← Chapters

အခန်း ၆

Vol. 1 Ch. 6

အခန်း ၆

Vol. 1 Ch. 6

အခန်း - (၆) ကျောက်စိမ်း

လီထုန်ယာနှင့် လီရှန်းဖျင်တို့သည် ကျူပင်များကြားထဲမှ တစ်ဖြည်းဖြည်း တွန်းထိုးဖယ်ရှားကာ ဖြတ်လျှောက်လာစဉ် သူတို့လက်ထဲရှိ ညိုပြာရောင်ကြေးမုံထံမှ နွေးထွေးပြီး စည်းချက်မှန်မှန် တုန်ခါနေသော အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

လီရှန်းဖျင်က အလင်းတန်းညွှန်ပြနေသော ဦးတည်ရာဘက်သို့ ကြည့်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“ဒီလမ်းက လရှုစားကန်ကို သွားတဲ့လမ်းပဲ။ ကုလီလမ်းကနေ လမ်းလျှောက်လာရင် နာရီဝက်လောက်ပဲ ကြာလိမ့်မယ်”

လီထုန်ယာက ခေါင်းခါပြီး ပြောလိုက်သည်။

“ငါတို့ ကုလီလမ်းက သွားလို့မဖြစ်ဘူး။ ကျူပင်တွေကြားကပဲ ဖြတ်သွားကြရအောင်” လီရှန်းဖျင်က သဘောတူကြောင်း တိုးတိုးလေးရေရွတ်လိုက်ပြီး အစ်ကိုဖြစ်သူနောက်သို့ လိုက်သွားခဲ့သည်။

လုကျန်းရှန်းသည် ဆွဲအားက ပိုမိုပြင်းထန်လာသည်ကို ခံစားလိုက်ရသည်။ သူတို့ ကျူပင်များထဲသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်သွားသည်နှင့်အမျှ သူ၏ရှေ့မှ အလင်းရောင်သည် ပိုမိုတောက်ပလာခဲ့ပြီး တည်ငြိမ်ပြီး ကြည်လင်နေသော ရေကန်၏ ပုံရိပ်ကို ဖော်ပြနေခဲ့သည်။ ထိုနေရာတွင် ဇင်ယော်ဖြူတစ်အုပ်က ကမ်းစပ်တစ်လျှောက် ခြေတစ်ဖက်ထောက်ရပ်ရင်း အနားယူနေကြသည်။

လီရှန်းဖျင်၏ လက်ထဲရှိ ကြေးမုံသည် တဖြည်းဖြည်းနှင့် ပို၍ ပူလောင်လာသဖြင့် သူ၏စိတ်ထဲတွင် စိုးရိမ်ထိတ်လန့်မှုများဖြင့် ပြည့်နှက်လာခဲ့သည်။ သူသည် လီထုန်ယာကို မော့ကြည့်လိုက်သောအခါ ဒုတိယအစ်ကိုဖြစ်သူ၏ မျက်နှာအမူအရာသည် တင်းမာနေကာ နှုတ်ဆိတ်နေသည်ကိုသာ တွေ့လိုက်ရသည်။ သူ၏မျက်ဝန်းအစုံ၌ စိုးရိမ်ပူပန်မှုများသာ ပြည့်နှက်နေခဲ့သည်။

“ငါတို့လို သေမျိုးတွေအတွက် အင်မော်တယ် ဖြစ်နိုင်ဖို့ဆိုတာ တကယ်ပဲ လက်လှမ်းမီနိုင်ရဲ့လား …”

လီရှန်းဖျင်သည် သူ၏လက်ထဲမှ ပူလောင်မှုများကို သတိထားမိဟန်မရှိဘဲ တွေးတောနေခဲ့သည်။

“ခဏတောင့်ခံထားပါဦး ကြေးမုံရေ။ ငါတို့ရောက်တော့မှာပါ”

သူသည် ထိုညိုပြာရောင်ရတနာကို ဆုပ်ကိုင်ထားရင်း ရေရွတ်လိုက်မိသည်။

မကြာမီပင် သူတို့သည် ထူထဲသော ကျူတောထဲမှ ထွက်လာနိုင်ခဲ့ပြီး သူတို့ရှေ့တွင် တောက်ပနေသော လရှုစားကန်ကို တွေ့လိုက်ရသည်။ ထိုစဉ် လန့်ဖျပ်သွားသော ဇင်ယော်တစ်အုပ်က အလန့်တကြား ပျံတက်သွားကြသည်။

