အခန်း (၁၁၃-၁၁၄)
Vol. 12 Ch. 113-114
အခန်း (၁၁၃) အရင်ကနဲ့ အခု
"စုန့်ကျိ... စီနီယာအစ်ကို ဂိုဏ်းချုပ် ရော"
ပဉ္စမအကြီးအကဲ က ယွင်ရှောင်းတောင်ထိပ်သို့ ရောက်ရှိလာခဲ့သော်လည်း ဂိုဏ်းချုပ် 'ချင်းစုန့်ယွမ်' ကို မတွေ့ခဲ့ရပေ။
ဂိုဏ်းချုပ် ချင်းစုန့်ယွမ်၏ တပည့်ကြီး ဖြစ်သော 'စုန့်ကျိ' တစ်ဦးတည်းသာ ယွင်ရှောင်းခန်းမအတွင်း၌ စောင့်ဆိုင်းနေခဲ့သည်။
"ပဉ္စမအကြီးအကဲနဲ့ အကြီးအကဲကျောက် တို့ကို အရိုအသေပေး ပါတယ်၊ ဆရာက ဆေးလုံးဖော်စပ်ဖို့ တံခါးပိတ်ကျင့်ကြံနေတာမလို့ အခုထိ ဂူ အပြင်ကို ထွက်မလာသေးပါဘူး" စုန့်ကျိက လက်ဝှေ့ယမ်းကာ အရိုအသေပေး လိုက်သည်။
"စီနီယာအစ်ကို ဂိုဏ်းချုပ် တံခါးပိတ်ကျင့်ကြံနေတာ ဘယ်လောက်ကြာပြီလဲ"
ပဉ္စမအကြီးအကဲက အလောတကြီး မေးမြန်းလိုက်သည်။
စုန့်ကျိက ပြောလိုက်သည်။ "ဆရာ တံခါးပိတ်ကျင့်ကြံနေတာ လဝက်နီးပါး ရှိပါပြီ"
"စီနီယာအစ်ကို ဂိုဏ်းချုပ်က ဘယ်အချိန်မှာ ဂူ အပြင်ကို ထွက်လာမယ်လို့ ပြောခဲ့လဲ"
"ဆရာ တံခါးပိတ်ကျင့်ကြံခါစက ပြောတာတော့ ကြာရင် လဝက် ၊ မြန်ရင် သုံးလေးရက် လို့ ပြောပါတယ်၊ ဆရာက ကိစ္စရှိရင် အကြီးအကဲကျောက် ဆီ သွားရှာဖို့လည်း မှာကြားခဲ့ပါတယ်"
ဘေးနားတွင် ရပ်နေသော ကျောက်ကျိ က ဤစကားကို ကြားလိုက်ရချိန်တွင် ဆွံ့အသွားခဲ့ရသည်။
ပဉ္စမအကြီးအကဲက သူခေါ်လာခဲ့သော ကျောက်ကျိကို လှမ်းကြည့်လိုက်သည်၊ အကယ်၍ ကျောက်ကျိကို ရှာဖွေခြင်းက အသုံးဝင်မည်ဆိုပါက သူသည် ကျောက်ကျိကို ဤနေရာသို့ ခေါ်လာရန် မလိုပေ။
ကျောက်ကျိသည်လည်း ရှက်ကိုးရှက်ကန်းဖြင့်သာ ပြုံးလိုက်နိုင်တော့သည်။
"မင်း သွားပြီး စီနီယာအစ်ကို ဂိုဏ်းချုပ်ကို သတင်းသွားပို့လို့ မရဘူးလား"
စုန့်ကျိက ခက်ခဲခက်ခဲဖြင့် ပြောလိုက်သည်။ "ပဉ္စမအကြီးအကဲ... အကြီးအကဲလည်း ဆရာ့ရဲ့ စရိုက်ကို သိတာပဲ၊ သူက ဆေးလုံးဖော်စပ်နေတဲ့ အချိန်မှာ တခြားလူတွေ လာနှောင့်ယှက်တာကို အမုန်းဆုံးပဲလေ၊ ပဉ္စမအကြီးအကဲ... အကြီးအကဲမှာ ကိစ္စရှိရင်လည်း ဆရာ ဂူ အပြင်ကို ထွက်လာတဲ့အထိ စောင့်တာက ပိုကောင်းပါလိမ့်မယ်"
"ဒါဆိုရင် ငါ့ဘာသာငါ သွားမယ်" ပဉ္စမအကြီးအကဲက ပြောပြောဆိုဆိုဖြင့် ချင်းစုန့်ယွမ်ကို သွားရောက်ရှာဖွေရန် ပြင်လိုက်ရာ ဆုန့်ကျိက ပဉ္စမအကြီးအကဲ၏ ရှေ့တွင် အလောတကြီး ပိတ်ဆို့ကာ ခက်ခဲစွာ ပြောရှာသည်။ "ပဉ္စမအကြီးအကဲ... ဆရာ ဂူ အပြင်ကို ထွက်လာတဲ့အထိ စောင့်ပါဦး"
သူသည်လည်း အကျပ်ရိုက်သွားခြင်း ဖြစ်သည်၊ ပုံမှန်ဆိုလျှင် ပဉ္စမအကြီးအကဲကို မည်သို့ တားဆီးဝံ့ပါမည်နည်း၊ သို့သော်လည်း သူက ချင်းစုန့်ယွမ်၏ အပြစ်ပေးခြင်းကို မခံချင်ပေ။
"မင်း ဖယ်စမ်း... စီနီယာအစ်ကို ဂိုဏ်းချုပ်က မင်းကို အပြစ်ပေးရင် ငါ တာဝန်ယူတယ်"
"ဒါပေမဲ့..." စုန့်ကျိက တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေခဲ့ပြီး စိတ်ထဲမှ ညည်းတွားနေမိသည်။ "အကြီးအကဲက အမြဲတမ်း ဒီလိုပဲ ပြောတာ၊ နောက်ဆုံးကျတော့ အပြစ်ပေးခံရတာက ကျွန်တော်ပဲ မဟုတ်လား"
ပဉ္စမအကြီးအကဲက တံခါးပိတ်ကျင့်ကြံနေသော ချင်းစုန့်ယွမ်ကို ယခုကဲ့သို့ အတင်းအကျပ် သွားရှာခြင်းမှာ တစ်ကြိမ်နှစ်ကြိမ်မျှသာ မကတော့သဖြင့် စုန့်ကျိတွင် အတွေ့အကြုံ အလွန် ရှိနေခဲ့ပြီ ဖြစ်သည်။
