အခန်း (၂၀၄၈-၂၀၄၉)
Vol. 147 Ch. 2048-2049
အပိုင်း ၂၀၄၈ အဆိပ် အရင်းအမြစ်
ရှားယွီ၏ သဘောထားကို ကြားရပြီးနောက် မီးတောက်အရှင်နှင့် ယန်အရှင်တို့က ချက်ချင်း သဘောတူကြသည်။ ငွေအရှင်နှင့် ကျောက်တုံးအရှင်တို့မှာ မိုးပြာမဟာဧကရာဇ်၏ ကယ်တင်ခြင်းကို ခံခဲ့ရသူများဖြစ်သဖြင့် ကယ်တင်ရန် မငြင်းကြပေ။
ရွှေအရှင်ပင်လျှင် သဘောတူကြောင်း ထုတ်ပြောလာခဲ့ရာ ချီလင်းအရှင်မ၊ ကောင်းကင်ဘုရင်ဝေနှင့် ရှန်ကွေ့တို့သာ ကျန်တော့သည်။ ချီလင်းအရှင်မသည် နှုတ်ဆိတ်နေပြီး ကောင်းကင်ဘုရင်ဝေမှာလည်း အားလုံး ဒေါသထွက်မည် စိုးသောကြောင့် စကားမပြောရဲတော့ချေ။ နောက်ဆုံးတွင် အားလုံး၏ အကြည့်များက မသေမျိုးတစ်ပိုင်း ရသေ့ကြီးထံသာ ကျရောက်သွားကြ၏။ ယခုအချိန်တွင် သူသည် ယာယီ ကောင်းကင်ဧကရာဇ် မဟုတ်ပါလော။
"ဒီလိုလုပ်ကြတာပေါ့…"
မသေမျိုးတစ်ပိုင်း ရသေ့ကြီးက အမွှေးတိုင်သုံးတိုင်စာမျှ တိတ်ဆိတ်နေပြီးနောက် ခေါင်းမော့၍ ပြောလိုက်သည်။ "ကျုပ်ကိုယ်တိုင် ယန်အရှင်၊ မီးတောက်အရှင်၊ ငွေအရှင်၊ ကျောက်တုံးအရှင်၊ ရွှေအရှင်၊ စစ်သူကြီးရှားနဲ့အတူ ထိပ်တန်းစစ်သည် အင်အား ခြောက်သိန်းကို ဦးဆောင်ပြီး တမလွန်ဘုံကို ဝင်ရောက်တိုက်ခိုက်မယ်... ကောင်းကင်ဧကရာဇ်ကို ကယ်တင်မယ်… ချီလင်းအရှင်မ၊ ကောင်းကင်ဘုရင်ဝေ၊ ရှန်ကွေ့ ခင်ဗျားတို့က ကောင်းကင်အထီးကျန်ဘုံမှာ နေခဲ့ရမယ်... အခြေအနေ တစ်ခုခု မှားယွင်းသွားခဲ့ရင် ချီလင်းအရှင်မကပဲ ဦးဆောင်အုပ်ချုပ်လိုက်ပါ... ဘယ်လိုလဲ"
"ဟင်”
ကျောက်တုံးအရှင်၊ ငွေအရှင်နှင့် ရှားယွီတို့က ကန့်ကွက်စရာ မရှိသော်လည်း ယန်အရှင်၊ မီးတောက်အရှင်နှင့် ရွှေအရှင်တို့မှာ အံ့အားသင့်လျင် မကျေမနပ်ဖြစ်သွားကြ၏။ သူတို့ အသက်စွန့် တိုက်ခိုက်နေသည့်အချိန်တွင် ချီလင်းအရှင်မနှင့် ကောင်းကင်ဘုရင်ဝေတို့က ကောင်းကင်အထီးကျန်ဘုံတွင် အေးချမ်းစွာ အနားယူနေကြလိမ့်မည်။။ တမလွန်ဘုံက ကြောက်မက်ဖွယ်ကောင်းပြီး တမလွန်ဘုံဧကရာဇ်ပင် ထွက်ပေါ်လာပြီ ဖြစ်ရာ အားလုံးအတူတကွ အသက်စွန့် တိုက်ခိုက်သင့်သည် မဟုတ်ပါလော။
သို့ရာတွင် မသေမျိုးတစ်ပိုင်း ရသေ့ကြီးကိုယ်တိုင် ဦးဆောင်မည် ဖြစ်သဖြင့် လတ်တလောတော့ အထွန့်တက်၍ မရချေ။ ချီလင်းအရှင်မက သူတို့၏ မျက်နှာအမူအရာများကြောင့် ပါးစပ်ဟလိုက်သော်လည်း ကောင်းကင်ဘုရင်ဝေက ရုတ်တရက် ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ရသေ့ကြီးရဲ့ အမိန့်အတိုင်း နာခံပါ့မယ်"
ရှန်ကွေ့မှာလည်း သွားရောက် အသေမခံလိုသဖြင့် အလျင်အမြန် မတ်တပ်ထရပ်ကာ ပြော၏။ "ကျုပ်တို့ အမိန့်ကို နာခံပါ့မယ်"
"အဟက်..."
