← Chapters

အခန်း ၈

Vol. 1 Ch. 8

အခန်း ၈

Vol. 1 Ch. 8

အခန်း - (၈) လက်ခံရယူခြင်းကျင့်စဉ်

“ဂမ္ဘီရပုလဲယဇ်ဝိညာဉ်မန္တန်” သည် “အထွဋ်အထိပ်ယင် မရီဒန်အားဖြည့်ကျမ်း” ထက် များစွာပိုမိုကျယ်ပြန့်သည်။ ၎င်းတွင် အဓိကအားဖြင့် ကြေးမုံကိုအသုံးပြုပြီး အထွဋ်အထိပ်ယင်လရောင်စွမ်းအင်ကို ထိန်းချုပ်အသုံးချရန်နှင့် ဂမ္ဘီရပုလဲအဆောင်မျိုးစေ့ စုစည်းဖွဲ့တည်ပုံကို အသေးစိတ်ဖော်ပြထားသည်။

ဤအဆောင်မျိုးစေ့ကို အခြားသူတစ်ဦး၏ ဒန်တျန်ထဲတွင် ထည့်သွင်းပြီးသည်နှင့် ၎င်းသည် ထိုသူ၏ ကျင့်ကြံခြင်းကို အထောက်အကူပြုမည်ဖြစ်သည်။ ဤသူသည် ကျင့်ကြံခြင်း အောင်မြင်သည်ဖြစ်စေ၊ စောစီးစွာ သေဆုံးသွားသည်ဖြစ်စေ ၎င်းသည် သူ၏ကိုယ်ပိုင် အထွဋ်အထိပ်ယင်ဂမ္ဘီရအလင်းကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်မှုကို အထောက်အကူပြုမည်ဖြစ်သည်။

၎င်းထဲတွင် ဂမ္ဘီရပုလဲအဆောင်မျိုးစေ့ကို ကြေးမုံထဲမှထုတ်ယူပြီး လက်ခံသူ၏ ဒန်တျန်ထဲတွင် ပြုစုပျိုးထောင်ရန် လမ်းညွှန်ပေးသည့် လက်ခံရယူခြင်းကျင့်စဉ်တစ်ခု ပါဝင်သည်။

လုကျန်းရှန်းသည် ဂမ္ဘီရပုလဲယဇ်ဝိညာဉ်မန္တန်နှင့် ပတ်သက်၍ စိတ်မသက်မသာဖြစ်စေသော ခံစားမှုတစ်ခုကို ခံစားလိုက်ရ၍ ခဏမျှငြိမ်သက်သွားခဲ့သည်။ ၎င်းသည် အရင်က စာအုပ်များထဲတွင် သူဖတ်ဖူးသော နတ်ဆိုးပညာရပ်များထဲမှ တစ်ခုကဲ့သို့ မကောင်းဆိုးဝါးဆန်လွန်းလှသည်။

ဂရုတစိုက်တွေးတောကာ သေသေချာချာစေ့စေ့စပ်စပ် ဖတ်ရှုပြီးနောက် ဂမ္ဘီရပုလဲအဆောင်မျိုးစေ့သည် လက်ခံသူများအတွက် အန္တရာယ်မရှိရုံသာမက သိသာထင်ရှားသော အကျိုးကျေးဇူးများကိုပါ ပေးစွမ်းနိုင်ကြောင်း အတည်ပြုလိုက်သည်။

ဂမ္ဘီရပုလဲယဇ်ဝိညာဉ်မန္တန်သည် ကြေးမုံထံမှ အလိုအလျောက်နိုးထလာခဲ့သော မန္တန်တစ်ခုဖြစ်သည်။ သူစုစည်းဖွဲ့တည်နိုင်သော ဂမ္ဘီရပုလဲအဆောင်မျိုးစေ့ အရေအတွက်သည် သူ့နတ်ဘုရားအာရုံ၏ စွမ်းအားအပေါ်တွင်မူတည်၍ အကန့်အသတ်ရှိသည်။ လက်ရှိတွင် သူသည် မျိုးစေ့ခြောက်ခုကိုသာ ထိန်းထားနိုင်သည်။

