အခန်း ၃၁၀
Vol. 31 Ch. 310
အခန်း (၃၁၀) အထဲမှာ ဝှက်ထားတဲ့အရာ... သစ်ငုတ်တိုရဲ့ လျှို့ဝှက်ချက်
ရွှီယန်သည် သစ်သားဈေးကွက်မှ သစ်ငုတ်တိုကြီးတစ်ခုကို ဝယ်ယူခဲ့သည်။
ထိုသစ်ငုတ်တိုမှာ တကယ်ကို ကြီးမားလွန်းလှပေသည်။
ဘေးတွင် ရပ်နေသော လူလတ်ပိုင်းတစ်ဦးက ဤမြင်ကွင်းကို ကြည့်ကာ သစ်ငုတ်တိုကို လက်ညှိုးထိုး၍ ပြောလိုက်သည်။
"ဒီသစ်ငုတ်တိုရဲ့ မျက်နှာပြင်မှာ အက်ကွဲရာတွေ ရှိနေတယ်... လက်ဖက်ရည်စားပွဲ လုပ်မယ်ဆိုရင်တောင် သိပ်လှမှာ မဟုတ်ဘူး"
နောက်တစ်ယောက်ကလည်း ဝင်ပြောလေသည်။
"ညီညာအောင် ဖြတ်ပြီး အောက်ကနေ ခြေထောက်လေးချောင်း တပ်လိုက်လေ... ပြီးရင် အပေါ်ကနေ ဆေးသုတ်လိုက်ရင် ကြည့်လို့လှသွားမှာပါ"
သစ်ငုတ်တိုကို ရောင်းချလိုက်ရသော ပိုင်ရှင်မှာမူ အလွန်ဝမ်းသာနေတော့သည်။
ဤသစ်ငုတ်တိုကြီးကို ဤနေရာတွင် ချထားသည်မှာ တစ်နှစ်ခန့်ပင် ရှိနေပြီဖြစ်သော်လည်း မည်သူကမှ အဖတ်မလုပ်ကြချေ။ မည်သို့ပင်ဆိုစေ ဤနေရာတွင် တခြား သစ်သားကောင်းများ အများအပြား ရှိနေသည် မဟုတ်ပါလော။
ယနေ့မှ ရေစက်ပါသူနှင့် တွေ့ဆုံကာ ရွှီယန်၏ ရွေးချယ်ခြင်းကို ခံရလိမ့်မည်ဟု သူမထင်မှတ်ထားခဲ့ပေ။
ရွှီယန်သည် သစ်သားအကြောင်း နားမလည်သည်မှာ မှန်သော်လည်း သူ့တွင် ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် ရှိနေသည်။ ထို့ကြောင့် အတိအကျ ဘာလဲဆိုသည်ကိုတော့ မပြောနိုင်သေးချေ။
ရွှီယန်က သူ၏ရှေ့ရှိ သစ်ငုတ်တိုကြီးကို သေချာစွာ ကြည့်ရှုလိုက်သည်။
မကြည့်လိုက်ပါက အတော်လေး လေးလံမည့်ပုံပေါ်သည်။ ရွှီယန်ကတော့ တခြား သစ်သားများနှင့် မည်သို့ ကွာခြားကြောင်းကို မသိသာပေ။ နမ်းကြည့်လိုက်လျှင်လည်း သစ်သားရနံ့ သင်းသင်းလေးကို ရနေသေးသည်။
'ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်က ဒါကို ရတနာလို့ ပြနေတယ်... ငါကတော့ ဘာထူးခြားလဲဆိုတာ မမြင်မိသေးဘူး... ဒါက သစ်သားကောင်း တစ်ခုတော့ မဟုတ်ဘူး... ဒါပေမဲ့ ဘာမှမလွဲချော်ဘူးဆိုရင် အထဲမှာ တစ်ခုခု ရှိနေမှာ သေချာတယ်'
ရွှီယန်သည် ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို အပြည့်အဝ ယုံကြည်ထားပေသည်။ ထို့ကြောင့် ဤသစ်ငုတ်တိုအပေါ်တွင်လည်း သူ ယုံကြည်မှု ရှိနေခြင်း ဖြစ်သည်။
