← Chapters

အခန်း ၁၃

Vol. 2 Ch. 13

အခန်း ၁၃

Vol. 2 Ch. 13

အခန်း (၁၃)

"ငါ ဒီမှော်စာလုံးတွေနဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမှ ပြောပြလို့ မဖြစ်ဘူး"

သူက ပထမဆုံး ပုလဲပုတီးစေ့တွင်ပင် မှော်သင်္ကေတ(ဝါ) မှော်စာလုံး အမြောက်အမြားကို တွေ့ခဲ့ရသည်။

အခြား ပုတီးစေ့ ရှစ်ခုတွင် ပို၍ ကောင်းမွန်သော အရာများ ရှိနေလောက်သည်ဟု သူတွေးမိခဲ့သည်။

ဤအဖြစ်အပျက်ကြောင့် ချင်ယန်က ယခုထက် ပိုမို သန်မာရန် လိုအပ်နေသည်ကို သိလိုက်ရသည်။

သို့မှသာ အခြား ပုတီးစေ့ ရှစ်လုံးအား ဖွင့်လှစ်နိုင်ပေလိမ့်မည် မဟုတ်ပါလား။

"ငါအခု အနက်ရောင် အတွင်းအားပညာကို စပြီး လေ့ကျင့်မယ်.. ဒါက ငါ့ကို ပိုသန်မာလာစေလိမ့်မယ်"

ချင်ယန်က ရန်ရှီးယု ပေးထားသော အနက်ရောင် အတွင်းအား ကျင့်စဉ်ကို နားလည်သည်ထက် နားလည်စေရန် အကြိမ်ကြိမ် ဖတ်ရှုလိုက်သည်။

ထို့နောက် ချင်ယန်က ဖတ်မှတ်ထားသော နည်းလမ်းများအတိုင်း လုပ်ဆောင်လိုက်၏။

သူက အတွင်းအားကို တဖြည်းဖြည်း အရင် စုစည်းလိုက်သည်။

အတွင်းအားများ ထုထည် ကြီးမားလာပြီးနောက်တွင် ကိုယ်တွင်းရှိ ချီစွမ်းအင် လမ်းကြောင်း အတိုင်း လျင်မြန်စွာ လှည်ပတ်စေခဲ့သည်။

ယင်းသို့ လုပ်ဆောင်ခြင်းသည် ချီစွမ်းအင်များကို ပိုမို သန်မာစေမည် ဖြစ်၏။

စာအုပ်တွင် ရေးသားထားသော ရန်ရှီးယု၏ မှတ်ချက်များအရ ဤကျင့်စဥ်သည် ဒန်တျန်ကို ဆယ်ရက်အတွင်း လှုံ့ဆော်နိုင်မည် ဖြစ်သော်လည်း အချို့လူများကမူ သုံးလခန့် လေ့ကျင့်ရသည်ဟု သိခဲ့ရသည်။

ချင်ယန်က စနစ်တကျ လေ့ကျင့်ခဲ့ရာ တစ်ခဏ အတွင်းမှာပင် သူ၏ ဒန်တျန်ကို လှုံ့ဆော်နိုင်ခဲ့၏။

အကြောင်းရင်းကို အတိအကျ မသိသော်လည်း ချင်ယန်သည် အနက်ရောင် အတွင်းအားသိုင်းကို စတင် လေ့ကျင့်ပြီး တစ်ခဏအတွင်း ထိုသို့ စွမ်းဆောင်လာနိုင်ခြင်းပင်။

သူ၏ သဘာဝစွမ်းအင်များ တည်ရှိရာ ဒန်တျန်သည် အဆက်မပြတ် လှုပ်ခါနေခဲ့သည်။

ထို့နောက်တွင် ဒန်တျန် အတွင်းမှ အတွင်းချီ စွမ်းအင်များသည် အရှိန်အဟုန် ပြင်းစွာဖြင့် စီးထွက်သွားခဲ့ပြီး ကိုယ်တွင်းရှိ သွေးကြောများကို ဖြတ်သန်းကာ ခန္ဓာကိုယ် အတွင်း လျင်မြန်စွာ လှည့်ပတ်နေကြသည်။

ပတ်ဝန်းကျင်ရှိ နေဝိညာဉ်စွမ်းအင် ကိုးမျိုးသည်လည်း သူ၏ ကိုယ်တွင်းသို့ အတားအဆီးမဲ့စွာ ဝင်ရောက်လာခဲ့ပြီး လှိုင်းလုံးကြီးများ သဖွယ် သူ၏ အရေပြားများအောက်၌ ပြေးလွှားနေကြသည်။

