← Chapters

အခန်း ၁၃

Vol. 2 Ch. 13

အခန်း ၁၃

Vol. 2 Ch. 13

အခန်း - (၁၃) လူသတ်ခြင်း

လီယဲ့ချန်၏ဖခင်သည် ယမန်နှစ်က ဆုံးပါးသွားခဲ့သည်။ သူသည် အကြီးဆုံးသားဖြစ်သည့်အတွက် မိသားစု၏ လယ်ယာမြေများနှင့် ဥစ္စာဓနများကို အမွေဆက်ခံ ရရှိခဲ့သည်။ သူသည် ရရှိလာသောကြွယ်ဝမှုများကြောင့် ဝမ်းမြောက်စွာဖြင့်ပင် လယ်ကွက်တစ်ကွက်ကို အမြန်ရောင်းချပြီး ရွာရှိစားသောက်ဆိုင်ငယ်တစ်ခုတွင် ဖြုန်းတီးပစ်ခဲ့သည်။

ထိုအချိန်မှစ၍ လီယဲ့ချန်သည် သူ၏နေ့ရက်များကို ရွာနှင့်တောင်များတွင် ရည်ရွယ်ချက်မဲ့စွာ လှည့်လည်သွားလာရင်း အနိုင်ကျင့်ခြင်းနှင့် ခိုးယူခြင်းကဲ့သို့သော မကောင်းသောအပြုအမူများကို မကြာခဏ ပြုလုပ်ခဲ့သည်။ သူ၏ အကြီးဆုံးဦးလေး လီမုထျန်းမှလွဲ၍ လီကျင်းရွာတွင် သူကြောက်ရွံ့သူ သို့မဟုတ် လေးစားမှုရှိသူ တစ်ဦးတစ်ယောက်မျှမရှိပေ။

သူ၏ညီငယ် လီယဲ့ရှန့်သည် လီရှန်းဖျင်နှင့် အသက်အရွယ်အားဖြင့် တူညီသည်။ လီရှန်းဖျင်သည် ရွာသူကြီးထံတွင် ပညာသင်ကြားခွင့်ရရှိခဲ့သော်လည်း လီယဲ့ရှန့်မှာမူ အထီးကျန်ခြင်း၊ ဆာလောင်ခြင်းနှင့် အေးစက်ခြင်းတို့ဖြင့် ပြည့်နှက်နေသောဘဝကို ခံစားခဲ့ရသည်။

ဖခင်ကို ဆုံးရှုံးလိုက်ရသော ဆယ်ကျော်သက်တစ်ဦးအနေဖြင့် သူသည် အခြားသူများအတွက် ဘဲများ ထိန်းကျောင်းခြင်းနှင့် ကျွဲ၊ နွားများ စောင့်ရှောက်ခြင်းတို့ကို အတင်းအကျပ် လုပ်ဆောင်ခဲ့ရသည်။ လီမုထျန်း၏ မိသားစုထံမှ ရံဖန်ရံခါ အကူအညီများ မရရှိခဲ့ပါက သူ၏ကိုယ်ပိုင်အိမ်တွင်ပင် ဆာလောင်ငတ်မွတ်စွာ နေရနိုင်ပေသည်။

လီယဲ့ချန်သည် သူ့ညီငယ်၏ ကောင်းကျိုးကို ဘယ်သောအခါကမျှ ဂရုမစိုက်ခဲ့ပေ။ သူ၏အတွေးများသည် လီချန်းဟူ၏ မိသားစုအပေါ် မနာလိုစိတ်များဖြင့် ပြည့်နှက်နေခဲ့သည်။ သူတို့၏ လှပသောစံအိမ်သို့ ဝင်ထွက်သွားလာနေသည်ကို ကြည့်ရှုရင်း သူသည် မနာလိုစိတ်ဖြင့် ရူးသွပ်လုမတတ်ဖြစ်နေခဲ့သည်။

