အခန်း ၂
Vol. 1 Ch. 2
အခန်း - (၂) လီမိသားစု
လီမုထျန်းသည် မိုးမလင်းတလင်းအချိန်တွင် နိုးလာခဲ့ပြီး သူ၏အကြည့်များက အိမ်၏ ပျက်စီးယိုယွင်းနေသော ခေါင်မိုးပေါ်သို့ ကျရောက်နေခဲ့သည်။ အမှောင်ထုများကြားမှ ဖြာကျနေသော မှိန်ပျပျ အလင်းတန်းလေးသည် လွန်ခဲ့သော ရက်အနည်းငယ်က ဖြစ်ပေါ်လာခဲ့သည့် အပေါက်ငယ်လေးကို သတိပေးနေခဲ့သည်။
ထိုအပေါက်ကို ပြုပြင်ရန် အချိန်မရခဲ့သဖြင့် သုံးညတိုင်တိုင် ကောင်းကောင်းအိပ်မပျော်ဘဲ ရှိနေခဲ့ရသည်။ သူ၏ဘေးတွင်မူ ဇနီးဖြစ်သူက နှစ်ခြိုက်စွာ အိပ်ပျော်နေသဖြင့် လီမုထျန်းသည် သက်ပြင်းတစ်ချက်ကို လေးလံစွာ ချလိုက်မိသည်။
"သူ(မ)ကတော့ ဘာတွေဖြစ်နေမှန်း သိရှာမှာမဟုတ်ဘူး။ ဒါပေမယ့် ဒီရက်ပိုင်း အခြေအနေတွေက တကယ့်ကို ကမောက်ကမနိုင်လွန်းတယ်။ တလီတောင်ပတ်ပတ်လည်မှာ အင်မော်တယ်တွေဟာ ရတနာလိုက်ရှာနေကြသလိုမျိုး တောင်တစ်ခွင်လုံးကို ဗြောင်းဆန်အောင် မွှေနှောက်ရင်း သောင်းကျန်းနေကြတာ။ လူတိုင်းလည်း ကြောက်လန့်နေကြရတယ်။ သူတို့လုပ်နိုင်တာဆိုလို့ အလင်းတန်းတွေ ဖြတ်ပျံသွားတိုင်း ဒူးထောက်ပြီး ဦးခိုက်နေရုံပဲ..."
လီမုထျန်းသည် စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေခဲ့ကာ မျက်မှောင်ကြုတ်လိုက်မိသည်။ တလီတောင်ခြေရှိ သူတို့၏ ရွာငယ်လေးသည် အမြဲတစေ ငြိမ်းချမ်းခဲ့သော်လည်း မကြာသေးမီက ဖြစ်ပွားခဲ့သော အဖြစ်အပျက်များက လူတိုင်းကို ကြောက်ရွံ့သွားစေခဲ့သည်။
"တောင်တက်လမ်းတွေကလည်း ကျဉ်းမြောင်းပြီး လူသွားလူလာ ပြတ်လပ်တယ်။ တော်ဝင်နန်းတော်ကလည်း အရမ်းအဝေးကြီးမှာ ရှိတာဆိုတော့ ဂရုစိုက်မနေဘူး။ အရင်ကတော့ အဲလိုဂရုမစိုက်တာကလည်း ခပ်ကောင်းကောင်းပါပဲ။ ဒါပေမယ့်... အင်မော်တယ်တွေကြားက တိုက်ပွဲတဲ့လား။ သူတို့ရဲ့ မှော်အတတ်တွေက လီကျင်းရွာ တစ်ရွာလုံးကို လူတစ်ယောက်မှမကျန်အောင် လွယ်လွယ်ကူကူပဲ မျိုးတုံးသတ်ဖြတ်ပစ်နိုင်တယ်။"