ထိုအချိန်မှာပင် အသံတစ်ခုကြောင့် ပဉ္စမအကြီးအကဲက ရုတ်တရက် စိတ်လှုပ်ရှားသွားခဲ့ပြီး မျက်နှာတွင် ဝမ်းသာအားရ ဖြစ်မှုများ ထွက်ပေါ်လာခဲ့သည်။
"ဂျူနီယာညီလေး... မင်း ပြန်လာပြီပဲ"
စကားဆုံးသည်နှင့်အမျှ လူရိပ်တစ်ခုက ပေါ့ပါးစွာဖြင့် ရောက်ရှိလာခဲ့သည်။
"စီနီယာအစ်ကို ဂိုဏ်းချုပ်... အစ်ကိုက ဘာလို့ ထပ်ပြီး တံခါးပိတ်ကျင့်ကြံနေရတာလဲ"
"ဆရာ"
"ဂိုဏ်းချုပ်"
စုန့်ကျိနှင့် ကျောက်ကျိတို့က ချင်းစုန့်ယွမ်ကို ရိုသေစွာဖြင့် အရိုအသေပေး ကြသည်။
"အင်း... မကြာသေးခင်က ဆေးလုံးအသစ်တစ်မျိုးကို ဖော်စပ်နေတာလေ"
"အောင်မြင်လား"
"အင်း" ချင်းစုန့်ယွမ်က ခေါင်းညိတ်ပြလိုက်ပြီး ထပ် ပြောလိုက်သည်။ "မင်းရဲ့ မီးလိုလောတဲ့ စရိုက်က ဒီလောက် နှစ်ပေါင်းများစွာ ကြာတာတောင် မပြောင်းလဲသေးဘူးပဲ၊ ငါ့ကို ဒီလောက် အလောတကြီး ရှာရအောင် ဘာကိစ္စ ရှိလို့လဲ"
"ကျောက်ကျိ... မင်း အရင်ပြောစမ်း" ပဉ္စမအကြီးအကဲက ဘေးနားရှိ ကျောက်ကျိကို လှမ်းကြည့်လိုက်သည်။
"ဟုတ်ကဲ့ပါ" ကျောက်ကျိက ပြန်ဖြေ လိုက်ပြီး ချင်းစုန့်ယွမ်ကို လက်ဝှေ့ယမ်းကာ အရိုအသေပေး လိုက်သည်။ "ဂိုဏ်းချုပ်"
"အင်း... ပြောစမ်းပါဦး၊ ဘာကိစ္စလဲ"
"ဂိုဏ်းချုပ်... ကျွန်တော် အလားအလာ အလွန်ရှိတဲ့ တပည့်တစ်ယောက်ကို တွေ့ထားပါတယ်၊ တစ်လအတွင်းမှာပဲ ချီသန့်စင်ခြင်း အဆင့် ၇ ကနေ အုတ်မြစ်ချခြင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့တာပါ"
"ဟမ်..." ချင်းစုန့်ယွမ်က သံသယ ဖြစ်သွားခဲ့သည်။
ထိုအချိန်တွင် ပဉ္စမအကြီးအကဲက ဆက်ပြီး နားမထောင်နိုင်တော့ဘဲ ကြားဖြတ် ပြောလိုက်သည်။ "မင်းကလည်း တစ်ခါတည်း အကုန်ပြောလိုက်ပါလား၊ ထစ်ထစ်အအနဲ့ ဘာလုပ်နေတာလဲ"
"ကျွန်တော်..." ကျောက်ကျိက ပဉ္စမအကြီးအကဲ၏ ပြောခြင်းကို ခံလိုက်ရသဖြင့် ဆွံ့အသွားခဲ့ရသည်။
ချင်းစုန့်ယွမ်သည်လည်း ရယ်ရခက် ငိုရခက် ဖြစ်သွားခဲ့ရပြီး ဖျန်ဖြေလိုက်သည်။ "ဂျူနီယာညီလေး... မင်း သူ့ကို ဖြည်းဖြည်းချင်း ပြောခွင့်ပြုလိုက်ပါ၊ မလောပါနဲ့"
"ကောင်းပါပြီ စီနီယာအစ်ကို" ပဉ္စမအကြီးအကဲက စကားထပ်မပြောတော့ဘဲ ကျောက်ကျိကိုသာ စိုက်ကြည့်နေခဲ့သည်။
ကျောက်ကျိက မျက်နှာတစ်ခုလုံး အားနာစိတ်များဖြင့် ပြည့်နှက်နေသော်လည်း ဆက် ပြောလိုက်သည်။ "အဲ့တပည့်ရဲ့ နာမည်က ချန်ဖန် လို့ ခေါ်ပါတယ်"
ချင်းစုန့်ယွမ်က ဤနာမည်ကို ကြားလိုက်ရချိန်တွင် စိတ်ထဲ၌ ထိတ်ခန့်သွားခဲ့ပြီး မျက်စိရှေ့တွင် အလိုက်ကန်းဆိုးမသိသော ကောင်လေးတစ်ယောက်၏ ပုံစံက ဖျတ်ခနဲ ထွက်ပေါ်လာခဲ့သည်၊ သို့သော်လည်း မျက်နှာတွင်မူ ဘာအမူအရာမျှ ထုတ်မပြခဲ့ပေ။
ထို့နောက် ကျောက်ကျိက ပဉ္စမအကြီးအကဲကို ရှင်းပြခဲ့ဖူးသော ချန်ဖန်၏ အကြောင်းများကို ထပ်မံ၍ တစ်ခေါက် ပြန် ရှင်းပြလိုက်သည်။
ကျောက်ကျိ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ချင်းစုန့်ယွမ်၏ မျက်နှာတွင် ဘာအမူအရာမျှ ထူးထူးခြားခြား ရှိမနေခဲ့ပေ။
ချန်ဖန်က အဆင့်နိမ့် ဝိညာဉ်အမြစ် ဖြစ်ကြောင်းကို သူက အစောကြီးကတည်းက သိရှိထားပြီးသား ဖြစ်သည်။
ချင်းစုန့်ယွမ်က တည်ငြိမ်စွာဖြင့် မေးလိုက်သည်။ "ဒါအကုန်ပဲလား"
"ဒါအကုန်ပါပဲ"
