← Chapters

အခန်း ၁၀

Vol. 1 Ch. 10

အခန်း ၁၀

Vol. 1 Ch. 10

အခန်း - (၁၀) ကြောင်းလမ်းခြင်း

လီမုထျန်းသည် လက်နှစ်ဖက်ကို နောက်ပစ်လျှက် ထျန်းမိသားစု၏ ခြံဝင်းအဝင်ဝသို့ ချဉ်းကပ်သွားခဲ့သည်။

တေးတစ်ပုဒ်ကို တိုးတိုးလေး ညည်းနေရင်း ဟင်းသီးဟင်းရွက်များကို ထိုင်ကာ ခူးဆွတ်နေသော ထျန်းယွင်က မော့ကြည့်လိုက်ရာ သူ့ကိုတွေ့ရှိသွားသည်။

“ဦးလေးလီ”

သူမက ဟင်းသီးဟင်းရွက်များကို ဘေးဖယ်ထားပြီး အလျှင်အမြန် မတ်တပ်ရပ်ရင်း ခေါ်လိုက်သည်။

“အဖေရေ၊ ဦးလေးမုထျန်း ရောက်နေတယ်”

သူမက အိမ်ဘက်သို့လှည့်ကာ အော်ပြောလိုက်သည်။

“ငါရောက်နေတယ်ဟေ့”

လီမုထျန်းက ထျန်းယွင်ကို လေ့လာကြည့်ရှုရင်း နွေးထွေးစွာပြုံးကာ ပြောလိုက်သည်။

ဤမိန်းကလေးသည် လွန်ခဲ့သောသုံးနှစ်အတွင်း လှပစွာ ကြီးပြင်းလာခဲ့သည်။ သူမ၏ ကိုယ်ဟန်သည် သွယ်လျကျော့ရှင်းကာ အချိုးအစားကျနလှပေသည်။ ရှုမဝလောက်အောင် အလှကြီးမဟုတ်စေကာမူ သူမ၏ ရုပ်ရည်သွင်ပြင်သည် ကြည့်ပျော်ရှုပျော်ရှိပြီး ပြုံးလိုက်သည့်အခါတွင်မူ ထူးခြားသော ဆွဲဆောင်မှုတစ်မျိုးမှာ ပေါ်လွင်ထင်ရှားလာခဲ့လေသည်။

“တကယ့်ကို မဆိုးဘူး”

လီမုထျန်းက သူ၏ကျောနောက်ကွယ်တွင်

သယ်ဆောင်လာသော ဝတုတ်နေသည့် ငန်းတစ်ကောင်ကို ထုတ်ပြရင်း သူ့ဘာသာသူ တိုးတိုးလေး ရေရွတ်လိုက်သည်။

“အို ဦးလေးလီ၊ ဒီလိုလုပ်ဖို့ မလိုပါဘူး”

ထျန်းယွင်က ခဏတာ အံ့အားသင့်သွားပြီးနောက် ပြောလိုက်သည်။

ထိုလက်ဆောင်ကို မှတ်မိသွားသောအခါ သူမက အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်မိသည်။

“ဒါက ငန်းလား”

‘ယဉ်ကျေးမှုနှင့်အခမ်းအနားများဆိုင်ရာစာအုပ်၏ အိမ်ထောင်ပြုခြင်းဓလေ့များ’ အရ ထိမ်းမြားလက်ထပ်ရန် ကမ်းလှမ်းခြင်းကို ငန်းတစ်ကောင်ဖြင့် ပြုလုပ်ရမည်ဟုဆိုသည်။

ယွဲ့ပြည်နယ်တွင် သတို့သား မိသားစုဝင်တစ်ဦးက ထိမ်းမြားလက်ထပ်ရန် ကြောင်းလမ်းခြင်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရည်ရွယ်ထားသော သတို့သမီး၏ အိမ်တံခါးဝတွင် ငန်းတစ်ကောင်ကို လက်ဆောင်ပေးအပ်ခြင်းမှာ ဓလေ့တစ်ခုဖြစ်ပေသည်။ ခမ်းခမ်းနားနားလုပ်ရန် မလိုအပ်လှသော လီကျင်းရွာတွင်မူ ထိမ်းမြားလက်ထပ်ရန် ကြောင်းလမ်းမှုများကို လက်ဆောင်မပါဘဲ ပြုလုပ်ခြင်းမှာ ပုံမှန်သာဖြစ်ပေသည်။

