အခန်း (၂၀၄၆-၂၀၄၇)
Vol. 147 Ch. 2046-2047
အပိုင်း ၂၀၄၆ နွေခေါင်ခေါင် မိုးကြိုးပစ်ပြီ
နာရီအနည်းငယ်ကြာပြီးနောက် ယွင်ပင်း နိုးလာခဲ့၏။ ရွှမ်ယွမ်လုံက ဘာမှမပြောဘဲ နောက်တစ်ကြိမ် ရိုက်လိုက်ရာ မေ့သွားပြန်သည်။
ယွင်ပင်းအနေဖြင့် သူ့ကို မုန်းတီးသွားနိုင်သည်။ ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်တို့ကတော့ သူ့လုပ်ရပ်အား ချီးကျူးကြပေလိမ့်မည်။ အရေးအကြီးဆုံးက ကျန်းရီ၏ အမိန့်ပင်။ သူ့အနေဖြင့် အမိန့်အား မဖီဆန်ရဲချေ။
ထို့နောက် ရွှမ်ယွမ်လုံသည် ယွင်ပင်းအား ဟင်းလင်းပြင်နတ်ဘုရားလက်နက်ထဲသို့ ပစ်ထည့်လိုက်ကာ သူမအား စိတ်တိုင်းကျ ပေါက်ကွဲခွင့်ပေးထားလိုက်သည်။ အဆိုးဆုံးအနေဖြင့် သူ့ကို ရိုက်နှက်လာနိုင်သော်လည်း သတ်မည်တော့ မဟုတ်ချေ။
လမ်းတစ်လျှောက်တွင် ကင်းထောက်များနှင့် တွေ့ရသော်လည်း ရွှမ်ယွမ်လုံနှင့် အခြားသူများက လျစ်လျူရှူထားကြ၏။ ကမ္ဘာဦးကောင်းကင်ဘုံသို့ အလျင်အမြန် ပျံသန်း၍ ကောင်းကင်စကြ၀ဠာဘုံသို့ တိုက်ရိုက် နေရာရွှေ့ပြောင်းသွားကြတော့သည်။
ဘုရင်အဆင့် ပုဂ္ဂိုလ်အားလုံးမှာ စစ်သူကြီးရာထူး ဖြစ်ကြသဖြင့် သာမန်စစ်သည်များအနေဖြင် သူတို့ကို တားဆီးခွင့်မရှိချေ။ သူတို့အားလုံးသည် ကောင်းကင်ဖြိုခွဲစစ်တပ်၏ အမိန့်ပြားများကို ပိုင်ဆိုင်ထားကြ၏။ မသေမျိုးတစ်ပိုင်း ရသေ့ကြီးမှ ဖမ်းဆီးရန် အမိန့်မပေးသရွေ့ ရှောင်ရူတိပင် သူတို့အား မထိရဲပေ။
မသေမျိုးတစ်ပိုင်း ရသေ့ကြီးသည် မည်သည့်အမိန့်မှ မထုတ်ပြန်ချေ။ လင်ဖေးရှန်းကို ဂရုမစိုက်၍ မဟုတ်ဘဲ ဤမျှ သေးငယ်သော ကိစ္စများကို စီမံရန် အချိန်မရှိသောကြောင့် ဖြစ်သည်။
အချိန်နှစ်ရက်ကျော် ကြာပြီးနောက် မိုးပြာမဟာဧကရာဇ်ထံမှ မည်သည့်သတင်းမှ ထွက်ပေါ်မလာချေ။ မိုးပြာမဟာဧကရာဇ်သည် ဧကရာဇ်အဆင့် သိုင်းပညာရှင်အချို့ကို ခေါ်ဆောင်သွားပြီးနောက် သတင်းအစအန မှန်သမျှ ပျောက်ဆုံးသွားခဲ့၏။ သူတို့၏ ဝိညာဉ်ကျောက်စိမ်းပြားများသာ ကွဲသွားပါက လူသားမျိုးနွယ်တစ်ခုလုံး ဆူပူထကြွလာကြပေလိမ့်မည်။
နှစ်ရက်ဆိုသော အချိန်ကား ရှည်ကြာလှသည်။ မိုးပြာမဟာဧကရာဇ်သည် သွေးချောင်းစီးသည်အထိ ကလဲ့စားချေရန်သာ ဝင်ရောက်သွားပြီး တမလွန်ဘုံတစ်ခုလုံးကို သတ်ဖြတ်ရန် မရည်ရွယ်ချေ။ ယခုအချိန်၌ ထွက်လာသင့်ချေပြီ။ မည်သည့်သတင်းမှ မရသဖြင့် အားလုံးမှာ စိုးရိမ်ထိတ်လန့်နေကြတော့သည်။
ရွှမ်ယွမ်လုံတို့ ကောင်းကင်စကြ၀ဠာဘုံသို့ နေရာရွှေ့ပြောင်းပြီး လေးနာရီအကြာတွင် မသေမျိုးတစ်ပိုင်း ရသေ့ကြီးနှင့် အခြားသူများကို ထိတ်လန့်သွားစေသည့် သတင်းတစ်ခု ထွက်ပေါ်လာခဲ့၏။
ရူးသွပ်အရှင်၏ ဝိညာဉ်ကျောက်စိမ်းပြား ကွဲကြေသွားလေပြီ။
မိုးပြာမဟာဧကရာဇ်တို့အားလုံး ထွက်ခွာမသွားခင် ဝိညာဉ်အမျှင်တို့ဖြင့် ဖန်တီးထားသည့် ဝိညာဉ်ကျောက်စိမ်းပြားများကို ချန်ထားခဲ့ကြသည်။ ဝိညာဉ်ကျောက်စိမ်းပြား ကွဲကြေသွားခြင်းက အဓိပ္ပာယ်တစ်မျိုးတည်းသာ ရှိ၏။ ရူးသွပ်အရှင်၏ ဝိညာဉ် ပြိုကွဲသွားခြင်းပင်။ လူတစ်ယောက်သည် မည်မျှပင် အစွမ်းထက်ပါစေ၊ ယန်ကိုးပါး ကောင်းကင်ဧကရာဇ် ဖြစ်နေလျှင်တောင်မှ ဝိညာဉ်ပြိုကွဲပျောက်ကွယ်သွားလျှင် သေဆုံးသွားသည့် အဓိပ္ပာယ်ဖြစ်ချေသည်။