ယင်းအခိုက်အတန့်တွင် ဒန်တျန်သည် ဝိညာဥ်စွမ်းအင် ကိုးမျိုးကို အငမ်းမရ စတင် စုပ်ယူတော့၏။

သိပ်မကြာခင်မှာပင် အတွင်းချီ စွမ်းအင်များသည် မြူခိုးများသဖွယ် ချင်ယန်၏ တစ်ကိုယ်လုံးကို ဖုံးအုပ်သွားခဲ့သည်။

နာရီ အနည်းငယ် ကြာပြီးနောက်တွင် သူ၏ ဒန်တျန်ထဲရှိ မီးဓာတ်ဝိညာဥ် ယွမ်မျိုးစေ့ထဲမှ ချီစွမ်းအားက ယခင်ထက် ပိုမို သိပ်သည်းလာခဲ့သည်။

"ဒီအနက်ရောင် အတွင်းအား ကျင့်စဉ်က အရမ်းကို စွမ်းအားကြီးတာပဲ... ဒီကျင့်စဉ်နဲ့ ငါ့ရဲ့ ယန်ကိုးမျိုး နတ်ဘုရား စိတ်အာရုံကို ပေါင်းစပ်လိုက်ရင် မိုးကောင်းကင်ကို ဘာလို့ အံမတုနိုင်ရမှာလဲ"

ချင်ယန်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

မီးဓာတ်ဝိညာဥ် ယွမ်မျိုးစေ့ထဲရှိ ချီစွမ်းအား သိပ်သည်းလာပြီးနောက် ခရမ်းရွှေ မီးဓာတ် သိုင်းဝိညာဉ် သည်လည်း ပိုမို၍ တောက်ပလာခဲ့၏။

နောက်တစ်နေ့ နံနက် မျက်လုံးဖွင့်လိုက်သည့် အခါတွင် ချင်ယန်သည် သူ၏ ခန္ဓာကိုယ် အတွင်း၌ မယုံနိုင်စရာကောင်းလောက်အောင် တိုးတက်လာသည့် ချီစွမ်းအင် ပမာဏကို စတင် ခံစားလိုက်ရသည်။

သူ၏ ဒန်တျန် အတွင်း၌ အဖြူရောင် အခိုးအငွေ့များ သိုက်မြိုက်စွာ ရှိနေခဲ့၏။

"မီးဓာတ်ကို အသုံးပြုနိုင်အောင် ကြိုးစားကြည့်ရမယ်"

ချင်ယန်က ယွမ်မျိုးစေ့ထဲမှ ချီစွမ်းအင်များကို ထိန်းချုပ်၍ ခရမ်းရွှေအဆင့် သိုင်းဝိညာဉ် ထံသို့ ပို့ဆောင်လိုက်သည်။

ချီစွမ်းအင်များက ပူလောင်လာခဲ့ပြီး သူ၏ လက်များမှတစ်ဆင့် မီးတောက်လေးများ လျင်မြန်စွာ ထွက်လာခဲ့သည်။

"ဟားဟား.. အောင်မြင်သွားတာလား"

အားနည်းသော မီးတောက်လေးအား ကြည့်ကာ ချင်ယန် သဘောကျစွာ ရယ်မောလိုက်သည်။

"ငါ့ရဲ့ ချီစွမ်းအင်က မလုံလောက်သေးလို့ပဲ ဖြစ်မယ်... ခရမ်းရွှေမီးတောက်က ဒါမျိုးတော့ မဟုတ်လောက်ဘူး"

ချင်ယန်၏ ခရမ်းရွှေ မီးတောက်သည် တစ်ခဏအတွင်း ပျောက်ကွယ်သွားတော့သည်။

ထို့နောက် အနက်ရောင် တုန်ခါခြင်း သိုင်းဝိညာဉ်ကို စူးစမ်းရန် စဉ်းစားလိုက်သည်။

သို့သော် ချင်ယန်သည် ထိုသိုင်းဝိညာဉ်ကို မည်သို့ အသုံးပြုရမည်မှန်း မသိပေ။

"ငါ့အခန်းဖော်တွေလည်း တစ်ယောက်မှ မတွေ့ပါလား.. ဘာတွေ လုပ်နေကြပါလိမ့်"