“ငါတို့အားလုံးက လီမိသားစုဝင်တွေပဲ။ ဒါဖြင့် ဘာလို့ ငါတို့ဘဝတွေက ဒီလောက် ကွာခြားနေရတာလဲ။ ဘာလို့ သူတို့မှာ ဒီလောက် မြေသြဇာကောင်းတဲ့လယ်တွေနဲ့ မြင့်မားတဲ့ တံတိုင်းခတ်ထားတဲ့ ခြံဝင်းတွေရှိပြီး ငါ့မှာ ဘာမှမရှိရတာလဲ။ သူတို့က ရွာက တခြားသူတွေထက် နည်းနည်းလေးပဲ ပိုချမ်းသာတာပါ။ ဒီလောက်ခမ်းနားတဲ့ ခြံဝင်းက တကယ်ပဲလိုအပ်လို့လား။ သူတို့က အထဲမှာ ရတနာပေါင်းများစွာကို ထိန်းသိမ်းထားသလိုပဲ”

ထို့နောက် သူသည် လွန်ခဲ့သောနှစ်များက ညတစ်ညတွင် လူအများအပြား၏ စိုးရိမ်သောမျက်နှာများနှင့် လီမုထျန်း၏ လက်ထဲမှဆေဘာကို ရှင်းလင်းစွာ ပြန်လည်သတိရလိုက်သည်။

“လီမုထျန်းဆီမှာ ရတနာတစ်ခုခု ရှိကိုရှိရမယ်…”

လီယဲ့ချန်သည် မြက်ပင်တစ်ပင်ကို ကိုက်ဝါးရင်း လီချန်းဟူက သူရင်းငှားများနှင့် လယ်ကွင်းထဲတွင် ပျော်ရွှင်စွာ စကားစမြည်ပြောဆိုနေသည်ကို ကြည့်ရှုရင်း ခါးသီးစွာ တွေးတောမိသည်။

“တချို့ကတော့ ကံကောင်းပြီး မွေးလာကြတာပဲ”

လီယဲ့ချန်သည် သစ်ပင်အောက်တွင် တစ်မှေး မှေးစက်ပြီးနောက် ညရောက်လာပြီဖြစ်ကြောင်း သိလိုက်သောအခါ မြက်ပင်ကို ထွေးထုတ်လိုက်ပြီး သူ၏ဘောင်းဘီစများကို လိပ်တင်ကာ လီမိသားစု၏ ခြံဝင်းဆီသို့ တိတ်တဆိတ် ချဉ်းကပ်သွားခဲ့သည်။

သူသည် ခြံဝင်းကို ပတ်ပတ်လည်ကြည့်ရှုသော်လည်း နံရံတွင် မည်သည့်အက်ကွဲကြောင်းကိုမှ မတွေ့ရှိခဲ့ရပေ။ ချောမွေ့ပြီး ကောင်းမွန်စွာတည်ဆောက်ထားသော နံရံသည် တွယ်တက်ရန်မဖြစ်နိုင်ဟု ထင်ရသည်။

“သေစမ်းကွာ”

သူက ညည်းညူရင်း နံရံပေါ်သို့ တံတွေးထွေးလိုက်သည်။ ထို့နောက် စိတ်ပျက်စွာဖြင့် နံရံကို ကန်ကျောက်လိုက်ပြီး တောင်နောက်ဘက်ဆီသို့ လှည့်ပြေးသွားခဲ့သည်။

“အပေါ်ကနေ ချောင်းကြည့်မှာကိုတော့ ကာကွယ်နိုင်မှာမဟုတ်ဘူးလို့ ငါလောင်းရဲတယ်”

သူက ရေရွတ်လိုက်သည်။

တလီတောင်သည် ကွေ့ကောက်ပြီး ကျယ်ပြန့်သည်။ ၎င်း၏ တောင်ထွဋ်တစ်ခုသည် လီကျင်းရွာ၏ နောက်ဘက်တွင် တည်ရှိသည်။ ရွာသားများသည် ၎င်းကိုအမည်မပေးဘဲ ‘တောင်နောက်ဘက်’ ဟုသာ ရိုးရှင်းစွာ ခေါ်ဆိုကြသည်။

တောင်အနောက်ဘက်၏အလွန် တောင်ဘက်ဆီတွင် မေချယ်တောင်ထိပ်ရှိကာ ထိုမှတစ်ဆင့် တောင်ဘက်သို့ ဆက်သွားသော် ကျင့်ယန်ရွာသို့ ရောက်ရှိနိုင်ပေသည်။ ရွာနှစ်ရွာကို တောင်တက်လမ်းတစ်ခုက ချိတ်ဆက်ပေးထားသည်။

