အခန်း ၁၄
Vol. 2 Ch. 14
အခန်း (၁၄)
"ဆရာမ.. ဒီပြိုင်ပွဲက အရေးကြီးလို့လား.. အရေးမကြီးရင် ကျွန်တော် မပြိုင်လည်း ရပါတယ်"
ချင်ယန်က ရန်ရှီးယုကို နှစ်သိမ့်လိုက်သည်။
"အခန်းအချင်းချင်း ပြိုင်ပွဲက စာသင်နှစ် အတွက် အရင်းအမြစ်ကို ဆုံးဖြတ်တာပဲ... တကယ်လို့ မင်းရှုံးနိမ့်ခဲ့ရင် မင်းအတွက် ဘာအထောက်အပံ့ အရင်းအမြစ်မှ ရမှာ မရဘူး.. မရခဲ့ရင် ဒီနှစ်အတွက် မင်းရဲ့ လေ့ကျင့်မှုတွေ နောက်ကောက်ကျသွားလိမ့်မယ်
"ဒါ..."
ချင်ယန် မျက်ခုံးများ တွန့်သွားခဲ့သည်။
ဤပြိုင်ပွဲသည် စွန့်စားခြင်းမှ ရရှိသော အသီးအပွင့် တန်ဖိုးကို ကျောင်းသားများ နားလည်စေရန် ဖြစ်သည်။
"ဆရာမ.. ဆုလဒ်က ဘာလဲ"
"ဆုလဒ်က သလင်းကျောက်ပြား နှစ်သောင်း အပါအဝင် အလယ်အလတ်အဆင့် ချီဆေးလုံး နှစ်လုံးနဲ့ အဆင့်မြင့် သိုင်းကျမ်းတစ်ခုပဲ"
ချင်ယန်သည် ရန်ရှီးယု ရှင်းပြသော အကြောင်းအရာများကြောင့် မိဖုရားကြီးက ဟွာလင်းဝုကျောင်းသို့ မိမိ တက်ရောက်မည်ကို အဘယ်ကြောင့် မနှစ်မြို့မှန်း နားလည်သွားခဲ့သည်။
မိဖုရားကြီးသည် ဤကျောင်း၏ စည်းကမ်းချက်များကို ကောင်းစွာသိထား၍ ရန်ရှီးယု၏ စာသင်ခန်းမှ ကျောင်းသားများကို အခြားအခန်းများသို့ ရွှေ့ပြောင်းစေရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ယင်းက ကျောင်းသားတစ်ဦးတည်းသာ ရှိသော အခန်းကိုးကို ရှုံးနိမ့်စေရန် ဆိုလည်းမမှားပေ။
ပတ်ဝန်းကျင်ရှိ စီနီယာ ကျောင်းသားများက မျက်နှာပျက်နေသော ချင်ယန်ကို ကြည့်ကာ လှောင်နေကြ၏။
"အုပ်စုလိုက်ပြိုင်ပွဲမှာ အခန်းကိုးက ကျောင်းသားတစ်ယောက်ထဲ ရှိတာ ဆိုတော့ မတိုက်ခင် ကတည်းက ရှုံးနေပြီပဲ"
ချင်ယန်က မိဖုရားကြီးကို ကျိတ်၍ ကျိန်ဆဲနေမိသည်။
သူမ၏ လှည့်ကွက်က အလွန် ကောင်းမွန်ပြီး သူ့ကို တစ်နှစ်ပတ်လုံး မည်သည့် အထောက်အပံ့မှ မရစေရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
အထောက်အပံ့ အရင်းအမြစ်များ မရှိလျှင် တိုးတက်ရန် မလွယ်ကူချေ။
ထိုအတိုင်းသာ ဖြစ်လာခဲ့လျှင် စာသင်နှစ် တစ်နှစ်လုံး ချင်ယန်အတွက် ခက်ခဲပေတော့မည်။
"ဟားဟား... အခန်းကိုးက တကယ် သနားဖို့ကောင်းတာပဲ"
စီနီယာကျောင်းသားများက ဘေးတွင်ရပ်၍ ပျော်ရွှင်စွာ စကားပြောဆို ရယ်မောနေကြသည်။
