အခန်း (၂၀၄၄-၂၀၄၅)
Vol. 147 Ch. 2044-2045
အပိုင်း ၂၀၄၄ ဤကမ္ဘာပေါ်မှ ပျောက်သွားခြင်း
ကျန်းရီသည် လင်ဖေးရှန်းအား ဖမ်းဆီးပြီးနောက် လျစ်လျူရှုထား၏။ အဝေးသို့ ပျံသန်းသွားသော ယွင်ပင်းကို ရှာဖွေပြီးနောက် ရွှမ်ယွမ်လုံနှင့် ကျန်သုံးဦးကို အပြင်သို့ ထုတ်ပေးလိုက်သည်။
နတ်ဘုရားသစ်ရွက်ဖြင့် ရွှမ်ယွမ်လုံ၏ ဒဏ်ရာများကို ကုသပေးပြီးနောက် ပခုံးကို ပုတ်ကာ အသံလှိုင်းပို့လွှတ်လိုက်၏။ "ကောင်းရဲ့လား”
"ကောင်းတာပေါ့ဗျာ"
ရွှမ်ယွမ်လုံက ကျေနပ်နေသည့် မျက်နှာပေးဖြင့် အသံလှိုင်း ပြန်ပို့လိုက်သည်။
"ကျေးဇူးတင်ပါတယ် သခင်လေး… ကျွန်တော် အခု သေရမယ်ဆိုရင်တောင် နောင်တရစရာ မရှိတော့ပါဘူး"
"ဟားဟားဟား"
ကျန်းရီ အော်ဟစ်ရယ်မောလိုက်ရငင်း လက်တစ်ချက်ဝှေ့ရမ်း၍ အားလုံးကို ဦးဆောင်ကာ အဝေးသို့ ပျံသန်းသွားတော့၏။ ဟွင့်သွမ်နတ်ဘုရားလှေ ပျက်စီးသွားသဖြင့် ကိုယ်တိုင် ပျံသန်းရပေတော့မည်။ သို့သော် ဆန်းကြယ်နယ်မြေသို့ ရောက်ရန် မဝေးတော့သဖြင့် ကိစ္စမရှိလှချေ။
လေးနာရီ၊ ငါးနာရီခန့် ကြာပြီးနောက် ဆန်းကြယ်နယ်မြေအပြင်သို့ ရောက်ရှိလာကြသည်။ ကျန်းရီ၏ မျက်လုံးများက ပြန်လည် တောက်ပလာပြန်သည်။ သူက ချီဟုန်ထံ အသံလှိုင်း ပို့လွှတ်လိုက်သည်။ "အရှင်ချီဟုန်.. မြန်မြန် စစ်ဆေးကြည့်ပါဦး… အထဲမှာ ရွှေအရင်းအမြစ် ရှိရဲ့လား"
ချီဟုန်၏ ကောင်းကင်အာရုံက ဖြန့်ကျက်သွားပြီး မကြာမီ သတင်းပြန်ပို့လာ၏။ ထိုသတင်းက ကျန်းရီ၏ မျှော်လင့်ချက်မီးတောက်များကို ရေလောင်းချလိုက်သကဲ့သို့ ရှဲခနဲ ငြိမ်းသေသွားစေသည်။ "ရွှေအရင်းအမြစ် မရှိဘူး… ရေအရင်းအမြစ်ပဲ ရှိတယ်… အထဲမှာ ရေအမျိုးအစား ဟွင့်သွမ်သားရဲတွေတော့ အများကြီးပဲ… နှစ်သန်းချီ သက်တမ်းရှိတဲ့ အကောင်တွေ ထောင်နဲ့ချီပြီး ရှိတယ်"
"ဟင်း..."
ဟွင့်သွမ်သားရဲများကို ဖမ်းပါကလည်း ကျန်းရီအတွက် အသုံးမဝင်ချေ။ တစ်ကောင်ချင်းစီကို ယဉ်ပါးအောင် မလုပ်နိုင်ပေ။ ရီဖျောင်ဖျောင် မရှိသဖြင့် ဟွင့်သွမ်သားရဲများက မည်သည့်အဓိပ္ပာယ်မှ မရှိ။
ထိုမျှသာမက အခြားသော မိုးမြေအရင်းအမြစ်များတွင် အသုံးဝင်မှု အမျိုးမျိုး ရှိသော်လည်း ရေအရင်းအမြစ်တွင်တော့ မည်သည့် ထူးခြားချက်မှ မရှိချေ။ ကျန်းရီမှာ သွားယူချင်စိတ်ပင် မရှိသော်လည်း ရောက်လာပြီးသဖြင့် ဝင်ရောက်သွား၏။
ချီဟုန်အား ဟွင့်သွမ်သားရဲများကို ခြောက်လှန့်ခိုင်းထားပြီးနောက် ပင်လယ်ကြမ်းပြင်အနက်ပိုင်းရှိ ရေအရင်းအမြစ်ကို စုပ်ယူလိုက်သည်။
"ပြန်မယ်… ကမ္ဘာဦးကောင်းကင်ဘုံဆီ သွားကြမယ်"
နောက်ဆုံး တစ်နေရာသာ ကျန်တော့သည်။ ကမ္ဘာဦးကောင်းကင်ဘုံအပြင်ရှိ မရဏနယ်မြေ၌သာ ရွှေအရင်းအမြစ် မရှိပါက ကျန်းရီအနေဖြင့် ကောင်းကင်တွင်းနက်ကြီးထဲသို့ စွန့်စားဆင်းသက်ရပေတော့မည်။
သူက ကျန်ငါးယောက်ကို ခေါ်ဆောင်၍ ကောင်းကင်ဝိညာဥ်ဘုံသို့ ဦးတည်ပျံသန်းသွား၏။ ဤနေရာသည် ကောင်းကင်ဝိညာဥ်ဘုံနှင့် အတော်လေး ကွာဝေးလှသည်။ နာရီသုံးဆယ်ကျော် ပျံသန်းပြီးသည့်တိုင် မရောက်သေးချေ။ ရှောင်ရူတိ၏ တပ်များနှင့်သာ ထိပ်တိုက်တွေ့သွား၏။
