အခန်း ၁၂
Vol. 2 Ch. 12
အခန်း (၁၂)
"ငါ အခု မင်းတို့ကို အတွင်းအား အသုံးပြုပြီး သိုင်းဝိညာဉ်ကို ချီစွမ်းအားနဲ့ လှုံ့ဆော်တဲ့ နည်းလမ်း သင်ပေးမယ်"
ရန်ရှီးယုထံမှ သင်ခန်းစာပို့ချရန် စတင်လိုက်သော စကားကြောင့် ကျောင်းသားအားလုံး ဂရုတစိုက် မှတ်သားရန် ပြင်ဆင်လိုက်ကြသည်။
ကျောင်းသား အများစုသည် ဂုဏ်သိက္ခာ ကြီးမားသော မိသားစုများမှ မျိုးဆက်သစ်များ ဖြစ်၍ အခြေခံ နက်ရှိုင်းကြ၏။
သို့သော် သိုင်းဝိညာဉ်နှင့် ပတ်သက်၍မူ အသေးစိတ် နားမလည်ကြပေ။
ရန်ရှီးယုသည် ကျောင်းသားများ သိချင်နေသော သိုင်းဝိညာဉ်နှင့် ပတ်သက်သည့် အရာများကို ပို့ချ သင်ကြားပေးခဲ့သည်။
သိုင်းဝိညာဉ်ကို ချီစွမ်းအားဖြင့် ချိတ်ဆက်ရာတွင် အဓိကအားဖြင့် အတွင်းအားကို အသုံးပြုရသည်။
အတွင်းအားသည် သိုင်းပညာ အတွက် အရေးကြီးသကဲ့သို့ သိုင်းဝိညာဉ် အတွက်လည်း အလွန် အရေးကြီး၏။
ဒန်တျန်ထဲတွင် သိုင်းဝိညာဥ်ကို ကိုယ်စားပြုသည့် ယွမ်မျိုးစေ့ ရှိသည်။
ဆိုရလျှင် ယွမ်မျိုးစေ့ထဲတွင် ချီစွမ်းအင်များကို သိပ်သည်းအောင် လုပ်နိုင်မှသာ သိုင်းဝိညာဥ်ကို ကောင်းစွာ အသုံးချနိုင်မည် ဖြစ်သည်။
သိုင်းပညာ ကျင့်စဥ်များကို အခြေခံအဆင့်၊ အလယ်အလတ် အဆင့်နှင့် အဆင့်မြင့် အဆင့် ဟူ၍ ခွဲခြားထား၏။
ထိုအဆင့်များ၏ အထက်တွင် စိတ်ဝိညာဉ် အဆင့်နှင့် နက်နဲခြင်း အဆင့်၊ မြေကမ္ဘာအဆင့်တို့ ရှိကြသည်။
ရန်ရှီးယု၏ စကားကို ကျောင်းသားများက စိတ်ဝင်တစား နားထောင်နေသော်လည်း ချင်ယန်၏ မျက်နှာတွင်မူ နဝေတိမ်တောင် အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။
သူမက ချင်ယန်ကို ကြည့်ကာ ချက်ချင်းပင် မေးလိုက်သည်။
"ချင်ယန်.. ဘာပြဿနာရှိလို့လဲ"
"ဆရာမ.. အတွင်းအားကို ဘယ်လိုအသုံးပြုရမှာလဲ.. ကျွန်တော် မလုပ်တတ်ဘူး"
ချင်ယန်က အရိုးခံအတိုင်း ပြန်ဖြေလိုက်သည်။
အတွင်းအား အသုံးပြုခြင်း နည်းလမ်းသည် သိုင်းလမ်းစဥ်တွင် အလွန် အရေးပါသည်။
ယင်းကြောင့် အချို့သော မိသားစုကြီးများသည် သူတို့၏ မျိုးဆက်သစ်များကို သင်ပေးထားကြ၏။
လူငယ်များသည် အခြေခံအားနည်းလျှင် အတွင်းအား ကျင့်စဥ်ကို မကျင့်သင့်ချေ။
