← Chapters

အခန်း (၂၀၄၂-၂၀၄၃)

Vol. 147 Ch. 2042-2043

အခန်း (၂၀၄၂-၂၀၄၃)

Vol. 147 Ch. 2042-2043

အပိုင်း ၂၀၄၂ ထိန်းမနိုင် သိမ်းမရ

ကောင်းကင်ဝိညာဉ်ဘုံ၏ အနောက်တွင် မရဏနယ်မြေတစ်ခု ရှိ၏။ ၎င်းထဲသို့ ဝင်ရောက်သမျှ ကင်းထောက်များအားလုံး သေဆုံးသွားသဖြင့် မည်သူမျှ မဝင်ရဲကြချေ။ ဧကရာဇ်တစ်ပိုင်းအဆင့် ပုဂ္ဂိုလ်တစ်ဦးပင် ပြန်ထွက်မလာနိုင်ခဲ့သောကြောင့် ထိုမရဏနယ်မြေသို့ မသွားရန် စစ်မိန့်ထုတ်၍ တင်းကြပ်စွာ တားမြစ်ထား‌ချေသည်။

ကျန်းရီတို့ နေရာလွှဲစစ်စခန်းတစ်ခုမှ နေရာရွှေ့ပြောင်းလာခဲ့ပြီး ဟင်းလင်းပြင်အလွန်သို့ ရောက်လာခဲ့ကြသည်။ ယွင်ပင်းက ဟွင့်သွမ်နတ်ဘုရားလှေကို ထုတ်လိုက်ပြီး ကျန်းရီတို့အား ဦးဆောင်လျက် ဝင်ရောက်သွားသည်။

လင်ဖေးရှန်းတစ်ယောက် တုတ်တုတ်မလှုပ်သည်ကို မြင်လျှင် ယွင်ပင်းက ဟွင့်သွမ်နတ်ဘုရားလှေအပြင်မှ မေးလိုက်၏။ "စစ်သူကြီးလင်... ဘာလို့ ဝင်မလာတာလဲ"

လင်ဖေးရှန်း အနည်းငယ် အနေရခက်နေသည်။ ယခုအချိန်၌ သူမ မည်သို့မှ မတတ်နိုင်ချေ။ အံကြိတ်လျက်သာ ဟွင့်သွမ်နတ်ဘုရားလှေပေါ်သို့ တက်သွားရတော့သည်။

ယွင်ပင်း တစ်ယောက်တည်း အရှေ့ခန်းသို့ သွားပြီး ကျန်းရီတို့အဖွဲ့က အနောက်ခန်းတွင် ထိုင်လိုက်ကြသည်။ လင်ဖေးရှန်းက နေရာလွတ်တစ်ခုရှာ၍ ထိုင်လိုက်ပြီး မျက်နှာသေဖြင့် ကျန်းရီတို့အား တိတ်တဆိတ် အကဲခတ်နေ၏။

ကျန်းရီက တိတ်ဆိတ်စွာ ထိုင်နေပြီး ဘုရင်အဆင့် ကိုယ်ရံတော်တစ်ဦးက ဟွင့်သွမ်နတ်ဘုရားလှေကို ထိန်းချုပ်ကာ မရဏနယ်မြေဆီသို့ ဦးတည်ပျံသန်းသွားသည်။ ကျန်ဘုရင်အဆင့် ကိုယ်ရံတော်များကလည်း တိတ်ဆိတ်နေကြ၏။

ဟွင့်သွမ်နတ်ဘုရားလှေ မိုင်တစ်သောင်းခန့် ပျံသန်းလာပြီးနောက် ကျန်းရီက ချီဟုန်အား ကောင်းကင်အာရုံဖြင့် အနီးတစ်ဝိုက် အခြေအနေများကို စစ်ဆေးစောင့်ကြည့်စေသည်။

ထင်ထားသည့်အတိုင်းပင် ရှောင်ရူတိသည် စစ်တပ်ကြီးကို ဦးဆောင်လျက် မနီးမဝေးမှ လိုက်ပါလာ၏။ စစ်တပ်ကြီးက အင်အားသိန်းချီ ရှိသော်လည်း ဧကရာဇ်အဆင့်ပုဂ္ဂိုလ်တော့ တစ်ယောက်မှ ပါမလာချေ။

ကျန်းရီ ထိုစစ်တပ်ကို လုံးဝ ဂရုမစိုက်ပေ။ ဧကရာဇ်အဆင့်ပုဂ္ဂိုလ် ပါလာလျှင်တောင်မှ ဂရုစိုက်လိမ့်မည်မဟုတ်။ မိုးပြာမဟာဧကရာဇ် မရှိသည့်အချိန်တွင် မည်သူက သူ့ကို ခြိမ်းခြောက်နိုင်မည်နည်း။

သို့သော် အင်အားသိန်းချီရှိသည့် စစ်တပ်ဖြင့် စောင့်ကြည့်ခံနေရသောကြောင့် လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်ချေ။ သူက ခေတ္တစဉ်းစားပြီးနောက် ယွင်ပင်းထံ အသံလှိုင်းပို့လွှတ်လိုက်၏။ "အနောက်မှာ ကပ်ပါလာတယ်… အရှိန်တင်ပြီး ခါချပစ်လိုက်ပါ… သူတို့ရဲ့ ကောင်းကင်အာရုံက သိပ်မသန်မာတော့ ခြေရာခံနိုင်မှာမဟုတ်ဘူး… ကျွန်တော့်အမိန့်အတိုင်း လုပ်လိုက်”

