← Chapters

အခန်း ၁၈

Vol. 2 Ch. 18

အခန်း ၁၈

Vol. 2 Ch. 18

အခန်း (၁၈)

ချင်ယန်က တစ်ချက် ကြည့်လိုက်ရုံဖြင့် ရှို့ယုလင်၏ သတ်ဖြတ်ချင်စိတ်ကို အတိုင်းသား မြင်နေရသည်။

ရုတ်တရက် ရှန်ရှို့အင်ပါယာက သူတို့ စေ့စပ်ထားမှုအား ဖျက်သိမ်းခဲ့သည်ကို သတိရလိုက်မိသည်။

"တစ်ချိန်က ငါတို့ရဲ့ မိခင်တွေက ငါနဲ့ နင့်ကို စေ့စပ်ပေးခဲ့တယ်.. ဒါ့အပြင် သဘောတူစာချုပ်ကိုလည်း လုပ်ထားခဲ့တယ်.. အဲဒီစာချုပ် နင့်ဆီမှာရှိသေးလား"

ရှို့ယုလင်၏ အေးစက်စက် အသံကပင် ကြားမိသူအဖို့ တစ်မျိုးတစ်ဖုံ ဆွဲဆောင်မှု ရှိနေခဲ့သည်။

"စာချုပ်လား.. ငါ့မှာရှိတယ်.. နင်လိုချင်လို့လား"

ချင်ယန်က ခေါင်းညိတ်၍ ပြန်မေးလိုက်သည်။

ချင်ယန်သည် သဘောတူစာချုပ်ကို ယန်စွမ်းအင်ကိုးပါးပုလဲလုံး အတွင်းရှိ နေရာလွတ် သိုလှောင်ခန်းတွင် သိမ်းဆည်းထားခဲ့သည်။

"နင်အဲဒီစာချုပ်ကို ဂရုတစိုက် ထိန်းသိမ်းထားပါ... တစ်နှစ်နောက်ပိုင်းမှာ ငါ့လက်ထပ်ပွဲ ရှိတယ်.. နင် အဲဒီစာချုပ်ကို ယူပြီး မဖြစ်မနေ လာခဲ့ရမယ်"

ရှို့ယုလင်က စကားကို အဆုံးသတ်လိုက်ပြီး တံခါးဝသို့ လှည့်ထွက်သွားရင်းမှ အေးစက်စက် ပြောလိုက်သည်။

"နင်မလာခဲ့ရင် ကမ္ဘာဆုံးတဲ့ အထိ ငါလိုက်ရှာမယ်"

ချင်ယန်သည် စိတ်ရှုပ်ဟန်ဖြင့် ပြောလိုက်သည်။

"ဘာလဲ နောက်နှစ် မင်းရဲ့လက်ထပ်ပွဲကျရင် ငါက လာပြီး အရှက်ကွဲခံပေးရမှာလား"

"နင် အသုံးမကျရင်တော့ အရှက်ကွဲမှာပဲ.. သေချာတာက ငါ့ကို အရှက်ခွဲဖို့ နင့်မှာ ခွန်အားမရှိဘူး"

ရှို့ယုလင်က စကားဆုံးသည်နှင့် တံခါးပေါက်မှ လျင်မြန်စွာ ထွက်သွားခဲ့သည်။

ချင်ယန်က ရန်ရှီးယုကို ပဟေဠိဆန်စွာ ကြည့်လိုက်မိသည်။

"ဒီမိန်းကလေးက ဒီအခြေအနေထိ ရောက်ဖို့ ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ပုံရတယ်.. ငါ အံ့သြတာက မြွေတစ်ကောင်လို အငြိုးကြီးကြီးနဲ့ မင်းကို လာရှာတာပဲ"

"သူ့ဆီမှာ အရှက်မကွဲချင်ရင် ဒီတစ်နှစ်လုံး မင်း ကြိုးစားလေ့ကျင့်မှ ဖြစ်မယ်"

"နည်းလမ်းအချို့တော့ ရှိတယ် ဆရာမ.. သူက ချင်ဇောင်ဖန်နဲ့ လက်ထပ်ချင်ပုံမရဘူး.. အချိန်ကျလာရင် သူ့ကို စာချုပ်ပေးလိုက်မယ်လေ.. ဒါဆို သူ့ကို အိမ်ရှေ့မင်းသားနဲ့ လက်ထပ်ပေးဖို့ အတွက် မိဖုရားကြီး ခေါင်းကိုက်သွားဖို့ လုံလောက်တယ်"

