အခန်း ၁၇
Vol. 2 Ch. 17
အခန်း (၁၇)
"ဒါက အရမ်းထူးခြားတယ်... ဆေးရဲ့ ချီစွမ်းအားတွေက ဒန်တျန်အတွင်းက ယွမ်မျိုးစေ့ဆီ မရောက်ဘဲ ဘယ်ကိုရောက်သွားတာလဲ"
ချင်ယန် စဉ်းစားမရ ဖြစ်နေခဲ့သည်။
ဆေးနှစ်လုံးသည် သူ၏ ကိုယ်တွင်းရှိ ချီစွမ်းအင် ပမာဏကို တိုးတက်မလာစေခဲ့ပေ။
ချင်ယန်သည် ယန်စွမ်းအင်ကိုးပါး နတ်ဘုရားစိတ်အာရုံဟု ခေါ်သော ပုလဲပုတီးစေ့ ကိုးလုံးကို အသုံးပြု၍ ဆေးလုံးများတွင် ပါဝင်သော ဝိညာဉ်စွမ်းအင် အမျိုးအစားကိုးခုကို စုပ်ယူခဲ့ခြင်း ဖြစ်သည်။
သို့သော် ထိုဝိညာဉ်စွမ်းအင် အားလုံးသည် သူ၏ ချီစွမ်းအင်ကို တိုးတက်အောင် မဆောင်ရွက်ခဲ့ချေ။
"နောက်တစ်ကြိမ် ဆေးနှစ်လုံးကို စားပြီး ဘယ်ကိုရောက်သွားတာလဲ စောင့်ကြည့်ရမယ်"
ချင်ယန်က ထပ်မံ ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ယခုအကြိမ်တွင် ပိုမို ဂရုစိုက်၍ သေသေချာချာ စောင့်ကြည့်ရပေမည်။
အခြေအနေ အားလုံးကို မြင်တွေ့ခဲ့လျှင် အကျိုးအကြောင်းကို လေ့လာ သုံးသပ်နိုင်မည် မဟုတ်ပါလား။
ချီဆေးလုံး တစ်လုံးတွင် ဝိညာဉ်စွမ်းအင် ပမာဏများစွာ ပါဝင်၏။
ချင်ယန်က ဝိညာဉ်စွမ်းအင်များကို စုပ်ယူရာတွင် အလောမကြီးဘဲ အချိန်ယူ၍ စနစ်တကျ စောင့်ကြည့်လေ့လာခဲ့သည်။
ညဥ့်နက်လာသည်နှင့်အမျှ ကောင်းကင်တစ်ခုလုံးတွင် ကြယ်များ ပေါ်ထွက်လာသည်။
အခန်းတွင်းရှိ ချင်ယန်သည် စွမ်းအင်များ၏ လှုပ်ရှားမှုကိုသာ အာရုံစိုက်ထားခဲ့၏။
ရုတ်တရက် ချင်ယန်က မျက်လုံးဖွင့်လိုက်ပြီး တအံ့တသြ တီးတိုးရေရွတ်လိုက်၏။
"ဒါက ဘယ်လိုအရာလဲဟ"
ဆေးနှစ်လုံး၏ အာနိသင်များကို ယခုအချိန်တွင် ကုန်စင်အောင် စုပ်ယူခဲ့ပြီးပြီ ဖြစ်သော်လည်း သူ၏ ယွမ်မျိုးစေ့ အတွင်းရှိ ချီစွမ်းအင်ပမာဏများ တိုးမြင့်မလာခဲ့ချေ။
သို့သော် သူ၏ နှလုံးသားသည် စိတ်အားထက်သန်စွာဖြင့် အဆက်မပြတ် ခုန်ပေါက်နေခဲ့သည်။
နောက်ဆုံးတွင် ချင်ယန်က အကျိုးအကြောင်းကို နားလည်သွားခဲ့ချေပြီ။
ယင်းမှာ သူ၏ ဒန်တျန်အတွင်း၌ အခြားယွမ်မျိုးစေ့ တစ်ခု သီးသန့် ရှိနေခြင်းပင်။
ထိုဒုတိယ ယွမ်မျိုးစေ့သည် ယခုအခါ ပုံသဏ္ဌာန်ဖွဲ့စည်းခဲ့ပြီ ဖြစ်သည်။