ချင်ယန်သည် ထိုသို့ တွေးမိလိုက်ပြီးနောက် လေ့ကျင့်မှုကို ရပ်တန့်လိုက်သည်။

ထိုခဏ၌ အတန်းတက်ရမည်ကို သတိရသွားကာ အလျင်အမြန် ကိုယ်လက် သန့်စင်လိုက်ပြီး ဟာနေသောဝမ်းကို ဖြည့်၍ စာသင်ခန်း ရှိရာသို့ ဒုန်းစိုင်းပြေးတော့သည်။

ယခုအချိန်လောက်ဆိုလျှင် ဆရာမ ရန်ရှီးယုသည် စာသင်ခန်း အတွင်း၌ ကျောင်းသားများကို သင်ကြားနေလောက်ချေပြီ။

နှစ်စဉ် ဟွာလင်းဝု ကျောင်းတော်ကြီးသည် ကျောင်းသားသစ်များ လက်ခံပြီးသည့် အချိန်တွင် ပြိုင်ပွဲ ကျင်းပလေ့ ရှိသည်။

ကျောင်းတော်သို့ တက်ရောက် သင်ကြားခွင့်ရသည့် ကျောင်းသားများကြားတွင် ထိုပြိုင်ပွဲသည် ရေပန်းစား၏။

ချင်ယန်က စာသင်ခန်း ရှိရာသို့ ဒုန်းစိုင်းပြေးလွှားခဲ့သည်။

သူက စင်္ကြန်လမ်း တစ်လျှောက်တွင် မည်သည့် ကျောင်းသားကိုမှ မတွေ့ခဲ့ရချေ။

စာသင်ခန်းထဲတွင် ရန်ရှီးယုသည် သင်ခန်းစာ ပို့ချသော ထိုင်ခုံတွင် ထိုင်နေပြီး သူမ၏ လှပသော မျက်နှာသည် အေးစက်တင်းမာနေကာ ဒေါသများကို ကြိုးစား၍ ထိန်းချုပ်နေရဟန် ရှိသည်။

ထိုအချိန်မှာပင် ချင်ယန်က စာသင်ခန်း အတွင်းသို့ ဝင်ရောက်လာခဲ့သည်။

ရန်ရှီးယု၏ တင်းမာနေသော မျက်နှာထားသည် ချင်ယန်အား ကြောက်လန့်သွားစေခဲ့၏။

"ဆရာမ.. ကျွန်.. ကျွန်တော် နောက်ကျသွားတယ်"

ရန်ရှီးယု၏ မျက်နှာက တင်းမာခက်ထန်နေခဲ့ပြီး အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။

"အခုကစပြီး ငါ့အခန်းမှာ မင်းတစ်ယောက်တည်း သင်ရမယ်"

"အမ်.. ကျွန်တော် တစ်ယောက်တည်းလား"

ချင်ယန် အံ့အားသင့်သွားသည်။

ထိုသို့ဖြစ်လာမည်ဟု ထင်မထားခဲ့ချေ။

သူတစ်ဦးတည်း သင်ကြားရပါမည်လော။

"သူတို့အားလုံး အခန်းပြောင်းဖို့ မနေ့ညကပဲ ဆုံးဖြတ်လိုက်တယ်"

ရန်ရှီးယု၏ မျက်နှာအမူအရာက ခက်ထန်နေခဲ့သည်။

ဤကျောင်းသားများ၏ အရည်အချင်းကို သူမ စိတ်တိုင်းကျ စစ်ဆေးရွေးချယ်ကာ ခေါ်ယူထားခဲ့ခြင်း ဖြစ်၏။

ချင်ယန်သည် ယမန်နေ့က အခြေအနေကို ပြန်လည် စဉ်းစားမိလိုက်ပြီး ထစ်ငေါ့စွာ ပြောလိုက်သည်။

"ဆရာမ.. ကျွန်.. ကျွန်တော်"

ရန်ရှီးယုက ဒေါသကို ထိန်းချုပ်ထားသော်လည်း အမူအရာကမူ တင်းမာခက်ထန်နေဆဲပင်။

"ချင်ယန်.. မစိုးရိမ်နဲ့.. အခြား ကျောင်းသားတွေထက် မညံ့အောင် ငါမင်းကို သင်ပေးနိုင်ပါတယ်"

ချင်ယန် ခေါင်းကိုသာ ညိတ်လိုက်မိသည်။

ယခုကဲ့သို့ ရုတ်တရက် အပြောင်းအလဲသည် လုံးဝ မရိုးရှင်းပေ။

ဤကိစ္စ၏ နောက်ကွယ်တွင် မိဖုရားကြီး ပါဝင် ပတ်သက်နေလောက်၏။

စာသင်ခန်းအတွင်းရှိ ကျောင်းသားများသည် ရှန်ချင်အင်ပါယာမှ ကျော်ကြားသော သိုင်းပညာရှင်များ၏ မျိုးဆက်များဖြစ်ကြသည်။