ရွှီယန်က ယွမ် တစ်သောင်း ပေးချေလိုက်ရာ ပိုင်ရှင်ကလည်း ဝမ်းသာအားရဖြင့် သစ်ငုတ်တိုကို လွှဲပြောင်းပေးလိုက်သည်။
ရွှီယန်က ပြုံးကာ မေးလိုက်သည်။
"သူဌေး... ကျွန်တော် ဝယ်လိုက်ပြီဆိုတော့ ဒီသစ်သားက ကျွန်တော့်ဟာ ဖြစ်သွားပြီနော်"
ရွှီယန်၏ စကားကို ကြားသောအခါ ပိုင်ရှင်က ပို၍ပင် ပြုံးရွှင်သွားတော့သည်။
"ဒါပေါ့ဗျာ... ရောင်းလိုက်တဲ့ ပစ္စည်းကို ပြန်ရုပ်သိမ်းတယ်ဆိုတဲ့ ထုံးစံမှ မရှိတာ... ကျွန်တော် ဒီမှာ အလုပ်လုပ်လာတာ ဆယ်နှစ်ကျော်ပြီ... နာမည်ကောင်းတော့ ရှိပါတယ်ဗျ"
ရွှီယန်က ခေါင်းညိတ်ပြလိုက်သည်။
ပတ်ဝန်းကျင်တွင် ကြည့်နေသူများလည်း အများအပြား ရှိနေသဖြင့် ဤသူဌေး လိမ်မည်ကို စိုးရိမ်စရာ မလိုချေ။
ဘေးမှ လူတစ်ယောက်က ဝင်ပြောလိုက်သည်။
"ဆရာရွှီ... ကျွန်တော်တို့ဆီမှာ သစ်ခွဲစက်ရုံ ရှိတယ်ဗျ... လက်ဖက်ရည်စားပွဲ လုပ်ချင်တယ်ဆိုရင် အခုပဲ ချက်ချင်း လုပ်ပေးလို့ ရတယ်... ဒါကို ဖြတ်ရတာလည်း လွယ်ပါတယ်"
ရွှီယန်က ခဏမျှ စဉ်းစားပြီး ပြန်ဖြေလိုက်သည်။
"အင်း... အဲဒါဆိုလည်း သစ်ခွဲစက်ရုံမှာ ခွဲကြည့်တာပေါ့... ကျွန်တော် ထင်တာတော့ ဒီသစ်ငုတ်တိုက နည်းနည်း ထူးခြားနေတယ်... အထဲမှာ တစ်ခုခု ရှိလောက်တယ်"
ရွှီယန် ထိုသို့ ပြောလိုက်သည်နှင့် သစ်ခွဲစက်ရုံမှ လူငယ်လေးက သုံးဘီးဆိုင်ကယ်လေးဖြင့် ရောက်လာပြီး ရွှီယန်၏ သစ်ငုတ်တိုကို တင်ကာ သစ်ခွဲစက်ရုံဆီသို့ တောက်လျှောက် မောင်းသွားတော့သည်။
လူတချို့ကလည်း ရွှီယန်ကို ဗီဒီယို ရိုက်ချင်သဖြင့် သူ့နောက်မှနေ၍ လိုက်လာကြသည်။
သူက နာမည်ကြီး လိုက်ဖ်လွှင့်သူ တစ်ယောက် ဖြစ်နေသည် မဟုတ်ပါလော။
ရွှီယန်ကို ရိုက်ပြီး ကိုယ့်အကောင့်တွင် တင်လိုက်ရုံဖြင့် ဒီနေ့တော့ နာမည်ကြီး လိုက်ဖ်လွှင့်သူ ရွှီယန် ဆိပ်ကမ်း သစ်သားဈေးကွက်ကို သစ်လာဝယ်တယ် ဟု စာလေး ရေးလိုက်ပါက ဘာမှ ထပ်ပြောစရာ မလိုဘဲ ကြည့်ရှုသူ အများအပြား ရလာမည်မှာ သေချာသည်။
ကြည့်ရှုသူ များလာပါက သစ်သားများကို စိတ်ဝင်စားသူလည်း ရှိလာမည်သာ ဖြစ်သည်။ ထို့ကြောင့် ထိုသူဌေးများကလည်း ဤနာမည်ကျော်ကြားမှုကို အခွင့်ကောင်း ယူချင်ကြခြင်း ဖြစ်သည်။
ရွှီယန်သည် သစ်ငုတ်တိုကို သယ်ဆောင်ကာ သစ်ခွဲစက်ရုံသို့ ရောက်လာခဲ့သည်။
