အခန်း ၃၀၆
Vol. 31 Ch. 306
အခန်း (၃၀၆) မေးရိုးပြုတ်ကျမတတ် အံ့ဩသွားကြခြင်း... ဒါက ဘာကြီးလဲ
ရွှီယန်သည် နောက်ထပ် နှစ်ရက်ခန့် အလုပ်များသွားပြီး ပို့လို့ရမည့် ပြောင်းဖူးများကို အားလုံး ပို့ပေးလိုက်သည်။ ပရိသတ်များကို မဲဖောက်ပေးသည့် လက်ဆောင်ဖြစ်သောကြောင့် ပင်ပန်းခံသင့်ပါကလည်း ခံရမည်သာ ဖြစ်သည်။
ဤအလုပ်များ ပြီးစီးသွားချိန်တွင် ထိုဒေသ၌ မိုးနှစ်ရက် ဆက်တိုက် ရွာသွန်းလေသည်။ မိုးရွာနေသောကြောင့် မည်သူမျှ အပြင်သိပ်မထွက်ကြဘဲ တစ်ခါတရံမှသာ ဝန်ထမ်းများက မိုးကာအင်္ကျီဝတ်၍ လှည့်ကင်း ထွက်လေ့ရှိကြသည်။
မွေးမြူထားသော တိရစ္ဆာန်လေးများသည်လည်း မိမိတို့၏ အိမ်ထဲတွင်သာ ပုန်းအောင်းနေကြပြီး မိုးမြန်မြန်တိတ်စေရန် မျှော်လင့်တကြီးဖြင့် အပြင်ဘက်ကို ငေးကြည့်နေကြသည်။
ရွှီယန်ကတော့ အခန်းထဲတွင် ဂိမ်းဆော့လိုက် အစားအသောက်များအကြောင်း လေ့လာလိုက် မုန့်စားလိုက်ဖြင့် အချိန်ဖြုန်းနေသည်။ တစ်ခါတရံ ဂိမ်းဆော့သည့် ကုလားထိုင်ပေါ်သို့ မှီချလိုက်ပြီး အပြင်ဘက်မှ မိုးရွာသံကို နားထောင်ရသည်မှာ တကယ်ကို သက်သောင့်သက်သာ ရှိလှပေသည်။
ယခုအခါ သူ၏ အခန်းကို အလွန် သပ်ရပ်လှပစွာ ပြင်ဆင်ထားပြီး ဖြစ်သည်။ အထူးသဖြင့် ဂိမ်းခန်းထဲတွင် သပ်ရပ်လှပသော ကွန်ပျူတာစားပွဲ၊ ရေအေးပေးစနစ်ပါသော ကွန်ပျူတာကိုယ်ထည်၊ ကွေးညွတ်နေသော မျက်နှာပြင်နှင့် နာမည်ကြီး ကီးဘုတ်၊ မောက်စ်တို့ ရှိပြီး ဘေးတွင်လည်း အအေးပုလင်း အတော်များများကို ချထားသေးသည်။
ဘေးဘက်ရှိ မှန်ရံအိမ်ထဲတွင် စုဆောင်းထားသော ပစ္စည်းအချို့ကို ခင်းကျင်းပြသထားသည်။ ဘေးရှိ သစ်သားစားပွဲငယ်လေးပေါ်တွင်မူ ငွေဖြူရောင် လှံရှည် တစ်လက်ကို တင်ထားလေသည်။ တစ်အိမ်လုံးက အသစ်ဆောက်ထားခြင်းဖြစ်ရာ အထဲတွင် နေရသည်မှာ ပြောမပြတတ်အောင် သက်သောင့်သက်သာ ရှိလှသည်။ ယောကျ်ားလေးများ၏ ပျော်ရွှင်ရာ နန်းတော်လေးပင် ဖြစ်သည်။
သူ၏ အိမ်လေးက ဆောက်ထားသည်မှာ အလွန် လှပသည်။ တစ်ခါတရံ ဤသို့ နှစ်ရက်ခန့် နားလိုက်ရပါက စိတ်ခံစားချက်လည်း ပိုမို ကောင်းမွန်လာတတ်ပေသည်။