လုကျန်းရှန်းသည် ထိုအကြောင်းအရာများကို ပြန်လည်တွေးတောရင်း လီမိသားစု၏ စံအိမ်ကို သူ၏နတ်ဘုရားအာရုံဖြင့် ဖြန့်ကျက်ကြည့်ရှုလိုက်ရာ များပြားလှစွာသော ပြောင်းလဲမှုများကို သတိပြုမိလိုက်သည်။

“အများကြီး ပြောင်းလဲသွားတာပဲ”

ကြေးမုံတွင်း သူရှိနေခဲ့သည့် သုံးနှစ်တာကာလအတွင်း လီမိသားစုသည် ရေကန်တစ်ကန် တူးဖော်၊ အိမ်ရာဝင်းကိုလည်း ချဲ့ထွင်ကာ ပိုမိုစည်ပင်ဝပြောလာခဲ့ပြီ ဖြစ်သည်။ လီချန်းဟူသည်လည်း အိမ်ထောင်ကျကာ မုတ်ဆိတ်မွေးများပင် ရှိလာခဲ့ပြီး မိသားစုခေါင်းဆောင်အသစ်အဖြစ် တာဝန်ယူနေခဲ့ပြီဖြစ်သည်။

သူ၏မန္တန်ကို အသုံးပြု၍ လီမိသားစုကို စစ်ဆေးကြည့်ရှုခဲ့သော်လည်း အင်မော်တယ် ကျင့်ကြံခြင်းအတွက်လိုအပ်သော “ဝိညာဉ်အပေါက်” ရှိသူ တစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရှိခဲ့ပေ။ သူသည် ဤအရာကို မျှော်လင့်ပြီးသားဖြစ်သော်လည်း အနည်းငယ် စိတ်ပျက်မိနေဆဲပင်။

မဖြစ်နိုင်လှသော အဖြစ်အပျက်တစ်ခုခု ဖြစ်ပျက်ခြင်းမျိုးမှလွဲလျှင် လီမိသားစုဝင် တစ်ဦးတစ်ယောက်မျှ အင်မော်တယ် ဖြစ်လာနိုင်မည်မဟုတ်ပေ။ သူတို့၏ ကံကြမ္မာများသည် သက်တမ်း အနှစ်ခုနစ်ဆယ်ထက်မပိုသော သေမျိုးလူသားများအဖြစ်နှင့်သာ ကုန်ဆုံးရပေမည်ဖြစ်သည်။

လုကျန်းရှန်းသည် လီမိသားစုကို လေ့လာကြည့်ရှုရင်း သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး မန္တန်ကို အသက်သွင်းလိုက်သည်။

စူးရှထက်မြက်သော မျက်လုံးများရှိသည့် လီချယ်ကျင်းသည် အပြောင်းအလဲကို ပထမဦးဆုံး သတိပြုမိလိုက်ပြီး အော်ခေါ်လိုက်သည်။

“ကြည့်ပါဦး အဖေ”

လီမိသားစုမှ ညီအစ်ကိုများသည်လည်း ချက်ချင်းပင် စုရုံးရောက်ရှိလာကြသည်။

လီမုထျန်းသည် ကြေးမုံကို အာရုံစိုက်ကာ ကြည့်နေလိုက်သည်။ ထိုစဉ် ကြေးမုံမျက်နှာပြင်ထက်တွင် အဖြူရောင်အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီးနောက် သေးငယ်လှသော စာလုံးလေးများ ထွက်ပေါ်လာခဲ့သည်။ သူက လီချယ်ကျင်း၏ ပုခုံးကိုပုတ်ကာ ညွှန်ကြားလိုက်သည်။

“ငါ့ဆီ ပိတ်စနဲ့ မင်အိုး ယူခဲ့စမ်း”

