အခန်း ၃၀၉
Vol. 31 Ch. 309
အခန်း (၃၀၉) ဘာအတွေ့အကြုံမှ မရှိဘဲ ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကိုသာ အားကိုးနေရခြင်း
ရွှီယန်သည် ယနေ့တွင် အေးအေးဆေးဆေး တိုက်ရိုက်ထုတ်လွှင့်ရန် စဉ်းစားထားလေသည်။ ရှုခင်းများကို ကြည့်ရှုရင်း ဟိုဟိုဒီဒီ လမ်းလျှောက်ရန်သာ ဖြစ်သည်။
သို့သော် နေ့စဉ်နေ့တိုင်း၌ မမျှော်လင့်ထားသော အံ့ဩစရာလေးများက အမြဲတမ်း ရှိနေတတ်ပေသည်။
ရွှီယန်က တောအုပ်ထဲတွင် ကျားသစ်လေးနှင့် အတူ အနားယူနေစဉ် လောင်ဟေးနှင့် အာ့ဟေး ဟုခေါ်သော ဝက်ဝံမည်း နှစ်ကောင်သည် သူ၏ အမြင်အာရုံထဲသို့ ဝင်ရောက်လာခဲ့သည်။ ဤဝက်ဝံမည်း နှစ်ကောင်မှာလည်း ဤတောအုပ်ထဲတွင်ပင် နေထိုင်ကြခြင်း ဖြစ်သည်။ ကျားသစ်လေးနှင့်ဆိုလျှင် အိမ်နီးချင်းများဟု ဆိုနိုင်ပေသည်။
သို့သော် ၎င်းတို့ကြားတွင် မည်သည့် ပတ်သက်မှုမျှ မရှိလှချေ။ မည်သို့ပင်ဆိုစေ အားလုံးက သားရဲတိရစ္ဆာန်များ ဖြစ်ကြရာ မည်သူကမျှ တစ်ဖက်လူနှင့် ပြဿနာမတက်လိုကြပေ။ ဒဏ်ရာရရှိရန် လွယ်ကူသောကြောင့် ဖြစ်သည်။
ဝက်ဝံမည်း နှစ်ကောင်က ရွှီယန်ကို မြင်သောအခါ ဝမ်းသာအားရဖြင့် သူ၏အနားသို့ ခပ်သုတ်သုတ် ပြေးလာကြလေသည်။
ဒရုန်းက ထိုဘက်သို့ ချက်ချင်း ရိုက်ကူးပြသလိုက်ရာ အင်တာနက်သုံးစွဲသူများလည်း စိတ်လှုပ်ရှားသွားကြတော့သည်။
[ဝက်ဝံမည်းတွေ လာပြီဟေ့]
[လခွမ်း... ဒီနေ့တော့ သားရဲတွေ စုံနေပြီပဲ]
[ဒါတွေအကုန်လုံး သူ မွေးထားတာလား... နေပါဦး... ဒီလောက်ဖြစ်နေတာကို ရဲတွေက သူ့ကို မဖမ်းဘူးလား... ဒါက ဥပဒေနဲ့ မလွတ်ကင်းဘူး မဟုတ်ဘူးလား]
[ရဲတွေက သူ့ကို လက်မှတ်တွေ ဆုကြေးငွေတွေတောင် ပေးထားတာ... မင်း သွားတိုင်ကြည့်ပါလား]
တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် လူအရေအတွက်က အလွန် များပြားနေပေသည်။ လက်တွေ့ဘဝတွင် သားရဲတိရစ္ဆာန်များကို မွေးမြူထားသူများ ရှိသော်လည်း သားရဲများက တစ်ခုခု ပြုလုပ်မိမည်ကို စိုးရိမ်သဖြင့် အားလုံးကို လှောင်အိမ်ထဲတွင်သာ ထည့်ထားလေ့ ရှိကြသည်။ သို့သော် တောရိုင်းထဲမှ သားရဲများကိုမူ တွေ့ရခဲလှပေသည်။