ယွင်ပင်းက ဟွင့်သွမ်နတ်ဘုရားလှေကို ထိန်းချုပ်နေသော ဘုရင်အဆင့်ကိုယ်ရံတော်ထံ အသံလှိုင်းပို့လွှတ်ကာ ကျန်းရီ၏ အမိန့်အား နာခံစေလိုက်သည်။ ဟွင့်သွမ်နတ်ဘုရားလှေသည် ရုတ်တရက် အမြန်ဆုံးအရှိန်ဖြင့် တောင်ဘက်သို့ ပျံသန်းပြီးနောက် အနောက်ဘက်သို့ ကွေ့ကာ အနောက်မြောက်အရပ်သို့ ပတ်၍ ပျံသန်းသွား၏။

ချီဟုန်၏ ကောင်းကင်အာရုံမှာ အလွန်စွမ်းအားကြီးသဖြင့် အနောက်မှ ဟွင့်သွမ်နတ်ဘုရားလှေက အနီးကပ်မလာရဲချေ။ တစ်နာရီကျော် ကြာပြီးနောက် အောင်မြင်စွာ ခါချနိုင်ခဲ့သည်။ ဟင်းလင်းပြင်က ကျယ်ပြောလှသဖြင့် ဟွင့်သွမ်နတ်ဘုရားလှေတစ်စင်းကို ရှာတွေ့ရန် မလွယ်ကူချေ။

"ဟင်”

လင်ဖေးရှန်းက အခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်နေခဲ့၏။ ဟွင့်သွမ်နတ်ဘုရားလှေ မူမမှန်သည်ကို အစောကတည်းက သတိထားမိခဲ့သော်လည်း မည်သည်မှ မပြောခဲ့ချေ။ လျှို့ဝှက်စစ်ဆင်ရေးဟု ယွင်ပင်းမှ ပြောခဲ့သည်မဟုတ်ပါလော။ သူမအနေဖြင့် ဟွင့်သွမ်နတ်ဘုရားလှေကို အရှိန်လျှော့ခိုင်း၍ ဦးတည်ရာ ပြောင်းလဲရန် မဖြစ်နိုင်ချေ။

ဟင်းလင်းပြင်ထဲ၌ တစ်ပတ်ပတ်လိုက်သောကြောင့် အနောက်မှ လိုက်လာသော စစ်တပ်မှာ ကျန်ရစ်ခဲ့ပြီဖြစ်ကြောင်း လင်ဖေးရှန်း ခန့်မှန်းစရာပင် မလိုချေ။ ဘုရင်အဆင့် ကိုယ်ရံတော်များအရှေ့၌ ရှောင်ရူတိထံ သတင်းလှမ်းပို့ရန်လည်း မဖြစ်နိုင်ပေ။

ကျန်းရီသည် လင်ဖေးရှန်းကို လှည့်ပင် မကြည့်သော်လည်း သူမ ဂနာမငြိမ် ဖြစ်နေသည်ကိုတော့ ခံစားနေရသည်။ သူမစိတ်ထဲ၌ ဒေါသပေါက်ကွဲနေချေပြီ။

ကျန်းရီ အကြံတစ်ခု ရသွားပြီး ဘုရင်အဆင့် ကိုယ်ရံတော်တစ်ဦးထံ အသံလှိုင်း ပို့လွှတ်လိုက်၏။ "လင်ဖေးရှန်းကို သွားအီစီကလီ လုပ်လိုက်… စိတ်မပူနဲ့… အားလုံး ငါ တာဝန်ယူတယ်"

ထိုဘုရင်အဆင့် ကိုယ်ရံ‌တော်မှာ ကျန်းရီကို ဖမ်းဆီးခဲ့သူ ဖြစ်၍ သူ့သရုပ်မှန်ကို သိထားသည်။ ထိုသူမှာ အစပိုင်းတွင် ကြောက်ရွံ့နေသော်လည်း စိတ်လှုပ်ရှားလာမိ၏။ ကျန်းရီ ရှိနေသဖြင့် မည်သည်ကိုမှ ကြောက်စရာ မလိုချေ။ လင်ဖေးရှန်းကား ပြိုင်ဘက်ကင်း မိန်းမလှတစ်ဦးဖြစ်ပြီး အဆင့်အတန်းမြင့် သခင်မလေးတစ်ဦးလည်း ဖြစ်ချေသည်။ ဤမျှကောင်းမွန်သော အခွင့်အရေးကို မည်သို့နည်းဖြင့် လက်လွှတ်ရပါမည်နည်း။

ချက်ချင်းပင် ရွှမ်ယွမ်လုံ အမည်ရှိသည့် ထိုဘုရင်အဆင့်ကိုယ်ရံတော်က လင်ဖေးရှန်းအား စူးစိုက်ကြည့်လိုက်သည်။ သူက စကားတစ်ခွန်းမှ မပြောဘဲ သူမ၏ရင်သားများနှင့် ရှည်လျားသော ပေါင်တံများကိုသာ အငမ်းမရ ကြည့်နေ၏။

"ဟင်”

ကျန်ဘုရင်အဆင့် ကိုယ်ရံတော်‌များမှာ အနည်းငယ် ကြောင်အသွားကြသည်။ ရွှမ်ယွမ်လုံ ရူးသွားပြီလော။ သူကား ရဲတင်းလှ၏။ လင်ဖေးရှန်းသာ ဒေါသူပုန်ထသွားပါက ရွှမ်ယွမ်လုံကို ချက်ချင်း သတ်ဖြတ်ပစ်နိုင်သည်။

ကျန်ဘုရင်အဆင့် ကိုယ်ရံ‌တော်များတွင် တစ်ယောက်တည်းက ကျန်းရီ၏ သရုပ်မှန်ကို သိ၏။ သူက ချက်ချင်း သဘောပေါက်သွားပြီး လင်ဖေးရှန်းအား မသိမသာ အကဲခတ်နေသည်။ ကျန်းရီကလည်း အလားတူပင်။ အင်မတန် သိသာသွားပါက သူ့သရုပ်မှန် ပေါ်သွားနိုင်၏။

