အခန်း ၁၆
Vol. 2 Ch. 16
အခန်း (၁၆)
"ငါ့စကားကို ငါတာဝန်ယူတယ်"
ယီဝေရှန်းသည် ချင်ယန်၏ လက်ခံမှုကြောင့် ကျေနပ်ပီတိဖြစ်သွားခဲ့သည်။
သူက ယီမိသားစု၏ မိုးကြိုးလက်သီးသိုင်းကို အလွန် ယုံကြည်နေခဲ့၏။
"အားလုံးပြီးသွားပြီ... ဒါက စိတ်ဝိညာဉ်အဆင့် သိုင်းပညာပဲ... မနိုင်စရာ ဘာအကြောင်းမှမရှိဘူး"
ဆရာတစ်ဦး ထံမှ တီးတိုးရေရွတ်သံ ထွက်ပေါ်လာခဲ့သည်။
"အခန်းကိုးနဲ့ အခန်းဆယ့်တစ်.. စမယ်"
စင်မြင့်အောက်မှ အကြီးအကဲဇန်း၏ အော်သံ ပေါ်ထွက်လာခဲ့သည်။
"ချင်ယန်နဲ့ ယီဝေရှန်းတို့ရဲ့ တိုက်ခိုက်ရေး စွမ်းအားက အခြားသူတွေထက် ပိုပြင်းထန်တယ်... သူတို့ရဲ့ အားကုန်ထုတ် တိုက်ခိုက်လိုက်တဲ့ စွမ်းအားတွေက ကြောက်ခမန်းလိလိ စွမ်းအားကြီးလိမ့်မယ်"
လူတိုင်းသည် အသက်ရှူရန်ပင် မေ့လျော့နေကြကာ စင်မြင့်ပေါ်သို့ မျက်ခြေမပြတ် ကြည့်နေကြသည်။
ချင်ယန်နှင့် ယီဝေရှန်း တို့သည် ကျောင်းသားသစ်များ ဖြစ်ကြသော်လည်း သူတို့၏ ပြိုင်ပွဲသည် အလွန် စိတ်ဝင်စားဖွယ်ကောင်းနေခဲ့၏။
ယီဝေရှန်း၏ ညာလက်သီးသည် စတင် တုန်ခါလာခဲ့သည်။
သူ၏တစ်ကိုယ်လုံးရှိ သွေးကြောများမှ ဖောက်ခနဲ မြည်သံများ ထွက်လာခဲ့၏။
ချက်ချင်းပင် မိုးခြိမ်းသံများ အဆက်မပြတ် မြည်ဟီးလာခဲ့သည်။
ချီစွမ်းအင်များမှ ဖြစ်ပေါ်လာသော မိုးကြိုးချီစွမ်းအားက လွန်စွာ အားကောင်းနေ၍ ယီဝေရှန်းသည် မိုးကြိုးလက်သီးသိုင်းတွင် အဆင့်တစ်ခု အထိ ရောက်နေသည်မှာ သေချာနေ၏။
ချင်ယန်နှင့် ယီဝေရှန်း တို့သည် ကျယ်လောင်စွာ မာန်သွင်းလိုက်ကြပြီး လက်သီးများဖြင့် တစ်ပြိုင်နက် တိုက်ခိုက်လိုက်ကြသည်။
ယီဝေရှန်း၏ လက်သီးတွင် မိုးကြိုးအလင်းများ တောက်ပနေခဲ့သည်။
ချင်ယန်၏ လက်သီးတွင်မူ မှေးမှိန်သော ရွှေရောင်မီးတောက်တစ်ခု ထွက်လာခဲ့၏။
ချင်ယန်၏ လက်သီးမှ ထွက်ပေါ်လာသော မီးတောက်သည် တခဏအတွင်း အားကောင်းလာခဲ့ကာ လောင်မြိုက်နေသော မီးလှိုင်းလုံးကြီး သဖွယ် ဖြစ်လာခဲ့သည်။
ထိုမီးလှိုင်းလုံးကြီးသည် အတွင်းချီစွမ်းအင်မှ ပြောင်းလဲထားသော မီးဓာတ်စွမ်းအင် ဖြစ်သည်။
စင်မြင့်ထက်တွင် ချင်ယန် ထုတ်ဖော်လိုက်သည့် မီးတောက်ကို မြင်လိုက်ရလျှင် လူအားလုံး အံ့ဩတုန်လှုပ်သွားကြ၏။