ညီအစ်ကိုများသည် လိုအပ်သောပစ္စည်းများကို စုဆောင်းရန် အလျှင်အမြန်ထွက်ခွာသွားကြသည်။

လီမိသားစု၏ အမြော်အမြင်ရှိစွာ စာကြည့်ခန်းတစ်ခု တည်ဆောက်ထားခြင်းသည် အသုံးဝင်လာခဲ့ပြီဖြစ်သည်။ ၎င်းတွင် ဆရာဟန်က သူတို့ကို လှူဒါန်းခဲ့သော စာပေရတနာလေးပါးဖြင့် ကောင်းစွာဖြည့်တင်းထားသည်။ မဟုတ်လျှင် သူတို့သည် ဤပစ္စည်းများအတွက် ရွာအဝင်ဝသို့ သွားရမည်ဖြစ်သည်။

လီချန်းဟူက အဝတ်စကို အမြန်ယူဆောင်လာပြီး လီထုန်ယာက သစ်သားစားပွဲနှင့်မင်ကို ယူဆောင်လာခဲ့သည်။ ကံကောင်းစွာပင် ကြေးမုံအနီးတွင်ရှိနေသော လီချယ်ကျင်းသည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သော အစောပိုင်းက စာလုံးများကို အလွတ်ကျက်မှတ်ထားပြီးဖြစ်သည်။

လီချယ်ကျင်းသည် ညီအစ်ကိုများထဲတွင် အငယ်ဆုံးဖြစ်သော်လည်း စာအဖတ်ဆုံးလည်းဖြစ်သည်။ ထို့ကြောင့် လီမုထျန်းသည် ပေါ်ထွက်လာသော စာလုံးငယ်များကို ကူးယူရေးသားရန် သူ့ကို တာဝန်ပေးအပ်ခဲ့သည်။

လက်ခံရယူခြင်းကျင့်စဉ်ကို ကူးယူရေးသားရခြင်းသည် အချိန်အတော်ကြာ ယူခဲ့ရသည်။ လီချယ်ကျင်းသည် သူ၏လက်ကောက်ဝတ် နာကျင်လာသည်အထိ အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်ကြာအောင် ဇွဲရှိရှိ ရေးသားခဲ့သည်။ ထို့နောက် လီထုန်ယာက ဆက်လက်တာဝန်ယူခဲ့ပြီး အခြားသူများက တိကျမှုရှိစေရန် ဂရုတစိုက် စောင့်ကြည့်နေခဲ့ကြသည်။

ထိုသို့ကူးယူရေးသားခြင်းသည် နှစ်နာရီမျှ ကြာမြင့်ခဲ့ပြီး ညီအစ်ကိုများက အလှည့်ကျ ကူးယူရေးသားခဲ့ကြသည်။

လုကျန်းရှန်းသည် ပိုမိုတိကျသေချာမှု ရှိစေရန်အတွက် စာလုံးများကို သုံးကြိမ်သုံးခါတိတိ ပေါ်ထွက်စေခဲ့သည်။ ၎င်းတွင် တာအိုကျင့်စဉ်ဆိုင်ရာ အသုံးအနှုန်းများ၏ အသေးစိတ်ရှင်းလင်းချက်များနှင့်အတူ ချီစွမ်းအင်လည်ပတ်ပုံနှင့် မရီဒန်လမ်းကြောင်းများ၏ ပုံကြမ်းများပါဝင်ပေသည်။

သူသည် ညီအစ်ကိုများက အသေးစိတ်တစ်ခုချင်းစီကို ဂရုတစိုက် စစ်ဆေးအတည်ပြုပြီးမှသာ အလင်းရောင်ကို တဖြည်းဖြည်း ပြန်လည်ရုပ်သိမ်းလိုက်သည်။

“လက်ခံရယူခြင်းကျင့်စဉ်”