အခြေခံ မခိုင်ဘဲ ကျင့်မိလျှင် သိုင်းလမ်းစဥ် အပေါ်တွင် တိုးတက်မှု ရပ်တန့်သွားပေလိမ့်မည်။
ချန်ယန်က ရှန်ချင်အင်ပါယာ၏ တော်ဝင်မိသားစု ထံကနေ မည်သည့် ပညာရပ်ကိုမှ မသင်ကြားခဲ့ရပေ။
ချင်ယန်၏ စကားကြောင့် အခြား ကျောင်းသားများက ကျိတ်၍ ရယ်မိကြသည်။
"ရှန်ချင် တော်ဝင်မိသားစုရဲ့ ချင်အတွင်းအား ကျင့်စဉ်က အကောင်းဆုံး ကျင့်စဉ်တွေ ထဲက တစ်ခုပဲ.. ဒီမင်းသားက ဘယ်လိုတောင် သနားစရာ ကောင်းနေရတာလဲ"
"အတွင်းအားတောင် အသုံးမပြုတတ်ဘဲ အဆင့်တွေကို ဘယ်လိုတောင် ချိုးဖျက်ခဲ့တာလဲ"
"သောက်ကျိုးနဲ.. ဘယ်လိုကောင်လဲဟ.. အတွင်းအားကျင့်စဉ်ကို မသိဘူးတဲ့.. သူ့ရဲ့ စိတ်ဝိညာဉ်သွေးကြောတွေ အားနည်းနေတာ မထူးဆန်းတော့ဘူး"
"အတွင်းအားကျင့်စဉ်ကို မသင်ဖူးဘူးတဲ့.. ဒါဖြစ်နိုင်ရဲ့လား"
ချင်ယန်သည် လူအများ၏ လှောင်ရယ်သံများကြောင့် ခေါင်းငုံ့လိုက်မိသည်။
ရုတ်တရက် သူ၏ အနီးရှိ လေထုတစ်ခုလုံး မွှေးကြိုင်သွားသည်ကို ခံစားလိုက်ရ၏။
ရန်ရှီးယုက သူ၏ အနီးသို့ လျှောက်လာကာ စာအုပ် တစ်အုပ်ကို အိတ်အတွင်းမှ ထုတ်ယူလိုက်သည်။
"ဒါက အနက်ရောင် အတွင်းအား ကျင့်စဥ်ပဲ.. အဆင့်မြင့် ကျင့်စဉ်ပေါ့.. အခြား ပိုကောင်းတဲ့ ကျင့်စဥ်ကို မင်းရတဲ့ အချိန်ကျရင် ငါ့ကို ပြန်ပေးပါ.. ဒါကို ဘယ်သူ့ကိုမှ သင်ပေးခွင့်မရှိဘူး"
"ကျေးဇူးတင်ပါတယ် ဆရာမ... ကျွန်တော် ကောင်းကောင်း လေ့ကျင့်ပါ့မယ်"
ရန်ရှီးယု၏ ကူညီပေးမှု ရရှိသွားသော ချင်ယန်ကို အခြား ကျောင်းသားများက အထင်သေးစွာ ကြည့်နေခဲ့ကြသည်။
အဆင့်မြင့် အတွင်းအား ကျင့်စဉ်သည် အလွန် ကောင်းမွန်သော်လည်း ယခု အသက်အရွယ်မှ စတင် လေ့ကျင့်သူသည် မည်မျှ အဆင့်မြင့်သည့် ကျင့်စဉ်ကို လေ့ကျင့်သည် ဖြစ်စေ၊ အလကားပင်။
မည်သို့ပင် ဖြစ်စေကာမူ ချင်ယန် အပေါ် ရန်ရှီးယု၏ ဂရုစိုက်မှုသည် အခြား ကျောင်းသားများကို မနာလို ဖြစ်စေခဲ့သည်။
"မင်းတို့ အနားယူလို့ရပြီ.. မနက်ဖြန်မနက် ပြန်ဆုံကြမယ်"
ရန်ရှီးယုက စာသင်ခန်းအတွင်းမှ ထွက်ခွာသွားတော့သည်။
ကျောင်းသားများ အတွက် လွတ်လပ်စွာ နေထိုင်နိုင်ရန် အိမ်ငယ်လေးများ စီစဉ်ပေးထားသည်။
ချင်ယန်သည် အိမ်ငယ်လေး တစ်လုံးတွင် အခြား ကျောင်းသား လေးဦးနှင့် အတူ နေရမည် ဖြစ်သည်။