ထိုသို့ အားကောင်းသော မီးတောက်ကို ကျွမ်းကျင်စွာ ထုတ်ဖော်နိုင်ခြင်းသည် ချီစွမ်းအင်ကို သိုင်းဝိညာဉ်နှင့် အတားအဆီးမရှိ ချိတ်ဆက်နိုင်ခြင်းကြောင့် ဖြစ်သည်။
ဤမီးတောက်မှတဆင့် ချင်ယန်၏ အတွင်းချီ စွမ်းအားက အစပျိုး အဆင့်ကို ရောက်ရှိနေမှန်း သိသာထင်ရှားစွာ မြင်နိုင်၏။
ချင်ယန်၏ ချီစွမ်းအင်သည် အဝေးတွင်ရှိစဥ် ကတည်းကပင် ယီဝေရှန်း၏ မိုးကြိုးချီစွမ်းအင်ကို ဖိနှိပ်ထားခဲ့သည်။
ယီဝေရှန်း၏ ပတ်ပတ်လည်မှ လေထုက လောင်မြိုက်လာခဲ့သည်။
ချင်ယန်၏ စွမ်းအင်က လွန်စွာ အားကောင်းကြောင်း သိလိုက်ရချိန်တွင် ယီဝေရှန်း ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။
သို့သော် နောက်ကျသွားခဲ့ချေပြီ။
"ဝုန်း.."
အဆုံးသတ်တွင် လက်သီးနှစ်လုံး ထိပ်တိုက် ဆုံတွေ့သွားခဲ့သည်။
မီးတောက်များသည် အရပ်မျက်နှာအနှံ့ လွင့်စင် ပေါက်ကွဲသွားကာ အလင်းရောင်များဖြင့် တောက်ပသွားခဲ့သည်။
ယီဝေရှန်း၏ နာကျင်စွာ အော်ဟစ်လိုက်သံသည် သနားစရာကောင်းနေခဲ့၏။
သူ၏ တစ်ကိုယ်လုံးက မီးတောက်များဖြင့် ဖုံးလွှမ်းနေခဲ့ပြီးခန္ဓာကိုယ်က စင်မြင့်ပေါ်မှ အရှိန်ပြင်းစွာ ကိုင်ပေါက်ခြင်းခံလိုက်ရသကဲ့သို့ မြေပြင် ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
ဆရာတစ်ဦးက အလျင်အမြန် သွားရောက်၍ မီးတောက်များကို ငြိမ်းသတ်ပေးလိုက်ရ၏။
ယီဝေရှန်း၏ လက်တစ်ခုလုံးက မည်းတူးနေကာ ညှော်နံ့များပင် ထွက်နေခဲ့သည်။
ယင်းက သူ့ကို ဒုက္ခိတ ဖြစ်သွားစေနိုင်၏။
ရှားပါးသော အဖိုးတန်ဆေးများကို အသုံးပြု၍ ကုသခဲ့လျှင်ပင် ပျောက်ကင်းရန် အလွန် ခက်ခဲပေလိမ့်မည်။
ယီဝေရှန်း၏ သနားစရာကောင်းသော ပုံစံကို မြင်လျှင် လူတိုင်း တုန်လှုပ်သွားကြသည်။
ယီဝေရှန်းသည် ကျားဝိညာဉ်လက်သီးသိုင်းကြောင့် ရှုံးနိမ့်ခဲ့သည်မှာ မယုံနိုင်စရာ ကောင်းလွန်းနေခဲ့၏။
ရန်ရှီးယုသည် ယမန်နေ့ကမှ ချင်ယန်ကို အနက်ရောင်အတွင်းအား သိုင်းကျမ်း ပေးခဲ့ခြင်း ဖြစ်သည်။
ချင်ယန်က တစ်ညအတွင်း အတွင်းချီစွမ်းအားကို အစပျိုး အဆင့်ကို ရောက်ရှိအောင် လေ့ကျင့်နိုင်ရုံသာမက လမ်းညွှန်ပြသပေးသူ ဆရာ မပါဘဲ ချီစွမ်းအင်နှင့် သိုင်းဝိညာဉ်ကို အပြည့်အဝ ချိတ်ဆက်၍ အားကောင်းသော မီးတောက်ကို ထုတ်ဖော်နိုင်ခဲ့သည်။
