အခန်း (၂၀၄၀-၂၀၄၁)
Vol. 147 Ch. 2040-2041
အပိုင်း ၂၀၄၀ ဘာပဲတောင်းဆိုတောင်းဆို
"ဟင်"
ယွင်ပင်းမှာ လက်ကို ချက်ချင်း ပြန်ရုတ်လိုက်ရင်း ရှက်ရွံ့ထူပူနေ၏။ မြေကြီးထဲ တိုးဝင်ပျောက်ကွယ်ချင်စိတ်ပင် ပေါက်နေချေသည်။ ကျန်းရီမှာလည်း မျက်နှာတစ်ခုလုံး နီမြန်းကာ တစ်ခဏတာမျှ ဆွံ့အနေမိသည်။
သူတို့နှစ်ဦး နှုတ်ဆိတ်နေလေလေ၊ ပို၍ အနေရခက်လေလေဖြစ်ပြီး ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဖြစ်နေတော့သည်။ ယွင်ပင်းက မတ်တတ်ရပ်လိုက်ပြီးနောက် ကျန်းရီကို မကြည့်သလို စကားလည်း မဟချေ။ ကျန်းရီမှာလည်း ဘာပြောရမှန်း မသိသဖြင့် အခန်းအတွင်းရှိ အပူချိန်မှာ ရုတ်တရက် မြင့်တက်လာသလို ခံစားနေရသည်။ နှစ်ဦးလုံး၏ မျက်လုံးများက ကျီးကန်းတောင်းမှောက် ပျာယာခတ်နေပြီး ခြေမကိုင်၊ လက်မကိုင်မိ ဖြစ်နေ၏။
ကျန်းရီက အရေထူသူပီပီ အချိန်အနည်းငယ် ကြာပြီးနောက် ပြန်လည်တည်ငြိမ်သွားကာ အနည်းငယ် ချောင်းဟန့်၍ ပြောလိုက်သည်။ "အဟမ်း… လုပ်စရာကတော့ ရှိသေးတယ်… ယွင်ပင်း၊ ကျွန်တော်တို့ အရေးကြီးတဲ့ ကိစ္စကို အရင် လုပ်ကြရအောင်"
"လုပ်စရာရှိသေးတယ်တဲ့လား"
ယွင်ပင်းမှာ သိသိသာသာပင် အထင်လွဲသွား၏မိသည် သူမသည် ရှက်လည်းရှက်၊ ဒေါသလည်းထွက်ဖြင့် ကျန်းရီကို စူးစူးဝါးဝါး စိုက်ကြည့်ပြီး မာန်မဲလိုက်သည်။ "ကျန်းရီ… ရှင် ကျွန်မကို ဘယ်လိုမိန်းမမျိုးလို့ ထင်နေတာလဲ… ကျွန်မက ရှင့်လိုလူနဲ့ ဒီလိုနေရာမျိုးမှာ ဘယ်လိုလုပ်ပြီး အဲဒီလို… မဖွယ်မရာ ကိစ္စမျိုးကို လုပ်နိုင်မှာလဲ"
"မဖွယ်မရာ ကိစ္စ ဟုတ်လား"
ကျန်းရီ ကြောင်အမ်းသွားပြီးနောက် ချက်ချင်း သဘောပေါက်ကာ ဟားတိုက်ရယ်မောလိုက်တော့သည်။ "မမလေးယွင်… ဘာတွေ လျှောက်တွေးနေတာလဲဗျာ… ကျွန်တော်က အဲဒီလို မဖွယ်မရာ ကိစ္စမျိုး လုပ်မယ်လို့ ဘယ်တုန်းက ပြောခဲ့လို့တုန်း… ကျွန်တော့်ကို အသားယူတတ်တဲ့ ယောက်ျားမျိုးလို့ ထင်နေတာများလား"
"ရှင်… ရှင်"
ယွင်ပင်းမှာ ဒေါသထွက်လွန်းသဖြင့် တဆတ်ဆတ်တုန်ကာ မျက်ရည်များ စီးကျလာတော့သည်။ သူမက ဒူးနှစ်ဖက်ကို ဖက်၍ ထိုင်ချကာ ရှိုက်ကြီးတငင် ငိုကြွေးတော့၏။
"ဟာ… မငိုပါနဲ့ဗျာ… ကျွန်တော် မှားသွားပါတယ်… အနူးအညွတ် တောင်းပန်ပါတယ်… ဟုတ်ပြီလား"
ကျန်းရီ အကြောက်ဆုံးက မိန်းမများ ငိုခြင်းဖြစ်သည်။ သူ့မှာ မနေနိုင်သဖြင့် ချော့ရတော့သည်။ သို့သော် ယွင်ပင်းသည် အငိုရပ်မည့် အရိပ်အယောင်မရှိဘဲ ကမ္ဘာပျက်သွားသည့်အလား ငိုကြွေးနေ၏။ နှစ်ပေါင်းများစွာ ခံစားခဲ့ရသမျှ မကျေနပ်ချက် အားလုံး ပွင့်အန်ထွက်လာသည့်အလားပင်။
ကျန်းရီတစ်ယောက် ဘာမှမတတ်နိုင်တော့ချေ။ သူမဘေးတွင် ဆောင့်ကြောင့်ထိုင်လျက် ချော့မြူနေရတော့သည်။ "မမလေးရယ်… ကျွန်တော် မှားတာပါ… ခင်ဗျား ဘယ်လို အပြစ်ပေးချင်လဲ… စိတ်ကြိုက် ပြောလိုက်… ကျွန်တော် ဘာမဆို သဘောတူပေးမယ်… အခုချက်ချင်း မိုးပြာမဟာဧကရာဇ်ကို သွားသတ်ခိုင်းရင်တောင် မျက်တောင်တစ်ချက် မခတ်ဘဲ သတ်ပေးပါ့မယ်"
"တကယ်လား"
ယွင်ပင်းက မျက်ရည်များကို ချက်ချင်း သုတ်၍ မျက်လုံးကလေး ကလယ်ကလယ်ဖြင့် ကျန်းရီကို စိုက်ကြည့်ကာ မေးလိုက်သည်။ "ကျွန်မ ဘာပဲ တောင်းဆိုတောင်းဆို တကယ် သဘောတူပေးမှာလား"