လီမုထျန်းသည် ဆက်လက်၍ အိပ်၍မရတော့သည်ဖြစ်ရာ ထိုင်ရာမှထကာ ပြတင်းပေါက်မှတစ်ဆင့် ညအမှောင်ထဲသို့ ငေးကြည့်လိုက်သည်။
"ငါ့ကလေးတွေရဲ့ စားနိုင်စွမ်းကလည်း တစ်ရက်ထက်တစ်ရက် ပိုကြီးလာကြတယ်။ တစ်နပ်ထက်တစ်နပ် ပိုစားလာကြတယ်။ မနက်ဖြန်ကျရင် မေချယ်မြစ်ထဲမှာ ငါးနဲ့ဂဏန်းတွေ သွားဖမ်းရမယ်။"
"ဘယ်သူမှ ကံကြမ္မာကို မလွန်ဆန်နိုင်ပါဘူး။ အင်မော်တယ်တစ်ယောက်ရဲ့ လက်ချက်နဲ့ အသတ်ခံရမယ်ဆိုရင်လည်း ကံကြမ္မာပဲပေါ့။ လီမိသားစုဟာ ဒီလိုမျိုး အသီးအနှံမဖြစ်ထွန်းတဲ့ မြေရိုင်းတွေပေါ်မှာ ရုန်းကန်လာခဲ့တာ နှစ်ပေါင်းနှစ်ရာကျော်ပြီ။ ငါတို့ ဒီအတိုင်းကြီး ပစ်ထားခဲ့ပြီး ထွက်မသွားနိုင်ဘူး။"
လီမုထျန်းသည် ခေါင်းကို ခါယမ်းလိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ အိမ်ထဲမှ ထွက်လာခဲ့လေသည်။
အိမ်အပြင်ဘက်တွင်မူ ခွေးညိုကြီးက အိပ်ပျော်နေဆဲပင်ဖြစ်သည်။ လီမုထျန်းသည် နံနက်ခင်း၏ ညင်သာသော မြူခိုးများကြားတွင် လျှောက်လှမ်းရင်း ကြက်တွန်သံများ၊ ခွေးဟောင်သံများနှင့် အိမ်များမှ ထွက်ပေါ်လာသော မီးခိုးငွေ့များနှင့်အတူ လီကျင်းရွာလေး နိုးထလာသည်ကို စောင့်ကြည့်နေမိသည်။
"ရှန်းဖျင်!"
လီမုထျန်းသည် ဘေးအိမ်ဘက်သို့ ကျယ်လောင်စွာ လှမ်းခေါ်လိုက်သည်။ အထဲမှ လှုပ်လှုပ်ရှားရှား အသံအချို့ ကြားလိုက်ရပြီးနောက် တံခါးပွင့်လာကာ လူငယ်လေးတစ်ဦး ခုန်ထွက်လာခဲ့သည်။
"အဖေ!"
ကြည့်ကောင်းသော ရုပ်ရည်ရှိပြီး ဉာဏ်များသော မျက်ဝန်းပိုင်ရှင် လူငယ်လေး လီရှန်းဖျင်သည် ခေါင်းကို စောင်းငဲ့လျှက် လီမုထျန်းကို မော့ကြည့်ကာ မေးလိုက်သည်။
"ဒီနေ့ ကျွန်တော်တို့ ဘာလုပ်ကြမလဲ?"
လီမုထျန်းက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
"ငါတို့ မေချယ်မြစ်ကိုသွားပြီး မြစ်ငါးနဲ့ ဂဏန်းတွေ ဖမ်းကြမယ်။ ဒီနေ့ အလုပ်သိပ်မရှိဘူး။ မင်းအမေအတွက် လတ်လတ်ဆတ်ဆတ် ဟင်းစားလေးတွေ အိမ်ကိုယူလာပေးရအောင်"
"ဟုတ်ကဲ့ အဖေ!"
