အခန်း ၄
Vol. 1 Ch. 4
အခန်း - (၄) လီယဲ့ချန်
"ဦးကြီး၊ ကျွန်တော့်အသက်ကို ချမ်းသာပေးပါ!"
ထိုလူသည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေခဲ့သည်။ သူသည် မြေပြင်ပေါ်သို့ ကျသွားသည်နှင့်တပြိုင်နက် လီမုထျန်း၏ခြေထောက်ကို ဖက်တွယ်ကာ ကိုယ်ကို ကွေးထားရင်း အသက်ဘေးမှ ချမ်းသာပေးရန် အသနားခံတော့သည်။
"အို... ဦးကြီး တောင်းပန်ပါတယ်၊ ကျွန်တော့်ကို ချမ်းသာပေးပါ!"
လီယဲ့ချန်သည် အာသီသဖြစ်နေသဖြင့် ဖရဲသီးတစ်လုံး ခိုးစားရန်သာ ရည်ရွယ်ခဲ့သော်လည်း သူအကြောက်ရဆုံးဖြစ်သော ဦးကြီးဖြစ်သူက သူ့ရှေ့တွင် မတ်တတ်ရပ်နေသည်ကို တွေ့လိုက်ရသဖြင့် ကြက်သေသေသွားခဲ့ရသည်။ လီမုထျန်း၏ လက်ထဲရှိ ဆေဘာကလည်း သူ၏ ကြောက်ရွံ့မှုကို ပိုမိုပြင်းထန်လာစေတော့သည်။
"ယဲ့ချန်လား..."
လီမုထျန်းသည် ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်မိပြီး သူ၏မျက်နှာတွင် ဇဝေဇဝါဖြစ်မှုနှင့် စိတ်ပျက်မှုတို့ ရောပြွမ်းသွားခဲ့သည်။ သူသည် သူ၏မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း လူငယ်လေးကို သေချာစွာ စူးစိုက်ကြည့်လိုက်သည်။
လီယဲ့ချန်သည် အိမ်တွင် အလုပ်မလုပ်ဘဲ အလေလိုက်နေတတ်ကာ သူတစ်ပါးကို လိမ်လည်လှည့်ဖြားတတ်သူအဖြစ် လူသိများပြီး ဖခင်ဖြစ်သူက နှစ်ရှည်လများ အိပ်ရာထဲလဲနေသည့် လီယဲ့ရှန့်၏ အစ်ကိုကြီး ဖြစ်သည်။
ဆူညံသံများကို ကြားရသဖြင့် လူငယ်နှစ်ဦး အပြေးအလွှား ရောက်ရှိလာကြသည်။ လီထုန်ယာသည် လက်ထဲမှ လှံရှည်ကို မြှောက်ကာ လီယဲ့ချန်၏ ပခုံးပေါ်သို့ ပြင်းထန်စွာ ဖိချလိုက်သဖြင့် သူသည် ကြောက်လန့်တကြား ငိုကြွေးလေတော့သည်။
လီချန်းဟူသည် သေချာစွာ ကြည့်ရှုရန် ထိုလူငယ်၏ခေါင်းကို မော့လိုက်သောအခါ ရုတ်တရက် မှတ်မိသွားခဲ့သည်။
"ဝမ်းကွဲညီအစ်ကိုလား..."
လီချန်းဟူသည် ဇဝေဇဝါဖြစ်နေသော လေသံဖြင့် သက်ပြင်းအရှည်ကြီးကို ချလိုက်မိသည်။
"မင်း ဒီမှာ ဘာလာလုပ်တာလဲ"
လီထုန်ယာက သူ၏တုတ်ကို ပိုမိုဖိထားရင်း အေးစက်စွာ မေးလိုက်သည်။
"ငါတို့အိမ်က ဖရဲသီးတွေ ခိုးစားနေတာလေ!"
