← Chapters

အခန်း ၁၄

Vol. 2 Ch. 14

အခန်း ၁၄

Vol. 2 Ch. 14

အခန်း - (၁၄) ချန်းဟူနှင့် ရှန်းဖျင်

“ဘာလို့လဲဆိုတော့ သူက တကယ့်ကို ရက်စက်လို့ပဲ”

လီထုန်ယာ စကားဆုံးသွားသည်နှင့် လီချန်းဟူ၏ ကျောရိုးထဲ စိမ့်ခနဲဖြစ်သွားခဲ့သည်။ သူ၏ခန္ဓာကိုယ် တောင့်တင်းသွားခဲ့ပြီး ကြက်သီးမွေးညင်းများ ထလာခဲ့တော့သည်။ သူသည် ညီဖြစ်သူ၏ ပြုံးစစမျက်နှာကို ငေးကြည့်နေရင်း သူ၏နှလုံးသားထဲတွင် မသက်မသာ ခံစားချက်တစ်ခုက စိုးမိုးလာခဲ့သည်။

“ဟား ဟား ဟား ဟား ဟား ဟား ဟား ဟား…”

လီထုန်ယာသည် လီချန်းဟူ၏ ပခုံးကိုတွန်းကာ သစ်သားပြားများကို ဘေးသို့ပစ်ချလိုက်ပြီး သူ့ကို ပြုံးရင်းကြည့်လိုက်သည်။

“တော်လိုက်တော့”

လီချန်းဟူသည် လီထုန်ယာက နောက်ပြောင်နေသည်ဟု ယူဆကာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည်။ သူ့လက်ကို ပေါ့ပေါ့ပါးပါး ဝေ့ယမ်းလိုက်ပြီး ပြောလိုက်သည်။

“ငါ ရှန်းဖျင်ရဲ့မင်္ဂလာပွဲအတွက် ပြင်ဆင်ရဦးမယ်”

လီချန်ဟူသည် သူ၏အဝတ်အစားများကို ဆွဲဆန့်လိုက်ပြီး ထျန်းအိမ်တော်ရှိရာဆီသို့ ထွက်ခွာသွားတော့သည်။

လီထုန်ယာ၏ မျက်နှာပေါ်မှအပြုံး ပျောက်ကွယ်သွားခဲ့သည်။ သူက သစ်သားစားပွဲတွင် ဝင်ထိုင်ကာ စကားပြောရန်ပြင်လိုက်သည်။

“အဖေ”

သူ၏ဖခင်က ကျောက်လှေကားထစ်များပေါ်တွင် ရပ်နေပြီး သူ၏ကိုယ်ပိုင်အတွေးများထဲတွင် နစ်မြောနေသည်ကို လီထုန်ယာ တွေ့လိုက်ရသည်။ လီထုန်ယာက သူ့ကိုအော်ခေါ်လိုက်မှသာ အသိပြန်ဝင်လာပုံရသည်။

ယခင်ညက လီမုထျန်းသည် တံခါးဘေးတွင်ထိုင်ပြီး လမင်းကိုကြည့်နေခဲ့သည်။ လီရှန်းဖျင်က တောင်နောက်ဘက်သို့ အပြေးအလွှားသွားသည်ကို မြင်သောအခါ သူက စိုးရိမ်စိတ်ဖြင့် သူ့သားနောက်သို့ တိတ်တဆိတ် လိုက်ပါသွားခဲ့သည်။

သူမသိလိုက်သည်မှာ လီထုန်ယာသည်လည်း သူ၏ညီငယ်အတွက် အလားတူစိုးရိမ်ပြီး တောင်ပေါ်သို့ လိုက်ပါသွားခဲ့ခြင်းဖြစ်သည်။ သူတို့နှစ်ဦးသားသည် မမျှော်လင့်ဘဲ တွေ့ဆုံမိကြပြီး အနေရခက်စွာဖြင့် အချင်းချင်း ကြောင်ကြည့်နေမိခဲ့ကြသည်။