ယန်အရှင်သည် နှစ်ချက်မျှ နှာမှုတ်လိုက်ပြီး လှောင်ပြောင်လိုစိတ်အား မဖုံးကွယ်နိုင်တေ့ာချေ။ သူက ကောင်းကင်ဘုရင်ဝေအား မယုံနိုင်သည့် မျက်နှာအမူအရာဖြင့် စိုက်ကြည့်နေတော့သည်။
ကောင်းကင်ဘုရင်ဝေနှင့် ရှန်ကွေ့တို့ နှစ်ဦးလုံး သဘောတူလိုက်ရာ ချီလင်းအရှင်မှာ သက်ပြင်းရှည်ကြီးသာ ချလိုက်၏။ "ရသေ့ကြီး... စိတ်ချလက်ချသာ သွားပါ... ကျွန်မ အနောက်က အားလုံးကို တာဝန်ယူလိုက်ပါ့မယ်"
"ကောင်းပြီ... ဒီလိုပဲ ဆုံးဖြတ်လိုက်တာပေါ့"
မသေမျိုးတစ်ပိုင်း ရသေ့ကြီး၏ မျက်လုံးများက ခိုင်မာပြတ်သားစွာ တောက်ပလာသည်။ သူ့လက်ထဲတွင် ရွှေရောင် ကောင်းကင်ဧကရာဇ်အမိန့်ပြား ထွက်ပေါ်လာပြီး လေးနက်တည်ကြည်စွာ အမိန့်ပေးလိုက်၏။ "အားလုံးပဲ တပ်ဖွဲ့တွေ စုစည်းကြပါ... ငါးနာရီအကြာမှာ တမလွန်ဘုံကို ချီတက်တိုက်ခိုက်မယ်... ဒီတစ်ကြိမ်မှာ အားလုံး ကျုပ်အမိန့်ကို နာခံရမယ်… ကောင်းကင်ဧကရာဇ်ကို ကယ်တင်ဖို့က ပထမဆုံး တာဝန်ပဲ... နောက်ဆုတ်ဖို့ ကြံစည်ပြီး အမိန့်မနာခံတဲ့ ဘယ်သူမဆို အညှာအတာမရှိ ကွပ်မျက်ခံရမယ်"
ကောင်းကင်ဧကရာဇ် အမိန့်ပြားကို ထုတ်ဖော်လိုက်သောကြောင့် မည်သူမှ ဇောဒကမတက်ရဲဘဲ အရာအားလုံး ဆုံးဖြတ်ပြီး ဖြစ်ချေသည်။ ရှားယွီသည် ချက်ချင်း တပ်ဖွဲ့များ စုစည်းရန် ထွက်ခွာသွားပြီး ကျန်သူများမှာလည်း အသီးသီး ထွက်သွားကြ၏။
ချီလင်းအရှင်မနှင့် ကောင်းကင်ဘုရင်ဝေတို့က ဘေးချင်းယှဉ်လျက် လျှောက်လာကြသည်။ သူတို့နှစ်ဦးလုံး၏ မျက်ခုံးများက ထိလုမတတ် တွန့်ချိုးနေကြ၏။ ဖြစ်လာမည့် ကိစ္စများအပေါ် နှစ်ယောက်လုံး ယုံကြည်မှု မရှိကြချေ။ ချီလင်းအရှင်မက စိတ်မအေးချမ်းစွာဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်သည်။
သူမက ခေတ္တရပ်၍ ကောင်းကင်ဘုရင်ဝေထံသို့ အသံလှိုင်း ပို့လွှတ်လိုက်သည်။ "ကျန်းရီက အခု ဘယ်မှာလဲ... သူ့ဆီ သတင်းပို့လို့ရမလား... ယန်ကိုးပါး ကောင်းကင်ဧကရာဇ်ကို လက်ရှိအခြေအနေတွေ ဆန်းစစ်ခိုင်းလို့ရမလား"
"သတင်းပို့လို့ မရဘူး"
ဤကိစ္စက ကောင်းကင်ဘုရင်ဝေအတွက် စိတ်အရှုပ်ရဆုံးကိစ္စ ဖြစ်သည်။ ဤသို့ အရေးကြီးသော အခိုက်အတန့်တွင် ကျန်းရီသည် ယင်ကိုးပါးမရဏမြေမှ ထွက်မလာသေးသဖြင့် ဆက်သွယ်မရနိုင်ဖြစ်နေ၏။
ကောင်းကင်ဘုရင်ဝေက အသံလှိုင်းဖြင့် ရှင်းပြလိုက်ရာ ချီလင်းအရှင်မက ခပ်ယဲ့ယဲ့ ခေါင်းခါလျက် ထွက်ခွာသွားတော့သည်။ ငါးနာရီကြာပြီးနောက် စစ်တပ်ကြီး စတင် ထွက်ခွာတော့ပေမည်။ ကျန်းရီ ယင်ကိုးပါးမရဏမြေမှ ထွက်လာလျှင်တောင် နောက်ကျနေလေပြီ။ စစ်တပ်ကြီး မိုးပြာမဟာဧကရာဇ်အား ဘေးကင်းအောင်မြင်စွာဖြင့် ကယ်တင်နိုင်ရန်သာ ဆုတောင်းရပေလိမ့်မည်။
ကောင်းကင်ဘုရင်ဝေသည် အရှေ့ကောင်းကင်သို့ တစ်ခဏမျှ ငေးကြည့်ကာ ရပ်နေမိပြီး သက်ပြင်းချလျက် ခပ်တိုးတိုး ရေရွတ်လိုက်၏။ "သခင်လေး... လူသားမျိုးနွယ်က ကြီးမားတဲ့ ဘေးအန္တရာယ်နဲ့ ကြုံတွေ့နေရပြီ... ဒီတစ်ကြိမ်က လူသားမျိုးနွယ်အတွက် အဆုံးသတ် ကပ်ဘေးကြီး ဖြစ်လာဖို့ များတယ်... သခင်လေး အခု ဘာတွေများ လုပ်နေသလဲ"
ကျန်းရီကား ယခုတွင် ဘာမှ မလုပ်နေချေ။ ကောင်းကင်ဘုံခုံရုံးအတွင်း၌သာ ထိုင်နေသည်။ အမှန်တကယ် ဒုက္ခရောက်ကာ ယင်ကိုးပါးမရဏမြေ၌ ပိတ်မိနေခြင်းပင်။
