အခန်း ၃
Vol. 1 Ch. 3
အခန်း - (၃) ကြေးမုံ
"အစ်ကိုရှန်းဖျင်..."
ရှန်းဖျင်သည် ခြင်းတောင်းကို ကျောပိုးကာ အိမ်သို့ ပြန်လာစဉ် အဝေးမှ လျှောက်လှမ်းလာသော မိန်းမပျိုလေးတစ်ဦးကို လှမ်းမြင်လိုက်ရသည်။ သူမသည် သာမန်ရုပ်ရည်နှင့် မျက်နှာဝိုင်းဝိုင်းလေး ရှိသော်လည်း သူမ၏ လှိုက်လှိုက်လှဲလှဲ ပြုံးပြလိုက်ပုံက သူမ၏ ရုပ်ရည်ကို ဆွဲဆောင်မှုတစ်မျိုး တိုးပွားသွားစေသည်။
"ညီမလေးယွင်"
လီရှန်းဖျင်က ပြုံးလျှက် နှုတ်ဆက်လိုက်ပြီး သူမ ခြင်းတောင်းကို မြင်နိုင်စေရန် ကိုယ်ကို လှည့်ပြလိုက်သည်။
"ငါ ဖမ်းလာတဲ့ ငါးတွေကို ကြည့်စမ်း။ အိမ်ယူသွားပြီး ချက်စားပါလား"
သူက ကမ်းလှမ်းလိုက်သည်။
"အို... မယူပါရစေနဲ့ရှင်"
ထျန်းယွင်က ရှက်ပြုံးလေးဖြင့် ခေါင်းငုံ့ကာ ငြင်းပယ်လိုက်သည်။ ထိုမိန်းကလေးသည် ကြီးထွားဖွံ့ဖြိုးမှု မြန်သဖြင့် အသက် ၁၁ နှစ်သမီးမျှသာ ရှိသေးသော်လည်း ၁၃ နှစ်အရွယ် ရှန်းဖျင်ထက်ပင် အရပ်ပိုရှည်နေပြီ ဖြစ်သည်။
လီကျင်းရွာတွင် အမျိုးသား၊ အမျိုးသမီးများသည် အသက် ၁၃၊ ၁၅ နှစ်ဝန်းကျင်တွင် အိမ်ထောင်ပြုလေ့ရှိကြသည်။ သူမနှင့် အသက်တူအရွယ်တူများထဲတွင် ထျန်းယွင်သည် သူမနှင့် အသက်အရွယ်ချင်း အနီးစပ်ဆုံးဖြစ်သော ရှန်းဖျင်ကို အနာဂတ်အိမ်ထောင်ဖက်အဖြစ် စိတ်ထဲ၌ ကြိုတင်သတ်မှတ်ထားခဲ့သည်မှာ ကြာလှပြီဖြစ်သည်။
"ယူသွားပါ၊ ငါတိုက်တွန်းနေတာပါ!"
