← Chapters

အခန်း (၂၀၅၀-၂၀၅၁)

Vol. 147 Ch. 2050-2051

အခန်း (၂၀၅၀-၂၀၅၁)

Vol. 147 Ch. 2050-2051

အပိုင်း ၂၀၅၀ အခြေအနေတွေ‌ လေးနက်လာပြီ

"နောက်ဆုံးတော့ အောင်မြင်သွားပြီ"

လူသားမျိုးနွယ်စစ်တပ်ကြီး တမလွန်ဘုံသို့ ဝင်ရောက်သွားပြီး သုံးရက်အကြာတွင် ကျန်းရီ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာသည်။ လျှပ်စီးမှ သစ်သားဖြစ်တည်ခြင်းနှင့် လျှပ်စီးမှ မီးဖြစ်တည်ခြင်းတို့၏ ဆန်းကြယ်မှုများကို ပေါင်းစပ်နိုင်ခဲ့ပြီး ဆန်းကြယ်မှုအသစ်တစ်ခုအား သူ နားလည်နိုင်ခဲ့လေပြီ။

ဝှစ်

သူက အတွင်းခန်းမထဲ၌ စိုးရိမ်တကြီး စောင့်ဆိုင်းနေကြသော ဟယ်နုန်ယင်းနှင့် ကျန်းရှောင်နူတို့ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အပြင်၌ ဖျတ်ခနဲ ပေါ်လာ၏။

လျှပ်စီးမှ အဆိပ်ဖြစ်တည်ခြင်း ဆန်းကြယ်မှုကို အသက်သွင်းလိုက်သည်နှင့် အံ့သြဖွယ်ကောင်းသော အရာတစ်ခု ဖြစ်ပေါ်လာသည်။ အေးစက်လှသော စွမ်းအင်အားလုံးက သူ့ခန္ဓာကိုယ်အတွင်းသို့ အလုအယက် ဝင်ရောက်လာကြပြီး နဝမမြောက်ကြယ်စက်လုံးအတွင်းသို့ စုပ်ယူခံရ၍ ထွင်းဖောက်မြင်ရနိုင်သော စွမ်းအင်အမျှင်များအဖြစ် စုစည်းသွားကြတော့သည်။

"ဟားဟားဟားဟား"

ကျန်းရီ အားရဝမ်းသာဖြင့် အော်ရယ်လိုက်သည်။ ဤတစ်ကြိမ်ကား အံ့သြဖွယ်ကောင်းလောက်အောင် ချောမွေ့ခဲ့၏။ ဤအေးစက်စက်စွမ်းအင်များက အမှန်တကယ် အဆိပ်အရင်းအမြစ်များ ဖြစ်သည်။ လျှပ်စီးမှ မီးဖြစ်တည်ခြင်းနှင့် လျှပ်စီးမှ သစ်သားဖြစ်တည်ခြင်း ဆန်းကြယ်မှုတို့ကို ပေါင်းစပ်တွက်ချက်ခြင်းမှ အမှန်တကယ်ပင် လျှပ်စီးမှ အဆိပ်ဖြစ်တည်ခြင်း ဆန်းကြယ်မှု ထွက်ပေါ်လာနိုင်ခဲ့၏။

ဝှစ်… ဝှစ်… ဝှစ်

မရေမတွက်နိုင်သော အမည်းရောင် ပိုးဖလံများက အဝေးမှ ပျံသန်းလာကြသည်။ တစ်ကောင်စီက လက်ဝါးခန့် အရွယ်အစားရှိပြီး ကျန်းရီအား မြင်သည်နှင့် မီးတောက်တစ်ခုကို တွေ့လိုက်ရသကဲ့သို့ အရူးအမူး ပျံသန်းလာကြ၏။ ၎င်းတို့၏ ပါးစပ်မှ အဆိပ်ရှိသည့် အမည်းရောင် အရည်တစ်မျိုးကို ထွေးထုတ်လာကြသည်။

"ရှောင်မုန့်"

ကျန်းရီသည် ပိုးကောင်မိစ္ဆာများအား နည်းနည်းလေးမှ ဂရုမစိုက်ဘဲ ကောင်းကင်ဝါးမျိုသားရဲလေးအား ဆင့်ခေါ်လိုက်၏။ သားရဲလေး၏ ရွှေရောင်ဦးချိုက တောက်ပသွားပြီး ပိုးဖလံအုပ်ကြီးကို အလွယ်တကူ ထိန်းချုပ်လိုက်သည်။

ထိုယင်စွမ်းအင်များ သူ့ကို မထိခိုက်နိုင်သရွေ့ ဤဆန်းကြယ်နယ်မြေက လုံးလုံးလျားချား ဘေးကင်းလေသည်။ ကျန်းရီသည် ကောင်းကင်ဘုံခုံရုံးကို သိမ်းဆည်းလိုက်ပြီး သားရဲလေးဖြင့် ရှေ့ဆက်သွား၏။ မကြာမီ ချီဟုန်၏ အသံက အလျင်အမြန် ထွက်ပေါ်လာသည်။

"အဲဒီ စွမ်းအင်က အနောက်မြောက်ဘက် မိုင်တစ်သိန်းအကွာက ဂူကြီးတစ်ခုထဲမှာ ရှိတယ်... မြန်မြန်သွားစုပ်ယူလိုက်တော့... မင်းက တကယ့်ကို ထူးဆန်းလွန်းတဲ့ ကောင်ပဲ.. ဒီလိုစွမ်းအင်မျိုးကိုတောင် စုပ်ယူနိုင်တယ်"

"ဟီးဟီး"

ကျန်းရီက ခြောက်ကပ်ကပ် ရယ်မောလိုက်ပြီး ခပ်သုတ်သုတ် ပြေးသွားသည်။ လမ်းတစ်လျှောက်ရှိ ယင်လေအားလုံးမှာ အလိုအလျောက် စုပ်ယူခံလိုက်ရပြီး အမည်းရောင် ပိုးဖလံများမှာလည်း တစ်အုပ်ပြီးတစ်အုပ် ယဉ်ပါးစွာဖြင့် ကောင်းကင်ပုလဲအတွင်းသို့ သိမ်းဆည်းခံလိုက်ရ၏။