မှန်ပါသည်။ မရဏမြေအတွင်းမှ ပျံသန်းထွက်ခွာသွားရန် အလွန် လွယ်ကူလှသည်။ သို့သော် ဤမရဏမြေအတွင်း၌ မိုးမြေအရင်းအမြစ် သုံးမျိုး ရှိနေသဖြင့် ၎င်းတို့ကို မစွန့်လွှတ်လိုချေ။ ထိုမိုးမြေအရင်းအမြစ်သုံးမျိုးကို သိမ်းဆည်းမည့် နည်းလမ်းအား ချက်ချင်း မစဉ်းစားနိုင်သဖြင့် ဆက်နေနေခြင်းသာ ဖြစ်သည်။
ဤနေရာတွင် ယင်စွမ်းအင် တစ်မျိုး ရှိပြီး ကျန်းရီ ထင်ထားသည်ထက် ပို၍ ကြောက်မက်ဖွယ်ကောင်းနေသည်။ ကျန်းရီ အပြင်ထွက်လိုက်သည်နှင့် ယင်စွမ်းအင်က တိုက်ခိုက်လေသည်။ ကောင်းကင်စွမ်းအားတို့ ဖရိုဖရဲဖြစ်သွားရုံသာမက ဝိညာဉ်စွမ်းအား အပါအဝင် စွမ်းအင်အားလုံးပါ ဖရိုဖရဲ ဖြစ်သွားစေသည်။
ကောင်းကင်ဘုံခုံရုံး အပြင်သို့ ထွက်လိုက်သည်နှင့် အားအင်ကုန်ခမ်းကာ လမ်းမလျှောက်နိုင်တော့ချေ။ ယင်စွမ်းအင်ထဲတွင် ကြာကြာနေမိပါက မူးနောက်လာ၏။ ကောင်းကင်ဘုံခုံရုံးထဲသို့ ချက်ချင်း ပြန်မဝင်ပါက အပြင်ဘက်တွင် သေချာပေါက် မေ့လဲသွားပေလိမ့်မည်။
ဤနေရာ၌ မီးအရင်းအမြစ်၊ သစ်သားအရင်းအမြစ်တို့အပြင် ချီဟုန်ပင် အရင်းအမြစ် မသိသည့် ထူးဆန်းသော စွမ်းအင်တစ်မျိုးလည်း ရှိသေး၏။
ယင်စွမ်းအင်များကို ထိုအရင်းအမြစ်မှ ထုတ်လွှတ်နေခြင်း ဖြစ်သည်။ ၎င်းကို ကျန်းရီ အတော်လေး စိတ်ဝင်စားနေ၏။ မဟုတ်ပါက သူသည် ကောင်းကင်ဘုံခုံရုံးဖြင့် အစောကြီးကတည်းက ထွက်ခွာသွားပြီဖြစ်သည်။
ရွှမ်ယွမ်လုံသည် သူ့အမိန့်များကို လုံးဝ ဖီဆန်မည် မဟုတ်သောကြောင့် ယွင်ပင်း၏ ဘေးကင်းလုံခြုံရေးကို ကျန်းရီ စိုးရိမ်ပူပန်မနေချေ။ ဤမရဏနယ်မြေအတွင်း၌ ကောင်းကင်ဘုံခုံရုံးဖြင့် အန္တရာယ်ကင်းစွာ ပုန်းအောင်းနေနိုင်သောကြောင့် ကျန်းရီကိုယ်တိုင်လည်း အေးချမ်းနေ၏။
အပြင်ဘက်တွင် မီးခိုးငွေ့များ မှုတ်ထုတ်နိုင်သည့် အမည်းရောင် ပိုးဖလံများလည်း မရေမတွက်နိုင်အောင် ရှိသည်။ မီးခိုးငွေ့များတွင် အဆိပ်ပါဝင်ပြီး အသားကို တိုက်စားနိုင်၏။ မသေမျိုးမိစ္ဆာသွေးလောက် ကြောက်စရာမကောင်းသော်လည်း အထင်သေးမရချေ။ ဧကရာဇ်တစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးသာ ဝန်းရံခံရပါက အရိုးစုအဖြစ် တိုက်စားခံရပေလိမ့်မည်။
ကျန်းရီအနေဖြင့် အမည်းရောင် ပိုးဖလံများကို မစိုးရိမ်ပေ။ ကောင်းကင်ဝါးမြိုသားရဲက ပိုးဖလံများကို ထိန်းချုပ်ထားနိုင်၏။ ကျန်းရီ ခေါင်းကိုက်နေရသည်မှာ ယင်စွမ်းအင်ကြောင့်သာ ဖြစ်သည်။
ယင်စွမ်းအင်တို့က နေရာတိုင်းတွင် ရှိနေပြီး မမြင်ရသလို အရောင်လည်း မရှိချေ။ မီးအရင်းအမြစ် နတ်ဘုရားဒိုင်းကာကို ထုတ်ထားလျှင်တောင်မှ အလွယ်တကူ စိမ့်ဝင်လာနိုင်၏။ အားအင်ကုန်ခမ်း၍ လမ်းမလျှောက်နိုင်ဖြစ်ကာ အလျင်အမြန် မူးဝေလာစေသည်။
ကျန်းရီသည် ချီသံသားရဲအား သူ့ကို သယ်လျက် ရှေ့ဆက်ခိုင်းခြင်း၊ နတ်ဘုရားသစ်ရွက်ဖြင့် ကုသခြင်း စသဖြင့် နည်းလမ်းများစွာ စမ်းသပ်ခဲ့သော်လည်း တစ်ခုမှ အသုံးမဝင်ခဲ့ချေ။ အပြင်ထွက်လိုက်သည်နှင့် အသက်သုံးရှိုက်အတွင်း အားအင်ကုန်ခမ်းကာ မူးဝေလာတော့၏။