စက်ရုံပိုင်ရှင်မှာလည်း ရွှီယန်၏ ပရိသတ် တစ်ယောက်ဖြစ်ပြီး ရွှီယန်၏ တိုက်ရိုက်ထုတ်လွှင့်မှုများကို အမြဲ ကြည့်လေ့ရှိသူ ဖြစ်သည်။ ရွှီယန်ကို မြင်သောအခါ သူက အလွန်ပင် ဝမ်းသာနေတော့သည်။
ရွှီယန်က သစ်သားကို ခွဲချင်သည်ဟု ပြောလိုက်သည်နှင့် ရင်ဘတ်ကို ပုတ်ကာ အာမခံလိုက်သည်။
"ပြဿနာ မရှိပါဘူး... ဒီသစ်သားကို လက်ဖက်ရည်စားပွဲ လုပ်ချင်တာ မဟုတ်လား... ရပါတယ်"
ရွှီယန်ကတော့ ပြန်ပြောလိုက်သည်။
"လုပ်ဖို့တော့ မလောပါဘူး... ဒီအောက်ခြေ ပုံစံက နည်းနည်း ထူးဆန်းနေတော့ လက်ဖက်ရည်စားပွဲ လုပ်ရင်လည်း သိပ်လှမယ် မထင်ဘူး... ဒီလိုလုပ်ရင်ရော ဘယ်လိုလဲ... သစ်ငုတ်တိုရဲ့ အလယ်တည့်တည့်ကနေ နှစ်ပိုင်း ခွဲပေးပါလား... ဖြည်းဖြည်းချင်းပဲ ခွဲနော်... အရမ်း မမြန်စေနဲ့... ဒီသစ်ငုတ်တို အထဲမှာ တစ်ခုခု ရှိနေနိုင်တယ်လို့ ကျွန်တော် ထင်တယ်"
ထိုစကားကို ကြားသောအခါ သစ်ခွဲစက်ရုံ ပိုင်ရှင်က ချက်ချင်း မှင်တက်သွားသည်။
"ထောင်လိုက် ခွဲမှာလား... အဲဒီလိုဆို သစ်သားက အလကား ဖြစ်သွားမှာပေါ့... သစ်သားသေတ္တာ အသေးလေး လုပ်ချင်လို့များလား"
ပတ်ဝန်းကျင်ရှိ တခြား ဆိုင်ရှင်များကလည်း အချင်းချင်း တီးတိုး ပြောဆိုနေကြသည်။
"သူက ဒီသစ်ငုတ်တိုထဲမှာ တစ်ခုခု ရှိတယ်လို့ ပြောနေတယ်... ဘာများ ဖြစ်နိုင်မလဲ"
"မသိဘူးလေဗျာ... ကိုယ်တွေ သစ်သားအလုပ် လုပ်လာတာ နှစ်ပေါင်းများစွာ ရှိနေပြီ... ဒီသစ်ငုတ်တိုက ဘာထူးခြားလဲ ဆိုတာ မမြင်မိဘူး... သူက မြင်နိုင်လို့လား"
"ဒီသစ်ငုတ်တိုကိုသာ ဈေးဖြတ်ရရင် အလွန်ဆုံး ခြောက်ထောင်ပဲ... သူက တစ်သောင်းတောင် ပေးလိုက်တယ်ဆိုတော့ လောင်လီ လည်း ပျော်နေမှာပေါ့... အလကားနေရင်း ပိုက်ဆံ အများကြီး ရလိုက်တာကိုး"
"သူက တော်တော်လေး စိတ်ကူးယဉ်ဆန်တာပဲ"
ရွှီယန်က သူတို့ပြောနေသည်များကို ကြားသော်လည်း သူ့ကိုယ်သူလည်း သေချာ မသိသေးပေ။ သို့သော် အထဲတွင် တစ်ခုခု ရှိသည်ဆိုသည်ကို ယုံကြည်နေဆဲဖြစ်သဖြင့် ပြောလိုက်သည်။
"ထောင်လိုက်ပဲ ခွဲပေးပါ... ခွဲကြည့်လိုက်ပါ... အလယ်တည့်တည့်ကနေ မဟုတ်ဘဲ လေးပုံတစ်ပုံလောက် နေရာကနေ စပြီး ခွဲကြည့်ပါ"
ရွှီယန်က အဲဒီလို ပြောလိုက်တော့ သစ်ခွဲစက်ရုံ ပိုင်ရှင်လည်း ထပ်ပြီး မတွန့်ဆုတ်တော့ချေ။
