← Chapters

အခန်း ၁

Vol. 1 Ch. 1

အခန်း ၁

Vol. 1 Ch. 1

အခန်း - (၁) နိဒါန်း

လုကျန်းရှန်းသည် အလွန်တရာ ရှည်လျားလှသော အိပ်မက်မက်နေခဲ့သည်။ ထိုအိပ်မက်ထဲတွင် စပါးခင်းများ၊ တလက်လက်ထနေသော ဓားရောင်များ၊ အင်မော်တယ်ဂိုဏ်းတစ်ဂိုဏ်း၊ မိန်းမတစ်ဦးနှင့် ဧရာမရေကန်ကြီးတစ်ကန်ကို မြင်တွေ့ခဲ့ရသည်။

"အထွဋ်အထိပ် ယင်ချီအသက်ရှူနည်းကျမ်းနဲ့ လရောင်လျှို့ဝှက်အမိန့်တော်ကို ထုတ်ပေစမ်း။ ဒါဆိုရင် ရှင့်ရဲ့ကျင့်စဉ်အဆင့်ကို ဖျက်ဆီးရုံပဲလုပ်မယ်။"

သာယာသော်လည်း အေးစက်လှသော အမျိုးသမီးတစ်ဦး၏အသံက လုကျန်းရှန်း၏ နားထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။ သူသည် မြူခိုးများကြားမှ မျက်နှာကို သဲကွဲစွာမြင်ရနိုင်ရန် အတင်းကြိုးစားကြည့်သော်လည်း ထိုမျက်နှာသွင်ပြင်က ဝေဝါးနေပြီး ထင်ထင်ရှားရှား မရှိခဲ့ပေ။

xxxxxxxxxx

ဝုန်း!

ကြမ်းတမ်းလှသော တုန်ခါမှုကြောင့် လုကျန်းရှန်း လန့်နိုးလာခဲ့သည်။

သူ၏စိတ်ထဲတွင် အလင်းရောင်များနှင့် ထူးဆန်းသော အရောင်အသွေးများ ရောထွေးလည်ပတ်နေသည်။ သူသည် မျက်စိဖွင့်ပြီး ထရန်ကြိုးစားလိုက်သော်လည်း မမြင်ရသော အင်အားတစ်ခုက သူ့ကို ခုတင်ပေါ်တွင် ချည်နှောင်ထားသကဲ့သို့ ခန္ဓာကိုယ်က သူ၏အမိန့်ကို မနာခံခဲ့ပေ။

ရုတ်တရက် သူ၏ရှေ့ရှိ ထူထပ်သော အမှောင်ထုကို ခွဲထွက်ကာ တောက်ပသော အဖြူရောင် အလင်းတန်းတစ်တန်း ထိုးဖောက်ဝင်ရောက်လာခဲ့သည်။ အမှောင်ထုက ဒီရေလှိုင်းများကဲ့သို့ ရိုက်ခတ်နေသော်လည်း ထိုအလင်းတန်းကြီးကမူ နေမင်းကြီးပမာ ကြံ့ကြံ့ခံလျှက် မယိမ်းမယိုင် ရပ်တည်နေလေသည်။

၎င်းအလင်းတိုင်ထဲမှ ရွှေရောင် မှော်သင်္ကေတစာလုံးများ ပေါက်ကွဲထွက်လာပြီး အမှောင်ထုထဲသို့ ဆန့်ထွက်သွားကာ ကောင်းကင်ယံတွင် ကြယ်တာရာများ ကြွေကျသကဲ့သို့ ပြန့်ကျဲသွားလေတော့သည်။

“လှလိုက်တာ”

လုကျန်းရှန်းက မိန်းမောတွေဝေစွာဖြင့် စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

မှော်သင်္ကေတစာလုံးများ ပိုမိုထွက်ပေါ်လာပြီး အထွဋ်အထိပ်သို့ ရောက်ရှိသွားချိန်တွင် ဖန်ကွဲသံကဲ့သို့သော အသံတစ်ခု လုကျန်းရှန်း၏ နားထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။