"ကျန်းရီ ဘယ်လိုလုပ်ကြမလဲ"
ယွင်ပင်းက ကျန်းရီအား လှမ်းကြည့်လိုက်သည်။
ကျန်းရီက ပခုံးတွန့်ကာ ပြော၏။ "အေးဆေးပေါ့… သူတို့ရဲ့ ဟွင့်သွမ်နတ်ဘုရားလှေပေါ် တက်လိုက်မယ်လေ… ကိုယ်တိုင် ပျံစရာတောင် မလိုတော့ဘူး"
"ဒါဆို… လင်ဖေးရှန်းအကြောင်း မေးလာရင်ရော" ယွင်ပင်းက ပြန်မေးလိုက်သည်။
"ပျောက်သွားပြီလို့ပဲ ပြောလိုက်ပေါ့" ကျန်းရီ ဂရုမစိုက်ဟန်ဖြင့် ဖြေလိုက်၏။ "တမလွန်ဘုရင် တိုက်ခိုက်တာကို ခံရတယ်… လင်ဖေးရှန်းက တမလွန်ဘုရင်ကို လိုက်သတ်ရင်း ဘယ်ရောက်သွားမှန်း မသိဘူး… သူတို့ဘာသာ သွားရှာကြပါစေ"
"ဟုတ်ပါပြီ"
ယွင်ပင်းက သက်ပြင်းချကာ ပြောသည်။ ကျန်းရီ ဤနေရာတွင် ရှိနေသရွေ့ ကောင်းကင်ကြီး ပြိုကျလာလျှင်တောင်မှ မည်သည်မှ ဖြစ်ပွားမည်မဟုတ်ချေ။ ကျန်းရီ ကိုယ်တိုင် ထိုသို့ပြောလာသောကြောင့် သူမအနေဖြင့် အထွန့်တက်စရာ မရှိပေ။
"ဝှစ်... ဝှစ်... ဝှစ်..."
ဟွင့်သွမ်နတ်ဘုရားလှေ အချို့က အလျင်အမြန် ပျံသန်းလာပြီး သူတို့အဖွဲ့အား ချက်ချင်း ဝန်းရံလိုက်ကြသည်။ ရှောင်ရူတိက ဧကရာဇ်တစ်ပိုင်းအဆင့် ပုဂ္ဂိုလ်သုံးယောက်နှင့် ဘုရင်အဆင့်ပုဂ္ဂိုလ် ဒါဇင်ပေါင်းများစွာကို ခေါ်ဆောင်ကာ ထွက်လာပြီး လှမ်းအော်လိုက်၏။ "စစ်သူကြီးယွင်… လင်ဖေးရှန်းရော"
ယွင်ပင်း၏ မျက်နှာက အေးစက်သွားပြီး ပြန်လည် ဖြေကြားလိုက်သည်။ "မဟာစစ်သူကြီးယွင်လို့ ခေါ်စမ်း… ရှောင်ရူတိ…လေသံကို ပြင်လိုက်ပါ… ရှင်က ကျွန်မကို ပြန်ပြီး မေးခွန်းထုတ်နေတာလား"
ရှောင်ရူတိ၏ မျက်နှာက တင်းမာသွားသော်လည်း ယွင်ပင်းနှင့် အချေအတင် ပြောဆိုနေရန် အချိန်မရှိချေ။ သူက အေးစက်စက် ပြန်ပြောလိုက်၏။ "ယွင်ပင်း… အခုက နောက်ပြောင်နေရမယ့်အချိန် မဟုတ်ဘူး… မင်းတို့ရဲ့ ဟွင့်သွမ်နတ်ဘုရားလှေက ဘယ်လိုလုပ် ပျက်စီးသွားတာလဲ… လင်ဖေးရှန်းကော ဘယ်ရောက်သွားပြီလဲ… မျိုးနွယ်စုသုံးစုအတွက် လင်ဖေးရှန်းက ဘယ်လောက် အရေးကြီးသလဲဆိုတာ မင်း သိသင့်တယ်… သူသာ တစ်ခုခုဖြစ်သွားရင် မင်း ဒုက္ခရောက်လိမ့်မယ်"
ရှောင်ရူတိနှင့် နောက်လိုက်များသည် ဟင်းလင်းပြင်ထဲတွင် ဟွင့်သွမ်နတ်ဘုရားလှေ၏ အပျက်အစီးများကို တွေ့ရှိခဲ့ပြီး လင်ဖေးရှန်းပါ ပျောက်ဆုံးနေကြောင်း သိလိုက်ရသဖြင့် ပို၍ စိုးရိမ်ပူပန်သွားကြသည်။ သူက ယွင်ပင်းအနောက်ရှိ ကိုယ်ရံတော်ငါးဦးကို အေးစက်သော မျက်လုံးများဖြင့် စူးစိုက်ကြည့်နေ၏။ သူတို့ထဲတွင် ကျန်းရီ ပုန်းကွယ်နေပြီး လင်ဖေးရှန်းအား ဖမ်းဆီးသွားသည်ဟု အတော်လေး သံသယဝင်နေသည်။
ယွင်ပင်း၏ ကျောထောက်နောက်ခံမှာ ကျန်းရီ ဖြစ်သည်။ ယွင်ပင်းမှာ မတရားမှုများစွာကို ခံခဲ့ရပြီးနောက် အားကိုးရှိလာသည့်အခါ အလိုအလျောက် ခက်ထန်ဝံ့လာတော့သည်။ သူမက ကြိမ်းမောင်းလိုက်သည်။ "ဒုက္ခရောက်မယ်တဲ့လား… ဘယ်လိုမျိုး ဒုက္ခရောက်မလဲ သိချင်သေးတယ်… လင်ဖေးရှန်းက ကျွန်မလက်အောက်ငယ်သားမှ မဟုတ်တာ… သူ ဘယ်သွားလဲ ဘယ်လိုလုပ် သိနိုင်မှာလဲ… ရှောင်ရူတိ… ရှင့်ဘာသာ သွားရှာလိုက်… သွားကြစို့"