"နင်ကများ ရာရာစစ…”

ဗြောင်ကျကျ စော်ကားခံရသဖြင့် လင်ဖေးရှန်းမှာ ချက်ချင်း ဒေါသူပုန်ထွက်သွားပြီး အသတ်အဖြတ်အရှိန်အဝါများ ထွက်ပေါ်လာသည်။ သူမက ရွှမ်ယွမ်လုံကို စိုက်ကြည့်၍ အေးစက်စွာ အော်ဟစ်လိုက်၏။ "သေချင်နေတာလား"

ရွှမ်ယွမ်လုံက ကမန်းကတန်း ထရပ်၍ လက်ကာပြကာ အရိုအသေပေးလိုက်သည်။ "သခင်မလေးလင်... အထင်မလွဲပါနဲ့… ကျွန်တော့်မှာ အခြားရည်ရွယ်ချက် မရှိပါဘူး… ကျွန်တော်က ရွှမ်ယွမ်မျိုးနွယ်စုရဲ့ အကြီးဆုံးသားပါ… သခင်မလေးလင်ကို သိပ်ကို လေးစားပါတယ်… ဒီဘဝမှာ သခင်မလေးလင်နဲ့ အခန်းတစ်ခန်းထဲမှာ အတူထိုင်နေရတဲ့ အခွင့်အရေး ရလိမ့်မယ်လို့ မထင်ထားခဲ့မိပါဘူး… အဲ့ဒါကြောင့် စိတ်မထိန်းနိုင် ဖြစ်သွားတာပါ… ကျေးဇူးပြုပြီး ‌ခွင့်လွှတ်ပေးပါခင်ဗျာ"

"ဟွန့်”

လင်ဖေးရှန်းက နှာတစ်ချက် မှုတ်လိုက်သော်လည်း မတိုက်ခိုက်ခဲ့ချေ။ ယင်းအစား ရွှမ်ယွမ်လုံကို မယုံသင်္ကာ ကြည့်၍ မေးနေသည်။ "နင်က ရွှမ်ယွမ်မျိုးနွယ်စုကလား… ဘယ်က ရွှမ်ယွမ်မျိုးနွယ်စုလဲ… မျိုးနွယ်စုခေါင်းဆောင်က ဘယ်သူလဲ"

ရွှမ်ယွမ်လုံ ဖြေတော့မည့်အချိန်၌ ကျန်းရီက ရုတ်တရက် အသံလှိုင်းပို့လွှတ်လာသည်။ "မရေမရာပဲ ပြန်ဖြေလိုက်"

ရွှမ်ယွမ်လုံက ခေတ္တ တုံ့ဆိုင်းနေပြီးနောက် ဖြေသည်။ "သခင်မလေးလင်က သန်းခေါင်စာရင်း လာစစ်နေတာလားဗျ… ကမ္ဘာဦးကောင်းကင်ဘုံက ရွှမ်ယွမ်မျိုးနွယ်စုပေါ့… ခေါင်းဆောင်က ကျွန်တော့်အဘိုးလေ"

ရွှမ်ယွမ်လုံ၏ တုံ့ဆိုင်းမှုနှင့် မရေရာမသေချာမှုတို့က လင်ဖေးရှန်းအား ပို၍ သံသယဝင်သွားစေသည်။ သူမ၏ မျက်လုံးကလေးများက ဖျတ်ခနဲ တောက်ပသွားပြီး တခစ်ခစ် ရယ်လိုက်၏။ "သခင်လေးရွှမ်ယွမ်က ငါ့ကို သိပ်လေးစားတယ်ပေါ့လေ"

လင်ဖေးရှန်း၏ မျက်နှာအမူအရာမှာ အလွန်လျင်မြန်စွာ ပြောင်းလဲသွားသဖြင့် ရွှမ်ယွမ်လုံပင် မတုံ့ပြန်နိုင်လိုက်ချေ။ ကျန်းရီက တိတ်တဆိတ် ခေါင်းရမ်းကာ ရွှမ်ယွမ်လုံထံ အသံလှိုင်းပို့လွှတ်လိုက်ပြန်သည်။ "မင်းက သူ့ကို လေးစားသဘောကျခဲ့တာ ကြာပြီ… သခင်မလေးလင်နဲ့ လက်ထပ်ဖို့က ကမ္ဘာဦးကောင်းကင်ဘုံက ယောက်ျားတိုင်းရဲ့ အိပ်မက်ပဲလို့ ပြောလိုက်"

ရွှမ်ယွမ်လုံလည်း ချက်ချင်း သဘောပေါက်သွားပြီး ကျန်းရီ၏ စကားအတိုင်း တသဝေမသိမ်း ဖြေ၏။ ရွှမ်ယွမ်လုံတစ်ယောက် ထပ်မံတုံ့ဆိုင်းသွားသည်ကို လင်ဖေးရှန်း မြင်လျှင် ပို၍ပင် သံသယဝင်လာတော့သည်။

သို့သော် သူမက ဆက်မလှုပ်ရှားခဲ့ချေ။ ရွှမ်ယွမ်လုံသည် ကျန်းရီဖြစ်ကြောင်း သေချာလျှင်တောင်မှ သူမ မည်သို့လုပ်နိုင်မည်နည်း။ မသေမျိုးမိစ္ဆာသွေးကို ထုတ်၍ ချုံခိုတိုက်ခိုက်ရည်လော။ ယနေ့ကျန်းရီက မနေ့က ကျန်းရီနှင့် မတူချေ။ သူမသာ လှုပ်ရှားလိုက်ပါက ဤဟွင့်သွမ်နတ်ဘုရားလှေမှ အသက်ရှင်လျက် ထွက်သွားနိုင်မည် မဟုတ်ပေ။