ထို့နောက် သူက သစ်ငုတ်တိုကို သေချာ နေရာချပြီး လျှပ်စစ်လွှကို ကိုင်ကာ လေးပုံတစ်ပုံ နေရာမှနေ၍ သစ်သားကို စတင် ခွဲလေတော့သည်။
နားငြီးစရာကောင်းသော ခွဲသံကြီး ထွက်ပေါ်လာသည်။
သစ်မှုန့်များလည်း လေထဲတွင် လွင့်ပျံသွားသည်။
လျှပ်စစ်လွှက အောက်သို့ ဖြတ်ချသွားသည်နှင့်အမျှ မကြာခင်မှာပင် သစ်သားက အကြီးအသေး နှစ်ပိုင်း ကွဲသွားတော့သည်။
ထိုအချိန်တွင် လူတိုင်းက သစ်သား၏ အလယ်ဗဟိုကို စူးစိုက်ကြည့်လိုက်ကြသည်။ ဤသို့ ကြည့်လိုက်ရုံဖြင့် အားလုံးက ချက်ချင်း အံ့ဩမှင်တက် သွားကြတော့သည်။
သစ်သား၏ ဘေးဘက်တွင် ပိုးစားထားသော အပေါက်များ အများအပြား ရှိနေသည်။
ပိုးပေါက်များက တော်တော်လေးကို များပြားလှပေသည်။
ပတ်ဝန်းကျင်ရှိ လူများက ဤမြင်ကွင်းကို မြင်သောအခါ ချက်ချင်းပင် ဝေဖန်ပြောဆိုလာကြသည်။
"ပိုးပေါက်တွေ အများကြီးပဲ... ဒီသစ်သားကတော့ အလကား ဖြစ်သွားပြီ"
"ပိုးစားထားတာကိုး... ဒီလို သစ်သားမျိုးက ဈေးကောင်း မရတော့ဘူး"
"အထဲမှာ ပိုးပေါက်တွေ ရှိနေတာပဲ... ဒီအရောင်းအဝယ် ကတော့ သူ တော်တော် ရှုံးသွားပြီ"
"ဒီလို ပိုးစားထားတဲ့ သစ်သားက တန်ဖိုး အနည်းဆုံးပဲ"
သစ်ခွဲစက်ရုံ ပိုင်ရှင်ကလည်း ရွှီယန်ကို ပြောလိုက်သည်။
"ဒီသစ်ငုတ်တိုက သိပ်မကောင်းဘူးဗျ... ပိုးစားထားတာ ဒီလောက်တောင် ကျယ်နေတော့ ဘာမှ လုပ်လို့ မရတော့ဘူး... ကျွန်တော် ထင်တာတော့ ဒါက သစ်မွှေး ဖြစ်မယ်... ပိုးမစားထားတဲ့ နေရာလေးတွေကနေ ပုတီးစေ့လေးတွေ လုပ်ပြီး လက်ပတ်အဖြစ် ရောင်းလို့ ရနိုင်တယ်... နည်းနည်းတော့ ပြန်ရနိုင်ပါသေးတယ်"
အားလုံးက ဤသစ်ငုတ်တိုကို မျှော်လင့်ချက် မရှိတော့ဟု ထင်နေကြသည်။
'ဘယ်လိုဖြစ်လို့ ပိုးစားထားတာလဲ... ဒါက ဘာရတနာလဲ'
ရွှီယန်က ဆောင့်ကြောင့်ထိုင်ပြီး သစ်ငုတ်တိုပေါ်ရှိ ပိုးပေါက်များကို သေချာ ကြည့်လိုက်သည်။ သူ သေချာ နမ်းကြည့်လိုက်သောအခါ ပိုးပေါက်များဆီမှနေ၍ ထူးခြားသော ရနံ့တစ်ခု ထွက်ပေါ်လာသည်ကို ရလိုက်သည်။
ထိုရနံ့ကို ရလိုက်သည်နှင့် ရွှီယန်က ချက်ချင်း ပြုံးလိုက်တော့သည်။
ဤအထဲရှိ အရာက ဘာလဲဆိုသည်ကို သူ သိသွားပြီ ဖြစ်သည်။
သစ်မွှေး ပင်တည်း။