ရှန်းဖျင်က အတင်းအကြပ်ဆိုကာ ထျန်းယွင်၏ လက်ထဲသို့ ငါးနှစ်ကောင် ထည့်ပေးလိုက်သည်။ သူ့တွင် အခြားမကောင်းသော ရည်ရွယ်ချက် မရှိပေ။ ထျန်းယွင်၏ဖခင်သည် ရွာထဲတွင် အပေးကမ်းအရက်ရောဆုံးသူ ဖြစ်သဖြင့် ရှန်းဖျင်အနေဖြင့် သူ၏သမီးဖြစ်သူကို ကောင်းမွန်စွာ ဆက်ဆံလိုခြင်းသာ ဖြစ်သည်။
ရှန်းဖျင်သည် ထျန်းယွင်နှင့် လမ်းခွဲခဲ့ပြီးနောက် အိမ်သို့ အပြေးအလွှား ပြန်လာပြီး ခြင်းတောင်းကို ရေကန်ငယ်လေးထဲသို့ ချထားလိုက်သည်။
သူက ခဏတာမျှ စဉ်းစားပြီးနောက် အစောပိုင်းက တွေ့ရှိခဲ့သော ကြေးမုံကို ထုတ်ကာ အင်္ကျီအိတ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် စားပွဲပေါ်မှ သစ်သားသေတ္တာ သုံးလုံးကို ယူဆောင်ကာ သူ၏ဖခင်နှင့် အစ်ကိုနှစ်ဦး အလုပ်လုပ်နေသော လယ်ကွင်းများဆီသို့ ဦးတည်ထွက်ခွာလာခဲ့သည်။
လီမိသားစုတွင် သားလေးယောက် ရှိသည်။
လီချန်းဟူ၊ လီထုန်ယာ၊ လီရှန်းဖျင် နှင့် လီချယ်ကျင်းတို့ ဖြစ်ကြသည်။ လီကျင်းရွာတွင် လီညီအစ်ကိုများသည် များစွာ ရိုသေလေးစားခြင်း ခံကြရသည်။
လီမိသားစု၏ သားလေးယောက်အကြောင်း စကားစပ်မိတိုင်း ထျန်းယွင်၏ ဖခင်က အားကျစွာဖြင့် မကြာခဏ မှတ်ချက်ချလေ့ရှိသည်။
"လီမုထျန်းကတော့ ကံကောင်းလိုက်တာဗျာ!" သို့သော်လည်း လီကျင်းရွာတွင် တစ်ဦးတည်းသော ဗဟုသုတစုံလင်ပြီး ခရီးဝေးနှင်ဖူးသူဖြစ်သည့် လီမုထျန်းကမူ ဤအမြင်ကို လက်မခံချင်ပေ။ သူသည် သူ၏သားများ လယ်ကွင်းထဲတွင် ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်နေကြသည်ကို ကြည့်ရင်း နောင်တရိပ်များ လွှမ်းမိုးနေခဲ့သည်။
"ယောက်ျားကောင်းဆိုတာ စာပေ သင်ယူရမယ်၊ ဒါမှမဟုတ် တပ်ထဲမှာ အမှုထမ်းရမယ်။ လယ်လုပ်နေရတာက ဂုဏ်ယူစရာ ဘာမှမရှိဘူး!"
သူသည် ဦးလေးထျန်းကို လက်ညှိုးထိုးရင်း ဤသို့ ပြောလေ့ရှိသည်။
သို့သော်လည်း ဘဝက ၎င်း၏ ကိုယ်ပိုင်ပုံစံအတိုင်းသာ ဖန်တီးလေ့ရှိသည်။ အပြင်လောကကြီးကို မြင်ဖူးခဲ့သူများအဖို့ ရိုးရှင်းသော ဘဝများဆီသို့ ပြန်လည်အခြေချရန်အတွက် အခက်ခဲဆုံး ဖြစ်နေတတ်သည်။
တိုက်ပွဲတွင် လူသတ်ခဲ့ဖူးသော တပ်သားဟောင်းတစ်ဦးဖြစ်သည့် လီမုထျန်းသည် အသက် ၄၀ ကျော်တွင် သူ၏ အမှုထမ်းလစာငွေများနှင့်အတူ ရွာဆီသို့ ပြန်လာခဲ့သည်။ သူသည် ထိုငွေများဖြင့် မြေယာများကို ဝယ်ယူကာ ထင်ရှားသော လယ်ပိုင်ရှင်တစ်ဦး ဖြစ်လာခဲ့သည်။ သို့သော်လည်း ဤဘဝသည် သူ စိတ်အကျေနပ်ဆုံးဖြစ်သည့် ဘဝမျိုး မဟုတ်ခဲ့ပေ။
