အခန်း ၇၅၀
Vol. 65 Ch. 750
အခန်း 750
ဧရာမဗုဒ္ဓပုံရိပ်ကြီးသည် ကမာခွံကို ဝါးမျိုဖုံးအုပ်၍ နာကျင်အော်ညည်းသံများကို နောက်တွင်ချန်ရစ်ကာ ကျဉ်းမြောင်းသည့် လိုဏ်ဂူလမ်းကြောင်းထဲမှ ထွက်ခဲ့သည်။
သို့သော် ချန်ကျဲ့တို့သည်လည်း အခြားသူများကို ဂရုစိုက်ပေးဖို့ အချိန်မရှိပေ။ ဗုဒ္ဓပုံရိပ်၏ ကာကွယ်ပေးမှုအောက်၌ သူတို့သည် ကျဉ်းကျုတ်သည့် လိုဏ်ဂူလမ်းကြောင်းထဲမှ အတင်းတိုးဝှေ့ထွက်လာနိုင်ခဲ့သည်။
ထိုအခါမှ သူတို့မှာ နေရာလုံလောက်မှုကို ခံစားနိုင်တော့သည်။
သူတို့သည် အလွန်ကျဉ်းမြောင်းသည့်နေရာမှ အလွန်ကျယ်ပြောသည့်နေရာသို့ ရောက်လာခဲ့သည်။
ဤနေရာသည် ကျယ်ပြောပြီး မမှောင်ပေ။ ချန်ကျဲ့၏မီးတုတ်အလင်းရောင်သည်ပင် မှေးမှိန်ပျောက်ကွယ်သွားရသည်။ ဤလိုဏ်ဂူမှာ သိပ်သည်းများပြားလှသော တဖျပ်ဖျပ်လင်းလက်နေသည့် အလင်းရောင်ကြောင့် လင်းထိန်နေခြင်းဖြစ်ကြောင်း မည်သူမျှ သတိမထားမိကြချေ။ ၎င်းမှာ မရေမတွက်နိုင်အောင် များပြားသည့် ပိုးစုန်းကြူးများမှ အားလုံးအတွက် အလင်းပေးနေသည့်အလားပင်။
ထို့နောက်တွင်မူ ချန်ကျဲ့၏ဖျတ်လတ်သည့်မျက်လုံးများသည် အလင်းရောင်မှာ လိုဏ်ဂူနံရံထက်ရှိ ပုလဲလုံးများမှ ထွက်လာခြင်းဖြစ်ကြောင်း သတိထားမိလိုက်သည်။
ထိုပုလဲလုံးများသည် အလွန်တောက်ပစွာ လင်းလက်နေသည်မှာ ၎င်း၏အလှကို အံ့ဩချီးမွမ်းမိရလေသည်။ ဤမြင်ကွင်းကို နတ်ဘုရား၏လက်ရာတစ်ပါးဟု ခေါ်ဆိုလျှင်သော်မှ ချဲ့ကားပြောဆိုခြင်း မဟုတ်နိုင်ပေ။
သူတို့သည် ဤနေရာသို့ ဒုတိယမြောက်ရောက်လာသူများဖြစ်သည်။ ပထမဆုံးရောက်နေသူမှာ ဖန်းယင်းယွီဖြစ်သည်။ သို့သော် ဖန်းယင်းယွီကို သူတို့ မည်သည့်နေရာတွင်မှ မတွေ့ရပေ။
သို့ဖြင့် ချန်ကျဲ့တို့သည် ပထမဆုံးရောက်ရှိသူများအလား ဖြစ်သွားကြကာ သူတို့ရှေ့ရှိ လိုဏ်ဂူမြင်ကွင်းကို အံ့အားခြင်းကြီးစွာ ကြည့်နေခဲ့ကြသည်။