ထို့နောက် လောကကြီးတစ်ခုလုံး အလင်းရောင်များဖြင့် လင်းထိန်သွားတော့သည်။

လုကျန်းရှန်းသည် ပင်လယ်ပြင်ကဲ့သို့ ပြာလဲ့နေသော ကောင်းကင်ကြီး၊ ကျယ်ပြောလှသော ရှေးဟောင်းတောအုပ်ကြီးနှင့် အနီးအနားရှိ လခြမ်းပုံစံ ရေကန်ငယ်လေးတစ်ခုကို မြင်လိုက်ရသည်။ တလက်လက်တောက်ပနေသော ရေပြင်ပေါ်သို့ အဖြူရောင်အလင်းတန်းတစ်ခု ကျဆင်းသွားခဲ့သည်။

အောက်ဘက်တွင်မူ သက်ကယ်မိုး တဲအိမ်များနှင့် စပါးခင်းများက ဟိုတစဒီတစ ပြန့်ကျဲနေကြသည်။

သူသည် အပြင်းအထန် လှည့်ပတ်ဝေ့ဝဲနေသော မြင်ကွင်းများကြားတွင် အညိုရောင် ရွာငယ်လေးများနှင့် လွင့်တက်နေသော မီးခိုးငွေ့များကို ကျော်လွန်လျှက် ပေါ့ပါးသော ပျံလွှားငှက်တစ်ကောင်ကဲ့သို့ မျောလွင့်နေကာ အောက်ဘက်ရှိ ကြည်လင်သော စမ်းချောင်းလေးပေါ်သို့ ပွတ်တိုက်ပျံသန်းသွားခဲ့သည်။

စမ်းချောင်းထဲတွင် ရောင်ပြန်ဟပ်နေသော သူ၏ပုံရိပ်ကို ဖျတ်ကနဲ မြင်တွေ့လိုက်ရသည်။

“ကြည့်ရတာ ဝိုင်းဝိုင်းနဲ့ တောက်တောက်ပပ အရာတစ်ခုနဲ့ တူတယ်…”

သူ ဝေခွဲမရစွာ တွေးလိုက်မိသည်။

ထို့နောက် ဝေဝါးသော အသိတစ်ခု ပေါ်ထွက်လာခဲ့သည်…။

“ငါ လူသားတစ်ယောက် မဟုတ်တော့တာများလား”

ရုတ်တရက် အပြင်းအထန် တုန်ခါလာခဲ့ပြန်သည်။ လုကျန်းရှန်း ရေထဲသို့ ထိုးဆင်းသွားခဲ့၏။ စမ်းချောင်းသည် ပြုတ်ကျလာသည့်အရှိန်ကို ထိန်းပေးနိုင်လောက်အောင် မနက်ရှိုင်းလှသဖြင့် အောက်ခြေရှိ အပြာရောင် ကျောက်တုံးတစ်တုံးနှင့် ဝင်တိုက်မိသွားတော့သည်။

ထိုတိုက်မိသွားသောအရှိန်ကြောင့် သူ၏ ရင်ဘတ်ကို အထိုးခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး အဆုတ်ထဲမှ လေများပင် ထွက်သွားစေခဲ့သည်။ စမ်းချောင်း၏ လှိုင်းပုတ်ခတ်မှုနှင့် ရိုက်ခတ်မှုအရှိန်တို့ကြောင့် သူ၏ခန္ဓာကိုယ်သည် တဖြည်းဖြည်းနှင့် နေရောင်ဖြာကျနေသော ရေပြင်ကို မျက်နှာမူသွားခဲ့တော့သည်။

"ငါ ငှားနေတဲ့အခန်းထဲမှာ အလုပ်တွေပြန်ပြင်ရင်း တစ်ညလုံး မအိပ်ဘဲနေခဲ့တာ မဟုတ်ဘူးလား"

