အခန်း ၅
Vol. 1 Ch. 5
အခန်း - (၅) အင်မော်တယ်ဖြစ်ရန် ကံကြမ္မာရှားပါးမှု
“ယွဲ့တောင်တိုက်ပွဲတွေတုန်းက သူတို့ရဲ့နတ်ဆရာတွေက အဆိပ်ငွေ့တွေ၊ ကပ်ရောဂါတွေ၊ မြွေတွေနဲ့ အင်းဆက်ပိုးမွှားတွေကို တိုက်ခိုက်ရေးလက်နက်အဖြစ် မကြာခဏ အသုံးပြုခဲ့ကြတယ်။ စစ်တပ်က ဒီလိုစုန်းကဝေအတတ်ပညာတွေရန်ကနေ ကာကွယ်ဖို့ ဒီအဆောင်တွေကို ထုတ်ပေးခဲ့တယ်။ ဒီအဆောင်က ငါ့အသက်ကိုကယ်ခဲ့ဖူးတယ်။ ဒါပေမဲ့ အခုတော့ သူ့ရဲ့စွမ်းအားက မှေးမှိန်သွားပြီ။ စက္ကူစုတ်တစ်ရွက်ထက် မပိုတော့ဘူး။ ဒါက ဒုတိယပစ္စည်းပဲ။”
“ယွဲ့တောင်ကလူတွေက တိရစ္ဆာန်အရိုးတွေ၊ ငှက်မွေးတွေနဲ့ ကြွေရည်သုတ်ပစ္စည်းတွေ အသုံးပြုရာမှာ ကျွမ်းကျင်ကြတယ်။ စစ်ပွဲမှာ ငါအနိုင်ယူခဲ့တဲ့သူတွေဆီက ဒီတန်ဖိုးရှိတဲ့ပစ္စည်းတွေကို ကောက်ယူစုဆောင်းခဲ့တယ်။ ဒါတွေက တတိယပစ္စည်းတွေပဲ။”
“မနက်ဖြန်ကျရင် ဒီကြွေရည်သုတ်အပိုင်းအစကို ရှန်းဖျင် မြစ်ထဲမှာတွေ့ခဲ့တဲ့ ပစ္စည်းတစ်ခုလို့ပြောပြီး မင်းဦးလေးဆီကို လက်ဆောင်ပေးလိုက်မယ်။ ယဲ့ချန် မြင်မြင်၊ မမြင်မြင် ငါတို့က ဒါဟာ လရောင်အောက်မှာ တောက်ပတတ်တဲ့ ကွဲအက်နေတဲ့ ငွေထည်အပိုင်းအစတစ်ခုပဲလို့ အခိုင်အမာပြောကြမယ်။”
လီမုထျန်းသည် ငွေထည်အပိုင်းအစတစ်ခုကို ကိုင်ကာ ဂရုတစိုက်ထုပ်ပိုးလိုက်ပြီး သူ၏အစီအစဉ်ကို လီထုန်ယာအား တိုးတိုးလေး ပြောပြလိုက်သည်။
“အဖေက ပစ္စည်းကောင်းတွေကို အကဲခတ်ရာမှာတော်တယ်။”
လီချန်းဟူက သဘောတူညီစွာ ခေါင်းညိတ်လိုက်သည်။
“ဒုတိယဦးလေးက အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်တဲ့လူတစ်ယောက်ပါ။ အေးအေးချမ်းချမ်း ရှိစေဖို့အတွက် ဒီလိုကိစ္စအသေးအမွှားလေးကို အကျယ်အကျယ်လုပ်ပြီး အပြစ်ရှာနေမှာ မဟုတ်ဘူးဆိုတာ ကျွန်တော်ပြောနိုင်တယ်။”
“ယဲ့ချန်က အမှိုက်တစ်စ ဖြစ်နေတာကတော့ ကံဆိုးတာပဲ”
လီထုန်ယာက သူ၏ဖခင်ကို လှမ်းကြည့်ရင်း တိုးတိုးလေး မှတ်ချက်ချလိုက်သည်။
လီမုထျန်းသည် ကြေးမုံကို သစ်သားစားပွဲပေါ်တင်လိုက်ပြီး ခေါင်းကို အသာအယာခါယမ်းလိုက်သည်။