ယခုလို သိမြင် နားလည်နိုင်စွမ်းသည် သိုင်းပညာလမ်းစဉ်၏ ပါရမီရှင် အစစ်အမှန် ဖြစ်သည်။
သူမ၏ အမြင်အရ ချင်ယန်သည် မိုးကောင်းကင်၏ ကန့်သတ်မှုကို အံတုနိုင်စွမ်းရှိသူပင် ဖြစ်လာနိုင်၏။
ကျောင်းသားသစ်များ၏ အကြည့်တွင် မနာလိုမှုများ ထင်ဟပ်နေခဲ့သည်။
"အခန်းကိုးက ချင်ယန် အနိုင်ရပါတယ်"
အကြီးအကဲဇန်းသည် ပြိုင်ပွဲများစွာကို ဦးဆောင် ကျင်းပခဲ့သူ ဖြစ်သော်လည်း ချင်ယန်၏ ပါရမီသည် သူ့ကို တုန်လှုပ်စေခဲ့သည်။
အကယ်၍ ချင်ယန်သည် စိတ်ဝိညာဉ်သွေးကြော တစ်ခုတည်း ပိုင်ဆိုင်သူ မဟုတ်ခဲ့လျှင် အနာဂတ်၌ ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်တစ်ဦး မလွှဲမသွေ ဖြစ်လာပေလိမ့်မည်။
ချင်ယန် စင်မြင့်ပေါ်မှ ဆင်းလာပြီးချိန်တွင် အကြီးအကဲဇန်းသည် ရယ်မောကာ လျှောက်လာခဲ့ပြီး ရန်ရှီးယု၏ လက်အတွင်းသို့ သေတ္တာငယ်လေး နှစ်ခုကို ပေးအပ်လိုက်၏။
"ဒါက ပြိုင်ပွဲအတွက် ဆုချီးမြှင့်တာ... ခရမ်းနုရောင်ကျောက်ပြား အခုလေးဆယ်ကို သလင်းကျောက်ပြား လေးသောင်းနဲ့ လဲလှယ်နိုင်တယ်.. အဲဒါအပြင် ဒါက အလယ်အလတ်အဆင့် ချီဆေးလုံး လေးလုံးပဲ.. အဆင့်မြင့် သိုင်းကျမ်းတွေကိုတော့ ကျမ်းစာဆောင်ကို သွားပြီး ကိုယ်တိုင်ပဲ ရွေးချယ်လိုက်ပါ"
အခန်း နှစ်ခန်းစာ အထောက်အပံ့ အရင်းအမြစ်များကို မည်သူ့ကိုမှ ခွဲဝေပေးရန် မလိုဘဲ ချင်ယန် တစ်ဦးတည်း ရရှိခဲ့သည်။
ရှုံးနိမ့်ခဲ့သော အခန်းများမှ ကျောင်းသားများ၏ မျက်ဝန်းများတွင် မနာလို အားကျသော အရိပ်အယောင်များ သိသိသာသာပင် ပေါ်ပေါက်နေခဲ့သည်။
လူတစ်ဦးတည်းက အခန်းနှစ်ခန်းစာ အသုံးပြုနိုင်သည့် အထောက်အပံ့များကို ပိုင်ဆိုင်သွားခဲ့ရာ စီနီယာကျောင်းသားကြီးများပင် အားကျစိတ်များ ဖြစ်ပေါ်လာခဲ့ရသည်။
မူလက ရန်ရှီးယုသည် အခန်းပြောင်းသွားသော ကျောင်းသားများကြောင့် ဒေါသ ပေါက်ကွဲခဲ့သည်။
ယခုအခါတွင် ချင်ယန်သည် နှစ်ပွဲလုံးကို အနိုင်ယူ၍ သူမ၏ အဆင့်အတန်းကို မြင့်မားစေခဲ့ရာ ဒေါသစိတ်များ မရှိတော့ချေ။
"သူတို့တွေသာ အခန်းမပြောင်းခဲ့ရင် ဒီပစ္စည်းတွေ အများကြီးကို မင်းရမှာမဟုတ်ဘူး... ခရမ်းနုရောင် ကျောက်ပြား လေးဆယ်ကိုလည်း အကုန်မရဘူး... အဓိက အရေးအကြီးဆုံးဖြစ်တဲ့ အဆင့်မြင့်သိုင်းကျမ်း နှစ်ခုနဲ့ ချီဆေးလုံးတွေကိုလည်း ရမှာ မဟုတ်ဘူး... မင်းအနေနဲ့ သူတို့ကို ကျေးဇူးတင်သင့်တယ်"