ပိုးဖလံများမှာ များပြားလှသော်လည်း ကျန်းရီက စိတ်ထဲမထားပေ။ ဤပိုးဖလံများက လေပိုးကောင်များလောက် အစွမ်းမထက်သော်လည်း လေပိုးကောင်များနှင့် တွဲဖက်လိုက်ပါက သတ်ဖြတ်နိုင်စွမ်း ပိုမိုကောင်းမွန်လာနိုင်သည်။ ကျန်းရီက ကောင်းကင်ဝါးမြိုသားရဲလေးအား တွေ့သမျှ ပိုးဖလံမည်းအားလုံးကို ယဉ်ပါးစေပြီး ကောင်းကင်ဘုံခုံရုံးအတွင်းသို့ သိမ်းဆည်းစေ၏။ ၎င်းတို့က ဧရာမစစ်တပ်ကြီးတစ်ခု ဖြစ်လေသည်။

ကျန်းရီသည် အလွန်မြန်ဆန်လှသဖြင့် နာရီဝက်အတွင်း ဧရာမဂူကြီးအပြင်သို့ ရောက်လာ၏။ သူက သတိတကြီးဖြင့် ဝင်ရောက်သွားရာ အမည်းရောင် ဧရာမစွမ်းအင်အုံကြီး တစ်ခုရှိနေကြောင်း အဝေးမှ လှမ်းမြင်လိုက်ရသည်။

"တကယ်ပါလား”

မီးအရင်းအမြစ်က စွမ်းအင်အုံကြီး၏ မြောက်ဘက် မိုင်တစ်သောင်းအကွာတွင် ရှိနေပြီး သစ်သားအရင်းအမြစ်က တောင်ဘက် မိုင်တစ်သောင်းတွင် ရှိ၏။ စွမ်းအင်အုံကြီးမှာ မီးအရင်းအမြစ်နှင့် သစ်သားအရင်းအမြစ်တို့ကြောင့် ထွက်ပေါ်လာပုံပင်။

ကျန်းရီက လျှပ်စီးမှ အဆိပ်ဖြစ်တည်ခြင်း ဆန်းကြယ်မှုကို အသက်သွင်းရင်း ထိုစွမ်းအင်အုံကြီးအနီးသို့ ဖြည်းညင်းစွာ ချဉ်းကပ်သွားသည်။ တစ်ပေခန့် အကွာအဝေးသို့ ရောက်လျှင် ထိုစွမ်းအင်က ကျန်းရီထံသို့ ဖြည်းညင်းစွာ လိမ့်ဝင်လာ၏။

ရွှီးး

စွမ်းအင်များမှာ ကျန်းရီအနား ရောက်လာသည်နှင့် အလျင်အမြန် စုပ်ယူခံလိုက်ရပြီး နဝမမြောက်ကြယ်စက်လုံးအတွင်း ဝင်ရောက်သွားကြသည်။ အမည်းရောင်စွမ်းအင် အားလုံးကို စုပ်ယူပြီးနောက် ကျန်းရီက ကောင်းကင်ဝါးမြိုသားရဲလေးအား စူးစမ်းချင်စိတ်ဖြင့် မေးလိုက်သည်။

"ဒီအဆိပ်အရင်းအမြစ်က ဘယ်လောက်တောင် အဆိပ်ပြင်းလဲ မသိဘူး... ရှောင်မုန့်... မင်း စမ်းကြည့်မလား"

"မလုပ်ချင်ဘူး… မစမ်းချင်ဘူး"

သားရဲလေးက အော်ဟစ်ကာ ကျန်းရီကိုပင် ခြိမ်းခြောက်လိုက်သေးသည်။

"ခင်ဗျား ကျွန်တော့်ကို စမ်းသပ်ရင် ဒီပိုးဖလံတွေ ယဉ်ပါးအောင် မကူညီပေးတော့ဘူးနော်"

"အေးပါ... အေးပါကွာ"

ကျန်းရီ ပြုံးဖြီးဖြီးဖြင့် ရယ်မောလိုက်ပြီး သစ်သားအရင်းအမြစ်နှင့် မီးအရင်းအမြစ်ကို စုပ်ယူရန် ပျံသန်းထွက်ခွာသွား၏။

သူက တောင်ဘက်သို့ ပျံသန်းသွားပြီး လမ်းတစ်လျှောက်ရှိ ပိုးဖလံမည်းများကို ဆက်လက်စုပ်ယူခဲ့သည်။ မကြာမီ ရှေ့ရှိ သစ်ပင်များအားလုံးမှာ မိစ္ဆာသစ်ပင်များ ဖြစ်နေကြောင်း တွေ့လိုက်ရ၏။ သူက တုံ့ဆိုင်းမနေဘဲ အလျင်အမြန် ပျံသန်းသွားကာ သစ်သားအရင်းအမြစ်ကို စုပ်ယူပြီးနောက် သစ်ပင်မိစ္ဆာအားလုံးကို ကောင်းကင်ဘုံခုံရုံးအတွင်းသို့ သိမ်းဆည်းလိုက်သည်။

နောက်ဆက်တွဲ ကိစ္စများ ရိုးရှင်းသွားလေပြီ။ ကျန်းရီသည် မီးအရင်းအမြစ်ကို စုပ်ယူပြီးနောက် ဆန်းကြယ်နယ်မြေအတွင်း လျှောက်သွားကာ ပိုးဖလံမည်းအားလုံးကို ခေါ်လာ၏။ ဆယ်နာရီကျော် ကြာပြီးနောက် အားလုံး ပြီးစီးသွားတော့သည်။

"သွားကြစို့”

ကျန်းရီက ကောင်းကင်ဘုံခုံရုံးကို ထုတ်လျက် ကောင်းကင်သို့ ပျံတက်သွား၏။ သူ ဆန်းကြယ်နယ်မြေအတွင်း ရောက်နေသည်မှာ ရက်အတော်ကြာခဲ့လေပြီ။ အပြင်ရှိ အခြေအနေများ မည်သို့ ပြောင်းလဲသွားလဲ သိချင်နေမိသည်။

ဝှစ်... ဝှစ်... ဝှစ်

ကျန်းရီ အပြင်ထွက်လာသည်နှင့် ယွင်ပင်း ထားခဲ့သော ကင်းထောက်များက ချက်ချင်း ပျံသန်းလာကြ၏။ ကျန်းရီက ကောင်းကင်အာရုံဖြင့် စစ်‌ဆေးလိုက်ရာ ရွှမ်ယွမ်လုံလည်း ရှိနေကြောင်း တွေ့လိုက်ရသည်။ ထို့အပြင် သူ့မျက်နှာက အလွန်တရာ စိုးရိမ်ပူပန်နေပြီး အဝေးမှ အော်ဟစ်လာ၏။