ရွှမ်ယွမ်လုံမှာတော့ ကျန်းရီ၏အမိန့်အတိုင်း လင်ဖေးရှန်းကို ဝါးစားတော့မတတ် ကြည့်နေချေသည်။

အံ့ဩဖွယ်ကောင်းစွာဖြင့် လင်ဖေးရှန်းကလည်း များများစားစား တုံ့ပြန်မလာချေ။ ရွှမ်ယွမ်လုံ၏ ရမ်းရမ်းကားကား အကြည့်များကို လျစ်လျူရှုထား၏။ တိတ်တဆိတ် အကဲခတ်နေကြသူများမှာလည်း လင်ဖေးရှန်း၏ အေးစက်သော အကြည့်များကြောင့် မရမ်းကားရဲချေ။

ရွှမ်ယွမ်လုံမှာတော့ စိတ်ထဲတွင် အတော်လေး ကျေနပ်‌နေချေသည်။ ဤသို့ အဆင့်အတန်းမြင့် သခင်မလေးတစ်ဦးအား ထင်ထင်ပေါ်ပေါ် ငမ်းခွင့်ရသဖြင့် သေရမည်ဆိုလျှင်တောင် ပျော်ပျော်ကြီး သေနိုင်၏။

"လင်ဖေးရှန်းကို သေရည်သောက်ဖို့ ဖိတ်လိုက်… အနောက်ဘက် အခန်းလေးထဲ သွားပြီး စိတ်ကြိုက် ပိုးပန်းလိုက်… စကားကိုတော့ မရေမရာပဲ ပြော… သိပ်တော့ မလွန်စေနဲ့… လက်နဲ့ ပေါင်ကို ကိုင်တာလောက်နဲ့တော့ မင်းကို သတ်မှာမဟုတ်ပါဘူး"

ကျန်းရီ ရုတ်တရက် အသံလှိုင်းပို့လွှတ်လာသဖြင့် ရွှမ်ယွမ်လုံ တစ်ကိုယ်လုံး တုန်ရီသွားသည်။ သူ နားကြားမှားသည်ဟု ထင်လိုက်သော်လည်း ကျန်းရီက အသံလှိုင်းပို့ကာ ထပ်မံ အတည်ပြု၏။ သူကား အူမြူးသွားတော့သည်။ လင်ဖေးရှန်း၏ ခန္ဓာကိုယ်လေးကို ကိုင်ခွင့်ရမည်ဆိုပါက သူမ သူ့ကို သတ်လျှင်တောင်မှ နောင်တရစရာ မရှိချေ။

ကျန်းရီ ရှိနေသဖြင့် ရွှမ်ယွမ်လုံမှာ သာမန်ထက် သတ္တိကောင်း၍ ယုံကြည်မှု အပြည့်ရှိနေ၏။

ဤလူကား ကောင်းကင်ဧကရာဇ်၏ ဆက်ခံသူ ဖြစ်သည်သာမက ဘုံနှစ်ဘုံကို တစ်ယောက်တည်း သတ်ဖြတ်၍ မိုးပြာမဟာဧကရာဇ်ကိုပင် တုန့်ပြန်ခဲ့သူ ဖြစ်သည်။ သူ ရှိနေသရွေ့ လင်ဖေးရှန်းသည် သူ့ကို သတ်ရဲမည် မဟုတ်ကြောင်း ယုံကြည်ထား၏။

ရွှမ်ယွမ်လုံလည်း အသက်တစ်ရှိုက်၊ နှစ်ရှိုက် ရှူသွင်းပြီးနောက် မတ်တတ်ရပ်၍ နူးညံ့ညင်သာစွာ ပြောလိုက်သည်။ "သခင်မလေးဖေးရှန်း… ကျွန်တော်နဲ့အတူ သေရည်တစ်ခွက်လောက် သောက်ကြမလားဗျာ”

ကျန်ဘုရင်အဆင့် ကိုယ်ရံတော်များမှာ မျက်လုံးများ ပြူးကျယ်သွားကြ၏။ ဤသည်က အမှန်တကယ် ဖြစ်နေပါသည်လော။

လင်ဖေးရှန်းက တစ်ခဏ ‌ကြောင်အသွားပြီးနောက် ခေါင်းညိတ်သဘောတူ၍ ရွှမ်ယွမ်လုံနှင့်အတူ အခန်းငယ်လေးထဲသို့ ဝင်သွားသဖြင့် အားလုံး မှင်သက်သွားကြတော့သည်။

လင်ဖေးရှန်းကဲ့သို့ ရက်စက်ယုတ်မာ၍ သွေးအေးတတ်သော မိန်းမမျိုးအား ကျန်းရီသည် ပိုးပန်းရန် ဆန္ဒမရှိချေ။ သို့သော် သူမကိုယ်တိုင် ကိုယ့်ကိုကိုယ် အရှက်ခွဲခံချင်နေသဖြင့် သူမဆန္ဒအား လိုက်လျောပေးရပေမည်။

"တစ်ဆယ်၊ ကိုး၊ ရှစ်... သုံး၊ နှစ်၊တစ်"

ကျန်းရီ စိတ်ထဲမှ ရေတွက်လိုက်၏။ တစ်သို့ ရောက်သည်နှင့် အနောက်ရှိ အခန်းငယ်လေးမှာ ရုတ်တရက် ပေါက်ကွဲသွားသည်။ ရွှမ်ယွမ်လုံမှာ ခြေစုံကန်ခံရသဖြင့် ‌‌လွင့်ထွက်လာလေသည်။

လင်ဖေးရှန်း၏ အဝတ်အစားများက ဖရိုဖရဲဖြစ်‌နေပြီး သူမ၏ မျက်နှာတွင် အသတ်အဖြတ်စိတ်ဆန္ဒတို့ ပြည့်နှက်နေသည်။ သူမက ဒေါသတကြီး အော်ဟစ်လိုက်၏။ "နင်က ကျန်းရီ မဟုတ်ဘူးလား… ကျန်းရီ ဘယ်မှာလဲ… ပြောစမ်း… မပြောရင် မွေးလာမိတာတောင် နောင်တရသွားစေရမယ်"

"ဖူး..."

