← Chapters

အခန်း ၇၅၅

Vol. 65 Ch. 755

အခန်း ၇၅၅

Vol. 65 Ch. 755

အခန်း ၇၅၅

သို့သော်ငြား လျိုလောင်ကွေ့သည် ကမာစစ်သား၏ဓားရှည်ကြောင့် လက်မောင်းတွင် ဒဏ်ရာရသွားခဲ့ပြီး နာကျင်စွာ အော်ဟစ်မိလိုက်သည်။

ကျောက်ယာမှ ကြားသောအခါ ပြောသည်။

“သတိထား၊ ဒီသတ္တဝါတွေက အတော်ကိုင်တွယ်ရခက်တယ်”

ထိုအခါ မနီးမဝေးမှ ဒေါသတကြီး အော်ဟစ်သံထွက်ပေါ်လာသည်။

“သိမ်နုပ်တဲ့မကောင်းဆိုးဝါးကောင်တွေ ငါသခင်ကြီးသုံးကိုများ လာရှုပ်ရဲတယ်ပေါ့လေ၊ သေကြစမ်း”

အားစန်းသည် အလွန်ကြမ်းကြုတ်၏။ အားစန်းသည် လေဟာနယ်ထက် ခုန်လိုက်ပြီး ကမာစစ်သား၏လက်မောင်းကို ဖမ်းဆွဲလိုက်ပြီး အားထည့်ဖျစ်ညှစ်လိုက်ရာ စုတ်ပြဲသည့်အသံနှင့်အတူ ကမာစစ်သား၏လက်မောင်းကို ရက်စက်ကြမ်းကြုတ်စွာ ဆွဲဖြုတ်ပစ်လိုက်သည်။

ထိုအခါ အစိမ်းရောင်သွေးများ နေရာအနှံ့ ပက်ဖျန်းသွား၏။ အားစန်း ရှောင်လိုက်ပြီးနောက် သူဖြုတ်လိုက်သည့်လက်မှ ဓားရှည်ကို အရေးမစိုက်ဟန် ကောက်ယူလိုက်ပြီး သူ့အနားကပ်လာသည့် ကမာစစ်သားများကို ဆက်တိုက်ခိုက်သည်။

ချွင် ချွင် ချွင်…

ဓားချင်းထိခတ်သံများ လိုဏ်ဂူအတွင်း ပဲ့တင်ထပ်သွား၏။

သို့သော် မကြာမီ၌ပင် အားစန်းသည် ဒါဇင်ခန့်သော ကမာစစ်သားများ၏ ဝန်းရံတိုက်ခိုက်ခြင်းခံရကာ အရေးနိမ့်လာတော့သည်။ သူမည်မျှအင်အားကြီးမားပါစေ ကမာစစ်သားဆယ်ချီကို တစ်ပြိုင်နက်တည်း ရင်ဆိုင်တိုက်ခိုက်ရခြင်းမှာမူ သူ့အတွက် ဖိအားများလွန်းပြီး ယှဉ်တိုက်ရန် ခက်ခဲပေသည်။

ထိုအချိန်၌လည်း ကမာစစ်သားများသည် ပို၍ ပို၍ အသက်ဝင်နိုးထလာနေသည်။

အချိန်ခဏလေးအတွင်း၌ပင် လိုဏ်ဂူတစ်ခုလုံးမှာ ကမာစစ်သားများနှင့် ပြည့်နှက်လုနီးပါး ဖြစ်သွားတော့သည်။

ကမာစစ်သားများ များပြားလာခြင်းနှင့်အတူ စင်မြင့်ထက်ရှိ ကမာစစ်သူကြီးသည်လည်း ရုတ်တရက် လှုပ်ရှားလာခဲ့ကာ ဒေါသတကြီး ကြိမ်းဝါးသံကြီး ထွက်ပေါ်လာခဲ့သည်။

အားး

မိုးခြိမ်းသံတမျှသော အသံကျယ်ကြီးနှင့်အတူ လိုဏ်ဂူတစ်ခုလုံး တုန်ခါသွား၏။ ပြင်းထန်သည့် အင်အားကြီးအောက်၌ ကျောက်သားများသည် ရုတ်ချည်း တစ်စစီ ကွဲထွက်ကုန်တော့သည်။

