အခန်း ၇၅၇
Vol. 65 Ch. 757
အခန်း ၇၅၇
သူ၏ခန္ဓာကိုယ်ပတ်လည်တွင် ချီစွမ်းအင်များ ဖုံးလွှမ်းနေသည်။ ထိုအခိုက်အတန့်၌ အားအာ့မှာ အန်နီမေးရှင်းဇာတ်လမ်းထဲမှ ထွက်လာသည့် ဒေါသကြီးသည့် ကာရိုက်တာတစ်ဦးဟုပင် ချန်ကျဲ့ ခံစားလိုက်ရသည်။
ထိုအချိန်၌ ကမာစစ်သူကြီးသည်လည်း သူ၏ဓားရှည်ကြီးဖြင့် ခုတ်ပိုင်းတိုက်ခိုက်သည်။
အားအာ့သည် လက်နှစ်ဖက်ဖြင့် ကမာစစ်သူကြီး၏ဓားကို ခုခံသည်။
အသံကျယ်တစ်ခုနှင့်အတူ အားအာ့သည် ဓားကို အမှန်တကယ်ပင် ဟန့်တားနိုင်ခဲ့သည်။ ကမာစစ်သူကြီးသည် တွေဝေသွားလျက် အားအာ့ကို အံ့ဩနေဟန်ဖြင့် ကြည့်လာ၏။
သို့သော် နောက်တဒင်္ဂတွင်မူ ကမာစစ်သူကြီးသည် သူ၏ဓားရှည်ကြီးကို ထပ်မံကိုင်မြှောက်၍ ဘေးစောင်းခုတ်ပိုင်းတိုက်ခိုက်ပြန်သည်။
အားအာ့သည် ခုနက သိုင်းကွက်အတိုင်း ထပ်မံခုခံဟန့်တားသည်။ ပါးစပ်မှလည်း အော်ဟစ်၏။ “ဟ့”
ဤတစ်ကြိမ်တွင်တော့ ဝုန်းခနဲအသံကြီးနှင့်အတူ အားအာ့သည်လည်း လွင့်ထွက်သွားခဲ့သည်။ ဤတစ်ကြိမ်တွင် ခုခံကာကွယ်မှုသည် မအောင်မြင်ခဲ့တော့ပေ။
ယခုတွင် ကမာစစ်သူကြီးသည် ကျောက်ယာနှင့် မျက်နှာချင်းဆိုင်ရပ်နေ၏။ ကျောက်ယာ၏ အမူအရာမှာ အလွန်အေးဆေးတည်ငြိမ်သည်။ ကမာစစ်သူကြီးမှ သူ၏ဓားကို ပင့်မြှောက်လိုက်သည်အား ရပ်ကြည့်နေ၏။
ကမာစစ်သူကြီးသည် မျက်နှာအမူအရာကင်းမဲ့၏။ သူ၏ရှေ့ရှိ ဤရန်သူကိုလည်း အခြားသူများနှင့် မခြားနားဟု မှတ်ယူကာ ကျောက်ယာကို ဓားဖြင့် လွှဲရမ်းတိုက်ခိုက်သည်။
ဓားရှည်ကို အောက်သို့ ဦးတည်ခုတ်ပိုင်းလိုက်သည်။
ကျောက်ယာသည် အံတင်းတင်းကြိတ်၍ ကျရောက်လာသည့် တိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်သည်။
သို့သော် ဓားနှစ်လက် ထိခတ်သွားပြီးနောက် ကျောက်ယာ၏ဓားသိုင်းကွက်သည် ရုတ်တရက် ပြောင်းလဲသွား၏။ စာလုံးရစ်ပတ်သိုင်းသို့ ပြောင်းလဲသွားခဲ့သည်။ ကျောက်ယာ၏ဓားသည် အဆိပ်ပြင်းမြွေတစ်ကောင်အလား ကမာစစ်သူကြီး၏ ဓားရှည်ကြီးပတ်ပတ်လည်ကို ရစ်ပတ်လှုပ်ရှားနေခဲ့ပြီး ထို့နောက်တွင် ဟာကွက်တစ်နေရာကိုရှာဖွေ၍ ကမာစစ်သူကြီး၏လည်မျိုသို့ တိုက်ရိုက်ထိုးစိုက်သည်။