ချင်ယန်က အခြား ကျောင်းသား လေးဦးနှင့် အတူ ထွက်ခွာလာခဲ့သည်။
သူနေရမည့် အခန်းသို့ ရောက်လျှင် အိပ်ရာပေါ်တွင် ထိုင်ချလိုက်ပြီး သူ၏ မျက်လုံးများကို မှိတ်ကာ ရန်ရှီးယု၏ သင်ခန်းစာများကို ပြန်လည် စဉ်းစားလိုက်သည်။
ထို့နောက် သူ၏ ပုလဲပုတီးစေ့များကို အသုံးပြု၍ နေစွမ်းအင် ကိုးခုကို စုပ်ယူလိုက်၏။
"ဟွာလင်းဝု ကျောင်းတော်ရဲ့ ဝိညာဉ်စွမ်းအင်တွေက အရမ်း သိပ်သည်းတာပဲ"
ချင်ယန်သည် ဝိညာဉ်စွမ်းအင်များကို စုပ်ယူကာ သူ၏ စိတ်စွမ်းအားများကို ပိုမို အားကောင်းလာစေရန် ကြိုးစားနေခြင်းဖြစ်သည်။
စိတ်စွမ်းအင်သည် လူတစ်ယောက်၏ နားလည်နိုင်စွမ်းကို မြင့်မားစေသည်။
စိတ်စွမ်းအင် မြင့်မားလာသည်နှင့်အမျှ အနီး ပတ်ဝန်းကျင်ရှိ အရာဝတ္ထုများ အပေါ် အာရုံခံနိုင်စွမ်း တိုးတက်လာမည် ဖြစ်၏။
အဓိကအချက်မှာ စိတ်စွမ်းအင်ကို ပုံသဏ္ဌာန်တစ်ခု အဖြစ် ဖော်ဆောင်လာနိုင်ခြင်းပင်။
စာသင်ခန်း အတွင်း၌ ရန်ရှီးယုသည် စိတ်စွမ်းအင် အသုံးပြုပုံကို ပြောပြခဲ့သည်။
ချင်ယန်သည် တုံးအသူ တစ်ဦး မဟုတ်ချေ။
သူက လေ့ကျင့်မှုကို စတင်လိုက်သည်။
တစ်ခဏအတွင်း ချင်ယန်သည် သူ၏ စိတ်စွမ်းအားများကို ဘောလုံး အသေးစား အရွယ်ခန့် စတင် စုစည်းလာနိုင်ခဲ့သည်။
သူက မျက်လုံးများကို မှိတ်ထားဆဲပင် ဖြစ်သော်လည်း အရာဝတ္ထုများကို စတင် အာရုံခံလာနိုင်ခဲ့၏။
သို့သော် ရှင်းလင်းပြတ်သားစွာ မြင်တွေ့နိုင်ရန် မလုံလောက်သေးချေ။
"စိတ်စွမ်းအားကို ထိန်းချုပ်ပြီး ဘာလုပ်ရင်ကောင်းမလဲ"
ချင်ယန်က မည်ကဲ့သို့ အသုံးချရမည်ကို မသိသေးပေ။
သူက ထိန်းချုပ်ထားသော စိတ်စွမ်းအားများကို ပုလဲ ပုတီးစေ့များထံ အမှတ်မထင် ပို့လွှတ်လိုက်မိသည်။
ပါးလွှာသော အလွှာတစ်ခုကို ထိုးဖောက်သွားသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ စိတ်အာရုံသည် နေရာလွတ် တစ်ခုအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
ချက်ချင်းပင် သတင်း အချက်အလက်များသည် သူ၏ စိတ်အတွင်းသို့ စီးဝင်လာခဲ့ပြီး ပုလဲ ပုတီးစေ့များ၏ အမည်ကို သိရှိလိုက်ရတော့သည်။
၎င်း၏ အမည်မှာ"ယန်ကိုးမျိုး နတ်ဘုရားစိတ်အာရုံ" ဟူ၍ပင်တည်း။
"ဒါက နေရာလွတ် သိုလှောင်ခန်းလား"