ယွင်ပင်း အငိုရပ်သွားသဖြင့် ကျန်းရီမှာ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ ထို့နောက် ပုတ်သင်ညိုအလား ခေါင်းတဆတ်ဆတ် ညိတ်ပြလိုက်၏။ "ကတိ… ကတိပေးတယ်… ဘာပဲဖြစ်ဖြစ် အကုန် သဘောတူတယ်"
"ကောင်းပြီလေ"
ယွင်ပင်းက မတ်တတ်ရပ်လိုက်ပြီး သူမ၏ မျက်နှာအမူအရာလည်း တဖြည်းဖြည်း ပြန်လည်တည်ငြိမ်လာသည်။ သူမက မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် ပြော၏။ "ဒါဆို အရေးကြီးကိစ္စ ပြောကြတာပေါ့"
"နေပါဦး…" ကျန်းရီက ခေါင်းခါသည်။ "ခင်ဗျား လိုချင်တာကို အရင်ပြောကြတာပေါ့… ကမ္ဘာဦးဝိညာဉ်ရတနာတစ်ခုခု လိုချင်တာလား"
"ကျွန်မ မစဉ်းစားရသေးဘူး… လောလောဆယ်တော့ ရှင် ကျွန်မကို တစ်ခုခု ပေးရမယ်… ဒါမှမဟုတ် တောင်းဆိုချက်တစ်ခုခုကို လိုက်လျောပေးရမယ်" ယွင်ပင်းက နှုတ်ခမ်းလေး စူကာ ပြောလိုက်၏။ "ကျွန်မ စဉ်းစားမိတဲ့ အချိန်ကျမှ ပြောမယ်လေ… အခုတော့ ရှင့်ရဲ့ အရေးကြီးကိစ္စကို အရင်ပြောပါဦး"
"ကောင်းပါပြီ"
ကျန်းရီ စိတ်ရှုပ်စွာဖြင့် ခေါင်းကုတ်လိုက်မိသည်။ သူက တစ်ခဏ တုံ့ဆိုင်းပြီးနောက် ပြောလိုက်သည်။ “ခင်ဗျားရဲ့ အဘိုးနဲ့ ကောင်းကင်ဘုရင်ဝေကို ဆက်သွယ်ပေးပါ… ဘုံကိုးဘုံနဲ့ ဆန်းကြယ်နယ်မြေ အားလုံးကို စုံစမ်းပြီး မိုးမြေအရင်းအမြစ်တွေကို ရှာစေချင်တယ်… အထူးသဖြင့် ရွှေအရင်းအမြစ်ပေါ့… ဒါက ကျွန်တော့်အတွက် သိပ်ကို အရေးကြီးတယ်… ပြီးတော့ မြန်မြန်လုပ်မှလည်း ဖြစ်မယ်"
"အင်း…"
ကျန်းရီက အလေးအနက် ပြောနေသဖြင့် ယွင်ပင်းသည် ကျောက်စိမ်းပြားကို အလျင်အမြန် ထုတ်ကာ ကောင်းကင်ဘုရင်ယွင်ထံသို့ သတင်းပို့လိုက်၏။ မကြာမီ ကောင်းကင်ဘုရင်ယွင်သည် ကျန်းရီနှင့် တွေ့ဆုံရန် ချက်ချင်း ထွက်လာမည်ဖြစ်ကြောင်း အကြောင်းပြန်သည်။
ကောင်းကင်ဘုရင်ယွင် ရောက်လာမည် ဖြစ်သောကြောင့် ကျန်းရီ စောင့်နေလိုက်သည်။ ဟွင့်သွမ်နတ်ဘုရားလှေအတွင်း၌ သက်တောင့်သက်သာ ရှိလှသည့်အပြင် ယွင်ပင်းလည်း ရှိနေသဖြင့် မည်သည်ကိုမှ စိုးရိမ်စရာ မလိုချေ။
ယွင်ပင်းသည် စောစောက အနေရခက်မှုကို မေ့လျော့သွားပုံရပြီး လက်ဖက်ရည်ကြမ်းနှင့် မုန့်များ ဧည့်ခံရန် နောက်လိုက်များကို အမိန့်ပေးလိုက်။ ထို့နောက် ကောင်းကင်မသေမျိုးဘုံနှင့် ကောင်းကင်ချီဘုံတို့အား ကျန်းရီ တိုက်ခိုက်ခဲ့သည့် ကိစ္စများကို စပ်စုမေးမြန်းတော့သည်။
ယွင်ပင်းက ကောင်းကင်စကြဝဠာဘုံ အနီးတစ်ဝိုက်ရှိ တမလွန်ဘုံသား သူလျှိုများကို စုံစမ်းထောက်လှမ်းရန် တာဝန်ယူထားရချေသည်။ ထို့ကြောင့် သူမ၏ ဟွင့်သွမ်နတ်ဘုရားလှေက ကောင်းကင်စကြဝဠာဘုံ အပြင်ဘက်၌သာ လှည့်ပတ်ပျံသန်းနေ၏။
သူတို့ တမလွန်ဘုံသား သူလျှိုများကို ရှာမတွေ့နိုင်ခြင်းက မထူးဆန်းလှချေ။ ကောင်းကင်ဘုရင်ယွင်သည်လည်း ယွင်ပင်းအပေါ် အန္တရာယ်မကျလိုသောကြောင့် ဟွင့်သွမ်နတ်ဘုရားလှေမှာ ကောင်းကင်စကြဝဠာဘုံအနီးတစ်ဝိုက် မိုင်တစ်သန်းအကွာအဝေးမှ ထွက်ခွာခြင်းမရှိပေ။
နေ့တစ်ဝက်ခန့် ကြာပြီးနောက် ကောင်းကင်ဘုရင်ယွင်နှင့် ကောင်းကင်ဘုရင်ဝေတို့ အတူတကွ ရောက်လာကြသည်။ သူတို့က အသံတစ်ချက် မထွက်ဘဲ ဟွင့်သွမ်နတ်ဘုရားလှေတစ်စင်းဖြင့် ချဉ်းကပ်လာကာ လျှို့ဝှက်ဝင်ရောက်လာခဲ့ကြ၏။