"ကောင်းပြီ... ငါ အားလုံးကို သိပြီးပြီ၊ ဒီလိုမျိုး တပည့်ကို သေသေချာချာ ပျိုးထောင်ပေးလိုက်ရင် ရပါပြီ" ချင်းစုန့်ယွမ်က ပြောပြီးနောက် လေသံပြောင်းကာ မေးလိုက်သည်။ "ဂိုဏ်းတစ်ရာ ပြိုင်ပွဲကြီးမှာ ပါဝင်မယ့် တပည့်တွေကို ရွေးချယ်တာ ဘယ်လိုအခြေအနေ ရှိပြီလဲ"
"အလားအလာ ကောင်းတဲ့ တပည့်တစ်စုကိုတော့ မှတ်တမ်း တင်ထားရှိပြီးပါပြီ၊ နောက်ဆုံး ပြိုင်ပွဲဝင်မယ့် တပည့်စာရင်းကိုတော့ နောက်ထပ် လဝက် ကြာရင် ကျင်းပမယ့် ဂိုဏ်းတွင်း အရည်အချင်းစစ် ပြိုင်ပွဲကျမှ ထပ်မံ စိစစ် ရွေးချယ်ရမှာပါ"
ကျောက်ကျိ၏ စိတ်ထဲတွင်မူ အနည်းငယ် သံသယ ဖြစ်နေဆဲ ဖြစ်သည်၊ ချန်ဖန်ကဲ့သို့သော တပည့်မျိုးနှင့် ကြုံတွေ့ရသည်ကို ချင်းစုန့်ယွမ်က ဘာကြောင့် ဘာတုံ့ပြန်မှုမျှ မရှိရသနည်း၊ ၎င်းက အနည်းငယ် ပုံမှန်မဟုတ်ဟု ခံစားရသော်လည်း သူက အများကြီး ထပ်မံ မမေးမြန်းဝံ့ပေ။
"ကောင်းပြီ... ဂိုဏ်းတွင်း အရည်အချင်းစစ်ပြိုင်ပွဲ ကိစ္စကို မင်းဆီပဲ အပ်လိုက်မယ်"
"ဟုတ်ကဲ့ပါ"
"ဒါဆိုရင် မင်း အရင် ပြန်လိုက်တော့"
"ဟုတ်ကဲ့ပါ" ကျောက်ကျိက လက်ဝှေ့ယမ်းကာ အရိုအသေပေး ပြီး အရင်ဆုံး ထွက်ခွာသွားခဲ့သည်။
"ဆရာ... ကျွန်တော်လည်း ပြန်ပြီး ကျင့်ကြံပါတော့မယ်"
စုန့်ကျိက ချင်းစုန့်ယွမ်အနေနှင့် ပဉ္စမအကြီးအကဲနှင့် သီးသန့် စကားပြောစရာ ရှိနေကြောင်း သိသည်။
ချင်းစုန့်ယွမ်က အသာအယာ ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။ "မင်းလည်း ဒီရက်ပိုင်းအတွင်း ပင်ပန်းသွားပြီ၊ ပြန်ပြီး သေသေချာချာ ကျင့်ကြံဦး၊ အဲ့ဒီကျရင် ဂိုဏ်းတစ်ရာ ပြိုင်ပွဲကြီးမှာ အဆင့်ကောင်းကောင်း ရအောင် ကြိုးစားစမ်း"
"ဟုတ်ကဲ့ပါ ဆရာ" စုန့်ကျိကလည်း အရိုအသေပေး ကာ ခန်းမအတွင်းမှ ထွက်ခွာသွားခဲ့သည်။
စုန့်ကျိမှာ ချင်းစုန့်ယွမ်၏ တစ်ဦးတည်းသော တပည့်ရင်း ဖြစ်ပြီး ချင်းယွမ်ဂိုဏ်း၏ ဂျူနီယာ တပည့်များထဲတွင် ထူးချွန်သူတစ်ဦး ဖြစ်သည်။
သူက အဆင့်မြင့် ဝိညာဉ်အမြစ် ပါရမီ ရှိပြီး အသက် ၃၀ ပင် မပြည့်သေးသော အရွယ်တွင် အုတ်မြစ်ချခြင်းအဆင့် အလယ်အလတ် သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူက ချင်းယွမ်ဂိုဏ်းအနေနှင့် ယခုအကြိမ် ဂိုဏ်းတစ်ရာ ပြိုင်ပွဲကြီးသို့ စေလွှတ်မည့် တပည့်စာရင်းတွင် မပါမဖြစ် ပါဝင်မည့်သူတစ်ဦး ဖြစ်ပေသည်။
စုန့်ကျိ ထွက်ခွာသွားပြီးနောက် ချင်းစုန့်ယွမ်က ဘေးနားရှိ ပဉ္စမအကြီးအကဲကို ပြုံး၍ ကြည့်ကာ ပြောလိုက်သည်။ "လူတွေအားလုံး ထွက်သွားကြပြီပဲ၊ ဘာစကားရှိလဲ ပြောစမ်းပါ၊ ခုနကတင် အရမ်း လောနေပြီးတော့ အခုကျ ဘာလို့ စကားမပြောတော့တာလဲ"
ပဉ္စမအကြီးအကဲက စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။ "စီနီယာအစ်ကို... အစ်ကိုက ချင်းယွမ်ဂိုဏ်းကို သေသေချာချာ မအုပ်ချုပ်နိုင်ဘူးလား၊ အမြဲတမ်း ဆေးလုံးဖော်စပ်ဖို့ပဲ တွေးနေတယ်၊ အခုနောက်ပိုင်း ဂျူနီယာ တပည့်တွေကို ကြည့်လိုက်ဦး၊ ငါတို့ အရင်တုန်းက ပုံစံမျိုး ဘယ်နားမှာ ရှိတော့လို့လဲ"
"သူတို့က တံခါးပိတ်ပြီး တစ်ဖက်သတ် ကျင့်ကြံဖို့ပဲ သိကြတယ်၊ ဦးနှောက်တွေပါ ကျင့်ကြံရင်း ထုံထိုင်းကုန်ပြီ၊ ကျင့်ကြံသူတစ်ယောက်ရဲ့ ပုံစံမျိုး လုံးဝ မရှိတော့ဘူး"