ညဘက်သို့ ရောက်သောအခါ ဤမိုးက နောက်ဆုံးတွင် တိတ်သွားခဲ့သည်။ အကောင်ပေါက်လေးများကလည်း ဆော့ကစားလိုသော စိတ်ကို မထိန်းနိုင်ကြတော့ဘဲ လယ်ယာခြံဝင်း၏ မြေကွက်လပ်ဆီသို့ ပြေးထွက်ကာ မြူးတူးနေကြတော့သည်။ ရေအိုင်များ တွေ့လျှင်တောင် တမင်သက်သက် သွားနင်းလိုက်ကြသေးသည်။ မာလီနွိုက်ခွေးမှာမူ ရူးသွားသည့်အလား ခေါက်တုံ့ခေါက်ပြန် ပြေးလွှားနေပြီး ရေပေါက်ရေမွှားများ အဆက်မပြတ် လွင့်စင်သွားစေသည်။
ရွှီယန်ကတော့ မိုးတွင်းစီး ဖိနပ်ကို စီးကာ တစ်ပတ်ခန့် လျှောက်လည်နေလိုက်သည်။ လယ်ယာခြံဝင်း ဖြစ်သည့်အတွက် နေထိုင်ရာ အဆောက်အအုံများနားရှိ ကွန်ကရစ်လမ်းမှလွဲ၍ စိုက်ခင်းများဘက်သို့ သွားသောလမ်းက အနည်းငယ် ရွှံ့ဗွက် ထနေသေးသည်။ နောင်တစ်ချိန် ငွေကြေး ထပ်မံရရှိလာမှသာ လယ်ယာခြံဝင်း၏ အဆောက်အအုံများကို ဆက်လက် အဆင့်မြှင့်တင်ရတော့မည် ဖြစ်သည်။ မိုးတစ်ကြိမ် ရွာသွန်းလိုက်ခြင်းက လယ်ယာခြံဝင်းအတွက် ဘာအပြောင်းအလဲမှ သိပ်မဖြစ်စေခဲ့ပေ။
စိုက်ခင်းများဘက်သို့ တစ်ပတ်ခန့် လျှောက်လည်ပြီးနောက် ရွှီယန်က ဘဲငန်းများနှင့် သိုးများကို သွားရောက် ကြည့်ရှုလိုက်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုနေရာ၌ မာဝန်လည်း ရှိနေသည်။
"သူဌေး... ခင်ဗျားလည်း ရောက်လာတာလား"
မာဝန်က အလျင်အမြန် ပြုံးကာ နှုတ်ဆက်လိုက်သည်။
ရွှီယန်က ခေါင်းညိတ်ပြလိုက်သည်။
"အင်း... မိုးရွာတော့ နည်းနည်းအေးတယ်... သိုးတွေက အအေးမိလွယ်တယ်လေ... ဒီကောင်တွေက သေမယ်ဆိုလည်း ချက်ချင်းသေတတ်တာဆိုတော့ လာကြည့်ရတာ"
ထိုစကားကို ကြားသောအခါ မာဝန်က အလျင်အမြန် ပြောလိုက်သည်။
"ခြံထဲမှာပဲ ပိတ်ထားပါတယ်... အထဲမှာ နွေးတော့ သိုးတွေ အကုန်လုံး အကောင်းကြီးပါပဲ... မနက်ဖြန် နေသာရင် အပြင်ထုတ်ပြီး နေပြလိုက်ရင် ရပါပြီ"
ရွှီယန်က တံခါးဟနေသည့် နေရာမှတစ်ဆင့် အထဲတွင် စုပြုံနေသော သိုးများကို လှမ်းကြည့်လိုက်ပြီး သိုးများ အားလုံး ဘေးကင်းနေသည်ကို မြင်မှသာ စိတ်အေးသွားတော့သည်။ မည်သို့ပင်ဆိုစေ လယ်ယာခြံဝင်းထဲရှိ အကြီးအသေး ပစ္စည်းအားလုံးက သူပိုင်ဆိုင်သောအရာများဖြစ်ရာ သူက သေချာ ဂရုစိုက်ရမည်သာ ဖြစ်သည်။
