အခန်း (၁၁၉-၁၂၀)
Vol. 12 Ch. 119-120
အခန်း (၁၁၉) လူ ခွဲခြင်း
ချန်ကျီ က အနန္တနေရာလွတ် ထဲသို့ ဝင်ရောက်လိုက်ပြီးနောက် ကိုယ်ပွား အားလုံးက သူ့ကို စောင့်ဆိုင်းနေကြသည်ကို မြင်တွေ့လိုက်ရသည်။
သံနက်မိုင်းတွင်းကို ပြောင်သလင်းခါအောင် တူးဖော်ခဲ့သည့် ကိုယ်ပွားများက အနန္တနေရာလွတ်ထဲသို့ ပြန်ရောက်လာပြီးနောက်တွင်လည်း ချန်ကျီ ညွှန်ကြားထားသည့်အတိုင်း အနားမယူကြဘဲ ကိုယ်ပွား ရှောင်ဖျင် နှင့် ရှောင်အန်း တို့ကို ကူညီကာ ပစ္စည်းများကို စီစဉ်ပေးနေခဲ့ကြသည်။
ချန်ကျီ ရောက်လာပြီးသည့် နောက်မှသာ သူတို့က လက်ရှိလုပ်လက်စ အလုပ်များကို ရပ်တန့်လိုက်ကြတော့သည်။
ရှောင်ဖျင် နှင့် ရှောင်အန်း တို့က ချန်ကျီ ရောက်လာသည်ကို မြင်သောအခါ ပထမဆုံးအကြိမ်အဖြစ် ချန်ကျီ ကို နှုတ်ဆက် အရိုအသေပေး ကြပြီးနောက် ယနေ့၏ ဝင်ငွေ အခြေအနေကို အစီရင်ခံ တင်ပြကြသည်။
ချန်ကျီ က စာရင်းစာအုပ်ကို လှမ်းယူလိုက်ရင်း "လျိုထိုင် ကြိုတင်မှာယူထားတဲ့ အဆင့်တက်ဆေးလုံးနဲ့ ရတနာလက်နက် အတွက် ကုန်စုံဆိုင်ကနေ ဒီနေ့ ပြန်သိမ်းရရှိတဲ့ ကျန်ရှိနေတဲ့ ဝိညာဉ်ကျောက်တုံးတွေကို ပေါင်းလိုက်ရင်တောင် စုစုပေါင်း ဝင်ငွေက သုံးသောင်း မပြည့်ဘူးပဲ၊ ကြည့်ရတာ ဝမ်နန်မြို့ထဲမှာရှိတဲ့ လူတွေအားလုံးရဲ့ ဝိညာဉ်ကျောက်တုံးတွေက လောလောဆယ်တော့ ပြောင်သလင်းခါသွားပြီ ထင်တယ်"
"နောက်ပိုင်း ကာလတွေမှာတော့ ကုန်စုံဆိုင်က ဒီလောက်အထိ အလုပ်မရှုပ်တော့ဘဲ ဝင်ငွေက ဖြည်းဖြည်းချင်း တည်ငြိမ်တဲ့ အဆင့်တစ်ခုကို ရောက်သွားလိမ့်မယ်"
ချန်ကျီ က စဉ်းစားပြီးနောက် ကိုယ်ပွား အားလုံးကို တစ်နေရာတည်းသို့ စုစည်းလိုက်သည်။
ကိုယ်ပွား အားလုံးက ချန်ကျီ ၏ အရှေ့သို့ ချက်ချင်းပင် ရောက်ရှိလာကြပြီး တစ်တန်းလျှင် ၁၀ ယောက်စီဖြင့် စနစ်တကျ တန်းစီရပ်ကာ ချန်ကျီ ၏ အမိန့်ကို စောင့်ဆိုင်းနေကြသည်။
"ဒီကာလအတွင်းမှာ မင်းတို့အားလုံး ပင်ပန်းသွားကြပြီ၊ သံနက်မိုင်းတွင်းကို ပြောင်သလင်းခါအောင် တူးဖော်တဲ့ တာဝန်ကို အတော်လေး ကောင်းကောင်းမွန်မွန် အကောင်အထည်ဖော်နိုင်ခဲ့ကြတယ်၊ နောက်ထပ် မင်းတို့ကို အလုပ်အသစ်တွေ ထပ်ပြီး တာဝန်ပေးရမယ်"
"သခင်... ဒါတွေက ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်တာတွေပါ" ကိုယ်ပွား အားလုံးက တညီတညွတ်တည်း ပြောလိုက်ကြသည်။
ချန်ကျီ က ကိုယ်ပွားများ၏ ဤကဲ့သို့သော ပုံစံကို ကြည့်ပြီး စိတ်ချမ်းသာစွာဖြင့် ခေါင်းညိတ်လိုက်မိသည်။ စနစ်က ပေးထားသည့် ကိုယ်ပွားများ ဖြစ်သည့်အတိုင်း သစ္စာရှိမှု အပိုင်းမှာတော့ ပြောစရာ လိုမည်မဟုတ်ပေ။
ချန်ကျီ က ခေါင်းညိတ်ပြလိုက်ပြီး "ကောင်းပြီ... ရှန်းဝမ်စန်း၊ မင်းအနေနဲ့ နောက်ပိုင်းမှာ နေ့တိုင်း အနန္တကုန်စုံဆိုင် ပိတ်ပြီးတာနဲ့ အနန္တနေရာလွတ်ထဲကို ပြန်လာပြီး ကိုယ်ပွား အားလုံးကို သင်တန်းပေးရမယ်"
"သူတို့ကို စီးပွားရေး ဘယ်လိုလုပ်ရမလဲ၊ ကုန်စုံဆိုင်တစ်ဆိုင်ကို ဘယ်လို စီမံခန့်ခွဲရမလဲ၊ အရေးပေါ် အခြေအနေတွေကို ဘယ်လို ရင်ဆိုင် ဖြေရှင်းရမလဲ၊ ကုန်ပစ္စည်း တစ်ခုချင်းစီရဲ့ သတ်မှတ်စျေးနှုန်းက ဘယ်လောက်လဲ၊ ပြန်လည် ဝယ်ယူမယ့်စျေးနှုန်းက ဘယ်လောက်လဲ ဆိုတာကအစ အသေးစိတ်ကအစ အားလုံးကို သင်ကြားပြသပေးရမယ်"