“အခု ဒီရတနာရဲ့တန်ဖိုးက ငါတို့ ဘယ်လိုအသုံးပြုမလဲ ဆိုတဲ့အပေါ်မှာ မူတည်တယ်။ ငါတို့သာ မှန်မှန်ကန်ကန် အသုံးမချနိုင်ဘူးဆိုရင် အသုံးမဝင်တဲ့အရာ ဖြစ်သွားလိမ့်မယ်။”
ကြေးမုံအတွင်းမှနေ၍ နားစွင့်နေသော လုကျန်းရှန်းသည်လည်း သူ၏ ကိုယ်ပိုင်အစီအစဉ်ကို စတင်ကြံစည်တော့သည်။ ကြေးမုံထဲတွင် ပိတ်မိနေသည့် သူသည် မိမိကိုယ်ကိုယ် မည်သို့ဘေးကင်းအောင် ကာကွယ်ရမည်နှင့် လွတ်မြောက်ရာလမ်းကို မည်သို့ရှာဖွေရမည်ကို တွေးတောဆင်ခြင်နေခဲ့၏။
ထိုကြေးမုံထဲမှ သူ မလွတ်မြောက်နိုင်သေးသမျှကာလပတ်လုံး ရှည်လျားလှသော အင်မော်တယ်ခရီးလမ်းကို လျှောက်လှမ်းနိုင်ရန်အတွက် ဤရွာရှိ လူများ၏ အရင်းအမြစ်များနှင့် အကူအညီများကို အမှီပြုရပေလိမ့်မည်ဟု သူသဘောပေါက်လိုက်သည်။
လီမိသားစုသည် နိမ့်ကျသော တောင်သူလယ်သမားမျိုးရိုးဖြစ်ပြီး သူတို့၏ အခြေခံအုတ်မြစ်က မနက်ရှိုင်းသော်လည်း ထူးခြားသောမိသားစုဝင်များ ရှိပေသည်။
ဖခင်ဖြစ်သူ လီမုထျန်းသည် ရဲစွမ်းသတ္တိရှိပြီး အမြင်စူးရှသူ ဖြစ်သည်။ သားကြီးဖြစ်သူ လီချန်းဟူကမူ ရင့်ကျက်တည်ငြိမ်ပြီး သဘောထားပြည့်ဝသူဖြစ်သည်။ ဒုတိယသား လီထုန်ယာမှာမူ ရဲစွမ်းသတ္တိနှင့် ပြည့်စုံသကဲ့သို့ ထက်မြက်ကာ ပြတ်သားရဲရင့်သူ ဖြစ်သည်။ လီရှန်းဖျင်နှင့် လီချယ်ကျင်းတို့သည်လည်း ထိုးထွင်းဉာဏ်ရှိပြီး လျှင်မြန်စွာတုန့်ပြန်နိုင်ကြသူများ ဖြစ်ကြသည်။ ထိုသူများအားလုံး စုစည်းထားသော မိသားစုကြီးသည် အထင်ကြီးလေးစားဖွယ်ကောင်းပြီး အရှိန်အဝါကြီးမားလှသည့် အစုအဖွဲ့တစ်ခု ဖြစ်ပေသည်။
ထို့အပြင် လုကျန်းရှန်းသည် ခြေရောလက်ပါ နှစ်ဖက်လုံးမရှိသည်ဖြစ်ရာ လမ်းလည်းမလျှောက်နိုင်၊ ပြေးလည်းမပြေးနိုင်ဘဲ အကူအညီမဲ့နေခြင်းဖြစ်သည်။ ဤကဲ့သို့သော အခြေအနေတွင် သူသည် လွတ်မြောက်ရန် မည်သို့ စဉ်းစားနိုင်မည်နည်း။ သို့တည်းမဟုတ် အခြားတစ်ယောက်ယောက်၏ လက်ဝယ်သို့ရောက်ရှိရန် မည်သို့မျှော်လင့်နိုင်မည်နည်း။