လုကျန်းရှန်း၏အကြည့်သည် ရေကန်၏အလယ်ရှိ ကျောက်ဆောင် သောင်ခုံတစ်ခုပေါ်တွင် စူးစိုက်နေခဲ့သည်။ ရေညှိများ ဖုံးလွှမ်းနေသော ကျောက်တုံးများကြားတွင် ကျောက်စိမ်းတစ်တုံးသည် အက်ကြောင်းတစ်ခုထဲတွင် ခိုင်မာစွာညှပ်နေပြီး အဖြူရောင်အလင်းတန်းများဖြင့် တောက်ပနေခဲ့သည်။

ကြေးမုံဆီမှ ဖြူဖွေးတောက်ပသော လရောင်အလင်းတန်းတစ်ခု ထုတ်လွှတ်လိုက်သောအခါ လီထုန်ယာနှင့် လီရှန်းဖျင်တို့သည် သူတို့ရှေ့ရှိ ကျောက်တုံးများကြားတွင် ညှပ်နေသော တောက်ပနေသည့် အဖြူရောင်ကျောက်စိမ်းကို ခပ်ရေးရေး မြင်တွေ့လိုက်ရသည်။

အံ့ဩမှုနှင့် စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေသော အကြည့်ချင်းဖလှယ်ပြီးနောက် လီရှန်းဖျင်သည် ရေထဲသို့ဆင်းရန်အတွက် သူ၏အဝတ်အစားများကို စိတ်အားထက်သန်စွာ ချွတ်ချလိုက်သည်။

“ခဏနေဦး”

လီထုန်ယာက သူ့ကို နောက်သို့ လှမ်းဆွဲလိုက်ရင်း သတိပေးတားမြစ်လိုက်သည်။

“ငါသွားယူလိုက်မယ်။ မင်း ဒီမှာ ကြေးမုံနဲ့အတူနေခဲ့။ ကောင်းကင်မှာ လက အဲဒီနေရာကိုရောက်တဲ့အထိ ငါပြန်မလာသေးဘူးဆိုရင်…”

သူက အပေါ်သို့လက်ညှိုးထိုးလိုက်ပြီး လသွားရာလမ်းကြောင်းကို ညွှန်ပြရင်း ဆက်ပြောလိုက်သည်။

“အဲဒါဆိုရင် ကြေးမုံကို ကျူပင်တွေကြားထဲမှာ ဝှက်ထားလိုက်ပြီး ကုလီလမ်းဘက်ကိုသွားလိုက်။ အိမ်ကိုချက်ချင်းမပြန်နဲ့”

လီထုန်ယာက ညီဖြစ်သူကို စေ့စေ့ကြည့်ရင်း ညွှန်ကြားလိုက်သည်။

“နေထွက်တဲ့အထိစောင့်။ ပြီးမှ အခြေအနေဘယ်လိုရှိလဲကြည့်ဖို့ ပြန်လာခဲ့”

“နားလည်ပြီ…”

လီရှန်းဖျင်သည် ဝမ်းနည်းစိတ်ကို ဖုံးကွယ်မရတော့ဘဲ အသံတုန်ရီလျှက် ပြန်ဖြေလိုက်သည်။ ထို့နောက် မျက်ရည်များကို သုတ်လိုက်ပြီး ဒုတိယအစ်ကိုဖြစ်သူကို ငေးကြည့်နေလိုက်သည်။

လီထုန်ယာက နှစ်သိမ့်ပေးဟန်ဖြင့် ခပ်ဖွဖွရယ်မောလိုက်ပြီး သူ၏အဝတ်အစားများကို ချွတ်ချလိုက်ရာ သွယ်လျကျစ်လစ်သော လက်မောင်းအစုံ အထင်အရှား ပေါ်ထွက်လာခဲ့သည်။ ထို့နောက် သူက ကိုယ်ကိုလှည့်ကာ ရေကန်ဘက်သို့ ကူးခတ်သွားလေရာ လီရှန်းဖျင်သည် ကျူပင်များထဲတွင်ပုန်းကွယ်ကာ သူ့ကို စူးစိုက်ကြည့်ရင်း ကျန်နေရစ်ခဲ့တော့သည်။