ယွင်ပင်းက ကျန်းရီတို့ကို ခေါ်၍ ထွက်ခွာရန် ပြင်လိုက်၏။ သို့သော် ရှောင်ရူတိအနောက်ရှိ ဧကရာဇ်တစ်ပိုင်းအဆင့် ပုဂ္ဂိုလ်သုံးဦး၏ မျက်နှာများက အေးစက်သွားကြသည်။ သူတို့က ယွင်ပင်းအရှေ့မှ ချက်ချင်း လမ်းပိတ်၍ အသတ်အဖြတ်စိတ်ဆန္ဒများ ထုတ်လွှတ်လိုက်ကြ၏။
"ဘာလုပ်ချင်တာလဲ"
ယွင်ပင်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။ "သတ္တိရှိရင် ငါတို့အားလုံးကို သတ်လိုက်လေ… ရှောင်ရူတိ… ရှင်တို့ မျိုးနွယ်စုသုံးစုက ကောင်းကင်ဧကရာဇ်ရဲ့ နေရာကို လုယူပြီး လူသားမျိုးနွယ်ကို စိုးမိုးချင်နေကြတာလား… ကောင်းကင်ဧကရာဇ်က တမလွန်ဘုံထဲ ဝင်ပြီး အသက်စွန့် တိုက်ပွဲဝင်နေချိန်မှာ ရှင်တို့က အာဏာပြနေတယ်ပေါ့… ကောင်းကင်ဧကရာဇ် ပြန်လာတာနဲ့ ဒီကိစ္စကို ကျွန်မ ကိုယ်တိုင် တိုင်တန်းမယ်"
ဧကရာဇ်တစ်ပိုင်းအဆင့် ပုဂ္ဂိုလ်သုံးဦးမှာ အနည်းငယ် တွန့်ဆုတ်သွားကြသော်လည်း ရှောင်ရူတိကတော့ အလျှော့ပေးမည့်ပုံ မပေါ်ချေ။ သူက ယွင်ပင်းကို စိုက်ကြည့်ကာ ပြော၏။ "ဒီနေ့ သူ့ကို ပြန်မပေးမချင်း ထွက်သွားဖို့ မစဉ်းစားနဲ့… မင်းကို ဖမ်းလိုက်ရင်တောင် ယန်ကိုးပါးစစ်တပ်က ဘာလုပ်နိုင်မှလဲ"
"ပြန်ပေးရမယ် ဟုတ်လား"
ယွင်ပင်းက ချိပ်ပိတ်ကျောက်တုံးကို ထုတ်၍ အခြေအနေများအား စတင် မှတ်တမ်းတင်လိုက်သည်။ သူမက နှာမှုတ်ကာ ပြောလိုက်၏။ "ဘယ်သူ့ကို ပေးရမှာလဲ… ရှောင်ရူတိ၊ ကျေးဇူးပြုပြီး ရှင်းပြပေးပါဦး… လင်ဖေးရှန်းကို ကျွန်မ ဖမ်းထားတယ်လို့ ရှင် သံသယဝင်နေတာလား… ပြောပါဦး… ကျွန်မက ဘုရင်အဆင့်ပဲ ရှိသေးတယ်… လင်ဖေးရှန်းက ဧကရာဇ်တစ်ပိုင်းအဆင့်လေ… ဒါ့အပြင် သူက မသေမျိုးမိစ္ဆာသွေးကိုပါ ပိုင်ဆိုင်ထားတာ… သူ့ကို ကျွန်မက ဘယ်လိုလုပ် ဖမ်းနိုင်မှာလဲ… ဒီနေ့ သေချာရှင်းမပြရင် စစ်သူကြီးကို လုပ်ကြံစွပ်စွဲမှုနဲ့ ရှင့်ကို ကျွန်မ တိုင်တန်းပစ်မယ်"
"ငါ..."
ယွင်ပင်း၏ ပြတ်သားလှသော စကားများကြောင့် ရှောင်ရူတိမှာ အာစေးမိနေသည်။ သူက ယွင်ပင်းအနောက်ရှိ လူများကို တစ်ချက်ကြည့်ပြီးနောက် အံကြိတ်ကာ ပြောလိုက်၏။ "မင်းရဲ့ ကိုယ်ရံတော်တွေထဲမှာ ကျန်းရီ ပုန်းနေရင်ရော… ကျန်းရီမပါဘူးဆိုရင် မင်းတို့ ဘာလို့ ကောင်းကင်ဝိညာဥ်ဘုံဆီ နေရာရွှေ့ပြောင်းလာတာလဲ"
"ဟားဟားဟား"
ယွင်ပင်းက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူမ၏ ဝတ်ရုံစများက တဖျတ်ဖျတ် ပျံ့လွင့်နေချေသည်။ သူမက ရှောင်ရူတိနှင့် ဧကရာဇ်တစ်ပိုင်းအဆင့် ပုဂ္ဂိုလ်သုံးဦးကို လှောင်ပြောင်သရော်စွာ ကြည့်၍ အေးစက်စက် ပြောလိုက်၏။ "ရှောင်ရူတိ၊ ရှင့်ရဲ့ ဝက်ဦးနှောက်နဲ့ သေချာ စဉ်းစားကြည့်စမ်းပါဦး… ကျန်းရီသာ ဒီမှာရှိနေရင် ရှင်တို့ အသက်ရှင်နိုင်ပါဦးမလား… သူက မိစ္ဆာကြယ်လေ… သူ့ရဲ့ လုပ်ရပ်တွေကို ရှင်တို့ မသိကြဘူးလား… သူသာ ကိုယ်တိုင်ဝင်ပါရင် ရှင်တို့ထဲက ဘယ်သူများ အသက်ရှင်နိုင်မှာလဲ"