ထျန်းယွင်အတွက်မူ ထိုကဲ့သို့သော ဓလေ့ရိုးရာ စေ့စပ်ကြောင်းလမ်းခြင်းကို မျက်မြင်ကိုယ်တွေ့ ကြုံရခြင်းမှာ အတော်လေး အရေးပေးခံရခြင်းဖြစ်သည်။

“ငါ့သားရှန်းဖျင်ကို သဘောတွေ့ရဲ့လားကွဲ့”

လီမုထျန်းက သူမကို စနောက်လိုက်သည်။

ထျန်းယွင်၏ ပါးပြင်များသည် နီရဲရဲအရောင်ဖြင့် ပြည့်နှက်သွားပြီး သူမ၏ လည်ပင်းအထိ ပျံ့နှံ့သွားလေသည်။ အမှတ်မထင်ဖြစ်ပြီး ရှက်သွေးဖြာသွားသော ထျန်းယွင်သည် သူမ၏ ခံစားချက်များကို ဖုံးကွယ်ရန်ကြိုးစားရင်း ဆွံ့အသွားခဲ့ရသည်။

သို့သော် လီမုထျန်းက သူမ၏တုံ့ဆိုင်းမှုကို အလေးအနက်ထားမည်ကို စိုးရိမ်သောကြောင့် နောက်ဆုံးတွင် ရှက်ရွံ့သော်လည်း ရိုးသားစွာဖြင့် “ဟုတ်ကဲ့” ဟုသာ ပြောလိုက်ရသည်။

ထိုအချိန်မှာပင် ထျန်းရှို့ရွှေ အိမ်ထဲမှ ထွက်လာခဲ့သည်။ သူ့သမီးဖြစ်သူ၏အဖြေကို ကြားရသောအခါ သူစိတ်သက်သာရာရသွားသည်မှာ သိသာထင်ရှားလှသည်။

သူသည် သူ၏သမီးက လီရှန်းဖျင်ကို သဘောကျနေကြောင်း ကြာမြင့်စွာကတည်းက သံသယရှိနေခဲ့သည်။

သို့သော် ကောင်လေးက အမြဲတမ်း အလွန်အေးဆေးပြီး သူ၏ခံစားချက်များကို တစ်ခါမျှ မထုတ်ဖော်မပြသခဲ့ပေ။ သူ၏သမီးက ရှက်ရွံ့သွားမည်ကို စိုးရိမ်သောကြောင့် ထျန်းရှို့ရွှေသည် ဤကိစ္စနှင့် ပတ်သက်၍ အမြဲတမ်း ဆိတ်ဆိတ်နေခဲ့သည်။

“အစ်ကိုကြီး”

ထျန်းရှို့ရွှေသည် လီမုထျန်းကို ဝမ်းသာအားရပြုံးကာ နှုတ်ဆက်လိုက်သည်။

ထျန်းရှို့ရွှေသည် ငါးနှစ်သားအရွယ်ကတည်းက လီမုထျန်း၏နောက်ကို အရိပ်ပမာ လိုက်ပါခဲ့ပြီး ဆယ့်နှစ်နှစ်အရွယ်တွင် ရန်ဖျင်အန်းနှင့်အတူ တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ သူတို့သုံးယောက်သည် တပ်ထဲတွင် ညီအစ်ကိုအရင်းများကဲ့သို့ ရင်းနှီးသော ဆက်ဆံရေးတစ်ခုကို တည်ဆောက်ခဲ့ကြသည်။

ရွာသို့ပြန်ရောက်ပြီးနောက် လီမုထျန်းသည် ဩဇာကြီးမားသော ယွမ်မိသားစုကို တရားမျှတမှုဖော်ဆောင်ပေးပြီး သူ၏ယခင်ဘဝပုံစံကို စွန့်လွှတ်ကာ လယ်ယာလုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။ သူသည် ထျန်းရှို့ရွှေကို အထူးဂရုစိုက်ပြီး သူ့အား လယ်ယာမြေများ ခွဲဝေပေးကာ သူ၏အိမ်ထောင်ရေးကိုပင် စီစဉ်ပေးခဲ့သည်။