ထစ်ထစ်အအဖြစ်နေသော လီယဲ့ချန်ကိုယ်စား လီမုထျန်းက အေးစက်စွာ ပြန်ဖြေပေးလိုက်သည်။ ထို့နောက် သူ၏ဆေဘာကို တစ်ချက်ခါလိုက်ပြီး လှည့်ထွက်သွားခဲ့သည်။
"ခွင့်ပြုပါဦး ဝမ်းကွဲအစ်ကို"
လီထုန်ယာက လှံရှည်ကို မြှောက်ရင်း ပြောလိုက်သည်။ သူသည် လီယဲ့ချန်ကို နောက်ဆုံးတစ်ချက် လှမ်းကြည့်လိုက်ပြီး ဖခင်ဖြစ်သူနောက်သို့လိုက်ကာ အိမ်ထဲသို့ လိုက်ဝင်သွားတော့သည်။
လီချန်းဟူသည် ထိုနေရာတွင် ကျန်ရစ်ခဲ့ပြီး လီယဲ့ချန်ကို တွဲထူပေးလိုက်သည်။ သူသည် လီယဲ့ချန်၏ မျက်နှာကို သုတ်ပေးကာ နှစ်သိမ့်စကား အနည်းငယ် ပြောကြားပြီးနောက် ခြံဝင်းထဲမှ ယဉ်ကျေးစွာ လိုက်ပါနှုတ်ဆက်လိုက်လေသည်။
xxxxxxxxxx
အိမ်ထဲတွင်မူ လီချယ်ကျင်းနှင့် လီရှန်းဖျင်တို့သည် စိုးရိမ်တကြီးဖြင့် စားပွဲတွင် ထိုင်နေကြသည်။ ကြေးမုံသည် လီရှန်းဖျင်၏ ရင်ဘတ်အိတ်ထဲတွင် ဝှက်ထားဆဲဖြစ်ပြီး သူသည် မဆင်မခြင် လှုပ်ရှားသွားလာခြင်း မပြုဝံ့ချေ။
မကြာမီ သူတို့၏ ဖခင်နှင့် ဒုတိယအစ်ကိုဖြစ်သူတို့ ဧည့်ခန်းထဲသို့ ဝင်လာကြသည်။
"အစ်ကိုကြီးရော..."
သူက စိုးရိမ်တကြီးဖြင့် ဘေးဘီကို ဝေ့ဝဲကြည့်ရင်း မေးလိုက်သည်။
"ဧည့်သည်ကို လိုက်ပို့နေတယ်"
လီမုထျန်းက ခေါင်းခါရင်း ပြန်ဖြေသည်။
"ယဲ့ချန်က မကြာခဏ လာလာခိုးစားတတ်တဲ့အကျင့်ရှိတာ ငါသိပါတယ်။ ဒါပေမဲ့ ဒီညဖြစ်ရပ်အကြောင်း သူလျှောက်ပြောမိပြီး ငါတို့တစ်မိသားစုလုံးကို အန္တရာယ်ဖြစ်စေမှာ စိုးရိမ်မိတယ်"
လီထုန်ယာသည် ခုံတန်းလျားလေးတစ်ခုပေါ်တွင် ဝင်ထိုင်လိုက်သည်။ သူသည် လီရှန်းဖျင်ကို လှမ်းကြည့်ကာ စကားပြောရန် ပြင်လိုက်စဉ် တံခါးဝမှ ကျွီခနဲ အသံမြည်လာပြီး ချက်ချင်းပင် ပြန်လည်ပိတ်သွားခဲ့သည်။
လီချန်းဟူက ဝင်ထိုင်လိုက်ပြီးနောက် သဘောမတူသည့် အရိပ်အယောင်ဖြင့် ခေါင်းခါလျှက် သူ၏ဖခင်ဘက်သို့ ဇဝေဇဝါမျက်နှာပေးဖြင့် လှည့်ကြည့်လိုက်သည်။
"အဖေကလည်း အထိမခံ ဖြစ်လွန်းနေတာ မဟုတ်ဘူးလား။ ယဲ့ချန်က ဖရဲသီးခိုးစားရုံတင်ပဲဟာ။ သူ့မိသားစုအပေါ် ကြင်နာမှုကို ပြမယ့်အစား ဘာလို့ ရန်ငြိုးဖွဲ့ချင်ရတာလဲ"
"သူ့မိသားစုဆိုတာ ဘာကိုပြောတာလဲကွ။ ငါတို့က လီမိသားစုရဲ့ မျိုးနွယ်ခွဲနှစ်ခုပဲလေ"
လီမုထျန်းက ပြန်လည်ချေပလိုက်သည်။
သူသည် ပြတင်းပေါက်ကို မှီလိုက်ပြီး သူ၏ဇနီးနှင့် အငယ်ဆုံးသားလေးကို အချက်ပြလိုက်သည်။
"အရှေ့တံခါးနဲ့ အနောက်တံခါးကို စောင့်ကြည့်ထားကြ။ လူတစ်ယောက်ယောက် လာရင် ငါတို့ကို သတိပေး"
သူတို့ ထွက်သွားပြီးနောက် လီမုထျန်းသည် တံခါးနှင့် ပြတင်းပေါက်များကို စေ့စေ့စပ်စပ် ပိတ်လိုက်ပြီး လီရှန်းဖျင်ဘက်သို့လှည့်ကာ ပြောလိုက်သည်။
"ဘာဖြစ်ခဲ့လဲဆိုတာ သူတို့ကို ပြောပြလိုက်စမ်း!"
