← Chapters

အခန်း ၂၀

Vol. 2 Ch. 20

အခန်း ၂၀

Vol. 2 Ch. 20

အခန်း (၂၀)

ကောင်းကင်ခြင်္သေ့ခန်းမ၏ တံခါးကြီးပွင့်လာပြီးနောက် ရန်ရှီးယုနှင့် ချင်ယန်တို့သည် ခန်းမထဲသို့ ဝင်ရောက်လာခဲ့ကြသည်။

ခန်းမအတွင်းပိုင်းက ထင်ထားသည်ထက်ပင် အဆများစွာ ပိုမို ကျယ်ဝန်းနေ၏။

ခန်းမအလယ်တွင် ကြီးမားသော စတုရန်းပုံ စင်မြင့်ကြီး တစ်ခု ရှိနေသည်ကို တွေ့ရသည်။

ထိုအတောအတွင်း ဆရာတစ်ဦးသည် စီနီယာကျောင်းသားအချို့ကို ဦးဆောင်၍ ရောက်လာခဲ့သည်။

သူတို့၏ မျက်နှာထက်တွင် ရန်ရှီးယုနှင့် ချင်ယန်တို့ကို ဤနေရာတွင် တွေ့လိုက်ရသဖြင့် အံ့အားသင့်ဟန်များ ပေါ်ပေါက်လာခဲ့ကြသည်။

ဟွာလင်းဝုကျောင်းသို့ ချင်ယန် ရောက်ရှိလာသည်မှာ ရက်အနည်းငယ်သာ ရှိသေး၍ ကောင်းကင်ခြင်္သေ့ခန်းမ၏ ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။

ချင်ယန်က ကျောင်းသားသစ် ပြိုင်ပွဲတွင် ထူးခြားစွာ အစွမ်းပြနိုင်ခဲ့သော်လည်း ကောင်းကင်ခြင်္သေ့ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် လိုအပ်နေသေးသည်ဟု ထင်မြင်ယူဆထားကြ၏။

အဓိကပြဿနာမှာ အဆင့်လေး သိုင်းခန္ဓာနယ်ပယ်နှင့် အဆင့်ငါး သိုင်းခန္ဓာနယ်ပယ်တို့ ကြားတွင် ကွာဟချက် ကြီးမားသောကြောင့် ဖြစ်သည်။

"ပြိုင်ပွဲဆိုတော့ ဖိအား နည်းနည်းပါးပါးတော့ ရှိမှာပဲ.. တအားလည်း မစိုးရိမ်နဲ့"

ရန်ရှီးယုက နူးညံ့စွာ ပြုံးလိုက်ပြီး ချင်ယန်၏ ပုခုံးကိုပုတ်၍ နှစ်သိမ့်လိုက်သည်။

ထိုအချိန်တွင် စာရင်းလက်ခံမည့် အဘိုးအိုတစ်ဦး ရောက်လာသည်ကို တွေ့လိုက်ကြရသည်။

"လူငယ်လေး.. ဒါက မင်းအတွက် အတွေ့အကြုံကောင်းတွေကို ရရှိစေလိမ့်မယ်.. ဒါပေမဲ့ မင်းရဲ့ စွမ်းအားနည်းရင်တော့ မင်းကိုယ်မင်း သေချာဂရုစိုက်မှရမယ်"

ထိုအချိန်၌ တစ်စုံတစ်ယောက်၏ လှောင်ပြောင်သံ ထွက်ပေါ်လာ၏။

"ဆရာမရန်က ဘဝင်မြင့်နေတာလား.. တစ်ယောက်ကလည်း ကိုယ့်အခြေအနေ ကိုယ်နားလည်ပြီး နှိမ့်ချနေသင့်တယ်... ကိုယ့်ရဲ့ တပည့်ကို ဘယ်လိုများ သင်နေတာလဲ.. ချင်ယန်က ကျောင်းသားသစ် ပြိုင်ပွဲမှာ အနိုင်ရရုံနဲ့ ကျေနပ်သင့်နေပြီ... သူ့ရဲ့ စွမ်းအား အရမ်းကောင်းတယ်လို့ မင်းထင်နေတာလား... မင်းရဲ့ အခန်းမှာ ကျောင်းသားဆိုလို့ သူတစ်ယောက်တည်း ရှိတာ.. မတော်တဆ ပြိုင်ပွဲမှာ သူသေသွားရင် လူရယ်စရာတွေ ဖြစ်နေလိမ့်မယ်"