သူသည် မြစ်ထဲတွင် အမှိုက်တစ်စကဲ့သို့ စွန့်ပစ်ခံရပြီး နှစ်တစ်ရာတိုင်တိုင် တိတ်ဆိတ်စွာ အကျဉ်းကျခံရမည့် ကံကြမ္မာများရှိနေသလော။
“ဘယ်လိုပဲဖြစ်ဖြစ် အဝေးကနေပဲ ကြည့်ရမယ်ဆိုရင်တောင် အရှေ့ကိုတော့ တစ်ချက်လောက် လှမ်းကြည့်ရမှာပဲ။”
လုကျန်းရှန်းက တွေးလိုက်ရင်း သူ၏ခန္ဓာကိုယ်အတွင်းမှ ချီစွမ်းအင်ကို ကြေးမုံ၏ဘယ်ဘက် အပေါ်ထောင့်ဆီသို့ ပို့လွှတ်လိုက်သည်။
အိမ်ထဲတွင် လီညီအစ်ကိုများသည် ကြေးမုံ မတော်တဆ ထိခိုက်ပျက်စီးသွားပြီး အင်မော်တယ်ကံကြမ္မာ အခွင့်အရေးကို လက်လွတ်ဆုံးရှုံးသွားမည် စိုးရိမ်သဖြင့် သတိကြီးစွာထားကာ ထိုကြေးမုံကို ဟိုဟိုဒီဒီ စမ်းသပ်ကိုင်တွယ်ပွတ်သပ်နေကြသည်။
လရောင်သည် ထိတွေ့လိုက်သည့်အခါ အေးမြပြီး စိတ်ကို ကြည်လင်အေးချမ်းစေသည်။ သို့သော် လရောင်အလင်းဝန်းမှာမူ ၎င်းအပေါ် သက်ရောက်မှုရှိစေရန် သူတို့ မည်မျှပင် ကြိုးပမ်းပါစေ မည်သို့မျှ ပြောင်းလဲခြင်း မရှိခဲ့ချေ။ ၎င်းကို လေဖြင့် မှုတ်ကြည့်သည်ဖြစ်စေ၊ သို့မဟုတ် ဘေးပတ်ဝန်းကျင်ရှိ လေစီးကြောင်းကို ပြောင်းလဲရန် ကြိုးစားကြည့်သည်ဖြစ်စေ ထိုအလင်းဝန်းသည် မူလအတိုင်း ငြိမ်သက်နေဆဲပင် ဖြစ်သည်။
လီရှန်းဖျင်က ကြေးမုံကိုကောက်ယူလိုက်ပြီး ၎င်း၏ မျက်နှာပြင်ကို ညင်သာစွာ ပွတ်သပ်လိုက်ချိန်မှသာ တစ်ခုခုပြောင်းလဲသွားခဲ့သည်။
လုကျန်းရှန်း၏ ကြိုးပမ်းမှုများက တုန့်ပြန်မှုကို ဖြစ်ပေါ်စေခဲ့ပြီး ကြေးမုံ၏ ဘယ်ဘက်အပေါ်ထောင့် ရုတ်တရက်လင်းထိန်သွားရာ လီရှန်းဖျင်သည် အလွန်တုန်လှုပ်သွားပြီး ကိုင်ထားရမည်လား၊ ချထားရမည်လားမသိဘဲ တုန်ယင်စွာ အော်ဟစ်လိုက်သည်။
လီထုန်ယာက ကိုယ်ကိုကိုင်း၍ အနီးကပ်ကြည့်ရှုလိုက်သည်။ ကြေးမုံ၏ ဘယ်ဘက်အပေါ်ထောင့်တွင် ဘေးနှစ်ဖက်၌ ပါးလျပြီး အလယ်တွင် ထူထဲသော တောက်ပသည့် အဖြူရောင် အလင်းကွေးတစ်ခု လင်းလက်လာခဲ့ပြီး ထိုအလင်းကွေးသည် အသက်ရှုချိန် အနည်းငယ်စာ အချိန်ကြာပြီးနောက် တဖြည်းဖြည်းချင်း မှေးမှိန်ပျောက်ကွယ်သွားတော့သည်။
“အဲဒါက လင်းလာတယ် အစ်ကို”
လီရှန်းဖျင်က စိတ်လှုပ်ရှားသောအသံဖြင့် တိုးညင်းစွာ ပြောလိုက်သည်။