လုကျန်းရှန်းသည် မြစ်ရေပြင်ပေါ်တွင် ဖြာကျနေသော နေရောင်ခြည်ကို ငေးကြည့်ရင်း တိတ်ဆိတ်နေမိသည်။ သူသည် ရေပြင်အောက်ရှိ ဂယက်ထနေသော လှိုင်းလုံးများက အလင်းရောင်များကို ပုံစံအမျိုးမျိုးဖြစ်သွားစေရန် လိမ်ယှက်နေသည်ကို စောင့်ကြည့်နေခဲ့သည်။

သူ၏ အတိတ်အပိုင်းအစများကို ပြန်လည်သတိရလာချိန်တွင် ခေါင်းက အဆက်မပြတ် ကိုက်ခဲလာခဲ့သည်။ သူမှတ်မိသမျှသည် သူငှားရမ်းထားသော အခန်းထဲရှိ နီယွန်မီးရောင်များနှင့် ဆေးလိပ်ငွေ့များ ဝန်းရံကာ ခုတင်ပေါ်သို့ အားပျော့စွာ လဲကျသွားခြင်းသာဖြစ်သည်။

ထို့ပြင် ဘီယာတစ်ဘူးကို ဖွင့်ကာ မှိန်ပျပျ ကွန်ပျူတာစားပွဲတွင် ထိုင်နေရင်း သူ၏ နှလုံးခုန်သံများ မြန်လာပြီး လောကကြီး လည်ပတ်လာသည်နှင့်အမျှ အသက်ရှူရ ပိုမိုခက်ခဲလာသည်ကိုလည်း သူ မှတ်မိနေခဲ့သည်။

“ငါ... သေသွားတာများလား။ အင်း၊ ဒါလည်း မဆိုးပါဘူးလေ။ အနည်းဆုံးတော့ အနာဂတ်အတွက် စိတ်ပူစရာမလိုတော့သလို ဘဝရဲ့ ဝန်ထုပ်ဝန်ပိုးတွေလည်း မရှိတော့ဘူးပေါ့။”

ကာလကြာရှည်စွာ ဖိနှိပ်ထားခဲ့ရသော ခံစားချက်များမှ မြစ်ဖျားခံလာဟန်ရှိသော ဤအတွေးက သူ၏ စိတ်ထဲတွင် ပေါ်ထွက်လာခဲ့သည်။ အံ့သြသင့်စရာကောင်းစွာပင် ထိုအတွေးက သူ၏စိတ်ကို ပေါ့ပါးသွားစေခဲ့သည်။

ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သောအခါ တွဲလောင်းကျနေသော အမြစ်များရှိသည့် အစိမ်းရင့်ရောင် သစ်ပင်ဖျားများနှင့် အထက်တွင် လျှင်မြန်စွာ ကူးခတ်သွားလာနေသော ငါးများကို သူမြင်တွေ့လိုက်ရသည်။ ထို့ပြင် တိုးညင်းသော ရေပွက်သံများကိုလည်း သူကြားနေရသည်။

"ဒါပေမယ့် ဒီတိုင်းကြီး ဆက်သွားနေရင်တော့ ပျင်းလွန်းလို့ ငါ ရူးသွားရချည်ရဲ့"

သူက သက်ပြင်းချကာ ဆက်တွေးလိုက်မိသည်။

တဖြည်းဖြည်းနှင့် နေဝင်သွားကာ ကောင်းကင်ယံကို နွေးထွေးသော ပန်းရောင်နှင့် လိမ္မော်ရောင်များ ခြယ်သသွားပြီး သစ်ပင်ဖျားများအောက်ရှိ ရေပြင် မည်းမှောင်သွားသည်ကို သူစောင့်ကြည့်နေခဲ့သည်။