ရွှမ်ယွမ်လုံ၏ ရင်ဘတ်မှာ ချိုင့်ဝင်သွားပြီး အရိုးအတော်များများ ကျိုးသွားသည်။ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျနေသော်လည်း သူက တစ်စက်မှ ဂရုမစိုက်ချေ။ သွားဖြဲကာ အော်ရယ်လိုက်၏။ "အကြီးကြီးပဲ… အိစက်နေတာပဲကွာ… ကောင်းချက်ပဲ… တန်သွားပြီဟေ့"

အပိုင်း ၂၀၄၃ ပြစ်ဒဏ်

အကြီးကြီး… အိစက်နေသည်တဲ့လော။

လင်ဖေးရှန်း၏ ဖရိုဖရဲဖြစ်နေသော ဝတ်ရုံကြောင့် ရွှမ်ယွမ်လုံ၏ လုပ်ရပ်ကို အားလုံး ချက်ချင်း သဘောပေါက်သွားကြသည်။ ကျန်သုံးဦးမှာ မျက်လုံးအပြူးသား ဖြစ်နေကြသည်။ ရွှမ်ယွမ်လုံမှာ အမှန်တကယ် သတ္တိကောင်းလှ၏။ လင်ဖေးရှန်း၏ ရင်သားများကို ကိုင်တွယ်ခဲ့ရာ အမှန်တကယ် သေချင်နေခြင်းလော။

သို့သော် သူတို့၏ မျက်လုံးများ၌ မနာလိုအားကျမှုတို့ ချက်ချင်း ပြည့်နှက်သွားတော့သည်။ လင်ဖေးရှန်းကား မျိုးနွယ်စုသုံးစု၏ နံပါတ်တစ် သခင်မလေး ဖြစ်ပြီး လူသားမျိုးနွယ်၏ နံပါတ်တစ် အလှပဂေးဆိုသည့် ဂုဏ်ပုဒ်အတွက် ဟယ်နုန်ယင်း၊ ရှားယွီတို့နှင့် ပြိုင်ဆိုင်နိုင်သူ ဖြစ်၏။

အလှပဆုံး မိန်းမပျို ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အဆင့်အတန်းမြင့် သခင်မလေးတစ်ဦး ဖြစ်နေသေးသည်။ သူတို့ကဲ့သို့ အလတ်အလတ်နှင့် အသေးစားမျိုးနွယ်စုများမှ သခင်လေးများအဖို့ သူမအသားကို ထိဖို့မဆိုထားနှင့် ကြည့်ပင် မကြည့်ရဲကြချေ။ ရွှမ်ယွမ်လုံ၏ ကံကောင်းမှု‌ကို အခြားလူများမှာ မနာလိုဖြစ်နေတော့သည်။

"သေစမ်း..."

အားလုံး မနာလိုဖြစ်နေစဉ် လင်ဖေးရှန်း၏ အေးစက်စက် အော်ဟစ်သံကြောင့် လန့်ဖြန့်သွားကြသည်။ လင်ဖေးရှန်း၏ လက်ထဲ၌ နီညိုရောင် သွေးစက်အနည်းငယ် ထွက်ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် ထိတ်လန့်ကြောက်ရွံ့သွားကြ၏။ ဤသည်မှာ ဧကရာဇ်အဆင့်များကိုပင် တိုက်စားနိုင်သည့် တစ်လောကလုံးတွင် အဆိပ်အပြင်းဆုံး ဒဏ္ဍာရီလာ သွေးဖြစ်သည်။ ဤမျှနီးကပ်လှ‌သော အကွာအဝေးမှ သူတို့ မည်သို့ ရှောင်တိမ်းနိုင်မည်နည်း။

"မင်းက ငါ့ကို တိုက်ရဲတယ်ပေါ့လေ"

ကျန်းရီ၏ အသံက နောက်ဆုံး၌ ထွက်ပေါ်လာသည်။ သူ၏ လက်ထဲရှိ ကောင်းကင်ပုလဲက တောက်ပသွားပြီး ရွှမ်ယွမ်လုံနှင့် ကျန်းသုံးယောက်ကို ချက်ချင်း ဖမ်းထည့်လိုက်၏။ ထို့နောက် သူ့မျက်နှာ၌ အလင်းတန်းများ တောက်ပလာပြီး သရုပ်မှန်ကို ဖော်ပြလိုက်သည်။ သူက လင်ဖေးရှန်းကို မောက်မာစွာ ကြည့်၍ အေးစက်စက် ရယ်မောလိုက်၏။ "လင်ဖေးရှန်း… ငါ မင်းကို တစ်စက္ကန့်အတွင်း သတ်ပစ်နိုင်တယ်ဆိုတာ သိလား"

"ကျန်း…ရီ"

လင်ဖေးရှန်းက အံကြိတ်၍ ခေါ်လိုက်သည်။ သူမ၏ မျက်လုံးများထဲတွင် ရှက်ရွံ့မှုနှင့် ဒေါသတို့ ပြည့်နှက်နေ၏။ စောစောက ရွှမ်ယွမ်လုံနှင့် ကိစ္စမှာ ကျန်းရီလက်ချက် ဖြစ်ကြောင်း သူမ ချက်ချင်း သဘောပေါက်သွားတော့သည်။