လယ်ကွင်းအစပ်သို့ ရောက်သောအခါ လီရှန်းဖျင်သည် သူ၏ အစ်ကိုကြီး လီချန်းဟူက သစ်ပင်အောက်တွင် စောင့်နေသည်ကို တွေ့လိုက်ရသည်။ အသက် ၁၇ နှစ်အရွယ်ရှိပြီဖြစ်သော လီချန်းဟူတွင် မုတ်ဆိတ်မွေးများပင် ထွက်စပြုနေပြီ ဖြစ်သည်။
"ဖြည်းဖြည်းလျှောက်ပါ ညီသုံးရဲ့၊ အလောတကြီး လုပ်စရာမလိုပါဘူး"
လီချန်းဟူက လှမ်းအော်လိုက်သည်။
"မင်း ဒီနေ့ ငါးတွေအများကြီး ဖမ်းမိတယ်လို့ ဦးလေးထျန်းဆီက ကြားတယ်ဟေ့"
လီချန်းဟူက ပြုံးလျှက် လီရှန်းဖျင်၏ ဆံပင်များကို ချစ်ခင်စွာဖြင့် ဖွဖွလေး ပွတ်သပ်ရင်း ကြင်နာသော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
"ဟုတ်ပ အစ်ကိုကြီးရေ! ဒီညတော့ ကျွန်တို့ အားရပါးရ စားရတော့မှာ!"
လီရှန်းဖျင်က အားရပါးရ ရယ်မောလိုက်သည်။
"ကောင်းတာပေါ့"
လီချန်းဟူက ပြုံးရင်း လီရှန်းဖျင်၏ မျက်နှာပေါ်မှ ချွေးများကို သုတ်ပေးလိုက်သည်။
ထို့နောက် သစ်သားသေတ္တာတစ်လုံးကို ကောက်ကိုင်ကာ လယ်ကွင်းတစ်ဖက်သို့ လှမ်းအော်လိုက်သည်။
"ညီနှစ်!"
"လာပြီ!"
ဒုတိယအစ်ကို လီထုန်ယာသည် သူ၏ ပေါက်ပြားကို ကိုင်ကာ အပြေးအလွှား ရောက်လာပြီး ထိုင်ချလိုက်သည်။ သူက လီချန်းဟူကို "အစ်ကိုကြီး" ဟု လေးစားစွာ နှုတ်ဆက်လိုက်ပြီးနောက် လီရှန်းဖျင်ဘက်သို့ ပြုံး၍ လှည့်ကြည့်လိုက်သည်။
"အစ်ကိုတို့ပဲ စားနှင့်ကြတော့။ ကျွန်တော် အိမ်ပြန်နှင့်တော့မယ်"
လီရှန်းဖျင်က ပြောလိုက်သည်။ သူသည် မနက်ခင်း အလုပ်ကြောင့် ဗိုက်ဆာနေပြီဖြစ်သဖြင့် ချက်ချင်းပင် အိမ်သို့ ပြန်လာခဲ့လေတော့သည်။
xxxxxxxxxx
လီရှန်းဖျင်၏ ကြိုးခြင်းတောင်းအတွင်းရှိ လုကျန်းရှန်းသည် သူ့အား ဆွဲငင်နေသော ဖော်မပြတတ်သည့် အင်အားတစ်ခုကို ခံစားလိုက်ရသည်။ လီမိသားစုအိမ်နှင့် နီးကပ်လာသည်နှင့်အမျှ ထိုခံစားချက်က ပိုမိုပြင်းထန်လာခဲ့သည်။
ရွာအဝင်ဝရှိ ထနောင်းပင်ကြီးကို ဖြတ်သန်းသောအခါ လုကျန်းရှန်းသည် ရင်ဘတ်ထဲတွင် တင်းကျပ်လာကာ အသက်ရှူနှုန်း မြန်ဆန်လာသည်ကို ခံစားလိုက်ရသည်။ ခြင်းတောင်းထဲရှိ ကြေးမုံက တုန်ခါလာခဲ့ပြီး အနီရောင်ဖျော့ဖျော့ အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
“အဲဒါက ငါ့ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ရမယ်။ ဒါမှမဟုတ်ရင်လည်း ငါ့အတွက် အရေးပါတဲ့ အရာတစ်ခုခုပဲဖြစ်ရမယ်”
လုကျန်းရှန်း သိရှိလိုက်သည်။
“အဲဒါက မြောက်ဘက် ဟိုရေကန်ကြီး ရှိတဲ့ဘက်ဆီကပဲ!”