နွားမများ ရှိသည့်ဘက်ကိုလည်း ရွှီယန်က သွားရောက် ကြည့်ရှုလိုက်သေးသည်။ ယခုအခါ နွားမများမှာ လယ်ယာခြံဝင်းထဲတွင် အဆင့်အတန်း အတော်လေး မြင့်မားနေပြီး နေ့စဉ် သေချာ ဂရုစိုက်ခံရသည်။ နွားမများကို ပြုစုစောင့်ရှောက်ရန် တာဝန်ကိုမူ ချန်ကျွမ်က ယူထားသည်။ သူမက လယ်ယာခြံဝင်း၏ လက်မှုထုတ်ကုန် ကျွမ်းကျင်သူလည်း ဖြစ်ရာ အများကြီး စိတ်ပူနေစရာ မလိုပေ။ အားလုံး အဆင်ပြေကြောင်း သေချာသွားမှ ရွှီယန်လည်း အခန်းထဲ ပြန်ဝင်ပြီး အနားယူလိုက်တော့သည်။
နောက်တစ်နေ့။ ရွှီယန်က မနက်စောစော ထကာ ခြံဝင်းထဲသို့ ထွက်လာခဲ့သည်။ မိုးရွာထားသောကြောင့် လေထုက အနည်းငယ် စိုစွတ်နေသယောင် ရှိသည်။
သို့သော် မြောက်ပိုင်း၏ လေထုက အလွန် ခြောက်သွေ့လွန်းရာ နေ့လယ်ဘက် နေထွက်လာပြီး နေရောင်ပြလိုက်သည်နှင့် တစ်ရက်တည်းဖြင့်ပင် အကုန် ခြောက်သွားမည်မှာ သေချာသည်။ နေမင်းကြီးက ဧရာမ အခြောက်ခံစက်ကြီး တစ်လုံးနှင့်ပင် တူညီနေတော့သည်။
ရွှီယန်ကတော့ ပုံမှန်အတိုင်းပင် ခွေးများကို ခေါ်ကာ လမ်းလျှောက် ထွက်လာခဲ့သည်။ သူက ဟင်းသီးဟင်းရွက် စိုက်ခင်းထဲ ရောက်သွားပြီး အထဲမှ မြင်ကွင်းကို ကြည့်လိုက်သည်။ ငရုတ်သီး၊ သခွားသီး၊ ခရမ်းချဉ်သီး စသည်တို့က မိုးရေဖြင့် ဆေးကြောခံလိုက်ရသဖြင့် ပို၍ပင် လတ်ဆတ် စိမ်းလန်းနေကြသည်။ တချို့ အရွက်များပေါ်တွင် ရေစက်လေးများ တွဲလွဲခိုနေပြီး လေတိုက်လိုက်သည်နှင့် ရေစက်များက အရွက်ပေါ်မှ လိမ့်ဆင်းလာကာ မြေကြီးပေါ် ကျသွားပြီး ရေစက်လေးများ အဖြစ် လွင့်စင်သွားကြသည်။
ရွှီယန်က ရွှေဝါရောင် ခရမ်းချဉ်သီး တစ်လုံးကို လှမ်းခူးလိုက်ပြီး လက်ဖြင့် ရေများကို သုတ်ပစ်ကာ အားရပါးရ စားလိုက်တော့သည်။ လတ်ဆတ်သော သခွားသီးနှင့် ခရမ်းချဉ်သီးများက တကယ်ကို စား၍ ကောင်းလှသည်။
ရှောင်ဟေးက အစား အလွန် မက်သည်။ ရွှီယန် ခရမ်းချဉ်သီး စားနေတာကို မြင်တော့ အနားကို တိုးလာပြီး မျှော်လင့်တကြီးဖြင့် မော့ကြည့်နေတော့သည်။ မည်သို့ပင်ဆိုစေ တောခွေးလေး ဖြစ်သဖြင့် ဘာပဲဖြစ်ဖြစ် အကုန်စားသည်။ ထို့အပြင် ရှောင်ဟေးက စည်းကမ်းကိုလည်း သိတတ်ပြီး ရွှီယန် ပေးသည်ကိုသာ စားလေ့ရှိသည်။