ရူးသွပ်အရှင် သေဆုံးသွားလေပြီ။
ထိုသတင်းကို ချက်ချင်း ဖုံးဖိလိုက်ကြသော်လည်း အင်အားကြီးပုဂ္ဂိုလ်များကတော့ သိသင့်သည်။ မသေမျိုးတစ်ပိုင်း ရသေ့ကြီးသည် အင်အားကြီးပုဂ္ဂိုလ်အားလုံးကို ကောင်းကင်အထီးကျန်ဘုံသို့ ချက်ချင်းခေါ်၍ တုံ့ပြန်ရန် နည်းလမ်းများအား ဆွေးနွေးကြ၏။
မိုးပြာမဟာဧကရာဇ်၏ အတိုက်အခိုက်စွမ်းရည်က ပြိုင်ဘက်ကင်းသဖြင့် မင်တဲကဲ့သို့ အင်အားကြီးပုဂ္ဂိုလ်များပင်လျှင် သူ့ကို မရင်ဆိုင်ရဲကြချေ။ သာမန် တမလွန်ဘုံဘုရင်များကိုတော့ အလွယ်တကူ သတ်ဖြတ်ချေမှုန်းပစ်နိုင်၏။
မိုးပြာမဟာဧကရာဇ်သည် ရူးသွပ်အရှင်၊ ငွေအရှင်၊ ယန်အရှင်၊ ရွှေအရှင်နှင့် ရှားယွီတို့ကို ခေါ်ဆောင်သွားသဖြင့် လူသားမျိုးနွယ်၏ အစွမ်းထက်စစ်သည်ထက်ဝက်ကျော် ပါသွားခဲ့သည်။ မင်တဲနှင့် တမလွန်ဘုရင်အားလုံး ပူးပေါင်းတိုက်ခိုက်လျှင်တောင်မှ မိုးပြာမဟာဧကရာဇ်တို့ကို ခြိမ်းခြောက်နိုင်မည် မဟုတ်ချေ။
ရှားယွီသည် ကောင်းကင်ဝိညာဉ်ခန္ဓာပိုင်ရှင် ဖြစ်သည့်အပြင် သူမ၏ အလင်းစွမ်းအင်က တမလွန်ချီများကိုပါ အလိုအလျောက် နှိမ်နင်းနိုင်၏။ ခန္ဓာကိုယ်ထဲရှိ တမလွန်ချီများကိုလည်း သန့်စင်ပေးနိုင်သဖြင့် တမလွန်ဘုံမိစ္ဆာတို့၏ တမလွန်ချီတို့က သူတို့အပေါ် သက်ရောက်မှု မရှိနိုင်ပေ။
သို့သော် ယခုတွင် ရူးသွပ်အရှင် သေဆုံးသွားခဲ့ပြီလော။
အင်အားကြီးပုဂ္ဂိုလ်အားလုံး၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ တမလွန်ဘုံဧကရာဇ် ပေါ်ထွက်လာပြီး ရူးသွပ်အရှင်ကို ကိုယ်တိုင်ကိုယ်ကျ သတ်ဖြတ်လိုက်ခြင်းလော။
တမလွန်ဘုံဧကရာဇ်။
ထိုနာမည်က စွမ်းအားကြီးပုဂ္ဂိုလ်အားလုံးကို တုန်လှုပ်သွားစေ၏။ မသေမျိုး မိစ္ဆာအိုကြီး၊ ပြိုင်ဘက်ကင်း ဉာဏ်ပညာကို ပိုင်ဆိုင်ထားသည့် နတ်ဆိုးအိုကြီးကား လူသားမျိုးနွယ်တစ်ခုလုံးအတွက် အိပ်မက်ဆိုးကြီး ဖြစ်ပေသည်။
နှစ်ပေါင်းတစ်သောင်းကျော်အတွင်း လူသားမျိုးနွယ်၏ အင်အားကြီးပုဂ္ဂိုလ်များနှင့် စစ်တပ်များများစွာကို တမလွန်ဘုံဧကရာဇ်သည် သတ်ဖြတ်ခဲ့၏။ ယခု တမလွန်ဘုံဧကရာဇ်မှာ ပြန်လည် ထွက်ပေါ်လာနိုင်သည်သာမက ပေါ်လာလျှင်ချင်း ဧကရာဇ်အဆင့် ပုဂ္ဂိုလ်တစ်ဦးအား သတ်ဖြတ်ခဲ့ချေပြီ။ စွမ်းအားကြီးပုဂ္ဂိုလ်အားလုံးမှာ အရိုးထဲအသားအထဲအထိ အေးစက်တုန်လှုပ်နေတော့သည်။
ကံကောင်းထောက်မစွာဖြင့် မိုးပြာမဟာဧကရာဇ်၏ ဝိညာဉ်ကျောက်စိမ်းပြားကတော့ မကွဲသေးပေ။
၎င်းကြောင့် ချီလင်းအရှင်၊ ကောင်းကင်ဘုရင်ဝေနှင့် မီးတောက်အရှင်တို့မှာ အနည်းငယ် စိတ်အေးနေကြ၏။ အားလုံး ငြိမ်သက်စွာဖြင့် မိုးပြာမဟာဧကရာဇ်နှင့် အခြားသူများ၏ ဝိညာဉ်ကျောက်စိမ်းပြားများကိုသာ စောင့်ကြည့်ရင်း နောက်ဆက်တွဲ အခြေအနေကို စောင့်နေကြရတော့သည်။
တစ်နာရီ၊ နှစ်နာရီ၊ ဆယ်နာရီ၊ နာရီနှစ်ဆယ်။
အခြားသူများ၏ ဝိညာဉ်ကျောက်စိမ်းပြားများကတော့ အကောင်းအတိုင်း ရှိနေသေးသဖြင့် အားလုံး စိတ်အေးနေကြ၏။ မိုးပြာမဟာဧကရာဇ် မသေသေးသရွေ့ လူသားမျိုးနွယ်အတွက် မျှော်လင့်ချက် ရှိသေးသည်။ မိုးပြာမဟာဧကရာဇ်သာ သေဆုံးသွားပါက အရာအားလုံး ပြီးဆုံးသွားပေလိမ့်မည်။