လီရှန်းဖျင်သည် ကြိုးခြင်းတောင်းတစ်ခုနှင့် ခက်ရင်းရှည်တစ်ခုကို ကောက်ကိုင်ကာ ထွက်ခွာရန် အဆင်သင့်ပြင်လိုက်သည်။
လီမုထျန်းက အားရပါးရ ရယ်မောလိုက်ပြီး လယ်ကွင်းများဆီသို့ ဦးတည်လိုက်လေတော့သည်။
xxxxxxxxxx
မေချယ်မြစ်သည် တိမ်ပြီး ကျယ်ဝန်းကာ မြစ်ကမ်းပါးတစ်လျှောက်တွင် ရွှံ့ညွန်များနှင့် ကျူပင်များစွာ ပေါက်ရောက်နေကြသည်။ ရွာသားများသည် မနက်တိုင်း သူတို့၏ ဒါဇင်နှင့်ချီ၊ တခါတရံ ရာနှင့်ချီသော ငန်းများနှင့် ဘဲများကို အစာကျွေးမည့်အစား မြစ်ကမ်းဘက်သို့ လွတ်လပ်စွာ လှည့်လည်သွားလာနိုင်ရန် လွှတ်ပေးထားလေ့ရှိကြသည်။
ညနေစောင်းသောအခါ ရွာမှ တစ်ယောက်ယောက်က မြစ်ကမ်းနားသို့ သွားပြီး ထိုဘဲများ၊ ငန်းများကို လှမ်းခေါ်လေ့ရှိသည်။ သူတို့၏ ထိန်းကျောင်းသူ၏ အသံကို မှတ်မိသော ငန်းများနှင့် ဘဲများသည် ထိုသူများနောက်သို့ လိုက်ကာ အိမ်ပြန်ကြလေသည်။
လီရှန်းဖျင်သည် ငန်းများနှင့် ဘဲများကို မလွှတ်မီ မေချယ်မြစ်ဆီသို့ ရောက်ရှိလာခဲ့သည်။ မြစ်ပြင်သည် တိတ်ဆိတ်နေပြီး ကမ်းစပ်တွင် ဖောင်ငယ်လေးနှစ်စင်းသာ ယိမ်းထိုးနေသည်။ သူသည် အင်္ကျီလက်ကို ပင့်တင်ကာ ရွှံ့ထဲတွင် ဒူးထောက်လျှက် လက်ဖြင့် စမ်းတဝါးဝါး ရှာဖွေနေရင်း ရေထဲမှ အစိမ်းရောင် ဖျတ်ခနဲလက်သွားသောနေရာဆီသို့ စူးစိုက်ကြည့်လိုက်သည်။
"တကယ့်ကို ကောင်းတဲ့ငါးပဲ"
လီရှန်းဖျင်သည် အသက်ကိုအောင့်ကာ လျှင်မြန်စွာ လှုပ်ရှားလိုက်သည်။ ထို့နောက် ကျွမ်းကျင်စွာဖြင့် အမြီးစိမ်းငါးကို ပါးဟက်မှ ဖမ်းကိုင်ကာ ဆွဲတင်လိုက်လေသည်။
"ဟဲဟဲ"
သူက တဟဲဟဲရယ်လိုက်ရင်း ငါးကို ကြိုးခြင်းတောင်းထဲသို့ ပစ်ထည့်လိုက်သည်။ မေချယ်မြစ်ထဲရှိ ငါးများသည် ပုံမှန်အားဖြင့် ဤမျှလောက် ဖမ်းရမလွယ်ကူတတ်ပေ။ ဤအမြီးစိမ်းငါးသည် ရေစုန်အတိုင်း သတိမမူဘဲ ကူးခတ်လာခြင်း ဖြစ်ရမည်ဖြစ်ပြီး လီရှန်းဖျင်က ကံကောင်းကာ ၎င်းကို ဖမ်းမိသွားခဲ့ခြင်းဖြစ်သည်။
လီရှန်းဖျင်သည် မြစ်ကြမ်းပြင်ကို လှမ်းကြည့်လိုက်စဉ် ထူးဆန်းသောအရာတစ်ခုကို သတိပြုမိသွားခဲ့သည်။ ရေအောက်ရှိ နေရာတစ်ခုက အလွန်တရာ ချောမွေ့နေပြီး မှိန်ပျပျ ငွေရောင်အလင်း ထင်ဟပ်နေခြင်းပင်။
သူက ထပ်မံအသက်အောင့်ပြီး ပိုမိုအနီးကပ်ကြည့်ရှုနိုင်ရန်အတွက် ရေငုပ်ရန် ပြင်လိုက်စဉ်မှာပင် ကမ်းစပ်မှ ကျယ်လောင်သော အော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"အစ်ကိုရှန်းဖျင်!"
လီရှန်းဖျင်သည် မသိစိတ်အရ သူ၏ခြင်းတောင်းကို ကွယ်ဝှက်လိုက်ပြီး ကမ်းစပ်ဘက်သို့ လှည့်ကြည့်လိုက်ရာ ကျူတောထဲမှ အသက်ဆယ်နှစ်ကျော်ခန့် ရှိ ကောင်လေးတစ်ဦး ထွက်လာသည်ကို တွေ့လိုက်ရသည်။
"ဩော်... ညီလေးယဲ့ကိုး။ မင်း ဘဲလာကျောင်းတာလား"
လီရှန်းဖျင်က စိတ်သက်သာရာရစွာဖြင့် မေးလိုက်သည်။
ထို့နောက် သူက ခြင်းတောင်းကို ပြလိုက်ရင်းပြောသည်။
"ဒီအမြီးစိမ်းငါးကို ကြည့်စမ်း။ ငါ လက်ဗလာနဲ့ ဖမ်းမိတာ။"
"မိုက်လိုက်တာ!"