ထိုအချိန်မှာပင် ဝက်ဝံမည်း နှစ်ကောင်နှင့် ကျားသစ်လေးက တစ်ကောင်နှင့်တစ်ကောင် သတိထားမိသွားကြသည်။ ၎င်းတို့က ပေါ့ပေါ့ပါးပါး အခြေအနေမှ ချက်ချင်း သတိဝီရိယ ရှိသွားကြပြီး ခြိမ်းခြောက်သည့် ကိုယ်ဟန်များ ပြသကာ တစ်ဖက်လူကို သတိကြီးစွာဖြင့် အကဲခတ်နေကြတော့သည်။
ရွှီယန်က ၎င်းတို့ ဤသို့ ဖြစ်နေသည်ကို မြင်သောအခါ အလျင်အမြန် ဝင်ပြောလိုက်သည်။
"မင်းတို့ သုံးကောင်... ရန်မဖြစ်ကြနဲ့... ဘာမှမဖြစ်ဘူး"
ရွှီယန်၏ နှစ်သိမ့်စကားကို ကြားသောအခါ ကျားသစ်နှင့် ဝက်ဝံမည်းများမှာ အနည်းငယ် ငြိမ်ကျသွားကြသည်။ တကယ်တမ်းတွင် ရှောင်ဟွာနှင့် လောင်ဟေးတို့က ပုံမှန်အားဖြင့် တုံးအအပုံစံလေးများ ရှိကြသော်လည်း ခုနက တစ်ခဏလေးအတွင်း ၎င်းတို့ထံမှ ထွက်ပေါ်လာသော အရှိန်အဝါက မသေးငယ်လှဘဲ အနည်းငယ်ပင် လန့်စရာ ကောင်းနေသေးသည်။
သားရဲဆိုသည်မှာ သားရဲပင် ဖြစ်သည်။ ၎င်းတို့က ရွှီယန်နှင့် ရင်းနှီးသောကြောင့်သာ ရွှီယန်၏ရှေ့တွင် ယဉ်ကျေးနေခြင်း ဖြစ်သည်။ အခြား လူတစ်ယောက်ဆိုလျှင်တော့ လုံးဝ ကွာခြားသွားမည်မှာ သေချာလှပေသည်။
ရှောင်ဟွာသည် ရွှီယန်၏ အနားသို့ ပြေးလာပြီး သူ့ကို မှီကာ ဝက်ဝံမည်းများကို သတိကြီးစွာဖြင့် လှမ်းကြည့်နေသည်။ ဝက်ဝံမည်း နှစ်ကောင်ကလည်း အခြေအနေကို နားလည်စွာဖြင့် လှည့်ထွက်သွားကြလေသည်။
ကြောင်မျိုးရင်းဝင် တိရစ္ဆာန်များက ရန်စရန် မလွယ်ကူပေ။ ၎င်းတို့ကို ချက်ချင်းကြီး ရင်းနှီးသွားအောင် ပြုလုပ်ရန်ဆိုသည်မှာလည်း မဖြစ်နိုင်ချေ။ ယခုကဲ့သို့ အခြေအနေကပင် အချင်းချင်း သိရှိသွားသည်ဟု သတ်မှတ်၍ ရနိုင်ပေသည်။
ရွှီယန်သည် သစ်ပင်များ မရှိဘဲ ရှင်းလင်းနေသော တောင်စောင်းလေး တစ်နေရာတွင် ထိုင်နေသည်။ ပတ်ဝန်းကျင်တွင် မြက်ပင်များဖြင့် စိမ်းစိုနေပြီး ရှုခင်းက အတော်လေး သာယာလှပေသည်။
ယနေ့တွင်လည်း လုပ်စရာ သိပ်မရှိသဖြင့် ဤနေရာ၌ပင် ခဏမျှ ထိုင်နေရန် စဉ်းစားလိုက်သည်။ ငွေကြေး ပြည့်စုံလာခြင်းက တကယ်တော့ ကောင်းမွန်လှသည်။ ဝမ်းစာအတွက် ရုန်းကန်နေစရာ မလိုတော့ချေ။ ဤကဲ့သို့ တစ်ရက်လုံး ထိုင်နားနေလျှင်လည်း ဘာမှ မဖြစ်နိုင်ပေ။