ပဉ္စမအကြီးအကဲ ဤသို့ ပြောသော်လည်း ချင်းစုန့်ယွမ်က စိတ်မဆိုးဘဲ ပြုံးလျက် ပြောလိုက်သည်။ "ဂျူနီယာညီလေး... မင်းကိုယ်တိုင်လည်း ပြောခဲ့တာပဲ မဟုတ်လား၊ အခုက အရင်ကလို မဟုတ်တော့ဘူးလေ၊ ဒါဆိုရင် ဘယ်လိုလုပ်ပြီး အရင်တုန်းက နည်းလမ်းတွေအတိုင်း တပည့်တွေကို အုပ်ချုပ်လို့ ရပါ့မလဲ"
"အခုခေတ်က ကျင့်ကြံခြင်း အရင်းအမြစ်တွေက ရှားပါးလာပြီး ဈေးနှုန်းတွေကလည်း မြင့်တက်လာခဲ့ပြီ၊ သူတို့ကသာ ကြိုးကြိုးစားစား မကျင့်ကြံရင် အရင်းအမြစ်တွေကို ဘာနဲ့ သွားပြီး လုယူကြမလဲ"
ပဉ္စမအကြီးအကဲသည်လည်း အတိတ်ဟောင်းများကို ပြန်လည် အမှတ်ရသွားခဲ့သည်။ "ဒါလည်း ဟုတ်တာပဲ... ငါတို့ အရင်တုန်းက ကျင့်ကြံတုန်းက အရင်းအမြစ်တွေက ယခုလောက်အထိ မရှားပါးသေးဘူးထင်တယ်၊ ဆရာကလည်း အခါအားလျော်စွာ ငါတို့ကို ဆေးလုံးအချို့ ပေးတတ်တယ်၊ ကျင့်ကြံခြင်း ဆေးလုံးတွေက တစ်ခါမျှ မပြတ်လပ်ခဲ့ဖူးဘူး"
ဤအချက်ကို တွေးမိလိုက်ချိန်တွင် ပဉ္စမအကြီးအကဲက ချင်းစုန့်ယွမ် ဘာကြောင့် မကြာခဏ တံခါးပိတ်၍ ဆေးလုံးဖော်စပ်နေရကြောင်းကို အနည်းငယ် နားလည်သွားပုံရသည်။
သူက စိတ်ထဲ၌ မချိတင်ကဲ ဖြစ်သွားခဲ့ရပြီး ချင်းစုန့်ယွမ်ကို ထပ်မံ စိုက်ကြည့်လိုက်ရာ စီနီယာအစ်ကိုက အတော်လေး အိုမင်းသွားခဲ့ပြီ ဖြစ်ကြောင်း သတိပြုမိလိုက်သည်။
"ဂျူနီယာညီလေး... မင်း ငါ့ကို ဒီလိုမျိုး ဘာလို့ စိုက်ကြည့်နေတာလဲ၊ မင်းမှာ ပြောစရာ ကိစ္စ ကျန်သေးတယ် မဟုတ်လား" ချင်းစုန့်ယွမ်က ပြုံး၍ မေးလိုက်သည်။
ထိုစဉ်က အတူတူ ကျင့်ကြံခဲ့ကြသော ဂိုဏ်းတူညီအစ်ကိုများထဲတွင် ယခုအခါ သူတို့နှစ်ဦးတည်းသာ ကျန်ရှိတော့ပေသည်။
ပဉ္စမအကြီးအကဲလည်း သူလာခဲ့သော ရည်ရွယ်ချက်ကို သတိရသွားခဲ့သည်။ "စီနီယာအစ်ကို... ကျွန်တော် ထင်တာကတော့ အဲ့ဒီ ချန်ဖန် က နည်းနည်း ပြဿနာရှိပုံရတယ်"
"ဘာဖြစ်လို့လဲ" ချင်းစုန့်ယွမ်က ပဉ္စမအကြီးအကဲကို စဉ်းစားဟန်ဖြင့် ကြည့်လိုက်သည်။
ပဉ္စမအကြီးအကဲက သူ့စိတ်ထဲရှိ သံသယများကို ထုတ် ပြောလိုက်သည်။ "သူက ခန္ဓာကိုယ်မှာ ကြီးမားတဲ့ ကံကောင်းမှု အခွင့်အလမ်း ရှိမနေရင် သေချာပေါက် ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားတာ ဖြစ်ရမယ်"
"ခုနကတင် သူ ဓားပျံစီးပြီး ပျံသန်းသွားတဲ့ အမြန်နှုန်းကို ကျွန်တော် မြင်လိုက်ရတာ၊ ကျွန်တော်တောင် ဘယ်သူ ဓားပျံစီးနေလဲဆိုတာကို သေသေချာချာ မမြင်လိုက်ရဘူး"
"အဲ့ဒီ အမြန်နှုန်းက အုတ်မြစ်ချခြင်းအဆင့် စတင်ခါစ ကျင့်ကြံသူတစ်ယောက် ပျံသန်း နိုင်တဲ့ အမြန်နှုန်း မျိုး သေချာပေါက် မဟုတ်ဘူး"
"ဒါ့အပြင် သူက လူနှစ်ယောက်ကိုပါ ခေါ်သွားသေးတာလေ၊ ဒါက ပိုပြီးတော့တောင် မဖြစ်နိုင်တော့ဘူး"
ချင်းစုန့်ယွမ်က စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။ "သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က အုတ်မြစ်ချခြင်းအဆင့် အစောပိုင်း ဖြစ်တာကတော့ မမှားနိုင်ပါဘူး"
အခန်း (၁၁၄) စီနီယာအစ်ကို၊ ဂျူနီယာညီလေး
"စီနီယာအစ်ကို... အစ်ကိုက သူ့ကို တွေ့ဖူးတာလား"
"တွေ့ဖူးတယ်လို့ ပြောလို့ရတာပေါ့၊ ပတ်သက်မှု အနည်းငယ်လည်း ရှိခဲ့တယ်၊ ငါဖော်စပ်ထားတဲ့ အဲ့ဒီ ရွှမ်ယန်ချင်းလင်ဆေးလုံး ကိုလည်း သူ့ကိုပဲ ပေးလိုက်တာ" ချင်းစုန့်ယွမ်က အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
