ထို့အပြင် ဖန်ရတနာ ပြောင်းဖူးများလည်း ရှိသေးသည်။
ဖန်ရတနာ ပြောင်းဖူး အသုတ်သစ် ထပ်မံ ရင့်မှည့်လာပြီ ဖြစ်သည်။ ရွှီယန်က လယ်ယာခြံဝင်း၏ နေ့စဉ်ဘဝကို တိုက်ရိုက်ထုတ်လွှင့်မှု မလုပ်ဖြစ်သည်မှာ အချိန်အတော်ကြာပြီ ဖြစ်သဖြင့် ဝန်ထမ်းများကို ခေါ်ယူကာ ပြောင်းဖူးများ ခူးဆွတ်ပြီး တိုက်ရိုက်ထုတ်လွှင့်ရန် ရည်ရွယ်လိုက်သည်။
ဝန်ထမ်းများက အားလုံး ကြိုတင် ပြင်ဆင်ထားကြပြီး ဖြစ်သည်။ ခူးဆွတ်လာသော ပြောင်းဖူးများကို မြေကွက်လပ်တွင် စီထားလိုက်ရာ တောင်ပုံရာပုံပင် ဖြစ်နေတော့သည်။
ထို့ကြောင့် ရာသီဥတု သာယာသော နံနက်ခင်း တစ်ခုတွင် ရွှီယန်က တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်လိုက်သည်။ တိုက်ရိုက်ထုတ်လွှင့်မှု၏ ခေါင်းစဉ်မှာ [ဖန်ရတနာ ပြောင်းဖူး မဲဖောက်မည့် အစီအစဉ်] ဟူ၍ ဖြစ်သည်။
အင်တာနက်သုံးစွဲသူများက ရွှီယန်၏ တိုက်ရိုက်ထုတ်လွှင့်မှုထဲသို့ ဝင်ရောက်လာကြသည်။ မြင်ကွင်းက တောတောင်များ မဟုတ်သည်ကို မြင်သောအခါ အားလုံး အနည်းငယ် အံ့ဩသွားကြသည်။
ပရိသတ် အချို့က ရွှီယန် ကုန်ပစ္စည်း ရောင်းချတော့မည်ဟုပင် ထင်မှတ်သွားကြပြီး အနည်းငယ် လန့်သွားကြသည်။
လယ်ယာခြံဝင်းများနှင့် မွေးမြူရေးခြံများမှ တိုက်ရိုက်ထုတ်လွှင့်သူ အများစုက သဘာဝ ရှုခင်းများကို နောက်ခံထားပြီး ကုန်ပစ္စည်းများ ရောင်းချလေ့ ရှိကြသောကြောင့် ဖြစ်သည်။ သို့သော် သေချာ ကြည့်လိုက်သောအခါ ဖန်ရတနာ ပြောင်းဖူး မဲဖောက်သည့် အစီအစဉ် ဖြစ်နေသဖြင့် အားလုံး သက်ပြင်းချလိုက်ကြတော့သည်။
၎င်းတို့က 'ကုန်ပစ္စည်း ရောင်းတာ မဟုတ်ရင် တော်သေးတာပေါ့' ဟု တွေးလိုက်ကြသည်။
အင်တာနက်သုံးစွဲသူများ၏ ရင်ထဲတွင် ရွှီယန်၏ ပုံရိပ်မှာ တောနက်ထဲရှိ ဆရာကြီး တစ်ဦးကဲ့သို့ တည်ငြိမ် အေးချမ်းသူ တစ်ဦး ဖြစ်သည်။ ကုန်ပစ္စည်း ရောင်းချခြင်းက သူ၏ ဂုဏ်သိက္ခာကို အလွန် ထိခိုက်စေနိုင်ပေသည်။
ရွှီယန်က အားလုံးကို ပြောလိုက်သည်။
"ဒီရက်ပိုင်း လယ်ယာခြံဝင်းက ဖန်ရတနာ ပြောင်းဖူးတွေ ရင့်မှည့်လာလို့ မနေ့က ဝန်ထမ်းတွေကို ခူးခိုင်းလိုက်တာပါ... ဒါတွေပဲပေါ့"