ရှောင်ဟွာက ရွှီယန်၏ အနားတွင် အဖော်ပြုပေးနေသည်။ ရွှီယန်က ဘာမှ ထပ်မရှင်းပြတော့သော်လည်း တိုက်ရိုက်ထုတ်လွှင့်မှု၏ နာမည်ကျော်ကြားမှုကတော့ အမြင့်ဆုံးတွင်သာ ရှိနေသည်။ အားလုံးက ဤသို့ ထူးခြားသော ရှုခင်းလေးကို ကြည့်ရှုရင်း စိတ်အေးချမ်းမှုကို ခံစားနေကြရသည်။
ဤသို့ဖြင့် တောထဲတွင် နှစ်နာရီခန့် ကစားပြီးနောက် ရွှီယန်က မတ်တပ်ရပ်ကာ ဘောင်းဘီပေါ်မှ ဖုန်များကို ခါထုတ်လိုက်ပြီး ပြန်ရန် ပြင်ဆင်လိုက်သည်။ သူက ရှောင်ဟွာ၏ ခေါင်းကို ပွတ်သပ်လိုက်ရာ ရှောင်ဟွာက သူ၏သဘောကို နားလည်စွာဖြင့် ပြေးထွက်သွားတော့သည်။
"ဒီနေ့ လိုက်ဖ်လွှင့်တာကတော့ ဒီလောက်ပါပဲ... နောက်ရက် အနည်းငယ်နေရင် ဘယ်သွားမလဲ စဉ်းစားပြီးမှ ထပ်လွှင့်ပါ့မယ်"
ရွှီယန်က အင်တာနက်သုံးစွဲသူများကို နှုတ်ဆက်လိုက်ပြီး လယ်ယာခြံဝင်းသို့ ပြန်လာခဲ့သည်။
လယ်ယာခြံဝင်းသို့ ရောက်ရောက်ချင်းပင် မာဝန် တစ်ယောက် သစ်သားလုပ်ငန်းများ လုပ်ကိုင်နေသည်ကို တွေ့လိုက်ရသည်။ သူက သစ်သားပြား တချို့ကို ရှာဖွေလာပြီး ရိုးရှင်းသော ဗီရိုလေး တစ်လုံး ပြုလုပ်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
ရွှီယန်က မာဝန် အလုပ်များနေသည်ကို မြင်သောအခါ အံ့ဩသွားပြီး မေးလိုက်သည်။
"ဘယ်လိုဖြစ်လို့ ဗီရို လုပ်နေတာလဲ"
မာဝန်က ပြုံးကာ ပြန်ဖြေသည်။
"ဟိုတစ်လောက အိမ်ပြင်တုန်းက ဗီရိုဟောင်းတွေ အများကြီး အပိုဖြစ်သွားတယ်လေ... ဂိုဒေါင်ထဲမှာ ဒီအတိုင်း ပုံထားတာ နှမြောစရာကောင်းလို့ အသုံးဝင်မယ့် သစ်သားတွေ ခွာယူပြီး ဗီရိုအသစ် တစ်ခု ပြန်ရိုက်မလို့ပါ... ဗီရို တစ်လုံး ဝယ်ရင် ပိုက်ဆံ အများကြီး ပေးရတယ် မဟုတ်လား... သူဌေး... ခင်ဗျားရော ယူဦးမလား"
မာဝန်၏ စကားကို ကြားသောအခါ ရွှီယန်က လက်ကာပြလိုက်ပြီး ပြောလိုက်သည်။
"ငါ မလိုပါဘူး... အဲဒီ ပရိဘောဂ တွေကို မင်းတို့ သဘောရှိ သုံးကြပါ... အသုံးဝင်ရင် အကောင်းဆုံးပေါ့"