ချန်ကျီ က ဤသို့ ပြောလိုက်သည်နှင့် ရှန်းဝမ်စန်း က ချန်ကျီ ၏ စိတ်ကူးကို သဘောပေါက်သွားပုံရပြီး မေးလိုက်သည်။ "သခင်... သခင်က အနန္တကုန်စုံဆိုင်ကို နောက်ထပ် မြို့အများကြီးမှာ ထပ်ပြီး ဖွင့်ဖို့ ရည်ရွယ်ထားတာလား"
ချန်ကျီ က တည်ငြိမ်သော မျက်နှာပေးဖြင့် ခေါင်းညိတ်ပြကာ ပြောသည်။ "အင်း... အခု ဝမ်နန်မြို့မှာရှိတဲ့ ဒီ အနန္တကုန်စုံဆိုင်ရဲ့ ဝင်ငွေကိုလည်း မင်း မြင်တဲ့အတိုင်းပဲ၊ အကန့်အသတ် ရှိလွန်းတယ်၊ အနန္တကုန်စုံဆိုင်ကို မြို့အများကြီးမှာ ထပ်ပြီး ဖွင့်နိုင်မှသာ ပိုပြီး များပြားတဲ့ ဝင်ငွေတွေကို သယ်ဆောင်လာပေးနိုင်မှာ"
ရှန်းဝမ်စန်း လည်း နားထောင်ပြီးနောက် တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်မိသည်။ ဝမ်နန်မြို့ထဲကနေ ရှာဖွေနိုင်သည့် ဝိညာဉ်ကျောက်တုံးများက အမှန်တကယ်ပင် နည်းပါးလာနေပြီဖြစ်ရာ အနန္တကုန်စုံဆိုင်ကို အခြားမြို့များစွာတွင် ထပ်ဖွင့်ရန် တွေးခြင်းမှာ အမှန်တကယ်ပင် ကောင်းမွန်သော စိတ်ကူးတစ်ခု ဖြစ်သည်။
"ဟုတ်ကဲ့ပါ... သခင်" ရှန်းဝန်းစန်း က ဝမ်းမြောက်ဝမ်းသာ တာဝန်ယူလိုက်သည်။
ထို့နောက်တွင် ချန်ကျီ က ကိုယ်ပွား အားလုံးကို ထပ် ပြောလိုက်သည်။ "နောက်ထပ် ငါ စီစဉ်မယ့် အစီအစဉ်က အလွန် အရေးကြီးတယ်၊ မင်းတို့ရဲ့ အလုပ်တွေကို ပြန်လည် ခွဲဝေပေးမယ်၊ မင်းတို့ အနေနဲ့ အတိုတောင်းဆုံး အချိန်အတွင်းမှာ ရှန်းဝမ်စန်း ရဲ့ နောက်ကိုလိုက်ပြီး စီးပွားရေး ပညာတွေကို တတ်မြောက်အောင် သင်ယူဖို့ လိုအပ်တယ်"
"ငါက မင်းတို့ကို အဖွဲ့ပေါင်း ၂၀ ခွဲပေးမယ်၊ တစ်ဖွဲ့ကို နှစ်ယောက်စီနဲ့ မြို့ပေါင်း ၂၀ ကို သီးခြားစီ သွားပြီး အနန္တကုန်စုံဆိုင် အသစ်တွေကို ဖွင့်ရမယ်"
"ဒီကာလအတွင်းမှာ မင်းတို့တွေ အနန္တနေရာလွတ်ထဲမှာ ရှန်းဝမ်စန်းရဲ့ နောက်ကိုလိုက်ပြီး ပိုက်ဆံ ဘယ်လိုရှာရမလဲဆိုတာ သေချာ သင်ယူကြ။ သင်တန်း ပြီးဆုံးသွားတဲ့အခါ အားလုံးက ရှန်းဝမ်စန်းရဲ့ စစ်ဆေးမှုကို မဖြစ်မနေ အောင်မြင်ရမယ်၊ ဒါက အမိန့်ပဲ"
"ဟုတ်ကဲ့ပါ... သခင်"
ထို့နောက်တွင် ချန်ကျီ က ကိုယ်ပွား ၄၄ ယောက်ကို အဖွဲ့ပေါင်း ၂၀ ခွဲခြားပေးလိုက်ပြီး တစ်ဖွဲ့လျှင် နှစ်ယောက်စီ သတ်မှတ်ပေးလိုက်သည်။ ဤသို့ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ကိုယ်ပွား နှစ်ယောက်အကြား တစ်ဦးကိုတစ်ဦး အပြန်အလှန် စောင့်ရှောက်နိုင်စေရန် ဖြစ်သည်။
အကယ်၍ ကိုယ်ပွား တစ်ယောက်ယောက် ကိစ္စရှိခဲ့လျှင်ပင် ကျန်ရှိနေသည့် ကိုယ်ပွားတစ်ယောက်က အခြားသော ကိုယ်ပွားများကို အချိန်မရွေး ဆင့်ခေါ်နိုင်မည် ဖြစ်သည်။
ပိုလျှံနေသည့် ကိုယ်ပွား ၄ ယောက်အတွက်မူ သူက အခြား အစီအစဉ်များ ရှိနေသေးသည်။
"ရှန်းဝမ်စန်း... နောက်ပိုင်း ကိစ္စတွေကို မင်း လက်ထဲ လွှဲအပ်ခဲ့မယ်၊ မင်း အခုကစပြီး သင်တန်းကို စတင်နိုင်ပြီ"
"ဟုတ်ကဲ့ပါ... သခင်"
ရှန်းဝမ်စန်း က ပြန်ဖြေ လိုက်ပြီးနောက် ကိုယ်ပွား ၄၀ ကို ခေါ်ဆောင်ကာ တစ်ဖက်သို့ သွားရောက်၍ သင်တန်းကို စတင် ပို့ချတော့သည်။
ရှန်းဝမ်စန်း သင်ကြားပေးသည့် အကြောင်းအရာများမှာ အဓိကအားဖြင့် သူကိုယ်တိုင် ဤရက်ပိုင်းအတွင်း အနန္တကုန်စုံဆိုင်ကို စီမံခန့်ခွဲခဲ့သည့် အတွေ့အကြုံများနှင့် သင်ခန်းစာများကို အခြေခံ၍ ရှင်းလင်း သင်ကြားပေးခြင်း ဖြစ်သည်။