နေ့ဝက်၊ တစ်ရက်။
မိုးပြာမဟာဧကရာဇ်နှင့် အခြားသူတို့၏ ဝိညာဉ်ကျောက်စိမ်းပြားများက မကွဲကြသေးသဖြင့် စွမ်းအားကြီးပုဂ္ဂိုလ်များ အနည်းငယ် စိတ်အေးနေကြ၏။ တမလွန်ဘုံဧကရာဇ်နှင့် မိုးပြာမဟာဧကရာဇ်တို့သာ အမှန်တကယ် တိုက်ခိုက်နေပါက ယခုထက် စောလျင်စွာ ပြီးဆုံးသွားပေလိမ့်မည်။ မိုးပြာမဟာဧကရာဇ် အသက်ရှင်နေသေးရာ သေချာပေါက် သေဆုံးမည်မဟုတ်ချေ။
သို့သော်လည်း ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်ကတော့ မျက်မှောင်ကြုတ်ထားဆဲပင်။ မိုးပြာမဟာဧကရာဇ် အသက်ရှင်နေခြင်းက ကောင်းသော်လည်း ကျန်းရီဘက်တွင်တော့ ပြဿနာကြီးကြီးမားမား ဖြစ်နေပုံပင်။
ယွင်ပင်းသည် ပြန်ရောက်လာသည်နှင့် ယင်ကိုးပါး မရဏနယ်မြေ အနီးတစ်ဝိုက်သို့ ကင်းထောက်များကို ချက်ချင်း စေလွှတ်ခဲ့၏။ သို့သော် ကျန်းရီ လုံးဝ ထွက်မလာခဲ့ပေ။ သူ၏ အတိုက်ခိုက်စွမ်းရည်ဖြင့်ဆိုလျှင် ထိုအောက်၌ ကြာကြာအချိန်ဆွဲနေမည် မဟုတ်ချေ။ အတော်လေး ဒုက္ခရောက်နေပုံပင်။
ကောင်းကင်ဘုရင်ဝေနှင့် အခြားသူများမှာလည်း ထွက်ခွာ၍ မရချေ။ ထွက်ခွာနိုင်လျှင်တောင်မှ ယင်ကိုးပါး မရဏနယ်မြေသို့ သွားခြင်းက အချည်းနှီးသာ ဖြစ်လိမ့်မည်။ ကျန်းရီသည် အတိုက်အခိုက်နည်းလမ်းပေါင်းများစွာ ပိုင်ဆိုင်ထားသည်သာမက ယန်ကိုးပါး ကောင်းကင်ဧကရာဇ်၏ ကျန်ရစ်သည့် ဝိညာဉ်ကလည်း သူနှင့် အတူ ရှိနေ၏။ သူတို့ မဖြေရှင်းနိုင်သော ပြဿနာကြီး ဖြစ်သဖြင့် သွားပါကလည်း အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။
မိုးပြာမဟာဧကရာဇ် ပြဿနာတက်နေသလို ကျန်းရီမှာလည်း ဒုက္ခရောက်၍ သေသည်၊ ရှင်သည် မသေချာပေ။ ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်တို့အတွက် တစ်နေ့တာမှာ တစ်နှစ်အလား ရှည်ကြာနေတော့၏။
"သတင်းပို့ပါတယ်"
နေ့တစ်ဝက်ကြာပြီးနောက် ကင်းထောက်တပ်မှူးတစ်ဦး ကရောသောပါး ပြေးဝင်လာသည်။ ရဲတိုက်အတွင်း စုဝေးနေကြသော အကြီးအကဲများ ချက်ချင်း ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။ ထိုတပ်မှူးက အားလုံးကို ကြက်သီးတဖြန်းဖြန်း ထသွားစေသည့် သတင်းအား လျှောက်တင်လာသည်။ "အရှင်တို့၊ ဆန်းကြယ်နယ်မြေက ကင်းထောက်တွေ ငွေအရှင်၊ ရွှေအရှင်၊ ယန်အရှင်နဲ့ ရှားယွီတို့ကို တွေ့လိုက်ရပါတယ်... အရှင်လေးပါးက ကောင်းကင်အထီးကျန်ဘုံဆီ ပျံသန်းလာနေကြပါပြီ"
မိုးပြာမဟာဧကရာဇ် အာဏာရလာပြီးနောက် ဧကရာဇ်အဆင့်အားလုံးကို အရှင်အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သောကြောင့် တပ်မှူးများ၏ အခေါ်အဝေါ်များလည်း ပြောင်းလဲသွားခဲ့၏။ ရာထူးများကတော့ ယခင်အတိုင်းသာ ဖြစ်သည်။
"သူတို့ ထွက်လာကြပြီလား"
မသေမျိုးတစ်ပိုင်း ရသေ့ကြီးနှင့် အခြားသူများမှာ အလွန်ဝမ်းသာသွားကြ၏။ ရွှေအရှင်၊ ငွေအရှင်၊ ယန်အရှင်နှင့် ရှားယွီတို့ ထွက်လာနိုင်ပါက မိုးပြာမဟာဧကရာဇ်လည်း သေချာပေါက် ဘေးကင်းစွာ ပြန်လာနိုင်ပေလိမ့်မည်။ မိုးပြာမဟာဧကရာဇ်က သူတို့အနောက်မှ ပြန်လာကောင်း ပြန်လာနိုင်၏။
"သတင်းပို့ပါတယ်"