ကမာစစ်သူကြီးသည် အချိန်မီ မတုံ့ပြန်လိုက်နိုင်သဖြင့် လည်မျိုကို ဓားစိုက်သွား၏။
ထိုအခါ ကျောက်ယာ၏ဓားရှည်မှာ စူးရှသည့်အလင်းတချို့ လင်းလင်လာခဲ့သည်။ ထိုအလင်းအောက်တွင် အရာအားလုံးကို ဖျက်စီးပစ်နိုင်သည့်အလားပင်။ ကျောက်ယာသည် ကမာစစ်သူကြီး၏ မျက်နှာချင်းဆိုင်တွင် ရပ်နေမြဲဖြစ်၏။
ကျောက်ယာ၏ရတနာဓားသည် ကမာစစ်သူကြီး၏လည်မျိုကို အရှိန်ပြင်းစွာ ဦးတည်ထိုးစိုက်နေသည်။ သို့သော် သတ္တုနှစ်ခုထိစပ်သည့်အသံကို သူတို့အားလုံး ကျယ်လောင်စွာ ကြားနေရ၏။ ကမာစစ်သူကြီး၏ လည်တိုင်မှ ထူထဲလှသည့် အကြေးခွံသည် ကျောက်ယာ၏ဓားကို ကာဆီးထားသည်။ ကျောက်ယာ၏ လျင်မြန်ဖျတ်လတ်သည့် ဓားသိုင်းမှာ အသုံးမဝင်ပေ။
ကမာစစ်သူကြီးသည် မျက်နှာအမူအရာကင်းမဲ့စွာဖြင့် ကျောက်ယာကို တစ်ချက်ကြည့်ပြီးနောက် သူ၏ဓားရှည်ကြီးဖြင့် ကျောက်ယာကို တန်ပြန်တိုက်ခိုက်သည်။ ကျောက်ယာ၏မျက်နှာ ဖြူဖျော့သွားရပြီး ဓားဖြင့် အလျင်စလို ခုခံလိုက်ရသည်။
ကမာစစ်သူကြီး၏ဓားနှင့် သူမ၏ဓားတို့ ထိခတ်ပြီးနောက်တွင် ကျောက်ယာသည် စာလုံးရစ်ပတ်သိုင်းကို ထပ်မံအသုံးပြုပြီး ခန္ဓာကိုယ်၏အဓိကအစိတ်အပိုင်းများဖြစ်သည့် ရင်ဘတ်ကဲ့သို့သော နေရာများကို ဓားဖြင့် ထိုးစိုက်တိုက်ခိုက်သည်။
ထိုနေရာများသည် လူသားများအတွက်တော့ အသက်အန္တရာယ်ခြိမ်းခြောက်နိုင်သည့်နေရာများဖြစ်သော်ငြား ကမာစစ်သူကြီးအတွက်မူ အသားယားရုံမျှသာ သက်ရောက်မှုရှိလေသည်။
ကျေောက်ယာသည်လည်း ခြေကုန်လက်ပန်းကျလာပြီး ချွေးစေးပြန်လာလေပြီ။ ဤကမာစစ်သူကြီးကို သူမ အနိုင်မတိုက်နိုင်ပေ။
ကျောက်ယာသည် စိုးရိမ်ပူပန်မှုကြောင့် စိတ်မတည်မငြိမ်ဖြစ်လာပြီး သိုင်းကွက်ထုတ်နေစဉ် အမှားတစ်ခုပြုလုပ်လိုက်မိလေသည်။ ကမာစစ်သူကြီးသည် ထိုအခွင့်အရေးကို အသုံးချပြီး ကျောက်ယာကို သူ၏ဓားရှည်ကြီးဖြင့် ရက်စက်ကြမ်းကြုတ်စွာ ခုတ်ပိုင်းတိုက်ခိုက်သည်။
ကျောက်ယာ၏ဓားမှာ လွင့်ထွက်သွားရ၏။ ကမာစစ်သူကြီးသည် ကျောက်ယာကို ညှာတာခြင်းမရှိ အဆက်မပြတ် ခုတ်ပိုင်းတိုက်ခိုက်သည်။ ထိုအခါ အားသာ့၊ အားအာ့နှင့် အားစန်းတို့သုံးဦးစလုံးမှ ထိတ်လန့်တကြား အော်ဟစ်ကြ၏။
“ခရိုင်မင်းသမီး”