ချီဟုန်လည်း မကူညီနိုင်ချေ။ ဟယ်နုန်ယင်းနှင့် အခြားသူများကတော့ ပို၍ပင် ဆိုးသေးသည်။ ကျန်းရီမှာ ခေါင်းပေါက်ကွဲမတတ် အပြင်းအထန် စဉ်းစားနေရ၏။
ဤစွမ်းအင်ကို ရယူနိုင်ပါက အလွန် ထူးဆန်း၍ အစွမ်းထက်သော နတ်ဘုရားစွမ်းရည် တစ်မျိုးကို ရရှိနိုင်ပေလိမ့်မည်။
အခြားသူများအား အားအင်ကုန်ခမ်း၍ ဝိညာဉ်စွမ်းအားကို ဖရိုဖရဲ ဖြစ်စေနိုင်ရာ အင်မတန် အစွမ်းထက်သော နည်းလမ်းဖြစ်၏။
"ဒါက ဘာစွမ်းအင်များလဲ... မိုးမြေအရင်းအမြစ်များလား ... ဘယ်လို စုပ်ယူရပါ့မလဲ"
ကျန်းရီက အတွင်းခန်းမထဲ၌ ထိုင်နေပြီး တစ်ဖက်တစ်ချက်တွင် ကျန်းရှောင်နူနှင့် ဟယ်နုန်ယင်းတို့ ထိုင်နေကြသည်။ ဟယ်နုန်ယင်းကား အလွန်အမင်း ဉာဏ်ကောင်းသည့်အလျောက် ကျန်းရှောင်နူနှင့် သင့်မြတ်အောင် ပေါင်းသင်းထားခဲ့လေသည်။ ငယ်စဉ်ကတည်းက တစ်ဦးတည်းသော မိသားစုဖြစ်ခဲ့သည့် ဤအစေခံမလေးအား ကျန်းရီ အလွန်အလိုလိုက်ကြောင်း သူမ သိသည်။ သဝန်တို ပြိုင်ဆိုင်နေမည့်အစား ကျန်းရှောင်နုနှင့် သင့်မြတ်အောင် ပေါင်းသင်းထားပါက ကျန်းရီက ပိုမိုချစ်ခင်ယုယလာမည် မဟုတ်ပါလော။
မည်သို့ပင်ဖြစ်စေ ဤလောကကြီးကား ဖိုဝါဒကြီးစိုးသည့် လောကသာ ဖြစ်နေသေးသည်။ အင်အားကြီးသူ အများစုမှာ ယောကျာ်းများ ဖြစ်ကြ၏။ လက်ရှိအချိန်အထိ ချီလင်းအရှင်မ တစ်ယောက်တည်းသာ ဧကရီအဆင့်အထိ တက်နိုင်ခဲ့သည်မဟုတ်လော။
ကျန်းရီသည် ထူးချွန်ပြောင်မြောက်ပြီး သံယောဇဉ်ကြီးလွန်း၏။ ကျန်းရီကို ရွေးချယ်ပြီးဖြစ်ရာ ချစ်မြတ်နိုးရသော ယောကျာ်းအား မိန်းမများစွာနှင့် မျှဝေရမည့် အမှန်တရားကိုလည် ဟယ်နုန်ယင်း လက်ခံထားပြီးဖြစ်သည်။
မထူးချွန်သည့် ယောကျာ်းကို သူမ မလိုချင်ပေ။ သို့သော် ထူးချွန်သော ယောကျာ်းများကို မိန်းမများစွာက သဘောကျ နှစ်သက်ကြ၏။ ဤသည်က မိန်းမတိုင်းအတွက် ဝမ်းနည်းဖွယ် ကောင်းလှသည်။
ဟယ်နုန်ယင်းနှင့် ကျန်းရှောင်နူတို့က ကျန်းရီအား တိတ်ဆိတ်စွာ ငေးကြည့်နေကြသည်။ သူတို့နှစ်ဦးလုံးက ကျန်းရီ ဤပြဿနာကို ဖြေရှင်းနိုင်မည်ဟု ယုံကြည်ထားကြ၏။ သူတို့၏ နှလုံးသားထဲတွင် ကျန်းရီမှာ ပြိုင်ဘက်ကင်းချေသည်။ အချစ်တွင် နစ်မွန်းနေသည့် မိန်းမမတစ်ယောက်၏ ဉာဏ်ရည်ကိုတော့ ထည့်တွက်စဉ်းစားနေရန် မလိုအပ်ချေ။
"ယင်စွမ်းအင်... အမည်းရောင် ပိုးဖလံ... အဆိပ်ပိုးဖလံ... အဆိပ်ငွေ့... ဒီထူးဆန်းတဲ့ စွမ်းအင်က အဆိပ်အရင်းအမြစ်များ ဖြစ်နေမလား... မဟုတ်ရင် ငါ့ မီးအရင်းအမြစ် နတ်ဘုရားဒိုင်းကာက ဘာလို့ မခုခံနိုင်တာလဲ... အဆင့်တူတဲ့ စွမ်းအင်ကပဲ မိုးမြေအရင်းအမြစ်ကို ခုခံနိုင်တာလေ"
ဆယ်နာရီကျော်ကြာအောင်ဘ စဉ်းစားပြီးနောက် ရုတ်တရက် အတွေးတစ်ခု ပေါ်လာ၏။ သို့သော် သူ၏ မျက်လုံးများ၌ ဝေခွဲမရဖြစ်နေသော အရိပ်အယောင်များ ပို၍ ပြည့်နှက်လာသည်။
လေအရင်းအမြစ်မှာ မြေအရင်းအမြစ်နှင့် ရေအရင်းအမြစ်တို့ ပေါင်းစပ်ထားသည့် အရင်းအမြစ်တစ်ခု ဖြစ်၏။ ဤသည်က အဆိပ်အရင်းအမြစ် ဆိုပါက မည်သည်တို့ဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသနည်း။
အပိုင်း ၂၀၄၉ ကောင်းကင်ဧကရာဇ်အတွက် တိုက်ခိုက်ခြင်း