မကြာမီ အဝေးမှ လူရိပ်တစ်ခုက အလျင်အမြန် ပြေးဝင်လာ၍ အော်ဟစ်လိုက်သည်။ အားလုံး ဝုန်းခနဲထရပ်၍ တံခါးပေါက်အား စိုက်ကြည့်နေကြ၏။
မကြာမီ ကင်းထောက်တပ်မှူးတစ်ဦး ပြေးဝင်လာသည်။ သို့သော် သူသည် ဒူးခွေကျပြီးနောက် မြေပြင်ပေါ်တွင် တစ်ပတ်၊ နှစ်ပတ်မျှ လူးလိမ့်သွား၏။ ထို့နောက် အလျင်အမြန် ကုန်းထ၍ အော်ဟစ်လိုက်သည်။ "ရွှေအရှင်က သတင်းပို့လာပါတယ်... တမလွန်ဘုံဧကရာဇ် ပေါ်ထွက်လာပြီး မိုးပြာမဟာဧကရာဇ်ကို တမလွန်ချောက်နက်ထဲမှာ ပိတ်လှောင်ထားပါတယ်တဲ့... ယန်အရှင်လည်း အသတ်ခံလိုက်ရပါပြီ"
ဘုန်း
မီးတောက်အရှင်၊ ကောင်းကင်ဘုရင်ဝေ၊ ရှန်းကွေ့နှင့် အခြားသူများမှာ နွေခေါင်ခေါင်၌ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ကြရသည်။ ကောင်းကင်ကြီး ပြိုကျသွားသည့်အလားပင်။ ရွှေအရှင်တို့ ထွက်ပြေးလွတ်မြောက်လာကြသည်လော။ အထဲတွင် တစ်ယောက်တည်း ပိတ်မိနေသည့် မိုးပြာမဟာဧကရာဇ် အသက်ရှင်နိုင်ပါမည်လား။ တမလွန်ဘုံဧကရာဇ် ပေါ်ထွက်လာပြီဖြစ်ရာ မိုးပြာမဟာဧကရာဇ်ကို မည်သူက ကယ်တင်နိုင်မည်နည်း။
အားလုံး ထိတ်လန့်တုန်လှုပ်နေကြသည်။ အမြဲတစေ တည်ငြိမ်နေတတ်သည့် ချီလင်းအရှင်မ၏ မျက်လုံးများပင်လျှင် လေးနက်တည်ကြည်၍ မျက်မှောင်ကြုတ်သွား၏။ မီးတောက်အရှင်၊ ရှန်ကွေ့ ကောင်းကင်ဘုရင်ဝေနှင့် အခြားသူများမှာမူ ကြောင်အနေတော့သည်။
"အားလုံး... ကင်းထောက်တစ်သောင်း စုစည်းပြီး တမလွန်ဘုံကို ဝိုင်းထားလိုက်... တမလွန်ဘုံရဲ့ လှုပ်ရှားမှုအားလုံးကို အနီးကပ် စောင့်ကြည့်ထားကြ"
မသေမျိုးတစ်ပိုင်း ရသေ့ကြီးက အရင်ဆုံး သတိဝင်လာပြီး တမလွန်ဘုံ၏ လှုပ်ရှားမှုတိုင်းအား စောင့်ကြည့်ရန် ကင်းထောက်များကို ချက်ချင်း စုစည်းစေသည်။ တမလွန်ဘုံဧကရာဇ် စစ်တပ်များကို ဦးဆောင်၍ လျှပ်တပြက် တိုက်ခိုက်လာမည်ကို ကာကွယ်ရန် ဖြစ်သည်။
ထို့နောက် မသေမျိုးတစ်ပိုင်း ရသေ့ကြီးက အမိန့်အသီးသီးကို တရစပ် ထုတ်ပြန်လိုက်သည်။ ဘုံအသီးသီးမှ စစ်တပ်များအား ကောင်းကင်အထီးကျန်ဘုံတွင် စုစည်းစေ၏။ တမလွန်ဘုံဧကရာဇ် ထွက်ပေါ်လာပြီဖြစ်သဖြင့် တန်ပြန်တိုက်ခိုက်လာမည်မှာ အနှေးနှင့်အမြန်ပင်။ ကောင်းကင်အထီးကျန်ဘုံက ပထမဆုံး ပစ်မှတ်ဖြစ်လာနိုင်သဖြင့် ကြိုတင်ပြင်ဆင်ထားရပေလိမ့်မည်။
"ဒီတစ်ကြိမ် မိုးပြာမဟာဧကရာဇ် ဒုက္ခရောက်လိမ့်မယ်လို့ ကျွန်တော် ကြိုတင်ခံစားမိနေတယ်... တစ်ခုခုဖြစ်ခဲ့ရင် အားလုံး ချက်ချင်း ဆုတ်ခွာကြပါ... ကမ္ဘာဦးကောင်းကင်ဘုံဆီ ဆုတ်ခွာပြီး အင်အားကို ထိန်းသိမ်းထားတာက အကောင်းဆုံးပဲ"
ကောင်းကင်ဘုရင်ဝေသည် ကျန်းရီ၏ စကားကို သတိရသွား၏။ ကျန်းရီ ခန့်မှန်းထားသည့်အတိုင်း အမှန်တကယ် ဖြစ်လာခဲ့ချေပြီ။ သို့သော် ယခုအချိန်မျိုးတွင် ကောင်းကင်ဘုရင်ဝေသည် မည်သို့နည်းဖြင့် တပ်ဖွဲ့များအား ခေါ်ဆောင်ကာ ထွက်ခွာနိုင်မည်နည်း။ အားလုံးထွက်ခွာသင့်ကြောင်း အကြံပြုလိုက်ပါက မသေမျိုးတစ်ပိုင်း ရသေ့ကြီးလက်ချက်ဖြင့် ချက်ချင်း သေရပေလိမ့်မည်။
“စောင့်ကြ"
ယခုတွင် ငွေအရှင်၊ ရွှေအရှင်နှင့် ရှားယွီတို့ ပြန်လာမည့်အချိန်ကိုသာ စောင့်ဆိုင်း၍ မည်သို့ ရင်ဆိုင်ရမည်ကိုသာ တိုင်ပင်ဆွေးနွေးရမည်ဖြစ်သည်။
"နေပါဦး..."