"ဧကရာဇ်ငယ်... နောက်ဆုံးတော့ ထွက်လာပြီပဲ"

ဒုတ်

ကျန်းရီ၏ ရင်ထဲ ဒိန်းခနဲ ခုန်သွားသည်။ ရွှမ်ယွမ်လုံ၏ ပုံစံအရ ပြဿနာကြီး တစ်ခုခု ဖြစ်နေပုံပင်။ သူက အလျင်အမြန် အသံပို့လွှတ်လိုက်၏။

"အားလုံး လူစုခွဲလိုက်ကြ... ရွှမ်ယွမ်လုံ မခုခံနဲ့... မင်းကို ဒီထဲ ဆွဲခေါ်လိုက်မယ်"

ရွှမ်ယွမ်လုံလည်း ကောင်းကင်ဘုံခုံရုံး၏ အတွင်းခန်းမထဲသို့ ရောက်လာသည်။ သူက ကျန်းရီကို မြင်သည်နှင့် ဒူးတစ်ဖက် ထောက်ကာ စိုးရိမ်တကြီး လျှောက်တင်၏။

"ဧကရာဇ်ငယ်... ပြဿနာကြီး တက်နေပါပြီ"

"မလောနဲ့... ဖြည်းဖြည်းပြော... ကောင်းကင်ကြီး ပြိုကျမသွားပါဘူး"

ကျန်းရီက အတွင်းခန်းမရှိ ခရမ်းရောင် သမ်းနေသည့် ရွှေပလ္လင်ပေါ်၌ ထိုင်လိုက်သည်။ သူသည် ယခုလေးတင် ပြန်ရောက်လာကြောင့် ဟယ်နုန်ယင်းနှင့် ကျန်းရှောင်နူတို့မှာ မေးမြန်းချင်ပင် မရလိုက်ဘဲ ရွှမ်ယွမ်လုံ ရောက်လာသည်ကို တွေ့လိုက်ရ၏။ ဟယ်နုန်ယင်း၏ မျက်နှာအမူအရာက တည်ကြည်သွားသည်။ အပြင်၌ ကြီးမားသော ပြဿနာတစ်ကြီးတစ်ခု ဖြစ်ပွားနေကြောင်း သိသာလှ၏။

"ရူးသွပ်အရှင် သေသွားပါပြိ... ကောင်းကင်ဧကရာဇ်ကလည်း ပိတ်မိနေတယ်... လွန်ခဲ့တဲ့ ရက်အနည်းငယ်က မသေမျိုးတစ်ပိုင်း ရသေ့ကြီးက အင်အားသန်းခြောက်ဆယ်ရှိတဲ့ စစ်တပ်ကြီးကို ဦးဆောင်ပြီး တမလွန်ဘုံထဲ ဝင်သွားခဲ့ပါတယ်... အခုချိန်ထိ ဘာသတင်းမှ မသိရသေးပါဘူး"

ရွှမ်ယွမ်လုံ၏ စကားကြောင့် ဟယ်နုန်ယင်း၏ မျက်နှာမှာ ချက်ချင်း သွေးဆုတ်ဖြူလျော့သွားသည်။ ကျန်းရီ၏ မျက်နှာမှာလည်း မည်းမှောင်သွားသည့်တိုင် ဟယ်နုန်ယင်းလောက်တော့ မထိတ်လန့်သွားချေ။

ဟယ်နုန်ယင်းသည် ချီလင်းအရှင်မအတွက် စိုးရိမ်သဖြင့် မေးလိုက်၏။

"ချီလင်းအရှင်မရော"

"ချီလင်းအရှင်မက ကောင်းကင်အထီးကျန်ဘုံမှာ တပ်စွဲထားပါတယ်... စစ်သူကြီးဝေနဲ့ တခြားသူတွေလည်း ကောင်းကင်အထီးကျန်ဘုံမှာပါပဲ"

ရွှမ်ယွမ်လုံ၏ လျှောက်တင်မှုကြောင့် ကျန်းရီနှင့် ဟယ်နုန်ယင်းတို့ အနည်းငယ် စိတ်သက်သာရာ ရသွားကြသည်။ ကျန်းရီက ခေတ္တနှုတ်ဆိတ်နေပြီးနောက် အဖြစ်အပျက် အသေးစိတ်ကို စတင်မေးမြန်းတော့၏။ မည်သည်ကို ချန်မထားခဲ့ချေ။ နာရီဝက်တိတိ မေးမြန်းပြီးနောက် ဖြစ်ကြောင်းကုန်စင်ကို ရှင်းလင်းစွာ သိရှိသွားတော့သည်။

"ဒီကိစ္စက တော်တော်ကြီးတာပဲ"

အဖြစ်အပျက်အားလုံးကို ကြားပြီးနောက် ကျန်းရီ၏ ရင်ထဲတွင် အလွန်အမင်း လေးလံသွား၏။ သူ အစိုးရိမ်ဆုံး အကြောက်တရားတို့ ဖြစ်ပွားလာခဲ့လေပြီ။ တိုက်ဆိုင်စွာဖြင့် သူသည် ဆန်းကြယ်နယ်မြေထဲတွင် ရက်အနည်းငယ် နေခဲ့မိပြီး အပြင်မှ ဆက်သွယ်၍ မရနိုင်ခဲ့ပေ။ ယခုတွင် စစ်တပ်ကြီး ဝင်ရောက်သွားသည်မှာ ရက်အတော်ကြာခဲ့ပြီဖြစ်ပြီး အဆိုးရွားဆုံး အခြေအနေ ဖြစ်သည်။

သူက တိတ်ဆိတ်သွားပြီး အခြေအနေအမျိုးမျိုးကို ခွဲခြမ်းစိတ်ဖြာနေ၏။ အမွှေးတိုင် သုံးတိုင်စာမျှ အချိန်ကြာပြီးနောက် သူက ရုတ်တရက် အော်ဟစ်လိုက်သည်။