ကျန်းရီ ရဲတင်းစွာဖြင့် ယူဆလိုက်သည်။ ဤနေရာရှိ ထူးဆန်းသော စွမ်းအင်မှာ အဆိပ်အရင်းအမြစ်ဆိုလျှင် လျှပ်စီးမှ အဆိပ်အရင်းအမြစ် ပေါ်ထွက်လာပုံကို တွက်ချက်နိုင်ပါက အရာအားလုံး ဖြေရှင်းပြီးသား ဖြစ်သွားပေမည်။
ယခင်တစ်ခေါက် လေအရင်းအမြစ်တုန်းကလည်း အလားတူ ဖြစ်ပွားခဲ့၏။ ကျန်းရီသည် လျှပ်စီးမှ လေ ဖြစ်တည်ခြင်းကို အဖြေထုတ်နိုင်ခဲ့သဖြင့် လေအရင်းအမြစ်ကို တစ်ချက်တည်း စုပ်ယူနိုင်ခဲ့သည်။ ဤယူဆချက်က အတော်လေး ယုတ္တိရှိ၏။ အပြင်ဘက်ရှိ ယင်စွမ်းအင်တို့ကား မီးအရင်းအမြစ်ကို ဖောက်ထွင်းနိုင်သည် မဟုတ်ပါလော။ ဤလောကတွင် မိုးမြေအရင်းအမြစ်အား မိုးမြေအရင်းအမြစ်ဖြင့်သာ ခုခံနိုင်ပေသည်။
"ဟုတ်ပြီ”
ကျန်းရီ နောက်တစ်ကြိမ် စိတ်လှုပ်ရှားလာမိသည်။ ယခင်တစ်ကြိမ် လွင်မင်းဆန်းကြယ်နယ်မြေတွင်လည်း လေအရင်းအမြစ်၊ မီးအရင်းအမြစ်၊ ရေအရင်းအမြစ်ဟူ၍ သုံးမျိုး ရှိခဲ့ဖူးကြောင်း သူ သတိရသွား၏။
ဤဆန်းကြယ်နယ်မြေတွင်လည်း မီးအရင်းအမြစ်နှင့် သစ်သားအရင်းအမြစ်ဟူ၍ အရင်းအမြစ်နှစ်မျိုး ရှိနေသည်။ ထိုသို့ဆိုလျှင် သစ်သားအရင်းအမြစ်နှင့် မီးအရင်းအမြစ်တို့ကို ပေါင်းစပ်လိုက်ပါက လျှပ်စီးမှ အဆိပ်ဖြစ်တည်လာခြင်းကို အဖြေထုတ်နိုင်ပါမည်လော။
ကျန်းရီသည် ပြတ်သားလျင်မြန်သူ ဖြစ်သဖြင့် ဆန်းကြယ်နယ်မြေထဲသို့ ဖျတ်ခနဲ ဝင်သွားကာ ဟယ်နုန်ယင်းနှင့် ကျန်းရှောင်နူကိုပင် လျစ်လျူရှူသွား၏။ ဆန်းကြယ်နယ်မြေထဲတွင် တစ်ယောက်တည်း ထိုင်လျက် နတ်ဘုရားသစ်ရွက်ကို ကိုင်ကာ တွက်ချက်နေတော့သည်။
"သစ်သားက အသက်ကို ကိုယ်စားပြုတယ်... အဆုံးမရှိ ရှင်သန်နိုင်တယ်... မီးကတော့ ဖျက်ဆီးခြင်းကို ကိုယ်စားပြုပြီး အရာအားလုံးကို လောင်ကျွမ်းစေတယ်... သစ်သားနဲ့ မီး... ဘယ်လိုလုပ်ပြီး အဆိပ်အဖြစ် ပေါင်းစပ်သွားနိုင်မှာလဲ... ပြီးတော့ ဒီလိုဆန်းကြယ်မှုမျိုးကရော တကယ်ရှိလို့လား”
ဆန်းကြယ်နယ်မြေအတွင်း၌ ကျန်းရီ၏ စိတ်အစဉ်မှာ ကြောက်မက်ဖွယ်ရာ အမြန်နှုန်းဖြင့် လှုပ်ရှားလျက် တွက်ချက်နေ၏။ သူသည် အပြင်ရှိ အရာအားလုံးကို လျစ်လျူရှုထားသည်။ ကောင်းကင်ပြိုကျလာလျှင်တောင်မှ အဆိပ်အရင်းအမြစ်ကို အရင်ရယူရပေလိမ့်မည်။ ယင်းက အလွန် အစွမ်းထက်သော နတ်ဘုရားစွမ်းရည်တစ်မျိုးဖြစ်၏။
ယခင်အတွေ့အကြုံများကြောင့် ဤတစ်ကြိမ်ကား အံ့သြဖွယ်ကောင်းလောက်အောင် ချောမွေ့နေခဲ့သည်။ သုံးရက်အတွင်း ဆုံမှတ်တစ်ခုကို တွေ့လိုက်ချေပြီ။ ထိုအခိုက်အတန့်တွင် သူ၏ မျက်လုံးများ ပွင့်လာပြီး ဝမ်းသာအားရ ဖြစ်သွားတော့သည်။ ခေါင်းခြောက်မတတ် စဉ်းစားပြီးနောက်မှ ဤအမှတ်ကို ရှာတွေ့သွားသည့် ဝမ်းသာမှုကို အခြားသူများ နားလည်နိုင်မည် မဟုတ်ချေ။
"မီးက ဖျက်ဆီးတယ်... သစ်သားက ပြန်လည်မွေးဖွားတယ်... ဖျက်ဆီးလိုက် ပြန်လည်မွေးဖွားလိုက်နဲ့ သံသရာလည်နေပြီး ထူးဆန်းတဲ့ စွမ်းအင်တစ်မျိုး ထွက်ပေါ်လာနိုင်တယ်... ဒီစွမ်းအင်ကို ဖျက်ဆီးပစ်လို့ မရသလို ကောင်းကင်နှင့် မြေကြီးကြားမှာ ထာဝရ တည်ရှိနေလိမ့်မယ်… သက်ရှိတွေကို ဖျက်ဆီးနိုင်ပေမယ့် မီးတောက်ကတောင် အပြီးတိုင် ဖျက်ဆီးပစ်လို့ မရဘူး... ဒီစွမ်းအင်က အဆိပ်ပဲ"