လီရှန်းဖျင်သည် အဝတ်စမှ စာလုံးများကို တည်ငြိမ်သောအသံဖြင့် အသံထွက်ကာဖတ်လိုက်သည်။

“ပထမစက်ဝန်း၏ ကနဦးအဆင့်တွင် ဂမ္ဘီရပုလဲ အစစ်အမှန်ဆေးလုံးသည် နှလုံးသားကွန်ယက်ထဲသို့ ကျက်သရေရှိစွာ သက်ဆင်းလာသည်။ ဤသည်မှာ ဗဟိုနန်းတော်အတွင်း ဆေးလုံးအခန်း၏ နေရာချထားမှုကို အမှတ်အသားပြုသည်။ ဆေးလုံး သက်ဆင်းလာပြီးနောက် လူတစ်ဦးသည် အသက်ကို ကိုးကြိမ်အောင့်ထားရမည်ဖြစ်ပြီး ထိုအခါ စက်ဝန်းတစ်ခု ပြီးမြောက်သည်။ ထိုသည်ကို စက်ဝန်းကိုးခုစာ စက်ဝန်းတစ်ခုကို ကိုးကြိမ်စီ၊ စုစုပေါင်း ရှစ်ဆယ့်တစ်ကြိမ် ပြန်လည်ပြုလုပ်ရမည်ဖြစ်သည်။ ဤသည်ကို ကောင်းကင်ဘုံစက်ဝန်းကိုးခုဟု ရည်ညွှန်းသည်…”

“ဒါက အင်မော်တယ်မန္တန်ပဲ”

လီချန်းဟူက အံ့ဩဝမ်းမြောက်စွာဖြင့် အော်ပြောလိုက်ပြီး ကြေးမုံကို ပွေ့ဖက်နမ်းရှုံ့လိုစိတ်ကို မနည်းထိန်းချုပ်ထားရသည်။

ညီအစ်ကိုများသည် အဝတ်စကို လက်ဆင့်ကမ်းဖတ်ရှုကြပြီး မှတ်စုများကို အလွတ်မှတ်မိစေရန် တိတ်ဆိတ်စွာဖြင့် သေသေချာချာဖတ်ရှုကြသည်။

ထို့နောက် လီရှန်းဖျင်၏အကြည့်သည် နောက်ဆုံးစာကြောင်းအနည်းငယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။

“လက်ခံရယူခြင်းကိုပြီးမြောက်ရန် ကျားဇီနှစ်၊ ကန်းရှန်းနှစ်၊ သင်၏မွေးဖွားရာရာသီခွင်နှစ်၊ ယွမ်ပွဲတော်သုံးရက်၊ ရှစ်ခုမြောက် နေရောင်ခြည်စက်ဝန်းကာလ၊ သို့မဟုတ် လ၏ ပထမဆုံးနှင့် နောက်ဆုံးနေ့ကဲ့သို့သော နေ့ရက်များကို ရွေးချယ်ပါ။ ဤသည်တို့မှာ ယန်ဓာတ်က ယင်ဓာတ်ကို ရှင်းလင်းသည့် မင်္ဂလာရှိသောအချိန်များ ဖြစ်သည်။”

“လ၏အလင်းရောင်အောက်တွင် ရိုးရာဓလေ့ကိုပြုလုပ်ပါ။ အမွှေးတိုင်များမီးရှို့ပြီး ရေချိုးသန့်စင်ခြင်းကို ပြုလုပ်ပါ။ ထို့နောက် အောက်ပါအတိုင်း ရွတ်ဆိုပါ။

‘xxxမိသားစုမှ တပည့်တစ်ဦးအနေဖြင့် ဂမ္ဘီရအလင်းကို ရိုသေစွာလေးစားစွာ တောင်းခံအပ်ပါ၏။ ကျွန်ုပ်သည် တာအိုလမ်းစဉ်ကို လိုက်စားရန် မြှုပ်နှံထားပြီး ကျွန်ုပ်၏ ကံကြမ္မာကို အသင်၏လက်ထဲတွင် အပ်နှံပါ၏။ ကျွန်ုပ်သည် ကျွန်ုပ်၏သစ္စာစကားကို မဖောက်ဖျက်ဘဲ တည်မြဲပါမည်။ ဤအဆောင်ကို မီးရှို့ခြင်းဖြင့် အထွဋ်အထိပ်ယင်ကို ကျေးဇူးတင်ကြောင်းဖော်ပြပါ၏’ ဟုဆိုကာ နက်ရှိုင်းစွာ ဦးညွှတ်တောင်းဆိုပါ။ ဤနောက်တွင် လေကို သုံးကြိမ်ရှူရှိုက်ပါ”