"ဒီနေ့ အားနေတာနဲ့ မဲဖောက်တဲ့ အစီအစဉ်လေး တစ်ခု လုပ်မလို့ပါ"
"အရည်အသွေး ကောင်းတဲ့ ဖန်ရတနာ ပြောင်းဖူးတွေ ထွက်လာမလား ဆိုတာ ကြည့်ရအောင်"
"အချိန်ကျရင် အားလုံးကို မဲဖောက်ပေးပါ့မယ်... ပေါက်တဲ့ သူတိုင်း ဖန်ရတနာ ပြောင်းဖူး တစ်ဖူးစီ ရမှာပါ"
သူ ဤသို့ ပြောလိုက်သည်ကို ကြားသောအခါ အင်တာနက်သုံးစွဲသူများ ချက်ချင်း စိတ်လှုပ်ရှားသွားကြတော့သည်။
[ဘာ... ငါ နားကြားမမှားဘူး မလား... လောင်ရွှီ က လက်ဆောင်တွေ ပေးတော့မယ် ဟုတ်လား]
[ဟားဟားဟား... လောင်ရွှီ က တကယ်ကို မူလ ရည်ရွယ်ချက်ကို မမေ့တဲ့ သူပဲ... နာမည်မကြီးခင် ကလည်း ပြောင်းဖူးပဲ မဲဖောက်ပေးခဲ့တာ... အခု ထိပ်တန်း ရောက်လာတော့လည်း ပြောင်းဖူးပဲ မဲဖောက်ပေးတုန်းပဲနော်]
[ဘယ်သူမှ ငါနဲ့ မလုကြနဲ့... ဒီပြောင်းဖူးကို ငါ လိုချင်တယ်]
[ရိုးရိုး ပြောင်းဖူးလေးပဲ ဥစ္စာ... ဘာတွေ အံ့ဩစရာ ရှိလို့လဲ]
ထို့နောက် ရွှီယန်လည်း စကားများများ မပြောတော့ဘဲ အားလုံးကို ခေါ်ကာ ပြောင်းဖူး စတင် ခွာကြတော့သည်။
ပြောင်းဖူး အခွံများကို ဖယ်ရှားလိုက်သောအခါ အတွင်းမှ အရောင်စုံ ပြောင်းဖူးစေ့များ ပေါ်ထွက်လာသည်။ မြေကြီးပေါ်တွင် စိုက်ပျိုးထားသော ပြောင်းဖူးများက မှန်လုံအိမ်ထဲတွင် စိုက်ပျိုးထားသော ပြောင်းဖူးများလောက် သေသပ် လှပမှု မရှိချေ။ ပထမဆုံး ပြောင်းဖူးမှာ အနည်းငယ် ကောက်ကွေးနေပေသည်။
ပြောင်းဖူးစေ့များက အနီရောင်နှင့် ပန်းရောင်များကို အဓိကထားပြီး အရောင်နုများ ဖက်သို့ ယိမ်းနေသည်။ ကြည့်ရသည်မှာ မဆိုးလှချေ။
ဒရုန်းက ပြောင်းဖူးကို အနီးကပ် ရိုက်ကူးပြသလိုက်သောအခါ အင်တာနက်သုံးစွဲသူများက ပြောင်းဖူး၏ အခြေအနေကို သေချာ ကြည့်ရှုရင်း အလွန် အံ့ဩသွားကြတော့သည်။ ဤသို့ မဲဖောက်သည်ကလည်း အတော်လေး စိတ်ဝင်စားဖို့ ကောင်းပေသည်။
ရွှီယန်က ဆက်လက်၍ အလုပ်လုပ်နေသည်။ ထိုအချိန်တွင် ရှောင်ဟေး နှင့် ဝံပုလွေပေါက်လေး တို့က ရွှီယန် အနားသို့ ပြေးလာပြီး ခဏမျှ ရပ်ကြည့်နေကြသည်။