လီယဲ့ရှန့်က ခြင်းတောင်းထဲသို့ အားကျသော မျက်ဝန်းများဖြင့်ကြည့်ရင်း အံ့သြတကြီး ပြောလိုက်သည်။
လီယဲ့ရှန့်၏ ဖခင်သည် နှစ်ရှည်လများ အိပ်ရာထဲလဲနေခဲ့ပြီး သူ၏ အစ်ကိုဖြစ်သူမှာလည်း အိမ်တွင် ဘာအလုပ်မှမလုပ်ဘဲ အလေလိုက်နေသူဖြစ်သဖြင့် သူတို့သည် ဝမ်းရေးအတွက် အမြဲတစေ ရုန်းကန်နေကြရသည်။ သူတို့သည် ဦးလေးဖြစ်သူ လီမုထျန်းထံမှ အစားအသောက်များဖြင့် မကြာခဏ ဝမ်းဖြည့်ရလေ့ရှိသည်။ သူ၏ ဝမ်းကွဲအစ်ကိုဖြစ်သော လီရှန်းဖျင်သည် သူ့ကို ညီအရင်းတစ်ယောက်ကဲ့သို့ အမြဲတစေ ဆက်ဆံခဲ့သည်။
ခဏတာမျှ စကားပြောပြီးနောက် လီယဲ့ရှန့်က ခေါင်းခါကာ ပြောလိုက်သည်။
"ကဲ... အစ်ကို၊ ကျွန်တော် ဘဲတွေကို သွားကြည့်ရဦးမယ်။ တစ်ကောင်ကောင်လောက် ပျောက်သွားရင်တော့ အစ်ကိုကြီးက ကျွန်တော့်ကို သေအောင်ရိုက်လိမ့်မယ်"
"သွားလေ... သွား"
မြစ်ကြမ်းပြင်ရှိ ဆန်းကြယ်သောအရာကို စူးစမ်းရန် စိတ်စောနေသော လီရှန်းဖျင်က အလောတကြီး ပြန်လွှတ်လိုက်သည်။
"ဟုတ်ကဲ့!"
လီယဲ့ရှန့် ထွက်သွားသည်နှင့် လီရှန်းဖျင်သည် အသက်ကို ပြင်းပြင်းရှူကာ မြစ်ကြမ်းပြင်သို့ ငုပ်ဆင်းလိုက်သည်။ သူ စမ်းတဝါးဝါး ရှာဖွေလိုက်သောအခါ အမှန်ပင် သူ၏လက်ထဲ၌ ခပ်ဝိုင်းဝိုင်းအရာဝတ္ထုတစ်ခုကို ဆုပ်ကိုင်မိလိုက်သည်။
လီရှန်းဖျင်သည် ရေပေါ်သို့ ပြန်တက်လာပြီးနောက် အသက်ကို အမောတကောရှူကာ မျက်နှာကို သုတ်လိုက်ပြီး သူရခဲ့သောအရာကို စစ်ဆေးကြည့်လိုက်သည်။
ထိုအရာသည် လက်ဝါးခန့်ရှိသော အချပ်ပြားတစ်ခုဖြစ်ပြီး အလယ်ဗဟိုတွင် ညိုပြာအရောင်ရှိကာ အနားပတ်လည်ကို သံကွင်းနက်ဖြင့် ကာရံထားသည်။
၎င်းသည် အပိုင်းပိုင်း ကွဲအက်နေခဲ့ပြီး အပြင်ဘောင်ကြောင့်သာ တစုတစည်းတည်း ဖြစ်နေခြင်းဖြစ်သည်။ နောက်ကျောဘက်တွင်မူ လီရှန်းဖျင် နားမလည်နိုင်သော ထူးဆန်းသည့် သင်္ကေတများကို ထွင်းထုထားသည်။
"ဒါက အဒေါ်လေးရဲ့ကြေးမုံနဲ့ နည်းနည်းဆင်တူသားပဲ"
သူတွေးလိုက်မိသည်။ မိသားစုထဲတွင် အကြီးဆုံးလယ်ကွင်းကို ပိုင်ဆိုင်သော သူ၏ ဒေါ်လေးသည် ရွာထဲတွင် ထိုကဲ့သို့သော အသုံးအဆောင်မျိုးကို ဝယ်ယူနိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်သည်။ သာမန် ရွာသူမိန်းကလေးများမှာမူ ရေပြင်ပေါ်ရှိ သူတို့၏ပုံရိပ်ကိုသာ ပြန်ကြည့်ကြရရှာသည်။