ရွှီယန်က နှစ်လုတ်ခန့် စားပြီးသည်နှင့် ခရမ်းချဉ်သီးကို ရှောင်ဟေးထံ ပေးလိုက်ပြီး မီးဖိုချောင်ဘက်သို့ မနက်စာ အခြေအနေ သွားကြည့်လိုက်သည်။ နျိုကျွမ်းနှင့် ချန်ကျွမ်တို့ နှစ်ယောက် အလုပ်များနေကြသည်။
မနက်စာက မန်ထို၊ ကိတ်မုန့်လိပ်၊ ဆန်ပြုတ်၊ ဟင်းရံလေးများနှင့် ကြက်ဥပြုတ်တို့ ဖြစ်သည်။ ပုံမှန် မနက်စာကတော့ ဒါတွေပင် ဖြစ်သည်။ ဘေးတွင်လည်း နွားနို့ပူပူလေး ရှိသေးသည်။ ဤမျှဆိုလျှင်ပင် မဆိုးဘူးဟု ပြောရမည် ဖြစ်သည်။ ပေါ့ပေါ့ပါးပါးနှင့် နောက်ထပ် နေ့တစ်နေ့ပင် ဖြစ်၏။
မနက်ခင်း ရောက်သောအခါ ရွှီယန်က တောင်ပေါ်ရှိ ထင်းရှူးနီတော စိုက်ပျိုးနေသည့် အခြေအနေကို သွားကြည့်လိုက်သည်။ ဤဘက် တောင်ကတုံးက မြက်ပင်များ ရှိနေသောကြောင့် တောင်ပေါ်လမ်းက ရွှံ့ဗွက် မထနေသလို တောင်စောင်းကလည်း သိပ်မမတ်စောက်သဖြင့် မြေတူးစက်များ အေးဆေး တက်လာ၍ ရသည်။ တောင်ထိပ်ကို တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်သော သာမန် တောင်ငယ်လေး တစ်လုံးသာ ဖြစ်သည်။ အဆုံးအစမရှိ ရှည်လျားပြီး မတ်စောက်သော တောင်တန်းကြီးများမျိုး မဟုတ်ပေ။
သူက ပျင်းပျင်းရိရိဖြင့် သစ်ပင်စိုက်နေသည်ကို ထိုင်ကြည့်နေရင်း အိတ်ကပ်ထဲမှ ကိုယ်တိုင်စိုက်ထားသော မြေပဲ တစ်ဆုပ်ကို ထုတ်ယူကာ စားရင်းဖြင့် ကြည့်နေလိုက်သည်။ မြေပဲနှင့် နေကြာစေ့က သဘာဝ ထွက်ကုန်များ ဖြစ်သဖြင့် အခွံများကို တောင်ထဲတွင် ဖြစ်သလို လွှင့်ပစ်၍ ရသောကြောင့် ရွှီယန်က အမြဲတမ်း နည်းနည်းပါးပါး ယူလာတတ်သည်။ ဘာပဲဖြစ်ဖြစ် လယ်ယာခြံဝင်းတွင် အများကြီး စိုက်ထားပြီး မြေပဲရော နေကြာစေ့ရောက လတ်တလောမှ ရိတ်သိမ်းထားသည် မဟုတ်ပါလော။
ရှောင်ဟေး၊ မာလီနွိုက် နှင့် ဝံပုလွေပေါက်လေး သုံးကောင်စလုံးကလည်း သူ့နောက်မှနေ၍ တောင်ပေါ်သို့ လိုက်လာကြသည်။ ဤနေရာကလည်း သိပ်မဝေးချေ။ အရာအားလုံးက မူလကတော့ အေးချမ်းနေခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်မှာပင် ရဲအရာရှိ တချို့က ရဲခွေး တစ်ကောင်ကို ဆွဲကာ တောင်အောက်မှနေ၍ အပေါ်သို့ တက်လာသည်ကို တွေ့လိုက်ရသည်။ ရွှီယန်က အဝေးကို လှမ်းကြည့်လိုက်ရာ ဥသြဆွဲပြီး ပြေးလာသော ရဲကား အတော်များများကိုပါ မြင်လိုက်ရသည်။