ကျောက်ယာသည်လည်း ထိတ်လန့်နေခဲ့သည်။ သူ့လက်ထဲတွင် ဓားမရှိတော့သဖြင့် သူမမှာ ခုခံနိုင်စွမ်းကင်းမဲ့နေလေသည်။
ကမာစစ်သူကြီးသည် ကျောက်ယာကို ဦးတည်၍ ဓားဖြင့်ခုတ်ပိုင်းသည်။ ကမာစစ်သူကြီး၏ ဓားကြီးသည် သိပ်ပြီး မထက်ရှသော်ငြား အလွန်အင်းအာပြင်းထန်သည်။ ဤတစ်ချက်သာ ထိမှန်သွားပါက သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်ရှိသည့် ကျောက်ယာသည်လည်း ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။
သို့ဖြင့် ဘဝတစ်ခုသည် အဆုံးသတ်သွားတော့မည်ဟု ကျောက်ယာတွေးလိုက်သည်။
သို့သော် ကမာစစ်သူကြီး၏ ဓားရှည်သည် ကျောက်ယာ၏ခန္ဓာကိုယ်နှင့် တစ်ပေခန့်အကွာအဝေးတွင် ရှေ့ဆက်မတိုးနိုင်ဘဲ ရပ်တန့်နေလေသည်။
ကျောက်ယာကို ရွှေရောင်အလင်းတစ်လွှာမှ လွှမ်းခြုံထား၏။ ထိုမြင်ကွင်းကို ချန်ကျဲ့ မြင်ဖူးသည်။ တံလျှပ်၏အစာရေမျိုတွင် ကျောက်ယာအသုံးပြုခဲ့သည် မှော်အကူပစ္စည်းပင်။
ယခုတွင်လည်း ကျောက်စိမ်းဆွဲပြားလေးသည် သူမ၏ခန္ဓာကိုယ်ထက်တွင် မျောလွင့်နေကာ ရွှေရောင်ဗုဒ္ဓအလင်းသည် သူမကို လွှမ်းခြုံထားသည်။
ထိုကျောက်စိမ်းဆွဲပြားကို ချန်ကျဲ့ အတော်လေး အံ့ဩချီးမွမ်းမိလေသည်။ အထက်တန်းလွှာအဖြစ် မွေးဖွားလာသူဖြစ်သည့်အလျောက် ဤသို့မှော်အကူပစ္စည်းကိုလည်း ပိုင်ဆိုင်နိုင်လေသည်။ ချန်ကျဲ့ အားကျမိ၏။
ကျောက်ယာ နောက်သို့တစ်လှမ်းဆုတ်လိုက်သည်။ ဗုဒ္ဓပုံရိပ်သည် သူမ၏အထက် တစ်ပေခန့်အကွာတွင် ရုပ်အသွင်ဖြစ်တည်နေကာ သူ၏တည်ရှိမှုအတွင်း သူမကို လွှမ်းခြုံထားခဲ့သည်။
ကမာစစ်သူကြီးသည် ခံစားချက်အမူအရာကင်းမဲ့နေဆဲဖြင့် သူ၏ဓားရှည်ကြီးကို နောက်ပြန်ဆွဲလိုက်ပြီးနောက် ကျောက်ယာကို နောက်တစ်ကြိမ် ဦးတည်ခုတ်ပိုင်းပြန်သည်။
ဘုန်းခနဲအသံကျယ်ကြီးထွက်ပေါ်လာသော်ငြား ဓားသည် ဗုဒ္ဓပုံရိပ်ယောင်ဖြင့်သာ ထိခတ်သွားပြီး ရပ်တန့်သွားခဲ့ပြန်သည်။
ကမာစစ်သူကြီး ဒေါသပေါက်ကွဲတော့သည်။ သို့ဖြင့် ကျောက်ယာကို အရှိန်အဟုန်ပြင်းစွာ ထပ်မံတိုက်ခိုက်တော့သည်။
ဗုဒ္ဓပုံရိပ်သည် ကျောက်ယာကို ကာကွယ်ထားမြဲဖြစ်သည်။ သို့သော် ကျောက်ယာ၏မျက်နှာမှာ တဖြည်းဖြည်း ပို၍ ဖြူဖျော့လာနေ၏။ သူမတွင် ရွေးချယ်စရာမရှိပေ။ မှော်အကူပစ္စည်းကို အသုံးပြုခြင်းသည် ချီစွမ်းအင်ကုန်ခမ်းစေ၏။ ၎င်းချီစွမ်းအင်ကုန်ခမ်းမှုသည် အလွန်းများပြားသည်။
