အခန်း ၁၅
Vol. 2 Ch. 15
အခန်း (၁၅)
ယန်ကျုံးမင်သည် ချင်ယန်၏ ရှေ့သို့ ရောက်သည်နှင့် လက်ချောင်းနှစ်ချောင်းကို အသုံးပြု၍ တိုက်ခိုက်လိုက်သည်။
ထိုလက်ချောင်းလေး နှစ်ချောင်းတွင် ပမာဏကြီးမားသော ချီစွမ်းအားများကို စုစည်းထားခြင်း ဖြစ်သည်။
သူ၏ လက်ချောင်းထိပ်များသည် အနည်းငယ် တုန်ခါနေပြီး ကြည်လင်သော အခိုးအငွေ့များ ထွက်ပေါ်နေခဲ့သည်။
ယန်ကျုံးမင်သည် လက်ချောင်း နှစ်ချောင်းကို အလွန် လျင်မြန်စွာဖြင့် ချင်ယန်၏ ဝမ်းဗိုက်အောက်ပိုင်းသို့ ထိုးစိုက်လိုက်သည်။
ဝမ်းဗိုက် အောက်ဘက်ပိုင်းတွင် ကျင့်ကြံသူများ အတွက် အလွန် အရေးကြီးသော သဘာဝစွမ်းအင် အရင်းအမြစ် စုဆောင်းထားသည့်နေရာ (ဝါ) ဒန်တျန် တည်ရှိသည်။
ယန်ကျုံးမင်သည် သူ၏ စွမ်းအားများကို စုစည်း၍ တိုက်ခိုက်လိုက်ခြင်း ဖြစ်ရာ အနည်းဆုံး ဂျင်ငါးထောင် ပမာဏ ခွန်အားများ ပါဝင်နေခဲ့၏။
သူ၏ ရည်ရွယ်ချက်က ချင်ယန်၏ ဒန်တျန်ကို ဖျက်ဆီးရန် ဖြစ်မှန်း သိသာနေခဲ့သည်။
ယင်းမှာ ပြိုင်ပွဲအတွင်း၌ ရက်စက်သော နည်းလမ်းကို အသုံးပြုလိုက်ခြင်းပင်။
စီနီယာ ကျောင်းသားကြီးများသည် ထိုမျှ ရက်စက်သောတိုက်ခိုက်မှုကို မြင်လိုက်ရလျှင် မျက်မှောင်ကြုတ်မိလိုက်ကြသည်။
မိဖုရားကြီး၏ မျက်နှာသာပေးခြင်းကို ရရှိလိုသောကြောင့် ယန်ကျုံးမင်သည် ယခုကဲ့သို့ ရက်စက်ကြမ်းကြုတ်သော သိုင်းကွက်ကို အသုံးပြုလိုက်ခြင်း ဖြစ်မှန်း သူတို့ သိကြ၏။
မျက်စိတစ်မှိတ်အတွင်း ယန်ကျုံးမင်၏ လက်ချောင်းနှစ်ချောင်းသည် ချင်ယန်၏ ဝမ်းဗိုက် အောက်ဘက်ခြမ်းသို့ ရက်စက်စွာ ထိုးစိုက်လာခဲ့သည်။
ထိုအခိုက်အတန့်၌ လူအားလုံးနီးပါးသည် ချင်ယန်၏ ဒန်တျန် ပျက်စီးတော့မည်ဟု ယုံကြည်နေခဲ့ကြသည်။
ရန်ရှီးယု အလွန် ဒေါသထွက်နေခဲ့၏။
အဆုံးသတ်တွင် ချင်ယန်က အဘယ့်ကြောင့် ယုတ်မာသော မိဖုရားကြီးနှင့် နန်းတွင်း အရာရှိအိုကြီးများကို အလွန်မုန်းတီးနေမှန်း သူမ နားလည်သွားခဲ့ချေပြီ။