လွန်ခဲ့သောနှစ်များစွာက သူ၏ဖခင်နှင့် အစ်ကိုများနှင့်အတူ လရှုစားကန်ကို လာလည်စဉ်အခါက ထိုရေကန်တွင် အကြိမ်ပေါင်းများစွာ ရေကူးခဲ့ဖူးသည်။ ဤရင်းနှီးမှုကိုအားပြုရင်း ရေကန်အလယ်ဆီသို့ အလွယ်တကူ ရောက်ရှိသွားခဲ့သည်။

လီထုန်ယာသည် ကျွန်းပေါ်မှ ကျောက်ဆောင်အက်ကြောင်းများကို သေသေချာချာ စစ်ဆေးကြည့်ရှုလိုက်သည်။ အမွှေးတိုင်တစ်တိုင်စာ လောင်ကျွမ်းချိန် ကုန်ဆုံးပြီးနောက် သူ သက်ပြင်းတစ်ချက် ချလိုက်မိသည်။

“ဘာမှမရှိဘူး”

သူက မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်သည်။ နောက်တစ်ကြိမ် စစ်ဆေးကြည့်ရှုနေစဉ် သူသည် မရည်ရွယ်ဘဲ မြစ်ဂဏန်းငယ် ငါးကောင်၊ ခြောက်ကောင်ခန့်ကို ဆွဲထုတ်မိလိုက်သည်။

ထို့နောက် သူ၏လက်ချောင်းများက ချောမွေ့ပြီး အေးမြသောအရာတစ်ခုနှင့် ထိတွေ့သွားခဲ့သည်။ သူက အသာအယာ ဆွဲထုတ်လိုက်သောအခါ လက်နှစ်လုံးစာခန့်ထူသော ကျောက်စိမ်းတုံးတစ်တုံး လက်ထဲတွင် ပါလာခဲ့သည်။

ဤစက်လုံးပုံကျောက်စိမ်းပေါ်တွင် စာလုံးများ ထွင်းထုထားသည်။ လီထုန်ယာက ထိုစာလုံးများကို လရောင်အောက်တွင် အားစိုက်ဖတ်ရှုကြည့်လိုက်သည်။

“အထွဋ်အထိပ်... ချီ… မရီဒန် အားဖြည့်…”

သူသည် စာလုံးအနည်းငယ်ကိုသာ ဖတ်နိုင်ခဲ့သည်။ သူသည် ရွာရှိ စာပေပညာရှင်ထံမှ ငယ်ရွယ်စဉ်ကတည်းက စာပေသင်ယူခဲ့သော်လည်း ကျောက်တုံးပေါ်မှ ရှုပ်ထွေးသောပုံစံများကြောင့် စာလုံးများကို အဓိပ္ပာယ်ဖော်ရန် ခက်ခဲနေခဲ့သည်။

သူသည် ကမ်းစပ်ဘက်သို့ ပြန်လှမ်းကြည့်ရင်း ကျောက်စိမ်းကို ဆုပ်ကိုင်ကာ ပြန်ကူးခတ်လာခဲ့သည်။

“ညီသုံး”

သူက ကျူပင်များအနီးသို့ ရောက်ရှိလာသောအခါ လေသံအုပ်အုပ်ဖြင့် ခေါ်လိုက်သည်။

လီရှန်းဖျင် ထွက်ပေါ်လာသောအခါ လီထုန်ယာက ကျောက်စိမ်းတုံးကိုပြရန် လက်ဆန့်ထုတ်လိုက်သည်။ သို့သော် သူ့လက်ကို ဖြန့်လိုက်သည်နှင့် ကျောက်စိမ်းတုံးသည် အဖြူရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကြေးမုံထဲသို့ ဝှစ်ခနဲ ဝင်ရောက်သွားခဲ့သည်။

ညီအစ်ကိုနှစ်ဦးသည် ကြေးမုံပေါ်မှ အဖြူရောင်အလင်းတန်းနှင့် လရောင်တို့ အတူတကွ ရောယှက်လှည့်ပတ်သွားပြီးနောက် ကြေးမုံပြင်ထဲသို့ တစ်သားတည်း ပေါင်းစည်းဝင်ရောက်သွားသည်ကို အံ့အားသင့်မှင်သက်စွာ ငေးကြည့်နေမိကြတော့သည်။