သူမက လှပသော မျက်ဝန်းဖြင့် အခန်းပြောင်းရွှေ့သွားသော ကျောင်းသားများကို အေးစက်စက် စိုက်ကြည့်လိုက်သည်။
ထိုအကြည့်တွင် လှောင်ပြောင်ခြင်းနှင့် အထင်သေးခြင်းတို့ ပေါ်လွင်နေခဲ့၏။
သူမ၏ ဆုံးဖြတ်ချက် မှန်ကန်သွားသည့် အတွက်လည်း ဂုဏ်ယူဝင့်ကြွားနေခဲ့သည်။
"ဆရာမကို ခရမ်းနုရောင် ကျောက်ပြား နှစ်ဆယ် ကျွန်တော် ပြန်ပေးနိုင်ပြီ"
ချင်ယန်သည် သလင်းကျောက်ပြား နှစ်သောင်းကို ရန်ရှီးယုထံမှ ချေးယူထားခဲ့သည်။
သူက ထိုအကြွေးကို ဘယ်တော့မှ ပြန်မဆပ်နိုင်ဟု ထင်ထားမိသည်။
ခရမ်းနုရောင်ကျောက်ပြားနှင့် သလင်းကျောက်ပြား နှစ်မျိုးလုံးတွင် ဝိညာဉ်စွမ်းအင်များ ပါရှိကြသည်။
ထိုအရာများကို ဆေးဝါးများ ဖော်စပ်ရာတွင် အသုံးပြုနိုင်သလို အခြားနည်းလမ်းများဖြင့်လည်း အသုံးပြုနိုင်၏။
သလင်းကျောက်များကို သလင်းကျောက်မိုင်းကနေ တူးဖော် ရရှိခြင်း ဖြစ်သည်။
"ဒီနေ့က ငါ့အတွက် အပျော်ဆုံးနေ့ပဲ... ဒါတွေ ပြန်ပေးစရာမလိုတော့ဘူး... မင်းကို ဆုလဒ် ချီးမြှင့်ဖို့ စဉ်းစားမိတယ်... ကောင်းပြီ.. မင်းကို အနီးကပ်လမ်းညွှန် သင်ကြားပေးဖို့ ငါနဲ့လာနေရမယ်"
"ဒါ.. ဒါ မသင့်တော်ဘူးထင်တယ် ဆရာမ"
ချင်ယန် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။
"တစ်ခန်းထဲနေကြမှာမှ မဟုတ်တာ.. လာ.. သွားကြစို့"
ရန်ရှီးယုက ချင်ယန်၏ လက်ကိုဆွဲကာ တိုက်ခိုက်ရေးကွင်းပြင်ကနေ ထွက်ခွာသွားခဲ့သည်။
လက်ဆွဲထွက်ခွာသွားသော ချင်ယန်တို့ နှစ်ယောက်ကို ကြည့်ကာ ကျောင်းသားများ၏ ရင်ထဲတွင် မနာလိုစိတ်များ ဖြစ်ပေါ်လာခဲ့ကြသည်။
အထူးသဖြင့် အခန်း ပြောင်းရွှေ့သွားခဲ့သော ကျောင်းသားများသည် သွေးအန်လုမတတ် ဒေါသထွက်နေကြ၏။
သူတို့သာ အခန်း မပြောင်းခဲ့လျှင် ချင်ယန်အဖို့ ယခုလို အခွင့်အရေးမျိုး ရမည် မဟုတ်ချေ။
ချင်ယန်သည် အထောက်အပံ့ အရင်းအမြစ် များစွာ ရရှိခဲ့သည့်အပြင် အလွန်လှပသော ဆရာမ၏ အသိအမှတ်ပြုခြင်းကိုပါ ရရှိသွားခဲ့သည်။
ထိုအရာအားလုံးကို ဖြစ်စေခဲ့သူမှာ မိဖုရားကြီးပင် ဖြစ်သည်။