ချန်ကျီ ကမူ ကျန်ရှိနေသည့် ကိုယ်ပွား ၄ ယောက်ကို ကြည့်ကာ "မင်းတို့ ၄ ယောက်က လောလောဆယ်တော့ ရှောင်ဖျင်နဲ့ ရှောင်အန်းရဲ့ နောက်ကိုလိုက်ပြီး အနန္တနေရာလွတ်ကို ကူညီ စီမံပေးကြ၊ ခဏနေရင် ငါက ကိုယ်ပွား ၆ ယောက် ထပ်ပြီး လဲလှယ်ပေးမယ်၊ မင်းတို့နဲ့ ပူးပေါင်းဖို့အတွက်ပေါ့"
"မင်းတို့ရဲ့ တာဝန်ကလည်း ထို့အတူပဲ အရေးကြီးတယ်၊ နောင်ကျရင် မင်းတို့ ၁၀ ယောက် က ရှောင်ဖျင်နဲ့ ရှောင်အန်းကို ကူညီပြီး အနန္တနေရာလွတ်ကို စီမံခန့်ခွဲပေးရမယ်"
"ပြီးတော့ အခြား ကိုယ်ပွားတွေ အကူအညီ လိုအပ်တဲ့ အချိန်မျိုးမှာ မင်းတို့ကို အချိန်မရွေး ဆင့်ခေါ်နိုင်ဖို့ စောင့်ဆိုင်းနေရမယ်၊ မင်းတို့ အားလုံးက အလွန် အရေးကြီးတဲ့ နောက်ခံ အင်အားစုတွေပဲ"
"ငါ တတ်ထားတဲ့ မန္တန်တွေကို မင်းတို့အားလုံးလည်း တတ် ထားကြတာပဲ၊ အားတဲ့ အချိန်မျိုးမှာ တိုက်ပွဲအတွင်း ဘယ်လိုမျိုး အချိတ်အဆက်မိမိနဲ့ ပူးပေါင်း တိုက်ခိုက်ရမလဲဆိုတာကို ပိုပြီး လေ့လာထားကြ၊ ၁ ပေါင်း ၁ က ၂ ထက် ပိုကြီးတဲ့ စွမ်းဆောင်ရည် ရလဒ်မျိုး ထွက်ပေါ်လာအောင် လုပ်ရမယ်"
"ဟုတ်ကဲ့ပါ... သခင်"
"ကောင်းပြီ... မင်းတို့အားလုံး သွားနိုင်ပြီ"
"ဟုတ်ကဲ့"
ချန်ကျီ က အားလုံးကို စီစဉ် ညွှန်ကြားပြီးနောက် ကိုယ်ပွား အားလုံးက ယခုအခါတွင် သူတို့၏ အလုပ်ကိုယ်စီ ရရှိသွားကြပြီး အသီးသီး အလုပ်ရှုပ်နေကြတော့သည်။
ချန်ကျီ ကမူ ဦးစွာ ပထမ အစီအရင် လေ့လာ ခန်းသို့ သွားကာ လေ့လာပြီးသွားပြီဖြစ်သော 'လိပ်နက် အစီအရင်' ကို တိုက်ခိုက်ရေး အစီအရင်တစ်ခုဖြင့် အစားထိုးလိုက်သည်။
ပုံရိပ် ၏ လက်ထဲသို့ အစီအရင် ပုံကြမ်းအသစ် ရောက်ရှိသွားပြီးနောက် သတိပေးချက်စာသားကလည်း ချက်ချင်း ပေါ်ထွက်လာခဲ့သည်။
[စတုတ္ထအဆင့် အစီအရင် 'ထျန်ကန်းဓားအစီအရင်' ကို လေ့လာရန်အတွက် ၂၄ နာရီ လိုအပ်ပြီး အမှတ် ၂၄၀၀ ကုန်ကျမည် ဖြစ်သည်။ သဘောတူ ပါသလား။]
"သဘောတူ တယ်"
ချန်ကျီ က ပြောပြီးနောက် ပုံရိပ် ၏ ကိုယ်ပေါ်မှ အလင်းတန်းများ တဖျတ်ဖျတ် တောက်ပလာခဲ့ပြီး ပတ်ဝန်းကျင်ရှိ အစီအရင်၏ ရုန်း စာသားများက လည်ပတ်နေကာ နားမလည်နိုင်သော နက်နဲ ဆန်းကြယ်လှသော စာသားများက မျက်စိတစ်ဆုံး ဖြစ်နေသည်။
ချန်ကျီ က ခဏမျှ ကြည့်လိုက်ရင်း "ကြည့်ရတာ ငါ့ရဲ့ ပါရမီက အကန့်အသတ် ရှိနေတာပဲ၊ လုံးဝကို နားမလည်နိုင်ဘူး၊ ကြည့်ရတာ ဝိညာဉ်အမြစ် ပါရမီ ကို မြှင့်တင်ဖို့ နည်းလမ်းကို ရှာဖွေရဦးမယ်"
"ဒါပေမဲ့ နောက်ပိုင်းကျရင် အကာအကွယ် အစီအရင်ကို ခင်းကျင်း လို့ ရပြီပဲ"
"ဟဲဟဲ... စတုတ္ထအဆင့် အကာအကွယ် အစီအရင်ဆိုရင် အခြေတည်ဝိညာဉ် အဆင့် ကျွမ်းကျင်သူ ရောက်လာရင်တောင် တိုက်ရိုက် ချိုးဖျက်ဖို့က ခဏတဖြုတ်နဲ့တော့ မဖြစ်နိုင်ဘူး"
"မနက်ဖြန် ထျန်ကန်းဓားအစီအရင် လေ့လာလို့ ပြီးသွားရင်တော့ အခြေတည်ဝိညာဉ် အဆင့်က တကယ်ပဲ လာရဲရင်တောင် သူ့ကို အသက်ရှင်လျက် ပြန်မသွားနိုင်အောင် လုပ်ပစ်မယ်"
ချန်ကျီ သည် မနေ့က စတုတ္ထအဆင့် အစီအရင်အတွက် ဝိညာဉ်ကျောက်တုံးများ ကုန်ကျမည့် အရေအတွက်ကို ညည်းတွား နေခဲ့သည်ကို ယခုအခါတွင် လုံးဝ မေ့လျော့သွားခဲ့ပြီ ဖြစ်သည်။
ထို့နောက်တွင် ချန်ကျီ က အနန္တဆိုင် သို့ ထပ်မံ သွားကာ ယနေ့ ရရှိသော ဝင်ငွေ အားလုံးကို အစိမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးထံသို့ ပြန်လည် ရောင်းချလိုက်သည်။