"ရွှမ်ယွမ်လုံ... မင်းကို တာဝန်တစ်ခု ပေးမယ်... အခုချက်ချင်း ပြန်သွားပြီး ချီလင်းအရှင်မနဲ့ ကောင်းကင်ဘုရင်ဝေတို့ကို ကမ္ဘာဦးကောင်းကင်ဘုံဆီ ဆုတ်ခွာခိုင်းလိုက်... ဘုံအားလုံးက လူသားမျိုးနွယ်တွေကိုလည်း ပြန်ဆုတ်ခိုင်းလိုက်ပါ... ငါ့တံဆိပ်ပြားကို ယူပြီး အခုချက်ချင်း သွားတော့"

"ဟုတ်ကဲ့ပါ"

ရွှမ်ယွမ်လုံမှာ ကျန်းရီ၏ အမိန့်ကို မဆန့်ကျင်ရဲသဖြင့် ခေါင်းညိတ်လက်ခံလိုက်၏။ သို့သော် ဟယ်နုန်ယင်းက ခေါင်းခါသည်။

"ကျန်းရီ... ချီလင်းအရှင်မက ရှင့် စကားတစ်ခွန်းကြောင့်နဲ့ စစ်တပ်ကို ဆုတ်ခွာမှာ မဟုတ်ဘူး... ရှင်ပဲ ကိုယ်တိုင် သွားလိုက်ပါ"

"ဒါလည်း ဟုတ်တာပဲ"

ကျန်းရီ စဉ်းစားကြည့်လိုက်ရာ ဟယ်နုန်ယင်း၏ စကားက မှန်သည်။ ဟယ်နုန်ယင်း ကိုယ်တိုင် ပြန်သွားတောင်မှ‌ ဖြောင်းဖျနိုင်မည်ဟု မသေချာချေ။ ချီလင်းအရှင်မက ကောင်းကင်ဘုရင်ဝေ မဟုတ်သဖြင့် သူ့အား အရှင်သခင်အဖြစ် မသတ်မှတ်ထားပေ။

"သွားစို့”

အခြေအနေက အရေးပေါ်ဖြစ်နေသဖြင့် ကျန်းရီလည်း ချက်ချင်း ကောင်းကင်ဘုံခုံရုံအား အရှိန်အပြည့် ထိန်းချုပ်၍ ကမ္ဘာဦးကောင်းကင်ဘုံသို့ ပျံသန်းသွား၏။ မိုးပြာမဟာဧကရာဇ်နှင့် အခြားသူအားလုံးက တမလွန်ဘုံ၌ ရှိနေကြသဖြင့် သူ့ကို တွေ့ရှိသွားလျှင်လည်း ကိစ္စမရှိချေ။

ကောင်းကင်ဘုံခုံရုံး၏ အမြန်နှုန်းက အလွန်မြန်ဆန်လှသဖြင့် နေရာလွှဲပြောင်းစစ်စခန်းတစ်ခုသို့ ဆယ်နာရီအတွင်း ရောက်ရှိလာခဲ့သည်။ သူက ရွှမ်ယွမ်လုံနှင့် ဟယ်နုန်ယင်းတို့ကို ခေါ်ဆောင်၍ ဝိညာဉ်တံလျှပ်စွမ်းရည်ကိုပင် အသုံးမပြုတော့ဘဲ စစ်စခန်းသို့ တန်းပျံသန်းသွာသည်။

"ဟင်... သူက..."

စစ်စခန်းတွင် ဘုရင်အဆင့် အဘိုးအိုကြီးသုံးဦး စောင့်ကြပ်နေကြသည်။ ကျန်းရီ၏ ပုံတူပန်းချီကားက လူသားမျိုးနွယ် တစ်ခုလုံးသို့ ဖြန့်ဝေပြီးဖြစ်ရာ သူတို့သုံးယောက်စလုံး ချက်ချင်း မှတ်မိသွားကြ၏။ ချက်ချင်းပင် ရန်သူတစ်ဦး ရောက်လာသကဲ့သို့ သတိထားနေကြသည်။

ကျန်းရီတွင် သူတို့အား လေကုန်ခံ စကားပြောရန် အချိန်မရှိချေ။ ဟယ်နုန်ယင်းနှင့် ရွှမ်ယွမ်လုံတို့ကို ခေါ်ဆောင်ကာ နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်ထဲသို့ တိုက်ရိုက်ပျံသန်းသွားပြီး အေးစက်စွာ အော်ဟစ်လိုက်သည်။

"လူသားမျိုးနွယ်မှာ ပြဿနာကြီးတက်နေပြီ... ခင်ဗျားတို့နဲ့ လေရှည်နေဖို့ အချိန်မရှိဘူး... နေရာရွှေ့ပြောင်းပေးမလား… အားလုံး အသေခံမလား"

ကျန်းရီ၏ အရှိန်အဝါက အထွတ်အထိပ်သို့ ရောက်နေပြီး အသတ်အဖြတ် စိတ်ဆန္ဒတို့က ဒေါသထွက်နေသော ခြင်္သေ့တစ်ကောင်အလား ဟုန်းဟုန်းထနေသည်။ ဘုရင်အဆင့်အစောင့်သုံးဦးမှာ ကျန်းရီ၏ အရှိန်အဝါကြောင့် လှုပ်ပင် မလှုပ်ရဲကြချေ။ သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်၍ နောက်ဆုံးတွင် နေရာရွှေ့ပြောင်းပေးရန် ရွေးချယ်လိုက်ကြသည်။ ကျန်းရီအနေဖြင့် သူတို့ကို သတ်ဖြတ်ရသည်မှာ ပုရွက်ဆိတ်လေးများအား သတ်ရသည်နှင့် တူ၏။ သူတို့ကို သတ်ပြီးပါကလည်း နေရာရွှေ့ပြောင်းနိုင်သေးသည် မဟုတ်လော။

အပိုင်း ၂၀၅၁ ကျန်းရီကို အားကိုးရမည်

ကျန်းရီသည် ယန်ဧကရာဇ်မြို့သို့ နေရာရွှေ့ပြောင်းသွားခဲ့၏။ နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်အတွင်း၌ သူ ထွက်ပေါ်လာခြင်းက ယန်ဧကရာဇ်မြို့တစ်မြို့လုံးကို အုတ်အော်သောင်းနင်း ဖြစ်သွားစေခဲ့သည်။ ကျန်းရီ ဤမျှ ဗြောင်ကျကျ ထွက်ပေါ်လာရဲခြင်းက မိုးပြာမဟာဧကရာဇ် တမလွန်ဘုံသို့ သွားနေစဉ် တိုက်ခိုက်သတ်ဖြတ်ရန် ရည်ရွယ်ခြင်းလော။