လီထုန်ယာသည် ကြေးမုံကိုယူလိုက်ပြီး လီရှန်းဖျင်၏ ပြုလုပ်ခဲ့သည့်အတိုင်း လိုက်လုပ်ကြည့်လိုက်သည်။ အမှန်ပင် အဖြူရောင်အလင်းတစ်ခုက ကြေးမုံကို လင်းထိန်သွားစေခဲ့သည်။ ထို့နောက် သူက ဖခင်ဖြစ်သူထံသို့ပေးပြီး စမ်းကြည့်ရန် လက်ဟန်ပြလိုက်သည်။
လီမုထျန်းနှင့် လီချန်းဟူတို့ နှစ်ဦးစလုံးသည် ကြေးမုံကို ပွတ်သပ်ကြည့်ရှုရင်း ထိုဆန်းကြယ်သော ဖြစ်ရပ်အပေါ် အံ့ဩချီးကျူးမဆုံး ဖြစ်နေကြတော့သည်။
သို့သော် လီထုန်ယာသည် တိုးညှင်းစွာ အံ့ဩတကြီး ရေရွတ်လိုက်ပြီးနောက် သူ၏အစ်ကိုကြီးထံမှ ကြေးမုံကို လှမ်းယူလိုက်ကာ အခြားသူများကို ကျောပေးရင်း ပွတ်သပ်ကြည့်နေခဲ့သည်။
“အဖေ၊ ဘယ်နေရာကိုပွတ်ပွတ် လင်းနေတဲ့နေရာက မြောက်ဘက်ကို အမြဲညွှန်ပြနေတယ်။ ဒါက…”
လီထုန်ယာသည် ကြေးမုံကိုကိုင်ကာ တွေးရင်း ခဏတာငြိမ်သက်သွားခဲ့သည်။
“သံလိုက်အိမ်မြှောင်လိုပဲ”
လီမုထျန်းက သဘောတူညီစွာ ခေါင်းညိတ်လိုက်သည်။
ကြေးမုံထဲရှိ လုကျန်းရှန်းသည် လီထုန်ယာ၏ လျှင်မြန်လှသော ထိုးထွင်းဉာဏ်ကို အထင်ကြီးမိကာ စိတ်ထဲမှနေ၍ ချီးကျူးနေမိတော့သည်။
“အရင်ဆုံး ရွာအဝင်ဝကို သွားကြစို့”
လီမုထျန်းသည် ထိုသို့ပြောပြီးနောက် မုတ်ဆိတ်ကို အတွေးနက်စွာ ပွတ်သပ်လိုက်ပြီး အခန်းထဲသို့ ပြန်လှည့်ကြည့်ကာ သူ၏ကလေးများကို ပြောလိုက်သည်။
“အသားဆားနယ်တစ်တုံးယူခဲ့။ ငါတို့ စာပေပညာရှင်ဆီကို အရင်သွားကြမယ်”
xxxxxxxxx
မျက်ရည်များ မခြောက်သေးသည့် လီယဲ့ချန်သည် သူ၏ အိမ်ရှေ့ဝင်းထဲသို့ မကျေမနပ် ခြေဆောင့်ကာ ဝင်လာခဲ့၏။ သူသည် ပါးစပ်မှ ပွစိပွစီကျိန်ဆဲနေရင်း လမ်းပေါ်ရှိ ကျောက်ခဲများကို ကန်ကျောက်နေတော့သည်။
“သူတို့လက်ထဲမှာ တကယ့်ရတနာအစစ် ရှိနေရဲ့သားနဲ့ ဘာလို့ ဖရဲသီးလေး နည်းနည်းလောက်ကို ရတနာတစ်ခုလို လုပ်နေကြတာလဲ။ ညဘက်ကြီးမှာ ဆေဘာတွေ ကိုင်လာတာဆိုတော့ အဲဒီအရူးတွေ တစ်ခုခုကို ဖုံးကွယ်ထားတာပဲ ဖြစ်ရမယ်”
သူသည် ကျောက်တုံးတစ်တုံးပေါ် ထိုင်ချလိုက်ပြီး ရေရွတ်လိုက်သည်။ သူ၏စိတ်ထဲတွင်လည်း အတွေးပေါင်းစုံဖြင့် ရှုပ်ထွေးလျှက်ရှိသည်။