"သံနက်မိုင်းတွင်းက အခု ပြောင်သလင်းခါသွားပြီ၊ ဒီ အမှတ် ၅၀၀၀၀ က သံနက်မိုင်းတွင်းရဲ့ နောက်ဆုံး ဝင်ငွေပဲ၊ ကုန်စုံဆိုင်ရဲ့ ဝင်ငွေကလည်း သိပ်မများဘူး၊ လျိုထိုင်ရဲ့ ဝိညာဉ်ကျောက်တုံး နှစ်သောင်းအပြင် ဒီနေ့ ရှစ်ထောင်ပဲ ဝင်ငွေ ရှိတယ်"
"ငါ့အတွက် တူးဖော်ဖို့ နောက်ထပ် မိုင်းတွင်းတစ်ခုလောက် ရှိရင် ကောင်းမှာပဲ၊ ဒါပေမဲ့ ဒီမိုင်းတွင်းတွေက ဘယ်နေရာတွေမှာ ရှိနေလဲဆိုတာ မသိရဘူး၊ ကြည့်ရတာ ကိုယ်ပွား အချို့ကို အပြင်လွှတ်ပြီး ကံစမ်းခိုင်းကြည့်ဖို့ အစီအစဉ် ဆွဲရဦးမယ်"
"ယဲ့မိသားစုဆီ သွားတဲ့ ကိုယ်ပွားကလည်း စွမ်းဆောင်ရည် ပြသဖို့ လိုပြီ၊ ယဲ့မိသားစုလိုမျိုး မိသားစုကြီး တစ်ခုက သံနက်မိုင်းတွင်း တစ်ခုတည်းရဲ့ ဝင်ငွေနဲ့တော့ သေချာပေါက် ရပ်တည်နိုင်မှာ မဟုတ်ဘူး၊ ယဲ့မိသားစုမှာ ဝိညာဉ်ကျောက်တုံးတွေ ရှာဖွေနိုင်တဲ့ လမ်းကြောင်းတွေ အများကြီး ရှိနေမှာ အသေအချာပဲ"
နောင်ကျရင် သံနက်မိုင်းတွင်းမှ ဝင်ငွေများ မရှိတော့ခြင်းက ချန်ကျီ ကို အမှန်တကယ်ပင် စိတ်မသက်မသာ ဖြစ်စေသော်လည်း နောက်ထပ် မိုင်းတွင်းတစ်ခု အလိုအလျောက် ပေါ်ထွက်လာဖို့မှာ ထင်သလောက် မလွယ်ကူပေ။
ဒီမိုင်းတွင်းတွေက ကျင့်ကြံခြင်းလောက ရဲ့ အရေးကြီးတဲ့ အရင်းအမြစ်တွေ ဖြစ်ပြီး အများစုက ဂိုဏ်းအင်အားစုတွေ၊ ထိပ်တန်း မိသားစုကြီးတွေနဲ့ တာ့ချန်မင်းဆက် ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာမို့ သူတို့က ဒီမိုင်းတွင်းတွေ ရှိတဲ့နေရာကို အပြင်လူတွေကို အလွယ်တကူ သိခွင့်ပေးမှာ မဟုတ်ပေ ။
ယဲ့မိသားစုက ဘယ်လိုမျိုး ခွေးကံ ထိမိပြီး ဒီလို မိုင်းတွင်းတစ်ခုကို တစ်ဦးတည်း သိမ်းပိုက်ထားနိုင်လဲဆိုတာ မသိရပေ။
"ဒီလိုဆိုမှတော့ ကိုယ်ပွား အချို့ကို ပိုပြီး လဲလှယ်ပြီး အားလုံးကို အပြင်လွှတ်လိုက်မယ်၊ တာ့ချန်မင်းဆက်ရဲ့ အပြင်နေရာတွေကိုလည်း သွား စူးစမ်းခိုင်းရမယ်၊ မထင်မှတ်ထားတဲ့ အံ့ဩစရာ တွေ့ရှိမှုတွေ ရှိလာနိုင်တာပဲ"
ချန်ကျီ ၏ စိတ်ထဲတွင် အကြံတစ်ခု ရရှိသွားပြီးနောက် အစိမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးထံမှ ကိုယ်ပွား ၁၀ ယောက်ကို တိုက်ရိုက် ထပ်မံ လဲလှယ်လိုက်ရာ အမှတ် ၆၀၅၀၀ ကုန်ကျသွားခဲ့သည်။
ယခုအခါ အမှတ် ၅၄၆၀၀ သာ ကျန်ရှိတော့ပြီး သံနက်မိုင်းတွင်းမှ သယ်ဆောင်လာပေးသည့် ကြီးမားလှသော ဝင်ငွေများ မရှိတော့သဖြင့် အမှတ်များကို သုံးစွဲရာတွင်လည်း သုံးစွဲလိုက်တိုင်း နည်းပါးသွားတော့မည် ဖြစ်သည်။
"ဒီကိုယ်ပွား အချို့က ငါ့ကို စိတ်ပျက်အောင် မလုပ်ဖို့ မျှော်လင့်ရတာပဲ"
ယခင်က ကိုယ်ပွား ၄၄ ယောက် သံနက်မိုင်းတူးရာတွင် အသုံးပြုခဲ့သည့် 'ကောင်းကင်ဝိညာဉ်ပေါက်တူး' များကို ယခုအခါတွင် ကိုယ်ပွား ရှောင်ဖျင် က စနစ်တကျ သိမ်းဆည်း ထားရှိပြီး ချန်ကျီ ကလည်း ၎င်းတို့ကို ပြန်လည် မရောင်းချသေးပေ၊ သူ၏ စိတ်ထဲတွင် မိုင်းတွင်းအသစ်တစ်ခု ပေါ်ထွက်လာဦးမည်ဟု မျှော်လင့်ချက် ရှိနေသေးသောကြောင့် ဖြစ်သည်။
ကိုယ်ပွား ၁၀ ယောက်စလုံး ပုံပေါ်လာပြီးနောက် ချန်ကျီ က သူတို့ကို အနန္တဆိုင်ထဲမှ တစ်ပါတည်း ခေါ်ဆောင်လာခဲ့သည်။
ကိုယ်ပွားအသစ် ၆ ယောက်ကို ရှောင်ဖျင် ထံသို့ အပ်နှံကာ စီစဉ်ခိုင်းလိုက်ပြီး သူကိုယ်တိုင်ကမူ ကျန်ရှိနေသည့် ကိုယ်ပွား ၄ ယောက်ကို ခေါ်ဆောင်ကာ အနန္တနေရာလွတ်ထဲမှ ထွက်ခွာခဲ့တော့သည်။
အခန်း (၁၂၀) အရှေ့အနောက်တောင်မြောက်