စကားသံနှင့်အတူ သက်လတ်ပိုင်း အမျိုးသမီး တစ်ဦးကို တွေ့လိုက်ရသည်။

သူမက တာဝန်ခံဆရာမ တစ်ဦး ဖြစ်သူ ကွီဟီ ဖြစ်သည်။

ကွီဟီက ရန်ရှီးယု၏ နံဘေးတွင်ရပ်နေသော ချင်ယန်ကို ကြည့်ကာ အထင်အမြင်သေးဟန်ဖြင့် ဟွန့်ခနဲ အသံပြုလိုက်သည်။

ကွီဟီ၏ အသံတွင် ရန်ရှီးယု အပေါ် မနာလိုမှုများ ထင်ရှားစွာ ပါရှိနေ၏။

ကွီဟီသည် ဟွာလင်းဝုကျောင်းတွင် ရန်ရှီးယုထက် ပိုမို၍ လုပ်သက်ရင့်သော ဆရာမ ဖြစ်သည်။

ငယ်ရွယ်ချောမောသော ရန်ရှီးယု ရောက်ရှိလာချိန်တွင် ဟွာလင်းဝုကျောင်း၏ နံပါတ်တစ် အလှပိုင်ရှင် အဖြစ် လူအများက သတ်မှတ်ခဲ့ကြသည်။

ထိုအချိန်မှစ၍ ရန်ရှီးယု အပေါ် ကွီဟီသည် မနာလိုစိတ်ဖြင့် တိုက်ခိုက်ခြင်းများ စတင်လာခဲ့ခြင်းပင်။

ချင်ယန် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

ကွီဟီ၏ နောက်တွင် ကျောင်းသားဆယ်ယောက်ကျော် လိုက်ပါလာသည်ကို တွေ့လိုက်ရ၏။

ချင်ယန်က ထိုကျောင်းသားများ အနက်မှ မိန်းကလေးနှစ်ဦးကို သိရှိသည်။

ပထမတစ်ဦးမှာ ယုရန်ယွင် ဖြစ်သည်။

အခြားတစ်ဦးမှာ လှပသော မိန်းကလေးတစ်ဦးဖြစ်ပြီး သူ့အဒေါ်၏ သမီး ဖြစ်ကာ ချင်ယန်နှင့် ဝမ်းကွဲတော်စပ်သူ ယန်ယွန် ဖြစ်သည်။

ယန်ယွန်၏ အဖိုးသည် အမတ်ကြီး တစ်ဦး ဖြစ်ပြီး ရှန်ချင် အင်ပါယာ၏ ရာထူးကြီး ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သည်။

သူမ ငယ်စဉ်အချိန်က ချင်ယန်နှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိသော်လည်း နန်းတွင်း၌ နေရာ ဖယ်ရှားခံရပြီးနောက်တွင် ယန်မိသားစုသည် ချင်ယန် အပေါ် ရန်သူသဖွယ် ဆက်ဆံခဲ့ကြသည်။

ထို့ပြင် အမတ်ကြီးယန်သည် ချင်ယန်၏ စိတ်ဝိညာဉ်သွေးကြောများကို ဖျက်ဆီးခဲ့ရာတွင် ပါဝင်ခဲ့သူလည်း ဖြစ်၏။

ရန်ရှီးယုသည် ကွီဟီကို စိုက်ကြည့်ကာ အေးစက်သော အသံဖြင့် ပြောလိုက်သည်။

"ငါက ချင်ယန်ကို အတွေ့အကြုံရအောင် ကြိုးစားလေ့ကျင့်ပေးနေတာပဲ... ငါတို့ဘာလုပ်လုပ် နင်နဲ့ ဘာများ သက်ဆိုင်နေလို့လဲ"

ထိုအချိန်တွင် အညိုရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အကြီးအကဲဇန်းသည် အခန်းအတွင်းသို့ ဝင်ရောက်လာပြီးနောက်တွင် စကားများနေကြသော ရန်ရှီးယုနှင့် ကွီဟီတို့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