ယန်ကျုံးမင်ကမူ ကျိတ်၍ ဝမ်းသာနေခဲ့သည်။
သူ၏ လှုပ်ရှားမှုက ကျိန်းသေ အောင်မြင်မည်ဟု ယုံကြည်နေခဲ့၏။
ထိုခဏဝယ် သူ၏ လက်ချောင်းများက ချင်ယန်၏ ဝမ်းဗိုက်ကို မာကျောသော သံမဏိချောင်းများနှယ် ထိုးစိုက်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူ၏ လက်ကောက်ဝတ်ကနေ ပူလောင်သော ဝေဒနာကို ခံစားလိုက်ရသည်။
မြင်ကွင်းသည် လူအားလုံးကို အလွန် အံ့အားသင့်သွားစေခဲ့သည်။
ယန်ကျုံးမင်၏ လျင်မြန်ပြင်းထန်သော တိုက်ခိုက်မှုကို ချင်ယန်သည် ရွေ့လျားခြင်းမရှိဘဲ တောင်ကြီးတစ်လုံးပမာ ခံယူခဲ့သည်။
ယန်ကျုံးမင်၏ လက်ချောင်းများသည် ချင်ယန်၏ ဝမ်းဗိုက်ကို ထိုးဖောက်ချိန်တွင် ချန်ယန်၏ လက်တစ်ဖက်က အလွန်လျင်မြန်စွာဖြင့် ယန်ကျုံးမင်၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်ထားလိုက်ခြင်းပင်။
"မင်းက တကယ်ကို ရက်စက်တာပဲ"
ချင်ယန်၏ အေးစက်စက် အသံတွင် ဒေါသ အရိပ်အယောင်များ ပါဝင်နေခဲ့၏။
ချင်ယန်က စကားဆုံးသည်နှင့် ယန်ကျုံးမင်၏ လက်ကို လိမ်ချိုးလိုက်ရာ အရိုးကျိုးသံ ထွက်ပေါ်လာခဲ့သည်။
ယန်ကျုံးမင်သည် မခံမရပ်နိုင်အောင် နာကျင်သော ဝေဒနာကြောင့် သတိမေ့လုနီးပါးပင် ဖြစ်သွားခဲ့သည်။
သူ၏ လက်သည် လိမ်ချိုးခံလိုက်ရခြင်းကြောင့် ပခုံးအောက်ကနေ တွဲလောင်းကျနေပြီး လက်တစ်ချောင်းလုံးရှိ အရိုးများ ကျိုးကြေသွားကာ အရေပြားကြောင့်သာ ပြုတ်ထွက်မသွားခြင်း ဖြစ်သည်။
တစ်ချက်ကြည့်ရုံဖြင့် သူ၏ဒဏ်ရာက အလွန်ပြင်းထန်မှန်း သိနိုင်၏။
ဒေါသစိတ်ဖြင့် တင်းတင်း ဆုပ်ထားသော ချင်ယန်၏ လက်သီးသည် ကြီးမားသော လှိုင်းလုံးကြီး တစ်ခုပမာ ယန်ကျုံးမင်၏ ဝမ်းဗိုက်ကို ထိုးနှက်လိုက်သည်။
သူ၏ တိုက်ခိုက်မှုသည် ဒေါသထွက်နေသော ကျားဆိုးကြီးတစ်ကောင်၏ ပြင်းထန်သော တိုက်ခိုက်မှုနှင့် မခြားပေ။
ထိုလက်သီးချက်သည် ချင်ယန်၏ တစ်ခုတည်းသော သိုင်းပညာ ဖြစ်သည့် ကျားဝိညာဉ်လက်သီးသိုင်း ဖြစ်သည်။
"အား..."