“ကျွန်ုပ်သည် ကျွန်ုပ်၏ကတိကို မဖောက်ဖျက်ဘဲ ထိန်းသိမ်းပါမည်။ ဤအဆောင်ကို မီးရှို့ခြင်းဖြင့် အထွဋ်အထိပ်ယင်ဓာတ်ကို ကျေးဇူးတင်ကြောင်းဖော်ပြပါ၏”

သူက တိုးတိုးလေး ရေရွတ်လိုက်သည်။

လီမုထျန်းသည် လူငယ်လေးကို စူးစိုက်ကြည့်ရှုနေပြီး သူ၏ခေါင်းကို ညင်သာစွာပုတ်ကာ တည်ငြိမ်စွာပြောလိုက်သည်။

“မင်းရဲ့ကံကြမ္မာအတိုင်းလိုက်နာပြီး တာအိုလမ်းစဉ်အတွက် မင်းကိုယ်မင်းမြှုပ်နှံလိုက်ပါ”

xxxxxxxxxx

နံနက်ခင်းအစောပိုင်းတွင် ရွာရှိ အိမ်ခေါင်မိုးများထံမှ မီးခိုးအမျှင်တန်များ လွင့်ပျံတက်လာကာ လေထုထဲရှိ မြူနှင်းများနှင့် တပေါင်းတစည်းတည်း ရောယှက်လျှက် ရှိနေကြသည်။

“ဦးလေးလီ၊ ဒီနေ့ စိတ်ခံစားချက်ကောင်းနေပုံပဲ။ ပွဲတစ်ခုခုများ ရှိလို့လား”

လယ်ထဲတွင် အလုပ်လုပ်နေသောလူများက လယ်ကွင်းကို ဖြတ်လျှောက်သွားသော လီမုထျန်းကို မြင်သောအခါ ပြုံးရင်းနှုတ်ဆက်လိုက်ကြသည်။

အောက်ငုံ့ကြည့်လိုက်သောအခါ လီမုထျန်းသည် ထိုသူမှာ သူ၏တူဖြစ်သူ ယဲ့ချန်ဖူဖြစ်ကြောင်း မှတ်မိလိုက်သည်။ ကောင်လေး၏ အပြစ်ကင်းစင်ပြီး ရိုးသားသောအသွင်အပြင်သည် သူ၏ ချိုသာသောစကားပြောပုံနှင့် ကိုက်ညီပေသည်။

“လယ်ထဲမှာ အစိမ်းရောင်လေးတွေ ရှင်သန်နေတာတွေ့ရလို့ ပျော်နေတာပါကွာ”

လီမုထျန်းက ရယ်မောရင်း ပြန်ဖြေလိုက်သည်။

လီကျင်းရွာကို အဓိကမိသားစုကြီးလေးစုဖြစ်သော ယဲ့၊ ထျန်း၊ လီနှင့် လျိုတို့က လွှမ်းမိုးထားသည်။ ယဲ့မိသားစုသည် ရွာလူဦးရေ၏ သုံးဆယ်ရာခိုင်နှုန်းကျော်အထိရှိပြီး အကြီးဆုံးမိသားစုလည်းဖြစ်သည်။ စည်းလုံးညီညွတ်မှုရှိသဖြင့် သူတို့သည် အင်အားကြီးသော အုပ်စုတစ်စုဖြစ်သည်။

“ဒါတွေက အစ်ကိုချန်းဟူရဲ့ ကံကောင်းမှုနဲ့ ကောင်းချီးပေးခံရတာပါ”

ယဲ့ချန်ဖူက သူ၏ပေါက်ပြားကိုမှီရင်း ရိုသေစွာပြန်ဖြေလိုက်သည်။

“မင်းကတော့ စကားပြော အတော်ကောင်းတာပဲ ကောင်လေး”