“လီမုထျန်းက အနှစ်နှစ်ဆယ်လောက် လှည့်လည်သွားလာနေခဲ့တာ။ တန်ဖိုးရှိတဲ့ပစ္စည်းတချို့ ရထားခဲ့မှာပဲ။ သူ့မှာ ဝှက်ထားတဲ့ ရတနာတွေ မရှိဘူးဆိုတာ မဖြစ်နိုင်ဘူး”
သူ တွေးလိုက်မိသည်။
“ဒါပေမဲ့ အဲဒီခေါင်းမာတဲ့အရူးတွေက အရမ်းတွန့်တိုတာ။ ငါ သူတို့လက်ထဲက ရွှံ့တစ်စက်တောင် မညှစ်ထုတ်နိုင်ခဲ့ဘူး။ အဖိုးကြီးကလည်း ခေါင်းမာတာ လွန်ပါရော။ သူ့လျှို့ဝှက်ချက်တွေကို အမြဲတမ်း တင်းတင်းကျပ်ကျပ် ဖုံးကွယ်ထားတယ်။ အကယ်၍ လီမုထျန်းသာ မရှိတော့ရင် သူဝှက်ထားတဲ့ ဘယ်ရတနာမဆို ငါတို့လည်း ဝေစုတော့ရမှာပဲ”
လီယဲ့ချန်သည် သူ၏ညီငယ် လီယဲ့ရှန့်က ခြံဝင်းတံခါးဆီသို့ တွန့်ဆုတ်စွာ ဝင်ရောက်လာသည်ကို လှမ်းကြည့်လိုက်သည်။
သူ၏အကြည့်များက ပိုမိုပြင်းထန်လာပြီး ထိုကောင်လေးကို အော်ဟစ်လိုက်သည်။
“ဒီကိုလာစမ်း အကောင်စုတ်”
သူသည် ညီ၏ဖြစ်သူ၏ အင်္ကျီကော်လံကို ဆွဲကိုင်ပြီး အိမ်ရှေ့သို့ လွှင့်ပစ်လိုက်သည်။ လီယဲ့ရှန့်သည် မြေပေါ်သို့ လဲကျသွားပြီး ကြောက်ရွံ့စွာဖြင့် ကွေးနေခဲ့သည်။
“မင်းက အဲဒီလူညစ် လီရှန်းဖျင်နဲ့ ရင်းနှီးတယ်ဆိုတာ ငါသိတယ်။ မနက်ဖြန်ကျရင် သူတို့အိမ်ထဲကို ခိုးဝင်ပြီး သူတို့ဆီက ဖရဲသီးနှစ်လုံးလောက် ခိုးလာခဲ့ရမယ်”
သူက ရက်စက်စွာ ဟိန်းဟောက်လိုက်သည်။
xxxxxxxxxx
လီမုထျန်းသည် သူ၏ သားသုံးယောက်နှင့်အတူ ရွာအစွန်မှ ရွာအဝင်ဝဆီသို့ လျှောက်လာရာ အိမ်တံခါးဝများတွင် အနားယူနေသော ရွာသားများထံမှ အပြုံးများနှင့် နှုတ်ဆက်စကားများစွာ လက်ခံရရှိခဲ့သည်။
“ဦးလေးမုထျန်း ဘယ်သွားမလို့လဲ”
“စာပေပညာရှင်ဆီကို ပေးစရာလေးရှိလို့ပါ”
လီမုထျန်းက သူ၏လက်ထဲမှ အသားဆားနယ်ကိုမြှောက်ပြရင်း ပြုံးရွှင်စွာ ပြန်ဖြေလိုက်သည်။
ရွာအဝင်ဝရောက်သောအခါ သူသည် ပတ်ဝန်းကျင်ကို စူးစမ်းကြည့်ရှုလိုက်ပြီး လီထုန်ယာနှင့် လီရှန်းဖျင်တို့၏ ပခုံးများကိုပုတ်ကာ တိုးတိုးလေး ပြောလိုက်သည်။
“သွားနှင့်ကြ”