လက်သီးချက်က ယန်ကျုံးမင်၏ ဝမ်းဗိုက်ကို အတိအကျ ထိမှန်သွားခဲ့သည်။
ယန်ကျုံးမင်က ငယ်သံပါအောင် အော်ဟစ်လိုက်ကာ ပါးစပ်မှ သွေးများ ပန်းထွက်လာခဲ့သည်။
"ရပ်လိုက်"
ဆရာတစ်ဦးမှ အမြန်အော်ဟစ်၍ တားဆီးလိုက်သည်။
ချင်ယန်၏ ဒေါသစိတ်များက အနည်းငယ်မျှပင် လျော့နည်းမသွားသေးချေ။
သူက ကျားဝိညာဉ် လက်သီးချက်ဖြင့် ယန်ကျုံးမင်၏ မျက်နှာသို့ ထပ်မံ ထိုးနှက်လိုက်သည်။
ပြင်းထန်သော လက်သီးချက်ကြောင့် ယန်ကျုံးမင်သည် ထပ်မံ အော်ဟစ်လိုက်ရပြီး ခန္ဓာကိုယ် တစ်ခုလုံး လွင့်ထွက်သွားကာ ပြိုင်ပွဲကျင်းပရာ စင်မြင့်၏ ကြမ်းပြင်ပေါ်သို့ အရှိန်ပြင်းစွာ ကျသွားခဲ့သည်။
ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားပြီးနောက်တွင်လည်း နှစ်ပတ်သုံးပတ် လိမ့်သွားပြီးမှသာ ငြိမ်သက်သွားခဲ့၏။
အခန်းခုနစ်၏ တာဝန်ခံဆရာက ယန်ကျုံးမင် ထံသို့ အလျင်အမြန် သွားရောက် စစ်ဆေးလိုက်သည်။
ထို့နောက် မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။
"ဒန်တျန်ထဲက သဘာဝစွမ်းအင်တွေ ဖရိုဖရဲ ဖြစ်ကုန်ပြီ... အမြန် ကုသမှရမယ်"
တစ်ယောက်မှ သွားမကူညီခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် ယန်ကျုံးမင် ဘက်မှ စတင်၍ ရက်ရက်စက်စက် တိုက်ခိုက်ခဲ့ခြင်းကြောင့် ဖြစ်သည်။
ချင်ယန်၏ ဆုံးဖြတ်ချက်သာ လွဲမှားသွားခဲ့လျှင် ယခု လဲကျနေသူသည် ချင်ယန်သာ ဖြစ်နေပေလိမ့်မည်။
သူတစ်ပါးကို ရက်စက်ခြင်းကြောင့် ပြန်လည် ရက်စက်ခံရခြင်းကို မည်သူကမှ ကရုဏာထားမည် မဟုတ်ပေ။
"သုံးကွက်ထက် မပိုဘူး... ဘယ်သူက အသုံးမကျတဲ့ အမှိုက်လဲ.. ဟမ့်.. အမှိုက်က ငါမဟုတ်ဘူး... မင်းကမှ သောက်ဖြစ်မရှိဘဲ လေလုံးကြီးတဲ့ အမှိုက်ပဲ"
ချင်ယန်က ခနဲ့လိုက်သည်။
သူအနိုင်ရလိမ့်မည်ဟု မည်သူမှ ထင်မှတ်မထားခဲ့ပေ။
ထို့ပြင် ယန်ကျုံးမင်သည် သုံးကွက်အတွင်း ဆိုးဆိုးဝါးဝါး ရှုံးနိမ့်သွားခဲ့၏။
စီနီယာကျောင်းသားကြီးများ ထံမှ အုတ်အုတ်ကျက်ကျက် အသံများ ထွက်ပေါ်လာခဲ့သည်။