လီရှန်းဖျင်က ခေါင်းငြိတ်လိုက်ပြီး တိုးညှင်းသော လေသံဖြင့် စတင်ရှင်းပြတော့သည်။
"ကျွန်တော် ဒီနေ့ မေချယ်မြစ်ထဲမှာ ငါးဖမ်းနေတုန်း ပစ္စည်းတစ်ခု ရခဲ့တယ်"
ခေတ္တမျှ ရပ်နားလိုက်ပြီး ဖခင်ဖြစ်သူက ခေါင်းညိတ်ပြသည်ကို မြင်သောအခါ သူ့ရင်ဘတ်အိတ်ထဲမှ ကြေးမုံကို ထုတ်ပြလိုက်သည်။
လီချန်းဟူသည် သူ၏အကြည့်ကို ညီဖြစ်သူထံမှ ဖခင်ဖြစ်သူထံသို့ လွှဲပြောင်းလိုက်ပြီးနောက် ထိုညိုပြာရောင် ကြေးမုံကို လှမ်းယူလိုက်သည်။ သူသည် ၎င်းကို သေသေချာချာ စစ်ဆေးကြည့်သော်လည်း ၎င်း မည်သည့်နေရာတွင် အသုံးဝင်သည်ကို ရှာမတွေ့ခဲ့ပေ။
လီမုထျန်းက သားကြီးဖြစ်သူထံမှ ကြေးမုံကို ပြန်လည်ရယူကာ အိမ်ခေါင်မိုးပေါ်မှ အပေါက်ငယ်လေးအောက်ရှိ ကျောက်တုံးခုံတန်းလေးပေါ်တွင် ဂရုတစိုက် တင်ထားလိုက်သည်။ ထို့နောက် သူ့သားနှစ်ဦးကို လှည့်ကြည့်လိုက်သည်။
လရောင်သည် လှိုင်းကြက်ခွပ်များပမာ ကြေးမုံ၏မျက်နှာပြင်ပေါ်တွင် ကခုန်လာပြီး ရတနာတစ်ပါးကဲ့သို့ တောက်ပပြောင်လက်ကာ စွဲမက်ဖွယ်ကောင်းသော အဖြူရောင်အလင်းဝန်းတစ်ခုအဖြစ် စုစည်းသွားခဲ့သည်။
လီချန်းဟူက ထိုင်နေရာမှ ရုတ်တရက် ထရပ်လိုက်ပြီး ကြေးမုံပတ်ပတ်လည်ရှိ လရောင်အလင်းဝန်းလေးကို စိုက်ကြည့်နေမိသည်။ လီထုန်ယာသည်လည်း ထပ်တူပင် မှင်တက်မိနေပြီး နက်နက်နဲနဲ တွေးတောလျှက် စောင့်ကြည့်နေခဲ့သည်။
လီမိသားစုဝင်များသည် လက်ဖက်ရည်တစ်ခွက်သောက်စာ ကြာမြင့်ချိန်အထိ မိမိတို့၏ ကိုယ်ပိုင်အတွေးကမ္ဘာထဲ၌ အသီးသီး နစ်မြောနေကြရင်း ကြေးမုံဘေးတွင် တိတ်ဆိတ်စွာ ဝန်းရံနေခဲ့ကြသည်။
(Note. လက်ဖက်ရည်တစ်ခွက်သောက်စာ ကြာမြင့်ချိန်က ၁၀ မိနစ်ကနေ ၁၅ မိနစ်ဝန်းကျင်လောက် ရှိပါတယ်။)
လီရှန်းဖျင်သည် ဤဆန်းကြယ်သော ဖြစ်ရပ်ကို ဒုတိယအကြိမ်အဖြစ် မြင်တွေ့ရခြင်း ဖြစ်သော်လည်း သိသိသာသာ တုန်လှုပ်နေဆဲပင်။
"ကျွန်တော့်တစ်သက်မှာ ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးဘူး..."