'ဟင်... တစ်ခုခု ဖြစ်လို့လား'
ရွှီယန်လည်း ဤမျှ ကြီးမားသော လှုပ်ရှားမှုကို တစ်ခါမှ မမြင်ဖူးသဖြင့် ချက်ချင်းပင် အဝေးသို့ လှမ်းကြည့်လိုက်သည်။ သစ်ပင်စိုက်နေသော ဆရာသမားကလည်း ကားပေါ်မှ ဆင်းလာပြီး အဝေးကို လှမ်းကြည့်နေသည်။
"ဒါက ဘာဖြစ်တာလဲ"
ထွန်စက်မောင်းသည့် ဆရာသမားက မေးလိုက်သည်။
ဘေးတွင် ပျိုးပင်များ တင်လာသော ကုန်တင်ကားကြီး တစ်စီး ရှိနေပြီး ကားဆရာကလည်း ဆင်းလာကာ ဘာတွေ ဖြစ်နေမှန်း မသိဘဲ ဖြစ်နေသည်။ ရဲများထဲမှ ကျန်းတာ့ဟိုင် ဆိုသော ရဲအရာရှိ တစ်ယောက်ကို ရွှီယန် မှတ်မိသည်။ လျိုမင်တို့နှင့် ရဲစခန်း တစ်ခုတည်းကပင် ဖြစ်သည်။
ထို့ကြောင့် ရွှီယန်က ချက်ချင်း သွားပြီး ကျန်းတာ့ဟိုင်ထံမှ အခြေအနေကို မေးကြည့်လိုက်သည်။ ခွေးများကိုလည်း ဟိုဒီ မပြေးဘဲ ထိုနေရာတွင်သာ စောင့်နေရန် သူက မှာလိုက်သေးသည်။ ရဲများ ဆွဲလာသော ရဲခွေးက ဂျာမန်သိုးထိန်းခွေး ဖြစ်ပြီး ကြည့်ရသည်မှာ အတော်လေး ပရော်ဖက်ရှင်နယ် ဆန်ကာ အထူး ရှာဖွေရေးခွေး ဖြစ်ပုံရသည်။ ရွှီယန်က ခွေးများ အချင်းချင်း ပြဿနာ တက်မည်ကို မလိုလားပေ။
ဂျာမန်သိုးထိန်းခွေးက ရှောင်ဟေးတို့ကို စိုက်ကြည့်နေပြီး ဝံပုလွေပေါက်လေးကို မြင်သောအခါ ပို၍ပင် သေချာ ကြည့်နေသေးသည်။ ဝံပုလွေပေါက်လေးက အနည်းငယ် ကြောက်သွားသဖြင့် ယွမ်ပေါင် နောက်တွင် ပုန်းနေလေသည်။ ရှောင်ဟေးနှင့် ယွမ်ပေါင်ကတော့ အေးအေးဆေးဆေးပင် ဖြစ်သည်။
"အရာရှိကျန်း... ဘာဖြစ်လို့လဲ... ဒီလောက်တောင် လူအင်အားတွေ အများကြီးပါလား"
ရွှီယန်က အနားသွားပြီး မေးလိုက်သည်။
ကျန်းတာ့ဟိုင်က ရွှီယန် လျှောက်လာသည်ကို မြင်သောအခါ ခဏမျှ တွေဝေသွားပြီးမှ ပြန်ဖြေလိုက်သည်။
"ဒီသတင်းကလည်း လျှို့ဝှက်ချက်တော့ မဟုတ်ပါဘူး... ဟိုးဘက်ရွာက လူအတော်များများလည်း သိနေကြပြီပဲဟာ... ဒေါသအလျောက် လူသတ်မှု ဖြစ်သွားတာ... ရွာသား တစ်ယောက်က ယောက္ခမအိမ်က လူလေးယောက်လုံးကို သတ်ပစ်လိုက်တာလေ... အဲဒီအထဲမှာ ကလေး တစ်ယောက်တောင် ပါသေးတယ်... သတို့သမီးကြေး လိမ်ယူပြီး