ကောင်းကင်ဘုရင်ဝေက ကျန်းရီ၏ အခြားစကားတစ်ခွန်းကို ရုတ်တရက် သတိရသွား၏။ တမလွန်ဘုံဧကရာဇ်သည် လူသားမျိုးနွယ်၌ လူဝင်စားဖြစ်လာလိမ့်မည်ဟု ယန်ကိုးပါး ကောင်းကင်ဧကရာဇ်က သံသယရှိနေကြောင်း ပြောခဲ့သည် မဟုတ်လော။
ယခုတွင် မသေမျိုးတစ်ပိုင်း ရသေ့ကြီးသည် ကောင်းကင်အထီးကျန်ဘုံ၌သာ အမြဲရှိနေပြီး တမလွန်ဘုံတွင်လည်း တမလွန်ဘုံဧကရာဇ် ပေါ်ထွက်လာကြောင်း သက်သေရှိနေသည်။ ထို့ကြောင့် ၎င်းယူဆချက်ကား မှားယွင်းနေ၏။
ထိုစကားကို ယန်ကိုးပါး ကောင်းကင်ဧကရာဇ်က ပြောခဲ့ခြင်း ဖြစ်သည်။ ယန်ကိုးပါး ကောင်းကင်ဧကရာဇ် မှားယွင်းစွာ တွက်ဆခဲ့မိခြင်းလော။
အပိုင်း ၂၀၄၇ တမလွန်ဘုံဧကရာဇ် မွေးဖွားလာပြီ
နေ့တစ်ဝက်ကြာပြီးနောက် ငွေအရှင်၊ ယန်အရှင်၊ ရွှေအရှင်နှင့် ရှားယွီတို့ ပြန်ရောက်လာကြကာ သတင်းအား အတည်ပြုပေးခဲ့ကြသည်။ ရူးသွပ်အရှင် အမှန်တကယ် သေဆုံးသွားခဲ့ပြီး မိုးပြာမဟာဧကရာဇ်မှာလည်း တမလွန်ချောက်နက်တစ်ခုအတွင်း ပိတ်မိနေ၏။ တမလွန်ဘုံဧကရာဇ်ကိုယ်တိုင် လှုပ်ရှားခဲ့ခြင်းဖြစ်သည်။
မိုးပြာမဟာဧကရာဇ်သည် သူတို့ငါးယောက်နှင်အတူ တမလွန်ဘုံသို့ ဝင်ရောက်သွားချိန် အစပိုင်းတွင် အောင်မြင်မှုများ ရခဲ့၏။ လမ်းတစ်လျှောက် တွေ့သမျှသူတိုင်းအား သတ်ဖြတ်ချေမှုန်းခဲ့ပြီး မည်သည့် တမလွန်ဘုရင်မှ လာရောက်မတိုက်ခိုက်ရဲကြချေ။ မိုးပြာမဟာဧကရာဇ်တို့အဖွဲ့က တမလွန်ချောက်နက် အတော်များများကို ဖျက်ဆီးပစ်ခဲ့လေသည်။
မိုးပြာမဟာဧကရာဇ် ပြန်လည်ထွက်ခွာရန် ပြင်ဆင်နေစဉ် မင်တဲ ထွက်ပေါ်လာပြီး ချောင်းမြောင်းတိုက်ခိုက်ခဲ့၏။ ရှားယွီကို ဒဏ်ရာရစေပြီး သေလုနီးပါး ဖြစ်စေခဲ့သည်။ မိုးပြာမဟာဧကရာဇ်မှာ အလွန်အမင်း ဒေါသထွက်စွာဖြင့် ကျန်သူများနှင့် လိုက်လံတိုက်ခိုက်ရာ တမလွန်ဘုံဧကရာဇ်၏ ကျော့ကွင်းထဲသို့ ဝင်ရောက်မိသွားခဲ့သည်။
မင်တဲသည် မိုးပြာမဟာဧကရာဇ်ကြောင့် ဒဏ်ရာရပြီး သေလုမျောပါးဖြစ်နေချိန် တမလွန်ချောက်နက်တစ်ခုအတွင်းသို့ ထွက်ပြေးသွားခဲ့၏။ မိုးပြာမဟာဧကရာဇ်မှာလည်း ဒေါသတကြီးဖြင့် လိုက်လံတိုက်ခိုက်၍ မင်တဲအား သတ်ဖြတ်ရန် ရည်ရွယ်ခဲ့သည်။
မိုးပြာမဟာဧကရာဇ်တို့ နောက်မှလိုက်ဖမ်းနေစဉ် တမလွန်ဘုံဧကရာဇ် ထွက်ပေါ်လာခဲ့ခြင်းပင်။
တမလွန်ချောက်နက်အတွင်း၌ တမလွန်မိစ္ဆာ နတ်ဘုရားသတ်ဖြတ်ခြင်း မန္တန်အစီအရင်ကို ကြိုတင်ခင်းကျင်းထားခဲ့ပြီး ဖြစ်၏။ တမလွန်ဘုံဧကရာဇ်က ချိပ်ပိတ်၍ ရူးသွပ်အရှင်ကို သတ်ဖြတ်ပစ်ခဲ့သည်။ မိုးပြာမဟာဧကရာဇ်သာ အစွမ်းကုန်ထုတ်၍ မန္တန်အစီအရင်၌ အပေါက်တစ်ခု မဖောက်နိုင်ခဲ့ပါက ယန်အရှင်၊ ရွှေအရှင် ရှားယွီနှင့် ငွေအရှင်တို့ပါ ရူးသွပ်အရှင်ကဲ့သို့ အဆုံးသတ်သွားပေလိမ့်မည်။
"တမလွန်ဘုံဧကရာဇ်ကို မျက်ဝါးထင်ထင် တွေ့ခဲ့ရတာလား"
ရွှေအရှင် ဖြစ်ကြောင်းကုန်စင်အလုံးစုံကို တစ်ခေါက် ရှင်းပြပြီးနောက် ချီလင်းအရှင်မက အားလုံး သိချင်နေကြသည့် မေးခွန်းကို မေးလိုက်၏။ ယန်အရှင်က ခေါင်းညိတ်သည်။ "ဟုတ်ပါတယ်... ခန္ဓာအစစ်ကို မတွေ့ခဲ့ရဘဲ ပုံရိပ်ယောင်တစ်ခုဆိုပေမယ့် သေချာပေါက် တမလွန်ဘုံဧကရာဇ်ပါပဲ… တမလွန်ဘုံဧကရာဇ်ရဲ့ အရှိန်အဝါက သိပ်ကို ကြောက်စရာကောင်းတယ်… အတုခိုးဖို့ လုံးဝ မဖြစ်နိုင်ဘူး… တမလွန်ဘုံဧကရာဇ်က ကောင်းကင်ဧကရာဇ်အဆင့် ပြန်ရောက်သွားပြီ... မဟုတ်ရင် ရူးသွပ်အရှင် တစ်ချက်တည်းနဲ့ အသတ်ခံရမှာ မဟုတ်ဘူး"
"တစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရတာလား"
ချီလင်းအရှင်မနှင့် အခြားသူများက တစ်ယောက်ကိုတစ်ယောက် ကြည့်၍ အံ့ဩထိတ်လန့်နေကြ၏။ ရူးသွပ်အရှင်၏ အတိုက်အခိုက်စွမ်းရည်က ယန်ရှင်၊ မီးတောက်အရှင်တို့ထက်ပင် သာလွန်ပြီး ချီလင်းအရှင်မနှင့် ယှဉ်နိုင်ချေသည်။ ကောင်းကင်ဧကရာဇ်အဆင့်မှလွဲ၍ မည်သူက ချီလင်းအရှင်မအား တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်မည်နည်း။
အားလုံး၏ စိတ်နှလုံးများ လေးလံသွားကြသည်။ ထိုစဉ် ရှားယွီက ရွှေရောင်အမိန့်ပြားတစ်ခု ထုတ်၍ မသေမျိုးတစ်ပိုင်း ရသေ့ကြီးဆီသို့ လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်၏။ သူမက လေးနက်တည်ကြည်သော မျက်နှာဖြင့် အော်ဟစ်လိုက်သည်။ "အရှင့်ရဲ့ အမိန့်ပါ.. မသေမျိုးတစ်ပိုင်း ရသေ့ကြီးအနေနဲ့ ကောင်းကင်ဧကရာဇ်ပလ္လင်ကို ယာယီဆက်ခံပြီး လူသားမျိုးနွယ်ကို အုပ်ချုပ်ဖို့ တောင်းဆိုပါတယ်…. အရာအားလုံးကို ရသေ့ကြီးကပဲ ဆုံးဖြတ်ပြီး အားလုံးက လေးစားလိုက်နာရမယ်... မဟုတ်ရင် အညှာအတာမရှိ ကွပ်မျက်ခံရမယ်"
"ဟမ်... ကောင်းကင်ဧကရာဇ် ပလ္လင်လား"
မီးတောက်အရှင်နှင့် ချီလင်းအရှင်မတို့ ထပ်မံ အံ့အားသင့်သွားကြ၏။ ကောင်းကင်ဧကရာဇ်ပလ္လင်အား လက်ဆင့်ကမ်း၍ ရပါသည်လော။ ကောင်းကင်ဧကရာဇ်အဆင့်သို့ မရောက်သေးဘဲ ကောင်းကင်ဧကရာဇ်ပလ္လင်တွင် ထိုင်ရန် မည်သို့ အရည်အချင်း ပြည့်မှီမည်နည်း။ လက်ခံနိုင်စရာ မရှိချေ။ လူသားမျိုးနွယ်ကို အုပ်ချုပ်ခြင်းက ပြဿနာမဟုတ်။ မိုးပြာမဟာဧကရာဇ် မရှိချိန်တွင်လည်း မသေမျိုးတစ်ပိုင်း ရသေ့ကြီးကသာ လူသားမျိုးနွယ်ကို အမြဲအုပ်ချုပ်ခဲ့သည်။ သို့သော် ကောင်းကင်ဧကရာဇ်ပလ္လင်အား ယာယီဆက်ခံခြင်းနှင့် မည်သို့ တူနိုင်မည်နည်း။
ချီလင်းအရှင်မ၊ မီးတောက်အရှင်နှင့် ကျောက်တုံးအရှင်တို့က ယန်အရှင်နှင် ငွေအရှင်တို့အား လှမ်းကြည့်လိုက်၏။ သူတို့နှစ်ဦးလုံးက ခေါင်းညိတ်ပြကြသည်။ ရှားယွီသည် ကောလဟာလ လွှင့်နေခြင်းမဟုတ်ဘဲ အမှန်တကယ်ပင် မိုးပြာမဟာဧကရာဇ်၏ အမိန့်ဖြစ်ကာ သူတို့အားလုံး ကြားခဲ့ရလေသည်။
ဤအခိုက်အတန့်၌ မည်သူမှ အာဏာလုချင်စိတ် မရှိကြချေ။ မိုးပြာမဟာဧကရာဇ်၏ အမိန့်ဖြစ်ပြီး မသေမျိုးတစ်ပိုင်း ရသေ့ကြီးသည် လူသားမျိုးနွယ်ကို ယခင်တည်းက အုပ်ချုပ်ခဲ့သဖြင့် မည်သူမှ အထွန့်မတက်ရဲကြပေ။
မသေမျိုးတစ်ပိုင်း ရသေ့ကြီးက အမိန့်ပြားကို လက်ခံယူလိုက်သော်လည်း မျက်နှာကား ဝမ်းသာနေဟန် မရှိဘဲ ပို၍ပင် လေးနက်တည်ကြည်နေသည်။ သူက ရှားယွီကို ကြည့်ကာ မေးလိုက်၏။ "ကောင်းကင်ဧကရာဇ်က တခြားအမိန့်တွေ ချမှတ်ခဲ့သေးလား... ဥပမာ… သူ့ကို ဘယ်လိုကယ်တင်ရမလဲ ဆိုတာမျိုးပေါ့"
"မရှိပါဘူး"
ယန်အရှင်က ဝင်ဖြေသည်။ "ကျုပ်တို့ တမလွန်မိစ္ဆာ နတ်ဘုရားသတ်ဖြတ်ခြင်း မန္တန်အစီအရင်ရဲ့ အပေါက်ထဲကနေ ထွက်လာလာချင်း တမလွန်ဘုံဧကရာဇ်က ချက်ချင်း ပြန်ပိတ်ခဲ့တယ်… ကောင်းကင်ဧကရာဇ်က ချက်ချင်း ထွက်ပြေးဖို့ အမိန့်ပေးခဲ့တာမလို့ အမိန့်ကို မဖီဆန်ရဲခဲ့ဘူး… တစ်လမ်းလုံး အသက်လုတိုက်ခိုက်ပြီး ကံကယ်လို့ ထွက်ပြေးလာနိုင်ခဲ့တာပါ… မင်တဲနဲ့ အခြားတမလွန်ဘုရင်တွေက တမလွန်ချောက်နက်နားမှာ ရှိနေတယ်… သူတို့သာ ကောင်းကင်ဧကရာဇ်ကို ချုံခိုတိုက်ခိုက်ဖို့ ကြိုးစားနေတာ မဟုတ်ရင် ကျုပ်တို့အားလုံး တမလွန်ဘုံထဲမှာပဲ ပိတ်မိနေလောက်တယ်"