ကျောက်ယာသည် ကမာခွံပေါ်မှာ အဦးဆုံး ခုန်ဆင်းလိုက်သည်။ ထို့နောက် အခြားသူများလည်း လိုက်ဆင်းသည်။ ချန်ကျဲ့သည်တော့ အောက်ဆင်းရန် အလျင်မလိုပေ။ ထိုအစား အဝတ်အိတ်တစ်ခုဆွဲထုတ်ကာ ပြုတ်ကျပြန့်ကျဲနေသည့် ရေဘဝဲကောင်များကို အဝတ်အိတ်ထဲ ထည့်သိမ်းသည်။
ထိုအခါ အားစန်းမှ မေးသည်။
“ချန်ကျိုစစ် မင်းဘာလို့ အဲဒီရွံဖို့ကောင်းတဲ့အကောင်တွေကို ကောက်နေတာလဲ”
ထိုအခါ ချန်ကျဲ့ ရယ်လိုက်ပြီး ပြောသည်။
“ဟားဟား လူကြီးမင်းစန်း ဒါတွေက ရေထိုက်ဆွေ့ရဲ့ရေဘဝဲတွေလေ။ သူတို့ကိုသာ ကောင်းကောင်းမွမ်းမံဖော်စပ်နိုင်ရင် ထိုက်ဆွေ့ဆေးလုံး ရကောင်းရနိုင်တယ်ဗျ”
ထိုအခါ အားစန်းနှင့် အခြားသူများ မင်သက်သွားကြ၏။ သူတို့သည် ဤရေဘဝဲများကို ထိုက်ဆွေ့ဆေးလုံးအဖြစ် ပြောင်းလဲဖော်စပ်နိုင်မည်ဟု တွေးမိသည်အထိ ဉာဏ်မထက်မြက်ကြပေ။
သို့သော် ယခုအချိန်မှလည်း ချန်ကျဲ့နှင့်အတူ ထိုရေဘဝဲများကို လိုက်ကောက်ခြင်းငှာ ရှက်ဖို့ကောင်းလေသည်။ အထူးသဖြင့် သူတို့သည် ခုနလေးကပင် ကမာခွံပေါ်မှ သူရဲကောင်းဆန်ဆန် ခုန်ချပြီးခဲ့ကြပြီ မဟုတ်ပါလော။
ချန်ကျဲ့ ရေဘဝဲများကို ကောက်ယူပြီးနောက်တွင် သူတို့ထွက်လာခဲ့သည့်နေရာမှ နာကျင်စွာအော်ညည်းသံနှင့်အတူ အသွေးအသားပုံကြီး မြေပြင်ထက် ပြုတ်ကျလာသည်။
ချန်ကျဲ့နှင့် အခြားသူများ ထိတ်လန့်သွားကြ၏။ ထို့နောက် ထိုအသွေးအသားပုံထဲမှ ပါးထန်နှင့် သူ၏လက်အောက်ငယ်သားများ တွားသွားထွက်လာကြသည်။ ပါးထန်နှင့် လက်အောက်ငယ်သားများသည် အရေးပေါ်အခြေအနေတွင် သူတို့၏အဖွဲ့သားများကို လူသားဒိုင်းကာအဖြစ် အသုံးပြု၍ ထိုအလောင်းများအောက် ပုန်းအောင်းကာ လွတ်မြောက်လာခဲ့ခြင်းဖြစ်ပေသည်။ သို့သော် လူသားဒိုင်းကာအဖြစ် အသုံးပြုခံရသည့် လက်အောက်ငယ်သားများသည်တော့ ကျိချွဲပျက်စီးနေသည့် အသွေးအသားပုံကြီးအဖြစ် ပြောင်းလဲသွားလေသည်။
ထိုမြင်ကွင်းတွင် ချန်ကျဲ့သည် ထိုလူတို့၏ ရက်စက်ကြမ်းကြုတ်မှုကို အသိအမှတ်ပြုမိရလေသည်။