အဆိပ်၏ ဇာစ်မြစ်ကို အကြမ်းဖျင်း တွက်ချက်နိုင်ခဲ့လေပြီ။ သို့သော် အပြည့်အဝ သိမြင်နားလည်နိုင်ရန် အချိန်လိုအပ်နေသေး၏။ သူ၏တွက်ချက်မှုက မှားယွင်းနေနိုင်သလို သိမြင်နားလည်နိုင်လျှင်တောင်မှ စွမ်းအင်များကို စုပ်ယူ၍ မရနိုင်ခြင်းလည်း ဖြစ်နိုင်သည်။ အရာအားလုံးကို အတိအကျ မသိရပေ။ အပြည့်အ၀ အောင်မြင်မည့်နေ့ကိုသာ စောင့်ဆိုင်းရပေလိမ့်မည်။
ဤတွက်ချက်မှုက အချိန်အတော် ကြာမြင့်မည်ဖြစ်သည်။ ကျန်းရီ၏ တွက်ချက်နှုန်းက အလွန်တရာ မြန်ဆန်သော်လည်း အနည်းဆုံး ရက်အနည်းငယ်တော့ ကြာနိုင်၏။
သူက အေးအေးလူလူ တွက်ချက်နေသော်လည်း အပြင်တွင်တော့ ကောင်းကင်နှင့် မြေကြီး ပြိုလဲပျက်စီးမတတ် ပြောင်းလဲနေပြီဖြစ်ကြောင်း မသိရှာချေ။
မသေမျိုးတစ်ပိုင်း ရသေ့ကြီးသည် လူသားမျိုးနွယ်၏ ထိပ်တန်းစစ်သည်များအား ကောင်းကင်အထီးကျန်ဘုံ၌ စုစည်းစေခဲ့၏။ သတင်းအား ဖုံးဖိထားရန် စောစီးစွာ အမိန့်ပေးထားသော်လည်း ဤမျှကြီးမားသော စစ်ရေးလှုပ်ရှားမှုနှင့် အင်အားကြီးပုဂ္ဂိုလ်တို့၏ လေးနက်တည်ကြည်သော မျက်နှာအမူအရာတို့ကြောင့် ကောလာဟလများက နေရာအနှံ့ ပျံ့နှံ့သွားခဲ့၏။
မိုးပြာမဟာဧကရာဇ်ကား အချိန်အတော်ကြာသည်အထိ ပြန်ရောက်လာခဲ့ချေ။ ဧရာမစစ်တပ်ကြီးကိုလည်း စုစည်းထားသဖြင့် တစ်ခုခုဖြစ်နေကြောင်း အရူးတစ်ယောက်ပင် ပြောနိုင်သည်။ လတ်တလောတွင် ဘုံအသီးသီး၌ တမလွန်မျိုးနွယ်မှ သူလျှိုများ ပုန်ကန်ထကြွခဲ့၏။ ဘုံတစ်ဘုံချင်းစီသည် ထိုသူတို့ကို နှိမ်နင်းခုခံရန် တပ်ဖွဲ့များ စုဆောင်းထားခဲ့ရသည်။ ယခုတွင်တော့ ထိုသူလျှိုများကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ထိပ်တန်းစစ်သည်အားလုံးနီးပါးကို ခေါ်ဆောင်သွားခဲ့၏။ ဘုံအသီးသီးရှိ ပြည်သူများမှာ နေ့စဉ်နှင့်အမျှ စိုးရိမ်ပူပန် ထိတ်လန့်နေကြတော့သည်။
ငါးရက်ကြာပြီးနောက် စစ်တပ်အားလုံး တစ်ပြိုင်နက် စုစည်းပြီးလေပြီ။ အင်အားသန်းခြောက်ဆယ်ရှိသည့် စစ်တပ်ကြီးက ကောင်းကင်အထီးကျန်ဘုံမှ တမလွန်ဘုံဆီသို့ တလိပ်လိပ် ပျံသန်းထွက်ခွာသွားကြ၏။
ဤမျှကြီးမားသော ဖြစ်ရပ်ကြီးကို ဖုံးကွယ်ထား၍ မရနိုင်ချေ။ ဘုံအားလုံးသို့ အလျင်အမြန် ပျံ့နှံ့သွားပြီး ဆူညံပွက်လောရိုက်နေစေသည်။
မိုးပြာမဟာဧကရာဇ် ပြန်မလာသေးသည့်အပြင် မသေမျိုးတစ်ပိုင်း ရသေ့ကြီးက စစ်တပ်ကြီးဖြင့် တမလွန်ဘုံကို ဝင်ရောက်တိုက်ခိုက်တော့မည်လော။
ထိုမျှသာမက ဤစစ်ချီမှုနှင့် ပတ်သက်၍ ကြိုတင်ထုတ်ပြန်ထားခြင်း မရှ်ိခဲ့ချေ။ မိုးပြာမဟာဧကရာဇ်သာ စစ်တပ်ကြီးကို လှုပ်ရှားရန် အမိန့်ပေးခဲ့ပါက သေချာပေါက် ပြည်သူများသိစေရန် ထုတ်ပြန်ကြေညာပေလိမ့်မည်။ ဥပမာအနေဖြင့် မိုးပြာမဟာဧကရာဇ်သာ တမလွန်ဘုံကို အပြီးတိုင် ချေမှုန်းသတ်ဖြတ်ရန် ပြင်ဆင်နေပါက အောင်ပွဲသတင်းများ သေချာပေါက် ထွက်ပေါ်လာမည်ဖြစ်သည်။
ချီလင်းအရှင်မက အလျင်အမြန်ပင် ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်၏။ ဘုံအသီးသီးတွင် ကျန်ရစ်နေသော တပ်ဖွဲ့များအား အသင့်အနေအထား ပြင်ဆင်ထားရန်နှင့် မည်သည့်အဓိကရုဏ်းမှ မဖြစ်ပွားစေရန် တားမြစ်စေသည်။ တစ်ခုခု ဖြစ်ပွားလာပါက ကွပ်မျက်မည်ဖြစ်၏။