ဝှစ် ဝှစ် ဝှစ်…

ကျောက်တုံးများသည် ကျည်ဆံများအလား ပျံသန်းလာ၏။

ဝှစ် ဝှစ် ဝှစ်…

မရေမတွက်နိုင်အောင်များပြားသည့် ကျောက်တုံးများသည် ကျည်ဆံများအလား အရပ်မျက်နှာအနှံ့မှ ပျံသန်းလာနေကာ ပစ်မှတ်တိုင်းကိုလည်း အလွတ်မပေးချေ။

ထိုမြင်ကွင်းတွင် အားလုံး ချွေးစေးပြန်ကုန်ကြရသည်။ ကျောက်ယာမှ အော်ပြော၏။

“သတိထားကြ”

သို့သော် သတိပေးချက်မှာ နောက်ကျသွားလေပြီ။ ကျောက်တုံးများသည် အရူးအမူး ပျံသန်းလာနေ၏။

“အား..”

ထိုစဉ် ချီမုကောထံမှ နာကျင်စွာ အော်ညည်းသံထွက်ပေါ်လာသည်။ ခဏတာ သတိမမူမိသည့်အချိန်တွင် ကျောက်တုံးတစ်တုံးသည် သူ့ခါးကို ရှပ်သွားခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်၌ အခြားသူများသည်လည်း မိမိတို့၏ ရှောင်တိမ်းသိုင်းကွက်များကို အလျင်အမြန်ထုတ်သုံး၍ ရှောင်တိမ်းနေကြရသည်။

ချန်ကျဲ့လည်း သူ၏ခန္ဓာကိုယ်အတွင်းမှ စွမ်းအင်စီးဆင်းမှုကို ခံစားရင်း မျက်လုံးဖွင့်လာသည်။ ထို့နောက် သူ၏ ဆောင်းဦးပုစဉ်းဓားမြှောင်ကို အမြန်ထုတ်ကာ ပျံသန်းလာနေသည့် ကျောက်တုံးများကို ဟန့်တားကာကွယ်လိုက်သည်။

ချွင် ချွင် ချွင်…

ကျောက်တုံးများသည် အရှိန်အလွန်မြန်၏။ ကျောက်တုံးများ ပျံသန်းနေစဉ် မကျိုးပျက်သေးသည့် ကျောက်ရုပ်တုများသည်လည်း ကျောက်သားများ အက်ကွဲကွာကျကုန်ကြသည်။

ရုတ်ချည်းပင် ကမာစစ်သားတစ်ရာခန့် ပိုတိုးသွား၏။

ချုပ်နှောင်ရာမှ လွတ်မြောက်သွားသော ကမာစစ်သားများသည် စင်မြင့်ပေါ်ရှိ ကမာစစ်သူကြီးကို ကြည့်လိုက်ကြသည်။ ကမာစစ်သူကြီးသည် သူ၏ရတနာဓားကို ကိုင်မြှောက်လျက် အမိန့်ပေးသည်။

“သတ် အကုန်လုံးသတ်ပစ်”

ကမာစစ်သူကြီး၏အမိန့်အောက်၌ ကမာစစ်သားများသည် ပို၍ ထိန်းမနိုင်သိမ်းမရဖြစ်လာကြသည်။ လက်နက်များကို မတုံ့မဆိုင်း ကိုင်မြှောက်ကြကာ ကျောက်ယာနှင့် အခြားသူများဆီသို့ ချီတက်ကြတော့သည်။

ကမာစစ်သားများ၏အင်အားကို စွမ်းအင်ပြောင်းလဲခြင်းအလယ်အလတ်အဆင့်ဟု သတ်မှတ်နိုင်၏။ ချင်းဟူနှင့် ချင်းပေါင်တို့၏ကျင့်ကြံဆင့်နှင့် တန်းတူဖြစ်သည်။

သို့သော် ကမာစစ်သားများသည် ချင်းဟူ၊ချင်းပေါင်ထက် ထိခိုက်ပျက်စီးစေခြင်းငှာ ပို၍ခက်ခဲ၏။

သူတို့၏ တိုက်ခိုက်ချေမှုန်းစွမ်းရည်သည် ၁၀ဖြစ်ပါက သူတို့၏ခုခံစွမ်းရည်သည် အနည်းဆုံး ၉၀ရှိလိမ့်မည်။

