အခန်း ၁၁
Vol. 2 Ch. 11
အခန်း (၁၁)
ယီဝေရှန်း တစ်ယောက် ကျိတ်ကာ ဝမ်းနည်းသွားခဲ့သည်။
သူ၏ အလှည့်ပြီးနောက်တွင် ဤကဲ့သို့ တန်ဖိုးမရှိသည့် အမှိုက်ကောင်၏ သိုင်းဝိညာဉ် စစ်ဆေးခြင်း အဘယ်ကြောင့် ဖြစ်နေရပါသနည်း။
ချင်ယန်၏ သိုင်းဝိညာဉ်က အမှိုက်တစ်ခုလို တန်ဖိုးမဲ့လိမ့်မည်ဟု လူတိုင်း ထင်မှတ်ခဲ့ကြပြီး မည်သူကမှ ကြည့်ချင်စိတ် မရှိချေ။
သိုင်းဝိညာဉ်များတွင် ဆေဘာဓား၊ လှံ၊ တူ၊ ပုဆိန်နှင့် သားရဲသိုင်းဝိညာဉ် စသည့်ဖြင့် အမျိုးမျိုး ရှိကြသည်။
ထပ်မံဖြည့်စွက်ရလျှင် ဒဏ္ဍာရီလာ ရှားပါးသော သိုင်းဝိညာဉ်အချို့လည်း ရှိခဲ့ဖူး၏။
၎င်းတို့မှာ နေရာလွတ် သိုင်းဝိညာဉ်၊ အချိန် သိုင်းဝိညာဉ်၊ အသက်စွမ်းအင် သိုင်းဝိညာဉ်၊ သဏ္ဌာန်ပြောင်း သိုင်းဝိညာဉ်တို့ ဖြစ်ကြသည်။
ယင်းကဲ့သို့ သိုင်းဝိညာဉ်များသည် အလွန်ပင် စွမ်းအား ကြီးမားကြ၏။
ရန်ရှီးယု ရွေးချယ်ထားသော ကျောင်းသားအားလုံးသည် ထင်ရှားသော သိုင်းဝိညာဉ် ပိုင်ရှင်များချည်းသာ ဖြစ်သည်။
"ကျွန်တော့် အတွက် ဘာမျှော်လင့်ချက်မှ မရှိလောက်ပါဘူး"
ချင်ယန်က စိတ်ပျက်လက်ပျက် ရေရွတ်လိုက်သည်။
ရန်ရှီးယုက ပြောလိုက်သည်။
"သာမန်ထက် နိမ့်ကျတဲ့ သူတွေက သိုင်းပညာလမ်းစဥ်ကို စိတ်ဝိညာဉ်သွေးကြောတွေနဲ့ ချဉ်းကပ်ကြတယ်.. ဒါက အရမ်းကို ခက်ခဲကြမ်းတမ်းတဲ့ နည်းလမ်းတစ်ခုပဲ.. တကယ်လို့ မင်းရဲ့ သိုင်းဝိညာဉ်သာ နိုးထခဲ့ရင် အဲဒါကို အသုံးပြုပြီး ချီစွမ်းအင်တွေကို သိပ်သည်းဖို့ လုပ်ဆောင်နိုင်တယ်.. ဒါကြောင့် စိတ်ဝိညာဉ်သွေးကြော တစ်ခုပဲ ပိုင်ဆိုင်တာက အရေးမကြီးဘူး.. မင်းရဲ့ သိုင်းဝိညာဉ်အဆင့် ဘယ်လောက်မြင့်လဲ ဆိုတာက ပိုအရေးကြီးတယ်"
"စိတ်ဓာတ်မကျပါနဲ့.. မင်းရဲ့ သိုင်းဝိညာဥ်က ခရမ်းရွှေအဆင့်လည်း ဖြစ်နေနိုင်တာပဲ"
လူအားလုံးက ချင်ယန်၏ သိုင်းဝိညာဉ်ကို ရန်ရှီးယု စိတ်ဝင်စားနေမှန်း သဘောပေါက်သွားခဲ့သည်။
ချင်ယန်သာ ရှားပါးသော သိုင်းဝိညာဉ် ပိုင်ရှင် ဖြစ်ခဲ့လျှင် သူမ၏ အယူအဆ မှန်ကန်မည် ဖြစ်သည်။
မည်သူပင်ဖြစ်စေ အဆင့်မြင့် သိုင်းဝိညာဉ် ပိုင်ဆိုင်ပါက ရန်ရှီးယုက အလေးထားမည်သာ။