သူတို့သည် လီရှန်းဖျင် လူသတ်နေသည်ကို တိတ်ဆိတ်စွာ ကြည့်ရှုနေခဲ့ကြပြီး တောရိုင်းတိရစ္ဆာန်များက ထိုနေရာကို ရှင်းလင်းပြီးမှသာ တောင်ပေါ်မှ ပြန်လာခဲ့ကြသည်။

“ရှန်းဖျင်က မိသားစုကိုကာကွယ်ဖို့အတွက် အဲဒီလို လုပ်ခဲ့တာပါ။ အဖေ ဒေါသထွက်ဖို့ မလိုပါဘူး”

လီထုန်ယာက ပြောလိုက်သည်။

“ဘယ်သူက ငါ စိတ်ဆိုးတယ်လို့ ပြောနေလို့လဲ”

လီမုထျန်းသည် သူ၏နှလုံးသားထဲမှ ရှုပ်ထွေးနေသာ စိတ်ခံစားမှုများဖြင့် ပြတ်သားစွာ ပြောလိုက်သည်။

သူ့မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး ဆက်ပြောသည်။

“အဲဒီအရူးက သူနဲ့ထိုက်တာ သူရသွားတာပဲ။ ရှန်းဖျင်ကသာ သူ့ကိုခြောက်လှန့်ပြီး မောင်းထုတ်လိုက်ရုံပဲဆိုရင် ငါကိုယ်တိုင်ဝင်ပြီး သူ့ကိုရှင်းပစ်မှာပဲ။ သူလုပ်သင့်တာကို လုပ်ခဲ့တာပဲ။ အဲဒါကြောင့် ငါက ဘာလို့ ဒေါသထွက်ရမှာလဲ။ ပြီးတော့ ချန်းဟူအတွက် ဆင်ခြေတွေပေးမနေနဲ့”

လီထုန်ယာသည် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး ပြောသည်။

“ချန်းဟူက ရက်ရောပြီး ကြင်နာတတ်တဲ့ နှလုံးသားရှိတယ်။ ရွာသားတွေနဲ့ သူရင်းငှားတွေအားလုံးက သူ့ကိုလေးစားကြတယ်။ သူက မိသားစုစီးပွားရေးကို ကာကွယ်စောင့်ရှောက်နိုင်မယ့်သူဆိုတာ သေချာပါတယ်”

“အဓိပ္ပါယ်မရှိတာတွေ”

လီမုထျန်းသည် သိသိသာသာ ဒေါသထွက်နေဟန်ဖြင့် စားပွဲကို လက်ဖြင့်ရိုက်ချလိုက်သည်။

“သူတို့လေးစားကြတာ လီမုထျန်းဆိုတဲ့ ငါ့ကိုပဲ။ မင်းအစ်ကိုကြီးအပေါ် သူတို့ရဲ့လေးစားမှုက သူကမ်းလှမ်းတဲ့ ငှားရမ်းခ သက်သာမှုကြောင့်ပဲ။ ဒီလူတွေက အာဏာကိုသာလေးစားပြီး သီလတရားကို ဘယ်တော့မှ မလေးစားဘူး။ မင်းစဉ်းစားကြည့်စမ်း။ ဒီနေ့ ငါမရှိတော့ဘူးဆိုရင် မနက်ဖြန် လီယဲ့ချန်က ပြဿနာရှာမှာ မဟုတ်ဘူးလား။ ချန်းဟူက သူ့ကို သတ်ရဲတဲ့သတ္တိ ရှိလိမ့်မယ်လို့ မင်းထင်လို့လား”