"သခင်လေးကို အရိုအသေပေးပါတယ်"
သူတို့က အထဲသို့ ဝင်လာသည်နှင့် ဒူးတစ်ဖက်ထောက်ကာ အရိုအသေပေးလိုက်ကြသည်။ ကျန်းရီက အမြန်ဆွဲထူ၍ အားနာစွာ ပြော၏။ "ခင်ဗျားတို့နဲ့ ယန်ကိုးပါးစစ်တပ်အပေါ် မတရားဖြစ်စေတာ တောင်းပန်ပါတယ်"
"ကျွန်တော်တို့က ဘာမှမဖြစ်ပါဘူး" ကောင်းကင်ဘုရင်ဝေက ခေါင်းခါလျက် ပြောသည်။ "သခင်လေးကသာ မတရားအခံရဆုံးပါပဲ”
မိုးပြာမဟာဧကရာဇ်သည် နန်းတက်ပြီးနောက် ကောင်းကင်ဘုရင်ဝေနှင့် အခြားသူများကို မသတ်ဖြတ်ခဲ့သော်လည်း ဖိနှိပ်ချုပ်ချယ်ရန်တော့ ဝန်မလေးခဲ့ချေ။ ယန်ကိုးပါးစစ်တပ်၏ လက်ရှိအခြေအနေမှာ အတော်လေး ခက်ခဲ၍ ခါးသီးစရာ ကောင်းလှမည်ကို ကျန်းရီ မေးမြန်းစရာပင် မလိုပေ။
ကျန်းရီက ခေတ္တ စဉ်းစားပြီးနောက် ခပ်ဩဩ ပြောလိုက်၏။ "မိုးပြာမဟာဧကရာဇ် ဒီတစ်ကြိမ်မှာ တစ်ခုခု ဖြစ်သွားနိုင်တယ်… ခင်ဗျားတို့ ကြိုတင်ပြင်ဆင်ထားတာ ကောင်းလိမ့်မယ်"
"ဟင်"
ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ချက်ချင်း မျက်နှာများ တည်ကြည်သွား၏။ ကောင်းကင်ဘုရင်ဝေက မေးလိုက်သည်။ "သခင်လေး… ဘာလို့ ဒီလိုပြောရတာလဲ… မိုးပြာမဟာဧကရာဇ်က ကောင်းကင်ဧကရာဇ်တစ်ပါးရဲ့ အတိုက်အခိုက်စွမ်းရည် အဆင့်ကို ရောက်နေပြီလေ… အခုအချိန်မှာ တမလွန်ဘုံဧကရာဇ်လည်း ထွက်မလာသေးဘူးဆိုတော့ တမလွန်ဘုံမှာ သူ့ကို ဘယ်သူက တားဆီးနိုင်မှာလဲ"
“ကျွန်တော်လည်း သေချာတော့ မပြောတတ်ဘူး"
ကျန်းရီက ခေါင်းခါလျက် ဖြေ၏။ “အတွေးလွန်နေမိတာလည်း ဖြစ်နိုင်တယ်… ဒါပေမဲ့ တစ်ခုခု ဖြစ်မယ်လို့ စိတ်ထဲမှာတော့ မတင်မကျဖြစ်နေတာပဲ… ကြိုတင်ပြင်ဆင်ထားရင် ရပါပြီ… တစ်ခုခု ဖြစ်လာခဲ့ရင် ချက်ချင်း တုံ့ပြန်နိုင်တာပေါ့"
"ဟုတ်ကဲ့ပါ"
ကောင်းကင်ဘုရင်ဝေက ခေါင်းညိတ်ကာ ပြောသည်။ "လက်ရှိ ယန်ကိုးပါးစစ်တပ်က ကောင်းကင်စကြဝဠာဘုံမှာ ရှိနေတယ်… တစ်ခုခု ဖြစ်လာရင်တောင် အချိန်မရွေး တုံ့ပြန်နိုင်ပါတယ်… ဒါပေမဲ့… သခင်လေး တကယ်တမ်း တစ်ခုခု ဖြစ်လာခဲ့ရင် ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ"
"ဆုတ်ခွာကြရမယ်"
ကျန်းရီ ပြတ်သားစွာ ဖြေ၏။ "ကျန်တဲ့တပ်ဖွဲ့တွေကို စည်းရုံးနိုင်ရင် စစ်တပ်တစ်ခုလုံး ကောင်းကင်ဘုံဆီ ဆုတ်ခွာသင့်တယ်… တုံ့ဆိုင်းမနေသင့်သလို စွန့်စားဖို့လည်း မကြိုးစားကြပါနဲ့… ခွန်အားကို ထိန်းသိမ်းထားနိုင်ဖို့က အဓိကပဲ"
"ကောင်းပါပြီ"
ကျန်းရီ၏ သဘောထားမှာ ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ သဘောထားနှင့် အတူတူပင် ဖြစ်သည်။ ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်တို့က မည်သည့်တွန့်ဆုတ်မှုမှမရှိဘဲ ခေါင်းညိတ်သဘောတူလိုက်ကြသည်။
ထို့နောက် ကျန်းရီသည် ရှိသမျှ အင်အားအလုံးစုံကို အသုံးပြု၍ မိုးမြေအရင်းအမြစ်နှင့် ရွှေအရင်းအမြစ်ကို ရှာဖွေရန် အမိန့်ပေးလိုက်သည်။ သူတို့နှစ်ဦးလည်း အလျင်အမြန် ထွက်ခွာသွားကြတော့၏။
ကျန်းရီကမူ ဟွင့်သွမ်နတ်ဘုရားလှေပေါ်၌ ကျန်ခဲ့ကာ သတင်းစောင့်နေသည်။ ဤနေရာသည် တိတ်ဆိတ်လှသည့်အပြင် အခြားသူများ ရှာမတွေ့နိုင်ချေ။
