အခန်း ၉
Vol. 1 Ch. 9
အခန်း - (၉) အဖြူရောင်ဆေးလုံး
လရောင်ဖြာကျနေသာ မိုးမခပင်အောက်တွင် လီချယ်ကျင်းသည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ပြီး သူ့ဘေးတွင် ထိုင်နေသော လီမုထျန်းထံသို့ လှည့်ကြည့်လိုက်သည်။ ထိုအဘိုးကြီးသည် လက်ဖက်ရည်ကို တစ်ငုံချင်း သောက်ရင်း အဝတ်စပေါ်တွင် ရေးမှတ်ထားသော ‘လက်ခံရယူခြင်းကျင့်စဉ်’ ကို ဖတ်ရှုနေလေသည်။
“အဖေ... ကျွန်တော် ပြီးခဲ့တဲ့ နှစ်လလုံးလုံး ဒီကျင့်စဉ်ကို အလွတ်ရအောင် ကျက်မှတ်ခဲ့ပြီးပြီ။ ဒီနေ့က နွေရာသီရဲ့ ပထမဆုံးနေ့ဖြစ်သလို နေရောင်ခြည်စက်ဝန်းကာလ ရှစ်ခုထဲက တစ်ခုလည်း ဖြစ်တယ်။ ကျွန်တော် စမ်းကြည့်ဖို့ အဆင်သင့်ဖြစ်ပြီလို့ ထင်တယ်”
လီချယ်ကျင်းက ပြောသည်။
“ဒါဆိုလည်း စမ်းကြည့်ပေါ့”
လီမုထျန်းက တည်ငြိမ်အေးဆေးသော လေသံဖြင့် အားပေးလိုက်သည်။
လီချယ်ကျင်းသည် အလွန်ဝမ်းမြောက်သွားခဲ့ပြီး သူ၏အစ်ကို သုံးဦးမှာလည်း မျှော်လင့်ချက်အပြည့်ဖြင့် စိတ်လှုပ်ရှားနေကြတော့သည်။ သူတို့သည် ရေမိုးချိုးသန့်စင်ရန်နှင့် အမွှေးတိုင်ထွန်းညှိပူဇော်ရန်အတွက် ကူညီပေးကြပြီး ခြံဝင်းထဲတွင် ယူကလစ်သားဖြင့် ပြုလုပ်ထားသော စားပွဲတစ်လုံးကို ပြင်ဆင်လိုက်ကြသည်။
လီမုထျန်းက ကြေးမှန်ကို ဂရုတစိုက် သယ်ဆောင်လာခဲ့ပြီး မကြာသေးမီကမှ သူကိုယ်တိုင် ထုဆစ်ထားသော ဦးချိုမဲ့နဂါးရုပ်ပုံစံ ဘောင်ပေါ်တွင် တင်လိုက်သည်။ ကြေးမုံ၏ရှေ့ရှိ စားပွဲပေါ်တွင် အမွှေးတိုင် ကိုးတိုင်အပြင် သစ်သီးဝလံများနှင့် ဖရဲသီးများကို ကန်တော့ပွဲအဖြစ် ပြင်ဆင်ထားလိုက်ကြသည်။
ကြေးမုံတွင်းရှိ လုကျန်းရှန်းမှာမူ ထိုအမွှေးတိုင်များနှင့် သစ်သီးဝလံများ၏ ပြင်ဆင်ထားပုံသည် ကွယ်လွန်သူကို ကန်တော့ပွဲပေးနေသည့် ထုံးစံနှင့် ဆင်တူနေသဖြင့် အနည်းငယ် အနေရခက်စွာဖြင့် ကြည့်နေမိသည်။
စားပွဲအရှေ့တွင် လီချယ်ကျင်းသည် ဒူးထောက်ကာ နဖူးနှင့် မြေကြီးကို ကိုးကြိမ်တိုင်တိုင် ထိကပ်၍ ဦးချလိုက်သည်။ သူသည် ဦးခေါင်းကို ညွတ်ထားလျှက်ကပင် တည်ကြည်လေးနက်စွာဖြင့် ရွတ်ဆိုလိုက်သည်။
