အခန်း ၁၉
Vol. 2 Ch. 19
အခန်း (၁၉)
ရန်ရှီးယု ထွက်ခွာသွားပြီးနောက် ချင်ယန်သည် တိမ်မီးတောက် ခြေလှမ်းသိုင်းကို စတင် လေ့ကျင့်ခဲ့သည်။
သူက မျက်လုံးများကို မှိတ်ထားလိုက်ပြီး တိမ်မီးတောက်ခြေလှမ်း၏ ကျင့်စဉ် အားလုံးကို စိတ်အာရုံအတွင်း ပြန်လည်ဖော်ထုတ်ကာ လေ့လာသုံးသပ်နေ၏။
ထိုသိုင်းပညာ၏ အမြင့်ဆုံးရှင်းပြချက်နှင့် ရန်ရှီးယု၏ ရှင်းပြချက်များသည် ချင်ယန်၏ စိတ်အတွင်း၌ ရေမြုပ်လေးများသဖွယ် အဆက်မပြတ် စီးမျောနေခဲ့သည်။
ထူးခြားစွာပင် ထိုအရာများသည် ဖြည်းဖြည်းချင်း စုစည်းလာခဲ့ပြီး အလင်းရောင် တစ်ချက် တောက်ပသွားခဲ့သည်။
ချင်ယန်က မျက်လုံးများကို ဖွင့်ကာ ပြုံးလိုက်သည်။
သူ ရုတ်တရက် ဉာဏ်အလင်းရသွားခဲ့ချေပြီ။
သူက ချီစွမ်းအင်များကို စတင် စုစည်းလိုက်သည်။
အချိန်တိုအတွင်း ချင်ယန်သည် သူ၏ ခန္ဓာကိုယ် အတွင်းမှ လေပူစီးကြောင်း တစ်ခုကို အာရုံခံမိလိုက်သည်။
ထိုလေပူစီးကြောင်းသည် တဖြည်းဖြည်း ကြီးမားလာပြီး ပို၍ ပူပြင်းလာခဲ့၏။
သိပ်မကြာခင်မှာပင် သူ၏ တစ်ကိုယ်လုံးသည် အလွန်တရာ ပေါ့ပါးလာခဲ့သည်။
"တိမ်မီးတောက်ခြေလှမ်းကို အသုံးပြုနိုင်တဲ့ အဆင့်ထိ ငါ မြန်မြန်ဆန်ဆန် ရောက်လာခဲ့ပြီ... ဒါပေမဲ့ တိမ်မီးတောက်ခြေလှမ်းသိုင်း အတွက် ချီစွမ်းအင် ထုတ်ဖော်တာက အရမ်း နှေးနေသေးတယ်"
ချင်ယန်က နောက်တစ်ကြိမ် ထပ်မံ လေ့ကျင့်လိုက်ပြန်သည်။
သူက တိမ်မီးတောက်ခြေလှမ်းသိုင်းကို အသုံးပြုရန်အတွက် ချီစွမ်းအင် ထုတ်ဖော်ရာတွင် စက္ကန့်သုံးဆယ်ခန့် ကြာမြင့်ခဲ့၏။
ထိုကြာချိန်သည် ပြိုင်ပွဲအတွင်း၌ သူ၏ အသက်ကို ပေးဆပ်ရန် လုံလောက်နေခဲ့သည်။
"ငါတစ်ကြိမ်ပြီး တစ်ကြိမ် လေ့ကျင့်ရမယ်"
တိမ်မီးတောက်ခြေလှမ်းသိုင်းသည် အလွန်တရာ သိမ်မွေ့နက်နဲသော ခြေလှမ်းသိုင်း ဖြစ်သည်။
အတွင်းချီစွမ်းအင်များနှင့် ပေါင်းစပ်၍ မဟာပြီးပြည့်စုံခြင်း အဆင့်ထိ လေ့ကျင့်နိုင်လျှင် စိတ်ဝိညာဥ် အဆင့် ကျင့်စဥ်နှင့် မခြားပေ။
စင်စစ် တိမ်မီးတောက် ခြေလှမ်းသိုင်း၏ အစောပိုင်းအဆင့်သည်ပင် အောင်မြင်ရန် မလွယ်ကူချေ။