ထျန်းရှို့ရွှေအတွက်မူ လီမိသားစုသည် သူ၏ကိုယ်ပိုင်မိသားစုကဲ့သို့ပင် ဖြစ်သည်။ သူသည် လီချန်းဟူကို သူ၏သားကဲ့သို့ သဘောထားကာ သူကိုယ်တိုင် ပြုစုပျိုးထောင်ပေးခဲ့သည်။

သူသည် သူ၏သမီးကို လီမိသားစုထဲသို့ အိမ်ထောင်ချပေးရန် မည်သို့မျှ တွန့်ဆုတ်ခြင်းမရှိပေ။

ထျန်းယွင်သည် သူမဖခင်၏ စိတ်ထဲတွင် ဖြစ်ပေါ်နေသောတွေးများကို မသိဘဲ ဖခင် ထွက်လာသည်ကို မြင်သည်နှင့် အလျှင်အမြန်ဆုတ်ခွာသွားရာ လီမုထျန်းထံမှ ရယ်မောသံတစ်ချက် ထွက်ပေါ်လာစေခဲ့သည်။

“အစ်ကိုကြီး၊ ထမ်းမြားလက်ထပ်ဖို့ ကမ်းလှမ်းတာအပြင် အစ်ကိုကြီးနဲ့ ဆွေးနွေးချင်တဲ့ တခြားကိစ္စတစ်ခု ရှိသေးတယ်”

ထျန်းရှို့ရွှေက တည်ကြည်လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

“ဘာအကြောင်းလဲ”

လီမုထျန်းက စိုးရိမ်ပူပန်မှု အရိပ်အယောင်ရှိသောအသံဖြင့် မေးမြန်းလိုက်သည်။

“လွန်ခဲ့တဲ့ရက်နည်းနည်းလောက်က ကျွန်တော် တောင်ပေါ်က ယွမ်မိသားစုဘိုးဘေးသင်္ချိုင်းကို ဖြတ်သွားတုန်းက ဆူညံသံတချို့ ကြားရခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် ပြန်သွားစစ်ဆေးကြည့်တော့ ဘာမှရှိမနေဘူး”

ထျန်းရှို့ရွှေက ပြောလိုက်သည်။

“ယွမ်မိသားစုမှာ မိသားစုဝင်တွေ ကျန်သေးလို့လား”

လီမုထျန်းက မျက်ခုံးများ စုကြုံ့လိုက်ပြီး သူ၏အသံမှာ တည်ကြည်နေခဲ့သည်။

“ဆွေမျိုးတချို့က လျှို့လျှို့ဝှက်ဝှက် ဂါရဝပြုနေကြတာများလား”

ထျန်းရှို့ရွှေက သူ့ကိုယ်သူ နှစ်သိမ့်ရန် ကြိုးစားသကဲ့သို့ စိုးရိမ်စွာဖြင့် အကြံပြုလိုက်သည်။

“ဒါလည်း ဖြစ်နိုင်တာပါပဲ”

လီမုထျန်းက အနည်းငယ် စိတ်သက်သာရာရသွားဟန်ဖြင့် သဘောတူညီစွာ ခေါင်းညိတ်လိုက်သည်။

“ငါ အဲဒီတုန်းက ယွမ်မိသားစုဝင် ငါးယောက်လုံးကို ရှင်းပစ်ခဲ့တယ်ဆိုတာ သေချာပါတယ်”

“ဒီလို ပျော်စရာကောင်းတဲ့နေ့မျိုးမှာ ဝန်လေးစရာ အကြောင်းအရာမျိုးကို ကျွန်တော် မပြောခဲ့သင့်ဘူး”

ထျန်းရှို့ရွှေက သူ့ကိုယ်သူဆုံးမသလို သူ၏ပါးစပ်ကို ရိုက်လိုက်ရာ လီမုထျန်းထံမှ တိုးညင်းသောရယ်မောသံတစ်ချက် ထွက်ပေါ်လာစေခဲ့သည်။