ထိုကျောင်းသားကြီးများသည် ချင်ယန်၏ မြန်ဆန်သောလှုပ်ရှားမှုကြောင့် အံ့အားသင့်နေကြသည်။
အမှန်တကယ်ပင် ချင်ယန်၏ လှုပ်ရှားမှုသည် သုံးကွက်ထက် မပိုခဲ့ချေ။
လက်သီးစွမ်းရည်တွင်လည်း ကျွမ်းကျင်ကြောင်း ပြသနိုင်ခဲ့၏။
ထို့အပြင် အတွင်းချီစွမ်းအင်ကို လိုသလို ထိန်းချုပ်နိုင်ခဲ့ရာ ဆရာများပင် အံ့အားသင့်သွားခဲ့သည်။
"ဒါက ကျားဝိညာဉ်လက်သီးသိုင်းမှ ဟုတ်ရဲ့လား"
"ချင်ယန်ရဲ့ ချီစွမ်းအင်က အားမနည်းဘူး.. အတွင်းဒဏ်ရာရနေတယ် ဆိုတာ လုံးဝ မဟုတ်ဘူး"
"သူက ဘယ်လိုဖြစ်လို့ ယန်ကျုံးမင်ရဲ့ လက်ချောင်းနဲ့ ထိုးမိတာကို ဘာဒဏ်ရာမှ မရတာလဲ... သူ့ ခန္ဓာကိုယ်ကပဲ အရမ်းမာကျောနေတာလား"
"စိတ်ဝိညာဉ်သွေးကြော တစ်ခုနဲ့ ဒီလောက်ထိ လုပ်နိုင်တာ တကယ့်ကို အံ့သြစရာပဲ"
"ကြည့်ရတာ သူ့ရဲ့ ခရမ်းရွှေ မီးဓာတ် သိုင်းဝိညာဉ်က သူ့ရဲ့ချီစွမ်းအင်ကို ပိုပြီး သန်မာလာစေတာ ဖြစ်မယ်"
ချင်ယန်သည် လွန်ခဲ့သည့် ငါးနှစ်လုံးလုံး ဆင်းရဲပင်ပန်းခံကာ ခန္ဓာကိုယ်ကို ကြမ်းတမ်းစွာ အပြင်းအထန် လေ့ကျင့်ခဲ့သည်။
ထိုသို့ အားထုတ်ခဲ့ခြင်း၏ အကျိုးရလဒ်ကြောင့် သူ၏ ခန္ဓာကိုယ်က အလွန်အမင်း သန်မာလာခဲ့၏။
အနက်ရောင် အတွင်းအား ကျင့်စဉ်ကို လေ့ကျင့်ပြီးနောက်တွင် သူ၏ အတွင်းချီစွမ်းအင်များက အလွန် အားကောင်းလာခဲ့သည်။
အဖြစ်မှန်မှာ လက်ချောင်းက သူ၏ ဝမ်းဗိုက်ကို မထိခင်ကပင် အတွင်းချီစွမ်းအင်များကို စုစည်း၍ တောင့်ခံခဲ့ခြင်းသာ။
ဤသို့ဖြင့် သူက ယန်ကျုံးမင်၏ တိုက်ခိုက်မှုကို အောင်မြင်စွာ ပိတ်ဆို့ ကာကွယ်နိုင်ခဲ့ခြင်းပင်။
လက်ရှိတွင် အတွင်းချီစွမ်းအင်များကို သူ၏ အရေပြားနှင့် အသားများ အတွင်းသို့ ဖြတ်သန်း စီးဆင်းစေနိုင်ခဲ့ရာ ဓားလှံများနှင့် ထိုးခုတ်ခြင်းကိုပင် ခုခံနိုင်စွမ်း ရှိနေခဲ့ချေပြီ။
ထို့ပြင် ချင်ယန်သည် ယမန်နေ့ညက အတွင်းအားကျင့်ရာတွင် အောင်မြင်မှု အနည်းငယ်ကို ရယူနိုင်ခဲ့သည်။