ဤကဲ့သို့သော သစ်မွှေးပင်များက လေပြင်းတိုက်ခံရခြင်း သို့မဟုတ် ပိုးမွှားကိုက်ခံရခြင်း သို့မဟုတ် သစ်ပင်ကိုယ်တိုင် ရောဂါရ၍ ပုပ်သိုးလာသောအခါ သစ်ပင်က မိမိဘာသာ ကုသရန်အတွက် သစ်စေးများကို ထုတ်လွှတ်ပြီး ဒဏ်ရာရသော နေရာတွင် စုပုံစေကာ ကာကွယ်လေ့ရှိသည်။
သို့သော် တစ်ခါတရံ ဒဏ်ရာက လုံးဝ မကျက်နိုင်ဘဲ သစ်စေးနှင့် မှိုများက အချိန်ကြာမြင့်စွာ အတူတကွ တည်ရှိနေပြီး မျိုးဗီဇ ပြောင်းလဲသွားကာ ဆယ်စုနှစ်ချီ သို့မဟုတ် ရာစုနှစ်ချီ ကြာသောအခါ သစ်မွှေးအဖြစ် ပြောင်းလဲသွားတတ်သည်။
ဒဏ်ရာ ပိုဆိုးလေ ဖြစ်ပေါ်လာသော သစ်မွှေးက ပို၍ တန်ဖိုးကြီးလေပင် ဖြစ်သည်။
ဤအရာက တကယ်ကို တန်ဖိုးကြီးသော ရတနာ အစစ်အမှန် ဖြစ်သည်။ ရွှီယန်က ပိုးပေါက်များကို မြင်ပြီး ရနံ့ကို ရလိုက်သည်နှင့် ဤသစ်ပင်၏ အမြစ်က အစောကြီးကတည်းက ဒဏ်ရာရခဲ့သည်ကို သိလိုက်သည်။ ထို့နောက် ကာလကြာရှည် ပြောင်းလဲမှုများ ဖြစ်ပြီးနောက် အထဲတွင် သစ်မွှေးများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
ဤကဲ့သို့ သဘာဝ သစ်မွှေးများ၏ ဈေးနှုန်းက အရမ်းကို ကြီးမြင့်ပြီး တစ်ဂရမ်ကို ရွှေထက်ပင် အများကြီး ပို၍ ဈေးကြီးလှပေသည်။
ပတ်ဝန်းကျင်ရှိ လူများကမူ ရွှီယန် ယွမ် တစ်သောင်း ပေးပြီး ဝယ်လိုက်သော သစ်ငုတ်တိုက အလကား ဖြစ်သွားပြီဟု ထင်နေကြသည်။ ပုတီးစေ့လေးများ လုပ်လျှင်တောင် ပိုက်ဆံ သိပ်မရနိုင်ချေ။
သို့သော် ရွှီယန်က သစ်ခွဲစက်ရုံ ပိုင်ရှင်ကို လှမ်းပြောလိုက်သည်။
"သူဌေး... ဒီနေရာကနေ နောက်ထပ် အောက်ကို ဆက်ခွဲပေးပါ... ဒီနေရာကိုလည်း ခွဲလိုက်ပါ"
ရွှီယန်၏ စကားကို ကြားသောအခါ ပိုင်ရှင်က ပြန်မေးလိုက်သည်။
"ရပါတယ်... ဒါကတော့ ပြဿနာ မရှိပါဘူး... ဒါပေမဲ့ ဒီလို ခွဲလိုက်တော့ရော ဘာထူးမှာလဲ"
ရွှီယန်က ပြန်ပြောလိုက်သည်။
"သူဌေး... ခင်ဗျား သစ်သားအလုပ် လုပ်လာတာ နှစ်တော်တော် ကြာနေပြီပဲ... ပိုးပေါက်ရှိတဲ့ နေရာကို နမ်းကြည့်ပါလား... ဘာရနံ့ ရလဲလို့"
ရွှီယန် ထိုသို့ ပြောလိုက်တော့ ပိုင်ရှင်ကလည်း ချက်ချင်း ဆောင့်ကြောင့်ထိုင်ပြီး ပိုးပေါက်ရှိသော နေရာသို့ သွားကာ သေချာစွာ နမ်းကြည့်လိုက်သည်။
တစ်ခဏချင်းမှာပင် ပိုင်ရှင်လည်း သဘောပေါက်သွားတော့သည်။
ဤထူးခြားသော ရနံ့က သစ်မွှေးမှ ထွက်လာတာ ဖြစ်ပြီး ဤပိုးပေါက်ထဲတွင် သေချာပေါက် သစ်မွှေးများ ရှိနေမည် ဆိုသည်ကိုပင်။