အကြီးအကဲဇန်းက သက်ပြင်းချ၍ ပြောလိုက်သည်။
"ဒီနှစ်ရဲ့ အခြေအနေက ထူးခြားတယ်.. အဖွဲ့လိုက်ပြိုင်ပွဲမှာ တစ်ဦးတည်း ပြိုင်ပွဲဝင် ပေါ်လာတာပဲ.. အခန်းကိုးက ကျောင်းသားလေး ချင်ယန်က အင်ပါယာနန်းတော်မှာ ချင်ရှန်ယိနဲ့ တိုက်ခိုက်ပြီး အနိုင်ရခဲ့ပေမဲ့ အရာရှိ တစ်ယောက်ကြောင့် ဒဏ်ရာရခဲ့တယ်.. သူ့ အတွင်းဒဏ်ရာက တော်တော်လေး ပြင်းထန်တယ်"
"အခြားအခန်းက ကျောင်းသားတွေက ပင်ကိုပါရမီ ကောင်းတဲ့ အပြင် အားအင်တွေလည်း ပြည့်ဝနေကြတယ်.. သူတို့တွေထဲမှာ အဆင့်မြင့် သိုင်းဝိညာဉ်တွေနဲ့ စိတ်ဝိညာဥ်သွေးကြော လေး၊ငါးခု ပိုင်ဆိုင်သူ အနည်းငယ် ပါဝင်နေကြတယ်.. သူတို့တွေက အားနည်းတဲ့သူတွေ မဟုတ်တဲ့ အတွက် ဒဏ်ရာရနေတဲ့ ချင်ယန်က သူတို့ကို အဖွဲ့လိုက် ယှဉ်နိုင်မှာ မဟုတ်ဘူး.. ဒါကြောင့် အခန်းအသီးသီးက ကိုယ်စားလှယ် တစ်ယောက်စီ ရွေးချယ်ပြီး တစ်ယောက်ချင်း ပြိုင်ပွဲကိုပဲ ကျင်းပကြတာပေါ့"
ချင်ယန်က ရုတ်တရက် မှေးမှိန်သော မျှော်လင့်ချက် တစ်ခုကို တွေ့လိုက်ရသည်။
မထင်မှတ်ဘဲ ကျောင်းသားသစ်များသည် အဖွဲ့လိုက် ယှဉ်ပြိုင်ခြင်း လမ်းကြောင်းမှ သွေဖယ်သွားခဲ့ပြီ မဟုတ်ပါလား။
"ဟွာလင်းဝုကျောင်းက ဘယ်တော့မှ မမျှမတ မလုပ်ဘူး... ဒီကျောင်းရဲ့ စည်းကမ်းချက်တွေက လူတစ်ဦးရဲ့ ဘဝနဲ့ အသက်ရှင် နေထိုင်မှုကို ထိခိုက်စေဖို့ မဟုတ်ဘူး"
အကြီးအကဲဇန်းက အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
သူက မိဖုရားကြီး၏ နောက်ကွယ်မှ ဖိအားပေး လှုပ်ရှားမှုကြောင့် မကျေမနပ် ဖြစ်နေဟန်ရ၏။
ရန်ရှီးယုသည် ထိုဆုံးဖြတ်ချက်ကို ကြားပြီးနောက် အသံတိုးတိုးဖြင့် ချင်ယန်ကို ပြောလိုက်သည်။
"အရမ်းကြီးလည်း မစိုးရိမ်ပါနဲ့.. တကယ်လို့ ပြိုင်ပွဲမှာ အနိုင်မရရင်တောင် အခြား နည်းလမ်းနဲ့ လိုအပ်တဲ့ အထောက်အပံ့တွေကို ရနိုင်ပါတယ်"
စင်စစ် ကျောင်းသား တစ်ယောက် အတွက် အထောက်အပံ့ အရင်းအမြစ်သည် တန်ဖိုး အလွန်ကြီးမားသည်။
ထိုထက် သူ့ဆရာမ ရန်ရှီးယု၏ ဂုဏ်သိက္ခာက ပိုအရေးကြီး၏။
ယင်းအပြင် ပြိုင်ပွဲတွင် အနိုင်ရလျှင် ရှေ့ဆက်ရမည့် လမ်းကြောင်းကိုလည်း အဆင်ပြေစေမည် ဖြစ်ရာ ချင်ယန် တက်ကြွနေခဲ့သည်။
"ချင်ယန်.. မင်း တိုက်လို့ အဆင်ပြေပါ့မလား.. ပေးစမ်း.. မင်းရဲ့လက်.."
