← Chapters

အခန်း ၇၅၁

Vol. 65 Ch. 751

အခန်း ၇၅၁

Vol. 65 Ch. 751

အခန်း ၇၅၁

ရှေ့ရှိ စာများကို ဖတ်ကြည့်ပြီးနောက် သူတို့အားလုံး တိတ်ဆိတ်သွားကြသည်။

လျိုလောင်ကွေ့မှ ချန်ကျဲ့ကို တိုးတိုးပြောသည်။

“ကျိုစစ် အဲဒါက ဘာအဓိပ္ပာယ်လဲ”

ချန်ကျဲ့မှ ပြောသည်။

“ကျူးကျော်သူတွေ သေရမယ်”

ထိုအခါ လျိုလောင်ကွေ့မှ ပြောသည်။

“အင်း အဲဒါကိုများ ရှုပ်ထွေးနေအောင် ဘာတွေလျှောက်ရေးနေသေးတာလဲ။ နောက်ဆုံးကျ အဲဒီလိုပြောချင်တာပဲ မဟုတ်ဘူးလား”

အားစန်းမှလည်း ပြောသည်။

“လျှောက်ပြောနေတာ။ ငါတို့က ဒီအထဲကို ဝင်တောင်ဝင်လာရဲမှတော့ သေခြင်းရှင်ခြင်းကို ဘယ်သူက အရမ်းအရေးစိုက်နေတော့မလဲ။ ဒီလိုစာထွင်းထားရုံလေးနဲ့ ငါတို့ကို ကြောက်အောင်ခြောက်နိုင်မယ် ထင်နေတာလား ဟားဟား…”

အားစန်း၏ရယ်သံကြောင့် အားလုံး၏အကြည့်များ အနည်းငယ် တင်းမာသွားကြသည်။

ဟုတ်ပါ၏။ ဤနေရာအထိ ရောက်လာခဲ့ပြီးဖြစ်ရာ မည်သူကများ လက်ဗလာဖြင့် ပြန်သွားချင်ပါမည်နည်း။ ဤစာမှာ အဓိပ္ပာယ်မရှိချေ။

ယခုတော့ သူတို့၏ကံတရားကိုသာ မှီခိုနိုင်ပေသည်။

ထိုသို့တွေးလျက် ကျောက်ယာမှ ပြောသည်။

“မီးတုတ်ထွန်းလိုက်၊ အထဲဝင်မယ်”

အားလုံး မီးတုတ်ထွန်းညှိလိုက်ကြပြီး လိုဏ်ဂူထဲ ဝင်ကြသည်။

အားလုံးသည် သတိကြီးစွာဖြင့် မီးတုတ်များကို ကိုင်ထားကြကာ အားသာ့နှင့် အားစန်းသည် ရှေ့ဆုံးမှ ဦးဆောင်ပြီး အားအာ့နှင့် ယဲ့လုဖုန်းသည် နောက်ဘက်မှ ကာပေးထားသည်။ ကျောက်ယာနှင့် ချန်ကျိုစစ်သည် အလယ်တွင်ဖြစ်၏။

သို့ဖြင့် လူအုပ်စုသည် လမ်းတစ်လျှောက် ရှေ့ဆက်လျှောက်ခဲ့ကြသည်။ အစပိုင်းတွင် လမ်းသည် ကျဉ်းမြောင်း၏။ သို့သော် အတွင်းထဲသို့ ဆက်လျှောက်လာသည်နှင့်အမျှ ရုတ်ချည်း ကျယ်လာသည်။

ထိုအခါ သူတို့သည် မီးတုတ်များကို မြင့်မြင့်ကိုင်မြှောက်လိုက်ကြပြီး လိုဏ်ဂူတစ်ခုလုံးကို လင်းသွားစေခဲ့သည်။ လိုဏ်ဂူအတွင်း၌ မြောက်များစွာသော ထူးခြားဆန်းကြယ်သည့် ကျောက်ရုပ်တုများ ပတ်ပတ်လည် တည်ရှိနေသည်။ ကျောက်ရုပ်များ၏ပုံပန်းသွင်ပြင်သည် ထူးဆန်း၏။