နေ့တစ်ဝက်ကုန်ဆုံးပြီးနောက် တစ်ရက်တိတိ ကြာသွားချေပြီ။
မိုးပြာမဟာဧကရာဇ်ထံမှ မည်သည့် သတင်းမှ မကြားရချေ။ တမလွန်ဘုံမှာ ဧရာမ သားရဲကြီးတစ်ကောင်၏ ပါးစပ်ပေါက်ကြီးနှင့် တူ၏။ မိုးပြာမဟာဧကရာဇ်တို့အဖွဲ့ ဝင်ရောက်သွားသည်နှင့် ဝါးမြိုခံလိုက်ရသည်။ ကျန်းရီမှာ ရင်ထဲရှိ နိမိတ်ဆိုးတို့ ပိုမိုပြင်းထန်လာသောကြောင့် ဂနာမငြိမ်တော့ပေ။
တစ်ရက်နှင့်နေ့တစ်ဝက် ကြာပြီးနောက် ကောင်းကင်ဘုရင်ဝေထံမှ သတင်းရောက်လာခဲ့သည်။ မိုးမြေအရင်းအမြစ်တို့ ရှိနိုင်ခြေ အလွန်များသည့် သေခြင်းနယ်မြေ သုံးခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရ၏။ ပထမတစ်ခုမှာ ကောင်းကင်စကြ၀ဠာဘုံ၊ ဒုတိယဘုံမှာ ကောင်းကင်ဝိညာဉ်ဘုံ၊ တတိယတစ်ခုမှာတော့ ကမ္ဘာဦးကောင်းကင်ဘုံ စသည်ဖြင့် နေရာအသီးသီးတွင် ရှိကြချေသည်။
ကောင်းကင်ဘုရင်ဝေသည် သူ့တွင်ရှိသမျှ အဆက်အသွယ်နှင့် အင်အားအားလုံးကို အသုံးပြု၍ ထိုနယ်မြေသုံးခုကို ရှာဖွေ့ခဲ့ရ၏။ အချိန်တိုအတွင်း အခြား မိုးမြေအရင်းအမြစ်များကို ရှာဖွေရန် အလွန် ခက်ခဲပေလိမ့်မည်။ တပ်ဖွဲ့အားလုံးကို စုစည်း၍ တစ်လောကလုံး၌ လိုက်လံရှာဖွေရန် မဖြစ်နိုင်ချေ။ ထိုသို့ဆိုပါက သူတို့သည် ကျန်းရီအတွက် ဆက်လက် အမှုထမ်းနေဆဲဖြစ်ကြောင်း ပေါ်သွားပေလိမ့်မည်။
ထိုဆန်းကြယ်နယ်မြေ သုံးခုဖြင့် လုံလောက်၏။ ရွှေအရင်းအမြစ်ကို ရှာမတွေ့ခဲ့ပါက ကျန်းရီအနေဖြင့် ကောင်းကင်တွင်းနက်ကြီးထဲသို့ စွန့်စားဆင်းသက်ရုံကလွဲ၍ ရွေးချယ်စရာ မရှိတော့ချေ။
ကျန်းရီ ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်၏။ ပထမဆုံး ကောင်းကင်စကြ၀ဠာဘုံ အနီးရှိ သေမင်းနယ်မြေသို့ သွားမည်။ ထို့နောက် ကောင်းကင်ဘုရင်ဝေ၏ အကူအညီဖြင့် ကောင်းကင်ဝိညာဉ်ဘုံသို့ နေရာရွှေ့ပြောင်းမည်။ နောက်ဆုံးမှ ကမ္ဘာဦးကောင်းကင်ဘုံသို့ သွားပေမည်။ ရွှေအရင်းအမြစ်ကို ရှာမတွေ့ပါက ကောင်းကင်တွင်းနက်ကြီးထဲ တိုက်ရိုက် ဆင်းသွားရမည်ဖြစ်သည်။
"ယွင်ပင်း"
ဆုံးဖြတ်ချက် ချပြီးနောက် ကျန်းရီ အမိန့်ပေးလိုက်၏။ "ဟွင့်သွမ်နတ်ဘုရားလှေကို ကောင်းကင်စကြဝဠာဘုံ မြောက်ဘက်က သျှားယွီဆန်းကြယ်နယ်မြေဆီ မောင်းနှင်လိုက်ပါ… ကျွန်တော် အထဲက မိုးမြေအရင်းအမြစ်ကို သိမ်းယူပြီးလို့ ရွှေအရင်းအမြစ်သာ မရှိခဲ့ရင် ကောင်းကင်စကြဝဠာဘုံဆီ တန်းပြန်ကြမယ်"
"ကောင်းပါပြီ"
ယွင်ပင်းက ချက်ချင်းပင် အမိန့်ပေးလိုက်ရာ ဟွင့်သွမ်နတ်ဘုရားလှေ ဒါဇင်ကျော်မှာ မြောက်ဘက်သို့ စီတန်းပျံသန်းသွားကြတော့သည်။ ကျန်းရီမှာမူ သျှားယွီဆန်းကြယ်နယ်မြေအတွင်း၌ ရွှေအရင်းအမြစ် ရှိနေရန် တိတ်တဆိတ် ဆုတောင်းနေမိ၏။
မိုးပြာမဟာဧကရာဇ်၏ သတင်းလည်း ယခုအထိ မကြားရသေးပေ။ သူ့အတွက် အမှန်တကယ် အချိန်မကျန်တော့ပုံပင်။
အပိုင်း ၂၀၄၁ ကိုယ့်ကိုယ်ကို အရှက်ခွဲခြင်း
"မြေအရင်းအမြစ်ပဲ ရှိတာလား"
သျှားယွီဆန်းကြယ်နယ်မြေအတွင်း စုံးစမ်းစစ်ဆေးမှု၏ ရလဒ်က ကျန်းရီကို အလွန်တရာ စိတ်ပျက်သွားစေသည်။ သို့သော် ကောင်းကင်ဘုရင်ဝေ သတင်းပို့လာကတည်းက မျှော်လင့်ချက် သိပ်မရှိခဲ့ချေ။ ထိုနေရာရှိ ဆွဲငင်အားမှာ အလွန်တရာ ကြောက်စရာကောင်းသည်ဟု ကြားရတည်းက မြေအရင်းအမြစ်ကို ခန့်မှန်းမိပြီးသား ဖြစ်သည်။