ချင်ယန်က သူ၏ သိုင်းဝိညာဉ်ကို အဆင့်မြင့်စေရန် ကျိတ်၍ ဆုတောင်းလိုက်သည်။
[အကောင်းဆုံးရလဒ် ဖြစ်ပါစေလို့ မျှော်လင့်ပါတယ်]
"ဝုန်း"
ချင်ယန်က စိတ်ဝိညာဉ်ခွဲခြားခြင်း မျှော်စင်ပေါ်သို့ လက်တင်လိုက်သည်နှင့် ကျယ်လောင်သော ပေါက်ကွဲသံကြီးသည် ဟွာလင်းဝု ကျောင်းတော်ကြီး တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ပြီး လူတိုင်းသည် နားများပင် အူထွက်သွားခဲ့သည်။
"ဘာလဲဟ.. ဒါက ဒဏ္ဍာရီလာ သိုင်းဝိညာဉ် နိုးထလာတဲ့ လက္ခဏာလား"
သိုင်းဝိညာဉ် နိုးထလာသည်နှင့် တစ်ပြိုင်နက် ပြင်းထန်သော ပေါက်ကွဲသံ ထွက်ပေါ်လာခဲ့သည်။
ယင်းက ဒဏ္ဍာရီလာ သိုင်းဝိညာဥ် နိုးထလာခြင်း ဖြစ်နိုင်ပါသလော။
"ဒဏ္ဍာရီလာ သိုင်းဝိညာဉ် ထွက်ပေါ်လာပြီဟေ့"
အခြားအခန်းများမှ လူများသည် ရှားပါးသော အဖြစ်အပျက်ကို မြင်တွေ့နိုင်ရန် အလျင်အမြန် ရောက်လာခဲ့ကြသည်။
ချင်ယန်သည် သူ၏ လက်ကို မျှော်စင်အပေါ်တွင် တင်ထားဆဲ ဖြစ်သည်။
စိတ်ဝိညာဉ်ခွဲခြားခြင်း မျှော်စင်သည် အနည်းငယ် တုန်ခါလာခဲ့သည်။
[ဒါက ဘာလဲ.. မီးဓာတ် သိုင်းဝိညာဥ်နဲ့ တုန်ခါခြင်း သိုင်းဝိညာဥ်လား.. ဒီသိုင်းဝိညာဥ်တွေက တကယ်ပဲ ဒဏ္ဍာရီလာ သိုင်းဝိညာဉ်တွေလား]
ချင်ယန်က ချက်ချင်းပင် သူ၏ သိုင်းဝိညာဉ်နှစ်ခုကို အာရုံခံမိလိုက်သည်။
သူ၏ ဒန်တျန်အတွင်း၌ စွမ်းအင်နှစ်မျိုး တည်ရှိနေသည်ကို တွေ့ရှိလိုက်ရသည်။
ချင်ယန်သည် အလွန်အမင်း ပျော်ရွှင်သွားခဲ့သည်။
သူက ကိုယ်တွင်းရှိ စွမ်းအင်များကို စိတ်ဖြင့် ထိန်းချုပ်လိုက်ရာ သိုင်းဝိညာဉ်များက လှုပ်ရှားလာကြသည်။
"ဒဏ္ဍာရီလာ တုန်ခါခြင်း သိုင်းဝိညာဉ်က ဘယ်အဆင့်မှာရှိလဲ မသိဘူး"
ချင်ယန်က မျက်လုံးများကို ပြန်ဖွင့်လိုက်၏။
မျှော်စင်ကို မြင်လိုက်ရလျှင် သူ၏ မျက်လုံးများ ပြူးကျယ်ကာ တစ်ကိုယ်လုံး အေးစက် တောင့်တင်းသွားခဲ့သည်။
စိတ်ဝိညာဉ် ခွဲခြားခြင်း မျှော်စင်သည် အနက်ရောင်အဖြစ်သို့ ပြောင်းလဲနေခဲ့သည်။
အနက်ရောင် မျှော်စင်သည် မြင်ရသူကို ခေါင်းတဆစ်ဆစ် ကိုက်ခဲစေနိုင်သော အစွမ်းများဖြင့် ပြည့်ဝနေ၏။
စိတ်ဝိညာဉ် ခွဲခြားခြင်း မျှော်စင်သည် မရပ်မနား ခါယမ်းနေခဲ့ပြီး အချိန်မရွေး ပျက်စီးသွားတော့မည့် အလားပင် ထင်မှတ်ရသည်။