အားလုံး တိတ်ဆိတ်လျက် ကြောင်အနေကြမိသည်။ တစ်ယောက်ကို တစ်ယောက်ကြည့်လျက် မည်သူကမှ စကားမပြောရဲသလို ဦးဆောင်၍ အကြံလည်း မပေးရဲကြပေ။
"အားလုံးပဲ"
ရှားယွီက စိုးရိမ်ပူပန်နေဟန်ဖြင့် လက်ယှက် အရိုအသေပေးကာ ပြောလိုက်သည်။ "အရှင် ဒုက္ခရောက်နေတာကို ဒီလိုပဲ လက်ပိုက်ကြည့်နေကြတော့မှာလား… အရှင်က လူသားမျိုးနွယ်ရဲ့ ကောင်းကင်ဧကရာဇ်ဖြစ်သလို မျှော်လင့်ချက်ဆိုလည်း ဟုတ်ပါတယ်… အရှင်သာ ကျဆုံးသွားရင် တမလွန်ဘုံဧကရာဇ်ကို ဘယ်သူက ယှဉ်နိုင်တော့မှာလဲ… အရှင့်ကို ကယ်ပေးဖို့ အားလုံးကို ရှားယွီ တောင်းဆိုပါတယ်"
ဒုန်း
ရှားယွီက မြေပြင်ပေါ်သို့ ဒူးထောက်ချကာ မြေပေါ်တွင် ဝပ်တွားလျက် ရိုကျိုးတောင်းဆိုလာ၏။ အားလုံးမှာ ၎င်းကို မြင်လျှင် ပို၍မွန်းကြပ်လာတော့သည်။
"စစ်သူကြီးရှား... မြန်မြန်ထပါ"
မသေမျိုးတစ်ပိုင်း ရသေ့ကြီးက ထရပ်ကာ ရှားယွီကို တွဲထူလိုက်ပြီး အက်ကွဲနေသော မျက်နှာအမူအရာဖြင့် ပြော၏။ "ကောင်းကင်ဧကရာဇ် ဒုက္ခရောက်နေတာကို ကျုပ်တို့ မပူပန်ဘဲ မနေနိုင်ပါဘူး… ကောင်းကင်ဧကရာဇ်က လူသားမျိုးနွယ်ရဲ့ ကောင်းကင်ဧကရာဇ်ဖြစ်သလို ကျုပ်တို့ရဲ့ ကောင်းကင်ဧကရာဇ်လည်း ဟုတ်တယ်… ကောင်းကင်ဧကရာဇ် ကျဆုံးသွားတာကို လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး... အားလုံးပဲ ဘယ်လိုလုပ်သင့်လဲ ပြောကြပါဦး"
ယန်အရှင်က စိမ်းစိမ်းဝါးဝါး စိုက်ကြည့်ကာ ပြောသည်။ "ဘာလုပ်ရမှာလဲ...စစ်တပ်နဲ့အတူ တမလွန်ဘုံထဲ ဝင်ပြီး တမလွန်ဘုံဧကရာဇ်ကို တိုက်ခိုက်ရမှာပေါ့… ကောင်းကင်ဧကရာဇ်ကို လုံးဝ ဆုံးရှုံးလို့ မဖြစ်ဘူး... တမလွန်ဘုံဧကရာဇ်ကို ကျုပ်တို့ထဲက ဘယ်သူမှ မတားဆီးနိုင်ဘူး... ကောင်းကင်ဧကရာဇ်ကို သေချာပေါက် ကယ်တင်ရမယ်"
ရွှေအရှင်ကလည်း ခေါင်းညိတ်ကာ ပြော၏။ "အမှန်ပဲ… ကောင်းကင်ဧကရာဇ် ထိခိုက်သွားလို့ မဖြစ်ဘူး... မဟုတ်ရင် လူသားမျိုးနွယ် တစ်ခုလုံး မျိုးသုဉ်းသွားလိမ့်မယ်… တမလွန်ဘုံဧကရာဇ်က အခုမှ ပေါ်လာတာဆိုတော့ အတိုက်အခိုက်စွမ်းရည်က အထွတ်အထိပ် အခြေအနေအထိ ပြန်မရောက်သေးတာ သေချာတယ်… အခုအချိန် လူသားမျိုးနွယ် စစ်တပ်ကြီးကို ဦးဆောင်ပြီး တမလွန်ဘုံထဲ ဝင်တိုက်ရင် ကောင်းကင်ဧကရာဇ်ကို ကယ်တင်နိုင်လောက်တယ် "
ချီလင်းအရှင်မသည် တိတ်ဆိတ်နေပြီး ကျောက်တုံးအရှင်နှင့် ငွေအရှင်တို့ကလည်း နှုတ်ဆိတ်နေကြ၏။ မသေမျိုးတစ်ပိုင်း ရသေ့ကြီး၏ အကြည့်က ချီလင်းအရှင်မထံ ကျရောက်လာသည်။ "အရှင်မချီလင်း... ခင်ဗျားရဲ့ သဘောထားကရော"
နာမည်တပ် ခေါ်ခံလိုက်ရသဖြင့် ချီလင်းအရှင်မမှာ ရွေးချယ်စရာ မရှိတော့ချေ။ "ကယ်တာကတော့ သေချာပေါက် ကယ်ရမှာပဲ... ဒါပေမယ့် ဘယ်လိုနည်းလမ်းနဲ့ ကယ်မလဲဆိုတာ ဆုံးဖြတ်ရမယ်… ဘယ်အရာကိုမှ အလောတကြီး ဆုံးဖြတ်လို့ မဖြစ်ဘူး... မဟုတ်ရင် အားလုံး သေသွားလိမ့်မယ်"
ချီလင်းအရှင်မ၏ စကားက သင့်မြတ်လှသည်။ မသေမျိုးတစ်ပိုင်း ရသေ့ကြီးက ခေါင်းညိတ်၍ ကျောက်တုံးအရှင်နှင့် ငွေအရှင်တို့အား ကြည့်လိုက်၏။ ကျောက်တုံးအရှင်က တစ်ခဏ စဉ်းစားပြီးနောက် ဖြေသည်။ "ကျုပ်တို့ အဖိုးကြီးသုံးယောက်ကို ကောင်းကင်ဧကရာဇ်က ကယ်တင်ပေးခဲ့တာ... မဟုတ်ရင် မိုးကြိုးလမ်းမှာ အိုမင်းသေဆုံးသွားမယ့်သူတွေပဲ.. မသေမျိုးတစ်ပိုင်း ရသေ့ကြီး၊ ကောင်းကင်ဧကရာဇ်က ခင်ဗျားအမိန့်ကို နာခံဖို့ ပြောထားတော့ ခင်ဗျားပဲ ဆုံးဖြတ်လိုက်ပါ... ကျုပ်တို့ အမိန့်နာခံပါ့မယ်"