ရှောင်ရူတိမှာ ရုတ်တရက် ကျောချမ်းသွားမိသည်။ ဧကရာဇ်တစ်ပိုင်းအဆင့် ပုဂ္ဂိုလ်သုံးဦးမှာလည်း ခေတ္တဆွံ့အနေကြ၏။ သူတို့အားလုံး တစ်ခုတွေးမိသွားကြသည်။ ကျန်းရီသာ ယွင်ပင်း၏ ကိုယ်ရံတော်အဖြစ် အမှန်တကယ် ရုပ်ဖျက်ထားပြီး ဤအတိုင်း ဆက်လက် ဖိအားပေးနေမည်ဆိုပါက ကျန်းရီ ဒေါသထွက်လာလျှင် သူတို့အားလုံး သတ်ဖြတ်ခံရပေလိမ့်မည်။ ကျန်းရီသည် မလှုပ်ရှားချင်လျှင် တုတ်တုတ်မလှုပ်ချေ။ လှုပ်ရှားပါကလည်း မည်သည့် သက်သေအထောက်အထားမှ မချန်ဘဲ သူတို့ကို ဤလောကမှ အပြီးတိုင် ပျောက်ကွယ်သွားစေပေလိမ့်မည်။
အားလုံး တိတ်ဆိတ်ငြိမ်သက်သွား၏။ သူတို့သည် ယွင်ပင်း၏ စကားများကြောင့် ကြောက်လန့်သွားခြင်းမဟုတ်ဘဲ ကျန်းရီနာမည်ကြောင့် ထိတ်လန့်သွားကြခြင်း ဖြစ်သည်။
ယွင်ပင်းက တစ်ခဏ စောင့်ဆိုင်းပြီးနောက် တည်ငြိမ်စွာ ဆက်ပြော၏။ "ကျွန်မတို့က လျှို့ဝှက်တာဝန်တစ်ခု ထမ်းဆောင်ဖို့ ထွက်လာခဲ့တာ…စစ်တပ်မှာလည်း မှတ်တမ်းတင်ပြီးသားပဲ… ရှင်တို့ သွားစစ်ဆေးလို့ ရတယ်… ဒီတစ်ကြိမ် တာဝန်က အောင်မြင်ခဲ့ပေမယ့် အပြန်လမ်းမှာ တမလွန်ဘုရင်တစ်ပါး တိုက်ခိုက်တာ ခံခဲ့ရတယ်… ကျွန်မတို့ ဆုတ်ခွာနိုင်ဖို့ စစ်သူကြီးလင်ဖေးရှန်းက တမလွန်ဘုရင်ကို တစ်ယောက်တည်း လိုက်တိုက်ခိုက်ခဲ့တာ… ဒီကိစ္စကို အစီရင်ခံပြီး ဂုဏ်ပြုချီးမြှင့်ဖို့ ကျွန်မ တောင်းဆိုမှာပါ… စစ်ရေးကိစ္စက အရေးကြီးတဲ့အတွက် ကျွန်မတို့ ချက်ချင်း ပြန်ရမယ်… ရှင်တို့ဆီက ဟွင့်သွမ်နတ်ဘုရားလှေ တစ်စင်းကို ငှားသွားရလိမ့်မယ်… ဒါက အမိန့်ပဲ… အားလုံး ဖယ်ကြပါ"
ယွင်ပင်းသည် လူငါးယောက်ကို ဦးဆောင်လျက် ဟွင့်သွမ်နတ်ဘုရားလှေ တစ်စင်းဆီသို့ ပျံသန်းသွားပြီး အတွင်းရှိ လူအားလုံးကို မောင်းထုတ်လိုက်၏။ ထို့နောက် ကောင်းကင်ဝိညာဉ်ဘုံသို့ ပျံသန်းသွားသည့် အမည်းစက်လေးတစ်စက်အဖြစ် ပျောက်ကွယ်သွားတော့သည်။
"အရှင်ရှောင်ရူတိ…ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ"
ဧကရာဇ်တစ်ပိုင်းအဆင့် ပုဂ္ဂိုလ်သုံးဦးက ငေးငိုင်စွာဖြင့် ရှောင်ရူတိကို လှမ်းကြည့်လိုက်ကြသည်။ သူ့မျက်လုံးများက တဖျတ်ဖျတ် တောက်ပသွားပြီးနောက် အမိန့်ပေးလိုက်၏။ "လင်ဖေးရှန်းရဲ့ ဝိညာဉ်ကျောက်စိမ်းပြားက မကွဲသေးဘူး… သူ မသေသေးဘူး… အခု သတင်းမပို့နိုင်တာ ဆန်းကြယ်နယ်မြေတစ်ခုထဲ ရောက်နေလို့ မဟုတ်ရင် ဖမ်းဆီးခံထားရလို့ပဲ… အရင်ဆုံး လိုက်ရှာကြတာပေါ့… ငါ အရင်ပြန်ပြီး မသေမျိူးတစ်ပိုင်း ရသေ့ကြီးဆီ ဒီကိစ္စ အစီရင်ခံလိုက်မယ်… မင်းတို့လည်း ချက်ချင်း သတင်းပို့ပြီး ယွင်ပင်းတို့ကို စောင့်ကြည့်ဖို့ လူလွှတ်လိုက်… သူတို ကင်းထောက်တွေကို တိုက်ခိုက်ရင်တောင်မှ မျက်ခြေအပြတ်မခံနဲ့… အားလုံးကို ရသေ့ကြီးကပဲ ဆုံးဖြတ်လိမ့်မယ်"
"အမိန့်အတိုင်းပါ"
စစ်တပ်ကြီးသည် လင်ဖေးရှန်းအား ရှာဖွေရန် အရပ်လေးမျက်နှာသို့ ချက်ချင်း ပျံ့ကျဲသွားသည်။ ရှောင်ရူတိက ဟွင့်သွမ်နတ်ဘုရားလှေ တစ်စင်းပေါ်သို့ ပြန်တက်ကာ ကောင်းကင်ဝိညာဉ်ဘုံသို့ ပျံသန်းသွား၏။ သူက ဟင်းလင်းပြင်ကို သေးကြည့်၍ အံကြိတ်ကာ ပြောလိုက်သည်။ "ကျန်းရီ… တစ်နေ့ကျရင် မင်းကို ငါတို့ တစ်စစီ ဆွဲဖြဲပစ်မယ်... စောင့်နေလိုက်.."