ပိုင်ရှင်က မျက်လုံးပြူးသွားပြီး ရွှီယန်ကို လှမ်းကြည့်လိုက်ရာ သူ၏ မျက်နှာတွင် အံ့ဩချီးကျူးမှုများ အပြည့် ဖြစ်နေတော့သည်။
ပတ်ဝန်းကျင်ရှိ လူများက သူတို့နှစ်ယောက်၏ ပုံစံကို မြင်သောအခါ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားကြသည်။
'ဒါက ဘယ်လို အခြေအနေလဲ'
အားလုံးက ကျွမ်းကျင်သူများ ဖြစ်ကြရာ တစ်ယောက်က ချက်ချင်း ခန့်မှန်းလိုက်သည်။
"လခွမ်း... ဒီအထဲမှာ သစ်မွှေးတွေများ ရှိနေမလား"
သူ ထိုသို့ ပြောလိုက်သည်နှင့် တခြားသူများကလည်း ချက်ချင်း ပြန်ပြောကြသည်။
"ပိုးစားထားတာကနေ သစ်မွှေး ထွက်လာဖို့ဆိုတာ ဘယ်လွယ်မလဲ... ဖြစ်နိုင်ခြေက အရမ်း နည်းလွန်းတယ်"
"ဒါက တကယ်ပဲ သစ်မွှေးပင် ပါ"
"မဖြစ်နိုင်ပါဘူး... သူ့ကံက ဒီလောက်တောင် ကောင်းနေတာလား"
"ဟင်... ဒါကို သူ ရှာတွေ့သွားတာလား"
လူအုပ်ထဲတွင် တီးတိုး ပြောဆိုသံများ ထွက်ပေါ်လာသည်။
သစ်ခွဲစက်ရုံ ပိုင်ရှင်က လျှပ်စစ်လွှကို ချိန်ညှိပြီး နေရာအသစ် တစ်ခုကို ရှာကာ ဒုတိယအကြိမ် စတင် ခွဲလေတော့သည်။
လွှသံ ထွက်ပေါ်လာပြီး သစ်မှုန့်များ အများအပြား လွင့်စင်သွားသည်။
မကြာခင်မှာပင် သစ်ငုတ်တိုက နောက်တစ်ကြိမ် ထပ်ကွဲသွားတော့သည်။
ဤတစ်ကြိမ်တွင်တော့ အားလုံးက ပို၍ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ သစ်သားကို ဖြတ်လိုက်သော နေရာမှ အရောင်ရင့်ရင့် အမှုန့်များ အများအပြား ကျလာသည်ကို တွေ့လိုက်ရသည်။
အမှုန့်များအပြင် ပုံစံမကျသော သစ်သား အဖုအထစ်များလည်း ထွက်လာသေးသည်။ အမှုန့်များနှင့်အတူ ထူးခြားသော ရနံ့တစ်ခုလည်း ထွက်ပေါ်လာသည်။
သစ်ခွဲစက်ရုံ ပိုင်ရှင်၏ မျက်လုံးများက ချက်ချင်း အရောင်လက်သွားတော့သည်။
"ဟေး... တကယ်ပဲ သစ်မွှေးတွေဗျ... ဆရာရွှီ... ခဏစောင့်ဦးနော်... ကျွန်တော် သစ်သားသေတ္တာ တစ်လုံး သွားယူလိုက်ဦးမယ်... ဒီသစ်မွှေးအမှုန့်တွေကလည်း တန်ဖိုးရှိတယ်ဗျ... ဒါက ပိုးစားသစ်မွှေး ပဲ"
သစ်ခွဲစက်ရုံ ပိုင်ရှင်က ချက်ချင်း ဆိုင်ထဲသို့ ပြေးဝင်သွားပြီး သပ်ရပ်သော သစ်သားသေတ္တာလေး တစ်လုံးကို ကမန်းကတမ်း ယူလာခဲ့သည်။
ထို့နောက် ရွှီယန်နှင့်အတူ သစ်ငုတ်တိုကို မလိုက်ပြီး အထဲရှိ သစ်မွှေးအမှုန့်များ အကုန်လုံးကို လောင်းထည့်လိုက်သည်။