ယခင်က ထွက်လာသော ပရိဘောဂဟောင်းများကို ရွှီယန်က လွှင့်ပစ်ရန် စဉ်းစားထားခြင်း ဖြစ်သည်။ သူက ငွေကြေးပြည့်စုံသဖြင့် ဤအရာများကို မလိုအပ်သော်လည်း ဝန်ထမ်းများကမူ တစ်လလျှင် ယွမ် ထောင်ဂဏန်းခန့်သာ ရရှိသော သူများဖြစ်ရာ နည်းနည်းပါးပါး ပြင်ဆင်လိုက်ပါက သုံး၍ရသေးသည်။ ဝန်ထမ်းအဆောင်များတွင် ဗီရိုများ ရှိသော်လည်း နောက်ထပ် နှစ်လုံးခန့် ထပ်လုပ်ထားလျှင်လည်း ကောင်းမွန်ပေသည်။
ရွှီယန်သည် သူ့ခြံဝင်းထဲရှိ နှစ်ထပ်အိမ်လေးဆီသို့ ပြန်လာခဲ့သည်။ သူ ပြန်ကြည့်လိုက်သောအခါ ဧည့်ခန်းက တကယ်ကို ရှင်းလင်းလွန်းနေသည်။ ဆိုဖာ၊ လက်ဖက်ရည်စားပွဲ၊ စားပွဲနှင့် ကုလားထိုင် တစ်စုံ၊ တီဗွီ စသည်တို့မှလွဲ၍ အခြား ဘာမှ မရှိတော့ပေ။
အရင်ကမူ ရွှီယန်၏ အာရုံက ဂိမ်းခန်းဆီတွင်သာ ရောက်နေသဖြင့် ထိုအခန်းကို လှလှပပ ပြင်ဆင်ခဲ့သော်လည်း အခြားနေရာများကို သိပ်ဂရုမစိုက်ဖြစ်ခဲ့ချေ။ နေ့စဉ်နေ့တိုင်း ဂိမ်းခန်းနှင့် အိပ်ခန်းထဲတွင်သာ အချိန်ကုန်လေ့ရှိရာ တခြားနေရာများက သိပ်ပြီး အသုံးမဝင်လှပေ။ သို့သော် သေချာ ပြန်ကြည့်လိုက်သောအခါ အရမ်းကို ရိုးရှင်းလွန်းနေသည်။ လုံးဝ ရိုးရှင်းသော အပြင်အဆင်မျိုးပင် ဖြစ်သည်။
ရွှီယန်က နည်းနည်း ထပ်မံ ပြင်ဆင်ရန် စဉ်းစားလိုက်ပြီး ပရိဘောဂများ အကြောင်းကို စတင် လေ့လာကြည့်လေသည်။ အွန်လိုင်းတွင် ရှာကြည့်လိုက်သောအခါ ပရိဘောဂ ကောင်းကောင်းများက သောင်းဂဏန်းခန့် ရှိသည်ကို တွေ့လိုက်ရသည်။ ရိုးရိုး ဗီရို တစ်လုံးပင် တစ်သောင်းကျော်နေပြီ ဖြစ်သည်။
'အရမ်း ဈေးကြီးတာပဲ... ငါတို့ဆီမှာ ဒီသစ်သားတွေ အများကြီး ရှိတာပဲ... ပရိဘောဂ ဖြစ်သွားတာနဲ့ ဈေးက အဆဆယ်မက တက်သွားတာပဲ... ဒါပေမဲ့ သယ်ယူပို့ဆောင်ရေး စရိတ်နဲ့ လက်မှုခ တွေကို ထည့်တွက်ရင်တော့လည်း သင့်တော်ပါတယ်'
ရွှီယန်က စိတ်ထဲတွင် တွေးလိုက်သည်။
ပြည်တွင်း သစ်သား ငါးဆယ်ရာခိုင်နှုန်းက အရှေ့မြောက် သစ်တောများမှ လာခြင်း ဖြစ်သည်။ ဤဘက်တွင် သစ်သားများ အများအပြား ရှိပြီး အထူးကောင်းမွန်သော သစ်သားများလည်း ရှိသည်။ သစ်သား အများစုကို အပြင်ဘက်သို့ တင်ပို့ကြပြီး တချို့ကိုမူ တောင်ပိုင်းအထိတောင် ပို့ရသည်။ သစ်သားကောင်းများက အလွန်လေးလံရာ သယ်ယူပို့ဆောင်ရေး စရိတ်ကလည်း အလွန် ဈေးကြီးသွားခြင်း ဖြစ်သည်။