"ဘာ... ရွှမ်ယန်ချင်းလင်ဆေးလုံးလား၊ အဲ့ဒါ အစ်ကိုကိုယ်တိုင် တီထွင်ဖန်တီးထားပြီး ဝိညာဉ်အမြစ်ကို မြှင့်တင်ပေးနိုင်တဲ့ ဆေးလုံး မဟုတ်လား" ပဉ္စမအကြီးအကဲက အံ့ဩတကြီး မေးလိုက်သည်။
ချင်းစုန့်ယွမ်က ခေါင်းညိတ်ပြလိုက်သည်။
"ဒါပေမဲ့ အဲ့ဒါက စတုတ္ထ အဆင့် ဆေးလုံးလေ၊ အစ်ကို တစ်ကြိမ်ပဲ အောင်မြင်အောင် ဖော်စပ်နိုင်ခဲ့ပြီး နောက်ထပ် ဒုတိယတစ်လုံးကို လုံးဝ မဖော်စပ်နိုင်သေးဘူး မဟုတ်လား၊ ဒီလောက် အဖိုးတန်တဲ့ ဆေးလုံးကို ဒီအတိုင်းပဲ လူတစ်ယောက်ကို ပေးလိုက်တာလား"
"ဆေးလုံးဆိုတာ လူစားဖို့ပဲလေ၊ လူမစားရင် ဖော်စပ်ရတာလည်း ဘာအဓိပ္ပာယ် ရှိတော့မှာလဲ၊ သိမ်းထားရင်လည်း သာမန် ဆေးလုံးတစ်လုံး ဖြစ်နေမှာပဲ"
ချင်းစုန့်ယွမ်၏ ရှင်းပြချက်ကြောင့် ပဉ္စမအကြီးအကဲလည်း ဘာမှ ထပ်မပြောနိုင်တော့ပေ။
ချင်းစုန့်ယွမ်က စဉ်းစားဟန်ဖြင့် ပြောလိုက်သည်။ "အကယ်၍ သူက ရွှမ်ယန်ချင်းလင်ဆေးလုံးကို စားလိုက်ရင် အခုလောက်ဆို အလယ်အလတ် ဝိညာဉ်အမြစ် ဖြစ်နေလောက်ပြီ"
"စီနီယာအစ်ကို... ဒါက အရမ်း ဖြုန်းတီးရာ မကျလွန်းဘူးလား၊ အဆင့်နိမ့် ဝိညာဉ်အမြစ်ကနေ အလယ်အလတ် ဝိညာဉ်အမြစ် ဖြစ်လာရုံတင်လေ"
"မဖြစ်နိုင်ပါဘူး၊ ရွှမ်ယန်ချင်းလင်ဆေးလုံးကို ငါတစ်လုံးတည်းပဲ ဖော်စပ်နိုင်ခဲ့ပေမဲ့ ငါကိုယ်တိုင် ဖော်စပ်တဲ့ ဆေးလုံးမလို့ သူ့ရဲ့ အာနိသင်ကို ငါ ကောင်းကောင်းသိတယ်"
"အဆင့်နိမ့် ဝိညာဉ်အမြစ်ကနေ အလယ်အလတ် ဝိညာဉ်အမြစ်အထိ မြှင့်တင်ပေးနိုင်တာကပဲ သူ့ရဲ့ အကန့်အသတ်ပဲလေ"
"ဘာလို့လဲဆိုတော့ ဒီရွှမ်ယန်ချင်းလင်ဆေးလုံးရဲ့ ဆေးနည်းက ဆဋ္ဌမအဆင့် ဆေးလုံးရဲ့ ပျက်စီးနေတဲ့ ဆေးနည်းဟောင်းတစ်ခုပေါ်ကနေ လေ့လာ ပြီး ဖော်စပ်ထားတာမလို့ ဆဋ္ဌမအဆင့် ဆေးလုံးရဲ့ အာနိသင်ကိုတော့ မမီသေးဘူး၊ အကယ်၍သာ ဆဋ္ဌမအဆင့် ဆေးလုံးသာ ဆိုရင်တော့ အဆင့်နိမ့် ဝိညာဉ်အမြစ်ကနေ အဆင့်မြင့် ဝိညာဉ်အမြစ် ဒါမှမဟုတ် အထွတ်အထိပ် ဝိညာဉ်အမြစ်အထိ မြှင့်တင်ပေးနိုင်တာမျိုး ဖြစ်နိုင်တယ်"
ဆေးလုံးအကြောင်း ပြောလိုက်သည်နှင့် ချင်းစုန့်ယွမ်က စကားများကို မရပ်မနား ဆက်ပြောမိသွားသည်။
"စီနီယာအစ်ကို... ငါတို့ စကားတွေ လမ်းကြောင်းလွဲကုန်ပြီ ထင်တယ်"
ချင်းစုန့်ယွမ်က တဟားဟား ရယ်မောလိုက်ပြီး "ဟားဟား... ကောင်းပြီ၊ ဒါဆို ဒီချန်ဖန် အကြောင်းပဲ ဆက်ပြောကြတာပေါ့" ဟု ဆိုကာ ဆက် ပြောလိုက်သည်။ "ဓားပျံစီးတဲ့ အမြန်နှုန်း မြန်ရုံတင်နဲ့တော့ ဘာမှ သက်သေမပြနိုင်ပါဘူး၊ ဖြစ်နိုင်တာက သူက ဓားလမ်းစဉ်အပေါ် နားလည်မှု ပိုနက်ရှိုင်းတာ ဒါမှမဟုတ် ပိုပြီး သေသေချာချာ လေ့လာ ထားတာလည်း ဖြစ်နိုင်တာပဲ"
"ဒါ့အပြင် မင်းက သူ့မျက်နှာကို သေသေချာချာ မမြင်လိုက်ရတာပဲလေ၊ သူပျံသန်းတဲ့ အမြန်နှုန်းကို မမြင်လိုက်ရတာမှ မဟုတ်တာ၊ မင်းလည်း အိုပြီး မျက်စိမှုန်နေတာ ဖြစ်နိုင်တယ်၊ ဟားဟား"
"စီနီယာအစ်ကို... ငါက အသက် ၂၀၀ ကျော်ပဲ ရှိသေးတာ၊ ဘယ်မှာ အိုလို့လဲ၊ အစ်ကိုက ငါ့ထက်တောင် အသက်ကြီးတာကို မမေ့နဲ့ဦး"
အသက် ၃၀၀ နီးပါး ရှိနေပြီဖြစ်သော အဖိုးအို နှစ်ဦးမှာ ဤနေရာတွင် အသက်နှင့် ပတ်သက်၍ အချင်းချင်း နောက်ပြောင်နေကြသည်။