ထို့နောက် ကျောက်ယာသည် ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ယူကာ အထဲမှ ထိုက်ဆွေ့ဆေးတစ်လုံးကို ထုတ်ယူသောက်သုံးလိုက်ပြီး လျော့နည်းသွားသည့် ချီစွမ်းအင်အတွက် ပြန်လည်အားဖြည့်သည်။
ကမာစစ်သူကြီးသည် ကျောက်ယာကို အဆက်မပြတ်တိုက်ခိုက်နေသောကြောင့် သူမ၏ချီစွမ်းအင်ကို လျင်မြန်သည့်အရှိန်နှုန်းဖြင့် ကုန်ခမ်းနေစေသည်။ ထိုအခါ အားသာ့၊ အားအာ့နှင့် အားစန်းတို့သည် ကျောက်ယာကို ကယ်တင်ရန်အတွက် အပြေးသွားကြသည်။
သို့သော် အခြားကမာစစ်သားများသည်လည်း တိုက်ခိုက်မှုပြင်းထန်ကြမ်းတမ်းလာသောကြောင့် သူတို့သည် ကျောက်ယာဆီသို့ အလွယ်တကူ မရောက်နိုင်ပေ။ တိုက်ပွဲသည် ပို၍ပြင်းထန်ကြမ်းကြုတ်လာ၏။
ဆေးဘုရင်ရတနာသိုက်က ပုံမှန်အားဖြင့် နဂါးအဆင့်ကျင့်ကြံသူနဲ့မှ ဖွင့်တယ်လို့ပြောကြတာ မထူးဆန်းတော့ပါဘူး။ သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်တွေအတွက် ဒီနေရာက အရမ်းအန္တရာယ်များလွန်းတယ်။
ချန်ကျဲ့သည်လည်း ကမာစစ်သားများ၏ ဝန်းရံခံထားရသည်။
သူတို့၏ကံကြမ္မာမှာ ဤကမာစစ်သားများ၏လက်ထဲတွင် အဆုံးသတ်ရတော့မည်ဟု ထင်မှတ်ရသည့်တိုင် ချန်ကျဲ့သည် ယခင်ထက် ပို၍ တည်ငြိမ်လာခဲ့သည်။
ဒီလောကကြီးမှာ လုံးဝ မျှော်လင့်ချက်ကင်းမဲ့တဲ့အခြေအနေဆိုတာ တကယ်မရှိဘူး။ ပြီးတော့ စနစ်က သဲလွန်စပေးထားတယ်။ ဒီနေရာက အဖြေရှာဖို့လိုအပ်တဲ့ ပဟေဠိပုစ္ဆာတစ်ခုပဲ။
ချန်ကျဲ့ စနစ်၏သတင်းအချက်အလက်တွင် ပါဝင်သည့် သဲလွန်စများကို ပြန်စဉ်းစားကြည့်သည်။
စနစ်၏ နံပါတ်တစ်အချက်တွင် ဆေးလုံးသည် သာမန်ချီသွေးဆေးလုံးထက် အဆပေါင်းများစွာ ပိုအစွမ်းထက်သည့် သိဒ္ဓိစွမ်းအင်လုံးဖွဲ့စည်းခြင်းဆေးလုံးဖြစ်ကြောင်း ပြောခဲ့သည်။ ဆေးသောက်ပြီးနောက်တွင်လည်း ၎င်း၏အာနိသင်သည် သိသာထင်ရှား၏။ သိဒ္ဓိစွမ်းအင်လုံးဖြစ်တည်ခြင်းအဆင့်သို့ ချက်ချင်းတက်လှမ်းသွားခဲ့ပြီး ကမာစစ်သားများ၏ ဝိုင်းဝန်းတိုက်ခိုက်ခံရသည့်တိုင် အထိအခိုက်မရှိ ထိန်းထားနိုင်ခဲ့သည်။