လီယဲ့ချန်သည် ချုံပုတ်များကြားထဲမှ တွန်းထိုးဝင်ရောက်ပြီး တောင်တက်လမ်းအတိုင်း ဆယ့်ငါးမိနစ်ခန့် တက်သွားခဲ့သည်။ အပေါ်စီးသို့ရောက်သောအခါ သူသည် အောက်မှ ခြံဝင်းငယ်လေးကို စူးစမ်းကြည့်ရှုရင်း ထိုင်ချလိုက်သည်။

သူ၏မျက်လုံးများကို အားစိုက်ကြည့်ရှုလိုက်သောအခါ လူရိပ်များ လှုပ်ရှားနေသည်ကို တွေ့လိုက်ရသည်၊ အချို့က တင်ပုလ္လင်ခွေ ထိုင်နေကြပြီး အချို့က ကြီးမားသော အပြာရောင်ကျောက်တုံးကြီးကို ပွေ့ကာ လှည့်ပတ်လမ်းလျှောက်နေကြသည်။ သူတို့ မည်သည့်အရာများ လုပ်နေကြသနည်းဟု သူတွေးတောမိသည်။

“ခြံဝင်းထဲမှာ အလေးမကျောက်တုံးတွေ ရှိတယ်လို့ ငါကြားဖူးတယ်။ လီမုထျန်းက သိုင်းပညာ ဒါမှမဟုတ် တိုက်ခိုက်ရေးပညာတချို့ ရရှိခဲ့ပြီး လျှို့ဝှက်သင်ကြားပေးနေတာ ဖြစ်နိုင်တယ်"

လီယဲ့ချန်က ခန့်မှန်းလိုက်သည်။

သူ ကောင်းကင်ယံဆီသို့ မော့ကြည့်လိုက်စဉ်မှာပင် တောင်တန်းကြီးက တဖြည်းဖြည်း မှောင်မှိုင်းသွားတော့သည်။ လကို တိမ်မည်းများက ဖုံးကွယ်ထားပြီး မကြာမီ လီယဲ့ချန်သည် ခြံဝင်းထဲမှ လူရိပ်များကို ရှင်းလင်းစွာ မမြင်နိုင်တော့ပေ။

ညဉ့်နက်လာသည်နှင့်အမျှ ချမ်းစိမ့်လှသော လေပြည်ညင်းနှင့်အတူ မျောက်ဝံများ၊ မြေခွေးများနှင့် ဝံပုလွေများ၏ အူသံ၊ အော်ဟစ်သံများက ပတ်ဝန်းကျင်တစ်ခုလုံး ပဲ့တင်ထပ်လာခဲ့သည်။ ထိုအေးစက်စက် ခြောက်ခြားဖွယ်ရာ အငွေ့အသက်များကြောင့် လီယဲ့ချန်သည် ကျောက်တုံးကြီးတစ်တုံးပေါ်တွင် ထိုင်ချကာ ခြေထောက်နှစ်ဖက်ကို တင်းကျပ်စွာ စုကပ်ထားမိတော့သည်။

“ခြောက်ချားစရာ ကောင်းလိုက်တာ”

သူတွေးလိုက်မိသည်။

လီယဲ့ချန်သည် နောက်ထပ်ဆယ့်ငါးမိနစ်ခန့် တုန်ယင်နေပြီးနောက် သူ၏ခန္ဓာကိုယ် အေးစက်လာပြီး နှာရည်များ ယိုကျလာသောအခါ ရွာထဲတွင် ဖြန့်ဝေရန် ကောလာဟလများကို စီစဉ်လိုက်သည်။

အကယ်၍ ၎င်းသည် ဘိုးဘွားအစဉ်အဆက် ရတနာတစ်ခုဖြစ်ပါက သူသည် လီမိသားစုဝင် ဖြစ်သောကြောင့် ၎င်းကို သူလည်းရထိုက်သည်။ အကယ်၍ ၎င်းသည် အမှန်တကယ်ပင် သိုင်းပညာရပ်တစ်ခု ဖြစ်ပါက သူကိုယ်တိုင် လေ့ကျင့်ရန် ရည်ရွယ်ချက်မရှိသော်လည်း ၎င်းကို မြင့်မားသောပမာဏဖြင့် ရောင်းချနိုင်သေးသည်။