ကျန်းရီသည် သူမကို အရှက်ခွဲချင်ခြင်း ဖြစ်ပြီး ကိုယ်တိုင်ပင် မလုပ်လိုသဖြင့် သာမညလူတစ်ယောက်အား စေခိုင်းခဲ့လေသည်။

ကျန်းရီ သူမကို အေးစက်စွာ စိုက်ကြည့်နေစဉ် သူ့လက်ထဲတွင် မိုးပြာရောင်စွမ်းအင်တို့ ဖျတ်ခနဲ တောက်ပလာသည်။ အသက်နွယ်နှင့် နွယ်အိုတို့က သူ့ခြေထောက်အောက်ရှိ ဟွင့်သွမ်နတ်ဘုရားလှေထဲသို့ ထိုးဖောက်ဝင်ရောက်သွား၏။ လင်ဖေးရှန်းနှင့် ဆယ်ပေကျော် အကွာအဝေး၌ ရှိနေသော်လည်း သူသည် ကြောက်ရွံ့မနေချေ။ လက်ရှိစွမ်းရည်များဖြင့် လင်ဖေးရှန်းကို အလွယ်‌‌တကူ သတ်ပစ်နိုင်သည်။

သူက နှာတစ်ချက်မှုတ်ကာ ပြော၏။ "ဒီထဲမှာ ငါ ပုန်းနေတယ်ဆိုတာ ခန့်မှန်းမိရဲ့နဲ့ စောင့်ကြည့် လိုက်လာသေးတယ်ပေါ့လေ … ငါ့သရုပ်မှန်ကို မင်း သိသွားတော့ရော ဘာဖြစ်မှာမလို့လဲ… မသေမျိူးတစ်ပိုင်း ရသေ့ကြီးဆီ သတင်းလှမ်းပို့လိုက်တယ်ပဲ ဆိုပါတော့… ဘာများ ဖြစ်လာမှာမလို့လဲ… ကိုယ့်ကိုကိုယ် အရှက်ခွဲချင်နေမှတော့ ငါက မင်းဆန္ဒကို ဖြည့်ဆည်းပေးလိုက်ရုံပဲ… အရှက်မရှိတဲ့ မိန်းမ… အပိုတွေ လုပ်နေတာပဲ"

"အား… အား… အား…"

လင်ဖေးရှန်းမှာ ဒေါသကို ထိန်းချုပ်မထားနိုင်တော့ချေ။ နတ်ဘုရားစွမ်းအားတို့ တောက်ပလာပြီး မသေမျိုးမိစ္ဆာသွေးစက်အချို့အား ကျန်းရီထံ ခါထုတ်လိုက်သည်။ ဤသည်က အချည်းနှီးသာ ဖြစ်ကြောင်း သိသော်လည်း ဂရုမစိုက်နိုင်တော့ချေ။

ကျန်းရီက တုံ့ဆိုင်းမနေပေ။ အကာအရံကို ဖွင့်၍ ဟွင့်သွမ်နတ်ဘုရားလှေထဲမှ ထွက်ခွာရန် ယွင်ပင်းထံ အသံလှိုင်း ပို့လွှတ်လိုက်သည်။ ရေခဲအရင်းအမြစ်ကို ထုတ်လွှတ်၍ သူကိုယ်တိုင်နှင့် လင်ဖေးရှန်း နှစ်ယောက်လုံးကို ခဲတောင့်သွားစေ၏။

သို့သော် မသေမျိုးမိစ္ဆာသွေး၏ တိုက်စားနိုင်စွမ်းက အလွန်တရာ သန်မာလှသည်။ ရေခဲအလွှာများကို အလွယ်တကူ ထိုးဖောက်၍ ကျန်းရီထံ ပြေးဝင်လာ၏။ ကံကောင်းထောက်မစွာဖြင့် ကျန်းရီသည် မီးအရင်းအမြစ်ကို ချက်ချင်း ထုတ်လွှတ်၍ နောက်သို့ ဆက်တိုက် ဆုတ်ခွာသွားခဲ့ရာ မသေမျိုးမိစ္ဆာသွေး နှစ်စက်ကို အောင်မြင်စွာ ရှောင်တိမ်းနိုင်ခဲ့သည်။

"ချီသံသားရဲ… ထွက်လာပြီး ကာပေးစမ်း"

နောက်ဆုံး မသေမျိုးမိစ္ဆာသွေးစက်ကို မရှောင်တိမ်းနိုင်သဖြင့် ကျန်းရီ၏ ကောင်းကင်ပုလဲက တောက်ပသွားပြီး ဧရာမသတ္တဝါကြီးတစ်ကောင်ကို ခေါ်ထုတ်လိုက်၏။ ဧရာမချီသံသားရဲကြီး ထွက်ပေါ်လာပြီး သူ့အရှေ့မှ ဝင်ကာလိုက်သည်။

"ဝမ်းဘဲ”

ယွင်ပင်းက ဟွင့်သွမ်နတ်ဘုရားလှေ၏ အကာအရံများကို ပိတ်လိုက်၏။ ချီသံသားရဲကြီး ထွက်ပေါ်လာသည်နှင့် ဟွင့်သွမ်နတ်ဘုရားလှေမှာ ချက်ချင်း ပေါက်ကွဲသွားသည်။ နောက်ဆုံး မသေမျိုးမိစ္ဆာသွေးစက်က ချီသံသားရဲကို ထိမှန်သွားပြီး ၎င်း၏အရေပြားကို ကြောက်မက်ဖွယ်ရာ အမြန်နှုန်းဖြင့် တိုက်စားသွား၏။ ထိုမျှသာမက ချီသံသားရဲ၏ ကြီးမားလှသော ခန္ဓာကိုယ်ကြောင့် နောက်ထပ်မသေမျိုးမိစ္ဆာသွေး တစ်စက်ကလည်း ထိမှန်သွားလေသည်။

"ဝမ်းဘဲ…”