'ကိုယ်တိုင်ပဲ သစ်သားကောင်းကောင်း ရှာပြီး လက်သမား ငှားလုပ်ခိုင်းတာက ပိုကောင်းမယ် ထင်တယ်... လက်ရာကောင်းတဲ့ လက်သမား နှစ်ယောက်လောက် ရှာဖို့က သိပ်မခက်ပါဘူး'
ရွှီယန်က စိတ်ထဲတွင် တွက်ချက်လိုက်သည်။
ဤဒေသတွင် သစ်သားပန်းပု လုပ်သူများ၊ လက်ရာကောင်းသော လက်မှုပညာရှင်များ ရှိသည်။ သို့သော် စက်ရုံထုတ် ပရိဘောဂများ ခေတ်စားလာသည်နှင့်အမျှ လက်မှုပညာရှင်များလည်း တဖြည်းဖြည်း မှေးမှိန်လာခဲ့သည်။ ရွှီယန်က ပရိဘောဂ ကောင်းကောင်းလေးများ လိုချင်သဖြင့် သစ်သားကောင်းကောင်း ဝယ်ကာ ၎င်းတို့ကို ငှားလုပ်ခိုင်းလျှင် ရပေသည်။ ကုန်ကျစရိတ်ကလည်း တိုက်ရိုက် ဝယ်ယူခြင်းထက် အများကြီး သက်သာမည်မှာ သေချာလှသည်။
ထို့ကြောင့် နောက်တစ်နေ့တွင် ရွှီယန်က ကားမောင်းကာ သစ်သားဈေးကွက်သို့ သစ်သား သွားရွေးချယ်လေသည်။ ဤဘက်ရှိ သစ်သားဈေးကွက်က အတော်လေး ကြီးမားပြီး ဝင်ဝင်ချင်းမှာပင် ရှေးဟောင်းပုံစံ အဆောက်အအုံများကို တွေ့ရကာ ပတ်ဝန်းကျင်ကလည်း အတော်လေး ကောင်းမွန်လှသည်။
"ဒီနေရာက မဆိုးဘူးပဲ"
ရွှီယန်က အဆောက်အအုံများကို ကြည့်ရင်း ချီးကျူးလိုက်သည်။
အဆောက်အအုံ တော်တော်များများ၏ ရှေ့တွင် သစ်သားပုံ အကြီးအသေးများ ရှိနေသည်။ ဘေးရှိ ကွင်းပြင်ကျယ်တွင်မူ ကရိန်းကားများနှင့် ကုန်တင်ကားကြီးများက ကုန်တင်နေကြသည်။ ဤနေရာက ပင်လယ်နှင့် နီးပြီး ကုန်တင်ဆိပ်ကမ်း ရှိသဖြင့် အဓိကအားဖြင့် သစ်သားများကို အပြင်သို့ တင်ပို့ရန်ပင် ဖြစ်သည်။ သာမန်အချိန်ဆိုလျှင် ဘယ်သူမှ ဤကဲ့သို့သော နေရာမျိုးသို့ မလာကြပေ။
ရွှီယန်က အတွေ့အကြုံရှိသော လူတစ်ယောက်ကို ရှာကာ သစ်သားဝယ်မည့် ကိစ္စကို မေးကြည့်လိုက်သည်။ သစ်သားဝယ်မည်ဆိုလျှင် ဆိပ်ကမ်းဘက်သို့ သွားပြီး မျက်စိကျသည်ကို တွေ့ပါက တိုက်ရိုက် ဈေးဆွေးနွေးလိုက်ခြင်းက အကောင်းဆုံးပင် ဖြစ်သည်။ ဆိပ်ကမ်းမှ သစ်သားများက ပထမလက် ဖြစ်ပြီး တချို့က ဘယ်သူမှ မဝယ်ရသေးပေ။
ဤသစ်သားများက ပို၍ မြောက်ဘက်ကျသော သစ်တောများမှ သယ်ယူလာခြင်းဖြစ်ပြီး တောင်ပိုင်းသို့ ပို့ဆောင်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။ ဤနေရာတွင် ဝယ်နိုင်ပါက ဈေးပိုသက်သာပေသည်။ အဆောက်အအုံများထဲတွင် ရောင်းသော သစ်သားများမှာမူ အရည်အသွေး အနည်းငယ် ညံ့ပြီး လိမ်ညာမှုများလည်း များတတ်သည်။