မိမိကိုယ်မိမိ ကြမ်းကြုတ်ရုံသာမက မိမိ၏လူများအပေါ် ပို၍ပင် ရက်စက်ကြမ်းကြုတ်လေသည်။ လူသားများကို ဒိုင်းကာအဖြစ် အသုံးပြုခြင်းကဲ့သို့သော လုပ်ရပ်မှာ ဘဝ၏ ရက်စက်ကြမ်းကြုတ်မှုများဖြင့် စိတ်နှလုံးမာကြောနေသူများသာ လုပ်နိုင်ကြလိမ့်မည် မဟုတ်ပါလော။
ချန်ကျဲ့ အတွေးထဲနစ်မျောနေစဉ် ကျောက်ယာသည် မျက်မှောင်ကြုတ်နေ၏။ စိတ်အနှောင့်အယှက်ဖြစ်နေကြောင်း သိသာလှသည်။
သို့သော် ကျင်းကန်းဂိုဏ်း၏ အားသာ့၊ အားအာ့နှင့် အားစန်းတို့သည်တော့ ဂရုစိုက်ပုံမရချေ။ ဤမျှသော အသွေးအသားပုံကြီးမှာ ဘာမှမဟုတ်သေးပေ။ သူတို့သည် ဆရာသခင်ဖြစ်သူမှ စစ်တပ်ထဲသို့ လေ့ကျင့်ရန် ပစ်ထည့်လိုက်ခြင်းကြောင့် ယခုထက်ပို၍ ဆိုးရွားသည့် မြင်ကွင်းများကိုပင် မြင်တွေ့ခဲ့ဖူးပြီး ဖြစ်လေသည်။
သူတို့အတွက်မူ ထိုမျှအသွေးအသားပုံလေးသည် သာမန်မျှသာဖြစ်ပြီး အများဆုံးမှ အခက်အခဲလေးတစ်ခုထက် မပိုပေ။
ခဏအကြာ၌ နောက်ထပ်လူများ ရောက်ရှိလာသည်။ သူတို့သည် တစ်ကိုယ်လုံး သွေးများစိုရွှဲနေကြသောကြောင့် မြင်ရသူကို စိတ်မချမ်းမြေ့ဖွယ်ဖြစ်စေသော်ငြား ဤနေရာအထိ ထွက်လာနိုင်စွမ်းရှိသည်ဖြစ်ရာ အရည်အချင်းရှိသည်ဟု သတ်မှတ်နိုင်ပေသည်။
အားလုံးသည် ထိတ်လန့်နေကြဆဲဖြစ်ရာ နောက်ထပ် အလစ်တိုက်ခိုက်ခံရမည်စိုးသောကြောင့် ပတ်ဝန်းကျင်ကို အဆက်မပြတ် အကဲခတ်နေကြသည်။
ကံကောင်းထောက်မစွာဖြင့် ဤနေရာသည် ဘေးကင်းဟန်ရ၏။ ရေဘဝဲတစ်ကောင်မျှ မတွေ့တော့ပေ။
အားလုံး စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။
ကြောက်စိတ်များကို ပြန်ထိန်းချုပ်ပြီး စိတ်တည်ငြိမ်စေပြီးနောက်တွင်မူ လိုဏ်ဂူဝင်ပေါက်၈ခုကို သတိထားမိလိုက်ကြလေသည်။ ဝင်ပေါက်တစ်ခုစီတွင် ပါးကွာ့အမှတ်အသားတစ်ခုစီဖြင့် အမှတ်အသားပြုထား၏။
၎င်းတို့မှာ (ရှိုး၊ ရှန်း၊ ရှောင်း၊ တု၊ ကျင်၊ စစ်၊ ကျင်း၊ ခိုင်း)ဟူ၍ ဂိတ်တံခါးကြီး၈ခုဖြစ်သည်။
အားလုံး တစ်ယောက်တစ်ပြန်ကြည့်လိုက်ကြပြီး ကျောက်ယာမှ မေးသည်။
“ကျွန်မတို့ ဘယ်ဂိတ်တံခါးကို ရွေးကြမလဲ”
သူတို့ပြောနေစဉ် ပါးထန်သည် သူ၏အုပ်စုကို ဦးဆောင်ကာ ကျင်ဂိတ်တံခါးထဲသို့ ဝင်သွားခဲ့သည်။