“လီမိသားစုရဲ့ သားစုမှ တပည့်တစ်ဦးအနေဖြင့် ဂမ္ဘီရအလင်းကို ရိုသေစွာလေးစားစွာ တောင်းခံအပ်ပါ၏။ ကျွန်ုပ်သည် တာအိုလမ်းစဉ်ကို လိုက်စားရန် မြှုပ်နှံထားပြီး ကျွန်ုပ်၏ ကံကြမ္မာကို အသင်၏လက်ထဲတွင် အပ်နှံပါ၏။ ကျွန်ုပ်သည် ကျွန်ုပ်၏သစ္စာစကားကို မဖောက်ဖျက်ဘဲ တည်မြဲပါမည်။ ဤအဆောင်ကို မီးရှို့ခြင်းဖြင့် အထွဋ်အထိပ်ယင်ကို ကျေးဇူးတင်ကြောင်းဖော်ပြပါ၏”
ထိုသို့ ရွတ်ဆိုပြီးနောက် သူသည် စိတ်ကို ကြည်လင်အောင်ထားကာ ကျင့်စဉ်ကို စတင်လိုက်ပြီး လေကို အထပ်ထပ်အခါခါ မျိုချလိုက်တော့သည်။
တစ်ချိန်တည်းမှာပင် လုကျန်းရှန်းက အာရုံစူးစိုက်လိုက်ရာ ကြေးမုံသည် စတင်တုန်ခါလာခဲ့ပြီး ၎င်း၏ မျက်နှာပြင်သည် နေရောင်ဖြာကျနေသာ ရေမျက်နှာပြင်ကဲ့သို့ ဝင်းလက်လာခဲ့သည်။
“တုံ့ပြန်မှု ရှိတယ်ဟေ့”
လီမုထျန်းနှင့် ကျန်လူများက စားပွဲဆီသို့ မျက်တောင်မခတ် စိုက်ကြည့်ရင်း အံ့ဩတကြီး ရေရွတ်လိုက်ကြသည်။
ညိုပြာရောင်ကြေးမုံ တုန်ခါသွားပြီးနောက် ဖြူလွလွ အလင်းလုံးလေးတစ်လုံး ထွက်ပေါ်လာခဲ့ပြီး ဘေးမှကြည့်နေသူများ မျက်စိမဖွင့်နိုင်လောက်အောင်ပင် ကျိန်းစက်တောက်ပလှသော အလင်းတန်းများ ဖြာထွက်လာခဲ့တော့သည်။
လီချယ်ကျင်း၏ စိတ်အာရုံတစ်ခုလုံး ဗလာဖြစ်သွားပြီး လေးနက်ခန့်ညားပြီး ဩဇာတိက္ကမနှင့် ပြည့်စုံသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
“ဤနေရာ၌ ရပ်တည်နေသူကား လောကီတွယ်တာမှုများကို စွန့်ပယ်ကာ အကုသိုလ်ဒုစရိုက်များ အားလုံးကို ချုပ်ငြိမ်းစေ၍ မကောင်းမှု၏ အခြေခံအုတ်မြစ်ကို ဖြတ်တောက်ပြီးဖြစ်သော လီမိသားစု၏ တပည့်ပင်ဖြစ်၏။ ငါသည် ဤသူအား ဂမ္ဘီရအလင်းကို အပ်နှင်း၍ တာအိုလမ်းစဉ်သို့ စတင်ဝင်ရောက်စေကာ သာမန်လူသားဘဝမှသည် သူတော်စင်အဆင့်သို့ ကူးပြောင်းစေအံ့။ သူသည် စည်းမျဉ်းစည်းကမ်းများဖြင့် စတင်ကာ အဆုံးသတ်တွင် သစ္စာတရားသို့ တက်လှမ်းရမည်။ ငါသည် ဤသူအား ‘အထွဋ်အထိပ်ယင် မရီဒန်အားဖြည့်ကျမ်း’ နှင့်အတူ ‘ရွှေရောင်အလင်းအတတ်’ ကို ချီးမြှင့်လိုက်သည်။”
လီချယ်ကျင်းသည် ကမန်းကတန်းထကာ တင်ပလ္လင်ခွေ ထိုင်လိုက်၏။ ထိုဖြူလွလွ အလင်းလုံးလေးသည် သူ၏ နီဝမ်နန်းတော်ထဲသို့ တိုးဝင်သွားခဲ့သည်။ ရှုပ်ထွေးလွန်းလှသော အချက်အလက်များ တရဟော ဝင်ရောက်လာမှုကြောင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားရသည်။