ယန်ချီမှာ ယန်ဧကရာဇ်မြို့တွင် ရှိနေသည်။ မြို့တွင်း၌ ရုတ်ရုတ်သဲသဲဖြစ်နေကြောင်း သိသည်နှင့် ကောင်းကင်အာရုံကို ချက်ချင်း ဖြန့်ကျက်လိုက်၏။ သူက ချက်ချင်း မျက်နှာပျက်ယွင်းသွားပြီး ယန်မိသားစုမှ သိုင်းပညာရှင်တစ်စုနှင့်အတူ ပျံသန်းထွက်ခွာလာခဲ့သည်။

"ကျန်းရီ... မင်း ဘာလုပ်ချင်တာလဲ"

လက်ရှိ ယန်မိသားစုတွင် မည်သူမှ မရှိဘဲ ယန်ချီသာလျှင် အစောင့်အဖြစ် ကျန်ရစ်ခဲ့၏။ ကျန်းရီက သူ့ကို ဂရုမစိုက်ဘဲ ဟယ်နုန်ယင်းနှင့် ရွှမ်ယွမ်လုံတို့အား နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်ထဲသို့ ‌ခေါ်သွားသည်။ ထို့နောက် ယန်ချီအား ကြည့်၍ သတိပေးသည်။

"နေရာရွှေ့ပြောင်း မန္တန်အစီအရင်ကို အသက်သွင်းလိုက်... မဟုတ်ရင် မင်းတို့ ယန်မိသားစု တစ်ခုလုံးကို သတ်ပစ်မယ်"

"ဘာ"

ယန်မိသားစုဝင်များမှာ ချက်ချင်းပင် ဒေါသူပုန်ထ၍ ပွက်လောရိုက်သွားကြသည်။ မြို့တွင်းရှိ ရဲတိုက်များစွာမှ သိုင်းပညာရှင် တစ်ယောက်ပြီး တစ်ယောက် ပျံထွက်လာကြသည်မှာ ဧရာမရန်သူတော်ကြီးတစ်ဦး ရောက်လာသကဲ့သို့ပင်။

ဤနေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်က ကောင်းကင်အထီးကျန်ဘုံသို့ ရွှေ့ပြောင်းပေး၏။ ကောင်းကင်အထီးကျန်ဘုံ၌ စစ်တပ်ကြီး စုစည်းထားပြီး ချီလင်းအရှင်မနှင့် အခြားသူများလည်း ထိုနေရာ၌ ရှိနေကြသည်။ ယန်ချီက ခေတ္တစဉ်းစားပြီးနောက် သုန်မှုန်စွာဖြင့် အော်ဟစ်လိုက်၏။

"နေရာရွှေ့ပြောင်း မန္တန်အစီအရင်ကို အသက်သွင်းလိုက်"

ဝီ…

နေရာရွှေ့ပြောင်း မန္တန်အစီအရင် အသက်ဝင်လာပြီး ကျန်းရီနှင့် အခြားသူများ ပျောက်ကွယ်သွားကြသည်။ ယန်ချီနှင့် ကျန်သူများမှာ စိတ်သက်သာရာ ရသွားကြ၏။ ဤပြဿနာအိုး ထွက်သွားသည်က ကံကောင်းလှပေသည်။ ယန်မိသားစုကို ဒုက္ခပေးမည့်အစား တခြားသူများကို ဒုက္ခပေးသည်က ပိုကောင်း၏။

ဆယ်နာရီကျော် နေရာရွှေ့ပြောင်းပြီးနောက် ကောင်းကင်အထီးကျန်မြို့သို့ ကျန်းရီ ရောက်လာခဲ့လေပြီ။

ဤနေရာတွင်လည်း ချက်ချင်း ဆူညံပွက်လောရိုက်သွားသည်။ လူသားမျိုးနွယ် ဤသို့ ပြဿနာကြီး ဖြစ်ပွားနေချိန် ကျန်းရီ ထွက်ပေါ်လာရဲသည်က တစ်ခုခု ကြံစည်ထားခြင်းကြောင့်လော။

ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်တို့ ထွက်လာကြသည်။ သူတို့က ကျန်းရီကို ဝမ်းသာအားရ ကြည့်နေကြသော်လည်း အရိုအသေ မပေးကြချေ။ အပြင်ပန်းတွင် မိုးပြာမဟာဧကရာဇ်က ကောင်းကင်ဧကရာဇ်ဖြစ်ပြီး ကျန်းရီက သူပုန်ဖြစ်နေဆဲ မဟုတ်ပါ‌လော။

"အားလုံး နောက်ဆုတ်ကြ"

ကျန်းရီကို စစ်သည်များ ဝိုင်းရံထားသည်ကို မြင်လျှင် ကောင်းကင်ဘုရင်ဝေက အော်ဟစ်လိုက်၏။ ကျန်းရီက ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်တို့ နောက်မှလိုက်၍ နန်းတော်တစ်ခုဆီသို့ ပျံသန်းသွားသည်။

ချီလင်းအရှင်မက ကိုယ်တိုင် ထွက်ကြို၏။ ကျန်းရီဘေးရှိ ဟယ်နုန်ယင်းကို မြင်လျှင် သူမက ခပ်ယဲ့ယဲ့ ခေါင်းခါလေသည်။

"ဒီကောင်မလေးကတော့ ယောက်ျားရသွားတာနဲ့ မိသားစုကို မေ့သွားပြီပေါ့"

"ချီလင်းအရှင်မ"

ဟယ်နုန်ယင်းမှာ ရှက်သွေးဖြာစွာဖြင့် ချီလင်းအရှင်မ၏ ရင်ခွင်ထဲသို့ ပြေးဝင်သွား၏။ ကျန်းရီက လက်ယှက်၍ အရိုအသေပေးလိုက်သည်။

"ကျန်းရီ ချီလင်းအရှင်မကို ဂါရဝပြုပါတယ်"

"အထဲဝင်ပြီး ပြောကြတာပေါ့"