မသေမျိုးတစ်ပိုင်း ရသေ့ကြီးက အသာအယာ ခေါင်းညိတ်၍ အကြည့်များကို ကောင်းကင်ဘုရင်ဝေနှင့် ရှန်ကွေ့တို့အား ကြည့်ကာ မေး၏။ "ခင်ဗျားတို့ နှစ်ယောက်ကရော ဘယ်လိုသဘောရသလဲ"
ရှန်ကွေ့က ထရပ်ကာ ပြောသည်။ “ကောင်းကင်ဧကရာဇ် မှာကြားတဲ့အတိုင်း ရသေ့ကြီးရဲ့ အမိန့်ကို နာခံပါ့မယ်"
အားလုံးက ကောင်းကင်ဘုရင်ဝေအား စိုက်ကြည့်နေကြ၏။ ကောင်းကင်ဘုရင်ဝေသာ တိတ်ဆိတ်နေခဲ့ချေသည်။ ကောင်းကင်ဘုရင်ဝေက ခေါင်းငုံ့၍ စဉ်းစားနေပြီးနောက် သက်ပြင်းရှည်ကြီးတစ်ချက်ချကာ ဖြေသည်။ "ကျုပ်ကတော့ တပ်ဆုတ်ပြီး ဘုံအားလုံးကို စွန့်လွှတ်လို့ ကမ္ဘာဦးကောင်းကင်ဘုံဆီ ပြန်သွားဖို့ အကြံပေးချင်ပါတယ်... ဒါမှ လူသားမျိုးနွယ်ရဲ့ အင်အားကို ထိန်းသိမ်းထားနိုင်လိမ့်မယ်"
"ဟင်"
ယန်အရှင်၊ မီးတောက်အရှင်၊ ကျောက်တုံးအရှင်၊ ငွေအရှင်နှင့် ရှားယွီတို့၏ မျက်နှာများ အေးစက်သွားကြသည်။ ဒေါသကြီးသော ယန်အရှင်က ချက်ချင်းပင် ပေါက်ကွဲ၍ ဒေါသတကြီး အော်ဟစ်လိုက်၏။ "ကောင်းကင်ဘုရင်ဝေ... မင်းစကားက ဘာသဘောလဲကွ… ကောင်းကင်ဧကရာဇ်ကို မကယ်တော့ဘူးပေါ့လေ... ဟက်.... ကောင်းကင်ဘုရင်ဝေ၊ မင်းက သစ္စာဖောက်ကောင်ကို လွမ်းဆွတ်နေပြီး ကောင်းကင်ဧကရာဇ် အသစ်တစ်ပါး တင်မြှောက်ချင်နေတာများလား"
"ယန်အရှင်"
ကောင်းကင်ဘုရင်ဝေက မှိုင်းညှို့နေသော မျက်နှာအမူအရာဖြင့် မတ်တပ်ထရပ်၍ အေးစက်စွာ အော်ဟစ်လိုက်သည်။ "စကားပြောတာ ဆင်ခြင်ပါ... ကျုပ်က ကျုပ်အမြင်ကို ပြောပြရုံသက်သက်ပဲ… ကောင်းကင်ဧကရာဇ် ဒုက္ခရောက်နေတာကို ကျုပ်လည်း ဝမ်းနည်းပြီး စိုးရိမ်မိတယ်... ဒါပေမယ့် စိတ်ရှိတိုင်းလုပ်လို့ မဖြစ်ဘူး… စစ်တပ်ကြီးနဲ့ တမလွန်ဘုံထဲ ဝင်သွားတော့ရော ကောင်းကင်ဧကရာဇ်ကို ကယ်တင်နိုင်မှာလား… ကယ်နိုင်မယ်ဆိုရင် ကျုပ် ကောင်းကင်ဘုရင်ဝေ အသေခံပြီး တိုက်ပေးမယ်… ဒါပေမဲ့ မကယ်နိုင်ဘဲ လူသားမျိုးနွယ်ရဲ့ နောက်ဆုံးကျန်တဲ့ အင်အားကို ဖြုန်းတီးလိုက်မိရင် လူသားမျိုးနွယ်က လုံးဝ ကျဆုံးသွားလိမ့်မယ်"
ထိုအခိုက်အတန့်တွင် ရှားယွီက ကောင်းကင်ဘုရင်ဝေအား ပြန်လည်မငြင်းဘုံဘဲ ခေါင်းညိတ်ကာ ပြော၏။ "အရှင်ဝေ ပြောတာကလည်း ကျိုးကြောင့်သင့်ပါတယ်... အားလုံးပဲ အရင်ဆုံး စိတ်အေးအေးထားကြတာပေါ့... စိတ်လိုက်မာန်ပါ မလုပ်ကြပါနဲ့… ဒါပေမဲ့ အရှင့်ရဲ့ အသက်အန္တရာယ်က သိပ်ကို အရေးကြီးတဲ့အချိန်ကို ရောက်နေပြီ…လာမယ့် နာရီအနည်းငယ်အတွင်း နည်းလမ်းတစ်ခု ရှာနိုင်မှ ဖြစ်မယ်.. ကျွန်မရဲ့ သဘောထားကို အရင်ဆုံး တင်ပြပါမယ်… အရှင်တို့ ကယ်သည်ဖြစ်စေ၊ မကယ်သည်ဖြစ်စေ ကျွန်မကတော့ စစ်တပ်ကို ဦးဆောင်ပြီး တမလွန်ဘုံကို မဖြစ်မနေ သွားမှာပါ… အရှင်က ကျွန်မကို အသက်ကယ်ပေးခဲ့တဲ့ ကျေးဇူးရှိတယ်... ကျွန်မ သေရမယ်ဆိုရင်တောင် အရှင့်ကို သေချာပေါက် ကယ်မယ်"
ရှားယွီ၏ ခိုင်မာပြတ်သားသော မျက်နှာလေးကို ကြည့်ရင်း အားလုံးက ခေါင်းတဆတ်ဆတ် ညိတ်လိုက်ကြသည်။ ဤမိန်းကလေးကား အမှန်တကယ်ပင် ရဲစွမ်းသတ္တိရှိကာ သစ္စာကြီးလှ၏။
သူမအတွက် ဧကရာဇ်အဆင့်အထိ ရောက်ရန် အချိန်မရှိတော့သည်က နှမြောစရာ ကောင်းလှသည်။ မဟုတ်ပါက လူသားမျိုးနွယ်၏ အထွတ်အထိပ် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာနိုင်၏။ တမလွန်ဘုံဧကရာဇ်ကား စောစီးစွာ ပေါ်ထွက်လာခဲ့လေပြီ။