ကျင့်စဉ်၏ လမ်းညွှန်မှုအောက်တွင် ထိုအလင်းလုံးလေးသည် နီဝမ်နန်းတော်အတွင်း၌ ညင်သာစွာ လည်ပတ်ကာ မရီဒျန်များတစ်လျှောက် စီးဆင်းသွားပြီးနောက် နောက်ဆုံးတွင် အောက်ပိုင်းဒန်ထျန်ရှိ ချီဟိုင်အပ်စိုက်အမှတ်၌ အခြေကျသွားတော့သည်။
လီမုထျန်းနှင့် ကျန်သူများသည် ဂမ္ဘီရပုလဲ အဆောင်မျိုးစေ့က လီချယ်ကျင်း၏ ဦးခေါင်းထိပ်မှတစ်ဆင့် နစ်မြုပ်သွားသည်ကို စိုးရိမ်တကြီး ကြည့်နေခဲ့ကြသည်။ သူတို့သည် လီချယ်ကျင်းက မျက်လုံးများကိုမှိတ်ကာ အာရုံစူးစိုက်ထားပြီး ဒူးထောက်လျက်သားဖြင့် မိုးလင်းသည်အထိ ရှိနေသည်ကို အသက်ပင်ရဲရဲမရှူဝံ့ဘဲ စောင့်ကြည့်နေခဲ့ကြသည်။
ညတာကုန်ဆုံး၍ ရွှေရောင်နေမင်းကြီး ထွက်ပြူလာသောအခါ လီချယ်ကျင်းသည် နောက်ဆုံး၌ လှုပ်ရှားလာခဲ့ပြီး ဖြည်းညှင်းစွာ နိုးထလာခဲ့သည်။ သူ့မျက်လုံးများ ပွင့်လာသောအခါတွင် မိမိအား စိုးရိမ်ပူပန်မှုနှင့် မျှော်လင့်ချက်များဖြင့် ဝန်းရံကြည့်ရှုနေသော သူ၏အစ်ကိုများကို မြင်တွေ့လိုက်ရသည်။
“အဖေ၊ အစ်ကိုတို့! ကျွန်တော် ဂမ္ဘီရပုလဲအဆောင်မျိုးစေ့ကို ရရှိခဲ့ပြီး အင်မော်တယ်ကျင့်စဉ်လောကထဲကို ခြေချနိုင်ခဲ့ပြီ”
လီချယ်ကျင်းက ဝမ်းသာအားရ အော်ဟစ်ကာ ထခုန်ပြီး ဖခင်ဖြစ်သူကို စိတ်လှုပ်ရှားစွာ ဖက်လိုက်တော့သည်။
လီမုထျန်းကလည်း သားဖြစ်သူကို ပျော်ရွှင်စွာ ပြန်လည်ပွေ့ဖက်လိုက်ပြီး ဝမ်းမြောက်ဝမ်းသာစွာဖြင့် ဝှေ့ယမ်းလိုက်သည်။ လီထုန်ယာနှင့် ကျန်သူများသည်လည်း စိတ်အေးသွားကာ သက်ပြင်းချနိုင်ခဲ့ကြပြီး သူတို့မျက်နှာများတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ယှက်သန်းသွားကြသည်။
“ကျွန်တော် ‘အထွဋ်အထိပ်ယင် မရီဒန်အားဖြည့်ကျမ်း’ လို့ ခေါ်တဲ့ ကျင့်စဉ်တစ်ခုကိုလည်း ရခဲ့တယ်”
လီချယ်ကျင်းက ပြောလိုက်သည်။
သူက ကျင့်စဉ်၏ အနှစ်ချုပ်ကို ရွတ်ဆိုရန် ကြိုးစားလိုက်သောအခါ သူ၏ ချီဟိုင်အပ်စိုက်အမှတ်ထဲရှိ အဖြူရောင်အလင်းလုံးလေးက တုန်ခါသွားခဲ့ပြီး စကားတစ်လုံးမှ ထွက်မလာနိုင်တော့ဘဲ ဆွံ့အသွားခဲ့ရ၏။
လီချယ်ကျင်းသည် ထိတ်လန့်သွားခဲ့ပြီး မိမိပါးစပ်ကို အလန့်တကြား အုပ်လိုက်မိသည်။
“အဖေ!”