မိဖုရားကြီး၏ လုပ်ဆောင်မှုသည် ချင်ယန်အဖို့ အကျိုးအမြတ် များစွာ ရရှိစေခဲ့သည်။
ဤနေရာမှ ဖြစ်ပျက်ခဲ့သမျှ အားလုံး နန်းတော်အတွင်းသို့ သတင်း ရောက်သွားချိန်တွင် မိဖုရားကြီးသည် ဒေါသအိုး ပေါက်ကွဲကာ အခန်းအတွင်းမှ ပစ္စည်းများကို ကိုင်ပေါက်ပစ်လွှတ်ကာ ဖျက်ဆီးလိုက်သည်။
------------------
ချင်ယန်သည် ရန်ရှီးယု၏ နောက်သို့ လိုက်လာခဲ့ရာ ဟွာလင်းဝုကျောင်း၏ တောင်ဘက်ခြမ်းရှိ ရေကန်လေး တစ်ခု အနီးသို့ ရောက်လာခဲ့သည်။
ရေကန်ကို ကျော်လွန်ပြီးနောက်တွင် ကြီးမား ကျယ်ပြန့်သော မြက်ခင်းပြင်ကြီး တည်ရှိနေ၏။
ထိုနေရာတွင် အလွန်များပြားသော အိမ်ကြီးအိမ်ငယ်များ ခမ်းနားစွာ တည်ရှိနေပြီး ထိုနေအိမ်များသည် ဆရာဆရာမများ၏ နေအိမ်များ ဖြစ်ကြသည်။
ရန်ရှီးယု၏ အိမ်သည် ဝါးတောကြီး တစ်ခု အတွင်း တည်ရှိကာ အလွန် တိတ်ဆိတ်ငြိမ်သက်၏။
ခြံဝင်းအတွင်း၌ တောင်ကုန်းတုများ၊ ရေအိုင်ငယ်များနှင့် ကျင့်ကြံအားထုတ်ရန် အလွန် ကောင်းမွန်သော အဆောက်အအုံများလည်း ရှိသည်။
ရန်ရှီးယုသည် ချင်ယန် နေထိုင်ရမည့် အခန်းအတွင်းသို့ လိုက်လံ ပို့ဆောင်ပေးလိုက်သည်။
"မင်းရဲ့ အားအကောင်းဆုံး ချီစွမ်းအင်တွေကို ငါမြင်ချင်တယ်"
ချင်ယန်က အသက်ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ထိန်းချုပ်ထားသော ချီစွမ်းအင်များကို ထုတ်ဖော်လိုက်သည်။
ရန်ရှီးယု မျက်ခုံးများ မြင့်တက်သွားခဲ့သည်။
ချင်ယန်၏ အခြေအနေသည် သူမ အတွက် အလွန်ဆန်းကြယ်နေ၏။
ချင်ယန်အပေါ် သူမ၏ စိတ်ဝင်စားမှုက ပိုမို ကြီးမားလာခဲ့သည်။
ပထမဦးစွာ ရန်ရှီးယုသည် ချင်ယန်၏ ခရမ်းရွှေ သိုင်းဝိညာဉ်ကို အနီးကပ် ကြည့်ရှုလိုက်သည်။
ထို့နောက် မယုံကြည်နိုင်စွာ ပြောလိုက်သည်။
"မင်းက စိတ်ဝိညာဉ်သွေးကြော တစ်ခုတည်းနဲ့ ခရမ်းရွှေ မီးတောက် သိုင်းဝိညာဉ်ကို ထုတ်ဖော် တိုက်ခိုက်နိုင်တယ်... အခု မင်းရဲ့ ချီစွမ်းအင်တွေက အရမ်း အားကောင်းနေပြီ.. ငါ့ အမြင် အဆင့်ငါး သိုင်းခန္ဓာ အဆင့်နဲ့တောင် ယှဉ်နိုင်နေခဲ့ပြီ.. ချီစွမ်းအင် ဆေးလုံးတွေကို စားပြီးရင် အဆင့်ငါး သိုင်းခန္ဓာကို ကျော်ဖြတ်ရောက်ရှိဖို့ အခွင့်အရေး ပိုများလာလိမ့်မယ်"
"တကယ်လား"
ချင်ယန် အလွန် ဝမ်းသာသွားသည်။