လီမူထျန်းသည် ထျန်းမိသားစု၏ ခြံဝင်းအတွင်းမှ ထွက်ခွာလာပြီးနောက် တလီတောင်တန်းကြီးဆီသို့ ငေးမောကြည့်ရှုရင်း မြေသားလမ်းအတိုင်း အေးအေးလူလူ လျှောက်လှမ်းလာခဲ့သည်။ သူ၏မျက်နှာထက်တွင်မူ တည်ငြိမ်အေးချမ်းမှုနှင့်အတူ တစ်စုံတစ်ခုကို နက်နက်ရှိုင်းရှိုင်း တွေးတောနေသည့် အရိပ်အယောင်များ ထင်ဟပ်နေလေသည်။

xxxxxxxxxx

လက်ထပ်ရန်ကြောင်းလမ်းမှုကိစ္စကို ဖြေရှင်းပြီးနောက် လီမုထျန်းသည် ဘာမှမဖြစ်ခဲ့သကဲ့သို့ပင် ခြံဝင်းထဲသို့ ပြန်လာခဲ့သည်။

သူ ရှေ့ခြံဝင်းကို ဖြတ်သွားသောအခါ သူ၏သားသုံးယောက်ကို သစ်သားစားပွဲပတ်လည်တွင် ပျော်ရွှင်စွာ စကားစမြည်ပြောဆိုနေသည်ကို တွေ့လိုက်ရသည်။

အငယ်ဆုံးသား လီချယ်ကျင်းသည် အိမ်ထဲတွင် ကျင့်ကြံခြင်း၌ နစ်မြောနေခဲ့သည်။ မှိန်ဖျော့သောလရောင်ကြောင့် တိုးတက်မှု နှေးကွေးသော်လည်း သူသည် နေ့ရောညပါ လေ့ကျင့်မှုအတွက် သူ့ကိုယ်သူမြှုပ်နှံထားပြီး တစ်ခဏမျှပင် မဖြုန်းတီးခဲ့ပေ။

ခြံဝင်းထဲတွင် လီရှန်းဖျင်သည် “လက်ခံရယူခြင်းကျင့်စဉ်” ကို စေ့စေ့စပ်စပ် လေ့လာနေခဲ့သည်။ အဝတ်စသည် အဆက်မပြတ်ကိုင်တွယ်မှုများကြောင့် တွန့်ကြေနေပြီး မင်များလည်း ပေပွနေခဲ့သည်။

“ညီလေး ရှန်းဖျင်၊ နည်းနည်းလောက် ညင်ညင်သာသာ ကိုင်တွယ်ပါဦး”

လီထုန်ယာက ပြုံးရင်းဆုံးမလိုက်သည်။ သူ၏လက်များမှာမူ သစ်သားပြားများပေါ်တွင် သင်္ကေတများကို တိတ်ဆိတ်စွာထွင်းထုရင်း အလုပ်ရှုပ်နေခဲ့သည်။

အကြီးဆုံးသား လီချန်းဟူသည် လယ်ယာမြေစာချုပ်များကို စေ့စေ့စပ်စပ်စစ်ဆေးပြီး စာရင်းဇယားများကို လုပ်ဆောင်နေခဲ့သည်။ သူက မျက်ခုံးတစ်ဖက်ပင့်ကာ ရွှင်မြူးစွာ မှတ်ချက်ချလိုက်သည်။

“ဒီကောင် ဒီမနက်ကတည်းက ဒီအတိုင်းပဲ”

လီမုထျန်းသည် ကျောက်လှေကားထစ်များကို ဖြတ်ကျော်လာပြီး စားပွဲပေါ်မှ လက်ဖက်ရည်တစ်ခွက်ကို ကောက်ယူကာ ထိုင်ချလိုက်သည်။

“ငါအခုပဲ ထျန်းမိသားစုဆီကို အိမ်ထောင်ရေးကိစ္စစီစဉ်ဖို့ သွားခဲ့တယ်”

သူက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ဤစကားကိုကြားသောအခါ လီရှန်းဖျင်သည် သူ၏ထိုင်ခုံမှ ခုန်ထလိုက်ပြီး ဖခင်ဖြစ်သူကို စိုးရိမ်စွာဖြင့် စိုက်ကြည့်နေခဲ့သည်။

“သူတို့ ဘာပြန်ပြောလိုက်လဲ”

“ထျန်းယွင်က မင်းကို သဘောကျတယ်လို့ပြောတယ်”

လီမုထျန်းက လက်ဖက်ရည်ကို ဖြည်းညင်းစွာသောက်သုံးကာ ကျေနပ်စွာ သက်ပြင်းချရင်း ပြန်ဖြေလိုက်သည်။