လူသားခန္ဓာကိုယ်ဖြစ်သော်ငြား ဦးခေါင်းခွံသည် ကမာခွံများဖြင့် ဖုံးအုပ်ထားကာ မျက်လုံးအစုံသာလျှင် ကမာခွံကြားမှ ထွက်နေသည်။ သို့သော် မျက်ဆံမရှိချေ။

လက်ထဲတွင် ဓားကိုင်ထားကြပြီး မြေထည်စစ်သားများအလား မလှုပ်မယှက် ရပ်နေကြသည်။

ထိုမြင်ကွင်းကိုမြင်ရသည်တွင် ချန်ကျဲ့သည် သူအရင်ဘဝက ကြည့်ခဲ့ဖူးသည့် အနောက်အရပ်သို့ခရီးသွားခြင်း ရုပ်သံစီးရီးထဲမှ မိစ္ဆာများကို သတိရသွားခဲ့သည်။

ထိုကမာမိစ္ဆာစစ်သားများကို ချန်ကျဲ့ ရေတွက်ကြည့်လိုက်သည်။ တစ်ရာကျော်၏။

ထိုကမာမိစ္ဆာစစ်သားများ၏ရှေ့ရှိ စင်မြင့်ငယ်လေးထက်တွင် စစ်သူကြီးငယ်တစ်ဦး ရပ်နေသည်။

စစ်သူကြီးသည် ချောမောသည့်ရုပ်ရည်သွင်ပြင်ရှိပြီး သံချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားကာ ရတနာဓားကိုကိုင်လျက် သူ၏စစ်တပ်ကို စစ်ဆေးကြည့်ရှုနေသည့်အလား ရှေ့ကို ကြည့်နေသည်။

သူတို့မှာ ထိုမြင်ကွင်းကြောင့် အနည်းငယ် တုန်လှုပ်သွားခဲ့သည်။ ဤအရာများကို မည်သူက ဖန်တီးခဲ့ပါသနည်း။

ထိုအချိန်၌ ကျောက်ယာသည် ဘေးပတ်လည်ကို စစ်ဆေးကြည့်နေပြီး အားသာ့နှင့် အားအာ့သည် ကျောက်ယာ၏နောက်မှ လိုက်သည်။

ချန်ကျဲ့နှင့် လျိုလောင်ကွေ့သည်လည်း ဘေးပတ်ဝန်းကျင်ကို ‌စစ်ဆေးကြည့်နေသည်။

အားစန်းတစ်ဦးသာလျှင် သတ္တိကောင်းပြီး စစ်သား‌ရုပ်တုတိုင်း၏ ဦးခေါင်းကို ထိခေါက်ကြည့်၍ ရွှံ့နှင့်ပြုလုပ်ထားသလော၊ ကျောက်သားနှင့်ပြုလုပ်ထားသလော စမ်းကြည့်နေသည်။

အားစန်း၏အပြုအမူကို မြင်သောအခါ အားလုံးထိတ်လန့်သွားကြသည်။ အားသာ့မှ အော်ဟစ်သည်။

“အားစန်း”

အားစန်း လန့်သွားပြီး ချက်ချင်း လက်ပြန်ရုတ်လိုက်သည်။

“အား ဘာလဲ.. လန့်သွားတာပဲ”

“မင်းကြောင့် ငါတို့လည်းလန့်တယ်”

အားသာ့မှ ကြိမ်းမောင်းသည်။

“ဘာကိုမှ မထိနဲ့။ ထောင်ချောက်တွေရှိနေမယ် သတိထားကွ”

အားစန်းမှ ပြောသည်။

“သိပါပြီ”

ထို့နောက်တွင်မူ လျှောက်ကစားနေခြင်းကို ရပ်တန့်လိုက်တော့သည်။

ထိုအခိုက်အတန့်၌ ကျောက်ယာသည် လူငယ်စစ်သူကြီးရုပ်တုအား အထက်အောက် စေ့စေ့စပ်စပ်ကြည့်ရှုလိုက်သည်။