ခရမ်းရွှေရောင်မီးတောက် သိုင်းဝိညာဉ် နိုးထလာပြီးနောက် သူ၏ ယွမ်မျိုးစေ့ထဲရှိ ချီစွမ်းအင်များသည် မှေးမှိန်သော ခရမ်းရွှေရောင် အဖြစ် ပြောင်းလဲသွားခဲ့သည်။
ဒုတိယယွမ်မျိုးစေ့၏ စွမ်းအင်များကမူ အနက်ရောင်အဖြစ် ကြီးထွားလာခဲ့၏။
အကြောင်းရင်းမှာ အနက်ရောင် တုန်ခါခြင်း သိုင်းဝိညာဉ်ကနေ ထိုယွမ်မျိုးစေ့ကို ဖွဲ့စည်းခဲ့ခြင်းကြောင့်ပင်။
တုန်ခါခြင်းစွမ်းအင် သိုင်းဝိညာဉ်သည် ဒဏ္ဍာရီအဆင့် သိုင်းဝိညာဉ် ဖြစ်သည်။
ပုံမှန်အားဖြင့် သူ၏ ကိုယ်ပိုင်စွမ်းအားများကို သူ၏ ခန္ဓာကိုယ်မှ ထုတ်လုပ်ပေးခြင်း ဖြစ်သည်။
ချင်ယန်က ချီစွမ်းအင် ဆေးလုံးများကို စားသုံးခဲ့ပြီးနောက်တွင် ထိုဆေးလုံးများ၌ ပါဝင်သည့် ပမာဏ အလွန်ကြီးမားသော ဝိညာဉ်စွမ်းအင်များက အနက်ရောင် တုန်ခါခြင်း သိုင်းဝိညာဉ်၏ လှုံ့ဆော်မှု အရ အနက်ရောင် ယွမ်မျိုးစေ့ကို စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
"အရမ်းကောင်းတယ်.. အနက်ရောင် တုန်ခါခြင်း သိုင်းဝိညာဉ်က ငါ့ရဲ့ ဝှက်ဖဲ ဖြစ်လာနိုင်တယ်.. ဒါကို ခရမ်းရွှေရောင် ချီစွမ်းအင် ထဲမှာ ဖုံးကွယ်ထားရမယ်.. အရွယ်အစားက သေးနေပေမဲ့ အရမ်း စွမ်းအားကြီးတယ်"
ချင်ယန်က လက်တစ်ဖက်ကို စားပွဲပေါ်သို့ တင်လိုက်ပြီး ချီစွမ်းအင်များကို လှည့်ပတ်လိုက်သည်။
သူ၏ လက်ဖဝါးကနေ တုန်ခါခြင်း ချီစွမ်းအင်လှိုင်းများ ထွက်လာခဲ့ပြီး စားပွဲခုံကို သစ်သား အပိုင်းအစများအဖြစ် လျှပ်တပြက် အတွင်း ပြောင်းလဲသွားစေခဲ့၏။
"မီးချီစွမ်းအင်နဲ့ တုန်ခါခြင်းချီစွမ်းအင်ကို ပေါင်းစည်းနိုင်ခဲ့ရင် ဘာဖြစ်မလဲ မသိဘူး"
ချင်ယန်သည် ယင်းသို့ စဉ်းစားမိသော်လည်း အကောင်အထည်ဖော်ရန် တုံ့ဆိုင်းနေခဲ့သည်။
အမှားအယွင်း တစ်စုံတစ်ခု ဖြစ်လာခဲ့လျှင် သူ့အနေဖြင့် မမျှော်မှန်းနိုင်လောက်အောင် ဆုံးရှုံးနစ်နာလိမ့်မည် ဖြစ်သည်။
အနက်ရောင် သိုင်းဝိညာဉ်သည် အလွန်အားကောင်း၏။
ချင်ယန်သည် ထိုသိုင်းဝိညာဉ်၏ အကြောင်းကို အခြားသူများ သိရှိသွားမည်အား မလိုလားချေ။