ရွှီယန်က သစ်သားဈေးကွက်ထဲတွင် တစ်ပတ်ခန့် လျှောက်ကြည့်ပြီးနောက် ဆိပ်ကမ်းဘက်သို့ သစ်သား သွားကြည့်လေသည်။ သစ်သား ကုန်သည်တချို့ စကားပြောနေသည်ကို သူ ကြားလိုက်ရသည်။
"အဲဒီ သစ်နီတွေက သက်တမ်း အရမ်းနုသေးတယ်... ငါ့ဆီက ဟာတွေလောက် မကောင်းဘူး... ဝယ်လို့ မဖြစ်ဘူး"
"ဟိုတစ်ဆိုင်က သစ်နီက သက်တမ်းတော့ ပြည့်ပြီ... ဒါပေမဲ့ အက်ကွဲကြောင်းတွေ အရမ်းများတယ်... သစ်သားကောင်း ထွက်လာမှာ မဟုတ်ဘူး"
"တစ်ဆိုင်က သစ်သားတွေထဲမှာ ပိုးပေါက်တွေ ရှိတာ ငါတွေ့ခဲ့သေးတယ်"
ထိုစကားပြောသံများကို ကြားရသောအခါ ရွှီယန်လည်း သစ်သားများနှင့် ပတ်သက်၍ ဂရုစိုက်ရမည့် အချက်များ အများအပြား ရှိမှန်း နားလည်သွားသည်။ အနည်းဆုံးတော့ ဆိပ်ကမ်းရှိ သစ်သားများက အကောင်းအဆိုး ရောနှောနေပြီး အများစုက အပြင်ပန်းကြည့်လျှင် လှပေမယ့် အထဲတွင် မည်သို့ အခြေအနေ ရှိနေသည်ကို မသိနိုင်ချေ။
ဆိပ်ကမ်းတွင် သစ်သားများ အများအပြား ပြသထားပြီး တချို့ကလည်း ဆိုင်ခင်း၍ ရောင်းနေကြသည်။ တောထွက်ပစ္စည်း ဈေးကွက်နှင့် အနည်းငယ် ဆင်တူနေပေသည်။ ရွှီယန်က ရင်းနှီးသော ခံစားချက်ကို ရလိုက်သည်။
ရွှီယန်က ကုန်သည် တစ်ယောက်နှင့် စကားပြောကြည့်တော့မှ ၎င်းတို့က ဤနေရာတွင် တစ်လကျော်ခန့် နေရပြီး အော်ဒါများ အကုန်ပြည့်မှသာ သစ်သားများကို သင်္ဘောပေါ် တင်ရမည်ဆိုသည်ကို သိလိုက်ရသည်။
ရွှီယန်က ကျယ်ပြောပြီး စည်ကားနေသော သစ်သားဈေးကွက်ကြီးကို ကြည့်ရင်း မည်သည့်နေရာမှ စတင် လုပ်ဆောင်ရမှန်း မသိသလို ခံစားလိုက်ရသည်။ တကယ်တော့ မည်သည့် နယ်ပယ်ကိုပဲ သွားသွား ကျွမ်းကျင်သော အသိပညာ ရှိရန် လိုအပ်ပေသည်။ မဟုတ်လျှင်တော့ သူများ အလွယ်တကူ လိမ်စား၍ရသော သိုးမိုက်လေး ဖြစ်သွားမည်မှာ သေချာလှသည်။ တချို့လူများက ရွှီယန်ကို မှတ်မိသွားကြပြီး သူ့ကို သူဌေးကြီးဟု ထင်ကာ သူ့ထံမှနေ၍ အမြတ်ထုတ်ရန် ကြံစည်နေကြသည်။