ချီလင်းအရှင်မက အားလုံးကို ပင်မခန်းမထဲသို့ ခေါ်သွားပြီး အကာအရံများကို အသက်သွင်းလိုက်သည်။ သူမက ပလ္လင်ပေါ်တွင် ထိုင်လျက် ကျန်းရီအား ကြည့်ကာ မေးလိုက်သည်။

“ဒီလောက် အလောတကြီး ရောက်လာတာ ဘာကိစ္စများ ရှိလို့လဲ"

"ကျွန်တော်က ဘာမှမဖြစ်ပါဘူး... အရှင်မတို့သာ ပြဿနာကြီးတက်တော့မှာ"

ကျန်းရီသည် လက်ဖက်ရည်ကြမ်းကို တစ်ငုံပင် မသောက်ဘဲ တည်ကြည်စွာ ပြောလိုက်၏။

"ချီလင်းအရှင်မ... မသေမျိုးတစ်ပိုင်း ရသေ့ကြီးက တမလွန်ဘုံဧကရာဇ် ဖြစ်နေမယ်လို့ ကျွန်တော် သံသယဝင်မိတယ်... ဒီတစ်ကြိမ် တမလွန်ဘုံထဲ ဝင်သွားတဲ့ အင်အားသန်းခြောက်ဆယ် စစ်တပ်ကြီးအပြင် ယန်အရှင်၊ မီးတောက်အရှင်နဲ့ တခြားသူတွေအားလုံး သေသွားနိုင်တယ်... ဒါကြောင့် အခုချက်ချင်း လူသားမျိုးနွယ်နဲ့ စစ်တပ်အားလုံးကို ကမ္ဘာဦးကောင်းကင်ဘုံဆီ ဆုတ်ခွာပြီး လူသားမျိုးနွယ်ရဲ့ အင်အားကို ထိန်းသိမ်းထားဖို့ တောင်းဆိုချင်ပါတယ်... မဟုတ်ရင် လူသားမျိုးနွယ် တစ်ခုလုံး ပျက်စီးသွားလိမ့်မယ်"

"ဟင်"

ချီလင်းအရှင်မ၊ ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်တို့က အံ့ဩထိတ်လန့်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ မသေမျိုးတစ်ပိုင်း ရသေ့ကြီးက တမလွန်ဘုံဧကရာဇ်တဲ့လော။ ယင်းက ကြောက်လန့်တုန်လှုပ်ဖွယ်ရာ ကောင်းလှပေသည်။

မသေမျိုးတစ်ပိုင်း ရသေ့ကြီးသာ တမလွန်ဘုံဧကရာဇ်ဆိုပါက အင်အားကြီးပုဂ္ဂိုလ်များနှင့် စစ်တပ်ကြီးတစ်ခုလုံး သေချာပေါက် ချေမှုန်းခံရပေလိမ့်မည်။

ချီလင်းအရှင်မက အသက်တစ်ရှိုက် ရှူသွင်းကာ မေးလိုက်၏။ "ကျန်းရီ... သက်သေရှိလို့လား... ဒါက နောက်ပြောင်လို့ရတဲ့ ကိစ္စမဟုတ်ဘူးနော်... ပြီးတော့ ကောင်းကင်ဧကရာဇ်က တမလွန်ဘုံမှာ တမလွန်ဘုံဧကရာဇ် တိုက်ခိုက်တာကို ခံခဲ့ရတာလေ... ဒါကို ယန်အရှင်တို့ ကိုယ်တိုင် တွေ့ခဲ့ရတာပဲ... အဲဒီအချိန်တုန်းက မသေမျိုးတစ်ပိုင်း ရသေ့ကြီးက ကောင်းကင်အထီးကျန်ဘုံမှာ ရှိနေခဲ့တာလေ"

"သူက တစ်ချိန်လုံး ကောင်းကင်အထီးကျန်ဘုံမှာ ရှိနေခဲ့တာလား"

ကျန်းရီက နှာတစ်ချက်မှုတ်၍ မေးခွန်းထုတ်လိုက်သည်။

"ဘယ်သူက သက်သေပြနိုင်လို့လဲ... ကျွန်တော် မှတ်မိသလောက်ဆိုရင် အဲဒီအချိန်တုန်းက ချီလင်းအရှင်မ၊ ကောင်းကင်ဘုရင်ဝေ၊ ကျောက်တုံးအရှင်နဲ့ ရှန်ကွေ့တို့ကို ဘုံအသီးသီးမှာ ရှိနေတဲ့ တမလွန်ဘုရင်တွေကို နှိမ်နင်းဖို့ လွှတ်လိုက်တယ် မဟုတ်ဘူးလား... ကောင်းကင်အထီးကျန်ဘုံမှာ မသေမျိုးတစ်ပိုင်း ရသေ့ကြီး တစ်ယောက်တည်းပဲ ကျန်ခဲ့တာလေ... ဒီသာမန် စစ်သည်တွေက မသေမျိုးတစ်ပိုင်း ရသေ့ကြီးရဲ့ သွားလာလှုပ်ရှားမှုတွေကို သိနိုင်ပါ့မလား"

"ဒါက..."

ချီလင်းအရှင်မနှင့် အခြားသူများ အတွေးနက်သွားကြ၏။ ထိုရက်များ၌ သူတို့အားလုံးကို တခြားနေရာသို့ အမှန်တကယ်ပင် ပြောင်းရွှေ့ခဲ့ကြောင်း သတိရသွားကြသည်။ ကောင်းကင်အထီးကျန်ဘုံတွင် မသေမျိုးတစ်ပိုင်း ရသေ့ကြီး တစ်ယောက်တည်းသာ ကျန်ခဲ့၏။ ပြဿနာတက်မှသာ အားလုံးကို ပြန်လည်ဆင့်ခေါ်ခဲ့လေသည်။

ချီလင်းအရှင်မက တစ်ခဏ စဉ်းစားပြီးနောက် ခေါင်းခါကာ ပြောလိုက်၏။

"ဒီတစ်ချက်တည်းနဲ့တော့ မသေမျိုးတစ်ပိုင်း ရသေ့ကြီးက တမလွန်ဘုံဧကရာဇ်လို့ ပြောလို့မရသေးဘူး... ဒါ့အပြင် မသေမျိုးတစ်ပိုင်း ရသေ့ကြီးက နှစ်ထောင်ပေါင်းများစွာ အသက်ရှင်နေခဲ့တာ... တမလွန်ဧကရာဇ် နောက်ဆုံးပေါ်လာခဲ့တာက လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော်ကလေ... အချိန်က မကိုက်ဘူး... ဒါ့အပြင် မသေမျိုးတစ်ပိုင်း ရသေ့ကြီးရဲ့ ခန္ဓာကိုယ်ထဲမှာ တမလွန်စွမ်းအင် မရှိတာကို ငါတို့ အားလုံး အာရုံခံမိကြတယ်... မိုးပြာမဟာဧကရာဇ်က သူ့ကို သိပ်ယုံကြည်တာ... သူ မသိဘဲ နေပါ့မလား"