"ဘယ်လိုကြောင့် အနက်ရောင်အဆင့် ဖြစ်နေတာလဲ... ခရမ်းရွှေအဆင့်က အမြင့်ဆုံး မဟုတ်ဘူးလား"
"လခွမ်း.. ဒီဒဏ္ဍာရီလာ သိုင်းဝိညာဥ်က အနက်ရောင်ဟ"
ချင်ယန်သည် သူ၏ လက်ကို ပြန်ရုတ်သိမ်းလိုက်ရာ စိတ်ဝိညာဉ် ခွဲခြားခြင်း မျှော်စင်က ပြန်လည်၍ တည်ငြိမ်သွားခဲ့သည်။
အခြားအခန်းမှ ရောက်လာသော သူများသည် သူတို့ မြင်လိုက်ရသည့် ထူးခြားဆန်းကြယ်သော ဖြစ်ရပ်ကို ဆွေးနွေးနေကြသည်။
"ဘယ်လို လူထူးဆန်းလဲ.. အနက်ရောင်အဆင့် သိုင်းဝိညာဥ်တဲ့"
"ငါတို့ ရှန်ချင်အင်ပါယာမှာ ပထမဆုံး ဒဏ္ဍာရီလာ သိုင်းဝိညာဉ် ပေါ်လာတာပဲ"
ကျောင်းသားများအားလုံးက ခြောက်ခြားစွာဖြင့် သက်ပြင်းများကိုသာ အထပ်ထပ် အခါခါ ချနေမိကြသည်။
ရန်ရှီးယုက ချင်ယန်ကို စိုက်ကြည့်၍ ပြောလိုက်သည်။
"ချင်ယန်... မင်းရဲ့ သိုင်းဝိညာဉ်က ဘာလဲ"
"မီးဓာတ်သိုင်းဝိညာဉ်ပါ ဆရာမ"
ချင်ယန်က သူ၏ မီးဓာတ်သိုင်းဝိညာဉ် အဆင့်ကို မသိချေ။
သူက အနက်ရောင်အဆင့် တုန်ခါခြင်း သိုင်းဝိညာဉ်ကို လျှို့ဝှက်ထားရန် ဆုံးဖြတ်လိုက်သည်။
ရန်ရှီးယုက ပြောလိုက်သည်။
"ချင်ယန်.. မင်းရဲ့လက်ကို စိတ်ဝိညာဥ် ခွဲခြားခြင်း မျှော်စင်ပေါ် ပြန်တင်လိုက်ပြီး မီးဓာတ်သိုင်းဝိညာဉ်ကို ချီစွမ်းအင်ဖြည့်ပေးလိုက်.. ငါသေချာ ပြန်စစ်ဆေးချင်တယ်"
"ဟုတ် ဆရာမ"
ချင်ယန်သည် သူ၏ တုန်ခါခြင်း သိုင်းဝိညာဉ်ကို လျှို့ဝှက်ထားလို၍ မီးဓာတ် သိုင်းဝိညာဉ်ကို ထင်ရှားအောင် ပြုလုပ်မှဖြစ်မည်ဟု စဉ်းစားကာ လက်နှစ်ဖက်စလုံးကို မျှော်စင်ပေါ်သို့ တင်လိုက်သည်။
"အနက်ရောင် မဟုတ်တော့ဘဲ ခရမ်းရွှေရောင် ဖြစ်နေပါလား"
မီးဓာတ်သိုင်းဝိညာဉ်သည် အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ခရမ်းရွှေ အဆင့် ဖြစ်နေခဲ့၏။
ယင်းက ရန်ရှီးယု၏ ရွှေဖြူအဆင့် သိုင်းဝိညာဉ်ထက်ပင် သာလွန်နေခဲ့သည်။
"ခရမ်းရွှေအဆင့်"
ရန်ရှီးယု အလွန်အမင်း အံ့အားသင့်နေခဲ့သည်။
"ဒါက အရမ်းကို စွမ်းအားကြီးတယ်...ခရမ်းရွှေအဆင့် မီးဓာတ်သိုင်းဝိညာဉ်က အရမ်းကို အစွမ်းထက်တယ်... သိုင်းဝိညာဉ်တွေက ချီစွမ်းအင်တွေကို သန်မာလာအောင် အမြဲ အားဖြည့်ပေးတယ်.. ဒါက အဆင့်အမြင့်ဆုံး သိုင်းဝိညာဉ် ဆိုတော့ မင်းရဲ့ ချီစွမ်းအင်တွေက အသန်မာဆုံး ဖြစ်လာမှာပဲ"