ငါးနှစ်ကောင်က သူ့ကို စူးစမ်းလိုစိတ်ဖြင့် လှည့်ပတ်ကူးခတ်နေကြပြီး ဂဏန်းတစ်ကောင်က သူ့ကို တဖက်လှန်ရန်ပင် ကြိုးစားနေသေးသည်။

လမင်းကြီး ထွက်ပေါ်လာသောအခါ တောက်ပသော လရောင်က မြစ်ရေပြင်ကို ညင်သာစွာ လွှမ်းခြုံသွားတော့သည်။ လုကျန်းရှန်းသည် ရေပြင်ကို ထိုးဖောက်ဝင်ရောက်လာသော အေးမြသည့် ချီစီးကြောင်းတစ်ခုကို ခံစားလိုက်ရပြီး ၎င်းက သူ့ထံ သိမ်မွေ့ကာ သက်တောင့်သက်သာရှိမှုကို ယူဆောင်လာပေးသည်။

သူစောင့်ကြည့်နေရင်း လရောင်က သူ၏ခန္ဓာကိုယ်ကို ရစ်ပတ်ကာ စွဲမက်ဖွယ်ကောင်းသော အဖြူရောင် အလင်းဝန်းတစ်ခု ဖြစ်ပေါ်လာသည်ကို မြင်လိုက်ရသောအခါ အံ့သြမှင်တက်ကာ စကားပင် မဟနိုင်တော့ပေ။ ဤအတွေ့အကြုံက သူ၏ စိတ်အခြေအနေကို မထင်မှတ်စရာကောင်းစွာပင် နက်နဲစွာ ပြောင်းလဲသွားစေခဲ့သည်။

"ဒါက ဘာကြီးလဲ။ ငါက ဒဏ္ဍာရီတွေထဲက အင်မော်တယ်တွေလို နေနဲ့လရဲ့ အနှစ်သာရတွေကို စုပ်ယူနေတာလား။ နေဦး။ ဒါဆိုရင် အင်မော်တယ်တွေ၊ နတ်ဘုရားစွမ်းအင်တွေ၊ နတ်ဆိုးတွေ၊ တစ္ဆေတွေနဲ့ နတ်ဘုရားတွေက တကယ်ရှိနေတာပေါ့"

သူအံ့သြတကြီး တွေးလိုက်မိသည်။

"ငါ ဘာဖြစ်သွားတာလဲ။ မှော်လက်နက်ဝိညာဉ် ဖြစ်သွားတာလား”

လရောင်၏ အလင်းဝန်းက အားကောင်းလာခဲ့ပြီး သူ၏အပေါ်သို့ ကျဆင်းလာသည်နှင့်အမျှ သူ၏ သိချင်စိတ်နှင့် စိတ်လှုပ်ရှားမှုတို့က သူ့စိတ်ထဲတွင် ဆူပွက်လာခဲ့သည်။

အေးမြသော ခံစားမှုတစ်ခုက သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားပြီးနောက် သူသည် အိပ်တဝက်၊ နိုးတဝက် အခြေအနေနှင့်ဆင်တူသော တရားထိုင်ခြင်းအနေအထားဆီသို့ ချဉ်းနင်းဝင်ရောက်သွားလေတော့သည်။

အချိန်များ ကုန်လွန်သွား၏။ ချီစီးဆင်းမှု ပါးလျသွားချိန်တွင် လုကျန်းရှန်း နိုးထလာခဲ့သည်။ လခြမ်းကွေးလေးသည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး ၎င်းနေရာတွင် သစ်ပင်ဖျားများထက်မှ ခေါင်းပြူထွက်လာသော နေမင်းကြီးက နေရာယူကာ မြစ်ပြင်တစ်ခွင်သို့ နွေးထွေးသော နံနက်ခင်းအလင်းရောင်ကို ဖြာကျပေးနေခဲ့သည်။

"မြန်လှချည်လား"