ကျန်းရီက လက်ဝှေ့ရမ်းကာ ပြောသည်။

"အချိန်က ပြဿနာ မဟုတ်ပါဘူး... တမလွန်ဘုံဧကရာဇ်က ခန္ဓာကိုယ်ကို တိုက်ရိုက် ဝင်ပူးထားတာဆိုရင်ရော... သူ့ဆီမှာ တမလွန်စွမ်းအင် မရှိတာက‌တော့ တမလွန်ဘုံဧကရာဇ်က အချိန်အကြာကြီး အသက်ရှင်နေခဲ့တာလေ… အင်အားကြီးပြီး ထူးခြားတဲ့ စွမ်းရည်တချို့ ရှိနေတာက သာမန်ပဲ မဟုတ်ဘူးလား"

"ကျွန်တော် သေချာနေရတဲ့ အကြောင်းရင်းက”

ကျန်းရီ တခဏရပ်၍ ဆက်ပြော၏။

"ယန်ကိုးပါး ကောင်းကင်ဧကရာဇ်ကြောင့်ပဲ... ကျွန်တော် ပြောနေတာ မိုးပြာမဟာဧကရာဇ်ကို မဟုတ်ဘူး... ယန်ကိုးပါး ကောင်းကင်ဧကရာဇ်ကို ပြောတာ... သူက တမလွန်ဘုံဧကရာဇ်ရဲ့ အရှိန်အဝါကို ကောင်းကောင်းသိတယ်... လူအားလုံးနီးပါးကို သူ စစ်ဆေးပြီးသွားပြီ... ဒါပေမဲ့ မသေမျိုးတစ်ပိုင်း ရသေ့ကြီးကိုတော့ မစစ်ဆေးရသေးဘူး... မသေမျိုးတစ်ပိုင်း ရသေ့ကြီးက ကျွန်တော်နဲ့ တစ်ခါမှ မတွေ့ဖူးဘူး... ပြီးခဲ့တဲ့ ကောင်းကင်တွင်းနက်ကြီးမှာလည်း လူတွေ အများကြီး လာခဲ့ပေမဲ့ သူကတော့ ပေါ်မလာခဲ့ဘူး... သူက မိုးပြာမဟာဧကရာဇ်ဘက်မှာ ရှိနေတုန်းပဲလေ... ဒါက သူ ကျွန်တော်နဲ့ တွေ့ဖို့ ကြောက်နေတဲ့ အဓိပ္ပာယ်ပဲ… သူ့ရဲ့ သရုပ်မှန်ကို ကောင်းကင်ဧကရာဇ် သိသွားမှာ ကြောက်နေတာ"

"ဒါ့အပြင် ဒီကိစ္စမှာ သံသယဖြစ်စရာတွေ အများကြီးပဲ... သေချာ စဉ်းစားကြည့်ကြပါ... တမလွန်ဘုံဧကရာဇ် ထွက်လာပြီဆိုရင် ဘာဖြစ်လို့ ဘုံတွေအများကြီးကို လက်လွှတ်ပေးတာလဲ... မိုးပြာမဟာဧကရာဇ်ကိုတောင် တမလွန်ချောက်နက်ထဲ ပိတ်လှောင်ထားနိုင်တယ်ဆိုရင် ရှားယွီ၊ ယန်အရှင်နဲ့ ရွှေအရှင်တို့ ဘယ်လိုလုပ်ပြီး ပြန်ထွက်ပြေးလာနိုင်တာလဲ... တမလွန်ဘုံဧကရာဇ်က ရူးသွပ်အရှင်ကို တစ်ချက်တည်းနဲ့ သတ်နိုင်ခဲ့တာမလား… ဘာလို့ အချိန်နည်းနည်း ထပ်ပေးပြီး ကျန်တဲ့သူတွေကိုပါ မသတ်ပစ်ခဲ့တာလဲ"

"ထားပါတော့... တမလွန်ဘုံဧကရာဇ်က မိုးပြာမဟာဧကရာဇ်ကို သတ်ဖို့ ယန်အရှင်နဲ့ ရှားယွီတို့ကို ဂရုမစိုက်အားဘူးလို့ပဲ ထားလိုက်... မင်တဲကရော... တမလွန်ဘုရင်တွေနဲ့ မင်တဲက ယန်အရှင်နဲ့ ရှားယွီတို့ကို မတားဆီးနိုင်ဘူးလား... မင်တဲရဲ့ အတိုက်အခိုက်စွမ်းရည် ဘယ်လောက်သန်မာလိုက်သလဲ... တမလွန်ဘုံဧကရာဇ် စစ်တပ်ရဲ့ အတိုက်အခိုက်စွမ်းရည်ကရော ဘယ်လောက်ရှိသလဲ... အရှင်မတို့ သိကြတယ်မလား "

"သံသယဝင်စရာ အကောင်းဆုံးကတော့”

ကျန်းရီသည် ကရားရေလွှတ်သည့်အလား ဆက်ပြော၏။ “ကောင်းကင်ဧကရာဇ် တံဆိပ်ပြားနဲ့ ကောင်းကင်ဧကရာဇ် ရာထူးကို လွှဲပြောင်းပေးခဲ့တာပဲ... အရှင်မတို့သာ မိုးပြာမဟာဧကရာဇ်ဆိုရင် ကောင်းကင်ဧကရာဇ် ရာထူးကို တခြားသူဆီ ယာယီလွှဲပေးပါ့မလား...စစ်မထွက်ခင်တည်းက မသေမျိုးတစ်ပိုင်း ရသေ့ကြီးကို လူသားမျိုးနွယ်ကို အုပ်ချုပ်ဖို့ လွှဲခဲ့ပြီးပြီလေ... ဘာလို့ တံဆိပ်ပြားကို တကူးတက သယ်လာခိုင်းပြီး ကောင်းကင်ဧကရာဇ်ရာထူးကို မသေမျိုးတစ်ပိုင်း ရသေ့ကြီးဆီ လွှဲပေးခဲ့ရတာလဲ... မိုးပြာမဟာဧကရာဇ်ရဲ့ စိတ်သဘောထားကို အရှင်မတို့သုံးယောက် မသိကြဘူးလား... ဒါက... ဖြစ်နိုင်ပါ့မလား"

"အာ..."