လီမုထျန်းသည် ထိုမှတ်ချက်က လီချန်းဟူ၏ မကြာသေးမီက မင်္ဂလာပွဲကို ရည်ညွှန်းကြောင်းသိပေသည်။ ရန်မိသားစုမှ သတို့သမီးသည် လှပပြီး အမူအကျင့်ကောင်းမွန်ကာ လီချန်းဟူနှင့် အလွန်လိုက်ဖက်လှသည်။

လီမုထျန်းသည် သူ၏ချွေးမက အမွေဆက်ခံသူတစ်ဦး မွေးဖွားပြီးနောက် လျှို့ဝှက်ချက်ကို အသိပေးရန် စဉ်းစားနေခဲ့သည်။ အိမ်တစ်အိမ်တည်းအောက်တွင် နေထိုင်နေသည်ဖြစ်ရာ အလွန်အကျွံ ဖုံးကွယ်ထားလျှင် သံသယများ ဖြစ်ပေါ်လာနိုင်သောကြောင့် ဖြစ်ပေသည်။ ထို့အပြင် သူ၏ချွေးမက လျှို့ဝှက်ချက်များကို ထိန်းသိမ်းနိုင်ကြောင်း သူသိသည်။

“ထုန်ယာက အိမ်ထောင်ပြုဖို့ တွန့်ဆုတ်နေတယ်။ ရှန်းဖျင်ကလည်း အရွယ်ရောက်နေပြီ”

လီမုထျန်းက သူ၏မုတ်ဆိတ်များကို ပွတ်သပ်ရင်း တွေးတောနေမိသည်။

“ငါ့သူငယ်ချင်းကောင်းရဲ့သမီး ထျန်းယွင်က ရှန်းဖျင်နဲ့ အသက်တူအရွယ်တူ ဖြစ်တဲ့အတွက် လိုက်ဖက်တဲ့ အတွဲတစ်တွဲဖြစ်မှာပဲ။ ငါပြန်ရောက်ရင် ရှန်းဖျင်ကို ဒီအကြောင်းမေးကြည့်ရမယ်။ ငါ သူတို့ဆီကို ငန်းတစ်ကောင်နဲ့ စေ့စပ်ကြောင်းလမ်းဖို့ အဆိုပြုလွှာယူသွားရဖို့ သိပ်မကြာတော့ဘူးထင်တယ်။”

သူက ပြုံးရင်းတွေးလိုက်မိသည်။

ခြံဝင်းထဲတွင် လီထုန်ယာနှင့် သူ၏ညီအစ်ကိုများသည် လက်ခံရယူခြင်းကျင့်စဉ်ကို ဇွဲရှိရှိ လေ့လာနေကြသည်။ နံနက်ခင်းတွင် လယ်ကွင်းများ၌ ကင်းလှည့်နေခဲ့သော လီချန်းဟူသည်လည်း သူတို့နှင့် ပူးပေါင်းရန် အမြန်ပြန်လာခဲ့သည်။

လီမုထျန်းသည် သူ၏အသက်အရွယ်ကို ထောက်ချင့်ပြီး အင်မော်တယ်မန္တန်ကို မျိုးဆက်သစ်များထံ ထားခဲ့ကာ လောကီရေးရာများကိုသာ အာရုံစိုက်ထားလိုက်သည်။

မည်သို့ပင်ဖြစ်စေ လယ်ကွင်းများကို ကြီးကြပ်ရန်အတွက် တစ်စုံတစ်ယောက်ကို လိုအပ်ပေသည်။ ထို့အပြင် သူတို့အိမ်ထောင်စုထဲသို့ ခိုးကြောင်ခိုးဝှက်ကြည့်ရှုရန် ကြိုးစားလာနိုင်သော မသမာသူများကို စောင့်ကြည့်ရန်လည်း လိုအပ်ပေသည်။