ချန်ကျီ ၏ အသိစိတ်က ခန္ဓာကိုယ်ထဲသို့ ပြန်လည် ရောက်ရှိလာပြီးနောက် သူက ကိုယ်ပွား ၄ ယောက်ကို ချက်ချင်းပင် အပြင်သို့ ဆင့်ခေါ်လိုက်သည်။
"မင်းတို့ ၄ ယောက်က ဒီကမ္ဘာကို ခုလေးတင် ဆင်းသက်လာတာဆိုတော့ ဒီကမ္ဘာအကြောင်းကို အလွန် စိမ်းနေဦးမယ်၊ ဒါပေမဲ့ ဒါကလည်း ငါလိုချင်တဲ့ အခြေအနေပဲ"
"ငါက မင်းတို့ကို ကိုယ်တိုင် အပြင်ထွက်ခိုင်းပြီး မင်းတို့ရဲ့ ကိုယ်ပိုင် အမြင်တွေနဲ့ ဒီကမ္ဘာကြီးကို စူးစမ်းစေချင်တယ်"
"မင်းတို့ ၄ ယောက်စလုံးက မင်းတို့ရဲ့ ကိုယ်ပိုင် လမ်းစဉ်တစ်ခုစီကို လျှောက်လှမ်းနိုင်ပြီး မင်းတို့ရဲ့ ကိုယ်ပိုင် ကောင်းကင်ပြင်တစ်ခုကို ထိုးဖောက် ဖွင့်နိုင်လိမ့်မယ်လို့ ငါ ယုံကြည်တယ်"
"မင်းတို့ ၄ ယောက် အိမ်တော်ကနေ ထွက်သွားပြီးရင် အရှေ့၊ အနောက်၊ တောင်၊ မြောက် ဆိုတဲ့ အရပ်လေးမျက်နှာကို တစ်ယောက်တစ်လမ်းစီ သွားပြီး ကံတရား အခွင့်အလမ်းတွေကို ရှာဖွေကြ။ ကံတရားနဲ့ တွေ့ကြုံရင် ငါ့ဆီကို သတင်းပြန်ပို့၊ တကယ်လို့ အန္တရာယ်နဲ့ ကြုံတွေ့ရရင်လည်း ကိစ္စမရှိဘူး၊ ပြေးနိုင်ရင် ပြေးကြ၊ မပြေးနိုင်ရင်တောင် အန္တရာယ်တွေကို ငါ့ဆီကို သယ်ဆောင်မလာခဲ့နဲ့။ အားလုံး သဘောပေါက်ကြလား"
"သဘောပေါက်ပါတယ်"
"ကောင်းပြီ... မင်းတို့ အခုပဲ ထွက်ခွာနိုင်ပြီ၊ မင်းတို့အားလုံး လမ်းခရီး ဖြောင့်ဖြူးပြီး အနာဂတ် အလားအလာတွေ တောက်ပပါစေလို့ မျှော်လင့်ပါတယ်"
"ဟုတ်ကဲ့ပါ... သခင်"
ကိုယ်ပွား ၄ ယောက်၏ ဘေးအန္တရာယ် ကိစ္စနှင့် ပတ်သက်၍ ချန်ကျီ အနေဖြင့် စိုးရိမ်ပူပန်လွန်းနေခြင်း ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ယခုအခါ သူကိုယ်တိုင်က အုတ်မြစ်ချခြင်းအဆင့် အဆင့် ၈ သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ကိုယ်ပွားများ အပြင်သို့ သွားရောက် စွန့်စားပြီးနောက် ရက်အနည်းငယ် ကြာလျှင် ချန်ကျီ သည်လည်း သဘာဝအတိုင်း ရွှေအူတိုင် အဆင့် သို့ တက်လှမ်းနိုင်တော့မည် ဖြစ်သည်။
ထိုအချိန်ကျလျှင် ရွှေအူတိုင် အဆင့် ကိုယ်ပွားများက လောကကြီးထဲတွင် အရှိန်အဝါဖြင့် မွှေနှောက်နိုင်ခြင်း မရှိသေးလျှင်ပင် အရာရာကို လွယ်ကူ အေးချမ်းစွာ ရင်ဆိုင်နိုင်မည်မှာ အသေအချာပင်။
လမ်းထွက်ထွက်ချင်း အခြေတည်ဝိညာဉ် အဆင့် ကျွမ်းကျင်သူကြီးများနှင့် မတွေ့ဆုံသရွေ့ သို့မဟုတ် သူတို့ကိုယ်သူတို့ အလွန်အကျွံ ဘဝင်မမြင့်သရွေ့ အခြေခံအားဖြင့် မည်သည့်အရာကိုမျှ ကြောက်ရွံ့နေရန် မလိုတော့ပေ။
ကိုယ်ပွား ၄ ယောက်က ခြေရာဖျောက်ကာ အိမ်တော်မှ ထွက်ခွာသွားပြီးနောက် ချန်ကျီ ပထမဆုံး လုပ်သည့် အလုပ်မှာ 'လိပ်နက် အစီအရင်' ကို အိမ်တော်ပတ်ပတ်လည်တွင် ဦးစွာ ခင်းကျင်း လိုက်ခြင်း ဖြစ်သည်။
ချန်ကျီ ၏ အိမ်တော်တစ်ခုလုံးက ယခုအခါတွင် ရွှေတံတိုင်း ကျောက်တံတိုင်းကဲ့သို့ ခိုင်ခံ့ အခြေတည်သွားပြီဖြစ်ရာ သူကိုယ်တိုင်ကမူ အထဲတွင် အလွန် တည်ငြိမ်စွာဖြင့် ရှိနေတော့သည်။
ချန်ကျီ က လိပ်နက် အစီအရင်ကို လည်ပတ်စေပြီးနောက် စိတ်အေးချမ်းသာစွာဖြင့် အနားယူရန် သွားခဲ့သည်။ ယခုအခါတွင်မူ ကောင်းကင်ကြီး ပြိုကျလာလျှင်ပင် သူ စိုးရိမ်ပူပန်နေရန် မလိုတော့ပေ။
ဒီတစ်ခေါက်တွင်မူ သူက အစီအရင်အတွက် ဝိညာဉ်ကျောက်တုံးများ ကုန်ကျမည့် အရေးကို ထပ်မံ၍ တွေးတော ညည်းတွားမနေတော့ပေ၊ ဘာပဲဖြစ်ဖြစ် အိပ်မက်ထဲတွင် အားလုံး ရှိနေသည်မဟုတ်ပါလား။
....