"ကောင်းကင်ခြင်္သေ့ခန်းမက အဆင့်လေးနဲ့ အဆင့်ငါး သိုင်းခန္ဓာနယ်ပယ်တွေကို ပြိုင်ပွဲဝင်ဖို့ ခွင့်ပြုထားတာပဲ.. အဆင့်လေး သိုင်းခန္ဓာနယ်ပယ် ကျောင်းသားဆိုရင် ငါတို့ ကြိုဆိုပါတယ်.. ဘာဖြစ်လို့လဲဆိုတော့ ဒီနှစ်မှာ အထူးဆုပေးမှာ ဖြစ်လို့ပဲ.. အဆင့်လေး ကျောင်းသားတွေ အနေနဲ့ ဝင်ခွင့်စစ်ဆေးမှုကို အကောင်းဆုံး ဖြတ်ကျော်နိုင်ရင် ထိပ်တန်းအဆင့် ယွမ်အားတိုးဆေးကို ရရှိမယ်"

အကြီးအကဲဇန်းက ကွီဟီ၏ မျက်နှာကို အကဲခတ်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။

"ဒါပေမဲ့ ဒီဆုက တစ်ဆုပဲ ပေးမှာ ဖြစ်တဲ့ အတွက် အကောင်းဆုံး တစ်ဦးတည်းသာ ရရှိနိုင်မယ်... ချင်ယန် တစ်ဦးတည်း စာရင်းပေးခဲ့ရင်တော့ စစ်ဆေးမှု အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ ဒီဆေးက သူ့အတွက်ပဲ ဖြစ်လိမ့်မယ်"

ထိုစကားကိုကြားလျှင် ကွီဟီ၏ မျက်ဝန်းအစုံက ပြူးကျယ်သွားခဲ့၏။

"ဒီစည်းကမ်းကို ဘယ်အချိန်က ထုတ်လိုက်တာလဲ.. ကျွန်မကို ဘာဖြစ်လို့ အသိမပေးရတာလဲ"

အကြီးအကဲဇန်းက သဘောကျစွာ ပြုံးလိုက်သည်။

"မနေ့က... စာသင်နှစ်အသစ်မှာ ပြုလုပ်ကျင်းပမယ့် ကောင်းကင်ခြင်္သေ့သိုင်းပြိုင်ပွဲ အတွက် ဆွေးနွေးတိုင်ပင်ဖို့ ဆရာတွေ အကုန်လုံးကို အစည်းအဝေး တက်ရောက်ဖို့ ငါပြောခဲ့တယ်... ဒါပေမဲ့ ဆရာမရန် တစ်ဦးက လွဲရင် ကျန်တဲ့ ဆရာ၊ ဆရာမ အကုန်လုံး အစည်းအဝေးတက်ဖို့ ပျက်ကွက်ခဲ့ကြတယ်... အဲဒီတော့ ဆေးလုံး ဆုပေးဖို့ အတွက် စည်းကမ်း သတ်မှတ်ချက်ကို ငါ့သဘောနဲ့ငါ ဆုံးဖြတ်လိုက်တယ်"

"ဒါဆို ကျွန်မ တပည့်တွေကို အခုပဲ စာရင်းသွင်းမယ်"

ကွီဟီက ယုရန်ယွင်နှင့် ယန်ယွန်တို့အား အလျင်အမြန် ဆွဲခေါ်လိုက်သည်။

ထို့ပြင် အခြား ကျောင်းသား ဆယ်ယောက်ကျော်ကိုလည်း တန်းစီခိုင်းလိုက်၏။

အကြီးအကဲဇန်းက ပြုံးလိုက်သည်။

"စာရင်းသွင်းခ အနေနဲ့ တစ်ဦးကို သလင်းကျောက်ပြား နှစ်သောင်း ပေးရလိမ့်မယ်"

ကွီဟီက ဒေါသထွက်စွာဖြင့် တဂျစ်ဂျစ် အသံမြည်အောင် အံကြိတ်လိုက်သည်။

သူနှင့် အတူ ကျောင်းသား ဆယ်ဦးကျော်မျှ လိုက်ပါလာခဲ့၍ သလင်းကျောက်ပြား နှစ်သိန်းကျော် ကျသင့်မည် ဖြစ်သည်။