စစ်သူကြီးသည် မလှုပ်မယှက်ဖြင့် ရှေ့သို့ ကြည့်နေမြဲပင်။

ကျောက်ယာ ရပ်သွား၏။

ထိုအခါ ချန်ကျဲ့ အနားလျှောက်သွားပြီး မေးလိုက်သည်။

“ခရိုင်မင်းသမီး ဘာကိုကြည့်နေတာပါလဲ”

ကျောက်ယာမှ ချန်ကျဲ့ကို ပြောသည်။

“သူ့မျက်လုံးတွေကိုကြည့်လိုက်”

ချန်ကျဲ့ကြည့်လိုက်ကာ စစ်သူကြီး၏မျက်လုံးများမှာ သွေးရောင်နီမြန်းနေကြောင်း မြင်လိုက်ရသည်။ ချန်ကျဲ့ အနည်းငယ် မျက်လုံးမှေးကျုံ့လိုက်၏။

“ပတ္တမြားနဲ့လုပ်ထားတာလား”

သို့သော် တစ်ခုခုမူမမှန်နေကြောင်း ချန်ကျဲ့ ချက်ချင်း သတိထားမိလိုက်သည်။ မည်သည့်အရပ်မျက်နှာမှ ကြည့်ပါစေ စစ်သူကြီး၏မျက်လုံးများသည် မိမိကို စိုက်ကြည့်နေသကဲ့သို့ ခံစားရပေသည်။

ရုတ်ချည်းပင် ချန်ကျဲ့မှာ စောင့်ကြည့်ခံနေရသည့်ခံစားချက်ကြီး ခံစားလိုက်ရသည်။

ချန်ကျဲ့ ခါးတွင်ချိတ်ဆွဲထားသည့် ဓားရိုးပေါ် လက်တင်လိုက်သည်။

“ခရိုင်မင်းသမီးရော သတိထားမိလား”

ကျောက်ယာမှ ပြောသည်။

“ကြည့်ရတာ ရှင်လည်း ခံစားမိပုံပဲ။ ဟုတ်တယ်”

“သူ့မျက်လုံးတွေက ကျွန်မတို့ကို တစ်ချိန်လုံးစောင့်ကြည့်နေသလိုပဲ”

ချန်ကျဲ့မှ မျက်လုံးတို့မှေးကျုံ့လျက် ပြောသည်။

“တကယ်ထူးဆန်းလိုက်တာ။ ခရိုင်မင်းသမီး သတိထားပါ”

သူတို့နှစ်ဦး အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ဤနေရာသည် မကောင်းသည့်အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်ဟု ခံစားနေရ၏။ သူတို့နှစ်ဦး စစ်သူကြီးရုပ်တုကိုကြည့်၍ အတွေးထဲနစ်မျောနေစဉ် လျိုလောင်ကွေ့သည် ရှေ့သို့လျှောက်လာပြီး ရုပ်တုကို ဦးညွှတ်အရိုအသေပြုသည်။

ချန်ကျဲ့နှင့် ကျောက်ယာတို့ နားမလည်နိုင်ဖြစ်သွားကြလျက် တစ်ပြိုင်နက်တည်း ပြောလိုက်ကြသည်။

“အစ်ကိုလျို ဘာဖြစ်နေတာလဲ။ တစ်ခုခုညှို့စားခံလိုက်ရတာလား”

“ရှင်ဘာဖြစ်နေတာလဲ၊ တစ်ခုခုညှို့စားခံလိုက်ရတာလား”

ထိုအခါ လျိုလောင်ကွေ့မှ ပြောသည်။

“မဟုတ်ဘူး။ ဒါ ဒါက ကမာစစ်သူကြီးလေ။ ငါတို့တန့်လူမျိုးတွေအတွက်တော့ နတ်ဘုရားပဲကွ”

ထိုအခါ ချန်ကျဲ့နှင့်ကျောက်ယာတို့ အံ့ဩသွားကြသည်။

“ကမာစစ်သူကြီးလား”

အားသာ့နှင့် အားအာ့တို့လည်း ရောက်လာကြကာ လျိုလောင်ကွေ့ကို ပြောသည်။“ကမာစစ်သူကြီးဆိုတာ ဘာလဲ”