ရွှီယန်တွင် ကျွမ်းကျင်သော သစ်သားပညာ မရှိသော်လည်း သူ့တွင် ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် ရှိပေသည်။ အဆင့်မြှင့်တင်ထားသော ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်က ဤကဲ့သို့သော နေရာမျိုးတွင်လည်း အသုံးပြု၍ ရပေသည်။ ပိုင်ရှင်နှင့် ဖောက်သည်များက တစ်ယောက်နှင့်တစ်ယောက် အမြတ်ထွက်ရန်နှင့် အရှုံးမပေါ်ရန်အတွက် ဉာဏ်စမ်းနေကြချိန်ဖြစ်သည်။
ရွှီယန်ကမူ ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို သုံးကာ သစ်သား တစ်တုံးကို ချက်ချင်း ရှာဖွေ တွေ့ရှိသွားသည်။ အနည်းငယ်တော့ ဝေးကွာပြီး ဆိပ်ကမ်းဘေးရှိ စက်ရုံ တစ်ခုနားတွင် ဖြစ်သည်။ ရွှီယန်က ကားမောင်းကာ ထိုဘက်သို့ တောက်လျှောက် သွားလိုက်သည်။ ဘေးပတ်လည်တွင် မျိုးစုံသော သစ်သားများ အများအပြား စီထားသည်ကို တွေ့ရသည်။
မကြာခင်မှာပင် ရွှီယန်က လိုချင်သောနေရာသို့ ရောက်သွားသည်။ ဤဘက်တွင်တော့ သစ်သားဆိုင်များ ပိုများပြားသည်။ လူတစ်ယောက်စာထက် ပိုတုတ်သော သစ်တုံးကြီးများကို ဘေးတွင် ချထားပြီး အပြင်အဆင်က အတော်လေး ကောင်းမွန်လှသည်။
ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်က ညွှန်ပြနေသည်မှာ သစ်ငုတ်တို အကြီးကြီး တစ်ခုဖြစ်သည်။ အမြစ်မှနေ၍ ဆွဲနုတ်ထားသော ပုံစံမျိုး ဖြစ်သည်။ သစ်ငုတ်တို၏ အချင်းက တစ်မီတာကျော်ခန့် ရှိပြီး လူတစ်ယောက် အပေါ်တွင် ထိုင်၍တောင် ရနိုင်ပေသည်။
'သစ်ငုတ်တို တစ်ခုလား'
'ဒီလောက် သစ်သားတွေ အများကြီးထဲမှာ သံလိုက်အိမ်မြှောင်က သစ်ငုတ်တို တစ်ခုကို သွားရွေးတယ်ပေါ့လေ'
ရွှီယန်က သစ်သားအကြောင်း နားမလည်သဖြင့် အတော်လေး အံ့ဩသွားသည်။ သို့သော် ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်က အမှားမရှိနိုင်ကြောင်း သူ သိရှိပေသည်။ သစ်သားဝယ်ခြင်းက ရှေးဟောင်းပစ္စည်း ဝယ်ခြင်းနှင့် မတူပေ။ ဖုံးကွယ်ထားစရာ မလိုဘဲ ဝယ်ချင်သည်ကို တိုက်ရိုက် ပြော၍ ရပေသည်။
ရွှီယန်က ပိုင်ရှင်ကို မြင်သောအခါ မေးလိုက်သည်။
"သူဌေး... ဒီသစ်ငုတ်တိုက ဘယ်လောက်လဲ... အကျယ်က တော်တော်လေး ကြီးတော့ အဝိုင်းပုံ လက်ဖက်ရည် စားပွဲလေး လုပ်ရင် ကောင်းမယ်ထင်တယ်"