ရန်ရှီးယုသည် ပြောပြောဆိုဆို ချင်ယန်၏ လက်ကို ဖမ်းဆုပ်၍ လက်ကောက်ဝတ်ကို အလောတကြီး စစ်ဆေးလိုက်တော့သည်။
ချင်ယန်က အသက်ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး မျက်လုံးများကို မှိတ်ကာ အတွင်းချီစွမ်းအင်များကို လှုံ့ဆော်လိုက်၏။
ရန်ရှီးယုသည် ချင်ယန်၏ အတွင်းချီစွမ်းအင်များကို တစ်ခဏအတွင်း အာရုံခံမိခဲ့သည်။
အတွင်းချီစွမ်းအင်များက တဖြည်းဖြည်းချင်း ပြင်းထန်စွာ တုန်ခါလာခဲ့ရာ ရန်ရှီးယု မယုံကြည်နိုင် ဖြစ်နေခဲ့၏။
ထိုတုန်ခါမှုသည် ကြာမြင့်ခြင်း မရှိသော်လည်း အလွန်ကြမ်းတမ်းစွာ တုန်ခါခဲ့ခြင်း ဖြစ်သည်။
သူမက ချင်ယန်ကို အနက်ရောင် အတွင်းအား ကျင့်စဉ် ပေးခဲ့သည်။
သူမ နားလည်ထားသလောက် အနက်ရောင် အတွင်းအား ကျင့်စဉ်သည် အလွန် ကောင်းမွန်၍ ဆယ်ရက်အတွင်း အခြေခံအဆင့်ကို ရောက်ရှိနိုင်မည် ဖြစ်သည်။
သို့သော်လည်း အချိန်တိုအတွင်းမှာပင် ချင်ယန်သည် အခြေခံအဆင့် အားလုံးကို ကျော်လွန်ကာ အစပျိုး အဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။
ယင်းအတွက် တစ်ညသာလျှင် ကြာမြင့်ခဲ့၏။
ကျင့်စဥ်အပေါ် ကျွမ်းကျင်မှုနှင့် ပတ်သက်၍ ယေဘုယျအားဖြင့် အစပျိုး အဆင့်၊ အသေးစား အောင်မြင်မှုအဆင့်၊ အကြီးစား အောင်မြင်မှုအဆင့်၊ ပြီးပြည့်စုံခြင်း အဆင့်နှင့် မဟာပြီးပြည့်စုံခြင်း အဆင့်ဟူ၍ အဆင့်ငါးဆင့် ခွဲခြားထားသည်။
ရန်ရှီးယုက အံ့အားသင့်မှုကို ကြိုးစား ထိန်းချုပ်လိုက်ပြီး ချင်ယန်ကို ညွှန်ကြားလိုက်သည်။
"မင်းတိုက်ခိုက်တဲ့အခါ အချိန်ဆွဲလို့မဖြစ်ဘူး.. မဟုတ်ရင် မင်းရဲ့ ဒဏ်ရာတွေက ပြန် ထကြွလာပြီး အနာဂတ်မှာ ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုကို ခံရလိမ့်မယ်"
ပြိုင်ပွဲ၏ ရည်ရွယ်ချက်မှာ ကျောင်းသားသစ်များကို တိုက်ပွဲ အတွေ့အကြုံ ရရှိစေရန်နှင့် ပြိုင်ဆိုင်မှု ပြင်းထန်သော တိုက်ပွဲများ၏ ထုံးစံအရ ရက်စက်မှုများကို သိနားလည်စေရန် ဖြစ်သည်။
ချင်ယန် အတွက်မူ ပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့လျှင် လိုအပ်သော အထောက်အပံ့များ ရရှိတော့မည် မဟုတ်ချေ။
ပြိုင်ပွဲ၏ ရှုံးနိမ့်မှုသည် သူ၏ ဘဝတစ်ခုလုံး ရှုံးနိမ့်သွားခြင်းနှင့် မခြားပေ။
ထို့နောက် ပြိုင်ပွဲ အတွက် အစီအစဉ် အတိုင်း မဲနှိုက်ခဲ့ကြသည်။
ရန်ရှီးယု ရရှိသော မဲစာလိပ်တွင် အခန်းခုနစ်ဟု ရေးသားထားပေရာ အခန်းကိုးနှင့် အခန်းခုနစ်တို့ ယှဉ်ပြိုင်ရမည် ဖြစ်သည်။