ချီဟုန်ကလည်း အထပ်ထပ်အခါခါ စစ်ဆေးစုံစမ်းပြီးနောက် အခြား မိုးမြေအရင်းအမြစ် မရှိသည်သာမက မြေအရင်းအမြစ်မှာလည်း မပေါများကြောင်း အတည်ပြုခဲ့၏။ ကျန်းရီက ၎င်းကို စုပ်ယူပြီးနောက် ဟွင့်သွမ်နတ်ဘုရားလှေပေါ်သို့ ပြတ်သားစွာ ပြန်လာကာ ယွင်ပင်းအား ကောင်းကင်စကြဝဠာဘုံသို့ မောင်းနှင်စေလိုက်သည်။
ကျန်းရီသည် ယန်ကိုးပါးစစ်တပ်၏ တပ်မှူးတစ်ဦးအဖြစ် ရုပ်ဖျက်ကာ ယွင်ပင်းနှင့်အတူ ယာယီနေရာလွှဲစစ်စခန်းသို့ ဝင်ရောက်သွား၏။ နေရာရွှေ့ပြောင်းမန္တန်အစီအရင်ကို အသုံးပြု၍ ကောင်းကင်စကြဝဠာမြို့သို့ ပြန်လာခဲ့သည်။
ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်တို့သည် ကျန်းရီ၏သတင်းကို လျှို့ဝှက်ထားကြ၏။ ယွင်ပင်းနှင့်အတူ ရဲတိုက်အတွင်း၌ ဆယ်နာရီကျော် အနားယူစေပြီးနောက် ကောင်းကင်စကြဝဠာဘုံ၏ လျှို့ဝှက်နေရာရွှေ့ပြောင်းမန္တန်အစီအရင်မှတဆင့် ကောင်းကင်ဝိညာဉ်ဘုံသို့ ပို့ပေးလိုက်သည်။
ယွင်ပင်းသည် သူနှင့် အမြဲလိုက်လာသဖြင့် ဖြစ်လာနိုင်မည့် ပြဿနာအတော်များများကို လျော့ပါးစေ၏။ ကျန်းရီက ယွင်ပင်း၏ ကိုယ်ရံတော်အဖြစ် ဟန်ဆောင်ထားချေသည်။ ဧကရာဇ်အဆင့်ပုဂ္ဂိုလ်များနှင့် မဆုံသရွေ့ သူ့သရုပ်မှန်ကို မည်သူမှ ထွင်းဖောက်မြင်နိုင်မည် မဟုတ်ချေ။ ကောင်းကင်ဝိညာဉ်ဘုံ၌ ဧကရာဇ်အဆင့်ပုဂ္ဂိုလ်များ မရှိသဖြင့် ဘေးကင်း၏။
ဧကရာဇ်အဆင့်ပုဂ္ဂိုလ်များ မရှိသော်လည်း ကောင်းကင်ဝိညာဉ်ဘုံ၌ ကျန်းရီ အလွန်မုန်းတီးသူနှစ်ဦး ရှိနေချေသည်။
လင်ဖေးရှန်းနှင့် ရှောင်ရူတိတို့ပင်။
သူတို့သည် မူလက ကောင်းကင်ကြယ်စုံဘုံ၌ တာဝန်ချထားခြင်းခံရသော်လည်း မကြာသေးမီက ကောင်းကင်ဝိညာဉ်ဘုံအတွင်း၌ အသေးစားပုန်ကန်မှုများ ဖြစ်ခဲ့သည့်အပြင် တမလွန်ဘုံသား သူလျှိုများ ခိုးဝင်လာခဲ့၏။ ထို့ကြောင့် ထိန်းချုပ်နှိမ်နင်းရန် တပ်ဖွဲ့များ ဦးဆောင်လျက် ရောက်နေခြင်းဖြစ်သည်။
ယွင်ပင်း ကောင်းကင်ဝိညာဉ်ဘုံသို့ ရုတ်တရက် ရောက်လာခြင်းက သူတို့ကို အတော်လေး အံ့အားသင့်သွားစေခဲ့၏။
ယန်ကိုးပါးစစ်တပ်သည် လက်ရှိတွင် ကောင်းကင်စကြဝဠာဘုံကို စောင့်ကြပ်နေရသည် မဟုတ်ပါလော။ ယွင်ပင်းက အဘယ်ကြောင့် ကောင်းကင်ဝိညာဉ်ဘုံသို့ ရုတ်တရက် ရောက်လာရသနည်း။ ကိစ္စရှိလျှင်တောင်မှ ကမ္ဘာဦးကောင်းကင်ဘုံရှိ ယန်ကိုးပါးမြို့တော်သို့သာ ပြန်သင့်ချေသည်။
ဝှစ်
သူတို့ သတင်းရသည်နှင့် နောက်လိုက်များကို ဦးဆောင်ထွက်လာကြသည်။ လင်ဖေးရှန်းနှင့် ရှောင်ရူတိတို့က ယွင်ပင်းအနောက်ရှိ ကိုယ်ရံတော်ငါးဦးကို အေးစက်စွာ စစ်ဆေးကြည့်လိုက်သော်လည်း မူမမှန်သည့် အရာတစ်ခုမှ ရှာမတွေ့ခဲ့ချေ။
"မိန်းကလေးယွင်..."
လင်ဖေးရှန်းက ယွင်ပင်းကို စိုက်ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။ "ကောင်းကင်စကြဝဠာဘုံမှာ မနေဘဲ ကောင်းကင်ဝိညာဉ်ဘုံဆီ ဘာလာလုပ်တာပါလဲ… နင်က ကောင်းကင်ဖြိုခွဲစစ်တပ်ရဲ့ မဟာစစ်သူကြီး မဟုတ်ဘူးလား… စစ်မိန့်မရှိဘဲ တာဝန်ကျနေရာကို ဘယ်လိုလုပ် စွန့်ခွာလာရတာလဲ"
"အဟက်..."