သူ နောက်တစ်ကြိမ် စကားပြန်ပြောရန် ကြိုးစားလိုက်သောအခါ အသံပြန်ထွက်လာသဖြင့် စိတ်သက်သာရာ ရသွားခဲ့ရသည်။ သို့သော် ကျင့်စဉ်၏ အနှစ်ချုပ်ကို ရွတ်ဆိုရန် ကြိုးပမ်းလိုက်တိုင်း ထိုစာသားများကို မည်သို့မျှ အသံမထွက်နိုင်သည်ကို တွေ့လိုက်ရသည်။
“ဒီအင်မော်တယ်ကျင့်စဉ်က နှုတ်နဲ့ပြောလို့လည်း မရဘူး၊ စာရေးပြလို့လည်း မရဘူး... တကယ် ထူးဆန်းတာပဲ”
လီချယ်ကျင်းက ပျာပျာသလဲအမူအရာနှင့် ပြောလိုက်သည်။
“စိတ်ပူစရာ မလိုပါဘူး”
လီချန်းဟူက ပြုံးလျှက် လီချယ်ကျင်း၏ ခေါင်းကိုပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။
ဖခင်ဖြစ်သူက ရိုသေစွာဖြင့် ကြေးမုံကို မူလနေရာသို့ ပြန်လည်ထားနေသည်ကို ကြည့်ရင်း သူက အကြံပြုလိုက်သည်။
“နွေယဉ်စွန်းချိန် ရောက်တဲ့အခါ ကျန်တဲ့သူတွေပါ ဒီကျင့်စဉ်ကို အတူတူစမ်းကြည့်ကြတာပေါ့”
“ဒါပေမဲ့ အစ်ကိုကြီး”
လီချယ်ကျင်းက တုံ့ဆိုင်းစွာဖြင့် ကြားဖြတ်ပြောလိုက်သည်။
“ဒီအဆောင်မျိုးစေ့က ခြောက်ခုပဲ ရှိပုံရတယ်”
“ခြောက်ခုပဲလား”
လီထုန်ယာက သူ့လက်ထဲရှိ ‘လက်ခံရယူခြင်းကျင့်စဉ်’ ကို အသေအချာပြန်လည်စစ်ဆေးပြီးနောက် ဇဝေဇဝါဖြင့် မော့ကြည့်ကာ ပြောလာသည်။
“ကျွန်တော် ဂမ္ဘီရအလင်းအဆောင်မျိုးစေ့ကို လက်ခံရရှိပြီးတဲ့နောက် စိတ်ထဲမှာ အချက်အလက်အသစ်တွေ ရောက်လာတယ်။ အဲဒီထဲမှာ အင်မော်တယ်ကျင့်ကြံခြင်းရဲ့ အဆင့် ခြောက်ဆင့်အကြောင်းနဲ့ ‘အထွဋ်အထိပ်ယင် မရီဒန်အားဖြည့်ကျင့်စဉ်’ အကြောင်းတွေ ပါဝင်တယ်။ ကြည့်ရတာ ဒီကြေးမုံက အဆောင်မျိုးစေ့ ခြောက်ခုကိုပဲ ထုတ်ပေးနိုင်တဲ့ပုံပဲ”
လီချယ်ကျင်းက ရှင်းပြလိုက်သည်။
လီရှန်းဖျင်က နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်ပြီး အံ့ဩတကြီးဖြင့် ရေရွတ်လိုက်သည်။