လီရှန်းဖျင် ရွာအဝင်ဝမှ ဝေးကွာသွားသောအခါ ဆွဲငင်မှုက လျော့ပါးလာခဲ့သည်။ လုကျန်းရှန်းသည် စိတ်ထဲမှနေ၍ ထိုလားရာအရပ်ကို မှတ်သားထားလိုက်သည်။
လုကျန်းရှန်းသည် လီရှန်းဖျင်နှင့်အတူ အနီးကပ်ရှိနေရင်း ရွာကလေး၏ ပတ်ဝန်းကျင် ဘဝများကို စောင့်ကြည့်ခြင်းအားဖြင့် သူ၏ စိတ်အာရုံခံစားမှုများနှင့် ရွာသားများ၏ လှုပ်ရှားမှု၊ လေသံတို့ကို ပေါင်းစပ်ကာ ဒေသခံစကားများကို စတင်နားလည်လာခဲ့သည်။
ထိုရွာကလေးသည် သာမန်ရွာတစ်ရွာမျှသာ ဖြစ်ပုံရသည်။ မည်သည့် သိုင်းပညာရှင်များ သို့မဟုတ် ပျံသန်းနေသော အင်မော်တယ်ကျင့်ကြံသူများ၏ အရိပ်အယောင်မျှ မရှိခဲ့ပေ။
လူများသည် ရိုးရှင်းသော လူနေမှုပုံစံအတိုင်းသာ နေထိုင်ကြသည်။ နေထွက်လျှင် အလုပ်လုပ်ကြပြီး နေဝင်လျှင် အနားယူကြသည်။ သူတို့အသုံးပြုသော ကိရိယာများနှင့် သူတို့လုပ်ကိုင်သော လယ်ကွင်းများ၏ အရွယ်အစားများတွင်လည်း ထူးခြားမှု မရှိချေ။
“ဒါက သာမန်ရွာလေးတစ်ရွာပဲ ဖြစ်ပုံရတယ်။ အကြီးဆုံးအိမ်ဆိုတာတောင် သစ်သားနဲ့ ရွှံ့မြေနဲ့ ဆောက်ထားတဲ့ နှစ်ထပ်အိမ်လေးပဲ ရှိတာ။ အင်မော်တယ် ကျင့်ကြံသူတွေက ဒီလိုမျိုး သာမန်ဆန်လွန်းတဲ့ အိမ်လေးတွေမှာ နေထိုင်ကြမှာမဟုတ်ဘူး ဟုတ်တယ်မလား”
လုကျန်းရှန်း တွေးတောနေမိသည်။
“ကြီးမားတဲ့ စွမ်းအားတွေဟာ ကြီးမားတဲ့ ကုန်ထုတ်စွမ်းအားကို ဆောင်ကြဉ်းပေးလေ့ရှိပေမယ့် ဒီရွာကတော့ ရှေးရိုးစွဲဆန်လွန်းနေပုံရတယ်”
သူက ကောက်ချက်ချလိုက်သည်။
သူသည် ဤအချက်များကို သဘောပေါက်သွားပြီးနောက် အနာဂတ် လုပ်ဆောင်စရာများအတွက် အစီအစဉ်တစ်ခုကို စတင်ရေးဆွဲလိုက်တော့သည်။