မိဖုရားကြီးသာလျှင် ထိုသူများ၏ နောက်ကွယ်မှ ကြိုးကိုင်နိုင်ပေမည် မဟုတ်ပါလား။

"ကဲ.. ကျောင်းသားသစ်တွေ အတွက် လက်တွေ့ တိုက်ခိုက်ရေး ကွင်းပြင်မှာ ယှဉ်ပြိုင်ဖို့ သွားကြစို့"

ယင်းသို့ ပြောပြီးနောက် ရန်ရှီးယုက အခန်းအတွင်းမှ ဒေါသတကြီး ထွက်ခွာသွားခဲ့သည်။

သူမ၏ ဂုဏ်သိက္ခာကို ရန်စခံလိုက်ရသည် ဖြစ်ရာ အဘယ်ကြောင့် စိတ်မဆိုးဘဲ နေနိုင်ပါမည်နည်း။

ဟွာလင်းဝုကျောင်း၏ အလယ်ဗဟိုတွင် လက်တွေ့တိုက်ခိုက်ရေးကွင်းပြင် တည်ရှိသည်။

ထိုနေရာတွင် ကျောင်းသားသစ် အများအပြား ရှိနေကြ၏။

အခန်းပြောင်းသွားသော ကျောင်းသားများသည် ရန်ရှီးယု၏ စူးရှသော အကြည့်အောက်တွင် ပုန်းကွယ်စရာ နေရာမရှိဘဲ တုန်လှုပ်နေကြသည်။

စီနီယာကျောင်းသား အများအပြားသည်လည်း မြေကွက်လပ်၏ ဘေးတွင် လာရောက် ကြည့်ရှုနေကြ၏။

သူတို့၏ မျက်နှာတွင် ပျော်ရွှင်နေဟန်များ ပေါ်ပေါက်နေကြသည်။

ကျောင်းသားသစ်များ၏ ပြိုင်ပွဲကို မစတင်မီ ဇန်း အမည်ရှိ အကြီးအကဲ တစ်ဦးသည် ပျင်းရိဖွယ်ကောင်းသော မိန့်ခွန်းရှည်ကြီးကို ပြောကြားခဲ့၏။

ယင်းနောက် အဆုံးသတ်တွင် ပြိုင်ပွဲကို စတင်ခဲ့သည်။

ဤနှစ်အတွက် ဟွာလင်းဝုကျောင်း၏ သင်ကြားခြင်းသည် ယခုအချိန်မှစ၍ တရားဝင် စတင်ခဲ့ချေပြီ။

ယခုနှစ်တွင် ကျောင်းသားသစ်များ အတွက် စာသင်ခန်း ဆယ့်ခြောက်ခန်း ရှိပြီး ရန်ရှီးယုက အခန်းကိုး၏ တာဝန်ခံဆရာမ ဖြစ်သည်။

သူမ၏ အခန်းတွင် ကျောင်းသားတစ်ဦးသာ ရှိကာ ထိုကျောင်းသားမှာ ချင်ယန် ဖြစ်၏။

အကြီးအကဲဇန်း၏ အော်ဟစ် ပြောဆိုသံက ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။

"အခန်းတွေရဲ့ ယှဥ်ပြိုင်ပွဲ စတင်ပါပြီ"

[အခန်းတွေရဲ့ ယှဉ်ပြိုင်ပွဲလား]

ချင်ယန်သည် ရန်ရှီးယု မည်သည့်အတွက်ကြောင့် အလွန်အမင်း ဒေါသ အကြီးအကျယ် ထွက်နေသည်ကို သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။

သူမ၏ အခန်းတွင် ကျောင်းသား ဟူ၍ ချင်ယန် တစ်ဦးတည်းသာ ရှိနေခဲ့ရာ ယေဘုယျအားဖြင့် သူမ အတွက် ရှုံးနိမ့်ရန် မြေကြီးလက်ခတ်မလွဲ သေချာနေပြီ မဟုတ်ပါလား။

ချင်ယန်သည် အခြားဆရာများ၏ အခန်းများမှ ကျောင်းသားသစ်များကို ကြည့်လိုက်မိသည်။

သူ၏ ကံကြမ္မာဆိုးသည် ရန်ရှီးယုကို ဒေါသဖြစ်စေခြင်း၏ အဓိက တရားခံပင် ဖြစ်သည်။

အခန်း(၁၃) ပြီး၏

All Chapters