သူသာ အဆင့်ငါးသို့ တက်လှမ်းနိုင်ခဲ့လျှင် သူနှင့် အတူ ဟွာလင်းဝုကျောင်းကို ဝင်လာကြသော ကျောင်းသားသစ်များအား နောက်ကောက်ချနိုင်လိမ့်မည် မဟုတ်ပါလော။
"ဝမ်းသာမစောနဲ့ဦး... အသံလှိုင်း သိုင်းဝိညာဉ် ရှိတဲ့ ဂျန်လန်ဆိုတဲ့ တစ်ယောက်က အရမ်း ရက်စက်သလို အစွမ်း တော်တော် ထက်တယ်... သူနဲ့ တိုက်ခိုက်ခဲ့တဲ့ ကျောင်းသား နှစ်ယောက်လုံး အသံလှိုင်းစွမ်းအင်ကြောင့် ဦးနှောက် ပျက်စီးသွားကြတယ်"
ရန်ရှီးက လေးနက်စွာ ပြောလိုက်သည်။
ဂျန်မိသားစုသည် ရှန်ချင်အင်ပါယာ၏ အင်အားကြီး မိသားစု ဖြစ်သည်။
ချင်ယန်သည် ထိုအချက်အလက်များကို တိတ်တဆိတ် မှတ်သားထားလိုက်ပြီး ခေါင်းညိတ်လိုက်၏။
"သူနဲ့ဆုံခဲ့ရင် ကျွန်တော် သေချာ ဂရုစိုက်ပါမယ်"
"အရင်ဆုံး ချီစွမ်းအင် ဆေးလုံးကို စားလိုက်ပါ.. စာသင်ခန်းကို သွားစရာမလိုတော့ဘူး... မင်းက ငါ့အခန်းရဲ့ တစ်ဦးတည်းသော ကျောင်းသား ဆိုတော့ ဒီနေရာမှာပဲ သင်ပေးတော့မယ်"
ရန်ရှီးယု၏ သိမ်မွေ့သောအပြုံးက ဖြူစင်သောပန်းလေး တစ်ပွင့်ပမာတည်း။
ယနေ့ဖြစ်ခဲ့သမျှ အရာများသည် သူမ၏ စိတ်ကို အလွန် ကျေနပ် ပျော်ရွှင်စေခဲ့သည်။
"ကျွန်တော် သွားလေ့ကျင့်တော့မယ် ဆရာမ"
ချင်ယန်က အနည်းငယ်မျှပင် စောင့်ဆိုင်းချင်စိတ် မရှိချေ။
သူသည် ချက်ချင်းပင် အခန်းအတွင်းသို့ ဝင်ရောက်သွားပြီး ဆေးနှစ်လုံးကို အငမ်းမရ မျိုချလိုက်သည်။
"ဒီဆေးလုံးက ငါနန်းတော်မှာ စားခဲ့တဲ့ ဆေးတွေထက် ပိုသန့်စင်တဲ့ ဝိညာဉ်စွမ်းအင်တွေ အများကြီး ပါနေတာပဲ.. အဲဒီစွမ်းအင် အကုန်လုံးကို ငါ့ရဲ့ ယန်စွမ်းအင်ကိုးပါး နတ်ဘုရားစိတ်အာရုံနဲ့ စုပ်ယူရမယ်"
ဆေးများတွင် ပါဝင်သော စွမ်းအင်များသည် တူညီသော စွမ်းအင် သွေးကြောများကိုသာ အကျိုးဖြစ်ထွန်းစေနိုင်၏။
ထိုအရာသည် စွမ်းအင် သွေးကြော တစ်ခုနှင့် စွမ်းအင်သွေးကြောကိုးခု ကြားမှ ကြီးမားသော ခြားနားချက် ဖြစ်သည်။
ချီစွမ်းအင် ဆေးနှစ်လုံးကို စားပြီးနောက် ချင်ယန်၏ ချီစွမ်းအင်များ တဟုန်ထိုး မြင့်တက်လာခဲ့၏။
သို့သော် တခဏ အကြာတွင် ထိုချီစွမ်းအင်များသည် သူ၏ ဒန်တျန် အတွင်း၌ ပျောက်ကွယ်သွားသည်ကို အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရသည်။
အခန်း(၁၆) ပြီး၏