ထိုစကားကို ပြောပြီးနောက်တွင် ချင်ယန်က အစားအစာများကိုသာ စားနေတော့သည်။

"မြန်မြန်စား.. ပြီးရင် ငါတို့ ကျမ်းစာဆောင်ကို သွားကြမယ်.. မင်းအနေနဲ့ ကောင်းကင်ခြင်္သေ့ သိုင်းပြိုင်ပွဲကို ဝင်ပြိုင်သင့်တယ်"

"အဲဒီ သိုင်းပြိုင်ပွဲက ဘယ်လိုမျိုးလဲ"

"ဒါက အဆင့်လေး၊ အဆင့်ငါး သိုင်းခန္ဓာ နယ်ပယ်အဆင့် ကျောင်းသားတွေ ကြားက သိုင်းပြိုင်ပွဲပဲ... ဒါပေမဲ့ အဆင့်လေး သိုင်းခန္ဓာနယ်ပယ် ကျောင်းသားက အနည်းငယ်ပဲ ရှိတယ်.. ငါကတော့ မင်းကို ကြိုးစားကြည့်စေချင်တယ်"

"ဟုတ် ဆရာမ"

ချင်ယန် ခေါင်းညိတ်လိုက်သည်။

သူက အဆင့်ငါး သိုင်းခန္ဓာနယ်ပယ် နှင့် တူညီသော အစွမ်းရှိနေ၍ အနိုင်ရရန် ယုံကြည်မှု ရှိနေခဲ့သည်။

"ငါက မင်းရဲ့တိုက်ပွဲ အတွေ့အကြုံ တိုးတက်စေဖို့ အတွက် ယှဥ်ပြိုင်ခိုင်းတာပဲ... ပထမနေရာ အတွက် တိုက်ခိုက်ဖို့ ငါမပြောဘူး.. အဲဒီက ကျောင်းသားတွေ အားလုံးက စီနီယာတွေ.. သူတို့ကို အနိုင်ယူဖို့က အတော်လေး ခက်ခဲလိမ့်မယ်"

တခဏအကြာတွင် ချင်ယန်သည် ကျမ်းစာဆောင်တွင် အဆင့်မြင့် သိုင်းပညာရပ် နှစ်မျိုးကို ယူဆောင်ရန်အတွက် ရန်ရှီးယု နောက်သို့ လိုက်ပါသွားခဲ့သည်။

ကျမ်းစာဆောင်သည် ဟွာလင်းဝု ကျောင်းတော်ကြီး၏ အလယ်ဗဟိုတွင် တည်ဆောက်ထားသော မျှော်စင်ကြီး၏ ခုနှစ်ထပ်မြောက်တွင် တည်ရှိသည်။

ထိုဧရိယာ ပတ်ပတ်လည်တွင် မြင့်မားသောနံရံကြီးများ ကာရံထားပြီး လုံခြုံရေးအတွက် အစောင့်များ ထားရှိထား၏။

ရန်ရှီးယုနှင့် ချင်ယန်တို့ကို ထိုနေရာသို့ ဝင်ရောက်ရန် အတွက် အခန်းကိုး၏ သင်္ကေတ တံဆိပ်ပြားကို ထုတ်ပြခဲ့ရသည်။

ချင်ယန်က ရှေးဟောင်း ကျောက်မျှော်စင်ကြီးကို ကြည့်လိုက်သည်။

ကျမ်းစာဆောင်၏ ပထမအဆင့် ဝင်ပေါက်တွင် သက်လတ်ပိုင်းအရွယ် အစောင့် ဆယ်ယောက်ကျော် စောင့်ရှောက်နေကြသည်။

၎င်းတို့က ရန်ရှီးယုနှင့် ချင်ယန်တို့ကို စစ်ဆေးမေးမြန်းပြီးမှ ဝင်ခွင့်ပြုလိုက်ကြသည်။

"ဆရာမ... ဘယ်အဆင့် ကျင့်စဥ်ကို ကျွန်တော်ရမှာလဲ"