ချီသံသားရဲကြီးမှာ နာကျင်လွန်းသဖြင့် အဆက်မပြတ် အော်ဟစ်နေ၏။ ချီသံသားရဲ၏ ကြောက်လန့်တုန်လှုပ်ဖွယ် ခုခံအားကိုပင် တိုက်စားနိုင်သော မသေမျိုးမိစ္ဆာသွေး၏ စွမ်းအားကို ကျန်းရီ ထပ်မံ တွေ့မြင်လိုက်ရချေပြီ။ ဧကရာဇ်အဆင့်ပုဂ္ဂိုလ်များ အလစ်သတ်ဖြတ်ခံရသည်မှာ မဖြစ်နိုင်သည့်ကိစ္စ မဟုတ်ချေ။

ကံကောင်းစွာဖြင့် ချီသံသားရဲ၏ ခန္ဓာကိုယ်မှာ ကြီးမားလွန်းပြီး မသေမျိုးမိစ္ဆာသွေး ပမာဏက‌တော့ နည်းပါးလွန်းချေသည်။ ချီသံသားရဲ၏ ခြေထောက်တစ်ဝက်နှင့် ဝမ်းဗိုက်မှ အသားစိုင်ကြီးကို တိုက်စားသွားပြီးနောက် လောင်ကျွမ်းစေပြီးနောက် မသေမျိုးမိစ္ဆာသွေးမှာ စွမ်းအင်ကုန်ခမ်းသွား၏။ ကျန်းရီက ချီသံသားရဲ သေဆုံးမသွားစေရန် နတ်ဘုရားသစ်ရွက်ကို ချက်ချင်းထုတ်၍ ကုသပေးလိုက်သည်။

ရွှစ်

နွယ်အိုက လင်ဖေးရှန်းကို အလွယ်တကူ တုပ်နှောင်ထားပြီး အသက်နွယ်သည် သူမ၏ အသက်စွမ်းအားကို စတင် စုပ်ယူနေ၏။ လင်ဖေးရှန်း၏ အိပ်မက်ဆိုးကြီး တဖန်အသက်ဝင်လာချေပြီ။ သူမ ခန္ဓာကိုယ်အတွင်းရှိ အသက်စွမ်းအားမှာ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး အသားအရေက သစ်ပင်အိုကြီးကဲ့သို့ အမည်းစက်များ ဗလပွဖြင့် ရွတ်တွလာတော့သည်။ ဆံပင်များလည်း ဖြူလာပြီး နောက်ဆုံးတွင် တစ်ခေါင်းလုံး ဖွေးဆွတ်သွား၏။ မသေမျိုးမိစ္ဆာသွေးကို ထုတ်ရန်ပင် ခွန်အား မရှိတော့ချေ။

"အား... အား... ကျန်းရီ… သတ်လိုက်ပါတော့… ငါ့ကို သတ်လိုက်ပါ"

အမျိုးသမီးများဆိူစာ်မှ, ရုပ်ရည်သွင်ပြင်ကို အလေးထားဆုံး ဖြစ်သည်။ ပြိုင်ဘက်ကင်း အလှပဂေးတစ်ဦးအဖြစ်မှ မျက်စိတစ်မှိတ်အတွင်း အဘွားအိုကြီးအဖြစ် ပြောင်းလဲသွားခြင်းက သေခြင်းထက် ပို၍ ကြောက်စရာကောင်းလှ၏။

ကောင်းကင်ဘုံခုံရုံးမှ မှတ်ဉာဏ်တို့က လင်ဖေးရှန်း၏ အိပ်မက်ဆိုးများ ဖြစ်လာခဲ့သည်။ ယခုအခါ ထိုအိပ်မက်ဆိုးကြီးများက ထပ်မံ အသက်ဝင်လာ‌လေပြီ။ လင်ဖေးရှန်းမှာ သွပ်သွပ်ခါအောင် ရူးမတတ် ဖြစ်နေတော့သည်။

"သေချင်နေတာလား… အဲ့လောက် မလွယ်ဘူးလေ… တစ်ခါတလေကျရင် အသက်ရှင်ရတာက သေတာထက် ပိုခက်ခဲတယ်"

ကျန်းရီက လင်ဖေးရှန်းကို အေးစက်စွာ ကြည့်ပြီးနောက် ချီသံသားရဲကို ကုသပေး၍ ကောင်းကင်ဘုံခုံရုံးထဲ၌ ပြန်သိမ်းဆည်းလိုက်သည်။ သူက ပျံသန်းလာ၍ လင်ဖေးရှန်းကို‌ ကောင်းကင်ဘုံခုံရုံးထဲသို့ တိုက်ရိုက် နေရာရွှေ့ပြောင်းလိုက်၏။ သူမကို မနှိပ်စက်တော့သလို အသက်စွမ်းအားများလည်း ပြန်လည်ဖြည့်တင်းမပေးချေ။ ကောင်းကင်ဘုံခုံရုံး၏ ဒုတိယအထပ်၌ ပစ်ထားခဲ့ပြီး ပုံရိပ်ယောင်တစ်ခုထဲ၌ ပိတ်လှောင်ထားလိုက်သည်။

"ဟင်... ကျန်းရီ… ငါ့ကို သတ်လိုက်ပါ… ငါ့ကို သတ်လိုက်ပါတော့"

ကောင်းကင်ဘုံခုံရုံးထဲ ပို့ခံလိုက်ရသည့်အပြင် ပိန်လှီရှုံ့တွနေသော လက်နှစ်ဖက်သာမက လမ်းလျှောက်ရန်ပင် ခွန်အား မရှိတော့ကြောင်း သိလိုက်ရချိန်တွင် လင်ဖေးရှန်းသည် မြေပြင်တွင် ထိုင်လျက် ‌‌ခေါင်းမော့ကာ အရူးအမူး အော်ဟစ်နေတော့၏။