ရန်ရှီးယုက မွန်းတည့်ခါနီးအချိန်တွင် ပြန်ရောက်လာခဲ့သည်။
သူမက ချင်ယန်အတွက် နေ့လယ်စာကိုပါ ယူဆောင်လာခဲ့၏။
ချင်ယန်က နေ့လယ်စာ စားပြီးသည်နှင့် တိမ်မီးတောက်ခြေလှမ်းသိုင်းကို ဆက်လက် လေ့ကျင့်နေခဲ့သည်။
မွန်းတည့်နေရောင်က ကမ္ဘာမြေကြီးပေါ် အလွန် ပူပြင်းစွာ ကျရောက်နေ၏။
ပူပြင်းသော နေရောင်အောက်တွင် ချင်ယန်၏ တစ်ကိုယ်လုံးက ချွေးများဖြင့် ရွှဲနစ်နေခဲ့သည်။
ယခုအခါတွင် သူသည် တိမ်မီးတောက် ခြေလှမ်းသိုင်းကို အသုံးပြုရန် အတွက် ချီစွမ်းအင်များကို ဆယ့်ငါးစက္ကန့်အတွင်း ထုတ်ဖော်နိုင်နေပြီ ဖြစ်သည်။
"ချီစွမ်းအင် စုစည်းမှုကို သုံးစက္ကန့် အတွင်း ပြုလုပ်နိုင်မှ ပြိုင်ပွဲအတွက် လုံလောက်လိမ့်မယ်.. ဒီထက် ပိုကြာရင်တော့ ရှုံးနိမ့်ဖို့က သေချာသလောက်ပဲ"
ချင်ယန်က တိမ်မီးတောက် ခြေလှမ်းသိုင်းကို ဆက်တိုက် လေ့ကျင့်နေခဲ့၏။
နေကိုးစင်းမှ အလွန်များပြားသော ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်နေခဲ့ရာ ချင်ယန်သည် ယန်ကိုးပါး နတ်ဘုရားစိတ်အာရုံကို အသုံးပြု၍ နေကိုးစင်း၏ ဝိညာဥ်စွမ်းအင် ကိုးမျိုးကို အငမ်းမရ စုပ်ယူလိုက်သည်။
တစ်နေ့ကုန် လေ့ကျင့်ထားသမျှ ကုန်ခန်းနေသော စွမ်းအင်များသည် ပြန်လည် ပြည့်ဝလာခဲ့၏။
ချင်ယန်က အမှန်တကယ်ပင် အပင်ပန်းခံကာ လေ့ကျင့်နေခြင်း ဖြစ်သည်။
တိမ်မီးတောက် ခြေလှမ်းသိုင်းကို အသုံးပြုရန်အတွက် လိုအပ်သော ချီစွမ်းအင် ထုတ်ဖော်မှုသည် တဖြည်းဖြည်းနှင့် ပိုမို မြန်ဆန်လာခဲ့သည်။
"ငါ့ရဲ့ တိမ်မီးတောက်ခြေလှမ်းသိုင်းအတွက် ချီစွမ်းအားကို ဆယ်စက္ကန့်အတွင်း ထုတ်ဖော်နိုင်ပြီ... ဒီလောက်မြန်မြန် တိုးတက်လာတာ အံ့အားသင့်စရာပဲ"
ချင်ယန်က ချွေးများကို သုတ်ကာ ထိုင်ချလိုက်သည်။
အချိန်က နေဝင်ခါနီးသို့ပင် ရောက်လာခဲ့ချေပြီ။
နေကိုးလုံး၏ နေဝင်ဆည်းဆာက လွန်စွာလှပနေ၏။
ချင်ယန်က ထိုလှပသောရှုခင်းကို ငေးမောကြည့်ရှုနေမိသည်။
နေကိုးစင်းမှ ချင်ယန်ကို ဤကမ္ဘာ၏ မရှိမဖြစ် လိုအပ်သော စွမ်းအားများကို ပေးအပ်နေ၏။