သူ၏ ယွမ်မျိုးစေ့အတွင်း သိပ်သည်းထားသော ချီစွမ်းအားများကို သိုင်းဝိညာဉ် ထံသို့ အတားအဆီး မရှိ ပို့လွှတ်နိုင်ခဲ့ပြီ ဖြစ်၍ ချင်ယန်၏ အတွင်းအားများသည် ယန်ကျုံးမင်၏ အတွင်းအားထက် နှစ်ဆမျှ ပိုမို နက်ရှိုင်းနေခဲ့သည်။
ယင်းက ချင်ယန် အနိုင်ရခြင်း၏ သော့ချက် ဆိုလည်းမမှားပေ။
အကြီးအကဲဇန်း၏ ကြေညာသံ ထွက်ပေါ်လာခဲ့သည်။
"ယန်ကျုံးမင် ရှုံးနိမ့်ခဲ့တဲ့ အတွက် အခန်းကိုးက ချင်ယန် အနိုင်ရသွားပါပြီ"
အစောပိုင်းတွင် အခန်းခုနစ်မှ ကျောင်းသားများသည် အလွန်ကျေနပ်အားရခဲ့ကြသည်။
ယန်ကျုံးမင်က ချင်ယန်ကို အလွယ်တကူ အနိုင်ရမည်ဟု ယုံကြည်ခဲ့ကြ၏။
ယခုအချိန်တွင်မူ သူတို့အားလုံး၏ ရင်ထဲတွင် ခါးသီးမှုကိုသာ ခံစားနေရသည်။
ဤစာသင်နှစ်အဖို့ သူတို့၏ အားမာန်များ ပျောက်ကွယ်သွားခဲ့ချေပြီ။
ချင်ယန်ကို လျှော့တွက်ခဲ့ကြပြီး ယန်ကျုံးမင် အပေါ် မျှော်လင့်ခဲ့သည့် အရာအားလုံးနှင့် သူတို့၏ ယုံကြည်ချက်များသည် ခရမ်းရွှေ မီးဓာတ် သိုင်းဝိညာဉ်၏ ဆန်းကြယ်သည့် စွမ်းရည်ကြောင့် ကျဆုံးခဲ့ရသည် ဟူ၍ ယူဆခဲ့ကြသည်။
စင်စစ် ချင်ယန်၏ အတွင်းအား ကျင့်ကြံမှုက အစပျိုး အဆင့်သို့ ရောက်ရှိနေခြင်းကို ရန်ရှီးယု တစ်ဦးတည်းသာ သိထားခဲ့သည်။
ချင်ယန်က ရန်ရှီးယု၏ နံဘေးသို့ ပြန်လည် လျှောက်လှမ်းလာခဲ့သည်။
ရန်ရှီးယု၏ မျက်ဝန်းများတွင် ချီးကျူးဟန်များ ပေါ်နေပြီး ချင်ယန်အား ပြုံးပြလိုက်သည်။
သူမ၏ လှပသောအပြုံးသည် ဆွဲဆောင်မှု ရှိရုံသာမက နူးညံ့နေပေ၏။
ထိုအပြုံးသည် မြင်လိုက်ရသူတိုင်း၏ နှလုံးသားများကို လှုပ်ခါသွားစေခဲ့သည်။
"အရမ်းတော်တယ်.. မင်းဒီလောက်ထိ လုပ်နိုင်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး"
ရန်ရှီးယု အဖို့ စိတ်သက်သာရာ ရခဲ့ပြီ ဖြစ်သည်။
ချင်ယန်သည် အခြားသူများ၏ ပွဲစဉ်များကို ကြည့်ရှုလေ့လာခဲ့သည်။
ပါဝင် ယှဉ်ပြိုင်နေသူများအတွက် အနိုင်အရှုံးသည် အချိန်မရွေး ဖြစ်လာနိုင်၏။
ယခုအချိန်၌ ချင်ယန် စိတ်ဝင်စားနေသည်မှာ ဂျန်မိသားစုမှ အသံလှိုင်း သိုင်းဝိညာဉ် ပိုင်ဆိုင်သူကို ဖြစ်သည်။