ဒေါ်လေးဖြစ်သူ ထိုကြေးမုံကို စတင်ရရှိခဲ့စဉ်က သူ၏မိခင်က သူ့ကို ခေါ်သွားပြခဲ့သည်ကို လီရှန်းဖျင် မှတ်မိနေသေးသည်။ အမှန်ပင် ရေပြင်မှပုံရိပ်ကို ကြည့်ရသည်ထက် များစွာ ပို၍ အဆင်ပြေလှသည်။
သို့သော်လည်း သူ၏လက်ထဲမှအရာသည် ထိုကြေးမုံနှင့် အလှမ်းဝေးလွန်းလှသည်။ ဤအရာကား ဝါးတားတားနှင့် မှုန်မှိုင်းနေသည်။ လီရှန်းဖျင်သည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါယမ်းကာ ၎င်းကို ခြင်းတောင်းထဲသို့ ပစ်ထည့်လိုက်ပြီး ငါးဆက်ဖမ်းရန် လှည့်လိုက်လေတော့သည်။
xxxxxxxxxx
လုကျန်းရှန်းသည် ရေအောက်တွင် နစ်မြုပ်နေခဲ့သည်မှာ လဝက်နီးပါးခန့် ရှိနေပြီဖြစ်သည်။ တတိယမြောက်နေ့မှစတင်၍ လရောင်၏ စွမ်းအင်စီးဆင်းမှုသည် ရပ်တန့်နေခဲ့ပြီး တိုးတက်လာမည့် အရိပ်အယောင် မရှိခဲ့ပေ။
တစ်ပတ်တိုင်တိုင် ကြိုးစားခဲ့သော်လည်း တိုးတက်မှု မရှိခဲ့ချေ။ သူသည် မိမိကိုယ်ကိုယ် အလင်းရောင်ဖျော့ဖျော့ ထွက်အောင်သာ လုပ်နိုင်ခဲ့သည်။
မနက်ခင်းတစ်ခုတွင် သူ၏အကြည့်များက ငါးကြီးတစ်ကောင်အပေါ်တွင် မိန်းမောစွာ ကျရောက်နေစဉ် လက်တစ်ဖက်က ရုတ်တရက် ထိုငါးကို ရွှံ့ထဲသို့ ဖိချလိုက်သည်။ လျှင်မြန်သော လှုပ်ရှားမှုနှင့်အတူ ထိုလက်သည် ငါးကို ပါးဟက်မှ ကိုင်ကာ မတင်လိုက်လေသည်။
လူသားတစ်ယောက်ကို ပထမဦးဆုံးအကြိမ် မြင်လိုက်ရသည့်အတွက် ထိတ်လန့်တုန်လှုပ်မှုနှင့် ရုန်းကန်နေရဆဲဖြစ်သော လုကျန်းရှန်းသည် လက်ကြီးတစ်ဖက်က သူ့ကို ဆွဲမလိုက်သည်ကို ဤအတိုင်းပင် ကြည့်နေမိခဲ့သည်။
သူသည် အတော်အတန် ကြည့်ကောင်းသော မျက်နှာတစ်ခုကို မြင်လိုက်ရပြီး စိုးရိမ်စိတ်အနည်းငယ် ဖြစ်ပေါ်လာခဲ့သည်။ ထိုကောင်လေးသည် သူနားမလည်နိုင်သော စကားလုံးအချို့ကို ရေရွတ်ကာ သူ့ကို ခြင်းတောင်းထဲသို့ ပစ်ထည့်လိုက်သဖြင့် သူသည် အတွင်းရှိ အမြီးစိမ်းငါး၏ ပြူးကျယ်နေသော မျက်လုံးများကိုသာ စိုက်ကြည့်နေရတော့သည်။