၎င်းတို့ နှစ်ကောင်က ရွှီယန် သူတို့နှင့် အတူ ကစားပေးနိုင်မလား ဆိုသည်ကို လာကြည့်နေခြင်း ဖြစ်သည်။ ရွှီယန်က သူတို့ကို ဂရုမစိုက်သည်ကို တွေ့သောအခါ ကောင်လေး နှစ်ကောင်က ထပ်မံ ထွက်ပြေးသွားကြပြန်သည်။
ဤမြင်ကွင်းကို အင်တာနက်သုံးစွဲသူများ သတိထားမိသွားကြပြီး ပရိသတ်ဟောင်း အချို့က ချက်ချင်း မှတ်ချက်ပေးလိုက်ကြသည်။
[အဲဒါ လောင်ရွှီ မွေးထားတဲ့ ဝံပုလွေပေါက်လေး မဟုတ်ဘူးလား... ဒီလောက်တောင် ကြီးနေပြီလား]
[လခွမ်း... အဲဒါ ဝံပုလွေလား... ငါတောင် မမှတ်မိဘူး]
[ဒီလယ်ယာခြံဝင်း ထဲက တိရစ္ဆာန်တွေက တကယ်ကို ထူးဆန်းတာပဲ]
စကားပြောနေစဉ်မှာပင် အညိုရောင် အမွေးများ ရှိသော ကြိုးကြာနီ နှစ်ကောင်ကလည်း ရွှီယန်၏ ခြေရင်းသို့ ပြေးလာပြီး အချင်းချင်း တိုက်ခိုက်နေကြပြန်သည်။
ဒရုန်းက ကြိုးကြာနီများ၏ မြင်ကွင်းကို ရိုက်ကူးပြသလိုက်သောအခါ လူအများအပြားမှာ အလွန် သိချင်သွားကြပြန်သည်။
[လိုက်ဖ်လွှင့်သူ မွေးထားတဲ့ ဒီကြက်တွေက ဘာအမျိုးအစားတွေလဲ... ဘာလို့ ဒီလောက် ရုပ်ဆိုးနေရတာလဲ]
[ငှက်ကုလားအုတ် တွေနဲ့ တူတယ်နော်]
[သူက ဘာတိရစ္ဆာန်တွေ မွေးထားတာလဲ... တကယ်ကို အံ့ဩစရာ ကောင်းတာပဲ]
[ဒါက ကြိုးကြာနီ တွေလေ... ငါ သိချင်တာက ဘာလို့ သူက နှစ်ကောင်တောင် မွေးထားရတာလဲ ဆိုတာပဲ]
[လခွမ်း... ဒါက ကြိုးကြာနီ ဟုတ်လား]
သိသာသည်မှာ လူအများအပြားက ကြိုးကြာနီပေါက်လေးများ မည်သို့ ပုံစံရှိသည်ကို မသိရှိကြချေ။
ဤသေးငယ်သော ခန္ဓာကိုယ်လေးများက ကြိုးကြာနီများ၏ ပုံရိပ်ကို အနည်းငယ်တော့ ပြသနေပေသည်။ သို့သော် လှုပ်ရှားမှုများနှင့် အမွေးအရောင်များကတော့ အလွန် ကွာခြားလွန်းလှသည်။ ခေါင်းပေါ်ရှိ အနီရောင် အစက်လေးကိုလည်း လုံးဝ မတွေ့ရချေ။
ဤသည်က ကြိုးကြာနီများ ဖြစ်ကြောင်း သူတို့ကို မပြောပြပါက သူတို့ လုံးဝ သိရှိမည် မဟုတ်ပေ။ တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် အားလုံးက ဆူညံစွာ ပြောဆိုနေကြသည်။
ရွှီယန်က မှတ်ချက်များကို တစ်ချက် ကြည့်လိုက်ပြီးနောက် အောက်သို့ ငုံ့ကြည့်လိုက်ရာ ကြိုးကြာနီပေါက်လေး နှစ်ကောင်က အကြိတ်အနယ် တိုက်ခိုက်နေကြသည်ကို တွေ့လိုက်ရသဖြင့် ၎င်းတို့ကို ခွဲထုတ်ပေးလိုက်သည်။