အသံလှိုင်း သိုင်းဝိညာဉ်သည် အခြားသူကို တိုက်ခိုက်နိုင်သည့် အသံလှိုင်းစွမ်းအင်ကို ထုတ်ဖော်နိုင်၏။
"ကျေးဇူးပြုပြီး ဒီကောင်နဲ့ ငါ မတွေ့ပါစေနဲ့"
ချင်ယန်သည် သူ့အတွက် အန္တရာယ်မရှိစေရန် စဉ်းစားနေခြင်းဖြစ်သည်။
အသံလှိုင်းကို အသုံးပြု၍ တိုက်ခိုက်မှုသည် အလွန်ထူးခြား၏။
မကြာမီ ပထမအဆင့် ပွဲစဉ်များ ပြီးဆုံးခဲ့သည်။
အခန်းရှစ်ခန်းသည် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည်။
ထို့နောက် ဒုတိယပွဲစဉ်အတွက် မဲနှိုက်ကြပြန်သည်။
ရန်ရှီးယုသည် မဲလိပ်ကို ကြည့်ပြီးနောက် သူမ၏ ညံ့ဖျင်းသောကံကိုသာ ကျိတ်၍ ကျိန်ဆဲလိုက်မိသည်။
သူမ နှိုက်ယူခဲ့သော မဲလိပ်မှာ အခန်းဆယ့်တစ် ဖြစ်နေ၏။
အခန်းဆယ့်တစ်မှ ယီဝေရှန်းသည် ရွှေရောင်မိုးကြိုးသိုင်းဝိညာဉ် ပိုင်ဆိုင်သူ ဖြစ်သည်။
ထို့အပြင် ယီမိသားစု၏ မူပိုင် သိုင်းပညာ ဖြစ်သည့် မိုးကြိုးသိုင်းပညာကို တတ်မြောက်ထားသူလည်း ဖြစ်သည်။
စဉ်းစားစရာ မလိုလောက်အောင်ပင် ယီဝေရှန်းသည် မိုးကြိုး သိုင်းဝိညာဉ်ကို အသုံးပြု၍ မိုးကြိုးသိုင်းပညာကို သေချာပေါက် ထုတ်ဖော်ပေလိမ့်မည်။
"ယီဝေရှန်းက မိဖုရားကြီးရဲ့ မိသားစုဝင်ပဲ.. မိဖုရားကြီးက သူ့ရဲ့ အဒေါ် တော်စပ်တယ်.. မင်းအတွက်တော့ သူ့ရဲ့ လှုပ်ရှားမှုတွေက သေချာပေါက် အလင်းထက် ပိုမြန်နေလိမ့်မယ်"
ရန်ရှီးယုက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
"သူ့ရဲ့ ယှဉ်ပြိုင်မှုကို ငါကြည့်ခဲ့ပြီးပြီ... မိုးကြိုးစွမ်းရည်ကို ထုတ်ဖော်ဖို့အတွက် ချီစွမ်းအင် အနည်းငယ်ကိုပဲ အသုံးပြုခဲ့တယ်.. ဒါက ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ဖို့ စွမ်းအားကို ချွေတာနေတာပဲ.. မင်းအနေနဲ့ အထူးဂရုစိုက်မှ ဖြစ်မယ်"
"ဒါဆို မိဖုရားကြီးကလည်း မိုးကြိုးသိုင်းဝိညာဉ်ကို ပိုင်ဆိုင်ထားတာပေါ့.. ကျွန်တော်က သူ့ရဲ့ သိုင်းဝိညာဉ်ကို မြွေပွေး ဖြစ်မယ်လို့ ထင်ထားတာ"
ချင်ယန်က နှုတ်ခမ်းများကို တွန့်ကွေးကာ ပြောလိုက်ပြီး စင်မြင့်ပေါ်သို့ လျှောက်လှမ်းသွားခဲ့သည်။