ထိုအချိန်တွင် ဟဲကွမ်းတောင်တန်း အတွင်း၌မူ စိတ်လှုပ်ရှားဖွယ်ရာ တိုက်ခိုက်မှုများက ဆက်တိုက် ဖြစ်ပွားနေခဲ့သည်။
ဟဲကွမ်းတောင်တန်း တစ်ခုလုံး၏ အပြင်ဘက် နယ်မြေ များတွင် လမ်းအနည်းငယ် လျှောက်လိုက်ရုံနှင့် မိစ္ဆာသားရဲများကို လိုက်လံ သတ်ဖြတ်နေကြသော တစ်ကိုယ်တော်ကျင့်ကြံသူများကို မြင်တွေ့နိုင်စွမ်း ရှိသည်။
အနည်းငယ် ပိုသန်မာ သော ချီသန့်စင်ခြင်းအဆင့် နှောင်း ပိုင်း ကျင့်ကြံသူများမှာမူ တစ်ဦးတည်းဖြင့် ပထမအဆင့် မိစ္ဆာသားရဲတစ်ကောင်ကို သတ်ဖြတ်နိုင်ကြသည်။
အနည်းငယ် အားနည်း သော ကျင့်ကြံသူများမှာမူ အဖွဲ့အစည်းများ ဖွဲ့စည်းကာ မိစ္ဆာသားရဲများကို ပူးပေါင်း သတ်ဖြတ်ကြပြီး စွမ်းဆောင်ရည် အားထုတ်မှုအပေါ် မူတည်၍ ရရှိလာသော မိစ္ဆာသားရဲ ကုန်ကြမ်းပစ္စည်းများကို ခွဲဝေယူကြသည်။
ဟဲကွမ်းတောင်တန်း အပြင်ဘက် နယ်မြေ တစ်ခုလုံးတွင် သွေးညှီနံ့များ လှိုင်လှိုင်ထနေပြီး ကျင့်ကြံခြင်းလောက၏ လှုပ်ရှားမှု ဒီရေလှိုင်းကြီး တစ်ခု ဆူဝေ တက်ကြွလာသကဲ့သို့ ခံစားရစေသည်။
ဤတစ်ကိုယ်တော်ကျင့်ကြံသူများက ပုံမှန်အားဖြင့် သူတို့၏ အသက်ကို အလွန် နှမြောတွန့်တိုတတ်ကြပြီး ဤကဲ့သို့ အသက်နှင့်လဲ၍ ကြိုးစားကြသည့် အချိန်မျိုးကို မြင်တွေ့ရခဲလှသည်။ သို့သော်လည်း ယခုအခါတွင်မူ 'အနန္တကုန်စုံဆိုင်' ကဲ့သို့သော နေရာမျိုး ပေါ်ပေါက်လာခြင်းကြောင့် သူတို့၏ စိတ်ထဲတွင် ကျင့်ကြံခြင်း အောင်မြင်မှု လမ်းစအတွက် မျှော်လင့်ချက်များ ရှိလာခဲ့ကြသည်။
ယခုအခါတွင်မူ ဝိညာဉ်ကျောက်တုံး လုံလောက်စွာ ရှိရုံမျှဖြင့် ဆေးလုံးများကို ဝယ်ယူကာ ကျင့်ကြံခြင်းကို မြှင့်တင်နိုင်ပြီ ဖြစ်သည်။
ကျင့်ကြံခြင်း အရင်းအမြစ်များကို ရရှိရန်အတွက် ဖြစ်ပေါ်လာသော ဤလှုပ်ရှားမှု ဒီရေလှိုင်းကြီးက ယခင်က သေလူကဲ့သို့ ငြိမ်သက်နေသော တစ်ကိုယ်တော်ကျင့်ကြံသူများကို စိတ်လှုပ်ရှား တက်ကြွစေခဲ့သော်လည်း တစ်ချိန်တည်းမှာပင် ဝိညာဉ်ဆေးပင်တစ်ပင် သို့မဟုတ် မိစ္ဆာသားရဲတစ်ကောင်၏ ပိုင်ဆိုင်မှုအတွက်ကြောင့် ကျင့်ကြံသူအချင်းချင်းအကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး တစ်ခါတစ်ရံတွင် ကျင့်ကြံသူများ ပြင်းထန်စွာ ဒဏ်ရာရခြင်း သို့မဟုတ် အသက်ဆုံးရှုံးခြင်းများ ရှိနေခဲ့သည်။
ထို့အပြင် လူသတ်၍ ပစ္စည်းလုယူသည့် အလုပ်ကို သီးသန့် လုပ်ကြသော တစ်ကိုယ်တော်ကျင့်ကြံသူများလည်း ရှိနေသေးရာ သူတို့က ဘယ်နေရာတွင် ပုန်းအောင်းနေမှန်း မသိရဘဲ သေစေနိုင်လောက်သော တိုက်ခိုက်မှုကို ရုတ်တရက် လုပ် ရန် စောင့်ဆိုင်းနေကြသဖြင့် ဟဲကွမ်းတောင်တန်း တစ်ခုလုံးအပေါ်တွင် ကြောက်မက်ဖွယ်ရာ အငွေ့အသက်တစ်ခုက ဖုံးလွှမ်းနေခဲ့သည်။
သို့သော်လည်း ဤအရာအားလုံးက ထိုတစ်ကိုယ်တော်ကျင့်ကြံသူများ ရှေ့ဆက်လှမ်းမည့် ခြေလှမ်းများကို မတားဆီးနိုင်ခဲ့ပေ။ အခွင့်အရေးက သူတို့၏ မျက်စိအရှေ့တွင် ရှိနေပြီဖြစ်ရာ ယခုအချိန်တွင် မစွန့်စားလျှင် ဘယ်အချိန်တွင် စွန့်စားတော့မည်နည်း။
ဟဲကွမ်းတောင်တန်း သို့ ရောက်ရှိလာကြသော ချန်ဖန် တို့ သုံးဦးသည်လည်း ခုနတင်က ပထမအဆင့် နှောင်း ပိုင်း မိစ္ဆာသားရဲတစ်ကောင်ကို ပူးပေါင်း သတ်ဖြတ်နိုင်ခဲ့ကြသည်။
"စီနီယာအစ်ကိုချန်... ဒီမိစ္ဆာသားရဲကို ဒီလိုမျိုးပဲ ခွဲ ရမှာလား"
ကျိုးချွမ် က ယွီရှင်းစစ် နှင့် ပူးပေါင်းကာ မိစ္ဆာသားရဲ အချို့ကို သတ်ဖြတ်ပြီးနောက် တဖြည်းဖြည်းနှင့် အခြေအနေထဲသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ အဓိက တိုက်ခိုက် သူမှာ ယွီရှင်းစစ် ဖြစ်ပြီး ကျိုးချွမ် ကမူ ဘေးမှနေ၍ ပံ့ပိုးကူညီပေးရုံသာ ရှိသေးသော်လည်း ဖြစ်သည်။
ချန်ဖန် ကမူ ဘေးမှနေ၍ သူတို့ကို စောင့်ရှောက်ပေးရန်သာ တာဝန်ယူထားပြီး မိစ္ဆာသားရဲများကို သတ်ဖြတ်သည့် တိုက်ပွဲထဲသို့ ကိုယ်တိုင် ဝင်ပါခြင်း မရှိပေ။ အကယ်၍ သူသာ ဝင်ရောက် တိုက်ခိုက်ခဲ့လျှင် ကျိုးချွမ် နှင့် ယွီရှင်းစစ် တို့ကို ဤနေရာသို့ သီးသန့် ခေါ်ဆောင်လာခဲ့သည့် ရည်ရွယ်ချက်က ပျောက်ဆုံးသွားပေလိမ့်မည်။