ထိုအချိန်တွင် လီအိမ်တော်၌ လှုပ်လှုပ်ရှားရှား ဖြစ်နေကြသည်။ မိခင်ဖြစ်သူနှင့် အငယ်ဆုံး ညီနှစ်ယောက်တို့သည် ညစာပြင်ဆင်ရန် လုံးပမ်းရင်း အလုပ်ရှုပ်နေကြသည်။
လီရှန်းဖျင်သည် ငါးအပြည့်ပါသော ခြင်းတောင်းနှင့်အတူ အိမ်ပြန်ရောက်လာခဲ့ပြီး အငယ်ဆုံးညီဖြစ်သူ လီချယ်ကျင်းကလည်း ပိုးစာရွက်များ ဆွတ်ခူးရန်နှင့် ပိုးကောင်များမွေးမြူရန်အတွက် အနောက်ဘက်ရှိတောင်သို့ သွားရောက်စဉ် ဖမ်းမိလာသော ဆူဖြိုးသည့် တောကြွက်အုပ်ကြီးကို ရိက္ခာအိတ်ထဲ၌ အောင်ပွဲခံကာ ယူဆောင်လာခဲ့သည်။
သူတို့၏ဖခင် လီမုထျန်းသည် သူတို့၏ကျောကို ပုတ်ကာ ချီးမွမ်းစကားများ ပြောကြားပေးလိုက်သည်။
အသက် ၁၄ နှစ်နှင့် ၁၅ နှစ်အရွယ်ရှိ ကောင်လေးများသည် အရှိန်အဟုန်ဖြင့် ထွားကျိုင်းလာကြသဖြင့် စားပွဲပေါ်ရှိ အစားအစာများသည် သူတို့၏ ဆာလောင်နေသော ဗိုက်များကို ဖြည့်ဆည်းရန် မလောက်မင ဖြစ်နေရှာသည်။
လီမုထျန်းသည် အနည်းငယ်မျှသာ မြည်းစမ်းစားသောက်ပြီး မိခင်ဖြစ်သူ လျိုလင်းယွင်ကမူ သူမ၏ သားလေးယောက်ကို ပြုံးကာကြည့်နေခဲ့သည်။ စားပွဲအောက်ရှိ ခွေးညိုကြီးတစ်ကောင်သာလျှင် စိုးရိမ်ပူပန်နေပုံရပြီး မိသားစုဝင် ခြောက်ယောက်၏ ခြေထောက်များကြားတွင် ဟိုဟိုဒီဒီ တိုးဝှေ့နေခဲ့သည်။
ညစာစားပြီးနောက် လမင်းကြီးသည် တလီတောင်ထက်သို့ စတင်မြင့်တက်လာခဲ့သည်။
လီရှန်းဖျင်သည် ပါးစပ်တွင် ကောက်ရိုးတစ်မျှင်ကို ကိုက်လျှက် နံရံထောင့်ကို မှီကာ သူ၏ဖခင်က ကောင်းကင်ယံသို့ မျက်မှောင်ကြုတ်ကြည့်ရင်း တစ်ခုခုကို ရှာဖွေနေသကဲ့သို့ လုပ်နေသည်ကို စောင့်ကြည့်နေခဲ့သည်။
"ဒါနဲ့ အဖေ..."