ကြေးမုံထဲရှိ လုကျန်းရှန်းသည် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သတင်းအချက်အလက်ပေါင်းများစွာက သူ၏စိတ်အာရုံထဲသို့ အလွန်အမင်း လျှင်မြန်စွာ ဒလဟော တိုးဝင်လာခဲ့သဖြင့် သူသည် နာကျင်စွာ အော်ဟစ်ရင်း သတိလစ်မေ့မြောသွားခဲ့တော့သည်။

ကျောက်စိမ်းတုံးကို စုပ်ယူပြီးနောက် ကြေးမုံပေါ်ရှိ အဖြူရောင်အလင်းသည်လည်း တဖြည်းဖြည်း မှေးမှိန်သွားခဲ့သည်။

ရွှေဝါရောင်နေမင်းက သူ၏ ပထမဆုံးရောင်ခြည်များကို ဖြာချလိုက်သောအခါ ၎င်းတို့သည် လီထုန်ယာ၏ ဗလာကျင်းနေသော ကိုယ်အထက်ပိုင်းကို လာရောက်ရိုက်ခတ်ကာ သူ၏ အရေပြားထက်တွင် တောက်ပလင်းလက်နေသည့် ရွှေရောင်အစင်းကြောင်းများကို ထင်ရှားစွာ ပေါ်လွင်နေစေတော့သည်။

သူက ညီဖြစ်သူဘက်သို့လှည့်ပြီး အကြံပြုလိုက်သည်။

“အရင်ဆုံးအိမ်ပြန်ကြစို့”

လီမုထျန်းသည် အနီရောင်ဆေးသုတ်ထားသော သစ်သားစားပွဲတွင်ထိုင်နေပြီး သူ၏သားနှစ်ယောက်က ဖြစ်ရပ်များကို ပြန်ပြောပြသည်ကို အာရုံစိုက် နားထောင်နေခဲ့သည်။

သူက လီထုန်ယာကို ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။

“တော်တယ်”

သူနှင့် လီချန်ဟူတို့သည် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေကာ တစ်ညလုံး အိပ်၍မပျော်ခဲ့ပေ။ ယခုအခါ သူ၏သားနှစ်ယောက် ဘေးကင်းစွာ ပြန်ရောက်လာသည်ကို မြင်သောအခါမှသာ သူ၏စိုးရိမ်စိတ်များသည် နောက်ဆုံးတွင် ပြေလျော့သွားခဲ့သည်။

“ငါတို့အိမ်က ကျယ်ဝန်းတယ်။ အိမ်နောက်ဘက်မှာ တောင်ကိုမှီထားပြီး ရှေ့မှာ ဖရဲခင်း နှစ်ကွက်ရှိတယ်။ ငါက နောက်ထပ် အိမ်နှစ်လုံး ထပ်တိုးဆောက်ပြီး ပတ်ဝန်းကျင်က စပ်စုချောင်းမြောင်းချင်တဲ့ မျက်လုံးတွေရန်ကနေ ကာကွယ်နိုင်အောင် ခိုင်ခံ့တဲ့ အိမ်ရှေ့တံခါးကြီးနဲ့ ခြံဝင်းတစ်ခုပါ တွဲဆောက်ဖို့ စဉ်းစားနေတာ”

လီမူထျန်က တွေးတွေးဆဆဖြင့် ဖွင့်ဟလိုက်သည်။

သူသည် အရွယ်ရောက်လာသော ကလေးများက သူတို့၏ ကိုယ်ပိုင်နေရာ လိုအပ်လာမည့်နေ့ကို မျှော်လင့်ရင်း ဤအကြောင်းကို အချိန်အတန်ကြာကတည်းက စဉ်းစားထားခဲ့သည်။

လီမိသားစုသည် ရွာထဲတွင် လူလေးစားခြင်းခံရသည်။ ထိုသည်မှာ လီမုထျန်း စစ်တပ်မှထွက်ပြီးနောက် ဝယ်ယူခဲ့သော မြေ ဆယ် “မူ” ကျော်နှင့် သူ၏စုဆောင်းငွေများကြောင့်ဖြစ်သည်။ ၎င်းနှင့်အတူ သူ၏ဖခင်ထံမှ အမွေဆက်ခံခဲ့သော နောက်ထပ် ငါး “မူ” ကိုပါ ပေါင်းလိုက်လျှင် သူတို့၏ စုစုပေါင်းမြေပိုင်ဆိုင်မှုသည် “မူ” နှစ်ဆယ်ခန့်ရှိသည်။