"ဟုတ်တယ်" ချန်ဖန် က ခေါင်းညိတ်ပြလိုက်ရုံသာ ပြုလုပ်ပြီး ကျိုးချွမ် ကို ဝိုင်းကူပေးမည့် အရိပ်အယောင် လုံးဝ မပြပေ။
"ကောင်းပါပြီ" ချန်ဖန် ၏ အတည်ပြုချက်ကို ရရှိပြီးနောက် ကျိုးချွမ် က မိစ္ဆာသားရဲ၏ ခန္ဓာကိုယ်ကို ဆက်လက် ခွဲတော့သည်။
ယွီရှင်းစစ် ကမူ တစ်ဖက်တွင် တင်ပျဉ်ခွေထိုင်ကာ ဝိညာဉ်စွမ်းအား များကို ပြန်လည် ကုစားနေခဲ့သည်။
ချန်ဖန် က ယွီရှင်းစစ် ထိုင်နေသည့် နေရာသို့ လျှောက်လှမ်းသွားပြီး ကျောက်စိမ်းပုလင်း တစ်လုံးကို ထုတ်ယူကာ ယွီရှင်းစစ် ထံသို့ ကမ်းပေးလိုက်သည်။
"အထဲက ဆေးလုံးကို သောက်လိုက်၊ မင်းရဲ့ ဝိညာဉ်စွမ်းအား ပြန် ပြည့်ဖို့အတွက် အထောက်အကူ ပြုလိမ့်မယ်"
"ဒါက ဘာဆေးလုံးလဲ" ယွီရှင်းစစ် က ဇဝေဇဝါဖြင့် ကျောက်စိမ်းပုလင်းကို လှမ်းယူလိုက်သည်။
"ချီစုစည်း ဆေးလုံး"
"ချီစုစည်း ဆေးလုံး ဟုတ်လား။ ငါ့မှာလည်း ရှိတာပဲကို မလိုပါဘူး"
ယွီရှင်းစစ် က ပြောပြောဆိုဆိုဖြင့် ကျောက်စိမ်းပုလင်းကို ချန်ဖန် ထံသို့ ပြန်လည် ကမ်းပေးလိုက်သည်။ သူက လူတစ်ယောက်အနေဖြင့် သူ၏ ကိုယ်ပိုင်မူ ကို အမြဲ ထိန်းသိမ်းတတ်သူ ဖြစ်ရာ ဤသို့ အလွယ်တကူ လက်ခံလိုက်လျှင် သူ ယွီရှင်းစစ် ကို ဘယ်လိုလူစားမျိုးဟု သတ်မှတ်ရတော့မည်နည်း။
"မင်း အရင်ဆုံး ဆေးလုံးကို ထုတ်ပြီး ကြည့်လိုက်ပါဦး" ချန်ဖန် က ယွီရှင်းစစ် တွင် သူ၏ ကိုယ်ပိုင် ဇွဲရှိမှန်း သိသဖြင့် ပြတ်ပြတ်သားသားသာ ပြောလိုက်သည်။
"ဘာကြည့်ရမှာလဲ၊ ဘယ်လို ဆေးလုံးမျိုးပဲဖြစ်ဖြစ် ငါ မင်းဆီကနေ မယူနိုင်ပါဘူး၊ ဒါက မင်းရဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေပဲဟာ၊ ငါက ယူလိုက်ရင် ငါက ဘယ်လိုဖြစ် သွားမလဲ၊ မလိုပါဘူး"
"ဟေး... မင်းကလည်း ဘယ်လို အကျင့်ကြီး လဲ၊ ဖွင့်ကြည့်ဆိုရင် ဖွင့်ကြည့်လိုက်စမ်းပါ၊ ဒီလို ဆေးလုံးမျိုး ငါ့ဆီမှာ အများကြီး ရှိတယ်"
နောက်ဆုံးတွင်မူ ယွီရှင်းစစ် က ချန်ဖန် ကို စကားမနိုင်တော့ပေ။ ချန်ဖန် က နောင်ကျရင် သူ့ကို နတ်ဘုရားဝိုင် တွေ လုံးဝ မတိုက်တော့ဘူးဟုပင် ခြိမ်းခြောက်လာခဲ့သောကြောင့် ဖြစ်သည်။
ယွီရှင်းစစ် က အခြားနည်းလမ်းမရှိဘဲ ကျောက်စိမ်းပုလင်းကို ဖွင့်ကာ အထဲရှိ ဆေးလုံးကို လက်ဖဝါးပေါ်သို့ လောင်းချလိုက်သည်။
ကျောက်စိမ်းပုလင်းထဲမှ ဆေးလုံးက ယွီရှင်းစစ် ၏ လက်ဖဝါးပေါ်သို့ ပေါ်ထွက်လာသည့် အချိန်တွင် ထိုဆေးလုံးက သာမန် ချီစုစည်း ဆေးလုံးများနှင့် မတူညီမှန်း သူ ချက်ချင်း ခံစားလိုက်ရသည်။
"အလယ်အလတ်အဆင့် ချီစုစည်း ဆေးလုံး လား" ယွီရှင်းစစ် က အံ့ဩတုန်လှုပ်စွာ ရေရွတ်လိုက်ရင်း ချန်ဖန် ကို မော့ကြည့်လိုက်သည်။
သူက အလယ်အလတ်အဆင့် ဆေးလုံးများကို တစ်ခါမျှ မစားဖူးသော်လည်း ဤမျှလောက်သော အမြင် ဗဟုသုတတော့ ရှိပေသေးသည်။ ချီစုစည်း ဆေးလုံးပေါ်ရှိ ဖျော့တော့သော ရွှေရောင်အမျှင်တန်းများကို မြင်လိုက်ရသည်နှင့် ဤဆေးလုံးက အလယ်အလတ်အဆင့် ဖြစ်ကြောင်း သူ သံသယဖြစ်ဖွယ် မရှိမှန်း အတည်ပြုနိုင်ခဲ့သည်။
ချန်ဖန် က ခပ်ဖွဖွ ရယ်မောလိုက်ရင်း "မင်းရဲ့ လောကကြီးကို မမြင်ဖူးတဲ့ ပုံစံကို ကြည့်ရတာကွာ၊ ဘယ်လိုလဲ... တစ်ခါမှ မမြင်ဖူးဘူး မဟုတ်လား"
ယွီရှင်းစစ် က ဆက်၍ မေးလိုက်သည်။ "ဒီဆေးလုံးတွေကို မင်း ဘယ်ကနေ ရလာတာလဲ"
ယွီရှင်းစစ် က ဤအရာသည် အလယ်အလတ်အဆင့် ချီစုစည်း ဆေးလုံး ဖြစ်မှန်း သိရှိသွားပြီးနောက် ပို၍ပင် မယူရဲတော့ဘဲ ချန်ဖန် ထံသို့ ထပ်မံ ပြန်ပေးရန် ပြင်တော့သည်။
"မင်း အရင် သောက်လိုက်၊ ပြီးမှ ငါ ပြောပြမယ်" ချန်ဖန် က တမင်တကာ လျှို့ဝှက်ဆန်းကြယ်သလို လုပ်နေပြီး ယွီရှင်းစစ် ကမ်းပေးလာသည့် ကျောက်စိမ်းပုလင်းကို လှမ်းမယူပေ။