“ကောင်းတယ်၊ ကောင်းတယ်… ဒါအရမ်းကောင်းတာပဲ”

လီရှန်းဖျင်က သိသိသာသာ ဝမ်းမြောက်စွာဖြင့် ပြန်ပြောလိုက်သည်။

ညီအစ်ကိုနှစ်ယောက်သည် သူ၏တုံ့ပြန်မှုကို အားရပါးရ ရယ်မောလိုက်ကြသည်။

သို့သော် လီမုထျန်းတွင် ပို၍လေးနက်သော အတွေးများရှိနေသည်။ သူက လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး သူ၏အမူအရာ တည်ကြည်သွားကာ စပြောလိုက်သည်။

“အခုနားထောင်ကြ။ အင်မော်လမ်းစဉ်က အံ့ဩစရာကောင်းပေမယ့် မမြင်နိုင်တဲ့အန္တရာယ်တွေ၊ အကျပ်အတည်းတွေနဲ့လည်း ပြည့်နှက်နေတယ်။ ငါတို့ လီမိသားစုမျိုးရိုးက ခိုင်မာတာ မဟုတ်ဘူး။ မင်းတို့ထဲက တစ်ယောက်ယောက် တစ်ခုခုဖြစ်သွားခဲ့ရင် လီမိသားစုရဲ့ အမွေအနှစ်ကို ဘယ်သူဆက်ခံမှာလဲ”

လီမုထျန်းသည် သူ၏ရှေ့မှလူငယ်များ၏ ရိုးသားသောအမူအရာများကို ဝေ့ကြည့်လိုက်ပြီး လက်ဝေ့ယမ်းကာ တည်ကြည်စွာပြောလိုက်သည်။

“ဒီကြေးမုံက ငါတို့မိသားစုအတွက် အခွင့်အရေးတစ်ခုဖြစ်ပေမယ့် ကံဆိုးမိုးမှောင်ကျမှုတစ်ခုလည်း ဖြစ်နိုင်သေးတယ်”

“ချန်းဟူကို အိမ်ထောင်ချဖို့ ငါအမြန်စီစဉ်ပေးခဲ့တာက သူ အမွေဆက်ခံသူတစ်ယောက် မြန်မြန်ရနိုင်ဖို့ မျှော်လင့်လို့ပဲ။ ငါ့မျှော်လင့်ချက်ကတော့ တကယ်လို့ တစ်ခုခုမှားယွင်းသွားခဲ့ရင်တောင် ငါတို့လီမိသားစုရဲ့အမွေအနှစ်က ဆက်လက်တည်တံ့နေဖို့ပဲ”

သူက ဆက်ပြောသည်။

“မင်းအတွက်လည်း အတူတူပဲ”

သူက လီရှန်းဖျင်ကို လက်ညှိုးထိုးလိုက်ပြီး စိတ်ပျက်စွာ သက်ပြင်းချလိုက်ကာ သူ၏အကြည့်ကို လီထုန်ယာဘက်သို့ လွှဲလိုက်သည်။

“ထုန်ယာ မင်းအတွက်ကတော့ ငါက မင်းရဲ့ရွေးချယ်မှုတွေကို ချုပ်ကိုင်ဖို့ အသက်ကြီးလွန်းနေပြီ။ မင်း ငါတို့ရွာက မိန်းကလေးတွေကို စိတ်မဝင်စားပေမယ့်လည်း အမွေဆက်ခံသူတွေ ထားခဲ့ဖို့ကိုလည်း စဉ်းစားထားရမယ်…”

လီထုန်ယာသည် တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ပြီး ခဏတာ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။

“စိတ်မပူပါနဲ့ အဖေ။ ကျွန်တော့်တာဝန်တွေကို ကျွန်တော်သိပါတယ်”

“ကြားရတာ ကောင်းတယ်”

လီမုထျန်းက သူ၏ဖြူဖျော့လာသောဆံပင်များကို ပွတ်သပ်ရင်း ပြန်ပြောလိုက်သည်။ သူ၏စိတ်သည် စိုးရိမ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