ယခုအခါ လူသူကင်းမဲ့နေသော ခြံဝင်းကို ငုံ့ကြည့်ရင်း လီယဲ့ချန်က ပခုံးတွန့်လိုက်သည်။ သူသည် အအေးဒဏ်ကို ကာကွယ်ရန်အတွက် လက်ပိုက်ထားလိုက်ကာ ထွက်ခွာရန် မတ်တပ်ရပ်လိုက်သည်။

“သေစမ်း”

သူသည် ခေါင်းကို လှည့်လိုက်သောအခါ တောင်တက်လမ်းတွင် တိတ်ဆိတ်စွာရပ်နေသော ပုံရိပ်တစ်ခုကြောင့် ထိတ်လန့်သွားခဲ့ရသည်။ သူသည် ထိတ်လန့်တကြားဖြစ်ကာ ကျောက်တုံးကြီးတစ်တုံးနောက်သို့ နောက်ပြန်လဲကျသွားခဲ့သည်။

သူချောင်းကြည့်လိုက်သောအခါ ထိုသူသည် သူ၏ ညီတစ်ဝမ်းကွဲ လီရှန်းဖျင်ဖြစ်ကြောင်း မှတ်မိလိုက်ပြီး ထိုသူက သူ့ကို သဘောမကျသောအကြည့်ဖြင့် ကြည့်နေခဲ့သည်။

လီယဲ့ချန်က သူ့ကို စိုက်ကြည့်လိုက်သည်။ သူသည် ထိပ်တိုက်ရင်ဆိုင်ရန် အသင့်ပြင်လိုက်သော်လည်း ရုတ်တရက် လီရှန်းဖျင်က သူ၏လက်များဖြင့် သင်္ကေတ တစ်ခုခုပြုလုပ်နေသည်ကို သတိပြုမိလိုက်သည်။

“ဘာလဲ”

တောက်ပသော ရွှေရောင်အလင်းတန်းတစ်ခု သူ၏မျက်လုံးများရှေ့မှ ဖြတ်ပြေးသွားပြီး သူ၏လည်ပင်းတွင် စူးရှသောနာကျင်မှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူ၏ အမြင်အာရုံသည် ကောင်းကင်မှ တောက်ပသောလမင်းနှင့် အောက်မှ လရောင်ဖြာကျနေသော ခြံဝင်းကြားတွင် လည်ပတ်နေခဲ့သည်။

လီယဲ့ချန်၏ဦးခေါင်းသည် ပြတ်တောက်သွားခဲ့ပြီး လေထဲတွင်လည်ပတ်ကာ တောင်တက်လမ်းပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ သူနောက်ဆုံး မြင်တွေ့လိုက်ရသည်မှာ လီရှန်းဖျင်၏ မျက်နှာပေါ်မှ အလွန်အေးစက်သောအပြုံးပင် ဖြစ်သည်။ ထိုအပြုံးသည် ပုံမှန်မြင်တွေ့နေကြပုံစံနှင့် လုံးဝ ကွဲလွဲလွန်းနေသဖြင့် သူ့ဝမ်းကွဲညီဖြစ်သူကို ထူးထူးဆန်းဆန်းပင် သူစိမ်းတစ်ယောက်ကဲ့သို့ ခံစားရစေတော့သည်။

လီယဲ့ချန်၏ ဦးခေါင်းပြတ်နေသော ခန္ဓာကိုယ်သည် ကျောက်တုံးကြီးနောက်တွင် ပုန်းအောင်းနေဆဲဖြစ်သည်။ သူ၏လည်ပင်းငုတ်တိုဆီမှ သွေးများ တလဟော ပန်းထွက်လာခဲ့ပြီး ကျောက်တုံး၊ မြေလမ်းနှင့် သစ်ရွက်ခြောက်များကို စွန်းထင်းသွားစေကာ လီရှန်းဖျင်၏ ခြေထောက်များဆီသို့ သွေးစီးကြောင်းငယ်တစ်ခုအဖြစ် စီးဆင်းသွားခဲ့သည်။