သူက ရေရွတ်လိုက်မိသည်။
"ဟားဟား... မင်းတင်မကပါဘူး ငါ့သားရာ။ ဒီက မင်းအဖေ လူအိုကြီးတောင် ဒီလိုဆန်းကြယ်မှုကို တစ်ခါမှ မမြင်ဖူးဘူး"
လီမုထျန်းက ရယ်မောလိုက်သော်ငြား သူ၏မျက်လုံးများကမူ ခက်ထန်တည်ကြည်နေလျှက်ပင် ရှိသေးသည်။
"ဒါဟာ အင်မော်တယ်တစ်ပါးရဲ့ ပစ္စည်း ဖြစ်နိုင်တယ်"
လီထုန်ယာက တိုးတိုးလေး မှတ်ချက်ချလိုက်သည်။ သူက ဆေဘာကို ကောက်ကိုင်ကာ အဆက်မပြတ် သုတ်နေပြီး သူ၏မျက်လုံးများကမူ ကြေးမုံဆီတွင် စူးစိုက်ထားသည်။ သူသည် အပြင်ပန်းတွင် တည်ငြိမ်နေပုံရသော်လည်း တုန်ရီနေသော လက်များက သူ၏ စိတ်ထဲမှ ကမောက်ကမဖြစ်မှုကို ဖော်ပြနေခဲ့သည်။
"ဒီလိုပစ္စည်းကို တွေ့တာက ငါတို့မိသားစုအတွက် ဒုက္ခတွေ သယ်ဆောင်လာနိုင်တယ်"
လီချန်းဟူသည် စိတ်လှုပ်ရှားမှုနှင့် စိုးရိမ်ပူပန်မှုတို့ ရောပြွမ်းနေသောအသံဖြင့်ပြောကာ ဂနာမငြိမ်စွာဖြင့် ဧည့်ခန်းထဲတွင် ဟိုဟိုဒီဒီလျှောက်နေမိသည်။
"တကယ်လို့ အင်မော်တယ်တစ်ပါးပါးက ခြေရာခံအတတ်တစ်ခုခုနဲ့ မနက်ဖြန် ဒီကို လိုက်လာနိုင်ရင် ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ"
လီထုန်ယာက လေးနက်သော မျက်နှာပေးဖြင့် သူ၏ဖခင်ကို စူးစိုက်ကြည့်လိုက်သည်။
လီရှန်းဖျင်က ခေါင်းညိတ်လိုက်ပြီး ဝမ်းသာအားရ လေသံဖြင့် ပြောသည်။
"သူ ကျွန်တော်တို့ကို ပေးမယ့် ဆုလာဘ်တွေကတော့ အံ့ဩစရာကောင်းမှာ သေချာတယ်"
"ပေါက်ကရတွေ"
လီမုထျန်းက လက်ဝှေ့ယမ်းကာ ထိုအတွေးကို ပယ်ချလိုက်သည်။
"အင်မော်တယ်တွေရဲ့ ဒေါသအမျက်တွေအကြောင်း ပုံပြင်တွေကို ငါ ကြားဖူးတယ်။ ငါတို့ ဒါကို ငါတို့လက်ထဲ လုံးဝ မထားသင့်ဘူး! တကယ်လို့သာ ဒါက အရေးကြီးတဲ့အရာဆိုရင် ငါတို့လို သာမန်လူသားတွေ မတွေ့ခင်ကတည်းက သူ့ရဲ့ တကယ့်ပိုင်ရှင်က ပြန်သိမ်းသွားတာ ကြာလှပြီ။ ဒါက ကံမကောင်းတဲ့ အင်မော်တယ်တစ်ပါးပါး ကျပျောက်ခဲ့တာ ဖြစ်နိုင်တယ်"
လီချန်းဟူသည် နားထောင်နေရင်း ပိုမို၍ စိုးရိမ်ထိတ်လန့်လာကာ အတွေးနက်စွာဖြင့် မျက်မှောင်ကြုတ်နေမိသည်။
လီထုန်ယာသည် ရုတ်တရက် အတွေးတစ်ခု ရလာပြီး တိုးညှင်းကာ လေးနက်သော အသံဖြင့်ပြောသည်။
"ဒါပေမဲ့ ယဲ့ချန်လည်း ဒီပစ္စည်းကို မြင်သွားတယ် မဟုတ်ဘူးလား"
"ကျွန်တော် အိမ်ရှေ့မှာ အဖေ့ကိုပြနေတုန်းက ဝမ်းကွဲအစ်ကို ယဲ့ချန်က လယ်ကွင်းထဲမှာ ရှိနေတာ ဖြစ်ဖို့များလောက်တယ်"
လီရှန်းဖျင်က မြေပြင်သို့ မျက်နှာလွှဲကာ ပြန်ဖြေလိုက်သည်။
"ကျွန်တော် သူ့ကို သွားသတ်မယ်!"