(Note. ၁ မူဟာ ၁ ဟက်တာ ရဲ့ ၁၅ ပုံ တစ်ပုံ ရှိပါတယ်။ ဒါကြောင့် ၂၀ မူဟာ ၁.၃၃ ဟက်တာ ရှိပါတယ်။ ၁ ဟက်တာမှာ ၂.၄၇၁ ဧက ရှိပါတယ်။​ ဒါကြောင့် ၁.၃၃ ဟက်တာ မှာ ၃ ဧက ကျော်ကျော်လောက် ရှိပါတယ်။ မူ ၂၀ ဟာ ၃ ဧက ကျော်ကျော်လောက်လို့ မှတ်လို့ရပါတယ်။)

လီကျင်းရွာ၏ မြေသြဇာကောင်းသောမြေများ၊ တန်ဖိုးရှိသော ကျူပင်များနှင့် ရွှံ့နွံမြေနုကျွန်းများက သူတို့ကို ကောင်းစွာထောက်ပံ့ပေးခဲ့သည်။

အသီးအနှံအထွက်တိုးသော နှစ်တစ်နှစ်တွင် သူတို့၏ လယ် “မူ” နှစ်ဆယ်မှ အထွက်နှုန်းသည် လူဆယ်ယောက်ထက်မကကို ကျွေးမွေးနိုင်ပေသည်။ ထိုသို့သော ထုတ်လုပ်မှုစွမ်းအားသည် လီမိသားစုကို သာမန်လယ်သမားများအဖြစ်မှ မြေပိုင်ရှင်အဆင့်သို့ မြှင့်တင်ပေးနိုင်သည့် အလားအလာရှိပေသည်။

သူတို့မိသားစုတွင် ချမ်းသာကြွယ်ဝမှုများ ရှိနေသော်ငြား လီမုထျန်းကမူ သူ၏သားသမီးများကို နောင်တစ်ချိန်တွင် မိမိခြေထောက်ပေါ်မိမိ ရပ်တည်နေထိုင်နိုင်စေရန် ပြင်ဆင်ပေးသည့်အနေဖြင့် စာပေပညာ သင်ကြားခြင်းနှင့် လယ်ယာစိုက်ပျိုးခြင်းကိုပါ နှစ်ခုစလုံး တွဲဖက်လုပ်ကိုင်ကြရန် အလေးအနက် တိုက်တွန်းနှိုးဆော်ခဲ့သည်။

"ငါတို့ မိသားစုကို တစုတစည်းတည်း ရှိနေအောင် ထိန်းသိမ်းရမယ်။ အိမ်ထောင်ဖက် ရှာတဲ့အခါမှာလည်း လီမိသားစုထဲမှာပဲ နေရမယ်"

သူက ရေရွတ်လိုက်သည်။ သူသည် မြို့ကြီးရှိ မျိုးရိုးမြင့် မိသားစုကြီးများ၏ ထည်ဝါခမ်းနားမှုများကို ပြန်လည်တွေးနေမိခြင်း ဖြစ်၏။ ထိုသို့သော မိသားစုကြီးများတွင် မျိုးဆက်ပေါင်းများစွာသည် အိမ်တစ်အိမ်တည်း၌ အတူတကွ နေထိုင်ကြကာ စာပေသင်ယူခြင်း သို့မဟုတ် တပ်ထဲတွင် တာဝန်ထမ်းဆောင်ခြင်းအလုပ်များကို လုပ်ကိုင်ကြသည်။ တစ်ဖက်တွင် ဆင်းရဲသော မိသားစုများမှာမူ အရပ်ရပ်ဆီသို့ ကွဲလွင့်သွားတတ်ကြပြီး မိသားစုဝင် တစ်ဦးချင်းစီသည် မိမိတို့ဘာသာ ကိုယ့်ဝမ်းကိုယ်ကျောင်းကာ ရုန်းကန်ကြရရှာသည်။