လီရှန်းဖျင်သည် စက်ဆုပ်ရွံရှာစွာဖြင့် နောက်သို့ဆုတ်လိုက်ရင်း လဲကျနေသောအလောင်းကို ကြည့်လိုက်သည်။ သူသည် ခဏတာမျှ တွေးတောပြီးနောက် ရွှေရောင်အလင်းကို တစ်ဖန်ပြန်လည်ခေါ်ယူရန် လက်ဟန်များကို ပြုလုပ်လိုက်သည်။

သူက ထိုင်ချလိုက်ပြီး ခန္ဓာကိုယ်ကို အပိုင်းအစများစွာအဖြစ် ကျွမ်းကျင်စွာ ခုတ်ပိုင်းလိုက်သည်။ ဤသို့ဖြင့် သွေးနံ့ကြောင့် ဆွဲဆောင်ခံရသော တောကောင်များအတွက် ခန္ဓာကိုယ်အစိတ်အပိုင်းများကို ကိုက်ခဲယူဆောင်သွားရန် ပိုမိုလွယ်ကူစေပြီး ကျယ်ပြောလှသော တောင်တန်းတခွင်တွင် ဟိုတစ်စ၊ သည်တစ်စ ပြန့်ကျဲပျောက်ကွယ်သွားစေမည် ဖြစ်ပေသည်။

ထိုသို့ပြုလုပ်ပြီးနောက် လီရှန်းဖျင်သည် မတ်တပ်ရပ်ကာ ပတ်ဝန်းကျင်ကို စူးစမ်းကြည့်ရှုလိုက်သည်။ တောအုပ်များကြားမှ အရိပ်များသည် ယခုအခါ အစိမ်းရောင်တောက်နေသော မျက်လုံးများဖြင့် ပြည့်နှက်နေခဲ့သည်။

သူက လက်ခုပ်တီးလိုက်ပြီး ရေရွတ်လိုက်သည်။

“မင်းတို့စိတ်ကြိုက် စားသောက်ပွဲ ကျင်းပကြပေတော့”

xxxxxxxxxx

ထိုအချိန် လီအိမ်တော်တွင်…

လီချန်းဟူ တရားထိုင်ရာမှ ထလာသောအခါ သူ၏ညီငယ်နှစ်ယောက် ပျောက်ဆုံးနေပြီး ကြီးမားသော အိမ်နောက်ဘက်ခြံဝင်းသည် လေထဲမှ အင်းဆက်ပိုးမွှားများ၏ တိုးညင်းသောအသံများသာရှိပြီး ထူးဆန်းစွာ တိတ်ဆိတ်နေသည်ကို တွေ့လိုက်ရသည်။

နားမလည်နိုင်ဖြစ်စွာဖြင့် သူသည် ပင်မခြံဝင်းဆီသို့ အမြန်သွားလိုက်ရာ ထိုနေရာတွင် လီထုန်ယာနှင့် တွေ့ဆုံလိုက်ရသည်။

လီထုန်ယာက သစ်သားစားပွဲတွင် စာဖတ်ခြင်း၌ နစ်မြောနေသည်ကို မြင်သောအခါ လီချန်းဟူက အနည်းငယ်တွေဝေစွာဖြင့် မေးလိုက်သည်။

“ရှန်းဖျင်ဘယ်မလဲ”

လီထုန်ယာက သစ်သားပြားများကို ဖြည်းညင်းစွာ လိပ်လိုက်ပြီး သူ၏အစ်ကိုကြီးကို ကြည့်လိုက်သည်။

“လက်ဆေးနေတယ်”

သူက ပြန်ဖြေလိုက်သည်။

လီချန်းဟူသည် စားပွဲပေါ်သို့ လက်ဖြင့်ဖိထားရင်း အားကျမှုအရိပ်အယောင်များဖြင့် မေးမြန်းလိုက်သည်။

“ထုန်ယာ မင်း ဆန်းကြယ်အသွင် ချက္ကရာကို စုစည်းဖွဲ့တည်ဖို့ ပြင်ဆင်နေပြီလား”

“ရက်အနည်းငယ်အတွင်းမှာပဲ လရောင်ချီစွမ်းအင် ၈၁ မျှင်လုံးကို စုစည်းဖွဲ့တည်နိုင်တော့မှာပါ။ ငါတို့က ချယ်ကျင်းလောက်တော့ အရည်အချင်း မရှိဘူးလေ။ ပြင်ဆင်ဖို့ ရက်နည်းနည်း ပိုလိုဦးမယ်လို့ ခံစားရတယ်”