လုကျန်းရှန်းသည် ဝမ်းသာကြည်နူးမှုကို မခံစားရဘဲ မနေနိုင်တော့ပေ။ သူ အာရုံစူးစိုက်လိုက်သောအခါ သူ၏ ခန္ဓာကိုယ်အတွင်း ငြိမ်သက်စွာ စီးဆင်းနေသော ချီစီးကြောင်းတစ်ခုကို ခံစားလိုက်မိသည်။ ထိုချီစီးကြောင်းသည် သူ၏ အစွန်းပတ်ပတ်လည်တွင် စက်ဝိုင်းပုံစံ လှည့်ပတ်နေခဲ့သည်။

အကယ်၍ သူသာ သေချာ အာရုံစိုက်လိုက်မည်ဆိုပါက မြစ်ကြမ်းပြင်ရှိ အရောင်အသွေးစုံလင်သော ကျောက်တုံးများကြားတွင် ငြိမ်သက်စွာ လဲလျောင်းနေသော ညိုပြာရောင် ကြေးမုံတစ်ချပ်၏ပုံရိပ်ကို မြင်တွေ့နိုင်မည် ဖြစ်ပေသည်။

ငါးများက အနီးအနားတွင် ကူးခတ်ကာ အောက်ခြေတွင် အစာရှာနေကြပြီး မြစ်ဂဏန်းတစ်ကောင်က ဘေးဘက်တွင် တွင်းတူးကာ အလုပ်ရှုပ်နေသည်။ သူ၏ အမြင်အာရုံသည် ပတ်ပတ်လည် တစ်မီတာခန့်သာ ရောက်နိုင်ပေသည်။ ပုံရိပ်များသည် ကြည်လင်ခြင်းမရှိဘဲ သူ ငယ်စဉ်က ကြည့်ခဲ့ဖူးသော ဖန်သားပြင်ထူထူနှင့် ရုပ်ထွက်ဝါးသော ရုပ်မြင်သံကြားစက်ဟောင်းတစ်လုံးနှင့် ပိုတူနေလေသည်။

"ဒါက ငါ့ရဲ့ လက်ရှိ ပုံပန်းသဏ္ဍာန်ပေါ့လေ၊ ဟုတ်တယ်မလား"

လုကျန်းရှန်းက ခါးသီးစွာ ပြုံးလိုက်မိသည်။

ထို့နောက် သူက ချီစီးဆင်းမှုကို ရပ်တန့်လိုက်ပြီး ကြေးမုံ၏ အလယ်ဗဟိုဆီသို့ စုစည်းလိုက်သောအခါ ကြေးမုံထံမှ မှိန်ပျပျ အလင်းရောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။

"ကြည့်ရတာ လင်းလာတာကလွဲပြီး တခြား ဘာမှလုပ်လို့မရဘူး ထင်ပါတယ်။ ငါ လရောင်ကို ပိုပြီး စုပ်ယူရမယ်။ ဒါဆိုရင် တစ်ခုခု ပြောင်းလဲသွားနိုင်တယ်"

သူတွေးလိုက်သည်။

"ဒီကြေးမုံကို ဘာနဲ့လုပ်ထားလဲ မသိဘူး။ ပြီးတော့ အပြင်လောကက အသိဉာဏ်ရှိတဲ့ မှော်လက်နက်တွေအပေါ် ဘယ်လိုသဘောထားလဲဆိုတာလည်း ငါ နားမလည်ဘူး။ ငါ့ကို နှစ်ခါပြန်မတွေးဘဲ ဖျက်ဆီးပစ်နိုင်တဲ့ အင်မော်တယ် ကျင့်ကြံသူတစ်ယောက်ယောက်နဲ့ မတွေ့ခင် ပုန်းနေတာ အကောင်းဆုံးပဲ။"

(မြစ်ပြင်အောက်ကကြေးမုံဆိုတဲ့ ပထမအတွဲရဲ့ နိဒါန်းဖြစ်ပါတယ်။)

All Chapters