"ကာကွယ်ရေး စင်တာက ပြောတယ်လေ... ကြိုးကြာနီ တစ်ကောင်တည်း အုပ်စုကွဲနေရင် သူ့ရဲ့ ကြီးထွားမှုအတွက် မကောင်းဘူးတဲ့"
"တိုက်တိုက်ဆိုင်ဆိုင်ပဲ ငယ်ငယ်ကတည်းက မိခင် ဆုံးပါးသွားတဲ့ ကြိုးကြာနီလေး တစ်ကောင် ရှိနေတော့ ကျွန်တော်လည်း အဲဒီကောင်လေးကို တောင်းလိုက်တာပါ"
"အခုတော့ ကြိုးကြာနီ နှစ်ကောင် ဖြစ်သွားပြီပေါ့"
"သူတို့ကို လယ်ယာခြံဝင်းကနေ သေချာ စောင့်ရှောက်ပေးထားတာပါ... ကြီးလာရင်တော့ လွှတ်ပေးလိုက်မှာပေါ့"
ရွှီယန်က အားလုံးကို ရှင်းပြလိုက်သည်။ သူ၏ ရှင်းပြချက်ကို ကြားသောအခါ အားလုံးလည်း သဘောပေါက်သွားကြသည်။
၎င်းတို့က တကယ်ကို ကြိုးကြာနီများ ဖြစ်ပေသည်။
ရွှီယန်က ပြောင်းဖူးများကို ဆက်လက် ခွာနေလိုက်သည်။ ခွာလိုက်သော ပြောင်းဖူးများထဲတွင် အကောင်းရော အဆိုးပါ ရောနှောနေပေသည်။
ပန်းရောင် ပြောင်းဖူး တစ်ဖူး ရှိပြီး အရေအတွက် အတော်လေး များသော်လည်း အပြည့်အဝ ပန်းရောင် မဖြစ်နေချေ။ အရောင် တစ်မျိုးတည်း ရှိသော ဖန်ရတနာ ပြောင်းဖူးက တကယ်ကို ရှားပါးလွန်းလှသည်။ အများစုက အရောင်မျိုးစုံ ရောနှောနေသည်သာ ဖြစ်သည်။
ရွှီယန်က ဝန်ထမ်းများကို ပြောင်းဖူး၏ အရည်အသွေးကိုသာ အဓိက ကြည့်ရှုခိုင်းလိုက်သည်။
ပြောင်းဖူး တစ်ခုလုံး လှပပြီး ပြောင်းဖူးစေ့တိုင်း ပြည့်ဖြိုးနေကာ ပျက်စီးနေသော အစေ့များ မရှိခြင်းမျိုးကို ဆိုလိုခြင်း ဖြစ်သည်။ ထိုကဲ့သို့သော ဖန်ရတနာ ပြောင်းဖူးမျိုးက အတော်လေး ကောင်းမွန်ပေသည်။ မဲဖောက်ပြီး အင်တာနက်သုံးစွဲသူများကို ပေးရန် အဆင်ပြေသည်။
မည်သို့ပင်ဆိုစေ ယခုအခါ သူ့ကို နှစ်သက်သူ အများအပြား ရှိနေပြီဖြစ်ရာ တစ်ခုခုတော့ ပြန်လည် ကျေးဇူးဆပ်ရမည်သာ ဖြစ်သည်။
ရွှီယန်၏ လယ်ယာခြံဝင်းမှ ထွက်ရှိလာသော ပစ္စည်းများက အတော်လေး ကောင်းမွန်ပြီး သေသပ်လှပေသည်။ ပြောင်းဖူး အသေးလေးများကို ကိုင်တွယ် ကစားရန်လည်း အလွန် သင့်တော်ပေသည်။
အချိန်ကြာလာပါက အရောင်ပြောင်လာပြီး အလွန် လှပလာမည် ဖြစ်၏။