လီထုန်ယာက အသာအယာပြုံးလျှက် ပိတ်စဖြူအသေးတစ်စဖြင့် သစ်သားပြားများကို တင်းတင်းကျပ်ကျပ် ထုပ်ပိုးကာ အသေအချာ ထုံးချည်လိုက်တော့သည်။

“ချန်းဟူ၊ ငါတို့လေးယောက်ထဲမှာ ဘယ်သူက အဖေနဲ့အတူဆုံးလို့ မင်းထင်လဲ”

လီထုန်ယာက ရုတ်တရက်မေးလိုက်ပြီး သူ၏အစ်ကိုကြီးကို တည်ကြည်သောအကြည့်ဖြင့် စိုက်ကြည့်နေခဲ့သည်။

“မင်းပဲပေါ့”

လီချန်းဟူက တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်ဖြေလိုက်ပြီး ခဏငြိမ်သက်သွားကာ ထိုင်ခုံတစ်လုံး ရှာထိုင်လိုက်ပြီးနောက် ပြုံးရင်းဆက်ပြောလိုက်သည်။

“ငါက လွတ်လွတ်လပ်လပ်နေရတာ ကြိုက်တယ်။ ရှန်းဖျင်က အရမ်းတက်ကြွတယ်။ ချယ်ကျင်းက အရမ်းကြောက်တတ်တယ်။ ထုန်ယာ မင်းကတော့ အတည်ငြိမ်ဆုံးနဲ့ စိတ်ပိုင်းဖြတ်မှုအရှိဆုံးပဲ။ မင်းက ငါတို့အဖေနဲ့ အတူဆုံးပဲ”

“ဟား ဟား ဟား”

လီထုန်ယာက ခြောက်သွေ့စွာ ရယ်မောလိုက်ပြီး ငြင်းလိုက်သည်။

“ငါ့ကိုမမြှောက်ပါနဲ့ အစ်ကိုကြီးရယ်။ ငါ့အမြင်မှာတော့ ရှန်းဖျင်က အဖေနဲ့အတူဆုံးပဲ”

“ဘာလို့ အဲ့ဒီလိုပြောရတာလဲ”

လီချန်းဟူက သူ၏ညီငယ်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။

“ငါတို့ကလေးဘဝတုန်းက ခြံဝင်းထဲမှာ ကစားနေတုန်း အဖေက တစ်ခါပြောဖူးတယ်။ လူတစ်ယောက် ပထမဆုံးအကြိမ် လူသတ်တဲ့အခါ သူတို့နားထဲမှာ အသံတွေမြည်တာ ဒါမှမဟုတ် ခေါင်းထဲမှာပူလောင်တဲ့ ခံစားချက်မျိုး ကြုံတွေ့ရနိုင်တယ်တဲ့။ သူတို့ ခြေ၊ လက်တွေ မလှုပ်ရှားနိုင်တာ၊ ထိန်းမနိုင်သိမ်းမရ တုန်ယင်တာ၊ အဆက်မပြတ် အော်ဟစ်တာ ဒါမှမဟုတ် လက်တွေ့ဘဝနဲ့ အဆက်အသွယ်ပြတ်သွားသလို ခံစားရနိုင်တယ်တဲ့”

“ဒါပေမဲ့ သူ ပထမဆုံး လူသတ်တုန်းက သူက ရိုးရိုးလေးပဲ သူ့ဓားကို ဓားအိမ်ထဲပြန်ထည့်၊ သူ့အတွက် အရက်တစ်ခွက်ထည့်ပြီး စကားစမြည်ပြောဆိုပြီး ရယ်မောနေခဲ့တယ်။ သူက သူ့ရဲ့အောင်မြင်မှုအတွက် တကယ်ပဲ ဂုဏ်ယူနေခဲ့တာ။ ဒါကြောင့် ရှန်းဖျင်က အဖေနဲ့အတူဆုံးပဲ”

လီထုန်ယာသည် သူ၏အသံကို နှိမ့်လိုက်ပြီး လီချန်းဟူထံသို့ ကိုင်းညွတ်ကာ တိုးတိုးလေး ပြောလိုက်သည်။

“ဘာလို့လဲဆိုတော့ သူက တကယ်ရက်စက်လို့ပဲ”

All Chapters