သူတို့နှစ်ဦးသည် နားလည်စွာဖြင့် ခေါင်းညိတ်လိုက်ကြပြီး ထူထပ်သော ကျူတောများအတွင်းသို့ အလျှင်အမြန် တိုးဝင်ပျောက်ကွယ်သွားခဲ့ကြသည်။
လီမုထျန်းသည် အဝေးဆီသို့ စိုးရိမ်သောအကြည့်ဖြင့် ငေးမောကြည့်ရှုနေခဲ့သည်။
ဖခင်ဖြစ်သူ၏ မသက်မသာဖြစ်မှုကို ခံစားမိသော လီချန်းဟူက သတိပေးစကား ပြောလိုက်သည်။
“သူတို့ကို ထူးဆန်းတာတစ်ခုခုတွေ့ရင် အဝေးမှာနေဖို့ အစောကြီးကတည်းက ပြောထားသင့်တယ်။ တစ်ခုခုဖြစ်လာမှဆို နောက်ကျသွားပြီ”
“ထုန်ယာက ဘာလုပ်ရမလဲဆိုတာကို သိတာ သေချာပါတယ်”
လီမုထျန်းက နှစ်သိမ့်စကား ဆိုလိုက်သည်။ သူ၏ မျက်ဝန်းများကိုမူ မှေးကျဉ်းထားခဲ့ပြီး ခေါင်းထဲတွင် အတွေးပေါင်းစုံက ပြေးလွှားနေသော အရိပ်များကဲ့သို့ တရစပ် လှည့်ပတ်လျှက် ရှိနေခဲ့သည်။
သူသည် ယနေ့ည သူ၏သားများအပေါ် ကျရောက်နိုင်သော ဘေးအန္တရာယ်ကို ကောင်းစွာသတိပြုမိပေသည်။ သူတို့ကို ဆုံးရှုံးရနိုင်သော အန္တရာယ်ရှိနေပြီး လီချန်းဟူသည်သာ တစ်ဦးတည်းသော အမွေဆက်ခံသူအဖြစ် ကျန်ခဲ့နိုင်ချေရှိသည်ကို ကောင်းစွာသိရှိထားသည်။ သို့သော်လည်း သူတို့သာ ဘေးကင်းစွာပြန်လာနိုင်လျှင် လီမိသားစုကို အမြင့်တစ်ခုဆီသို့ မြှင့်တင်ပေးနိုင်မည် ဖြစ်ပေသည်။ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း မိမိဆုံးဖြတ်ချက်၏ လေးလံလှသော ဝန်ထုပ်ဝန်ပိုးကြောင့် စိတ်ထဲတွင် ပြင်းပြင်းထန်ထန် လွန်ဆွဲနေမိတော့သည်။"
“နှစ်ပေါင်းနှစ်ရာကြာခဲ့ပြီ…”
လီမိသားစုသည် ဤမြေပေါ်တွင် နှစ်ပေါင်းနှစ်ရာကြာ ပင်ပန်းဆင်းရဲကြီးစွာ အလုပ်လုပ်ခဲ့ကြသည်။ ယခုအခါ ဘဝကို ပြောင်းလဲပေးနိုင်သည့် အခွင့်အရေးတစ်ခုနှင့် ရင်ဆိုင်ရသောအခါ လီမုထျန်းသည် စိတ်ပိုင်းဆိုင်ရာအရ အလွန်နာကျင်ရသော်လည်း သူ့မိသားစု၏ အကျိုးစီးပွားအတွက် ဉာဏ်ရှိသည့် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့ရသည်။
ခြံဝင်းတံခါး ရုတ်တရက် ပွင့်လာခဲ့ပြီး သူ၏အတွေးများကို ဖြတ်တောက်ပစ်လိုက်တော့သည်။ ဟန်ဝမ်ရွှီသည် လက်ထဲတွင် ပန်းကန်လုံးငယ်တစ်လုံးကိုကိုင်ရင်း နားမလည်နိုင်သောအကြည့်ဖြင့် ထိုနေရာတွင် ရပ်နေခဲ့သည်။