ခဏအကြာတွင် ချင်းစုန့်ယွမ်က ပြောလိုက်သည်။ "ထားလိုက်ပါတော့... ငါတို့ ဒီလိုမျိုး ဆွေးနွေးနေတာလည်း ဘာအဓိပ္ပာယ်မှ မရှိဘူး၊ ချန်ဖန် ကိုတော့ လောလောဆယ် အာရုံစိုက် စောင့်ကြည့်ထားလိုက်၊ သူ ဂိုဏ်းအပေါ် ထိခိုက်မယ့် ကိစ္စမျိုး မလုပ်သရွေ့ သူက ချင်းယွမ်ဂိုဏ်းရဲ့ တပည့်ပဲ"
"ဖြစ်နိုင်တာက သူ့ခန္ဓာကိုယ်မှာ တကယ်ပဲ ကြီးမားတဲ့ ကံကောင်းမှု အခွင့်အလမ်း ရှိနေတာ ဖြစ်လိမ့်မယ်၊ ဒါပေမဲ့ အဲ့ဒါကလည်း သူ့ရဲ့ ကိုယ်ပိုင် အခွင့်အရေးပဲလေ"
"သူ ငါ့ဆီကနေ ရွှမ်ယန်ချင်းလင်ဆေးလုံး တစ်လုံး ယူသွားနိုင်တာကလည်း သူ့ရဲ့ အခွင့်အရေးပဲ၊ ကံတရား အထောက်အပံ့ ရှိတဲ့ လူတစ်ယောက်က ဘယ်လောက်အထိ အကျိုးအကြောင်း မရှိ ဆန်းကြယ်တတ်လဲဆိုတာ မင်းလည်း မြင်ဖူးတာပဲ မဟုတ်လား၊ ငါတို့ ဒီအသက်အရွယ် ရောက်လာမှတော့ ကံတရား ကြီးမားတဲ့ လူအချို့ကို တွေ့ရတာ ပုံမှန်ပါပဲ"
ချင်းစုန့်ယွမ်၏ စကားကို ကြားပြီးနောက် ပဉ္စမအကြီးအကဲကလည်း လိုက်လျောညီထွေစွာ ခေါင်းညိတ်လိုက်သည်။
သူ ငယ်ရွယ်စဉ်က ကံတရား အထောက်အပံ့ ရှိသော လူအချို့ကို တကယ်ပင် တွေ့ဖူးခဲ့သည်၊ ထိုလူများမှာ တကယ်ပင် ဆန်းကြယ်လှပြီး ရေတစ်ခွက် သောက်ရုံမျှဖြင့် ကျင့်ကြံခြင်းအဆင့် တက်လှမ်းနိုင်ကြသည်။
"ကဲ... မင်းလည်း ပြန်ရောက်လာပြီဆိုတော့ ဂိုဏ်းတွင်း ကိစ္စတွေကို ပိုပြီး ဂရုစိုက်ပေးဦး၊ မင်း ဒီတစ်ခေါက် အပြင်ထွက်ပြီး လှည့်လည်သွားလာခဲ့တာ ဘာထူးခြားတဲ့ ရလဒ်တွေ ရခဲ့လဲ၊ အဆင့်တက်လှမ်းဖို့ အခွင့်အလမ်းကော ရှာတွေ့ခဲ့လား"
"နားလည်မှု အချို့တော့ ရခဲ့ပါတယ်၊ ဒါပေမဲ့ အခြေတည်ဝိညာဉ် အဆင့် ကို တက်လှမ်းနိုင်မယ့် အဆင့်တက်ဆေးလုံး လိုနေသေးတယ်၊ အဆင့်တက်ဆေးလုံး မရှိရင်တော့ သေချာပေါက် အောင်မြင်ဖို့ သိပ်ပြီး အာမခံချက် မရှိဘူး" ပဉ္စမအကြီးအကဲက အနည်းငယ် မချိတင်ကဲဖြင့် ပြောလိုက်သည်။
"ရော့..." ချင်းစုန့်ယွမ်က ခပ်ဖွဖွ ပြုံးလိုက်ပြီး သူ့လက်ထဲတွင် ကျောက်စိမ်းပုလင်းလေး တစ်လုံး ရုတ်တရက် ပေါ်လာခဲ့သည်။
ပဉ္စမအကြီးအကဲက ချင်းစုန့်ယွမ်ကို သံသယဖြင့် ကြည့်လိုက်သည်။ "အခြေတည်ဝိညာဉ် အဆင့်တက်ဆေးလုံးလား"
"ကြည့်လိုက်ရင် သိမှာပေါ့" ချင်းစုန့်ယွမ်က တည်ငြိမ်စွာ ပြုံးလိုက်သည်။
ပဉ္စမအကြီးအကဲက မယုံကြည်နိုင်စွာဖြင့် ကျောက်စိမ်းပုလင်းကို လှမ်းယူလိုက်ပြီး ပုလင်းထဲမှ ဆေးလုံးကို လောင်းချကာ အနည်းငယ် ကြည့်လိုက်ရုံမျှဖြင့် ဤဆေးလုံးမှာ အခြေတည်ဝိညာဉ် အဆင့်တက်ဆေးလုံး အစစ်အမှန် ဖြစ်ကြောင်း အသေအချာ အတည်ပြုနိုင်ခဲ့သည်။
"တကယ်ပဲ အဆင့်တက်ဆေးလုံးပဲ၊ စီနီယာအစ်ကို... အစ်ကို နောက်ဆုံးတော့ အောင်မြင်အောင် ဖော်စပ်နိုင်ခဲ့ပြီပဲ၊ အစ်ကိုက အခုဆိုရင် နာမည်နဲ့ လိုက်ဖက်တဲ့ ပဉ္စမအဆင့် ဆေးဆရာ ကြီး ဖြစ်သွားပြီ"
ပဉ္စမအကြီးအကဲ၏ မျက်နှာတစ်ခုလုံးတွင် ချင်းစုန့်ယွမ် ပဉ္စမအဆင့် ဆေးဆရာ ဖြစ်လာသည့်အတွက် ဝမ်းသာပီတိဖြစ်မှုများဖြင့် ပြည့်နှက်နေသည်။
"စီနီယာအစ်ကို... အစ်ကိုက တကယ်ကို တော်လွန်းတယ်"
ပြောပြီးသည်နှင့် ပဉ္စမအကြီးအကဲက တစ်ခုခုကို ရုတ်တရက် သတိပြုမိသွားပုံရသည်။
ဤအခြေတည်ဝိညာဉ် အဆင့်တက်ဆေးလုံးမှာ ချင်းစုန့်ယွမ် ဤရက်ပိုင်းအတွင်း တံခါးပိတ်၍ ဖော်စပ်နေခဲ့သော ဆေးလုံးဖြစ်ပြီး သူ့အတွက် သီးသန့် ဖော်စပ်ပေးခဲ့ခြင်း ဖြစ်သည်။
"စီနီယာအစ်ကို..."