ရန်ရှီးယု၏ အနက်ရောင် အတွင်းအားကျင့်စဥ်က သူ့ကို အလှည့်အပြောင်း တစ်ခု ဖြစ်စေခဲ့၍ မေးလိုက်ခြင်း ဖြစ်သည်။

"အဆင့်မြင့် ကျင့်စဥ်တွေကို ရွေးချယ်လို့ရတယ်"

ရန်ရှီးယုက ကျွမ်းကျင်စွာဖြင့် စာအုပ်စင်များကို ဆက်တိုက် ကျော်ဖြတ်လာခဲ့သည်။

အဆင့်မြင့်ကျင့်စဥ်သည် စိတ်ဝိညာဉ်အဆင့် ကျင့်စဥ်နှင့် များစွာ အလှမ်းဝေး၏။

ယင်းကြောင့် စိတ်ဝိညာဉ်အဆင့် သိုင်းပညာကို ပိုင်ဆိုင်သော မိသားစုကြီးများသည် အလွန် မောက်မာဝင့်ကြွားကြသည်။

ရန်ရှီးယုက ပြောလိုက်သည်။

"ဒါက နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ အဆင့်မြင့် သိုင်းကျမ်းတွေပဲ"

ရန်ရှီးယုက စာအုပ်စင်မှ စာအုပ်တစ်အုပ်ကို လှမ်းယူရင်း ချင်ယန်ကို ပြောလိုက်သည်။

"ဒါက မီးတိမ်ခြေလှမ်းသိုင်းပဲ... မီးတောက်သိုင်းဝိညာဉ် ပိုင်ဆိုင်သူတွေ အတွက် သိပ်အသုံးဝင်တဲ့ ကိုယ်ဖော့သိုင်း အမျိုးအစားပေါ့"

ရန်ရှီးယုက သိုင်းပညာရပ်များ အပေါ် နားလည်မှုတွင် အလွန်မြင့်မား၍ ချင်ယန် အတွက် အသင့်တော်ဆုံး သိုင်းကျမ်းကို ရွေးချယ်ပေးလိုက်သည်။

ဟွာလင်းဝုကျောင်း၏ ဆရာများသည် ကျောင်းသားများကို စိတ်ဝိညာဉ်အဆင့် သိုင်းပညာရပ်များ သင်ကြားပေးခွင့် မရှိချေ။

အနက်ရောင် အတွင်းအား ကျင့်စဥ်ကို ရန်ရှီးယု အနေဖြင့် ချင်ယန်ကို ပေးခဲ့ခြင်းမှာ ယင်းက စိတ်ဝိညာဉ်အဆင့် မဟုတ်၍ ဖြစ်သည်။

အချိန်အနည်းငယ်အကြာတွင် ရန်ရှီးယုသည် နောက်ထပ် သိုင်းကျမ်းတစ်ခုကို လှမ်းယူလိုက်၏။

"အလင်းမီးတောက်လက်သီးသိုင်း.. ဒါက မင်းနဲ့ အရမ်း သင့်တော်တယ်"

ကျမ်းစာဆောင်၏ စည်းကမ်းသတ်မှတ်ချက် အရ စာအုပ်များကို အပြင်သို့ ယူဆောင်သွားခွင့် မရှိပေ။

အဆောင်အတွင်း၌သာ ဖတ်ရှုမှတ်သားရပေမည်။

ချင်ယန်က သိုင်းကျမ်းနှစ်ခုကို ဖတ်ရှုမှတ်သားလိုက်သည်။

သိုင်းကျမ်းများ၏ နောက်ကျောဘက်တွင် စီနီယာများ၏ မှတ်ချက်များကိုပါ တွေ့ရ၏။

ထိုမှတ်ချက်များသည် ယခုမှ စတင်လေ့ကျင့်မည့်သူများ အတွက် အလွန်အရေးပါသော အထောက်အကူများပင်။

ချင်ယန်က သိုင်းကျမ်းနှစ်ခုကို လေးနာရီခန့် ကျက်မှတ်ပြီးနောက် ရန်ရှီးယုနှင့်အတူ ကျမ်းစာဆောင်မှ ထွက်ခွာလာခဲ့သည်။

"ဆရာမကို ကြည့်ရတာ ကျမ်းစာဆောင်ထဲမှာ အရမ်းသတိထားနေသလိုပဲ"