လီထုန်ယာက ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချလိုက်ပြီး သူ၏ကြိမ်ချပ်ကာကို ဝတ်ဆင်ကာ ဆေဘာကို ဆွဲကိုင်လျှက် အပြင်သို့ ဝုန်းဒိုင်းကြဲ ထွက်သွားရန် ပြင်တော့သည်။
လီရှန်းဖျင်သည် သူ၏အစ်ကိုဖြစ်သူ မျက်နှာပေါ်တွင် ဤကဲ့သို့ ပြတ်သားသော အရိပ်အယောင်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သဖြင့် ထပ်မံ၍ မကြည့်ဘဲ မနေနိုင်ခဲ့ချေ။
"ပြန်လာခဲ့စမ်း!"
လီမုထျန်းက စူးစူးရှရှ လှမ်းအော်လိုက်သဖြင့် လီထုန်ယာ၏ ခြေလှမ်းများ ရပ်တန့်သွားခဲ့သည်။ သူသည် သိသိသာသာ ထိတ်လန့်နေပုံရသော လီရှန်းဖျင်ကို လှမ်းကြည့်လိုက်သည်။
"ဒါပေမဲ့ အဖေ! လီယဲ့ချန်ဆိုတာ ကျေးဇူးကန်းပြီး ဟန်ဆောင်ကောင်းတဲ့ မျက်နှာနှစ်ဖက်နဲ့ လူယုတ်မာပဲ! သူ သတိလက်လွတ်နဲ့ ကျွန်တော်တို့ လျှို့ဝှက်ချက်ကို ဖွင့်ပြောပြီး လီမိသားစုကို ပျက်စီးခြင်းတွေ ယူဆောင်မလာခင် အခုကတည်းက ရှင်းပစ်လိုက်တာ ပိုကောင်းပါတယ်"
လီထုန်ယာက အလောတကြီး ငြင်းချက်ထုတ်လိုက်သည်။
“ဒုတိယအစ်ကိုက ရွာထဲက စာပေပညာရှင်ဆီကနေ စကားကြီးစကားကျယ်တွေ တော်တော်သင်ထားပုံရတယ်”
လီရှန်းဖျင်က တိတ်ဆိတ်စွာ နားထောင်နေရင်း စိတ်ထဲက တွေးနေမိသည်။
သူသည် ဖခင်ဖြစ်သူက သူတို့ကို ရွာထဲရှိ စာပေပညာရှင်ထံတွင် ပညာသင်ကြားရန် စေလွှတ်ခဲ့ပုံများကို ပြန်လည်အမှတ်ရမိလိုက်ပြီး ရှက်စိတ်ကြောင့် ခေါင်းငုံ့လိုက်မိသည်။ သူ၏ အစ်ကိုကြီးများသည် ဝီရိယကောင်းသဖြင့် မျက်နှာသာပေးခြင်း ခံရသော်လည်း သူကမူ ငယ်ရွယ်ပြီး အဆော့မက်သူဖြစ်သဖြင့် အစ်ကိုဖြစ်သူ ပြောသော စကားကြီးစကားကျယ်များကိုပင် နားလည်နိုင်ရန် ရုန်းကန်နေရသည့် အဖြစ်သို့ ရောက်နေရရှာသည်။
"တကယ်လို့ အဲဒီနေရာမှာ မင်းရဲ့ အငယ်ဆုံးညီလေးသာ ဖြစ်နေရင်ကော။ ငါတို့ လျှို့ဝှက်ချက်တွေကို ပေါက်ကြားအောင်လုပ်လို့ သူ့ကိုလည်း သတ်ပစ်မှာလား"
လီမုထျန်းက ရယ်မောရင်း သူ၏ ဒုတိယသားကို မေးခွန်းထုတ်လိုက်သည်။
"ကျွန်တော်တို့မိသားစုထဲမှာ အဲဒီလို လူယုတ်မာမျိုး မရှိဘူး!"