ချင်ယန် သွေးအန်လုမတတ် အံ့အားသင့်နေမိသည်။
ဤအရာက နေဝိညာဉ်စွမ်းအင် ကိုးမျိုးကို စုပ်ယူနိုင်ရုံသာမက အတွင်းဘက်၌ သိုလှောင်၍ ရသော နေရာလွတ်လည်း ရှိနေခဲ့သည်။
ထိုရှာဖွေတွေ့ရှိမှုသည် ချင်ယန်ကို အလွန်အမင်း ပျော်ရွှင်စေခဲ့သည်။
သိုလှောင်၍ရသော စိတ်ဝိညာဉ် ပစ္စည်းများသည် အလွန် တန်ဖိုးကြီးမား၏။
သလင်းကျောက်ပြား သန်းနှင့်ချီ၍ အသုံးပြုနိုင်စေကာမူ အလွယ်တကူ ဝယ်ယူ၍ မရနိုင်ချေ။
"ဒီသိုလှောင်နိုင်တဲ့ နေရာလွတ်က အခန်းတစ်ခုစာလောက် ရှိနေတာ ဆိုတော့ မသေးဘူးပဲ"
ချင်ယန်က သိုလှောင်ခန်းကို ဂရုတစိုက် စစ်ဆေးနေရင်း ရေရွတ်လိုက်သည်။
သူက ဤသိုလှောင်ခန်းကို အနာဂတ်တွင် ကောင်းစွာ အသုံးချရပေမည်။
"ဟင်... ဝါးပြားလေး တစ်ခုပါလား"
ချင်ယန်သည် သိုလှောင်ခန်း၏ ထောင့်တစ်နေရာတွင် ဝါးပြားလေး တစ်ခုအား တွေ့လိုက်ရသည်။
ရှေးအချိန်က လူသားများသည် ထိုကဲ့သို့သော ဝါးပြားလေးများကို စာရွက် အဖြစ် အသုံးပြုခဲ့ကြသည်။
ထိုဝါးပြားလေးသည် သူ၏ လက်ကောက်ဝတ်ထဲ မည်ကဲ့သို့ ရောက်နေသည်ကို စဉ်းစား၍မရပေ။
ဝါးပြားလေး ပေါ်တွင် စိတ်စွမ်းအားဖြင့် ရေးသားထားသော စာလုံးများ ရှိနေခဲ့၏။
"စိတ်ဝိညာဉ် သင်္ကေတ သုံးဆယ်ခြောက်မျိုး.. ကြီးကြယ်မြင့်မြတ်တဲ့ သင်္ကေတ ဆယ့်ရှစ်မျိုး.. တာအို သင်္ကေတ ကိုးမျိုး"
ချင်ယန်၏ နှလုံးသားက ပြင်းထန်စွာ ခုန်ပေါက်သွားခဲ့သည်။
ထိုသင်္ကေတများသည် ဆန်းကြယ်သော မှော်သင်္ကေတများကို ရေးဆွဲထားခြင်း ဖြစ်သည်။
ထိုအရာများကို အသုံးပြု၍ အားကောင်းသော လက်နက်များနှင့် ချပ်ဝတ်တန်ဆာများ ပြုလုပ်နိုင်၏။
မှော်သင်္ကေတ(ဝါ) မှော်စာလုံးများဖြင့် စိတ်ဝိညာဉ် လက်နက်များနှင့် တာအိုလက်နက်များ ပြုလုပ်နိုင်မည့် အချက်အလက်များကိုပါ ရေးသားထားသည်။
"ငါက အံ့မခန်း ကံကောင်းတဲ့ လူသားပဲ.. ဒီပုံအတိုင်းဆို စွမ်းအား အကြီးဆုံး လူတစ်ယောက် ဖြစ်ဖို့ လမ်းစပေါ် ရောက်နေပြီပဲ"
ချင်ယန်က ဤကိစ္စကို လျှို့ဝှက်ထားမှ ဖြစ်မည်ဟု စဉ်းစားလိုက်မိသည်။
ထိုအကြောင်းအရာများကိုသာ အခြားလူများ သိရှိသွားခဲ့လျှင် သွေးချောင်းစီး တိုက်ပွဲများ ဖြစ်ပေါ်လာပေလိမ့်မည် မဟုတ်ပါလား။
အခန်း(၁၂) ပြီး၏