"မင်း ဘာလုပ်မလို့လဲ၊ အသက် ၃၀ အစိတ် မဟုတ်ဘူး၊ ၃၀၀ နီးပါး ရှိနေပြီဖြစ်တဲ့ လူကြီးတွေပဲ၊ ငါ့ကို လာပြီး အပိုတွေ လုပ်မနေနဲ့၊ ဆေးလုံးကို သေသေချာချာ သိမ်းပြီး တံခါးပိတ်ကျင့်ကြံဖို့ သွားတော့၊ ချင်းယွမ်ဂိုဏ်းရဲ့ ကိစ္စတွေကို လောလောဆယ် မင်း ပူစရာ မလိုတော့ဘူး၊ ငါက မင်းဆီက သတင်းကောင်းကို စောင့်နေမယ်၊ ငါတို့ ချင်းယွမ်ဂိုဏ်းမှာ အခြေတည်ဝိညာဉ် အဆင့် ကျင့်ကြံသူ နှစ်ယောက် ရှိလာမယ့်အချိန်ကို စောင့်နေမယ်"
ပဉ္စမအကြီးအကဲက အလေးအနက် ခေါင်းညိတ်လိုက်သည်။
အကယ်၍သာ တခြား ဂိုဏ်းတူအစ်ကိုတွေအားလုံး ရှိနေသေးရင် ဘယ်လောက်ကောင်းမလဲ၊ အခုဆို စီနီယာအစ်ကို ဂိုဏ်းချုပ်က အဆင့်တက်ဆေးလုံးကိုတောင် ဖော်စပ်နိုင်နေပြီပဲ။ အဲ့လိုသာဆိုရင် ချင်းယွမ်ဂိုဏ်းမှာ အခြေတည်ဝိညာဉ် အဆင့် နှစ်ယောက်မကဘူး၊ ငါးယောက်တောင် ရှိလာနိုင်တာ။
အားလုံးက သူတည်းဟူသော ဂျူနီယာညီလေး ဖြစ်သူက ထိုစဉ်က နောက်ဆွဲ ဖြစ်ခဲ့ရလို့ပါ။
ထိုစဉ်က တိုက်ပွဲမှာ သူက ဘာလို့ အတင်းအကျပ် လိုက်သွားခဲ့ရတာလဲ။ အကယ်၍ သူသာ မလိုက်သွားခဲ့ရင် ဖြစ်နိုင်တာက ဆရာလည်း သေဆုံးမှာ မဟုတ်သလို စီနီယာအစ်ကိုတွေလည်း သေဆုံးမှာ မဟုတ်ဘူး။
"ဂျူနီယာညီလေး..." ချင်းစုန့်ယွမ်က ပဉ္စမအကြီးအကဲ၏ ပုခုံးကို ခပ်ဖွဖွ ပုတ်ပေးလိုက်သည်။ "မင်းရဲ့ နာမည်က လီချန် ဆိုတာ မမေ့နဲ့ဦး၊ ဒီနာမည်ကို ဆရာကိုယ်တိုင် မင်းအတွက် ပေးခဲ့တာ၊ မင်း သေချာပေါက် အဆင့်တက်လှမ်းနိုင်မှာပါ"
"စီနီယာအစ်ကို..."
"သွားတော့..."
....
"စီနီယာအစ်ကိုချန်... ခဏရပ်ပါဦး၊ တကယ် ခဏလောက် ရပ်ပေးပါဦး... အာ..."
"?"
ချန်ဖန် နှင့် ယွီရှင်းစစ် တို့နှစ်ဦးလုံးက မျက်နှာတစ်ခုလုံး ဖြူလျော်နေသော ကျိုးချွမ် ကို တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်။
"ဝူး..."