လီမုထျန်းသည် ယနေ့တွင် စိတ်ခံစားချက် ကောင်းနေသည်။ သူသည် ရွာမှ အကြီးအကဲများနှင့်အတူ တောင်စောင်းပေါ်တွင် အေးအေးဆေးဆေးထိုင်ပြီး စကားစမြည်ပြောဆိုနေခဲ့သည်။

xxxxxxxxxxx

ထိုအချိန် လီအိမ်တော်တွင်…

လုကျန်းရှန်းသည် သူ၏နတ်ဘုရားအာရုံကို မျက်လုံးများမှိတ်ထားပြီး တင်ပုလ္လင်ခွေထိုင်နေသော လီထုန်ယာနှင့် အခြားနှစ်ယောက်ပေါ်သို့ အာရုံစိုက်ထားသည်။ သူတို့၏ ဦးခေါင်းထိပ်များတွင် မှိန်ဖျော့သော အဖြူရောင်အလင်းဝန်းများ ဖြစ်ပေါ်လာခဲ့သည်။

လီချယ်ကျင်း၏ အလင်းဝန်းသည် အထင်ရှားဆုံးဖြစ်ပြီး ရှစ်ဆဲ့ (ဆဲ့ = တရုတ်လက်မ၊​ ၁ဆဲ့ = ၁.၃ လက်မ) ခန့်ရှည်လျားကာ တောက်ပစွာ လင်းလက်နေခဲ့သည်။ လီထုန်ယာနှင့် လီရှန်းဖျင်တို့၏အလင်းဝန်းများသည် ခြောက်ဆဲ့နှင့် ငါးဆဲ့စီ အသီးသီးရှိကြပြီး လီချန်းဟူ၏အလင်းအဝန်းမှာမူ သုံးဆဲ့သာရှိသည်။

လက်ခံရယူခြင်းကျင့်စဉ်ကို ပထမဆုံးလေ့ကျင့်စဉ် ပေါ်ထွက်လာသော ဤအလင်းဝန်းများ၏အရွယ်အစားသည် လူတစ်ဦးချင်းစီနှင့် ဂမ္ဘီရပုလဲအဆောင်မျိုးစေ့ကြား လိုက်ဖက်ညီမှုအဆင့်ကို ညွှန်ပြသည်။ တစ်ချဲ့ ရှိသောအလင်းအဝန်းသည် ဝိညာဉ်အပေါက်ဖြင့် မွေးဖွားလာသူတစ်ဦးကဲ့သို့ ပြီးပြည့်စုံသော လိုက်ဖက်ညီမှုကို ဖော်ပြသည်။

(Note. ချဲ့ = တရုတ်ပေ၊ ၁ ချဲ့ = ၁၀ ဆဲ့၊ ၁ ချဲ့ = ၁၃ လက်မ)

လီချယ်ကျင်း၏ ရှစ်ဆဲ့အလင်းဝန်းက သူသည် သဘာဝ ဝိညာဉ်အပေါက်ရှိသူတစ်ဦး၏ ကျင့်ကြံခြင်းအရှိန်၏ ရှစ်ဆယ်ရာခိုင်နှုန်းအထိ ရရှိနိုင်ကြောင်း ညွှန်ပြသည်။ ဆန့်ကျင်ဘက်အနေဖြင့် လီချန်းဟူ၏ သုံးဆဲ့အလင်းဝန်းသည် သူ၏ကျင့်ကြံခြင်းအရှိန်မှာ ထိုအလားအလာ၏ သုံးဆယ်ရာခိုင်နှုန်းခန့်သာ ကန့်သတ်ထားကြောင်းကို ဆိုလိုသည်။

သို့ဖြစ်၍ လီချန်းဟူ၏ကျင့်ကြံနှုန်းသည် သိသိသာသာ နှေးကွေးပေသည်။ သူသည် တစ်နေ့တာလုံးကျင့်ကြံသော်လည်း ရှစ်နာရီသာ ကျင့်ကြံသူများထက် တိုးတက်မှုနည်းပါးနိုင်ပေသည်။

All Chapters