သူ့တွင် ထိုမျှ များပြားသော ပမာဏ မပါရှိချေ။

သူမ၏ ကျောင်းသားများသည်လည်း သလင်းကျောက်ပြားများကို ယူဆောင်လာမည် မဟုတ်ပေ။

ကွီဟီ၏ ကျောင်းသားများက အခြားအခန်းများမှ ကျောင်းသားများ ဆီကနေ ချေးငှား ကြည့်သော်လည်း ကောင်းကင်ခြင်္သေ့ သိုင်းခန်းမ၏ စည်းမျဉ်းသစ်ကို မည်သူမှ ကြိုတင် မသိရှိကြသဖြင့် သလင်းကျောက်ပြားများကို ယူဆောင်လာခြင်း မရှိခဲ့ကြပေ။

ယခုအချိန်မှ ဤဆုစည်းမျဉ်းသစ်ကို ရုတ်တရက် စတင်ခဲ့ခြင်း ဖြစ်ရာ ဆရာအားလုံး နီးပါးသည် အစည်းအဝေးတက်ရောက်ရန် မေ့လျော့ခဲ့သော သူတို့၏ မှတ်ဉာဏ်ကို အပြစ်တင်မိကြပြီး ရင်ထဲတွင် ခါးသီးစွာ ခံစားနေကြရသည်။

စာရင်းပေးသွင်းရမည့် နောက်ဆုံးအချိန်သည် နေမွန်းတည့်ချိန် ဖြစ်သည်။

ထိုမျှ အချိန်ပေးထားခြင်းမှာ စာရင်းပေးသွင်းမည့် အခြားကျောင်းသားများကို စောင့်ဆိုင်းနေခြင်းကြောင့် ဖြစ်သည်။

"ယုလေးနဲ့ ယန်လေး ဝင်ပြိုင်ရမယ်... ဒီစစ်ဆေးမှုက နှစ်မျိုးရှိတယ်... တစ်မျိုးက လျင်မြန်မှုကို စစ်ဆေးတာ ဖြစ်ပြီး အခြားတစ်မျိုးက သန်မာမှုကို စစ်ဆေးတာ ဖြစ်တယ်.. ယန်လေးက ကိုယ်ဖော့ပညာကောင်းတဲ့ မိသားစုရဲ့ မျိုးဆက်ပဲ... သေချာဂရုတစိုက်နဲ့ လုပ်ဆောင်ရင် ဒီလျင်မြန်မှု စစ်ဆေးခြင်းကို အောင်မြင်မှာပါ... ချင်ယန်က ကိုယ်ဖော့သိုင်း တတ်ခဲ့ရင်တောင်မှ အချိန်တိုအတွင်းတော့ ကျွမ်းကျင်အောင် လေ့ကျင့်ထားနိုင်မှာ မဟုတ်ဘူး.. ဒီပွဲမှာ သူ့ကို အဝေးဆုံးမှာ ချန်ထားလိုက်"

ကွီဟီက သလင်းကျောက်ပြားလေးသောင်းကို ထုတ်ယူကာ မိန်းကလေးနှစ်ဦး၏ အမည်စာရင်းကို ပေးသွင်းလိုက်သည်။

ထိပ်တန်းအဆင့် အားတိုးဆေးသည် အလွန်ရှားပါးပြီး ဈေးကွက်အတွင်း၌ပင် အလွယ်တကူ ဝယ်ယူ၍ မရချေ။

ယခုအခါ ထိုမျှ ရှားပါးသောဆေးကို ဟွာလင်းဝုကျောင်း၏ စစ်မှန်သော ပါရမီရှင် အတွက် ချီးမြှင့်မည် ဖြစ်သည်။

ချင်ယန်က ရန်ရှီးယု၏ ထက်မြက်မှုကို တိတ်တဆိတ် ချီးကျူးနေမိသည်။

သူမက ပြိုင်ပွဲတွင် လိုအပ်လာမည့် သိုင်းပညာရပ် နှစ်မျိုးကို သူ့အတွက် ရွေးချယ်ပေးခဲ့ခြင်း ဖြစ်မှန်း ရိပ်မိလာခဲ့သည်။

ဤစစ်ဆေးမှု၏ ပထမနေရာကို ရရှိခဲ့လျှင် ချင်ယန်သည် အဖိုးတန် ဆေးတစ်လုံးကို ရမည် ဖြစ်သည်။