အသူရာတောင် ကောင်းကင်ဘုံခုံရုံးမှ ရတနာကို လုယူသွားပြီးတည်းက ယွင်ပင်းနှင့် လင်ဖေးရှန်းတို့မှာ အဆက်အသွယ် မရှိကြတော့ချေ။ တစ်ဦးနှင့်တစ်ဦး ယဉ်ယဉ်ကျေးကျေး ဆက်ဆံရန်လည်း စိတ်ကူးမရှိကြ။ ယွင်ပင်းက အလျှော့မပေးဘဲ တုံ့ပြန်၏။ "ငါက မဟာစစ်သူကြီးဆိုတာကိုတော့ သိသေးသားပဲ… ငါ မှတ်မိသလောက်ကတော့ နင်တို့နှစ်ယောက်က စစ်သူကြီးအဆင့်ပဲလားလို့… ငါ့ကို မြင်တာတောင် ဘာလို့ ဒူးထောက်အရိုအသေမပေးကြတာလဲ… စစ်တပ်ရဲ့ စည်းမျဉ်းဥပဒေတွေကိုရော လေးစားကြသေးရဲ့လား"
"ဟင်..."
လင်ဖေးရှန်းနှင့် ရှောင်ရူတိတို့မှာ ၎င်းကို မေ့လျော့နေခဲ့ကြသည်။ လက်ရှိတွင် မိုးပြာမဟာဧကရာဇ် မရှိသဖြင့် မသေမျိုးတစ်ပိုင်း ရသေ့ကြီးက အုပ်ချုပ်နေ၏။ သူတို့နှစ်ယောက်သည် ယွင်ပင်းထက် သန်မာသဖြင့် သူမ၏ ရာထူးက သူတို့ထက် မြင့်မားနေလိမ့်မည်ဟု မတွေးမိခဲ့ကြချေ။
ယွင်ပင်းက သူမအနောက်ရှိ ကိုယ်ရံတော်များကို တစ်ချက်မျှ ကြည့်လိုက်သည်။ ကျန်းရီက ချက်ချင်း သဘောပေါက်သွားပြီး လက်နက်ထုတ်၍ အေးစက်စွာ အော်ဟစ်လိုက်သည်။ "မင်းတို့နှစ်ယောက်က အထက်လူကြီးကို မလေးစားတာလား… ပုန်ကန်ဖို့ ကြိုးစားနေကြတာလား”
ဝုန်း
ကျန်ကိုယ်ရံတော်လေးဦးကလည်း လက်နက်များကို အသီးသီး ထုတ်လိုက်ကြရာ အသတ်အဖြတ်အရှိန်အဝါများ ထွက်ပေါ်လာ၏။ မြို့ရင်ပြင်ရှိ လင်ရှန်းမျိုးနွယ်စုမှ စစ်သည်များကလည်း မျက်လုံးများ၌ ဒေါသမီးများ တောက်လောင်စွာဖြင့် လက်နက်များ ထုတ်လိုက်ကြသည်။
ကောင်းကင်ဝိညာဉ်မြို့တော်တွင် မျိုးနွယ်စုသုံးစု၏ အင်အားသန်းချီရှိသော စစ်တပ်ကြီး ရှိနေ၏။ ယွင်ပင်းကား ကိုယ်ရံတော်ငါးယောက်တည်းဖြင့် ရမ်းကားနေချေသည်။ ယန်ကိုးပါးစစ်တပ်မှာ မိုးပြာမဟာဧကရာဇ်၏ ဖိနှိပ်ချုပ်ချယ်မှုကို ခံနေရချိန်ဖြစ်သဖြင့် သူမ၏လုပ်ရပ်က ကိုယ့်ကိုကိုယ် အရှက်ခွဲနေခြင်းသာ ဖြစ်၏။
"ဟင်းဟင်း..."
ယွင်ပင်း၏ လက်ထဲတွင် ချိပ်တံဆိပ်ကျောက်တုံးတစ်ခု ပေါ်လာပြီး အခြေအနေကို မှတ်တမ်းတင်လိုက်သည်။ ထောင်ပေါင်းများစွာသော စစ်သည်များ၊ လင်ဖေးရှန်းနှင့် ရှောင်ရူတိတို့အား သူမ ကြောက်ရွံ့မနေချေ။ အဘယ့်ကြောင့်ဆိုသော် ကျန်းရီက သူမအနောက်၌ ရပ်နေသည် မဟုတ်ပါလော။
သူမက အော်ဟစ်လိုက်၏။ "တကယ်ကို ပုန်ကန်ချင်နေကြတယ်ပေါ့လေ… သတ္တိရှိရင် ငါ့ကို သတ်လိုက်… ငါ့ကို လက်ဖျားနဲ့တို့တဲ့သူ မှန်သမျှ ကောင်းကင်အထီးကျန်ဘုံဆီ ပို့ခံရမယ်… ကောင်းကင်ဘုရင် ၃၆ ပါးကို စုစည်းပြီး လင်းဟူတောင်သားတွေကို ပြစ်ဒဏ်ချစေမယ်… နင်တို့ မျိုးနွယ်စုသုံးစုက ကပ်လောကကို အုပ်စိုးထားတယ်များ ထင်နေတာလား"
"စစ်သည်တို့… အမိန့် နာခံကြစမ်း"
ယွင်ပင်းက ခေတ္တရပ်ပြီးနောက် အသတ်အဖြတ်စိတ်ဆန္ဒအပြည့်ဖြင့် ဟိန်းဟောက်လိုက်သည်။ "လင်ဖေးရှန်း၊ ရှောင်ရူတိနဲ့ ဒီစစ်သည်တွေက ငါ့ကို အရိုအသေမပေးတဲ့အပြင် ပြန်စော်ကားကြသေးတယ်… စစ်ဥပဒေအရ အားလုံးကို ဖမ်းပစ်ရမယ်… ရုန်းကန်ရင် စစ်ဥပဒေအတိုင်း ချက်ချင်း ကွပ်မျက်ပစ်လိုက်”