အပိုင်း ၂၀၄၅ ယင်ကိုးပါး မရဏနယ်မြေ
ကျန်းရီသည် ရှောင်ရူတိအား လုံးဝ ဂရုမစိုက်ပေ။ မသေမျိုးတစ်ပိုင်း ရသေ့ကြီး ရောက်လာလျှင်တောင်မှ ချီဟုန်က ချက်ချင်း အာရုံခံနိုင်ပေလိမ့်မည်။ သူ ကောင်းကင်ဘုံခုံရုံးအတွင်း ဝင်ရောက်သွားပါက ရသေ့ကြီးအနေဖြင့် မည်သို့မှ တတ်နိုင်မည် မဟုတ်ချေ။
သူက ယွင်ပင်းနှင့်အတူ ကောင်းကင်ဝိညာဉ်ဘုံသို့ အေးအေးဆေးဆေး ပြန်လာခဲ့၏။ ထို့နောက် နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်ကို အသက်သွင်း၍ ကမ္ဘာဦးကောင်းကင်ဘုံသို့ ရွှေ့ပြောင်းသွားလေသည်။
ဤနေရာနှင့် ကမ္ဘာဦးကောင်းကင်ဘုံမှာ ကောင်းကင်ဘုံခုံရုံးဖြင့် မသွားလျှင် အတော်လေး ဝေးကွာလှ၏။ ယွင်ပင်းက ရှေ့မှ ဦးဆောင်နေသောကြောင့် ကျန်းရီအတွက် ပြဿနာသိပ်မရှိခဲ့ချေ။ မိုးပြာမဟာဧကရာဇ်က ထွက်မလာသေးသဖြင့် ကိစ္စများက အတော်လေး ဆိုးရွားနေသည်ဟု ကျန်းရီ ခံစားမိနေသည်။ နောက်ဆုံးဆန်းကြယ်နယ်မြေကို အမြန်ဆုံး သွားရောက်စစ်ဆေးချင်နေမိ၏။
ရှောင်ရူတိ သတင်းပို့လိုက်သဖြင့် ကောင်းကင်ဝိညာဉ်မြို့အတွင်းရှိ ကင်းထောက်များစွာက ကျန်းရီတို့၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေကြသည်။ ယွင်ပင်း နေရာရွှေ့ပြောင်းသည်ကို မည်သူမှ မတားဆီးရဲသော်လည်း ကမ္ဘာဦးကောင်းကင်ဘုံသို့ ချက်ချင်း သတင်းပို့ကာ ကင်းထောက်များဖြင့် ကျန်းရီတို့၏ တည်နေရာကို စုံစမ်းစေ၏။
ချီဟုန်၏ ကောင်းကင်အာရုံက အလွန်အားကောင်းလှသည်။ လမ်းတစ်လျှောက် ကင်းထောက်များ လိုက်လံစုံစမ်းနေသည်ကို မသိဘဲ မနေချေ။ သူက ကျန်းရီထံ အသံလှိုင်းဖြင့် သတင်းပို့လိုက်သော်လည်း ကျန်းရီကတော့ ဂရုမစိုက်ပေ။ သူ့တည်နေရာကို သိသွားလျှင်တောင်မှ မည်သည်မှ ဖြစ်လာမည်မဟုတ်။ ကင်းထောက်များကို အချိန်မရွေး သတ်ဖြတ်နိုင်သလို ခြေရာဖျောက်သွား၍လည်း ရပေသည်။
ဤနေရာရှိ နေရာရွှေ့ပြောင်းခြင်း မန္တန်အစီရင်က ယန်အရှင်မြို့တော်သို့ ရွှေ့ပြောင်းပေး၏။ ယန်အရှင် ကိုယ်တိုင် ရှိမနေသည့်အပြင် ဧကရာဇ်အဆင့် ပုဂ္ဂိုလ်များလည်း မရှိသဖြင့် အတော်လေး လုံခြုံလှသည်။
ကျန်းရီနှင့် ယွင်ပင်းတို့က တစ်ခဏလေးမှ မရပ်နားဘဲ ဟင်းလင်းပြင်အပြင်သို့ တိုက်ရိုက် နေရာရွှေ့ပြောင်းသွားကြ၏။ ထို့နောက် ဟွင့်သွမ်နတ်ဘုရားလှေကို ထုတ်ကာ ကမ္ဘာဦးကောင်းကင်ဘုံ အနောက်တောင်ဘက်ရှိ ဆန်းကြယ်နယ်မြေတစ်ခုဆီသို့ ပျံသန်းသွားကြတော့သည်။
ဤဆန်းကြယ်နယ်မြေသည် ကမ္ဘာဦးကောင်းကင်ဘုံရှိ မျိုးနွယ်စုများကြားတွင် အတော်လေး နာမည်ကြီး၏။ အဆိပ်မိစ္ဆာမရဏနယ်မြေနှင့် ဆင်တူပြီး အဆိပ်ပြင်းသော အရာများနှင့် ကြောက်မက်ဖွယ်ရာ သတ္တဝါများ ရှိနေတတ်သည်။ ထို့ကြောင့် မျိုးနွယ်စုကြီးများက မရဏနယ်မြေအဖြစ် သတ်မှတ်၍ ဝင်ရောက်ခွင့် ပိတ်ပင်ထားခဲ့ကြ၏။
"ယင်ကိုးပါး မရဏနယ်မြေလား”
ကောင်းကင်ဘုရင်ဝေ ပေးထားသော အချက်အလက်များကို ကြည့်ရင်း ကျန်းရီ အနည်းငယ် ဝေခွဲမရဖြစ်နေသည်။ အထဲ၌ မည်သို့ မိုးမြေအရင်းအမြစ်များ ရှိနေမည်လဲ သိချင်နေမိ၏။