တစ်ပွဲရှုံးနိမ့်သည်နှင့် ပြိုင်ပွဲမှ ဖယ်ထုတ်ခြင်း ခံရမည် ဖြစ်ပြီး နောက်ဆုံး ကျန်ရစ်သည့် အခန်းလေးခန်းကိုသာ အနိုင်ရသူအဖြစ် သတ်မှတ်မည် ဖြစ်ရာ အလွန်ရက်စက်သည်ဟု ဆို၍ရ၏။
တစ်ပွဲ ပို၍ အနိုင်ရလျှင် အထောက်အပံ့ အရင်းအမြစ် ပိုမို များပြားလာမည် ဖြစ်၍ ကြောက်ခမန်းလိလိ သွေးဆောင်ဖျားယောင်းမှု ဖြစ်သည့်အပြင် အန္တရာယ်လည်း အလွန်ကြီးမားသည်။
"ကောင်းပြီ.. ပြိုင်ပွဲမှာ အခန်းတွေရဲ့ ကိုယ်စားလှယ် အဖြစ် တိုက်ခိုက်ကြမဲ့ ကျောင်းသားတွေကို ရွေးချယ်ကြပါ"
ရန်ရှီးယု၏ အခန်း၌ ကျောင်းသား ဟူ၍ ချင်ယန် တစ်ဦးတည်းသာဖြစ်၍ အခြား ရွေးချယ်စရာ မရှိပေ။
မကြာမီမှာပင် အခန်းအသီးသီး၏ ပထမအဆင့် ပတ်လည် ပြိုင်ပွဲ အတွက် ကိုယ်စားလှယ်များကို ရွေးချယ်ခဲ့ကြသည်။
တိုက်ဆိုင်သည်ဟု ပြောရပေမည်။
ချင်ယန်နှင့် တိုက်ခိုက်ရမည့်သူမှာ ယန်ကျုံးမင် ဖြစ်နေခဲ့၏။
ယခုအခါ ယန်ကျုံးမင်သည် အခန်းခုနစ်သို့ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်သည်။
သူက မွေးရာပါ စိတ်ဝိညာဉ်သွေးကြော လေးခု ပါရှိပြီး ရွှေရောင်အဆင့် မီးဓာတ်သိုင်းဝိညာဉ်ကို ပိုင်ဆိုင်သူလည်း ဖြစ်သည်။
"ယန်ကျုံးမင်က နာမည်ကျော် ဗိုလ်ချုပ်ကြီးယန်ရဲ့ မြေးပဲ... ဗိုလ်ချုပ်ကြီးယန်က ငါ့ရဲ့ စိတ်ဝိညာဉ်သွေးကြောတွေကို ဆွဲထုတ်ဖျက်ဆီးခဲ့တဲ့ လိပ်အိုကြီးတွေနဲ့ တစ်ဖက်တည်းပဲ"
ချင်ယန်က တီးတိုး ရေရွတ်လိုက်သည်။
"စောစောက ငါဘာပြောထားလဲ ဆိုတာ သတိရပါ"
ရန်ရှီးယုက တစ်ဦးတည်းသော ကျောင်းသား ဖြစ်သည့် ချင်ယန်ကို ထပ်မံ သတိပေးလိုက်သည်။
သံသယဖြစ်စရာ မလိုလောက်အောင်ပင် လူအများစုသည် ချင်ယန်နှင့် ယန်ကျုံးမင် တို့၏ တိုက်ပွဲတွင် မည်သူက ပိုမို အားကောင်းသည်ကို စောင့်ကြည့်နေခဲ့ကြသည်။
"ယန်ကျုံးမင်က ဗိုလ်ချုပ်ကြီးယန်ရဲ့ မြေးလေ.. သူက ငယ်ငယ်လေးတည်းက သိုင်းပညာကို စနစ်တကျ သင်ယူခဲ့တာ ဆိုတော့ သူပဲ အနိုင်ရလိမ့်မယ်"
"ချင်ယန်က အသက်ဆယ်နှစ်သားမှာ မသန်မစွမ်း ဖြစ်သွားခဲ့တယ်.. လွန်ခဲ့တဲ့ ငါးနှစ်လုံးလုံး နာလန်ပြန်ထူဖို့ မနည်း လုပ်ခဲ့ရတယ်.. သူ ချင်ရှန်ယိကို နိုင်ခဲ့တာက ကြက်ကန်းဆန်အိုး တိုးသွားတာပဲ ဖြစ်ရမယ်"
တိုက်ခိုက်ရေး ကွင်းပြင်ဆီ လျှောက်လှမ်းနေသော ချင်ယန်သည် လူအုပ် အတွင်းမှ ထွက်ပေါ်လာသော လှောင်ပြောင်သံများကို အတိုင်းသား ကြားနေရ၏။
သူ၏ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