ကျန်းရီ၏ စကားများကြောင့် ချီလင်းအရှင်မ၊ ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်တို့မှာ မှင်သက်သွားကြ၏။ နောက်ဆုံးအချက်က သူတို့အားလုံးကို ခေါင်းခေါက်သတိပေးလိုက်သကဲ့သို့ပင်။

မိုးပြာမဟာဧကရာဇ်ကား သဘောကောင်းလှသူ မဟုတ်ချေ။ သဘောကောင်းပါက ကျန်းရီအား လိုက်လံသတ်ဖြတ်ခဲ့မည် မဟုတ်။

သူသည် ပလ္လင်ကို တန်ဖိုးအထားဆုံး ဖြစ်၏။ တံဆိပ်ပြားကို ပြန်သယ်လာလျှင်တောင်မှ မသေမျိုးတစ်ပိုင်း ရသေ့ကြီးအား ယာယီ နန်းလွှဲပေးခဲ့မည် မဟုတ်‌ချေ။ ချီလင်းအရှင်မနှင့် အခြားသူများမှာ မိုးပြာမဟာဧကရာဇ် ပိတ်မိနေသည့် သတင်းကိုသာ အာရုံစိုက်ပြီး အံ့အားသင့်နေခဲ့ကြသဖြင့် အသေးစိတ် မတွေးမိခဲ့ကြခြင်း ဖြစ်သည်။

ချီလင်းအရှင်မက တစ်ခဏ စဉ်းစားပြီးနောက် တစ်ခုခု မှားယွင်းနေသည်ဟု ခံစားရသဖြင့် ပြန်မေး၏။ "အဲဒီလို ပြောမယ်ဆိုရင်... ယန်အရှင်၊ ငွေအရှင်၊ ရှားယွီနဲ့ တခြားသူတွေမှာလည်း ပြဿနာ ရှိနေတာပေါ့"

"သေချာပေါက် ပြဿနာရှိတယ်"

ကျန်းရီက သေချာစွာ ဖြေသည်။

"အားလုံးက တမလွန်ဘုံဧကရာဇ် ထိန်းချုပ်တာ ခံထားရတာ ဖြစ်မယ်... တမလွန်ဘုံဧကရာဇ်က သူတို့ကို တမင်တကာ ပြန်လွှတ်လိုက်တာ... သူ့ရည်ရွယ်ချက်က အသေခံဖို့ လူ‌တွေ ပြန်ခေါ်ဖို့ပဲ... အင်အားသန်းခြောက်ဆယ်ရှိတဲ့ စစ်တပ်ကြီးနဲ့ လူသားမျိုးနွယ်ရဲ့ အင်အားကြီးပုဂ္ဂိုလ်တွေကို အရင်ချေမှုန်းပစ်ဖို့ပဲ... ပြီးမှ အရှင်မတို့ကို သတ်မှာ"

"သွားပြီပဲ..."

ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်မှာ တုန်ရီသွားကြ၏။ ကျန်းရီ ပြောသည့်အတိုင်း များပြားလှသော သိုင်းပညာရှင်များနှင့် စစ်တပ်ကြီးသာ အသတ်ခံရပါက လူသားမျိုးနွယ်အတွက် မည်သည့်မျှော်လင့်ချက် ရှိတော့မည်နည်း။

"ချီလင်းအရှင်မ"

ချီလင်းအရှင်မ တုံ့ဆိုင်းနေသောကြောင့် ကျန်းရီမှာ စိုးရိမ်လာပြီး ဖြောင်းဖျလိုက်၏။

"အခြေအနေက ဘယ်လိုပဲဖြစ်ဖြစ်... အရင်ဆုံး စစ်တပ်ကို ဆုတ်လိုက်ပါ... ဘုံအားလုံးက လူသားမျိုးနွယ်တွေကိုလည်း ဆုတ်ခွာခိုင်းလိုက်တာက အရှုံးမရှိပါဘူး ... မိုးပြာမဟာဧကရာဇ်တို့ အဆင်ပြေရင် ဒီဘုံတွေကို ပြန်သိမ်းပိုက်လို့ ရတာပဲ... အခြေအနေက တကယ်ကို အဖတ်ဆယ်လို့မရဘူးဆိုရင် ပြန်တိုက်ခိုက်နိုင်ဖို့ အင်အားလိုသေးတယ်လေ"

"တိုက်ခိုက်နိုင်မယ့် အင်အားတဲ့လား”

ချီလင်းအရှင်မက ခါးသက်စွာ ပြုံးလျက် ပြောသည်။ "ငါတို့မှာ ဘာခွန်အားများ ကျန်တော့လို့လဲ... နင် ပြောသလို တကယ်ဖြစ်နေရင် ငါတို့က ဘယ်လိုနည်းနဲ့ တမလွန်ဘုံဧကရာဇ်ကို ပြန်တိုက်ခိုက်ရမှာလဲ"

"ကျန်းရီကို အားကိုးရမှာပေါ့"

အိုမင်းရင့်ရော်နေသော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာ၏။ အိပ်မောကျနေသော ယန်ကိုးပါး ကောင်းကင်ဧကရာဇ် နိုးထလာခဲ့လေပြီ။ ထိုမျှသာမက သူက ပုံရိပ်ယောင်တစ်ခုဖြင့် ခန်းမထဲတွင် ပေါ်လာသည်။ ယန်ကိုးပါး ကောင်းကင်ဧကရာဇ်က တည်ငြိမ်စွာ ‌ပြော၏။

"မင်းတို့ အားလုံး အခု ကျန်းရီစကားကို နားထောင်ကြ... ဒါဆို လူသားမျိုးနွယ်မှာ မျှော်လင့်ချက် ရှိနိုင်သေးတယ်... မဟုတ်ရင်တော့ ပျက်စီးမယ့်အချိန်ကိုပဲ စောင့်နေကြတော့"

All Chapters