အချက်အလက်များအရ ဆန်းကြယ်နယ်မြေထဲတွင် ယင်စွမ်းအင်များ ရှိနေပြီး ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားပါက ကောင်းကင်စွမ်းအားကို ဖရိုဖရဲ ဖြစ်သွားစေနိုင်သည်။ ခြေလက်များ အားအင်ကုန်ခမ်းကာ စိတ်ဖောက်ပြန်လာပြီး နောက်ဆုံးတွင် အထဲ၌ ပိတ်မိသေဆုံးသွားတတ်ကြ၏။ ထိုမျှသာမက ထိတ်လန့်တုန်လှုပ်ဖွယ်ရာ မကောင်းဆိုးဝါးများလည်း ရှိနေသေးသည်။ ဧကရာဇ်အဆင့် ဖြစ်တည်မှုတစ်ခုကို တွေ့ဆုံမိပါက အသက်ရှင်ရန် လမ်းစမရှိပေ။
"ယင်စွမ်းအင်လား… ရေခဲအရင်းအမြစ်များ ဖြစ်နေမလား"
ကျန်းရီ သံသယဝင်နေမိ၏။ ယုတ္တိကျကျ တွေးခေါ်ပါက ရေခဲအရင်းအမြစ်ရှိနေလျှင် မှတ်တမ်းများထဲ၌ အပူချိန် အလွန်တရာနိမ့်သည်ဟု ဖော်ပြထားသင့်သည်။ ယင်စွမ်းအင် ရှိနေသည်ဟု ရေးထားမည် မဟုတ်ချေ။
ကျန်းရီမှာ စဉ်းစားမရဖြစ်နေသော်လည်း ကောင်းကင်စွမ်းအားတို့ ဖရိုဖရဲ ဖြစ်သွားမည်ကိုတော့ လုံးဝ မကြောက်ပေ။ လက်ရှိတွင် သူ၏အစွမ်းထက်ဆုံး လက်နက်များမှာ အမျိုးမျိုးသော မိုးမြေအရင်းအမြစ်များနှင့် မိုးမြေစွမ်းအားတို့ဖြစ်သည်။ ကောင်းကင်စွမ်းအားကို သုံး၍ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဂရုမစိုက်ချေ။ ကောင်းကင်ဘုံခုံရုံးလည်း ရှိနေသေးရာ မည်သည်ကို ကြောက်ရမည်နည်း။
"နောက်ကနေ လိုက်လာတဲ့သူတွေ ရှိတယ်”
ကမ္ဘာဦးကောင်းကင်ဘုံမှ မိုင်တစ်သောင်းခန့် ဝေးကွာလာချိန်တွင် ချီဟုန်က ရုတ်တရက် အသံလှိုင်း ပို့လွှတ်လာသည်။ ကျန်းရီ၏ မျက်နှာက အေးစက်သွား၏။ သူ့လက်ထဲရှိ ကောင်းကင်ပုလဲက ဖျတ်ခနဲ တောက်ပ၍ ထျန်းဖုန့်ဧကရာဇ်အား အပြင်သို့ ထုတ်၍ အမိန့်ပေးလိုက်၏။ "နောက်ကလိုက်လာတဲ့ သူအားလုံး ရှင်းပစ်လိုက်ပါ"
မသေမျိုးတစ်ပိုင်း ရသေ့ကြီးကို မကြောက်သော်လည်း ကျန်းရီသည် သူ့လှုပ်ရှားမှုများ စောင့်ကြည့်ခံရနေသည်ကို မနှစ်မြို့ချေ။ နောက်ပိုင်းတွင် အကောက်ကြံလာပါက ဒုက္ခရောက်နိုင်သဖြင့် သတိထားခြင်းက ပိုကောင်း၏။ ရှောင်ရူတိက အရှုံးမပေးဘဲ ကင်းထောက်များ ဆက်လက်ပို့နေပါက ကျန်းရီလည်း ညှာတာနေမည် မဟုတ်ချေ။
ထျန်းဖုန့်ဧကရာဇ်က အသတ်အဖြတ် စိတ်ဆန္ဒများ ထုတ်လွှတ်ကာ ပျံထွက်သွားသည်။ ရွှမ်ယွမ်လုံနှင့် ကျန်လူများမှာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေမိကြသည်။ အထူးသဖြင့် ကျန်းရီ မည်သူမည်ဝါဖြစ်ကြောင်း မသိသေးသည့် ဘုရင်အဆင့် ပုဂ္ဂိုလ်နှစ်ဦးမှာ ကျန်းရီအား မကောင်းဆိုးဝါးတစ်ကောင်အလား ကြည့်နေကြ၏။
"ဒါက ဧကရာဇ်ငယ်ပဲ… မြန်မြန် အရိုအသေ ပေးကြစမ်း"
ကျန်းရီက သူ့သရုပ်မှန်ကို ဖော်ပြလိုက်သဖြင့် ရွှမ်ယွမ်လုံလည်း ချက်ချင်း သဘောပေါက်စွာ ဆောင်ရွက်သည်။ သူ အမြန် သတိပေးလိုက်သဖြင့် ကျန်နှစ်ဦးလည်း အသိစိတ်ဝင်လာပြီး ဒူးတစ်ဖက် ထောက်၍ အရိုအသေ ပေးလိုက်ကြ၏။
"ထကြပါ" ကျန်းရီက လက်ခါလျက် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။ "အရင်အတိုင်းပဲ ဆက်နေကြပါ… ငါ့ကို ကိုယ်ရံတော်တစ်ယောက်လိုပဲ သဘောထားကြ"
အားလုံး အလျင်အမြန် ထရပ်၍ ခေါင်းညိတ်ပြလိုက်ကြသော်လည်း ဘုရင်အဆင့် ပုဂ္ဂိုလ်နှစ်ဦးမှာမူ သိသိသာသာ အနေရခက်နေ၏။ အနာဂတ် ကောင်းကင်ဧကရာဇ်၊ ယန်ကိုးပါးစစ်တပ်၏ သခင်သစ် မဟုတ်ပါလော။ နာမည်ကျော်ကြားလှပြီး မိုးပြာမဟာဧကရာဇ်ကိုပင် ရင်ဆိုင်နိုင်စွမ်းရှိသည့် ကျန်းရီနှင့် သူတို့က အတူတကွ ထိုင်ခွင့်ရနေချေသည်။