[လှောင်ပြောင်မှုတွေ.. အရှက်ခွဲမှုတွေကို ကြံ့ကြံ့ခံနိုင်ရမယ်... ငါးနှစ်လုံးလုံး ငါလေ့ကျင့်ခဲ့တာ ဒီနေ့အတွက်ပဲ... ငါလေ့ကျင့်ခဲ့တဲ့ ရလဒ်တွေကို ထုတ်ပြရမယ်]
"ချင်ယန်... ဒူးထောက်ပြီး ဒီနေရာကနေ မိဖုရားကြီးကို တောင်းပန်လိုက်စမ်း"
ယန်ကျုံးမင်သည် ချင်ယန်ကို အမိန့်ပေးသည့် လေသံဖြင့် အထက်စီးမှ ပြောလိုက်သည်။
"မင်းရဲ့အမှားတွေကို ဝန်ခံမယ်ဆိုရင် ငါညှာတာပေးမယ်"
"ခွေးသား.. ငါ့ရဲ့ မြင့်မြတ်တဲ့ ခမည်းတော်တောင် ငါ့ကို သူ့ရှေ့မှာ ဘယ်တော့မှ ဒူးထောက် ဦးမညွှတ်ခိုင်းဘူး.. မင်းကိုယ်မင်း ဘာထင်နေတာလဲ.. မင်းရဲ့ အဘိုး ဗိုလ်ချုပ်ကြီးတောင် ငါ့ကို ဖင်ကုန်းပြီး ဦးညွှတ်ခဲ့ရတာ မင်း မေ့နေပြီလား"
ချင်ယန်၏ စကားတွင် လှောင်ပြောင်နှိမ့်ချခြင်းများ အပြည့်အဝ ပါဝင်နေခဲ့သည်။
"မင်းရဲ့ အဘိုးက မိဖုရားကြီး လက်အောက်က ခွေးဝဲစားအိုကြီးပဲ... မင်းက ဘာကြောင့် သူ့အတွက် ဂုဏ်ယူဝံ့ကြွားနေတာလဲ"
ပြိုင်ပွဲကို ကြည့်ရှုနေသော ကျောင်းသားများထံမှ ခပ်အုပ်အုပ် ရယ်သံများ ထွက်လာခဲ့သည်။
ယန်ကျုံးမင်က ချက်ချင်းပင် ဒေါသ အကြီးအကျယ် ထွက်ကာ အော်ဟစ်လိုက်သည်။
"ငါ့ရဲ့ အဘိုးကို ဘယ်သူမှ စော်ကားခွင့် မပြုနိုင်ဘူး"
ယန်ကျုံးမင်က လက်ချောင်းသုံးချောင်း ထောင်လိုက်ပြီး အေးစက်စက် လေသံဖြင့် အထင်သေးစွာ ပြောလိုက်ပြန်သည်။
"သုံးကွက်.. သုံးကွက်အတွင်း ငါမင်းကို အနိုင်ယူပြမယ်"
"အခန်းခုနစ်နဲ့ အခန်းကိုး စတိုက်လို့ရပြီ"
အကြီးအကဲဇန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ဒေါသ အကြီးအကျယ် ထွက်နေသော ယန်ကျုံးမင်သည် လေးညှို့မှ ပစ်လွှတ်လိုက်သော မြှားတစ်စင်းပမာ ချင်ယန်ထံသို့ ခုန်ဝင်သွားခဲ့သည်။
သူ၏ ခြေလှမ်းများက အလင်းတန်းတစ်ခု အလား လျင်မြန်လွန်း၏။
"ဒါ ဖီးနစ်ငှက် ကျဆုံးခြင်း ခြေလှမ်းပဲ"
ထိုပညာရပ်သည် အဆင့်မြင့် ခြေလှမ်းသိုင်း ဖြစ်ပြီး ယန်ကျုံးမင်က သင်ယူ တတ်မြောက်ထားခဲ့သည်။
ယန်ကျုံးမင်၏ လျင်မြန်မှုက အလွန် အထင်ကြီးဖွယ် ကောင်း၏။
"ဖီးနစ်ငှက် ကျဆုံးခြင်း ခြေလှမ်းသိုင်းက အရမ်းကောင်းတဲ့ သိုင်းပညာရပ် တစ်ခုပဲ"
အခန်းများမှ တာဝန်ခံဆရာများသည် မနေ့ကမှ သိုင်းဝိညာဉ် နိုးထခဲ့သော ကျောင်းသားသစ်များကို ကိုယ်စားလှယ် နေရာအတွက် မရွေးချယ်ဘဲ အခြေခံခိုင်မာသော ကျောင်းသားသစ်များကိုသာ ရွေးချယ်ခဲ့သည်။
ထိုသို့ ရွေးချယ်ခံရသော ကျောင်းသားများသည် မိသားစု၏ မူပိုင် သိုင်းပညာရပ်များကို ဆက်ခံထားသူများ ဖြစ်ကြသည်။
အခန်း(၁၄) ပြီး၏