"ငါ မင်းကို မသတ်ဘူး"

ကောင်းကင်တစ်နေရာမှ အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာသည်။ ၎င်းက ဤလောက၏ အရှင်သခင်ကဲ့သို့ ဩဇာအပြည့် ခံညားနေ၏။ ကျန်းရီက ရက်စက်စွာ ပြောလိုက်သည်။ "အရင်တစ်ကြိမ်တည်းက မင်းကို ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးပြီလေ… ငါ့ကို ထိခိုက်အောင် လုပ်ဖို့ မကြံစည်နဲ့တော့လို့… ဒီထဲမှာ ငါ ပုန်းနေမှန်း သံသယဝင်နေရဲ့သားနဲ့ အကောက်ကြံပြီး စောင့်ကြည့်ချင်နေသေးတယ်…ငါ ရက်စက်တယ် အပြစ်မတင်နဲ့… ဘယ်သူမဆို အမှားလုပ်ရင် ပြစ်ဒဏ်ခံရမှာပဲ… မင်း သေချင်ရင် ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်… မသေချင်ရင် အထဲမှာပဲနေ… နှစ်တစ်ရာကြာလို့ မင်း အသက်ရှင်နေ‌သေးရင် မင်းရဲ့ နုပျိုတဲ့ရုပ်ရည်ကို ပြန်ပေးပြီး လွတ်လပ်ခွင့် ပေးမယ်"

"နှစ်တစ်ရာတောင်လား"

လင်ဖေးရှန်း၏ ခန္ဓာကိုယ်မှာ တုန်ရီစွာဖြင့် မြေပြင်ပေါ်သို့ အရုပ်ကြိုးပြတ် လဲကျသွားတော့သည်။ သူမ၏ တဆတ်ဆတ် တုန်ရီနေပြီး ကြက်ခြေထောက်ကဲ့သို့ လက်တစ်ဖက်က သဲထဲတွင် လှုပ်ရှားနေ၏။ အိုမင်းရင့်ရော်ကာ အကျည်းတန်ရွတ်တွနေသော သူမ၏ မျက်နှာမှာတော့ မျှော်လင့်ချက်မဲ့မှုတို့ဖြင့် ပြည့်နှက်နေချေသည်။

သူမ နှစ်တစ်ရာ အသက်ရှင်နိုင်တောင်မှ ထိုအချိန်၌ အရာအားလုံး ပြောင်းလဲသွားလိမ့်မည်။ ထိုအချိန်မှ အပြင်ထွက်ပါလာက မည်သည့်အဓိပ္ပာယ်ရှိတော့မည်နည်း။

သေရမည်လော။

လင်ဖေးရှန်းသည် သေရမည်ကို မကြောက်သော်လည်း ကိုယ့်ကိုယ်ကိုယ် သတ်သေရန်အထိ သတ္တိမရှိချေ။ သူမက ဝေဝါးမှုန်ရီနေသော မျက်လုံးများဖြင့် သဲများကို ကြည့်နေမိ၏။ သူမ လုံးလုံး မရူးသွားခင် ဤနေရာ၌ မည်မျှတောင့်ခံနိုင်မည်လဲ သူမကိုယ်တိုင်ပင် မသိပေ။

"ကျန်းရီ… ကျန်းရီ..."

ဤနေရာ၌ အထီးကျန်ဆန်စွာ နှစ်တစ်ရာ ဖြတ်သန်းရမည်သာမက သူမ၏ လက်ရှိ ပုံပန်းသွင်ပြင်ကို တွေးမိသည်နှင့် ရွံရှာလာမိသည်။ နေ့စဉ်နေ့တိုင်း ငရဲကျနေသကဲ့သို့ ဖြတ်သန်းရပေလိမ့်မည်။ လင်ဖေးရှန်း ကြောက်ရွံ့တုန်လှုပ်လာမိ၏။ သူမက ကုန်းရုန်းထကာ အော်ဟစ်လိုက်သည်။ "ကျန်းရီ… ငါ မှားပါတယ်… ကျေးဇူးပြုပြီး လွှတ်ပေးပါ… ငါ တကယ် မှားခဲ့ပါတယ်… နင် လုပ်ချင်တာ အကုန်လုပ်ပါ… ငါ့ကို လွှတ်ပေးပါဟာ… ကျန်းရီ… ထွက်လာခဲ့… ထွက်လာခဲ့လို့…"

လင်ဖေးရှန်း ခြေလှမ်းအနည်းငယ်မျှ ပြေးလိုက်သော်လည်း ခန္ဓာကိုယ်က အားနည်းလွန်းသဖြင့် ဘုန်းခနဲ လဲကျသွားပြီး ပါးစပ်ထဲသို့ သဲများ ဝင်သွား၏။ သူမက ဂရုမစိုက်ဘဲ ပြန်ကုန်းထကာ အဆက်မပြတ် ပြေးလွှားအော်ဟစ်နေတော့သည်။

သို့သော်…

ဤတစ်ကြိမ်တွင် ကျန်းရီသည် လင်ဖေးရှန်းအား ပြစ်ဒဏ်ပေးရန် ဆုံးဖြတ်ထားပြီးဖြစ်၏။ ကောင်းကင်အာရုံကို ရုပ်သိမ်းထားသဖြင့် လင်ဖေးရှန်းတစ်ယောက် လည်ချောင်းကွဲမတတ် အော်ဟစ်နေသော်လည်း ကျန်းရီ လုံးဝ မကြားနိုင်ချေ။

အရာအားလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး လင်ဖေးရှန်း၏ အက်ကွဲကွဲ ငိုသံတို့ကသာ ပဲ့တင်ထပ်နေတော့သည်။

All Chapters