“မိုးနဲ့မြေရဲ့ စွမ်းအားတွေကို ဆွဲယူအသုံးချနိုင်တဲ့ ဒီလိုမျိုး ဆန်းကြယ်တဲ့ ရတနာပစ္စည်းတွေက တကယ်ပဲ ရှားပါးလွန်းတာပါပဲ”
လီချန်းဟူက သမ်းဝေချင်စိတ်ကို ထိန်းထားရင်း သူ၏ညီအစ်ကိုများကို လက်ဟန်ပြကာ တိုက်တွန်းလိုက်သည်။
“ကဲ အားလုံးပဲ သွားနားကြစို့။ တစ်ညလုံး မအိပ်ဘဲ စောင့်ကြည့်နေရတာဆိုတော့ လူတွေလည်း ပင်ပန်းနေလောက်ပြီ”
“ဒါက မရီးကို စိုးရိမ်မနေစေချင်လို့ မဟုတ်ဘူးလား”
လီရှန်းဖျင်က နောက်ပြောင်လိုက်သည်။
“ဒီကောင်စုတ်လေးကတော့”
လီချန်းဟူက ခပ်နောက်နောက် ပြန်ပြောပြီးနောက် လေသံကိုလျှော့ကာ တိုးတိုးလေး ကပ်ပြောလာသည်။
“ဒါနဲ့ စကားမစပ်၊ ငါကြည့်ရသလောက်တော့ ထျန်းယွင်ဆိုတဲ့ ကောင်မလေးက မင်းနဲ့ အတော်လေး လိုက်ဖက်တယ်နော်။”
“ဟာ အစ်ကိုကြီးကလည်း အောင်သွယ်တော် မလုပ်ပါနဲ့ဗျာ”
လီရှန်းဖျင်က ကန့်ကွက်ရင်း ချက်ချင်းလှည့်ထွက်ကာ ခြံဝင်းထဲမှ လှည့်ထွက်သွားတော့သည်။
လီချန်ဟူ၏ ရယ်သံကြီးက ရှေ့ခြံဝင်းထဲသို့ ဝင်ရောက်သွားသည်အထိ ကျယ်လောင်စွာ ထွက်ပေါ်နေခဲ့သည်။
“အတွဲတစ်တွဲတော့ ဖြစ်လာတော့မယ်ထင်တယ်”
လီမုထျန်းက အရာအားလုံးကို ရိပ်မိသည့်အလား ပြုံးလျှက် မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း တစ်ဦးတည်း ရေရွတ်လိုက်မိသည်။
xxxxxxxxxx
ညကောင်းကင်ယံအောက်တွင် လရောင်သည် စီးဆင်းနေသော ရေလှိုင်းပမာ တဖိတ်ဖိတ် ဝင်းပနေသည်။
လီချယ်ကျင်းသည် ခြံဝင်းထဲ၌ တင်ပလ္လင်ခွေထိုင်ကာ မျက်လုံးများကို မှိတ်ထားပြီး သူ၏ ချီဟိုင်အပ်စိုက်အမှတ်ဆီမှ ချီစွမ်းအင်စီးကြောင်းတစ်ခုကို လက်ဟန်ဖြင့် လမ်းညွှန်နေသည်။ ၎င်းစွမ်းအင်သည် သူ၏ မရီဒျန်များတစ်လျှောက် စီးဆင်းသွားပြီး လည်ချောင်းနှင့် လည်ပင်းမှတစ်ဆင့် တက်လှမ်းကာ နောက်ဆုံး၌ သူ၏ မျက်ခုံးနှစ်ခုအလယ်တွင် ထွက်ပေါ်လာခဲ့သည်။