ကျန်းရီက သူတို့ကို လျစ်လျူရှုထား၍ စိတ်ရှည်လက်ရှည် စောင့်နေ၏။ နာရီဝက်ခန့် ကြာပြီးနောက် ထျန့်ဖုန်းဧကရာဇ် ပြန်ရောက်လာသည်။ သူက ကျန်းရီ၏ အနောက်တွင် တိတ်ဆိတ်စွာ ရပ်လျက် ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။
စကားတစ်ခွန်းမှတော့ မဟချေ။
ကင်းထောက်အားလုံးကို သတ်ဖြတ်ပြီးလေပြီ။ သူက ဟွင့်သွမ်နတ်ဘုရားလှေအား ထိန်းချုပ်နေသည့် ဘုရင်အဆင့် ပုဂ္ဂိုလ်ကို ကြည့်ကာ လက်ဝှေ့ရမ်းပြလိုက်၏။ "အရှိန်အပြည့်တင်လိုက်ပါ… ယင်ကိုးပါး မရဏနယ်မြေဆီ သွားမယ်”
အားလုံး အံ့အားသင့်သွားကြပြန်သည်။ ကျန်းရီကတော့ ကျန်းရီ ပီသလှသည်။ ထိုမျှ အန္တရာယ်များလှသော နေရာကိုပင် အေးအေးဆေးဆေး သွားလာရဲ၏။ ဤလောကတွင် သူ မသွားရဲသော နေရာ ရှိပါသည်လော။
လူသားမျိုးနွယ်တွင် စစ်အင်အား မလုံလောက်သဖြင့် ကမ္ဘာဦးကောင်းကင်ဘုံအပြင်ရှိ ကင်းထောက်မှာလည်း နည်းပါးလှသည်။ နာရီအတော်ကြာ ပျံသန်းပြီးနောက် ချီဟုန်က မည်သည့်အသံလှိုင်းမှ ပို့လွှတ်မလာပေ။ အနီးတစ်ဝိုက်တွင် ကင်းထောက်များ မရှိတော့သည့် အဓိပ္ပာယ်ဖြစ်၏။
နေ့ဝက်ခန့် အေးဆေးတည်ငြိမ်စွာ ပျံသန်းလာပြီးနောက် ယင်ကိုးပါး မရဏနယ်မြေအနီးသို့ ရောက်ရှိလာကြသည်။ ကျန်းရီက ဟွင့်သွမ်နတ်ဘုရားလှေကို အကြိမ်ကြိမ် လှည့်ပတ်ပျံသန်းစေပြီး မည်သည့်ကင်းထောက်မှ မရှိတော့ကြောင်း သေချာသွားမှ ထွက်လာခဲ့၏။
"ကဲ… ယွင်ပင်း၊ ခင်ဗျားတို့ အခု ပြန်လို့ရပြီ"
ကျန်းရီက ထျန့်ဖုန်းဧကရာဇ်နှင့်အတူ ဟင်းလင်းပြင်ထဲတွင် ရပ်လျက် အပြင်သို့ ထွက်လာသော ယွင်ပင်းအား လှမ်းပြောလိုက်သည်။ ယွင်ပင်းက ခေါင်းခါသည်။"ကျွန်မ လိုက်ခဲ့မယ်… ရှင်ရှိနေတာပဲလေ… ဘာများ အန္တရာယ် ဖြစ်နိုင်မှာမို့လို့လဲ"
"မရဘူး"
ဤမရဏနယ်မြေ၏ အချက်အလက်များအရ မိုးမြေအရင်းအမြစ် ရှိနေရုံသာ မဟုတ်လောက်ချေ။ မလိုအပ်ဘဲ ရှုပ်ထွေးမှုများ ဖြစ်လာမည်စိုးသဖြင့် လေးနက်စွာ ပြောလိုက်သည်။ "အားလုံး ကောင်းကင်စကြ၀ဠာဘုံကို ပြန်ကြ… ဒါက အမိန့်ပဲ"
"ဒါဆိုရင်..."
ယွင်ပင်းက တစ်ခဏ စဉ်းစားပြီးနောက် ပြန်ပြော၏။ "ကျွန်မတို့ အပြင်ကနေ စောင့်နေမယ်လေ… ရှင့်အမြန်နှုန်းနဲ့ဆို ခဏလေးနဲ့ ပြန်ထွက်လာမှာပဲမလား"
မျှော်လင့်တကြီး ကြည့်နေသော ယွင်ပင်း၏ မျက်ဝန်းများကြောင့် ကျန်းရီမှာ ငြင်းဆန်ရန် အားနာသွားသည်။ သူက တစ်ခဏ စဉ်းစားပြီးနောက် ပြော၏။ "အဲဒါဆိုရင်လည်း နေ့တစ်ဝက်လောက် စောင့်ကြပါ… ရွှမ်ယွမ်လုံ၊ အားလုံး နားထောင်ကြ… နေ့တစ်ဝက်ကြာတဲ့အထိ ငါ ပြန်ထွက်မလာရင် တစ်ခုခု ကြန့်ကြာနေလို့ပဲ… ငါ့လုံခြုံရေးအတွက် စိတ်ပူစရာ မလိုဘူး… ယွင်ပင်းကို ခေါ်ပြီး ချက်ချင်း ပြန်ကြ… သူ စကားနားမထောင်ရင် အတင်းသာ ဖမ်းခေါ်သွား"
"အမိန့်အတိုင်းပါ"
ရွှမ်ယွမ်လုံနှင့် ကျန်လူများက ချက်ချင်း ခါးမတ်၍ ဦးညွှတ် အမိန့်နာခံလိုက်ကြသည်။ ယွင်ပင်းက ဒေါသတကြီး စိုက်ကြည့်နေသော်လည်း ရွှမ်ယွမ်လုံတို့ကတော့ မမြင်ချင်ယောင်ဆောင်နေလိုက်ကြ၏။ ယွင်ပင်းသည် သူတို့၏ သခင်မလေး ဖြစ်သော်လည်း ကျန်းရီက သခင်အစစ် ဖြစ်သဖြင့် အမိန့်နာခံရပေလိမ့်မည်။