လုကျန်းရှန်းသည် ထိုအခိုက်အတန့်တွင် ကြီးမားသော ပြဿနာတစ်ခုကို သတိပြုမိသွားခဲ့သည်။ သူသည် ကြားနိုင်သော်လည်း သူတို့ပြောစကားများကို နားမလည်နိုင်ပေ။
ဤဒေသခံစကားများသည် သူ၏ အတိတ်ဘဝက ဖူကျန်းနှင့် ကျဲ့ကျန်း ဒေသန္တရစကားများနှင့် ဆင်တူနေပြီး ၎င်းတို့သည် သူနှင့် လုံးဝ အစိမ်းသက်သက်သာ ဖြစ်သည်။ အကယ်၍ သူ စကားပြောနိုင်ခဲ့လျှင်ပင် ဒေသခံများက သူ့ကို နားလည်နိုင်ခြေ မရှိသဖြင့် ဤကမ္ဘာသစ်ထဲသို့ ဝင်ဆံ့ရန်အတွက် ပိုမိုခက်ခဲသွားစေသည်။
ခြင်းတောင်းထဲသို့ ငါးများ တစ်ကောင်ပြီးတစ်ကောင် ပစ်ထည့်ခံနေရသည်ကို စောင့်ကြည့်ရင်း လုကျန်းရှန်းသည် အာရုံစိုက်ကာ သူ၏ ပတ်ဝန်းကျင်ကို စူးစမ်းနေခဲ့သည်။
ထိုကောင်လေးက သူ၏လက်ထဲမှ သစ်သားခက်ရင်းရှည်ကို ဂရုတစိုက် ပင့်မြှောက်လိုက်သည်ကို သူ စောင့်ကြည့်နေမိသည်။ လုကျန်းရှန်းသည် ဤရှုထောင့်မှနေ၍ ထိုကောင်လေး မည်သည်ကိုတွေးနေသည်နှင့် မည်သည့်ငါးက သူ့အာရုံကို ဆွဲဆောင်နေသည်ကို အကြမ်းဖျင်း သိရှိနိုင်ခဲ့သည်။
ထိုကောင်လေးက ငါးတစ်ကောင် ဖမ်းမိတိုင်း တစ်ကိုယ်တည်း ရေရွတ်နေသည်ကို လုကျန်းရှန်း မြင်နေရသည်။ မကြာမီအချိန်အတွင်းမှာပင် လုကျန်းရှန်းသည် သုံးမှ ခြောက်အထိ ဂဏန်းများ၏ တိကျသော အသံထွက်များနှင့် ငါးအမျိုးအစား အမျိုးမျိုး၏ အမည်များကို သင်ယူနိုင်ခဲ့သည်။ ကောင်လေး၏ တစ်ကိုယ်တည်း ရေရွတ်မှုများကြောင့် ငါးတစ်ကောင်စီ ဖမ်းမိခြင်းက တန်ဖိုးရှိသော လုကျန်းရှန်းအတွက် သင်ယူရန် အခွင့်အရေးတစ်ခု ဖြစ်လာခဲ့သည်။
“ငါ တဖြည်းဖြည်းချင်း တစ်လှမ်းချင်းပဲ သွားရမှာပေါ့။”
ကောင်လေး ထကာ ထွက်ခွာသွားသည်ကို ကြည့်ရင်း သူ သက်ပြင်းချလိုက်မိသည်။ ထိုကလေးသည် လယ်သမားမိသားစုမှ ဖြစ်ပုံရသဖြင့် သူတွေ့ရှိခဲ့သောအရာကို သူ၏ မိဘများထံပေးရန် ဖြစ်နိုင်ပေသည်။
လုကျန်းရှန်း၏ အစီအစဉ်သည် ဒေသန္တရစကားကို တဖြည်းဖြည်းချင်း သင်ယူနိုင်ရန်အတွက် လူအများနှင့် ပိုမိုထိတွေ့ဆက်ဆံရန် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူသည် မိမိကိုယ်ကိုယ် ဘေးကင်းလုံခြုံအောင်လုပ်ရင်း လရောင်၏ စွမ်းအင်များကို စုဆောင်းနိုင်မည့် နည်းလမ်းများကို ရှာဖွေရမည် ဖြစ်သည်။