ခဏချင်းမှာပင် လီချယ်ကျင်း၏ မျက်ခုံးနှစ်ဖက်ကြားရှိ ဝိဉာဉ်ချီစွမ်းအင်နှင့် လရောင်တို့ တစ်သားတည်း ပေါင်းစည်းသွားကာ သူ၏မျက်ဝန်းများ ဝင်းလက်တောက်ပလာခဲ့သည်။
ခဏအကြာတွင် လက်ချောင်းများဖြင့် လက်ဟန်တစ်ခုကို ပြုလုပ်လိုက်ပြီး ယခုအခါ နို့နှစ်ရောင်သန်းနေသော ချီစွမ်းအင်ကို ချီဟိုင်အပ်စိုက်အမှတ်ဆီသို့ ပြန်လည်ဦးတည်သွားစေလိုက်သည်။
ဤဖြစ်စဉ်ကို သုံးကြိမ်တိုင်တိုင် ပြုလုပ်ခဲ့သည်။ လီချယ်ကျင်းသည် မျက်လုံးများကို ဖွင့်၍ ကောင်းကင်ကို ကြည့်လိုက်ချိန်တွင် လေးနာရီခန့် ကုန်ဆုံးသွားပြီဖြစ်ကြောင်း သတိပြုမိလိုက်သည်။
“ငါ လရောင်ကို စုပ်ယူတဲ့အရှိန်က နှေးလွန်းနေတယ်...”
လရောင်ချီစွမ်းအင်တစ်မျှင် ဖြစ်တည်လာရန်အတွက် လရောင်ကို ရှစ်ဆယ့်တစ်ကြိမ်တိုင်တိုင် စုပ်ယူကျင့်ကြံရမည်ဟု လီချယ်ကျင်းက တွက်ချက်လိုက်သည်။
ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်၏ ချက္ကရာ ခြောက်ခုအနက် ပထမဆုံးဖြစ်သော ‘ဆန်းကြယ်အသွင်ချက္ကရာ’ ကို ဖွဲ့တည်နိုင်ရန်အတွက် လရောင်ချီစွမ်းအင် စုစုပေါင်း ရှစ်ဆယ့်တစ်မျှင် လိုအပ်မည်ဖြစ်သည်။
‘ဆန်းကြယ်အသွင် ချက္ကရာ’ ကို အောင်မြင်စွာ သန့်စင်ပြီးမှသာလျှင် ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်သို့ တရားဝင်ဝင်ရောက်သွားပြီဟု ဆိုနိုင်မည်ဖြစ်ကာ ကျင့်စဉ်အတတ်များကို စတင်ထုတ်ဖော်နိုင်မည် ဖြစ်သည်။
“သုံးကြိမ်လုပ်တာကတင် လေးနာရီ ကြာတယ်ဆိုတော့ ရှစ်ဆယ့်တစ်ကြိမ်အတွက်ဆို ၁၀၈ နာရီ ကြာလိမ့်မယ်”
လီချယ်ကျင်း စိတ်ထဲမှနေ၍ ရေတွက်လိုက်သည်။
“တစ်နေ့ကို ၁၂ နာရီ ကျင့်မယ်ဆိုရင် ကိုးရက် ကြာမယ်။ ဒါဆို စွမ်းအင် ၈၁ မျှင် ပြည့်ဖို့အတွက် နှစ်နှစ်တောင် အချိန်ပေးရမှာပဲ...”