ကွာရှင်းဖို့ လုပ်လို့ ပြဿနာ တက်တာလို့တော့ ကြားတာပဲ... အဲဒီလူကလည်း တကယ့် လူကြမ်းကြီးဗျ... အရမ်းကို ရက်စက်တာ... လူလေးယောက် သတ်ရုံတင် မကဘူး... မိန်းမဘက် အိမ်က ခွေးတွေ ကြက်တွေကိုပါ သတ်ပစ်ခဲ့တာ... အခု သူက တောင်ထဲကို ထွက်ပြေးသွားပြီ... လက်ထဲမှာလည်း ဓား ပါသွားသေးတယ်... ကျွန်တော်တို့လည်း သူ့ကို မဖြစ်မနေ ဖမ်းရမယ် ဆိုပြီး အမိန့်ရထားတယ်လေ... ဒီတစ်ခေါက်တော့ ခရိုင်ရော မြို့တော်က ရဲတွေပါ အကုန် ဆင်းလာကြတာပဲ... ရှာဖွေရေးခွေး ခေါ်ပြီး တောင်ကို ရှင်းဖို့ ပြင်နေကြတာ"
ဤသတင်းကို တကယ်တော့ ယာယီ လျှို့ဝှက်ထားရန် တောင်းဆိုထားခြင်း ဖြစ်သော်လည်း လျှို့ဝှက်ထား၍ မရချေ။ ရွာများ၏ သတင်းကွန်ရက်က နေ့ဝက်ခန့်တောင် မကြာဘဲ ခရိုင်ပတ်လည်ရှိ ရွာများ အားလုံး သိသွားမည်မှာ အသေအချာပင် ဖြစ်သည်။ ကျန်းတာ့ဟိုင်က စကားပြော အတော်လေး သန်သည်။ မည်သို့ပင်ဆိုစေ နယ်မြို့လေးမှ ရဲအရာရှိ ဖြစ်ရာ စကားပြောရသည်နှင့် ကြွားဝါရသည်ကို နှစ်သက်ပြီး မြို့ကြီးမှ ရဲများကဲ့သို့ စည်းကမ်း တင်းကျပ်မနေပေ။
"လူလေးယောက်တောင် သတ်သွားတာလား... တကယ့် ကောင်ပဲ"
ထိုစကားကို ကြားသောအခါ ရွှီယန်၏ မျက်ဝန်းများထဲတွင် အံ့ဩတုန်လှုပ်မှုများ ပေါ်လာတော့သည်။ ဒါက ကြီးလေးသော မှုခင်းကြီး တစ်ခုပင် ဖြစ်သည်။ လူများ ဤမျှ အများကြီး ရောက်လာသည်ကလည်း မဆန်းတော့ပေ။
"ခင်ဗျားလည်း တောင်ထဲဝင်ရင် သတိထားဦးနော်... ဒီကောင်က လက်ထဲမှာ ဓားလည်း ပါတယ်... သွေးဆာနေတာ ဆိုတော့ ဘာလုပ်မလဲ မသိနိုင်ဘူး... ရန်သွားမစနဲ့နော်... ကျွန်တော် မြန်မြန် ဝင်သွားမှ ဖြစ်မယ်... တကယ်လို့များ ရှာတွေ့ရင် ဒီနှစ်ရဲ့ တတိယအဆင့် ဂုဏ်ပြုဆုက ကျွန်တော့်အတွက် ဖြစ်သွားနိုင်တယ်လေ"
ကျန်းတာ့ဟိုင်က လက်ယမ်းပြပြီး တခြား ရဲများနှင့် အတူ တောင်ထဲ ဝင်သွားတော့သည်။
ရွှီယန်ကတော့ စိတ်ထဲတွင် အနည်းငယ် စိုးရိမ်သွားသည်။ သူ့ကိုယ်သူ စိုးရိမ်တာထက် လယ်ယာခြံဝင်းကို စိုးရိမ်တာဖြစ်ပြီး သစ်တောထဲရှိ ကျားသစ် ကိုလည်း စိုးရိမ်မိသည်။ အကယ်၍ ဤလူက တောင်ထဲတွင် ပုန်းနေပါက သေချာပေါက် အစာရှာရန် ထွက်လာရမည်သာ ဖြစ်သည်။ အဖြစ်နိုင်ဆုံးမှာ သူ့၏ လယ်ယာခြံဝင်းသို့ လာရန်ပင် ဖြစ်သည်။ လူသတ်သမား ဆိုသည်ကလည်း အတော်လေး ကြောက်စရာ ကောင်းသည် မဟုတ်ပါလော။ ရွှီယန်က ဤကိစ္စကို ဒီအတိုင်း အေးအေးဆေးဆေး ထိုင်စောင့်နေ၍ မဖြစ်ဟု တွေးလိုက်သည်။