ချီလင်းအရှင်မ၏ အမိန့်ကြောင့် ဘုံအသီးသီးရှိ ပြည်သူများမှာ ပို၍ပင် စိုးရိမ်ပူပန်သွားကြသည်။ မြို့တိုင်းတွင် တပ်ဖွဲ့များ စောင့်ကြပ်နေကြပြီး လမ်းမများ၌ မည်သူမှ မလိုအပ်ဘဲ သွားလာခွင့်မရှိချေ။ ပြဿနာရှာသူ မည်သူမဆို ချက်ချင်း အသတ်ခံရ၏။ ဤစစ်အုပ်ချုပ်မှုက အခြေအနေကို ယာယီတည်ငြိမ်စေခဲ့သည်။
တမလွန်ဘုံတွင်မူ အလွန်တရာ တိတ်ဆိတ်ငြိမ်သက်နေ၏။ ဧရာမ သားရဲကြီး တစ်ကောင်က ပါးစပ်ဟလျက် လူသားမျိုးနွယ် စစ်တပ်ကြီး ဝင်ရောက်လာမည့် အချိန်ကို စောင့်ဆိုင်းနေသည့်အလားပင်။
နေ့တစ်ဝက် ကြာပြီးနောက် မရေမတွက်နိုင်သော ဟွင့်သွမ်နတ်ဘုရားလှေများက တမလွန်ဘုံအပြင်သို့ ရောက်လာကြသည်။ ထိုအခိုက်အတန့်တွင် တမလွန်ဘုံအပြင်၌ အဆုံးမရှိသော တပ်ဖွဲ့များ ထွက်ပေါ်လာ၏။ မင်လွန်အပါအဝင် တမလွန်ဘုရင်များစွာ ဦးဆောင်လာကြသည်။ လူသားမျိုးနွယ်စစ်တပ်ကြီး တမလွန်ဘုံသို့ မဝင်ရောက်နိုင်ရန် တားဆီးကြမည်ဖြစ်ကြောင်း သိသာလှ၏။
"ကောင်းတယ်”
တမလွန်ဘုံစစ်တပ်ကို မြင်လိုက်ရသဖြင့် စစ်သူကြီးများနှင့် တပ်မှူးများမှာ စိတ်သက်သာရာ ရသွားကြသည်။
တမလွန်ဘုံစစ်တပ်မှ တားဆီးရန် ထွက်ပေါ်လာခြင်းက မည်သည့်အဓိပ္ပာယ်နည်း။ လူသားမျိုးနွယ်စစ်တပ်ကြီး တမလွန်ဘုံအတွင်း ဝင်ရောက်လာမည်ကို ကြောက်ရွံ့နေကြောင်း ပြသနေ၏။ ထိုတပ်ဖွဲ့များက တမလွန်ဘုံဧကရာဇ်ကို နှောင့်ယှက်ကာ မိုးပြာမဟာဧကရာဇ်အား ကယ်တင်မည်ကို စိုးရိမ်နေခြင်းဖြစ်သည်။ တမလွန်ဘုံဧကရာဇ်အနေဖြင့် မိုးပြာမဟာဧကရာဇ်ကို သတ်ဖြတ်ရန် ခက်ခဲနေသေးသည့် အဓိပ္ပာယ်လည်းဖြစ်သဖြင့် လူသားမျိုးနွယ်အတွက် မျှော်လင့်ချက် ရှိနေသေး၏။
"တိုက်ကြ”
မသေမျိုးတစ်ပိုင်း ရသေ့ကြီးက တုံ့ဆိုင်းမနေဘဲ လူသားမျိုးနွယ် စစ်တပ်ကြီးကို ဦးဆောင်ကာ တိုက်ခိုက်တော့သည်။ ဤတစ်ကြိမ်တွင် ဧကရာဇ်အဆင့် ပုဂ္ဂိုလ်အားလုံးက ဘေးမှ ရပ်ကြည့်မနေတော့ဘဲ ဝင်ရောက်တိုက်ခိုက်ကြ၏။ မသေမျိုးတစ်ပိုင်း ရသေ့ကြီးပင်လျှင် ကိုယ်တိုင် တိုက်ခိုက်နေသည်။
တမလွန်ဘုံဘက်မှ ဧကရာဇ်အဆင့် တမလွန်ဘုရင် လေးပါးသာ ထွက်ပေါ်လာပြီး မင်တဲ ထွက်မလာခဲ့ချေ။ မသေမျိုးတစ်ပိုင်း ရသေ့ကြီးနှင့် အခြားသူများသည် ဤသို့ အခွင့်အရေးကောင်းတစ်ခုကို လက်လွှတ်ခံမည် မဟုတ်ပေ။ မင်လွန်ကဲ့သို့ အင်အားကြီးပုဂ္ဂိုလ်များကို တမလွန်ဘုံအပြင်၌ သတ်ဖြတ်ရန် ပြင်ဆင်ထားကြ၏။
တမလွန်ဘုံကား အင်အားသန်းလေးဆယ်ရှိသော စစ်တပ်ကို စုစည်းလာခဲ့ရာ တိုက်ပွဲက အလွန်တရာ ပြင်းထန်၍ ရက်စက်ကြမ်းကြုတ်လှသည်။ မင်လွန်နှင့် အခြားတမလွန်ဘုရင်များမှာ သေရမည်ကို ကြောက်ရွံ့ကြ၏။ အခြေအနေ မကောင်းသည်ကို မြင်သည်နှင့် စစ်တပ်ကြီးအနောက်သို့ ဆုတ်ခွာသွားကြသည်။ တမလွန်ဘုံစစ်သည် မည်မျှကျဆုံးပါစေ သူတို့က ဂရုမစိုက်ကြချေ။
နေ့တစ်ဝက်တိတိ တိုက်ခိုက်ပြီးနောက် တမလွန်ဘုံစစ်တပ်ကြီး ဆုတ်ခွာသွားကြ၏။ သို့သော် ဝေးဝေးသို့ မဆုတ်ခွာကြချေ။ တမလွန်ဘုံအတွင်း ဝင်ရောက်၍ လူသားမျိုးနွယ်စစ်တပ်ကြီးအား ဆက်လက် တားဆီးနေကြသည်။ အချိန်ဆွဲလိုခြင်းဖြစ်ကြောင်း သိသာလှ၏။
မသေမျိုးတစ်ပိုင်း ရသေ့ကြီးနှင့် အခြားသူများ ပါဝင်တိုက်ခိုက်မှုအပြင် စစ်တပ်တစ်ခုလုံး ရွပ်ရွပ်ချွံချွံ တိုက်ခိုက်မှုကြောင့် နေ့တစ်ဝက်အတွင်း တမလွန်ဘုံစစ်သည် သန်းနှစ်ဆယ်ကျော်ကို သတ်ဖြတ်နိုင်ခဲ့သည်။ လူသားမျိုးနွယ်ဘက်မှလည်း စစ်သည် ခြောက်သန်းမှ ခုနစ်သန်းခန့် သေဆုံးခဲ့သဖြင့် တိုက်ပွဲ၏ ရက်စက်ကြမ်းကြုတ်မှုအား တွေးကြည့်နိုင်၏။