လီထုန်ယာက ပြတ်သားစွာ ချေပလိုက်သည်။
လီမုထျန်းသည် ခေါင်းခါလိုက်ပြီး သစ်သားစားပွဲကို အနေအထား ညှိလိုက်သည်။ ထို့နောက် အံ့ဩစရာကောင်းလောက်အောင် သွက်လက်ဖျတ်လတ်စွာဖြင့် စားပွဲပေါ်သို့ ခုန်တက်လိုက်ပြီး အမိုးထုတ်တန်းပေါ်တွင် ဝှက်ထားသော သစ်သားသေတ္တာတစ်လုံးကို ကျွမ်းကျင်စွာ ယူဆောင်လိုက်သည်။
ထိုသေတ္တာကို စားပွဲပေါ်တွင် တင်လိုက်ပြီးနောက် သူ၏ သားသုံးယောက်ကို လေးနက်တည်ကြည်စွာဖြင့် ပြောကြားလိုက်လေသည်။
"မင်းတို့ သိထားရမယ့် အကြောင်းအရာအချို့ ရှိတယ်။ ငါ့အသက် ၁၃ နှစ်အရွယ်မှာ အိမ်က ထွက်လာပြီး အန်းလီခရိုင်ရဲ့ ကူလီလမ်းမှာ တပ်ထဲဝင်ခဲ့တယ်။ စစ်သူကြီးရန်ဟာ နန်းတော်ရဲ့အမိန့်အရ ယွဲ့တောင်ကို တိုက်ခိုက်ဖို့ စစ်သည်တွေကို စုဆောင်းနေတဲ့ အချိန်ပေါ့။ သွားစရာနေရာ မရှိတာနဲ့ပဲ ငါလည်း စစ်သည်တစ်ယောက် ဖြစ်လာခဲ့တယ်"
"စစ်သူကြီးရန်ဟာ စည်းကမ်းကြီးပေမယ့် မျှတတဲ့ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်တယ်။ သူက ငါတို့ကို မိသားစုလို ဆက်ဆံပြီး အခက်အခဲတွေကို အတူတူ ရင်ဆိုင်ခဲ့တယ်။ သူက ငါတို့ကို ယွဲ့စစ်သည်တွေရဲ့ တိုက်ပွဲဝင် ဗျူဟာတွေကို သင်ပေးခဲ့ပြီး သိုင်းပညာရဲ့ အရေးပါမှုကို အလေးပေးခဲ့တယ်။ ဒီသိုင်းပညာက ကျယ်ပြန့်ပြီး သင်ယူရ လွယ်ကူပေမယ့် ကျွမ်းကျင်ဖို့ကျတော့ ခက်ခဲတယ်။ စနစ်တကျ လေ့ကျင့်မှု မရှိရင်တော့ ဒါက ကိုယ်လက်လှုပ်ရှားမှု သက်သက်ပဲ ဖြစ်ပြီး ထူးခြားဆန်းကြယ်တာ ဘာမှမရှိဘူး"
လီမုထျန်းက စကားကို ခေတ္တရပ်လိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။
သူ၏သားများ စိတ်ဝင်တစား နားထောင်နေသည်ကို မြင်သောအခါ သူက ဆက်ပြောသည်။
"ငါ အိမ်ပြန်ရောက်တဲ့အခါ သူသင်ပေးခဲ့တာတွေကို သစ်သားပေလွှာပေါ်မှာ မှတ်တမ်းတင်ထားခဲ့တယ်။ မင်းတို့ကိုလည်း ဒီလေ့ကျင့်ခန်းတွေ အရင်က သင်ပေးဖူးပေမယ့် ထူးထူးခြားခြား တိုးတက်မှုမျိုးတော့ မတွေ့ရသေးဘူး။ အဲဒါက ဒီသေတ္တာထဲက ပထမဆုံး ပစ္စည်းပဲ"
သူသည် သစ်သားသေတ္တာကို ဖွင့်လိုက်ရာ အထဲရှိ ပစ္စည်းများ ပေါ်လာခဲ့သည်။
၎င်းတို့မှာ သစ်သားပေလွှာတစ်ပြား၊ အဆောင်လက်ဖွဲ့တစ်ခု၊ ပျက်စီးနေသော ငွေထည်အပိုင်းအစအချို့နှင့် အခြားသော တိုလီမိုလီပစ္စည်းများ ဖြစ်ကြသည်။