"ချီစွမ်းအင် ဆေးလုံး လေးလုံးက အဆင့်တက်ဖို့ မလုံလောက်ဘူး... ဒါပေမဲ့ ဒုတိယယွမ်မျိုးစေ့နဲ့ ချီစွမ်းအင်တွေကိုတော့ သိပ်သည်း ကျစ်လစ်စေခဲ့တယ်.. ဘာပဲဖြစ်ဖြစ် ပိုပြီးအားကောင်းတဲ့ ဒုတိယသိုင်းဝိညာဉ်ကို ထုတ်သုံးနိုင်ပြီ ဆိုတော့ မဆိုးပါဘူး... သိုင်းဝိညာဉ်နှစ်ခုလုံးရဲ့ ချီစွမ်းအင်တွေကို အတူတကွ ထုတ်သုံးဖို့အတွက် ဒုတိယ ချီစွမ်းအင်တွေကို ခရမ်းရွှေမီးတောက်ထဲကို စုပ်ယူရမယ်"
ချင်ယန်၏ ကြိုးစားမှုသည် အမှန်တကယ် ဖြစ်လာခဲ့သည်။
ယွမ်မျိုးစေ့နှစ်ခုအတွင်းရှိ ချီစွမ်းအင်များက ပေါင်းစည်းကာ ထွက်ပေါ်လာခဲ့သည်။
ထိုအခြေအနေက အဆင့်ငါး သိုင်းခန္ဓာနယ်ပယ်နှင့် တူညီနေပေ၏။
အဆင့်ငါးသိုင်းခန္ဓာနယ်ပယ်၏ စံနှုန်းသတ်မှတ်ချက်သည် ချီစွမ်းအင်များကို ခန္ဓာကိုယ်ပြင်ပသို့ ထုတ်လွှတ်၍ လှည့်ပတ်နိုင်ခြင်း ဖြစ်သည်။
ကျင့်ကြံသူတစ်ဦးသည် ယွမ်မျိုးစေ့အတွင်းမှ ချီစွမ်းအင်များကို ပြင်ပသို့ ထုတ်လွှတ် လှည့်ပတ်နိုင်စွမ်းသည် အဆင့်ငါး သိုင်းခန္ဓာနယ်ပယ်သို့ ရောက်ရှိမှ ပြုလုပ်နိုင်ခြင်း ဖြစ်သည်။
ယွမ်မျိုးစေ့ တစ်ခုချင်းစီ ဆိုလျှင် ချင်ယန်သည် အဆင့်လေး သိုင်းခန္ဓာနယ်ပယ်မျှသာ စွမ်းတောင်နိုင်သော်လည်း ယွမ်မျိုးစေ့ နှစ်ခု၏ ချီစွမ်းအားများကို ပေါင်းစပ် အသုံးပြုလိုက်လျှင်မူ အဆင့်ငါး သိုင်းခန္ဓာနယ်ပယ် တစ်ဦး၏ စွမ်းအားများ အတိုင်း လုပ်ဆောင်နိုင်၏။
ချင်ယန်သည် ချီဆေးလုံးများက သူ့ကို ဒုတိယ ယွမ်မျိုးစေ့တစ်ခု ပြုလုပ်ပေးနိုင်ခဲ့သည့် အတွက် အလွန် ကျေနပ်အားရ ဖြစ်နေမိသည်။
နောက်တစ်နေ့ နံနက်စောစောတွင် ချင်ယန်က အိပ်ရာမှ နိုးထလာခဲ့ပြီး တခဏအကြာတွင် ခန်းမ တစ်ခုအတွင်း၌ ရန်ရှီးယုနှင့်အတူ မနက်စာ စားနေခဲ့သည်။
"မင်း အဆင့်တက်သွားပြီလား"
ရန်ရှီးယုသည် တောက်ပသော ခရမ်းရောင် ကိုယ်ကျပ်အင်္ကျီကို ဝတ်ဆင်ထား၏။
ဆွဲဆောင်မှုရှိသော သူမသည် မြင့်မြတ်သော စိတ်နေသဘောထားရှိပြီး ဆွေကြီးမျိုးကြီးမှ ဆင်းသက်လာသူမှန်း ပေါ်လွင်နေခဲ့သည်။
"ဟင့်အင်း"
ချင်ယန် ခေါင်းခါယမ်းပြလိုက်၏။
သူက မိန်းမလှလေးတစ်ဦးအား ရှေ့တွင်ထား၍ အစားအစာများကို ခေါင်းမဖော်တမ်း စားနေခဲ့သည်။
"ဒီပြဿနာက စိတ်ဝိညာဉ်သွေးကြောကြောင့် ဖြစ်မယ်ထင်တယ်... မင်းက စိတ်ဝိညာဉ်သွေးကြော တစ်ခုတည်း ဆိုတော့ ဆေးလုံးမှာ ပါဝင်တဲ့ ဝိညာဉ်စွမ်းအင်ကိုးမျိုးထဲက တစ်မျိုးကိုပဲ စုပ်ယူနိုင်လို့ ဖြစ်မယ်"