ကြေးမုံပေါ်တွင် စုစည်းနေသော လရောင်ကို ငေးကြည့်နေရင်း သူ၏ စိတ်ထဲ၌ အတွေးတစ်ချက် လက်သွားခဲ့သည်။ ထို့ကြောင့် သူသည် ကျောက်တုံးစင်မြင့်ဘေးတွင် နေရာယူကာ ကျင့်ကြံခြင်းကို ပြန်လည်စတင်လိုက်တော့သည်။
ထိုအချိန်တင် ကြေးမုံတွင်းရှိ လုကျန်းရှန်းသည် နိုးတဝက်၊ အိပ်တဝက်ဖြင့် အချိန်များကို ဖြတ်သန်းနေခဲ့သည်။ သူသည် လရောင်စွမ်းအင်ကို အလုံအလောက် စုပ်ယူထားပြီးသား ဖြစ်သဖြင့် ကြေးမုံထဲတွင်နေရသော အချိန်များသည် တက္ကသိုလ်က ပျင်းစရာကောင်းလှသော စာသင်ချိန်တစ်ခုတွင် ငိုက်မြည်းနေရသကဲ့သို့ ရှည်လျားပြီး ငြီးငွေ့ဖွယ်ကောင်းလှသည်ဟု ခံစားနေရသည်။ တစ်ခါတစ်ရံတွင် မျက်တောင်တစ်ချက်ကို ခပ်နှေးနှေး ခတ်လိုက်ရုံမျှဖြင့် တစ်နေ့တာလုံးက မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားတတ်သည်။
လီချယ်ကျင်း၏ ဝိညာဉ်စွမ်းအင်သည် သူ၏မျက်ခုံးနှစ်ခုကြားမှ ထွက်ပေါ်လာပြီး ကြေးမုံပေါ်ရှိ အလင်းဝန်းနှင့် လာရောက်ပေါင်းစည်းသွားချိန်တွင် လုကျန်းရှန်းသည် အိပ်ပျော်နေရာမှ ရုတ်တရက် နိုးထလာခဲ့သည်။ သူ့ရှေ့ရှိ ကောင်လေးကိုကြည့်ရင်း သူ မပြုံးမိဘဲ မနေနိုင်တော့ပေ။
“တကယ့်ကို ထက်မြက်တဲ့ ကောင်လေးပဲ။”
လီချယ်ကျင်းသည် မိမိ၏ ခန္ဓာကိုယ်တစ်ခုလုံးကို အေးမြသော ခံစားချက်က လွှမ်းခြုံသွားသည်ကို ခံစားလိုက်ရပြီး လရောင်စွမ်းအင်သည် ဆယ်ဆထက်မက တိုးပွားလာကြောင်း သိရှိလိုက်ခဲ့သည်။ ဤအရှိန်အတိုင်းသာဆိုလျှင် လရောင်ချီစွမ်းအင်တစ်မျှင် ဖြစ်တည်ရန် ငါးကြိမ်၊ ခြောက်ကြိမ်ခန့်မျှသာ လိုအပ်တော့မည်ဖြစ်သည်။
သူသည် ဤတွေ့ရှိမှုကြောင့် စိတ်လှုပ်ရှားသွားကာ ဆက်လက်၍ ကျင့်ကြံနေခဲ့တော့သည်။ မနက်ခင်း နေရောင်ခြည်က ကောင်းကင်ယံထက်သို့ ဖြာကျလာပြီး သူ၏အစ်ကိုများ အိမ်နောက်ဖေးသို့ ရောက်ရှိလာချိန်ကျမှသာ သူက နှမြောတသစွာဖြင့် ကျင့်ကြံခြင်းကို ရပ်တန့်လိုက်တော့သည်။
သူ၏ဖခင်နှင့် အစ်ကိုများ ဝန်းရံလာကြသောအခါ လီချယ်ကျင်းက ယမန်ညက ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ် ပြန်လည်ပြောပြလိုက်သည်။
လူတိုင်း၏ မျက်ဝန်းများတွင် အံ့အားသင့်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ ရောယှက်လျှက် ရှိနေကြသည်။ စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေသော လီမုထျန်းသည် လုကျန်းရှန်းကို နောက်ထပ် အမွှေးတိုင်တစ်တိုင် ထပ်မံပူဇော်လိုက်ပြီးနောက် သူ၏သားသမီးများကို ခေါ်ဆောင်ကာ လျှို့ဝှက်အခန်းထဲမှ ထွက်ခွာသွားခဲ့တော့သည်။