စင်စစ် ယီဝေရှန်းသည်လည်း ချောမောလှပသည့် ရန်ရှီးယု ထံတွင် သင်ယူချင်ခဲ့သည်။
သို့သော်လည်း သူက အခန်းပြောင်းရန် ဖိအားပေးခံခဲ့ရ၏။
ချင်ယန်သည် ထိုအဖြစ်အပျက်၏ အဓိကတရားခံ ဖြစ်သည်။
ချင်ယန်ကို ဒုက္ခိတ ဖြစ်အောင် လုပ်နိုင်ခဲ့လျှင် သူက ရန်ရှီးယု၏ အခန်းသို့ ပြန်လည် ပြောင်းရွှေ့နိုင်လိမ့်မည်ဟု ယုံကြည်ထားခဲ့သည်။
ယီဝေရှန်းက စင်မြင့်ပေါ်သို့ တက်ရောက်လာခဲ့၏။
သူ၏ လက်သီးမှ မိုးကြိုး အလင်းများ စတင် ထုတ်လွှတ်နေသည်။
ထိုအရာသည် မိုးကြိုးချီစွမ်းအင် ဖြစ်သည်။
"ယီဝေရှန်းက ယီမိသားစုရဲ့ မိုးကြိုးလက်သီးသိုင်းကို အစပျိုးအဆင့်လောက်တော့ ကျင့်ပြီးလောက်ပြီ ထင်တယ်"
"မိုးကြိုးချီစွမ်းအင်ကို နည်းနည်းမှ လျှော့မတွက်နဲ့.. တော်ရုံ အတွင်းချီစွမ်းအင်ထက် ပိုအားကောင်းတယ်"
ကျောင်းသားအချို့က ယီဝေရှန်း၏ မိုးကြိုးလက်သီးသိုင်းကို ချီးကျူး ပြောဆိုနေခဲ့ကြ၏။
"မင်းရဲ့ ကျားဝိညာဉ်လက်သီးက အရမ်း အားကြီးတယ်... ဘယ်လောက်ထိ အားကြီးလဲ ဆိုတာ ငါသိချင်နေပြီ.. ကဲ.. ငါတို့ စလိုက်ကြရအောင်"
ယီဝေရှန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
"မိုးကြိုးလက်သီးသိုင်းက ယီကလန်ရဲ့ စိတ်ဝိညာဥ် အဆင့် သိုင်းပညာ ဖြစ်ပေမဲ့ ကျားဝိညာဉ်လက်သီးသိုင်းကတော့ စိတ်ဝင်စားစရာမရှိတဲ့ လမ်းဘေးအဆင့်သိုင်းပဲ"
"ဟက်.. ယီဝေရှန်းက အရမ်း အနိုင်မကျင့်ပါဘူး... စိတ်ဝိညာဥ် အဆင့် သိုင်းပညာကို အသုံးပြုပြီး လက်သင်အဆင့် ဝါနုလေးကို ပညာပေးရုံလောက်ပါပဲ"
"ချင်ယန်က ငတုံးမဟုတ်တာ... သူ မနိုင်လောက်တဲ့ အရာကို လက်ခံပြီး ပြိုင်နေမှာ မဟုတ်ဘူး"
မိုးကြိုးလက်သီးသိုင်းသည် စိတ်ဝိညာဥ် အဆင့် သိုင်းပညာ ဖြစ်သည်။
ချင်ယန်သည် အင်ပါယာနန်းတော်တွင် မည်သည့် သိုင်းပညာကိုမှ မသင်ယူခဲ့ရပေ။
သူက အခြားသူများ၏ ဘဝကိုသာ တိတ်တဆိတ် အားကျနေခဲ့ရသည်။
"ကောင်းပြီလေ"
ချင်ယန်က ယီဝေရှန်း၏ စိန်ခေါ်မှုကို အကြောက်အလန့်ကင်းစွာ လက်ခံခဲ့သည်။
အခန်း(၁၅) ပြီး၏