ကျန်းရီက အဝေးရှိ မရဏနယ်မြေကို လှမ်းကြည့်လိုက်ရာ အနက်ရောင် မြူခိုးများ အုံ့ဆိုင်းနေသော်လည်း အပြင်ဘက်၌ ကမ္ဘာဦးချီများ မရှိသည်ကို တွေ့လိုက်ရသည်။ သူက ကောင်းကင်ဘုံခုံရုံးကိုထုတ်၍ ထျန်းဖုန့်ဧကရာဇ်နှင့်အတူ ဝင်ရောက်သွား၏။ ကောင်းကင်ဘုံခုံရုံးက အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မရဏနယ်မြေထဲသို့ ပျံသန်းသွားသည်။ နောက်ဆုံးအနေဖြင့် သူ့ထံမှ အမိန့်တစ်ခု ထွက်ပေါ်လာ၏။ "မြောက်ဘက် မိုင်တစ်သောင်းအကွာမှာ ဆန်းကြယ်နယ်မြေငယ် တစ်ခု ရှိတယ်… အဲဒီမှာ ပုန်းပြီး စောင့်နေကြပါ"
ကျန်းရီ တစ်ခဏ စဉ်းစားပြီးနောက် စိတ်မချသေးသဖြင့် ရွှမ်ယွမ်လုံထံ အသံလှိုင်း ပို့လွှတ်လိုက်သေးသည်။ "ရွှမ်ယွမ်လုံ… မင်းကို တာဝန်တစ်ခု ပေးမယ်… နေ့တစ်ဝက်ကြာတဲ့အထိ ငါ ပြန်ထွက်မလာရင် ယွင်ပင်းကို မေ့အောင် လုပ်ပြီး ပြန်ခေါ်သွား… သူ ပြဿနာမရှာစေနဲ့… မဟုတ်ရင် မင်းကို အရေခွံဆုတ်ပစ်မယ်"
ရွှမ်ယွမ်လုံ ကျောချမ်းသွားမိသည်။။ ကျန်းရီထံ အသံလှိုင်း ပြန်ပို့ရန် ကြိုးစားလိုက်သော်လည်း သူ၏ ကောင်းကင်အာရုံသည် ကောင်းကင်ဘုံခုံရုံးကို မဖမ်းမိနိုင်တော့ကြောင်း တွေ့လိုက်ရသဖြင့် စိတ်ထဲတွင်သာ မှတ်ထားလိုက်တော့၏။ ကျန်းရီသည် နောက်ပြောင်နေခြင်း မဟုတ်ပေ။ တာဝန် မအောင်မြင်ပါက အမှန်တကယ် အရေခွံဆုတ်ခံရပေလိမ့်မည်။
ကောင်းကင်ဘုံခုံရုံးသည် ယင်ကိုးပါး မရဏနယ်မြေအတွင်းသို့ လျင်မြန်စွာ ဝင်ရောက်ပျောက်ကွယ်သွား၏။ ယွင်ပင်းကလည်း ရွှမ်ယွမ်လုံနှင့် အခြားသူများကို ဦးဆောင်၍ မိုင်တစ်သောင်းအကွာရှိ ဆန်းကြယ်နယ်မြေငယ်၌ ပုန်းအောင်းကာ စိတ်အေးလက်အေး စောင့်နေကြသည်။
မည်သူကမျှ ကျန်းရီ၏ လုံခြုံရေးအတွက် စိုးရိမ်မနေကြပေ။ ကျန်းရီ မသွားဖူးသော မရဏနယ်မြေဟူ၍ မရှိ။ သူ့တွင် ကောင်းကင်ဘုံခုံရုံး ရှိနေပြီး မိုးပြာမဟာဧကရာဇ်ပင်လျှင် လွတ်ပေးထားရ၏။ ဤမျှ သေးငယ်သော ဆန်းကြယ်နယ်မြေငယ်လေးက သူ့အတွက် စာမဖွဲ့လောက်ချေ။
ဆယ်နာရီ၊ နာရီသုံးဆယ်၊ နာရီငါးဆယ်။
နေ့တစ်ဝက် ကြာသွားသည့်တိုင် ကျန်းရီထံမှ လှုပ်ရှားမှု မတွေ့ရသဖြင့် ယွင်ပင်းမှာ အနည်းငယ် စိုးရိမ်လာတော့သည်။ ကျန်းရီသည် စွမ်းအားကြီးသည့်အပြင် သိုင်းအတတ်မျိူးစုံလည်း တတ်ထား၏။ ဆန်းကြယ်နယ်မြေထဲ၌ အဘယ်ကြောင့် ဤမျှကြာနေရသနည်း။ မိုးမြေအရင်းအမြစ် မရလျှင်တောင်မှ ပြန်ထွက်လာသင့်ချေပြီ။
နောက်ထပ် နာရီအနည်းငယ် ကြာပြီးနောက် ယွင်ပင်းမှာ ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ချေ။ ရွှမ်ယွမ်လုံနှင့် အခြား ဘုရင်အဆင့် ပုဂ္ဂိုလ်တစ်ဦးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ ရွှမ်ယွမ်လုံက လျှပ်စီးလက်သကဲ့သို့ အလျင်အမြန် လှုပ်ရှားလိုက်သည်။ ယွင်ပင်း၏ ဂုတ်ကို လက်ဝါးစောင်းဖြင့် ရိုက်ချလိုက်ရာ သူမ၏ဝိညာဉ် တုန်ခါ၍ မေ့လဲသွားတော့သည်။ ထို့နောက် သူမ၏ နတ်ဘုရားအမြုတေကိုပါ ချိပ်ပိတ်လိုက်၏။
"သခင်လေးဆီက အမိန့်ရထားတယ်… နေ့တစ်ဝက်ကြာလို့မှ သူ ပြန်ထွက်မလာရင် သခင်မလေးယွင်ပင်းကို ပြန်ခေါ်သွားတဲ့”
ရွှမ်ယွမ်လုံက မျက်လုံးပြူး မျက်ဆန်ပြူးဖြင့် အံ့အားသင့်နေကြသော ကျန်ဘုရင်အဆင့် ပုဂ္ဂိုလ်နှစ်ဦးကို ကြည့်ရင်း ရှင်းပြလိုက်သည်။ သူတို့က ခေါင်းညိတ်လိုက်ကြပြီးနောက် လေးယောက်လုံး ယင်ကိုးပါး မရဏနယ်မြေအား တစ်ချက်မျှ ဝေ့ဝဲကြည့်လိုက်၏။ ထို့နောက် ကမ္ဘာဦးကောင်းကင်ဘုံသို့ ပြတ်သားစွာ ပျံသန်းသွားကြတော့သည်။