အခြားသူများလည်း လူခွဲသွားကြ၏။ မိစ္ဆာဘွားဘွားကြီးသည် ရှန်းဂိတ်တံခါးသို့ ဝင်သွားသည်။ ယွီမေ့ဇစ်ဦးဆောင်သည့် မိန်ဂိုဏ်းသားများသည် ရှိုးဂိတ်တံခါးသို့ ဝင်သွားသည်။
ဟုန်ကျန်းဂိုဏ်း၏ ကျုံးလျောင်နှင့် ချွမ်းရှောင်းစံအိမ်မှ တင်းယင်တို့သည်လည်း ဂိတ်တံခါးတစ်ခုထဲသို့ အတူဝင်ရောက်ရန် ဆုံးဖြတ်လိုက်ကြသည်။ မကြာခင်က ကြုံတွေ့ခဲ့ရသည့် အန္တရာယ်ကြောင့် ကြောက်လန့်နေကြဆဲဖြစ်ရာ သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်နှစ်ယောက် အင်အားပေါင်းစည်းလျှင် ပို၍ ဘေးကင်းလုံခြုံနိုင်ပေသည်။
သို့ဖြင့် သူတို့နှစ်ဦးသည် ခိုင်းဂိတ်တံခါးကို ရွေးချယ်ခဲ့သည်။
ချန်ကျဲ့တို့အုပ်စုသည် အခြားသူများနှင့် တူညီသည့်လမ်းကြောင်းကို မလျှောက်လိုပေ။ သူတို့သည် ကျန်ရှိသည့် ဂိတ်တံခါးလေးခုထဲမှ တစ်ခုကို ရွေးချယ်ရပေမည်။
ချန်ကျဲ့တို့အုပ်စုသည် ဂိတ်တံခါးလေးခုကိုကြည့်လျက် ရွေးချယ်မည့်အရေး သေချာစဉ်းစားနေကြသည်။
ပထမဆုံး စစ်ဂိတ်တံခါး(သေဆုံးခြင်းဂိတ်တံခါး)ကို ဖယ်ထုတ်လိုက်သည်။ အသိစိတ်ရှိသူတိုင်း ထိုတံခါးမှာ အန္တရာယ်အများဆုံးဖြစ်ကြောင်း သိရှိပါလိမ့်မည်။
သို့ဖြင့် သုံးခုကျန်ရှိသည်။
နောက်ဆုံးတွင်တော့ သူတို့ တုတံခါးကို ရွေးချယ်လိုက်ကြသည်။
တု၏အဓိပ္ပာယ်မှာ ငြင်းပယ်ခြင်း၊ ပိတ်ဆို့ခြင်းနှင့် ဟန့်တားပိတ်ပင်ခြင်းဖြစ်သည်။ ကျန်နှစ်ခုနှင့်ယှဉ်လျှင် တုသည် ပို၍ ဘေးကင်းဟန်ရ၏။
ဆုံးဖြတ်ပြီးနောက် ဝင်ပေါက်ဆီသို့ လျှောက်ခဲ့ကြသည်။ ထိုအခါ စာလုံးများထွင်းထားသည်ကို တွေ့လိုက်ရသည်။
[ရေထဲမှာ အမတစံအိမ်တော်တည်ရှိတယ်။ ရှာတွေ့သူများအတွက် အိမ်ဖြစ်လေတယ်။ ဂိတ်တံခါးရှစ်ခုဟာ ကျယ်ပြောစွာ ဖွင့်လှစ်လို့ အရပ်ရပ်မှ ဧည့်သည်တော်များကို ကြိုဆိုပါတယ်။ သေခြင်းရှင်ခြင်းလမ်းကို လျှောက်လှမ်းလို့ အန္တရာယ်ထဲမှ ကြွယ်ဝမှုကို ရှာဖွေပါ။ သေခြင်းရှင်ခြင်းအတွက် ကံကြမ္မာကို အပြစ်မဆိုလေနှင့်]