သူတို့သည် အလွန်အင်အားကြီးမား၍ကြမ်းကြုတ်ကြသည်မှာ သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်သိုင်းပညာရှင်များပင်လျှင် သတ်ရန်ခက်ခဲသည်အထိ ဖြစ်သည်။ အထူးသဖြင့် ခန္ဓာကိုယ်စွမ်းအားကို အသုံးပြုတိုက်ခိုက်သူများအတွက် ပိုခက်ခဲသည်။ သူတို့၏လက်ဝါးသိုင်းကွက်များသည် ကမာစစ်သားများကို ထိမှန်သွားသော်လည်း နောက်လွင့်သွားစေရုံမျှသာဖြစ်ပြီး ထိုကမာစစ်သားများသည် ခဏလေးအတွင်း ဓားများဝှေ့ယမ်းကာ စိတ်ရှုပ်ဖွယ်ဆူညံသံများအော်ဟစ်လျက် ပြန်ထရပ်လာကြလေသည်။

ထို့နောက် တစ်ဟုန်ထိုး ထပ်တိုက်ခိုက်လာကြပြန်သည်။

ဤသို့သတ္တဝါများမှာ ကိုင်တွယ်ရအလွန်ခက်ခဲ၏။ ထို့ပြင် အကောင်ရေတစ်ရာလောက်မှ သူတို့ကို ဝန်းရံလာကြရာ ချန်ကျဲ့တို့တစ်ဖွဲ့လုံးမှာ အလွန်မင်သက်နေမိတော့သည်။

နေ့တစ်ဝက်ခန့်ကြာသွားသည့်တိုင် အားသာ့နှင့် ကျောက်ယာတို့မှာ ကမာစစ်သား သုံးလေးငါးယောက်ခန့်ကိုသာ သတ်နိုင်သေးသည်။ သို့တိုင် သူတို့သည် သံကို ရွှံ့ကဲ့သို့ ပိုင်းဖြတ်နိုင်စွမ်းရှိသည့် နတ်လက်နက်များကို ကိုင်ဆောင်ထားသူများဖြစ်သည်။

နတ်လက်နက်များဖြင့်ပင် ထိုသတ္တဝါများကို ဦးခေါင်းဖြတ်မှသာ သတ်ပစ်နိုင်လေသည်။

တိုက်ပွဲသည် အလွန်အမင်းပြင်းထန်လာနေ၏။ ထိုကမာစစ်သားများသည် တိုက်ခိုက်ရန်တစ်ခုတည်းသာ သိသည့် ခံစားမှုအာရုံကင်းမဲ့သည့် မကောင်းဆိုးဝါးများဖြစ်ပေသည်။ သူတို့၏ ရဲဘော်ရဲဘက်များ လဲကျသေဆုံးသွားသည်ကို မြင်သော်လည်း ရပ်တန့်မသွားဘဲ အလောင်းများကို တက်နင်း၍ ရှေ့သို့ ဆက်လက်ချီတက်ကြလေသည်။

ကြောက်မက်ဖွယ်ပင်။ အလွန်ကြောက်မက်ဖွယ်ကောင်း၏။ အရေအတွက်တစ်ရာခန့်နီးပါးသော စွမ်းအင်ပြောင်းလဲခြင်းအဆင့် ကမာစစ်သားများသည် သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်သိုင်းပညာရှင်များကို ကျိန်းသေပေါက် အသတ်နုတ်ယူနိုင်စွမ်းရှိသည်။

သို့ဖြင့် တိုက်ပွဲသည် ပြင်းထန်သထက် ပိုပြင်းထန်လာခဲ့သည်။

ကမာစစ်သူကြီး နိုးထလာသည်နှင့် ရှိသမျှ သက်ရှိအားလုံးကို သတ်ပစ်လိမ့်မည်ဟူသည့် စနစ်၏ သတင်းအချက်အလက်ကို ချန်ကျဲ့ သတိရလိုက်သည်။