“ညီအစ်ကိုလီ”
“ဆရာဟန်”
လီမုထျန်းက နှုတ်ဆက်လိုက်သည်။ ထို့နောက် ဝမ်းသာအားရပြုံးလျှက် ရှေ့သို့တိုးလာပြီး အသားခြောက်ကို သစ်သားစားပွဲပေါ်တွင် တင်လိုက်သည်။
“ခင်ဗျားက အတော်ရက်ရောတာပဲ”
ဟန်ဝမ်ရွှီက ခေါင်းညိတ်ကာ ပြုံးရင်းပြောလိုက်သည်။
သူသည် အသားတစ်တုံးကို လှီးဖြတ်ကာ အတုံးသေးသေးလေးများအဖြစ် ပန်းကန်ထဲတွင် ပြင်ဆင်လိုက်ပြီး ၎င်းနှင့်အတူ အချဉ်စိမ်ထားသော အသီးအရွက်များကိုပါ တွဲဖက်၍ တည်ခင်းလိုက်သည်။
ထို့နောက် သူတို့နှစ်ဦးသည် ယူကလစ်သားဖြင့် ပြုလုပ်ထားသော စားပွဲငယ်လေးတစ်ခုကို ဆွဲထုတ်ကာ ဆန်အရက် နှစ်ခွက်ကို ငှဲ့လိုက်ပြီး တံခါးဝတွင်ထိုင်၍ စကားစမြည် ပြောဆိုကြတော့သည်။
“ဟိုပျံသန်းနေတဲ့အင်မော်တယ်တွေ နောက်ဆုံးတော့ ရပ်တန့်သွားကြပြီပေါ့”
လီမုထျန်းက သက်သာရာရသွားဟန်ဖြင့် သက်ပြင်းတစ်ချက် ချလိုက်မိသည်။
ဟန်ဝမ်ရွှီက ပခုံးတစ်ချက်တွန့်ကာ စုပ်သပ်လိုက်သည်။
“အင်မော်တယ်တွေတဲ့လား။ ကျုပ် ၁၂နှစ်သားတုန်းက အင်မော်တယ်တစ်ပါး ကျုပ်တို့မြို့ကို ကြွလာခဲ့ဖူးတယ်”
သူ၏မျက်နှာပေါ်တွင် အတိတ်ကို လွမ်းဆွတ်သတိရသွားဟန်ဖြင့် ဆက်ပြောသည်။
“သူက ပါရမီပါတဲ့လူတွေကို ရှာနေတယ်လို့ပြောတယ်။ ကလေးပေါင်း တစ်ထောင်ကျော်ထဲကမှ သုံးယောက်ကိုပဲတွေ့ပြီး ခေါ်သွားခဲ့တယ်။ ဘယ်သူသိမှာလဲ။ ကျုပ်တို့ ဒီနေ့မြင်နေရတဲ့ အင်မော်တယ်တွေထဲက တချို့ဟာ အဲဒီမြို့သူမြို့သားတွေတောင် ဖြစ်နေနိုင်တယ်”
“အင်မော်တယ်တွေနဲ့ တွေ့ဆုံဖို့၊ ဒီလိုအခွင့်အရေးတွေက တကယ့်ကို ရှားပါးလွန်းပါတယ်”
လီမုထျန်းက ခဏတာ ငြိမ်သက်သွားပြီးနောက် စာပေပညာရှင်ကို နှစ်သိမ့်ရင်း ပြန်ပြောလိုက်သည်။
“အမှန်ပဲ၊ တကယ့်ကို တွေ့ရဖို့ခက်ခဲတယ်…”
ဟန်ဝမ်ရွှီသည် လမင်းကြီးကို စိုက်ကြည့်ရင်း အတွေးထဲတွင်နစ်မြောကာ တိုးတိုးလေး ရေရွတ်လိုက်သည်။
နှစ်ဦးစလုံးသည် မိမိတို့၏ သောကကိုယ်စီဖြင့် အတွေးနက်နေကြကာ တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေမိကြတော့သည်။