တစ်ချိန်တည်းမှာပင် အဆုံးမဲ့ ကြီးမားကျယ်ပြန့်သော စကြဝဠာကြီး တစ်ခုလုံးကို မွှေနှောက် စူးစမ်းလေ့လာချင်စိတ်များ ချင်ယန်၏ နှလုံးသားအတွင်း ဖြစ်ပေါ်လာခဲ့သည်။
"နေကိုးစင်းက ဘာကြောင့် ဝိညာဉ်စွမ်းအင်ကိုးခုကို ထုတ်လွှတ်နိုင်ရတာလဲ"
ရန်ရှီးယုက ညနေစာအတွက် အဆင်သင့်ပြင်ထားပြီးပြီ ဖြစ်သည်။
သူမက ချင်ယန်၏ ကုန်ဆုံးသွားသော အားအင်များ ပြန်လည်ပြည့်ဝလာစေရန် အတွက် ဆေးဖက်ဝင် အစားအစာများကို ညနေစာ အဖြစ် စီစဉ်ပေးထားသည်။
"ဆရာမ.. ကောင်းကင်ခြင်္သေ့ခန်းမကို သွားတာ အဆင်ပြေရဲ့လား"
"မနက်ဖြန်ကျရင် စာရင်းသွားပေးရမယ်.. ငါးရက်အတွင်း ပြိုင်ပွဲစမယ်"
ရန်ရှီးယုသည် သစ်သား ထမင်းဘူးလေး တစ်ခုကို ထုတ်၍ ပေးလိုက်သည်။
"ဒါက မင်းစားဖို့အတွက်"
"ဆရာမကို တစ်နေ့ကုန် မတွေ့မိသလိုပဲ"
"ဟွာလင်းဝုကျောင်းက အလုပ်တစ်ခု ခိုင်းလို့ သွားလုပ်ပေးနေတာပါ.. ပြီးတော့ မင်းကို အခြား အခန်းတစ်ခုဆီ လွှဲပေးဖို့ စီစဉ်နေကြတယ်.. ကျောင်းသား တစ်ယောက်တည်းကို သင်ပေးနေတာက အချိန်ဖြုန်းတီးတာလို့ သူတို့ ယူဆနေတယ်လေ"
ချင်ယန်က ထိုစကားကိုကြားလျှင် ထမင်းပင် ဆက်မစားနိုင်တော့ချေ။
သူက ရန်ရှီးယု၏ အဝေးသို့ ထွက်ခွာမသွားချင်ပေ။
ရန်ရှီးယုက ချင်ယန်၏ အမူအရာကို တွေ့လျှင် ပြုံး၍ ပြောလိုက်သည်။
"စိတ်မပူပါနဲ့... ဒီနေ့ အကြီးအကဲဇန်းနဲ့ တွေ့ဆုံ ဆွေးနွေးပြီးပြီ... ဒီနှစ် အတွက်တော့ မင်းတစ်ယောက်တည်းကိုပဲ သင်ပေးဖို့ သူ ခွင့်ပြုလိုက်တယ်... ဒီတစ်နှစ်ပြီးရင် ငါ့ရဲ့ သဘောတူညီချက် ပြည့်ပြီ ဖြစ်လို့ ဒီအလုပ်က အနားယူတော့မယ်.. ဒါကြောင့် ငါ့အနေနဲ့ မင်းကို တစ်နှစ် အတွင်း အခြေခံခိုင်မာအောင် လေ့ကျင့် သင်ကြားစေချင်တယ်.. နောက်ဆို မင်းဘာသာမင်း ရပ်တည်နိုင်အောင် အခုကတည်းက ပြင်ဆင်ထားပါ"
ချင်ယန်က ထိုစကားကိုကြားလျှင် ဝမ်းနည်းသွားခဲ့ရသည်။
ဤစာသင်နှစ် ကုန်ဆုံးလျှင် ရန်ရှီးယုသည် ကျောင်းတော်မှ ထွက်ခွာသွားပေတော့မည်။
ရန်ရှီးယုက မေးလိုက်သည်။
"တိမ်မီးတောက် ခြေလှမ်းသိုင်းကို ကျင့်ရတာ ဘယ်လိုနေလဲ"
ချင်ယန်က သူ၏ တိုးတက်မှုကို ဖုံးကွယ်၍ ပြန်ဖြေလိုက်၏။