ပိုင်ရှင်က မြေကြီးပေါ်ရှိ သစ်ငုတ်တိုကြီးကို တစ်ချက်ကြည့်လိုက်သည်။ ဤအရာကြီးကို တူးထားသည်မှာ ကြာပြီဖြစ်သော်လည်း ဘယ်သူမှ မဝယ်ကြချေ။ ပြုပြင်ပြောင်းလဲရန် ခက်ခဲပြီး စားပွဲအသေးလေး လုပ်မည်ဆိုလျှင်လည်း ဘာလုပ်ရမှန်း မသိသောကြောင့် ဖြစ်သည်။ ရွှီယန် ပြောသကဲ့သို့ လက်ဖက်ရည် စားပွဲ လုပ်ရန်သာ သင့်တော်ပေသည်။
ပိုင်ရှင်က ချက်ချင်း ပြန်ဖြေသည်။
"ဒါကို ယွမ် နှစ်သောင်း ပေးရင် ယူသွားလို့ ရပြီ"
ရွှီယန် ဈေးဆစ်နေသည်ကို တွေ့သောအခါ တချို့လူများက ဘာများလဲဆိုပြီး လာကြည့်ကြသည်။ ဆိုင်ရှင် နှစ်ယောက်ခန့်ကတော့ သိပ်မရိုးသားကြပေ။ ရွှီယန်ကို ၎င်းတို့ထံတွင် လက်ဖက်ရည် စားပွဲ လုပ်၍ရသော ပိုကောင်းသည့် သစ်သားများ ရှိကြောင်း တိုက်ရိုက် လာပြောကြသည်။ သစ်ငုတ်တို ပိုင်ရှင်က ၎င်းတို့ကို ဆဲဆိုလိုက်မှသာ ဘာမှ မပြောရဲတော့ဘဲ ထွက်သွားကြသည်။
သို့သော် သစ်ငုတ်တို ပိုင်ရှင်ကလည်း ဈေးနည်းနည်း လျှော့ပေးလိုက်ပြီး ယွမ် တစ်သောင်းခွဲ တောင်းလေသည်။
လက်ဖက်ရည် စားပွဲ တစ်လုံးကို ဤမျှ ဈေးကြီးခြင်းက ရွှီယန် တွက်ချက်ထားသော ဘတ်ဂျက်ထက် ကျော်လွန်နေသည်။ သို့သော် ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်က ညွှန်ပြထားခြင်းဖြစ်ရာ သေချာပေါက် ပစ္စည်းကောင်း ဖြစ်ရမည်။ ယွမ် တစ်သောင်းခွဲထက် အများကြီး ပိုတန်မည်မှာ သေချာလှသည်။ ထို့ကြောင့် ရွှီယန်က စိတ်ဆုံးဖြတ်ပြီး ဈေးဆစ်လိုက်သည်။
"ယွမ် တစ်သောင်း... ရောင်းမယ်ဆိုရင် ယူမယ်"
ရွှီယန်၏ စကားကို ကြားသောအခါ ပိုင်ရှင်က အခက်တွေ့နေသည့် မျက်နှာထားမျိုး လုပ်ပြလိုက်သည်။ သို့သော် နောက်တစ်စက္ကန့်မှာပင် ရွှီယန် စိတ်ပြောင်းသွားမည်ကို စိုးရိမ်သည့်အလား ချက်ချင်း ပြန်ပြောလိုက်သည်။
"ရပြီ... ယူသွား"
သူ၏ပုံစံကို မြင်သောအခါ ရွှီယန်လည်း ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားသည်။
'ဒီလောက် လွယ်လွယ်လေးလား... သွားပြီ... ငါ ဈေးအများကြီး ပေးလိုက်ရပြီ ထင်တယ်... ဒီထက်တောင် ပိုလျှော့လို့ ရသေးတယ် မဟုတ်လား’