ရန်ရှီးယုက အသံတိုးတိုးဖြင့် ပြောလိုက်သည်။
သူမ၏ လှပသောမျက်နှာတွင် စိတ်မကောင်းဖြစ်ဟန်များ ဖြစ်ပေါ်နေ၏။
သူမက ချင်ယန်ကို နှိမ်ပြောခြင်း မဟုတ်ဘဲ အရိုးခံအတိုင်း ပြောလိုက်ခြင်းသာ ဖြစ်သည်။
စင်စစ် ခရမ်းရွှေ မီးတောက် သိုင်းဝိညာဉ် သန်မာလာရန် အတွက် ဝိညာဉ်စွမ်းအင်များကို ပိုမို စုပ်ယူရမည်ဟု ဆိုလိုခြင်း ဖြစ်သည်။
"မနက်စာစားပြီးရင် သိုင်းပညာ လေ့ကျင့်ဖို့အတွက် သိုင်းကျမ်းတွေ ရွေးချယ်ဖို့ ကျမ်းစာဆောင်ကို ငါလိုက်ပို့မယ်... မင်းနဲ့ သင့်တော်တာ တွေ့ရင် ငါလမ်းညွှန်ပေးမယ်"
"ဒုန်း ဒုန်း ဒုန်း"
ရုတ်တရက် ခြံအပြင်မှ တံခါးခေါက်သံကို ကြားလိုက်ရသည်။
ရန်ရှီးယုသည် တံခါးဖွင့်ပေးရန်အတွက် ထသွားလိုက်၏။
ထို့နောက် သူမသည် အလျင်အမြန်ပင် အိမ်ထဲသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။
"ဆရာမ ဘယ်သူလာတာလဲ... ကျွန်တော့်ဆီလား"
ချင်ယန်သည် ရန်ရှီးယု၏ အမူအရာကို ကြည့်ကာ မေးလိုက်၏။
သူ၏ မျက်နှာတွင် အနည်းငယ် စိုးရိမ်ဟန်များ ပေါ်နေခဲ့သည်။
သူက ယဲ့ဝေရှန်းနှင့် ယန်ကျုံးမင် တို့ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေခဲ့ရာ ၎င်းတို့၏ မိသားစုနှစ်ခုက သူ့ကို လာရောက်ရှာဖွေမည်ဟု တွေးထားပြီးသား ဖြစ်သည်။
"ဒါက ရှို့ယုလင်... သူ တံခါးအပြင်ဘက်မှာ စောင့်နေတယ်"
ရန်ရှီးယုက သင်္ကာမကင်းသော လေသံဖြင့် ပြောလိုက်သည်။
"သူမက မင်းဆီကို လာတွေ့ပြီး စကားပြောချင်လို့တဲ့.. မင်းက တွေ့ချင်စိတ် ရှိတယ်ဆိုရင်ပေါ့"
ချင်ယန်က တစ်ခုခုကို ဝါးစားနေရာမှ ရှို့ယုလင် ဟူသော အသံကို ကြားလိုက်ရလျှင် မူးမေ့လဲကျမတတ် ဖြစ်သွားခဲ့သည်။
ရှန်ချင်အင်ပါယာအတွက် ကောင်းကင်ဘုံမှ လက်ဆောင်ပေးထားသော သမီးတော်ဟု ကျော်ကြားသည့် မင်းသမီးလေး ယုလင်။
စိတ်ဝိညာဉ် သွေးကြော ခုနှစ်ခု ပိုင်ရှင်သည် ပုဂ္ဂိုလ်ရေးကိစ္စဖြင့် ချင်ယန်ထံသို့ လာရောက်တွေ့ဆုံနေခဲ့သည်။
"သူက ဘာကိစ္စနဲ့ ကျွန်တော့်ကို တွေ့ချင်ရတာလဲ"
ချင်ယန်က ရှို့ယုလင်နှင့် တွေ့မတွေ့ကို ဆုံးဖြတ်ရ ခက်ခဲနေခဲ့သည်။
"ငါ့ကို အဲဒါတော့ မပြောလိုက်ဘူး"