လီရှန်းဖျင်သည် ဖခင်ဖြစ်သူ သတိထားမိစေရန်အတွက် သူ၏ ဘောင်းဘီစကို ဆွဲလိုက်ပြီး သူ၏ ရင်ဘတ်အိတ်ထဲမှ ကြေးမုံကို ထုတ်ပြလိုက်သည်။
"ကျွန်တော် ဒါကို ဒီမနက် မြစ်ထဲမှာ တွေ့ခဲ့တာ။"
လီမုထျန်းသည် ထိုအရာကို ယူကာ သေချာစွာ စစ်ဆေးကြည့်လိုက်သည်။
"ဒါက သံနဲ့လုပ်ထားတာလည်း မဟုတ်ဘူး။ ကြေးနီနဲ့ လုပ်ထားတာလည်း မဟုတ်ဘူး။ ဒါက တကယ်ပဲ ဘာပစ္စည်းများပါလိမ့်"
အိမ်ရှေ့တွင် ဖြာကျနေသော လရောင်သည် ရုတ်တရက် အသက်ဝင်လာသည့်အလား ကြေးမုံ၏အထက်တွင် စုစည်းသွားကာ စွဲမက်ဖွယ်ကောင်းသော အလင်းဝန်းတစ်ခုကို ဖြစ်ပေါ်လာစေခဲ့သည်။
လီရှန်းဖျင်သည် မယုံကြည်နိုင်စွာဖြင့် သူ၏ မျက်လုံးများကိုပင် ပွတ်သပ်လိုက်မိသည်။ သူ၏ အသက် ၁၃ နှစ်တာကာလအတွင်း တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့သည့် ဆန်းကြယ်လှပလွန်းသော လရောင်မြင်ကွင်းကြောင့် ကြက်သေသေလျှက် အံ့ဩမှင်တက်နေမိတော့သည်။။
"အဖေ!"
သူက လေသံတိုးတိုးလေးဖြင့် အလောတကြီး လှမ်းခေါ်လိုက်သည်။
"တိတ်တိတ်နေ!"
လီမုထျန်း၏မျက်နှာ သိသိသာသာ ဖြူရော်သွားပြီး လရောင်အလင်းဝန်းထံမှ သူ၏အကြည့်ကို အတင်းအကျပ် ရုပ်သိမ်းလိုက်သည်။ သူသည် ကြေးမုံကို လီရှန်းဖျင်၏ လက်ထဲသို့ တုန်တုန်ရီရီဖြင့် ပြန်ထိုးထည့်ပေးလိုက်ပြီး ခပ်တိုးတိုးပြောလိုက်သည်။
"ဒါကိုဝှက်ထား။ မင်းအစ်ကိုတွေကို ဆေဘာတွေယူပြီး အပြင်ထွက်ခဲ့ဖို့ သွားပြောချေ"
လီရှန်းဖျင်သည် သူ၏ဖခင်မျက်ဝန်းများထဲ၌ သတ်ဖြတ်ခြင်းအငွေ့အသက်များကို ပထမဦးဆုံးအကြိမ်အဖြစ် မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။ ကျဉ်းမြောင်းစူးရှနေသော ထိုမျက်ဝန်းများသည် လင်းယုန်ငှက်တစ်ကောင်၏ မျက်လုံးများပမာ ထက်မြက်ပြီး စူးစိုက်မှုအပြည့် ရှိနေခဲ့၏။
"ဟု... ဟုတ်ကဲ့..."
သူသည် တုန်ရီနေသောအသံဖြင့် ပြန်ဖြေလိုက်ကာ အိမ်ထဲသို့ အလောတကြီး ပြန်ဝင်လာခဲ့သည်။
ညကား ညဉ့်ဦးယံအချိန်သာ ရှိသေးသည်။ လီရှန်းဖျင်က အိပ်ခန်းတံခါးကို တွန်းဖွင့်လိုက်သည်။
"အစ်ကိုတို့... အဖေက ဆေဘာတွေယူပြီး အပြင်ထွက်လာခဲ့ပါတဲ့"
လီရှန်းဖျင်သည် ကုတင်ပေါ်တွင် အနားယူနေကြသော သူ၏ အစ်ကိုကြီးနှစ်ဦးအား မျက်ရည်များဝဲလျက် ဖခင်ဖြစ်သူ၏စကားကို ပြန်ပြောပြလိုက်သည်။
"ဘာ?!"