ချန်ဖန်က ချက်ချင်းပင် အမြန်နှုန်း ကို လျှော့ချလိုက်ပြီး ဖြည်းဖြည်းချင်း အောက်သို့ ဆင်းသက်လိုက်သည်။
ယွီရှင်းစစ်က လက်တစ်ဖက်ဖြင့် ကျိုးချွမ်၏ လက်မောင်းကို တင်းကြပ်စွာ ဖမ်းကိုင်ပေးထားသည်။
ခဏအကြာတွင် ချန်ဖန်က ဓားပျံကို မြေပြင်သို့ ဆင်းသက်စေခဲ့သည်။
ဓားပျံပေါ်မှ ဆင်းဆင်းချင်းပင် ကျိုးချွမ်က ခြေထောက်များ ပျော့ခွေသွားပြီး မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။
ထိုအချိန်တွင် ဘယ်ဘက်မှ လက်တစ်ဖက်၊ ညာဘက်မှ လက်တစ်ဖက်က သူ့ကို မြဲမြံစွာ တွဲပေးလိုက်ကြသည်။
ကျိုးချွမ်က ခေါင်းမော့၍ ဝဲယာသို့ ကြည့်လိုက်ပြီး ပြောရှာသည်။ "စီနီယာအစ်ကို နှစ်ယောက်... ကျွန်တော် စီနီယာတို့ မျက်နှာပျက်အောင် လုပ်မိပြီ"
"ငါလည်း ဝိညာဉ်စွမ်းအား သုံးစွဲရတာ နည်းနည်း များသွားလို့၊ ခေတ္တရပ်ပြီး အနားယူဖို့ အတော်ပဲ" ချန်ဖန်က အေးဆေးစွာ ပြောလိုက်သည်။
"အင်း... ဒီနေရာက မဆိုးဘူးပဲ၊ ရှုခင်းက တော်တော်လှတယ်၊ ဝိုင်သောက်ဖို့ အဆင်ပြေတယ်" ယွီရှင်းစစ်က အဝေးသို့ လှမ်းမျှော်ကြည့်လိုက်သည်။
"ဝိုင်တွေက မနေ့ကတင် မင်းတို့ သောက်တာ ကုန်သွားပြီလေ၊ တစ်စက်မှ မကျန်တော့ဘူး" ချန်ဖန်က မတတ်သာဟန်ဖြင့် ပြောလိုက်သည်။
ယွီရှင်းစစ်က ပြုံး၍ ပြောလိုက်သည်။ "ဟားဟား... ဝိုင်က ငါ့ဆီမှာ ရှိပါတယ်၊ ဒါပေမဲ့ နတ်ဘုရားဝိုင် တော့ မဟုတ်ဘူးပေါ့၊ မြည်းစရာ အမြည်း နည်းနည်းပဲ လိုတော့တယ်"
ယွီရှင်းစစ်က ပြောပြီးနောက် ချန်ဖန်ကို လှမ်းကြည့်လိုက်ရာ ချန်ဖန်က လက်နှစ်ဖက်ကို ဖြန့်ပြလိုက်သည်၊ ဝိုင်နှင့် အသားများအားလုံးကို မင်းတို့ပဲ စားသောက်ကုန်ပြီ မဟုတ်လား။
"ကျွန်တော့်ဆီမှာ ရှိပါတယ်" ကျိုးချွမ်က တိုးတိုးလေး ပြောလိုက်သည်။
သူ နားလည်ပါသည်၊ သူ့စိတ်ထဲတွင် အားလုံးကို နားလည်ပါသည်၊ ချန်ဖန် နှင့် ယွီရှင်းစစ် တို့မှာ သူ ရှက်ကိုးရှက်ကန်း မဖြစ်စေရန်အတွက် ယခုကဲ့သို့ ပြောဆိုနေကြခြင်း ဖြစ်သည်။
"ဟားဟား... ဒါဆို နည်းနည်းလောက် သောက်ကြမလား"
"ဟားဟား... သောက်ကြတာပေါ့"
သူတို့သုံးဦးသား စိတ်ချင်း တိုက်ဆိုင်သွားကြသဖြင့် ထိုနေရာတွင်ပင် အတူတူ ထိုင်လိုက်ကြပြီး ဝိုင်အိုးကို အဆင်သင့် ပြင်လိုက်ကြသည်။
"စီနီယာအစ်ကိုချန်... ခဏနေကျရင် ဓားပျံ မစီးဘဲ နေရအောင်လား၊ ကျွန်တော်တို့ လမ်းလျှောက်ပြီး သွားကြရအောင်"
ချန်ဖန် နှင့် ယွီရှင်းစစ် တို့က အချင်းချင်း ကြည့်ကာ ပြုံးလိုက်ကြပြီး ပြိုင်တူပြောလိုက်သည်။ "မရဘူး"
"အာ..."
"ဟားဟားဟား"
"ဟားဟားဟား"
......
ချန်ကျီ၏ အိမ်တော်
"တစ်နာရီပဲ ဖတ်မယ်လို့ ကတိပေးထားတာကို ဘာလို့ အချိန်တွေ ပိုသွားရပြန်တာလဲ၊ ချန်ကျီ... နောက်တစ်ခါ မင်း ဒီလိုမျိုး လုပ်လို့ မရတော့ဘူး၊ မင်းမှာ လုပ်စရာ ပျော်စရာ ကိစ္စတွေ အများကြီး ရှိသေးတယ်၊ ဒီလိုမျိုး အချိန်မဖြုန်းသင့်ဘူး"
ချန်ကျီက စာအုပ်ကို ချလိုက်မှသာ သူ့ကိုယ်သူ မသိလိုက်ဘဲ စာဖတ်မိသည်မှာ သုံးနာရီကျော်သွားခဲ့ပြီ ဖြစ်ကြောင်း သတိပြုမိလိုက်သဖြင့် စိတ်ထဲ၌ နောင်တရသွားကာ သူ့ကိုယ်သူ သတိပေးလိုက်ခြင်း ဖြစ်သည်။
ဘေးနားတွင် စောင့်ကြပ်နေသော ကျောက်လင်းအာ က ချန်ကျီ၏ ဤကဲ့သို့သော ပုံစံကို မြင်လိုက်ရချိန်တွင် ပါးစပ်ကို ပိတ်၍ ခိုးပြုံးနေခဲ့သည်။
ချန်ကျီက ကျောက်လင်းအာ၏ ပုံစံကို သတိပြုမိသွားသဖြင့် စိတ်ဆိုးဟန် ဆောင်ကာ အမိန့်ပေးလိုက်သည်။ "လင်းအာ... ဘာရယ်တာလဲ၊ ဒီနေ့ သီချင်း မဆိုရသေးဘူး မဟုတ်လား၊ မြန်မြန်လာပြီး နှစ်ပုဒ်လောက် ဆိုစမ်းပါ"
"ဟုတ်ကဲ့ပါ သခင်"
ကျောက်လင်းအာက ပြန်ဖြေ လိုက်သော်လည်း မျက်နှာတစ်ခုလုံးတွင်မူ ပြုံးရယ်နေမှုကို မအောင့်နိုင်သေးပေ။