"မင်းရဲ့ ခရမ်းရွှေအဆင့် သိုင်းဝိညာဉ်က ငါ့ရဲ့ ရွှေဖြူအဆင့် သိုင်းဝိညာဉ်ထက် အနည်းဆုံး ထက်ဝက်မက အဆင့်မြင့်တယ်.. မင်းအဲဒါကို ကောင်းကောင်း အသုံးချရမယ်.. သူ့ရဲ့ စွမ်းရည်က ငွေအဆင့်နဲ့ ရွှေအဆင့် သိုင်းဝိညာဉ်တွေထက် အများကြီး ကောင်းမွန်တယ်"
ယန်ကျုံးမင်၏ သိုင်းဝိညာဉ်က ရွှေအဆင့် မီးဓာတ်သိုင်းဝိညာဉ် ဖြစ်သော်လည်း ယန်ကျုံးမင်သည် ချင်ယန်ကို ယခုအချိန်ထိ အထင်သေးနေဆဲ ဖြစ်သည်။
"သူက စိတ်ဝိညာဉ်သွေးကြော တစ်ခုပဲ ရှိတော့ သိုင်းပါရမီက အရမ်းနိမ့်ကျမှာပဲ.. တိုးတက်ဖို့ အရမ်း ခက်ခဲလိမ့်မယ်.. သူ့ရဲ့ သိုင်းဝိညာဉ်က အရမ်းကောင်းနေလည်း အလကားပဲ"
လူတိုင်းနီးပါး ထိုအချက်ကို လက်ခံကြသည်။
စိတ်ဝိညာဉ် သွေးကြော တစ်ခုတည်းဖြင့် အဆင့် တစ်ဆင့် တက်ရန် အလွန်ခက်ခဲမည် ဖြစ်သည်။
သိုင်းဝိညာဉ် အဆင့်မြင့်သော်လည်း ပါရမီ ညံ့ဖျင်းလျှင် အလကား အမှိုက်ပင် မဟုတ်ပါလား။
"ဒီလို အမှိုက်ကောင်ရဲ့ သိုင်းဝိညာဉ်က ဘာလို့ ဒီလောက် အဆင့်မြင့်နေရတာလဲ"
"ခရမ်းရွှေအဆင့် သိုင်းဝိညာဉ်က ရွှေအဆင့် သိုင်းဝိညာဉ်ထက် ပိုကောင်းတာအမှန်ပဲ.. သူသာ စိတ်ဝိညာဉ်သွေးကြော သုံးခုလောက် ပါခဲ့ရင် မိုးကောင်းကင်ကို အံ့တုနိုင်လောက်အောင် အစွမ်းထက်လာမှာပဲ.. သနားစရာ သိပ်ကောင်းတယ်"
"အခု မြင်ခဲ့သမျှထဲမှာတော့ ယီဝေရှန်းရဲ့ မိုးကြိုးသိုင်းဝိညာဉ်က စွမ်းအားအကြီးဆုံးပဲ"
ချင်ယန်ကို လူတိုင်းက လှောင်ပြောင်သရော်နေကြ၏။
ရန်ရှီးယုသည် သူမ ခန့်မှန်းထားသကဲ့သို့ အဆင့်အမြင့်ဆုံး သိုင်းဝိညာဉ်ပိုင်ရှင်အား ရှာဖွေနိုင်ခဲ့ပြီ ဖြစ်သည်။
ကျောင်းသားများက ချင်ယန်ကို လှောင်ပြောင်နေသော်လည်း ချင်ယန် ဂရုမစိုက်ချေ။
အဘယ်ကြောင့်ဆိုသော် စိတ်ဝိညာဉ်သွေးကြော ကိုးခုနှင့် တူညီသော စွမ်းအားရှိသည့် ပုလဲပုတီးစေ့ ကိုးလုံး အပြင် အဆင့်မြင့် သိုင်းဝိညာဉ်နှစ်ခုကို ပိုင်ဆိုင်ထားသော သူ၏ အနာဂတ်သည် အဆုံးမဲ့ တောက်ပနေမည်မှာ မြေကြီးလက်ခတ်မလွဲ သေချာနေသည် မဟုတ်ပါလား။
အခန်း(၁၁) ပြီး၏