သူသည် အသက်ငါးဆယ်ကျော်နေပြီဖြစ်သည်။ ကိုယ်ခန္ဓာကြံ့ခိုင်ပြီး ကောင်းမွန်စွာ အာဟာရများ ရရှိထားသော်လည်း လီမုထျန်းသည် ဘဝ၏ မသေချာမရေရာမှုများကို သိရှိပေသည်။ မိသားစုကိစ္စများကို စောစောစီးစီးဖြေရှင်းခြင်းက ပို၍ဉာဏ်ရှိရာရောက်သည်ဟု သူထင်မြင်သည်။

“အဖေ”

ခြံဝင်းထဲမှ တင်းမာမှုသည် ကြည်လင်ပြီး စိတ်အားထက်သန်သော အသံတစ်သံကြောင့် ပြေပျောက်သွားခဲ့သည်။ လီချယ်ကျင်းသည် အိမ်ထဲမှထွက်ပေါ်လာပြီး သူ၏အစ်ကိုကြီးများရှေ့တွင် ရပ်တန့်လိုက်သည်။

“ကျွန်တော် လရောင်ချီစွမ်းအင် ၈၁မျှင်ကို သန့်စင်ပြီး ဆန်းကြယ်အသွင် ချက္ကရာကို စုစည်းဖွဲ့တည်ဖို့နီးစပ်နေပြီ”

သူက မျက်နှာတွင် အပြုံးပန်းများဖြင့် ပြောလိုက်သည်။

“မင်းအတွက် ငါအရမ်းဂုဏ်ယူတယ် သားရေ”

လီမုထျန်းက သူ၏အငယ်ဆုံးသားက ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်၏ ဆန်းကြယ်အသွင် ချက္ကရာအကြောင်းပြောသည်ကို မကြာခဏကြားဖူးသောကြောင့် ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။ သူသည် သူ၏သားကို ဝမ်းမြောက်စွာပွေ့ဖက်လိုက်ပြီး ကြည့်ရင်း ရယ်မောလိုက်သည်။

ညီအစ်ကိုများသည်လည်း ထိုပျော်ရွှင်စရာ စိတ်ခံစားချက်တွင် နစ်မြောသွားကြပြီး သူတို့၏မျက်နှာများမှာ အပြုံးများဖြင့် လင်းလက်လာခဲ့သည်။ လီချန်းဟူက လီချယ်ကျင်း၏ ပါးပြင်များကို စနောက်ရင်း ဆွဲညှစ်လိုက်ပြီး ကောင်လေးက နာကျင်စွာအော်မှသာ လွှတ်ပေးခဲ့သည်။

“ငါတို့ နောက်ထပ်အဆောင်မျိုးစေ့ကို လက်ခံရရှိဖို့ နွေယဉ်စွန်းချိန်အထိ စောင့်ရဦးမယ်”

လီထုန်ယာက ခြံဝင်းထဲမှ ပျော်ရွှင်သောမြင်ကွင်းကို ကြည့်ရှုရင်း သုံးသပ်လိုက်သည်။

ထို့နောက် သူက သူ့ဘာသာသူ တွေးတောလိုက်မိသည်။

“ငါတို့ လွန်ခဲ့တဲ့လရဲ့နောက်ဆုံးနေ့နဲ့ ဒီလရဲ့ ပထမဆုံးနေ့တွေတုန်းက ပြင်ဆင်မှုတွေကို မပြီးမြောက်နိုင်ခဲ့ဘူး။ ဒါကြောင့် နွေယဉ်စွန်းချိန်က ငါတို့ရဲ့ နောက်ထပ်အခွင့်အရေး ဖြစ်လိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် သိပ်မဝေးတော့ပါဘူး”

လီထုန်ယာသည် လက်ခံရယူခြင်းကျင့်စဉ်ကို သစ်သားပြားများပေါ်တွင် တိတ်ဆိတ်စွာ ထွင်းထုနေခဲ့သော်လည်း စိတ်ထဲတွင်မူ “အင်မော်တယ်ကျင့်ကြံခြင်းလမ်းစဉ်က ငါ့ကိုခေါ်နေတယ်” ဟု တွေးတောရင်း စိတ်လှုပ်ရှားမှု လှိုင်းလုံးတစ်ခု ထိုးတက်လာသည်ကို ခံစားနေရသည်။

Translator-Min Si Thu

Dawn Translationမှပြန်ဆိုသည်။

All Chapters