သူက အမြဲတမ်း အစွမ်းထက်သူပီပီ ယခင်တစ်ခေါက် မဲဖောက်၍ ရထားသော စောင့်ကြည့်ရေး ဒရုန်းအုပ်စု ဆုလာဘ်ကို ရွှီယန် သတိရသွားသည်။ ဤဆုလာဘ်ကို ရွှီယန် တစ်ခါမှ မသုံးရသေးချေ။ တစ်ဖက်တွင်လည်း ဒရုန်းက ဘက်ထရီ အတော်လေး စားသဖြင့် နေ့စဉ် လွှတ်ထား၍ မရပေ။ အခြား တစ်ချက်မှာလည်း နေ့စဉ် သုံးရန် မလိုအပ်သောကြောင့် ဖြစ်သည်။ တစ်ခါတရံမှ သုံးရုံဖြင့် လုံလောက်သည်။ ယခုကတော့ အခွင့်ကောင်းပင် ဖြစ်၏။
ထို့ကြောင့် ရွှီယန်က လယ်ယာခြံဝင်းသို့ ကမန်းကတမ်း ပြန်သွားပြီး စောင့်ကြည့်ရေး ဒရုန်းအုပ်စု၏ ထိန်းချုပ်ခလုတ်ကို ထုတ်ယူလိုက်သည်။ ကျောပိုးအိတ်ကို လွယ်ပြီး လက်ပ်တော့ကို ထည့်ကာ တောင်ထဲသို့ တောက်လျှောက် ဝင်သွားတော့သည်။ ဤတစ်ကြိမ်က လိုက်ဖ်လွှင့်ရန် မဟုတ်ဘဲ လူသတ်သမားကို ဖမ်းရန် ဖြစ်သည်။
ယခင်က အင်တာနက်သုံးစွဲသူများ ပြောလေ့ရှိသော စကားတစ်ခွန်း ရှိသည်။ "ချန်ပိုင်တောင်တန်း ရှုပ်မရှုပ်ဆိုတာ လောင်ရွှီရဲ့ အဆုံးအဖြတ်ပဲ" ဟူ၍ ဖြစ်သည်။ ဤစကားက အစကတော့ နောက်ပြောင်ထားခြင်း ဖြစ်သည်။ သို့သော် အနည်းဆုံးတော့ ရွှီယန်၏ တောင်နောက်ဘက် ဧရိယာမှာတော့ ဤစကားက အမှန်ပင် ဖြစ်သည်။ ဤသည်က တကယ်ကို သူ့ပိုင်နက်ကြီး တစ်ခုလို ဖြစ်နေလေသည်။
'ငါလည်း သတိထားမှ ရမယ်... အရှေ့မြောက်ပိုင်းက လူကြမ်းတွေက တကယ်ကို ရက်စက်တာ'
ရွှီယန်က စိတ်ထဲတွင် တွေးလိုက်သည်။
ဤကဲ့သို့သော ဇာတ်လမ်းများကို သူ မကြားဖူးတာ မဟုတ်ပေ။ အများကြီးတောင် ကြားဖူးသေးသည်။ ထိုလူများက သွားစ၍ မရချေ။ တောင်ထဲတွင် ပုန်းနေပါကလည်း အလွန် လုံခြုံအောင် ပုန်းနေတတ်ကြသည်။ ရဲများ၏ ပိတ်ဆို့ ရှာဖွေမှုများက တဖြည်းဖြည်း ကျဉ်းမြောင်းလာမှသာ နောက်ဆုံးတွင် သူတို့ကို ဖမ်းမိနိုင်ခြင်း ဖြစ်သည်။