"ချီစွမ်းအင်ကို ထုတ်ဖော်ပြီး ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ကို ပေါ့ပါးလာအောင် လုပ်နိုင်ခဲ့ပါပြီ... ကြိုးစားလေ့ကျင့်ရင် အခုထက် ပိုပြီး တိုးတက်လာမှာပါ"
ရန်ရှီးယုက ခေါင်းညိတ်လိုက်သည်။
"မဆိုးဘူးပဲ... ငါအနားယူတော့မယ်.. ဒါတွေကို သန့်ရှင်းရေးလုပ်လိုက်ပါ... ပြီးရင် တိမ်မီးတောက်ခြေလှမ်းမှာပါတဲ့ ကျင့်စဉ်တွေကို နားလည်လာအောင် သုံးသပ်လိုက်ဦး"
"ဟုတ်ကဲ့ ဆရာမ"
"တိမ်မီးတောက် ခြေလှမ်းသိုင်းက အဆင့်မြင့် သိုင်းပညာပဲ... ဒါပေမဲ့ အရမ်းကို နက်နဲသိမ်မွေ့လွန်းတယ်.. ဒီခြေလှမ်းသိုင်းကို ကျွမ်းကျင်တဲ့ အဆင့်ထိ လေ့ကျင့်ရမယ်"
ချင်ယန်သည် ထိုသိုင်းပညာကို အသုံးပြုရန်အတွက် အားနည်းနေသေးသည်။
အခြား မိသားစုကြီးများသည် ၎င်းတို့၏ မျိုးဆက်သစ်များကို အခြေခံမှစ၍ ဆေးဝါးများဖြင့် စနစ်တကျ ပျိုးထောင်လာခဲ့သည် ဖြစ်ရာ သိုင်းပညာ သင်ကြားချိန်တွင် အခက်အခဲ သိပ်မရှိတော့ချေ။
ထို့ကြောင့် ချင်ယန်သည် သိုင်းပညာကို ကျွမ်းကျင်တတ်မြောက်ရန် ကြိုးစားရာတွင် အခြားသူများထက် ပိုမိုခက်ခဲပေသည်။
"ဒီထက် ခက်ခဲရင်လည်း ငါရအောင်ကြိုးစားမယ်"
ချင်ယန်က ခိုင်မာစွာ ဆုံးဖြတ်ချက် ချလိုက်သည်။
နံနက်ခင်း နေရောင်ခြည်သည် ကမ္ဘာမြေတစ်ခွင်လုံးအား အလင်းရောင်များ ဖြန့်ကျက်နေခဲ့၏။
ထိုအလင်းရောင်များနှင့် အတူ စစ်မှန်သော ဝိညာဉ်စွမ်းအင်ကိုးမျိုးက သိပ်သည်းစွာ ပါဝင်နေခဲ့သည်။
ချင်ယန်က အိပ်ရာမှ နိုးထလာပြီးနောက်တွင် တစ်ကိုယ်လုံး နုံးချိကာ နွမ်းနယ်နေသည်ကို တွေ့လိုက်ရသည်။
ယမန်နေ့ညက တိမ်မီးတောက်ခြေလှမ်းသိုင်း အသုံးပြုရန်အတွက် ချီစွမ်းအင်များကို တစ်ကြိမ်ပြီး တစ်ကြိမ် ဆက်တိုက်လေ့ကျင့်ခဲ့၍ သူ၏ ချီစွမ်းအင်များ ကုန်ခန်းလုနီးပါး ဖြစ်သွားခဲ့ရသည်။
ချင်ယန်က ခုတင်ပေါ်တွင် ထိုင်၍ နေရောင်ခြည်များမှ သန့်စင်သော ဝိညာဉ်စွမ်းအင်များကို စုပ်ယူ အားဖြည့်လိုက်သည်။
ဝိညာဉ်စွမ်းအင်များသည် သူ၏ ကိုယ်တွင်းသို့ အတားအဆီးမရှိ အရှိန်ပြင်းစွာ တိုးဝင်လာခဲ့သည်။