ရန်ရှီးယုက ညင်သာစွာ ပြောလိုက်လေသည်။
"ဒါက မင်းတို့ရဲ့ ကိစ္စပဲ... မင်းကိုယ်တိုင်ပဲ ဆုံးဖြတ်ပါ"
ချင်ယန်က သူ့ကိုယ်သူ ဒဏ္ဍာရီတွင်လောက်အောင် ပါရမီရှိသူဟု ယုံကြည်ခဲ့သည်။
အဘယ်ကြောင့်ဆိုသော် စိတ်ဝိညာဉ်သွေးကြော ကိုးခုနှင့် တူညီသော လုပ်ဆောင်မှု အပြင် သိုင်းဝိညာဉ် နှစ်ခု နှင့် ယွမ်မျိုးစေ့နှစ်ခုကို ပိုင်ဆိုင်သူ ဖြစ်သောကြောင့်ပင်။
သူက ရှို့ယုလင်၏ စိတ်ဝိညာဉ် သွေးကြော ခုနှစ်ခုနှင့် ဒဏ္ဍာရီလာ သိုင်းဝိညာဉ်ထက် ဘယ်လိုမှ နိမ့်ကျခြင်း မရှိချေ။
ထိုသို့ စဉ်းစားမိပြီးနောက် ချက်ချင်းပင် ယုံကြည်မှုများ ပြည့်နှက်လာခဲ့သည်။
"သူ့ကို ဝင်လာခိုင်းလိုက်ပါ ဆရာမ"
"သူမက မင်းထက်တစ်နှစ်ပဲ ကြီးပေမဲ့ အဆင့်ရှစ် သိုင်းခန္ဓာနယ်ပယ်ကို ရောက်နေပြီ.. ဒါက တကယ်ကို အံ့မခန်းပဲ"
ထိုစကားကိုပြောပြီးနောက် ရန်ရှီးယုသည် ရှို့ယုလင်အား ခေါ်ဆောင်ရန် ထွက်ခွာသွားခဲ့သည်။
ချင်ယန်၏ နှလုံးသားက တုန်လှုပ်သွားခဲ့သည်။
ရှို့ယုလင်သည် အသက်ဆယ့်ခြောက်နှစ်ဖြင့် အဆင့်ရှစ် သိုင်းခန္ဓာ နယ်ပယ်သို့ ရောက်ရှိနေခဲ့ရာ မည်မျှပင် အစွမ်းထက်နေပါသနည်း။
သူမသည် ရန်ရှီးယုထက် အဆင့်ငယ် တစ်ဆင့်သာ နိမ့်ကျသည်။
အင်ပါယာနန်းတော်ရှိ အရာရှိကြီးများနှင့် ဗိုလ်ချုပ်ကြီးများပင် အဆင့်ရှစ်၊ အဆင့်ကိုး သိုင်းခန္ဓာ နယ်ပယ်များသာ ဖြစ်ကြသည်။
အခြားပြဿနာများ မကြုံခဲ့လျှင် ရှို့ယုလင်သည် အသက်အငယ်ဆုံး သိုင်းတာအို နယ်ပယ်သို့ ဝင်ရောက်နိုင်သူ တစ်ဦး မုချ ဖြစ်လာပေလိမ့်မည်။
တခဏအကြာတွင် အနက်ရောင်ဝတ်စုံကို ဝတ်ထားပြီး ဝါးခမောက် ဆောင်းထားသော ရှို့ယုလင် ရောက်ရှိလာခဲ့၏။
သူမ၏ ကိုယ်ကနေ အေးစက်သော အရှိန်အဝါများ ထွက်ပေါ်နေ၏။
သူမ၏ အေးစက်စက် မျက်လုံးများတွင် သတ်ဖြတ်ချင်သော စိတ်ဆန္ဒများ ပေါ်လွင်နေခဲ့သည်။
သေချာစွာ လေ့လာကြည့်လျှင် ရေခဲနတ်သမီး တစ်ပါး ထံမှ သတ်ဖြတ်ခြင်း စွမ်းအင်များ ထွက်ပေါ်နေသကဲ့သို့ အန္တရာယ် အငွေ့အသက်များကို ခံစားရပေလိမ့်မည်။
သူမ၏ မျက်လုံးများနှင့် ရင်ဆိုင်မိလိုက်ချိန်တွင် ချင်ယန်သည် ကြီးမားသော ဖိအား တစ်ခုကို ခံစားလိုက်ရတော့သည်။
"မင်းက ငါ့ကို သတ်မလို့လား"
အခန်း(၁၇) ပြီး၏