လီချန်ဟူသည် ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး လီရှန်းဖျင်ကို စိုးရိမ်တကြီး ကိုင်လှုပ်ကာ မေးလိုက်သည်။
"အဖေ တစ်ခုခုဖြစ်လို့လား။ ဘာတွေဖြစ်နေတာလဲ"
ထိုအချိန်တွင် လီထုန်ယာသည် ချက်ချင်းပင် လှုပ်ရှားလိုက်ပြီး ခုတင်အောက်မှ ဆေဘာနှစ်လက်ကို ထုတ်ယူကာ နံရံပေါ်မှ ကြိမ်ချပ်ကာနှင့် လှံရှည်ကို ဖြုတ်ယူလိုက်သည်။
သူသည် ပြတင်းပေါက်မှ အပြင်ဘက်ဆီသို့ လေးနက်စွာ လှမ်းကြည့်ရင်း တိုးတိုးလေး ပြောလိုက်သည်။
"ရန်သူတွေ ကလဲ့စားချေဖို့လာတာ ဖြစ်ရမယ်။"
သူသည် လှံရှည်ကို ကိုယ်တိုင်အတွက် ချန်ထားလိုက်ပြီး ဓားနှင့် ကြိမ်ချပ်ကာကို လီချန်းဟူထံ ကမ်းပေးလိုက်ပြီး သူ၏ကျောကို ပုတ်ပေးလိုက်သည်။
"ဒါတွေကို ယူထားလိုက် အစ်ကိုကြီး။ ညီသုံး... မင်း သွားပြီး အမေနဲ့ အငယ်ဆုံးညီလေးကို နောက်ဖေးဘက် ခေါ်သွားလိုက်။"
လီရှန်းဖျင်သည် ထိုညွှန်ကြားချက်ကို လက်ခံပြီးနောက် သူ၏မိခင်ကို ရှာဖွေရန် အပြေးအလွှား ထွက်ခွာသွားခဲ့သည်။ လီချန်းဟူသည်လည်း စိတ်ကို လျှင်မြန်စွာ တည်ငြိမ်စေပြီးနောက် ကြိမ်ချပ်ကာကို ဝတ်ဆင်လိုက်သည်။ ထို့နောက် လက်ထဲတွင် ဆေဘာကို ကိုင်ဆွဲလျှက် တံခါးဝဆီသို့ ဦးတည်လျှောက်လှမ်းသွားတော့သည်။
အပြင်ဘက်တွင်မူ လီမုထျန်းသည် အိမ်ရှေ့ရှိ ဖရဲသီးခင်းကို အကဲခတ်ကာ တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။
သူ၏ သားနှစ်ယောက် ရောက်ရှိလာသည်နှင့် သူက ဆေဘာတစ်လက်ကိုယူကာ ညွှန်ကြားလိုက်သည်။
"အိမ်ပတ်ပတ်လည်ကို သွားစစ်ဆေးကြ။ တစ်ယောက်က ဘယ်ဘက်၊ တစ်ယောက်က ညာဘက်ကိုသွား။ ဘယ်သူမှ ပုန်းအောင်းနေတာမျိုး မရှိစေနဲ့။"
ညီအစ်ကိုနှစ်ဦးသည် တာဝန်ပေးချက်အတိုင်း လုပ်ဆောင်ရန် အလျှင်အမြန် ထွက်ခွာသွားကြတော့သည်။
ထိုအချိန်တွင် လီမုထျန်းက အိမ်ရှေ့သို့ လျှောက်လှမ်းသွားခဲ့သည်။ သူသည် အံ့ဩစရာကောင်းလောက်အောင် လျှင်မြန်ဖျတ်လတ်သော လှုပ်ရှားမှုဖြင့် ဖရဲသီးခင်းထဲသို့ ငုံ့ချလိုက်ပြီးနောက် မထင်မှတ်ဖွယ်ကောင်းစွာပင် ထိုအထဲမှ လူတစ်ယောက်ကို ဆွဲထုတ်လိုက်လေတော့သည်။