တကယ့်ကိုပဲ။ ထင်ထားတဲ့အတိုင်း အရမ်းရက်စက်ကြမ်းကြုတ်တာပဲ။

ချန်ကျဲ့တွေးနေစဉ် ကမာစစ်သားနှစ်ဦး သူ့ထံ ဦးတည်ချီတက်လာ၏။

ကြည့်ရသည်မှာ ထိုကမာစစ်သားများသည် သူ့ကို လွယ်ကူသည့်ပစ်မှတ်အဖြစ် သဘောထားလိုက်ပုံပင်။ ချန်ကျဲ့ လှောင်ပြုံးလိုက်၏။

မင်းတို့က ရည်မှန်းချက်ကြီးမားလွန်းပြီး မျက်ကန်းသွားတာ နှမြောစရာပဲ။ ငါက လွယ်ကူတဲ့ပစ်မှတ်မဟုတ်ဘူး။ ငါ့ရဲ့ သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်စွမ်းရည်ကို စမ်းသပ်ကြည့်ဖို့ အချိန်ကျပြီ။

ချန်ကျဲ့၏တန့်ထျန်းသည် ချီစွမ်းအင်များ အရှိန်အဟုန်ပြင်းထန်နေသည်။ ထို့နောက် လျှပ်စီးကိုယ်ဖော့သိုင်းကို သုံး၍ နေရာမှ လျှပ်တစ်ပြက် ပျောက်သွားစေလိုက်သည်။ နောက်တဒင်္ဂတွင်မူ ထိုကမာစစ်သားနှစ်ဦး၏ဘေး၌ ပေါ်ထွက်လာ၏။

ထိုစစ်သားများထံမှ ဆိုးရွားလှသည့် ညှီနံ့ကြီးကို ချန်ကျဲ့ ခံစားမိနေသည်။

ချန်ကျဲ့ တုံ့ဆိုင်းမနေပေ။ ဓားသွားလင်းလက်သွားပြီး အချိန်ခဏအတွင်း၌ ကမာစစ်သားတစ်ဦး၏ဦးခေါင်း မြေပြင်ပေါ် ပြုတ်ကျသွားသည်။ ခန္ဓာကိုယ်ကြီးသည် ခြေနှစ်လှမ်းခန့် ဆက်လျှောက်ပြီးမှ လဲကျသွားခဲ့သည်။

သို့သော်လည်း ကျန်ကမာစစ်သားသည် တုံ့ဆိုင်းသွားခြင်း၊ မိမိ၏ရဲဘော်ရဲဘက်အတွက် ဝမ်းနည်းသွားခြင်းလည်း လုံးဝမရှိဘဲ ချန်ကျဲ့ကိုသာ တိုက်ရိုက်ဦးတည်တိုက်ခိုက်သည်။

သို့သော် ချန်ကျဲ့သည် စွမ်းအင်တစ်ချက်ဖြင့် ဓားဝှေ့ယမ်းလိုက်သည်။ သို့သော် ကမာစစ်သားသည် နောက်ဆုတ်သွားသဖြင့် ချန်ကျဲ့ အံ့အားသင့်သွား၏။

ဟမ်.. ခေါင်းပြတ်သွားတယ်ဟ။

ဝုန်း.. ခန္ဓာကိုယ်လည်း လဲကျသွားခဲ့သည်။

ချန်ကျဲ့၏ ဆောင်းဦးပုစဉ်းဓားသွားမှာ သွေးတစ်စက်ပင် မစွန်းထင်ချေ။

ဤဓားသည် ချန်ကျဲ့ကို ဘယ်သောအခါမှ စိတ်မပျက်စေပေ။ လက်ရှိ ချန်ကျဲ့တွင် လက်နက်နှစ်ခုရှိသည်။ တစ်ခုသည် သူ၏ မီးနဂါးလှံဖြစ်၏။ ယခုတွင်မူ ထိုလှံကို ယူမလာခဲ့မိသည့်အတွက် ချန်ကျဲ့ နောင်တရမိလေသည်။

နောက်ထပ်လက်နက်မှာ မိမိကိုယ်ကိုယ်ခုခံကာကွယ်ရန် အသုံးပြုသည့် ဆောင်းဦးပုစဉ်းဓားမြှောင်ဖြစ်သည်။ ထိုဓားမြှောင်သည် သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်၏ ချီစွမ်းအင်နှင့် ပေါင်းစည်းအသုံးပြုသောအခါ အလွန်အင်အားကြီးမားလေသည်။

All Chapters