"အမိန့်တော်အတိုင်းပါ"
ကျန်းရီနှင့် ကျန်လေးဦး ဟစ်အော်လိုက်ရာ စစ်သည်များမှာ နားစည်ကွဲတော့မည့်အလား ခံစားလိုက်ရ၏။ ရင်ပြင်ရှိ ထောင်ပေါင်းများစွာသော လူများမှာလည်း ကြောင်အမ်းသွားကြသည်။ ယွင်ပင်းတစ်ယောက် ရူးသွားချေပြီ။
ငါးယောက်တည်းနှင့် ထောင်ပေါင်းများစွာကို ဖမ်းဆီးမည်တဲ့လော။ လင်ဖေးရှန်းသည် မသေမျိုးမိစ္ဆာသွေးကို ပိုင်ဆိုင်ထား၏။ ဧကရာဇ်အဆင့်ပုဂ္ဂိုလ်တစ်ဦးကိုပင် ချုံခိုတိုက်ခိုက်၍ သတ်ဖြတ်နိုင်ချေသည်။
ယွင်ပင်းက အတိုက်အခိုက်စွမ်းရည်ကတော့ ဘုရင်အဆင့်မျှသာ။
ကျန်းရီသည် ဘုရင်အဆင့် ကိုယ်ရံတော်လေးဦးကို ဦးဆောင်လျက် ရှေ့သို့ ခြေသုံးလှမ်း တိုး၍ အော်ဟစ်လိုက်၏။ "အားလုံး ဒူးထောက်စမ်း… မဟုတ်ရင် ဖမ်းဆီးခံရမယ်"
ထောင်ပေါင်းများစွာသော စစ်သည်များမှာ ဒေါသူပုန်လျက် လက်နက်များ အသီးသီး ထုတ်လိုက်ကြသည်။ လင်ဖေးရှန်းနှင့် ရှောင်ရူတိတို့ အမိန့်ပေးလိုက်ရုံနှင့် ယွင်ပင်းတို့အားလုံးကို အလွယ်တကူ အနိုင်ယူနိုင်၏။
"ရပ်ကြစမ်း..."
လင်ဖေးရှန်းက မျက်နှာသုန်မှုန်ခက်ထန်လျက် လက်ဝှေ့ရမ်းလိုက်သည်။ သူမသည် ယွင်ပင်းအား မသတ်ရဲချေ။ ယင်းက အတော်လေး ပြဿနာဖြစ်စေနိုင်၏။ သူမ မသတ်ရဲသဖြင့် ယွင်ပင်းသည် ချိပ်ပိတ်ကျောက်တုံးဖြင့် အချိန်မရွေး ပြဿနာရှာနိုင်သည်။ ချီလင်းအရှင်မနှင့် ကောင်းကင်ဘုရင်ဝေတို့ ဝင်ပါလာပါက အကြီးအကျယ် ရှုပ်ထွေးသွားပေလိမ့်မည်။
မသေမျိုးတစ်ပိုင်း ရသေ့ကြီး အုပ်ချုပ်နေခြင်းကို မကျေနပ်သူများစွာ ရှိ၏။ သူတို့ ပြဿနာရှာမိပါက မသေမျိုးတစ်ပိုင်း ရသေ့ကြီးက ပြင်းပြင်းထန်ထန် အပြစ်ပေးမည်မှာ မလွဲဧကန်ပင်။
ပညာရှိတစ်ယောက်သည် ရှုံးနိမ့်မည့် တိုက်ပွဲအား မတိုက်ချေ။ ဉာဏ်ပြေးသည့် လင်ဖေးရှန်းက လက်တစ်ချက် လွှဲရမ်း၍ အားလုံးနှင့်အတူ ဒူးတစ်ဖက် ထောက်ကာ အော်ဟစ်လိုက်သည်။ “မဟာစစ်သူကြီးကို အရိုအသေပေးပါတယ်"
"ဟင်းဟင်း..."
ယွင်ပင်းက ခပ်ယဲ့ယဲ့ ပြုံးကာ ပြော၏။ "မိန်းကလေးလင်က ယဉ်ကျေးသားပဲ… ဒီလိုဆိုမှတော့ အပြစ်မယူတော့ပါဘူး… နေရာရွှေ့ပြောင်း မန္တန်အစီအရင်ကို ဖွင့်ပေးပါ… ငါ ဟင်းလင်းပြင်အလွန်ကို သွားမယ်"
"ဟင်းလင်းပြင်အလွန်တဲ့လား..." လင်ဖေးရှန်းက တစ်ခဏ စဉ်းစားပြီးနောက် မေးလိုက်သည်။ "မဟာစစ်သူကြီးက ဟင်းလင်းပြင်အလွန်ဆီ ဘာသွားလုပ်မလို့ပါလဲ"
"စစ်ရေးလျှို့ဝှက်ချက်ပဲ"
ယွင်ပင်းက လှောင်ပြုံးပြုံးလိုက်၏။ "ငါ အရေးပေါ်စစ်မိန့်ရထားလို့ လျှို့ဝှက်တာဝန်တစ်ခုကို ထမ်းဆောင်ရမှာ.. စစ်သူကြီးလင်... နင်ရဲ့ ရာထူးလောက်နဲ့ ငါ့ကို မေးခွန်းထုတ်ခွင့် မရှိဘူး"
ရာထူးအနေအထားက အရာအရာ ဖြစ်သည်။ လင်ဖေးရှန်းသည် အဆင့်အတန်း မြင့်သော်လည်း စစ်ရေးအရာ၌ အောင်မြင်မှုများစွာ မရှိချေ။ ယွင်ပင်းမှာမူ ယန်ကိုးပါးစစ်တပ်၏ စစ်သူကြီးအဖြစ် ထူးချွန်သော အောင်မြင်မှုများ ရရှိခဲ့၏။ သူမ မဟာစစ်သူကြီးအဖြစ် ရာထူးတိုးခြင်းကို မည်သူမျှ မကန့်ကွက်ရဲကြချေ။ ယခုအချိန်တွင် လင်ဖေးရှန်းမှာ ရာထူးအနိမ့်အမြင့်ကြောင့် အရေးနိမ့်နေချေသည်။ မိုးပြာမဟာဧကရာဇ်၏ စစ်ဥပဒေမှာ တင်းကြပ်လွန်းပြီး ကိစ္စများကို အကျယ်ချဲ့မိပါက မျိုးနွယ်စုသုံးစုအပေါ် သက်ရောက်မှု အလွန်ကြီးမားလာနိုင်၏။