"ဝင်တိုက်ကြ”
တမလွန်ဘုံ၏ ခုခံမှု ပြင်းထန်လေလေ လူသားမျိုးနွယ်က ပို၍ ရဲရင့်လာလေလေ ဖြစ်သည်။ သာမန်လူသားများသည် ဤစစ်ချီမှု၏ ရည်ရွယ်ချက်ကို မသိကြသော်လည်း စစ်တပ်တစ်ခုလုံးကိုတော့ အသိပေးထားပြီးဖြစ်၏။ ဤတစ်ကြိမ် တမလွန်ဘုံသို့ ဝင်ရောက်တိုက်ခိုက်ခြင်းမှာ ပိတ်မိနေသော ကောင်းကင်ဧကရာဇ်အား ကယ်တင်ရန် ဖြစ်သည်။
ကောင်းကင်ဧကရာဇ်အတွက် တိုက်ခိုက်ခြင်းပင်။
၎င်းက အလွန်တရာ စွမ်းအားကြီးပြီး စစ်သည်များ၏ သတ္တိကို နှိုးဆွပေးနေ၏။ မိုးပြာမဟာဧကရာဇ်မှာ ကြီးကျယ်ခမ်းနားသော နတ်ဘုရားတစ်ပါးအဖြစ် မှတ်ယူခံထားရပြီး သာမန်စစ်သည်များအတွက်တော့ လူသားမျိုးနွယ်၏ အရှင်သခင် ဖြစ်သည်။ သူတို့၏ အရှင်သခင်နှင့် လူသားမျိုးနွယ်အတွက် တိုက်ခိုက်နေရသောကြောင့် ထိုစစ်သည်များသည် သေရမည်ကို မကြောက်ကြချေ။
တမလွန်ဘုံသည် အမြဲတစေ အမည်းရောင် မြူခိုးများဖြင့် ဖုံးလွှမ်းနေပြီး အပြင်ဘက်ရှိ ကမ္ဘာဦးစွမ်းအင်မှာလည်း တမလွန်စွမ်းအင်များဖြင့် ပြည့်နှက်နေသဖြင့် အမည်းရောင် စက်လုံးကြီး တစ်ခုနှင့် တူနေ၏။
မသေမျိုးတစ်ပိုင်း ရသေ့ကြီးနှင့် နောက်လိုက်များက ကမ္ဘာဦးစွမ်းအင်များကို ဆွဲဖြဲ၍ အပေါက်ကြီးတစ်ခု ဖန်တီးလိုက်သည်။ လူသားမျိုးနွယ် စစ်တပ်ကြီးသည် အမည်းရောင် မြူခိုးများကြား အဆက်မပြတ် ဝင်ရောက်ပျောက်ကွယ်သွား၏။
"ကောင်းကင်ဧကရာဇ်စစ်တပ်က ငါ့နောက်က လိုက်တိုက်ကြ... မိစ္ဆာသတ်ဖြတ်စစ်တပ်နဲ့ တမလွန်ဘုံသုတ်သင်စစ်တပ်က အောက်က တမလွန်ဘုံသားတွေကို တားဆီးကြ"
မသေမျိုးတစ်ပိုင်း ရသေ့ကြီးသည် အဖြူရောင် မြင်းမြှီးနှင်တံကို ကိုင်ဆောင်ထား၏။ ရှားယွီက အလင်းစွမ်းအင်များကို အဆက်မပြတ် ထုတ်လွှတ်၍ တမလွန်စွမ်းအင်များကို သန့်စင်ပေးနေသည်။ မသေမျိုးတစ်ပိုင်း ရသေ့ကြီးက ဧကရာဇ်အဆင့်ရှိသည့် စစ်သည်များနှင့် အထူးချွန်ဆုံး ထိပ်တန်းတပ်ဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ ထိုးဖောက်တိုက်ခိုက်နေ၏။
တာဝန်က တမလွန်ဘုံစစ်တပ်ကြီးကို သတ်ဖြတ်ရန် မဟုတ်ဘဲ မိုးပြာမဟာဧကရာဇ်ကို ကယ်တင်ရန် ဖြစ်သည်။ မသေမျိုးတစ်ပိုင်း ရသေ့ကြီးသည် တမလွန်ဘုံစစ်တပ်ကို အချိန်ဆွဲ တိုက်ခိုက်မနေဘဲ အင်အားသန်းနှစ်ဆယ် တပ်ဖွဲ့ကို ဦးဆောင်လျက် မိုးပြာမဟာဧကရာဇ် ပိတ်မိနေသည့် တမလွန်ချောက်နက်အား ချုံခိုတိုက်ခိုက်တော့၏။
တမလွန်ဘုံ၏ အပြင်ဘက်တွင် ကင်းထောက်များစွာ ရှိနေသေးသည်။ အစပိုင်းတွင် အတွင်မှ သတ်ဖြတ်သံနှင့် ပေါက်ကွဲသံများကို ကြားရနိုင်၏။ တမလွန်ဘုံမှာ တဖြည်းဖြည်း ပြန်လည် ငြိမ်သက်သွားသဖြင့် လူသားမျိုးနွယ်စစ်တပ်ကြီးသည် တမလွန်ဘုံအတွင်းပိုင်းအထိ ဝင်ရောက်သွားပြီဖြစ်ကြောင်း သိနိုင်ပေသည်။
ကင်းထောက်အားလုံးက လူသားမျိုးနွယ်စစ်တပ်ကြီးနှင့် မိုးပြာမဟာဧကရာဇ်တို့ ဤတစ်ကြိမ်တွင် ဘေးကင်းစွာ ပြန်ရောက်လာရန် တိတ်တဆိတ် ဆုတောင်းနေကြ၏။ ထိုသို့မဟုတ်ပါက လူသားမျိုးနွယ်ကား မကြာခင် အဆုံးသတ်သွားပေလိမ့်မည်။