အချိန်အနည်းငယ် ကြာပြီးနောက်တွင် ချင်ယန်၏ ကိုယ်တွင်း၌ ချီစွမ်းအင်များ ပြည့်ဝလာပြီး နွမ်းနယ်မှုများ လွင့်ပါး ပျောက်ကွယ်သွားခဲ့သည်။
ရန်ရှီးယုသည် သစ်လွင်တောက်ပသော အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။
သူမ၏ လှပကျော့ရှင်းသော ခန္ဓာကိုယ်မှ အင်မော်တယ် တစ်ဦး၏ အော်ရာ ကဲ့သို့ သန့်ရှင်းကြည်လင်သော အရှိန်အဝါများ ထွက်ပေါ်နေခဲ့သည်။
နံနက်စာ စားသောက်ပြီးနောက် ရန်ရှီးယုနှင့် ချင်ယန်သည် ကောင်းကင်ခြင်္သေ့ခန်းမသို့ ထွက်ခွာလာခဲ့ကြသည်။
ကောင်းကင်ခြင်္သေ့ခန်းမ၏ ပင်မ ခန်းမကျယ်ကြီးတွင် ဝင်ခွင့်အခမ်းအနား ကျင်းပမည် ဖြစ်သည်။
ခန်းမကြီး၏ တံခါးရှေ့တွင် ကြီးမားသော ရွှေရောင်ခြင်္သေ့ရုပ်ထုကြီးကို တွေ့မြင်ရ၏။
ချင်ယန်တို့ ရောက်ရှိချိန်သည် အနည်းငယ် စောနေသဖြင့် ခန်းမ တံခါးကြီးပင် မဖွင့်သေးချေ။
ရန်ရှီးယုသည် ရွှေခြင်္သေ့ရုပ်ထုကြီးကို ကြည့်လိုက်သည်။
"ကောင်းကင်ခြင်္သေ့သိုင်းပြိုင်ပွဲကို အဆင့်လေးနဲ့ အဆင့်ငါး သိုင်းခန္ဓာနယ်ပယ်တွေပဲ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရှိတယ်... ဒါပေမဲ့ လူတိုင်းတော့ မဟုတ်ဘူး... ပြိုင်ပွဲမစခင် ဝင်ခွင့်စစ်ဆေးတာ ကျရှုံးရင် အပယ်ခံရတယ်.. ပြိုင်ပွဲကို ဝင်ပြိုင်ချင်တယ် ဆိုရင် ပြိုင်ပွဲဝင်ရဲ့ ခွန်အားက အဆင့် တစ်ခုခုကို သေချာပေါက် ရောက်နေမှရမယ်.. ဒါကြောင့် ပြိုင်ပွဲမစခင် အကြို စစ်ဆေးတာပဲ"
ဟွာလင်းဝုကျောင်း၏ ကောင်းကင်ခြင်္သေ့ခန်းမသည် ထူးခြားဆန်းကျယ်မှုများဖြင့် ပြည့်နှက်နေ၏။
"ဆရာမ.. ပြိုင်ပွဲမှာ ကျွန်တော် ပထမရခဲ့ရင် ဘာရမှာလဲ"
"မင်းပထမရရင် ကောင်းကင်ခြင်္သေ့ရေကန်မှာ ဝင်ရောက်လေ့ကျင့်ခွင့်ရမယ်"
"ကောင်းကင်ခြင်္သေ့ရေကန်ရဲ့ ရေက တွန်းကန်အား ပြင်းထန်ပြီး အရမ်းပူတဲ့ ရေတစ်မျိုးပဲ... ရှားပါးတဲ့ ခြင်္သေ့သွေးနဲ့ အထူးတွန်းကန်အားကောင်းတဲ့ရေကို ရောစပ်ထားတယ်လို့ ပြောကြတယ်.. ဒါက အင်အားကို တိုးပွားစေတဲ့ မဟာအခွင့်အရေး တစ်ခုပဲ.. လူတိုင်းက ဒီအခွင့်အရေးကို လိုချင်ကြတယ်"
ချင်ယန် ခေါင်းညိတ်လိုက်သည်။
သူက ပထမနေရာကို လိုချင်နေခဲ့၏။
အခန်း(၁၉) ပြီး၏