ယန်ယွန်သည် ချင်ယန်တို့ ဆရာတပည့် နှစ်ဦးကို အကဲခတ်ရင်း ပြောလိုက်သည်။

"ချင်ယန်.. ငါ့ထက်သာဖို့ စိတ်ကူးယဉ်မနေနဲ့.. ငါတို့ မိသားစုရဲ့ ကိုယ်ဖော့ပညာက ရှန်ချင်အင်ပါယာမှာ အကောင်းဆုံးပဲ"

ကျောင်းသားဟောင်း အများအပြားသည် ကောင်းကင်ခြင်္သေ့ သိုင်းခန်းမသို့ ရောက်ရှိလာကြပြီး ပျော်ရွှင်စွာ ကြည့်နေကြသည်။

သူတို့က အခြားနေရာများသို့ ထွက်ခွာသွားခြင်း မပြုတော့ဘဲ ချင်ယန်တို့ကိုသာ ကြည့်ရှုနေကြသည်။

ချင်ယန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

"မင်းတို့ ယန်မိသားစုက တာဝန်ကျေတဲ့ မိဖုရားကြီးရဲ့ အစောင့်ခွေးမှန်း ငါသိပါတယ်"

"မင်းက အမတ်ကြီးယန်ကို ပြောချင်သလို ပြောနိုင်တယ် ဆိုပေမဲ့ မင်းသိထားရမှာက ယန်လေးနဲ့ လက်ထပ်မယ့်သူကို စော်ကားလို့မရဘူး ဆိုတာပဲ"

ကွီဟီက ဆက်လက် ပြောလိုက်သည်။

"ရန်ရှီးယု.. နင့်ရဲ့တစ်ဦးတည်းသော တပည့်လေးကို စည်းကမ်းရှိအောင် သင်ထားရင် ကောင်းမယ်.. အခု သူ ဘယ်လောက်တောင် အပြစ်ပြုမိနေလဲ ဆိုတာ နင်သိရဲ့လား.. ယန်လေးနဲ့ လက်ထပ်မယ့်သူက ဝေရှန်ခွန်းပဲ"

ဝေရှန်ခွန်းသည် မှော်စာလုံးအစီအရင် ရေးသားသည့် နာမည်ကျော်ကြားသော ဝေမိသားစုမှ ဖြစ်ပြီး အဆင့်ငါး သိုင်းခန္ဓာ နယ်ပယ်ကို ရောက်ရှိနေသူ ဖြစ်သည်။

ထို့ပြင် ဟွာလင်းဝုကျောင်း၏ စီနီယာကျောင်းသား တစ်ဦးလည်း ဖြစ်၏။

ယုရန်ယွင် အပါအဝင် အခြားကျောင်းသူများ၏ မျက်နှာထက်တွင် ယန်ယွန်အား မနာလိုအားကျဟန်များ ပေါ်လွင်နေခဲ့၏။

ရှန်ချင်အင်ပါယာ၌ ဝေမိသားစုသည် မှော်စာလုံးအစီအရင်အတတ်ဖြင့် ကျော်ကြားပြီး မိသားစုခေါင်းဆောင်မှာ ဆရာဝေ ဖြစ်သည်။

ဆရာဝေသည် အလွန် ကျော်ကြားသူ ဖြစ်ပြီး မိသားစုကြီးများ၊ ကျောင်းတော်ကြီးများမှ အထူးဧည့်သည်တော် အဖြစ် မကြာခဏ ဖိတ်ကြားခြင်း ခံရသူလည်း ဖြစ်သည်။

မှော်စာလုံးပညာရှင် မိသားစုနှင့် ဆွေမျိုးတော်စပ်ခွင့် ရရှိခြင်းသည် အမတ်ကြီးယန်ကို ပို၍ပင် မာနထောင်လွှားစေပေလိမ့်မည်။

"ငါ့ရဲ့ ခင်ပွန်းလောင်းက ကောင်းကင်ခြင်္သေ့ သိုင်းပြိုင်ပွဲကို ဝင်ပြိုင်မှာ... ပထမနေရာက သူ့အတွက်ပဲ"

ယန်ယွန်၏ လေသံတွင် ဂုဏ်ယူဝင့်ကြွားသော အရိပ်အယောင်များ ပါဝင်နေခဲ့သည်။

အခန်း(၂၀) ပြီး၏

All Chapters