"ဒါက..." ယွီရှင်းစစ် အချိန်အတော်ကြာ ဝေခွဲမရ ဖြစ်သွားခဲ့သည်။ သူက ဆေးလုံး၏ လာရာ လမ်းကြောင်းကို သိရှိချင်သော်လည်း ချန်ဖန် ၏ လက်ဆောင်ကို အလကား မယူချင်ပေ။
ထိုအချိန်တွင် ကျိုးချွမ် က မိစ္ဆာသားရဲ၏ ကုန်ကြမ်းပစ္စည်းများကို စီစဉ် သိမ်းဆည်းပြီးနောက် ချန်ဖန် တို့ ရှိရာသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
"စီနီယာအစ်ကိုတို့ နှစ်ယောက်... မိစ္ဆာသားရဲ ပစ္စည်းတွေကို ကျွန်တော် အားလုံး သိမ်းဆည်းပြီးပါပြီ၊ ဒီအထဲမှာ ရှိပါတယ်" ကျိုးချွမ် က ပြောပြောဆိုဆိုဖြင့် မိစ္ဆာသားရဲ ပစ္စည်းများ ထည့်သွင်းထားသော သိုလှောင်အိတ် ကို ချန်ဖန် ထံသို့ ကမ်းပေးလိုက်သည်။
မိစ္ဆာသားရဲကို သတ်ဖြတ်ရာတွင် သူက မည်သည့် အစွမ်း မျှ မထုတ်နိုင်ခဲ့သဖြင့် မိစ္ဆာသားရဲ၏ အလောင်းကို ခွဲပြီးနောက် ထိုပစ္စည်းများကို သူ၏ အိတ်ကပ်ထဲသို့ ကိုယ်တိုင် သိမ်းဆည်းရန်မှာ သဘာဝအတိုင်း မဖြစ်နိုင်ပေ။
ချန်ဖန် ကလည်း သိုလှောင်အိတ်ကို လှမ်းယူလိုက်ပြီးနောက် အခြားသော ကျောက်စိမ်းပုလင်း တစ်လုံးကို ထုတ်ယူကာ ကျိုးချွမ် ထံသို့ ကမ်းပေးလိုက်သည်။
"ဒါက ဘာလဲ" ကျိုးချွမ် ကလည်း ထို့အတူပင် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
"ချီစုစည်း ဆေးလုံးပဲ၊ မင်းအတွက်" ချန်ဖန် က ပြော လိုက်သည်။
ကျိုးချွမ် က ကျောက်စိမ်းပုလင်းကို ကိုင်ထားရင်း ယွီရှင်းစစ် ကဲ့သို့ပင် ဝေခွဲမရ ဖြစ်နေခဲ့သည်။ ချန်ဖန် ၏ လက်ဆောင်ကို ဤကဲ့သို့ အလွယ်တကူ လက်ခံရန်မှာ သူလည်း အားနာစိတ် ဖြစ်ပေါ်နေသောကြောင့် ဖြစ်သည်။
ချန်ဖန် က ထိုလူနှစ်ဦး၏ ပုံစံကို မြင်တွေ့ရသည့်အခါ သူ့အနေဖြင့် အကျိုးအကြောင်း တစ်ခုခုကို သေချာ မရှင်းပြလျှင် သူတို့ လက်ခံကြမည် မဟုတ်မှန်း သိရှိသဖြင့် သက်ပြင်းတစ်ချက် ချလိုက်ရင်း ပြောလိုက်သည်။ " ဒါက ချီစုစည်း ဆေးလုံး တစ်ပုလင်းရုံတင်ပဲ၊ မင်းတို့တွေ ဒီလောက်အထိ ဖြစ်နေဖို့ လိုလို့လား"
"မင်းတို့ သိလား... ဒီ ဟဲကွမ်းတောင်တန်း ထဲမှာ ဘာကြောင့် ဒီလောက် များပြားတဲ့ တစ်ကိုယ်တော်ကျင့်ကြံသူတွေ ရှိနေရလဲဆိုတာ"
"ဘာကြောင့်လဲ" ယွီရှင်းစစ် နှင့် ကျိုးချွမ် တို့ နှစ်ဦးစလုံးမှာ မျက်နှာတစ်ခုလုံး အံ့ဩသွားကြပြီး ချန်ဖန်က ဘာကြောင့် ဤအကြောင်းအရာကို ရုတ်တရက် ပြောဆိုရသည်ကို နားမလည်ကြပေ။
"ဘာလို့လဲဆိုတော့ သူတို့အားလုံးကလည်း ဒီ ချီစုစည်း ဆေးလုံးတွေအတွက်ကြောင့် ဒီကို လာကြတာမို့လို့ပဲ"
"ချီစုစည်း ဆေးလုံးတွေကြောင့် ဒီကို လာကြတာ ဟုတ်လား" ထိုလူနှစ်ဦး ပို၍ပင် နားမလည်နိုင်တော့ပေ၊ ဤကိစ္စနှင့် ချီစုစည်း ဆေးလုံးက ဘာပတ်သက်မှု ရှိနေရသနည်း။
ချန်ဖန် ကလည်း အချိန်ဆွဲမနေတော့ဘဲ တိုက်ရိုက် ပြောပြလိုက်သည်။ "သူတို့အားလုံးက ဒီကိုလာပြီး မိစ္ဆာသားရဲတွေကို သတ်ဖြတ်ပြီး ဝိညာဉ်ကျောက်တုံးတွေ ရှာဖွေနေကြတာ၊ အကြောင်းကတော့ ဝမ်နန်မြို့ထဲမှာ ကုန်စုံဆိုင်အသစ် တစ်ဆိုင် ဖွင့်လှစ်ထားလို့ပဲ၊ အဲဒီနေရာမှာ ရောင်းချတဲ့ ဆေးလုံးတွေက ဈေးလည်းချိုသလို အလွန်လည်း ထိရောက်မှု ရှိတယ်၊ ဒီ ချီစုစည်း ဆေးလုံး တစ်ပုလင်းဆိုရင် ဝိညာဉ်ကျောက်တုံး အနည်းငယ်ပဲ ကုန်ကျတာ"
"ပြီးတော့ ဒီတစ်ခေါက် မင်းတို့ သတ်ဖြတ်ခဲ့တဲ့ မိစ္ဆာသားရဲ ပစ္စည်းတွေအားလုံးက ငါ့ဆီမှာ ရှိနေတာပဲ၊ ဒီဆေးလုံး နှစ်ပုလင်းကို မင်းတို့အတွက် ကြိုတင် ထုတ်ပေးထားတဲ့ အခကြေးငွေလို့ သတ်မှတ်လို့ရပါတယ်၊ ဒီလိုဆိုရင်တော့ မင်းတို့တွေ စိတ်အေးလက်အေးနဲ့ လက်ခံနိုင်ပြီ မဟုတ်လား"
ချန်ဖန် သည်လည်း ဟဲကွမ်းတောင်တန်း အတွင်း၌ ပိုမို များပြားလာသော တစ်ကိုယ်တော်ကျင့်ကြံသူများ အားလုံးက ဝမ်နန်မြို့မှ လာကြခြင်း ဖြစ်ကြောင်းကို နားလည် သဘောပေါက်သွားပြီးနောက် အနန္တကုန်စုံဆိုင် ၏ အခြေအနေနှင့် ပေါင်းစပ်ကာ ထိုတစ်ကိုယ်တော်ကျင့်ကြံသူများ၏ ရည်ရွယ်ချက်ကို အကြမ်းဖျင်းအားဖြင့် ခန့်မှန်း မိသွားခြင်း ဖြစ်သည်။