ရွှီယန် တောင်ထဲ ဝင်သွားပြီး မကြာခင်မှာပင် လှည့်ကင်း လှည့်နေသော ရဲတပ်ဖွဲ့ဝင်များနှင့် ဆုံတော့သည်။ ဤအဖွဲ့ထဲတွင် လျိုမင် လည်း ပါဝင်ပြီး ဒုစခန်းမှူး လည်း ပါလာသည်။ လျိုမင်က ရွှီယန်ကို မြင်သောအခါ အလျင်အမြန် မေးလိုက်သည်။
"ရွှီယန်... မင်းက ဘယ်လိုလုပ် ရောက်လာတာလဲ"
ဒုစခန်းမှူး ဝမ်ဝေ့က ရွှီယန်ကို မြင်သောအခါ မျက်ဝန်းများ ချက်ချင်း အရောင်လက်သွားပြီး ကယ်တင်ရှင်ကို တွေ့လိုက်ရသလို ဖြစ်သွားသည်။ ယခင်တစ်ခေါက် ဆပ်ကပ်အဖွဲ့က ပြဿနာတက်စဉ်ကလည်း ရွှီယန်ကို အကူအညီ တောင်း၍သာ ခြင်္သေ့ကို ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ ထိုကိစ္စကို သူက တာဝန်ယူခဲ့ရခြင်း ဖြစ်ပြီး မြို့တော်မှ လူကြီးများ၏ ချီးကျူးမှုကိုပါ ချက်ချင်း ရရှိခဲ့ခြင်း ဖြစ်သည်။ ယခု လူဖမ်းသည့် နေရာတွင် ရွှီယန်ကို ထပ်တွေ့လိုက်ရသဖြင့် သူ့မျက်နှာတွင် စိတ်လှုပ်ရှားမှုများ အပြည့် ဖြစ်နေတော့သည်။ ရွှီယန်ကို အတူတူ လိုက်ရန် အလျင်အမြန် ခေါ်လိုက်သည်။
ဤအဖွဲ့ထဲတွင် ကင်မရာသမား တစ်ယောက်လည်း ပါဝင်သေးပြီး ကင်မရာသမား၏ မှန်ဘီလူးက ရွှီယန်ဆီသို့ ချက်ချင်း လှည့်သွားတော့သည်။ ရွှီယန်က လက်ပ်တော့ကို ထုတ်ယူကာ သေချာ ခင်းကျင်းလိုက်ပြီး နယ်မြေ ပိုင်းခြား စောင့်ကြည့်ခြင်း ဆိုသည်ကို ရွေးချယ်လိုက်သည်။ ထို့နောက် သေးငယ်သော ဒရုန်း ခြောက်စင်းက သေတ္တာထဲမှနေ၍ ပျံထွက်လာပြီး ပတ်ဝန်းကျင်ကို လှည့်လည် စောင့်ကြည့်နေတော့သည်။
အရွယ်အစားကြောင့် ရွှီယန် အနေဖြင့် ဒရုန်း ခြောက်စင်းကိုသာ သယ်လာနိုင်ခဲ့ပြီး ၁၂ စင်းလုံး မသယ်လာနိုင်ခဲ့ချေ။ ဤမျှနှင့်ပင် အတော်လေး လေးနေပြီ ဖြစ်သည်။
"ကျွန်တော့်ဆီမှာ စောင့်ကြည့်ရေး ဒရုန်းတွေ ရှိတယ်... ရှာဖွေနိုင်တဲ့ ဧရိယာကလည်း အတော်လေး ကျယ်တယ်လေ... အဲဒါကြောင့် တောင်ထဲကို နည်းနည်း ဝင်ပြီး ရှာတွေ့နိုင်မလား စမ်းကြည့်မလို့ပါ"
ရွှီယန်က ရဲများကို ရှင်းပြလိုက်သည်။
ဤမြင်ကွင်းကို မြင်သောအခါ လျိုမင် လည်း အံ့ဩလွန်း၍ မျက်လုံး အပြူးသား ဖြစ်သွားတော့သည်။
'နေပါဦး... ဒါက ဘာ အဆင့်မြင့် နည်းပညာကြီးလဲ... ဒရုန်းအုပ်စု ဟုတ်လား... လခွမ်း... ညီအစ်ကိုရာ... မင်းက အိုင်းယွန်းမန်း များ ဖြစ်နေတာလား’