ပြီးလျှင်တော့ သစ်ငုတ်တိုကို သွေးရန်သာ ကျန်တော့သည်။ လက်ဖက်ရည်စားပွဲ မလုပ်တော့ဘဲ သစ်မွှေးများကို တိုက်ရိုက် သွေးယူမည် ဖြစ်သည်။
ပတ်ဝန်းကျင်ရှိ သစ်သားဆိုင်ရှင်များ အားလုံး မှင်တက်သွားကြပြီး သူတို့ ရင်ထဲတွင်တော့ ဖော်ပြ၍မရသော ခံစားချက်များ ပြည့်နှက်နေတော့သည်။ အားကျစိတ်ရော မနာလိုစိတ်များပါ ရောထွေးနေခြင်း ဖြစ်သည်။
ဤသစ်ငုတ်တိုက လောင်လီ၏ ဆိုင်ရှေ့တွင် ချထားသည်မှာ တစ်နှစ်ခန့် ရှိနေပြီ မဟုတ်ပါလော။ ကောင်းမွန်သော သစ်သားများ အများအပြား ရှိနေသဖြင့် မည်သူကမှ ၎င်းကို ဂရုမစိုက်ခဲ့ကြချေ။
ဤသစ်ငုတ်တိုထဲတွင် ဤကဲ့သို့ လျှို့ဝှက်ချက် ရှိနေမည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။ အထဲတွင် ပိုးစားသစ်မွှေးများကို အမြဲတမ်း သိမ်းဆည်းထားခဲ့ခြင်း ဖြစ်သည်။
ဤသည်က တကယ်ကို ကံတရားပင် ဖြစ်၏။
"နေပါဦး... တကယ်ကြီး ရှိနေတာလား... သူက ဘယ်လိုလုပ် ရှာတွေ့သွားတာလဲ"
"သူ့ရဲ့ အမြင်က တကယ်ကို ထက်မြက်တာပဲ"
"ဒီမှာ သစ်မွှေး ရှိနေတာကို ငါတောင် မမြင်ခဲ့ဘူး... သစ်ငုတ်တို တစ်ခုကနေ ဘာရနံ့မှလည်း မထွက်ဘဲနဲ့ ဘယ်လို ရှာတွေ့သွားတာလဲ"
"အွန်လိုင်းမှာ ပြောနေကြသလို သူက တကယ်ကို အစွမ်းထက်တာပဲ"
"အရမ်း မိုက်တာပဲ"
အားလုံးက မနာလို ဖြစ်နေကြသည်။
ရွှီယန်ကတော့ ကြိုတင် ပြင်ဆင်ထားပြီးသားမို့ အေးအေးဆေးဆေးပင် ဖြစ်သည်။ သို့သော် ပိုက်ဆံ ရလာတော့လည်း ပျော်ရွှင်ရသည်သာ။
ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်က တကယ်ကို အားထားရပေသည်။ ရှာတွေ့သော အရာများက သာမန် မဟုတ်ချေ။
သစ်မွှေးအမှုန့်များက မနည်းလှပေ။ သေတ္တာ တစ်ဝက်ခန့်အထိ ရလိုက်သည်။ ထို့နောက် သစ်မွှေးအတုံးများကို သွေးရဦးမည် ဖြစ်သည်။
သစ်ခွဲစက်ရုံ ပိုင်ရှင်က ရွှီယန်၏ ပရိသတ် ဖြစ်သဖြင့် အလုပ်ကို သေချာစွာ လုပ်ပေးလေသည်။ ရွှီယန်ကလည်း ဘေးမှနေ၍ အတူတကွ ကူလုပ်ပေးနေသည်။
လျှပ်စစ်လွှ စတင်လည်ပတ်သည်နှင့် သစ်ငုတ်တိုက ဖြည်းဖြည်းချင်း အဖြတ်ခံရပြီး သွေးယူခြင်း ခံရသည်။ နောက်ဆုံးတွင်တော့ သစ်မွှေးအတုံးများသာ ကျန်ရစ်ခဲ့တော့သည်။
အရင်က သာမန် သစ်ငုတ်တိုလေးမှာ ယခုတော့ အပြည့်အဝ အသွင်ပြောင်းသွားခဲ့ပြီ ဖြစ်ပေသည်။