ထိုအခါ လျိုလောင်ကွေ့သည် ခဏမျှစဉ်းစားနေပြီးနောက် ပြောသည်။

“မင်းတို့ မားဇူကို သိကြလား”

ကျောက်ယာနှင့် ချန်ကျဲ့တို့ ခေါင်းညိတ်လိုက်သည်။ မားဇူကို မည်သူကများ မသိဘဲရှိပါမည်နည်း။ တောင်ပိုင်းပင်လယ်များ၏ နတ်ဘုရားဖြစ်ပြီး အထူးသဖြင့် ဖူကျန့်သားများသည် တောင်ပိုင်းသင်္ဘောသားများကို ကာကွယ်စောင့်ရှောက်ပေးခြင်းအတွက် အထူးကြည်ညိုကြသည်။

သို့သော် ကမာစစ်သူကြီးသည် မားဇူနှင့် အဘယ်သို့ သက်ဆိုင်ပါသနည်း။

လျိုလောင်ကွေ့မှ ပြောသည်။

“တန့်လူမျိုးတွေရဲ့နှလုံးသားထဲမှာ ကမာစစ်သူကြီးရဲ့အဆင့်အတန်းက ဖူကျန့်သားတွေရဲ့နှလုံးသားထဲက မားဇူနဲ့ အတူတူပဲ။ အဲဒါနဲ့ပတ်သက်ပြီးတော့ ဒဏ္ဍာရီဇာတ်လမ်းလည်းရှိတယ်”

ချန်ကျဲ့မှ ပြောသည်။

“ဘာဇာတ်လမ်းလဲ”

ကျောက်ယာမှလည်း ပြောသည်။

“ပြောပြကြည့်ပါ၊ ကျွန်မတို့အတွက် အကူအညီဖြစ်ကောင်းဖြစ်နိုင်တယ်”

“အင်း အဲဒီဇာတ်လမ်းရဲ့နာမည်က ပုလဲကောက်နတ်သမီးနှင့် ကမာစစ်သူကြီးတဲ့”

လျိုလောင်ကွေ့မှ ဆက်ပြောသည်။

“အဲဒါက တန့်လူမျိုးတွေ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာခဲ့တဲ့ ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်ပဲ။ ဟိုးတုန်းက ငါတို့တန့်လူမျိုးတွေမှာ သမီးတစ်ယောက် မွေးဖွားခဲ့တယ်။ သူက အရမ်းလှပပြီး ပုလဲကောက်ရာမှာ အရမ်းအရည်အချင်းရှိတယ်။ အဲဒါကြောင့် လူတိုင်းက သူ့ကို ပုလဲကောက်နတ်သမီးလို့ ခေါ်ခဲ့ကြတယ်”

“တစ်နေ့ကျတော့ သူ ရေငုပ်ပြီး ပုလဲကောက်နေချိန်မှာ ငါးမိစ္ဆာတစ်ကောင် အကိုက်ခံလိုက်ရတယ်။ သူ နာကျင်စွာနဲ့ ရေကူးပြီး ထွက်ပြေးခဲ့ရာက ဧရာမကမာကြီးတွေ အပြည့်ရှိတဲ့ နေရာတစ်ခုကို အမှတ်မထင် ရောက်သွားခဲ့တယ်။ အဲဒီနေရာက ပုလဲကောက်သူတွေအတွက်တော့ နတ်ပြည်ကြီးပဲပေါ့”

“ငါးမိစ္ဆာက အဲဒီနေရာအထိ လိုက်မလာရဲဘဲ ပြန်လှည့်ထွက်ပြေးသွားခဲ့တယ်။ ပုလဲကောက်နတ်သမီးလေး လွတ်မြောက်သွားပြီး အဲဒီမှော်ဆန်တဲ့နေရာကနေ ပြန်ထွက်ဖို့လမ်းရှာရင်း ရုပ်ရည်ချောမောတဲ့ ချပ်ဝတ်တန်ဆာဝတ်ဆင်ထားတဲ့ စစ်သူကြီးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့တယ်”

All Chapters