လင်ဖေးရှန်းက ခေတ္တ စဉ်းစားပြီးနောက် တုံ့ပြန်သည်။ "သိပ်မကြာခင်က ကောင်းကင်ဝိညာဉ်ဘုံမှာ ပုန်ကန်မှုတွေ အကြိမ်ကြိမ် ဖြစ်ခဲ့တယ်.. စစ်တပ်ထဲမှာ တမလွန်ဘုံသား သူလျှိုတွေ ပုန်းနေသလို အပြင်ဘက်မှာလည်း တမလွန်ဘုံဘုရင်တွေက ချောင်းနေကြတာပါ… မိန်းကလေးယွင်ပင်းက အဆင့်အတန်း မြင့်လွန်းလို့ အပြင်ထွက်ခွင့်ပြုဖို့ စိတ်မချပါဘူး… တစ်ခုခု ဖြစ်လာခဲ့ရင် ကျွန်မ တာဝန်ယူနိုင်မှာမဟုတ်ဘူး… ဒါကြောင့် စစ်သည်သုံးသိန်းကို ဦးဆောင်ပြီး လိုက်ပို့ပါ့မယ်… ကျွန်မတို့ ခပ်ဝေးဝေးကပဲ လိုက်မှာပါ”
"ဘာ..."
ယွင်ပင်းနှင့် ကျန်းရီတို့မှာ အနည်းငယ် အံ့အားသင့်သွား၏။ လင်ဖေးရှန်းကား သံသယဝင်နေပုံပင်။ ကျန်းရီက တခဏ အသံလှိုင်းပို့လွှတ်လိုက်သည်။ "သူ ကျွန်တော်တို့ကို စောင့်ကြည့်ချင်နေတာလား… လင်ဖေးရှန်း တစ်ယောက်တည်း လိုက်ခဲ့ဖို့ ပြောလိုက်ပါ... သူ လိုက်ရဲ၊ မလိုက်ရဲ ကြည့်ရတာပေါ့"
ယွင်ပင်းလည်း အားရဝမ်းသာဖြင့် ခေါင်းညိတ်လိုက်၏။ "စစ်သူကြီးလင်က သိပ်ကို ကြင်နာတတ်တာပဲ… စေတနာကို ငြင်းလိုက်ရင် ရိုင်းရာကျသွားမှာပေါ့… ဒါပေမဲ့ ကောင်းကင်ဝိညာဉ်ဘုံရဲ့ အနီးတစ်ဝိုက်ကိုပဲ သွားမှာလေ.. အပြင်မှာလည်း စစ်တပ်တွေ ရှိနေတာဆိုတော့ စစ်သည်အများကြီး ခေါ်သွားစရာ မလိုပါဘူး… စစ်သူကြီးလင်က ငါ့ရဲ့ လုံခြုံရေးကို စိုးရိမ်နေရင် ကိုယ်တိုင် လိုက်စောင့်ရှောက်ပေးလို့ ရပါတယ်… စစ်သူကြီးရဲ့ အတိုက်အခိုက်စွမ်းရည်က ဧကရာဇ်အဆင့်ပုဂ္ဂိုလ်ကိုတောင် ယှဉ်နိုင်တယ်မလား… တမလွန်ဘုံဘုရင်နဲ့ တွေ့ရင်တောင်မှ ကြောက်စရာမလိုဘူးလေ"
လင်ဖေးရှန်းနှင့် ရှောင်ရူတိတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ယခုတွင်တော့ သူတို့နှစ်ယောက် ကြောင်အနေမိလေပြီ။ လင်ဖေးရှန်းသည် ကျန်းရီ ပါလာမည်ကို သံသယဝင်နေသဖြင့် စောင့်ကြည့်ချင်ခြင်း ဖြစ်၏။ သို့သော် ယွင်ပင်းက သူမတစ်ယောက်တည်း လိုက်ပါရန် အမိန့်ပေးလာသဖြင့် တုံ့ဆိုင်းနေမိချေသည်။
"ဘာဖြစ်လို့လဲ..."
ယွင်ပင်း၏ မျက်နှာက အေးစက်သွားပြီး မာန်မဲလိုက်၏။ "စစ်သူကြီးလင်က စစ်မိန့်ကို ဖီဆန်ချင်တာလား… ဒါမှမဟုတ် ငါ့ကို သရော်နေတာလား”
ယွင်ပင်းသည် မောက်မာခက်ထန်စွာ ဖိအားပေးနေသဖြင့် လင်ဖေးရှန်းက အံကြိတ်လျက် ပြန်ဖြေရ၏။ "ကောင်းပါပြီ... ကျွန်မကိုယ်တိုင်ပဲ မဟာစစ်သူကြီးကို လိုက်စောင့်ရှောက်ပေးပါ့မယ်"
"ငတုံး..."
ကျန်းရီ၏ မျက်နှာ၌ ခံစားချက်ကင်းမဲ့နေသော်လည်း စိတ်ထဲတွင်မူ တဟားဟား လှောင်ရယ်နေမိ၏။ လင်ဖေးရှန်းသည် အတိတ်မှ အမှားများကို မေ့လျော့သွားပြီလော။ ဤတစ်ကြိမ်တွင် အခြေအနေကို နားမလည်ဘဲ ပြဿနာရှာဦးမည် ဆိုပါက သူလည်း ညှာတာနေတော့မည် မဟုတ်ချေ။