ချင်ယန်က လမ်းလျှောက်နေရင်းမှ ခပ်တိုးတိုး ပြောလိုက်သည်။

"တစ်ခုခု အမှားအယွင်း ဖြစ်သွားခဲ့ရင် ဒီနေရာကို နောက်ထပ် လာခွင့် ရှိတော့မှာ မဟုတ်ဘူး... ငါလည်းတူတူပဲ.. ဒါက ဒီနေရာရဲ့ စည်းကမ်းပဲ"

ရန်ရှီးယုက ပြန်ဖြေလိုက်သည်။

တခဏအကြာတွင် သူမ၏ နေအိမ်သို့ ပြန်လည် ရောက်ရှိလာကြသည်။

ရန်ရှီးယုသည် ချင်ယန်ကို သိုင်းပညာများ ချောမွေ့စွာ လေ့ကျင့်နိုင်ရန် သင်ပြပေးခဲ့သည်။

"မီးတိမ်ခြေလှမ်းသိုင်းက မီးဓာတ် ချီစွမ်းအင်တွေရဲ့ ပင်ကိုအပူဓာတ်နဲ့ အဓိက အသုံးပြုရတယ်.. အထူးနည်းလမ်း သုံးပြီး ကိုယ်တွင်းကနေ လေပူတွေ ထွက်လာအောင် လုပ်ရမယ်... လေပူတွေ ထွက်လာပြီးရင် ခန္ဓာကိုယ်က ပေါ့ပါးလာမယ်.. ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်တာနဲ့ လေပေါ်မှာ ပျံနိုင်တယ်လို့ အဆိုရှိတယ်"

"ဆရာမ.. ဒါဆို ဒီအဆင့်မြင့် သိုင်းကျင့်စဥ်က စိတ်ဝိညာဥ် အဆင့် သိုင်းကျင့်စဥ်တွေ ထက်တောင် ပိုသာမနေဘူးလား"

"သိုင်းပညာ ကျွမ်းကျင်မှု အပေါ် မူတည်ပြီး အစောပိုင်းအဆင့်၊ အဆင့်မြင့် အဆင့်၊ ကျွမ်းကျင်ခြင်း အဆင့်၊ ပြီးပြည့်စုံခြင်း အဆင့်နဲ့ မဟာ ပြီးပြည့်စုံခြင်း အဆင့် ဆိုပြီး ခွဲခြားထားတယ်"

"တကယ်လို့ မင်းအနေနဲ့ အဆင့်မြင့် သိုင်းပညာကို မဟာပြီးပြည့်စုံခြင်း အဆင့်ထိ လေ့ကျင့်နိုင်ရင် စိတ်ဝိညာဉ်သိုင်းပညာမှာ မြင့်မားတဲ့ အောင်မြင်မှုရထားတဲ့ သူတွေကို ယှဉ်နိုင်တယ်.. ပြောရရင် မင်းက မဟာပြီးပြည့်စုံခြင်း အဆင့်ထိ လေ့ကျင့်နိုင်တာနဲ့ မီးတိမ်ခြေလှမ်းသိုင်းက စိတ်ဝိညာဥ်အဆင့်ကို ရောက်သွားလိမ့်မယ်"

"အခုလို ရှင်းပြပေးတာ ကျေးဇူးတင်ပါတယ် ဆရာမ"

"မင်းက အနက်ရောင်အတွင်းအား ကျင့်စဥ်ရဲ့ အစောပိုင်းအဆင့် ရောက်နေပြီ... ငါ့အမြင် မင်းရဲ့ နားလည်နိုင်စွမ်းက အရမ်း မြင့်မားတယ်... သိုင်းပညာလမ်းစဉ်မှာ နားလည်နိုင်စွမ်း မြင့်မားတာက စိတ်ဝိညာဉ်သွေးကြောနဲ့ သိုင်းဝိညာဉ်တွေထက် ပိုအရေးပါတယ်.. ဒီ သိုင်းပညာနှစ်ခုကို မင်းဘာသာပဲ လေ့ကျင့်နှင့်တော့"

ထို့နောက် ရန်ရှီးယုက ဆက်လက် ပြောလိုက်သည်။

"ငါက မင်းအတွက် ကောင်းကင်ခြင်္သေ့ခန်းမကို သွားလိုက်ဦးမယ်"

အခန်း(၁၈) ပြီး၏

All Chapters