“ငါဆုံးဖြတ်ချက်ချပြီးပြီ”

လီမုထျန်းက သူ၏သားများဘက်သို့လှည့်ရင်း ပြတ်သားစွာ ပြောလိုက်သည်။

“မင်းတို့အစ်ကိုကြီးကို လယ်ကွင်းထဲကနေ ခေါ်လိုက်တော့။ ငါတို့ မြေကွက်တွေကိုညှိပြီး လယ်တွေကို အငှားချမယ်။ နောက်ဆို လယ်ကိစ္စတွေကို သူရင်းငှားတွေပဲ ကြည့်လုပ်ကြလိမ့်မယ်။ မင်းတို့ အငယ်ဆုံးညီလေးလည်း ဒီနေ့ညနေ ပိုးစာရွက် သွားခူးနေစရာ မလိုတော့ဘူး။ သူက ဆရာဟန်ဆီမှာပဲ အချိန်ပေးပြီး စာပေကို လေ့လာသင်ယူရမယ်။”

“ကောင်းပါပြီ”

လီရှန်းဖျင်က တစ်ညလုံး မအိပ်ရသေးသော်လည်း တက်ကြွစွာ ပြန်ဖြေလိုက်ပြီး အပြင်ဘက်သို့ အလျှင်အမြန်ထွက်သွားတော့သည်။

လီထုန်ယာက ခဏတာမျှ တွေးတောပြီးနောက် သူ၏ဖခင်ဖြစ်သူကို မေးလိုက်သည်။

“အဖေက ကလန်တွေရဲ့ လမ်းစဉ်အတိုင်း လုပ်ဖို့စဉ်းစားနေတာလား။ ဘိုးဘေးခန်းမတွေ တည်ထောင်တာ၊ ကလန်စံအိမ်တော်တွေ တည်ဆောက်တာ၊ ပြီးတော့ စာပေနဲ့ စစ်ရေးအတတ်ပညာတွေကို အဓိကထားပြီး လေ့ကျင့်သင်ကြားပေးမလို့လား”

“လီမိသားစုက နှစ်ပေါင်းနှစ်ရာကြာ စုဆောင်းလာခဲ့တာ။ အခုက အချိန်ကျပြီ”

လီမုထျန်းက ပြုံးရင်း လက်ဝေ့ယမ်းကာ ပြောလိုက်သည်။

"စာပေပညာနဲ့ သိုင်းပညာ လေ့လာဆည်းပူးဖို့အကြောင်း ပြောရရင်... ကုလီလမ်းတစ်လျှောက် သွားရလာရတာက အန္တရာယ်တွေနဲ့ ပြည့်နှက်နေသလို တလီတောင်ထဲကို အဝင်အထွက်လုပ်ဖို့ ဆိုတာကလည်း အသက်နဲ့ရင်းရတဲ့ လမ်းခရီးမျိုးပဲ။ စာပေသင်ယူဖို့၊ သိုင်းကျင့်ဖို့အတွက် ယွဲ့ပြည်နယ်အထိ အဝေးကြီး သွားနေစရာ မလိုပါဘူး။ ငါတို့လိုချင်တာက မိသားစုရဲ့ စီးပွားရေးအခြေခံအုတ်မြစ်ကို ခိုင်ခိုင်မာမာ တည်ဆောက်ပြီး ငါတို့တွေ ရှင်သန်ရပ်တည်နိုင်ဖို့ပဲ။”

“ကျွန်တော်လည်း သဘောတူပါတယ်။ စာပေနဲ့ သိုင်းပညာထက် ပိုစိတ်ဝင်စားစရာကောင်းတာ တစ်ခုခုများ တွေ့နိုင်မလားဆိုတာ ဘယ်သူသိနိုင်မလဲ”

လီထုန်ယာက တိုးညင်းစွာ ပြန်ပြောလိုက်သည်။

“ဒီလို မဟုတ်တရုတ်တွေ မပြောနဲ့”

လီမုထျန်းက အားရပါးရ ရယ်မောလိုက်ပြီး လီထုန်ယာ၏ပခုံးကိုပုတ်ကာ လက်နှစ်ဖက်ကို နောက်ပစ်လျှက် အိမ်အပြင်သို့ လျှောက်ထွက်သွားခဲ့တော့သည်။

All Chapters