လီထုန်ယာ၏ တိတ်ဆိတ်သွားသည်ကိုကြည့်ရင်း လီမုထျန်း၏အသံ ပျော့ပြောင်းသွားခဲ့သည်။

“အရင်တုန်းကတော့ ငါမစိုးရိမ်ခဲ့ဘူး။ မင်းတို့နှစ်ယောက်လုံးက ချန်းဟူကို ထောက်ပံ့ပေးနေတော့ သူ့ရဲ့သဘောကောင်းတာက အားသာချက်တစ်ခုပဲ။ ကျေးဇူးတရားနဲ့ ကရုဏာကို ပြသတယ်။ ဒါပေမဲ့ အခုတော့ အခြေအနေတွေက ပြောင်းလဲသွားပြီ။ ငါတို့မိသားစုက ကိုယ်ပိုင်လျှို့ဝှက်ချက်တွေနဲ့ ရေခဲပြင်ပါးပါးလေးအပေါ် လမ်းလျှောက်နေရသလိုပဲ။ လုံလောက်အောင် မရက်စက်တဲ့ ခေါင်းဆောင်တစ်ယောက်က ငါတို့မိသားစုကို ဘေးဒုက္ခတွေ အလွယ်တကူ ယူဆောင်လာနိုင်တယ်”

သူက ခဏတာငြိမ်သက်သွားပြီး စိတ်ရှုပ်ထွေးသောအမူအရာဖြင့် ဆက်ပြောလိုက်သည်။

“ငါ အခုတလော မသက်မသာ ခံစားနေရတယ်။ ဘေးဒုက္ခတစ်ခုက ရောက်လာတော့မယ်ထင်တယ်”

xxxxxxxxxx

လီချန်းဟူသည် ထျန်းအိမ်တော်တွင် မင်္ဂလာကိစ္စများကို အပြီးသတ်ပြီးနောက် လယ်ကွင်းများရှိရာ တောင်စောင်းပေါ်တွင် စိတ်ရှုပ်ထွေးသောအမူအရာဖြင့် ထိုင်နေခဲ့သည်။ သူသည် ရွာကို လှည့်လည်ကာ ရှာဖွေခဲ့သော်လည်း လီယဲ့ချန်၏အရိပ်အယောင်ကို မတွေ့ခဲ့ရပေ။

လီချန်းဟူသည် ယမန်ညက လီထုန်ယာထံမှ အရိပ်အမြွက်စကားကဲ့သို့ ထင်ရသောအရာကို ပြန်လည်စဉ်းစားရင်း လီယဲ့ချန်သည် လီရှန်းဖျင်၏လက်ချက်ဖြင့် သေဆုံးသွားခဲ့ပြီဟု သံသယဝင်မိသည်။

သူ၏နှလုံးသားထဲတွင် နာကျင်မှုများ တိုးပွားလာခဲ့သည်။ ကလေးဘဝက ယဲ့ချန်နှင့်ထုန်ယာတို့ ညီငယ်နှစ်ယောက်သည် မြစ်ထဲတွင်ငါးဖမ်းသောအခါ သူ့နောက်သို့ နာခံစွာ အမြဲလိုက်ပါခဲ့ကြသည်။

ချန်အာက ကြီးမားသော အပြာရောင်ငါးတစ်ကောင်ကို ကိုင်ထားပြီး ဝမ်းမြောက်စွာဖြင့် “ကြည့်ပါဦး အစ်ကိုကြီး” ဟု အော်ခေါ်နေသည်ကို သူ ဝေဝါးစွာ သတိရမိသည်။

ထုန်ယာသည် မနာလိုဖြစ်နေသော်လည်း အမြဲတမ်း ဂရုမစိုက်ဟန်ဆောင်ပြီး သူ့ကို လျစ်လျူရှုခဲ့သည်။ သူတို့သုံးယောက် ကစား၍ ပင်ပန်းသွားသောအခါ မြစ်ကမ်းဘေးတွင်ရပ်ပြီး မည်သူက ပိုမြင့်ပြီး ပိုဝေးအောင် ဆီးသွားနိုင်သလဲဟု ယှဉ်ပြိုင်ကြသည်။

ထို့နောက် သူတို့၏အဒေါ် ကွယ်လွန်သွားပြီး ဒုတိယဦးလေးလည်း နာမကျန်း ဖြစ်ခဲ့သည်။ လအနည်းငယ်အတွင်းမှာပင် ယဲ့ချန် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ သူသည် ယခင်ကလို ကောင်လေးမျိုး မဟုတ်တော့ပေ။

“သူက ဒီလိုမျိုး အဆုံးသတ်ဖို့ မထိုက်တန်ပါဘူး”

လီချန်းဟူ၏ မျက်လုံးများတွင် မျက်ရည်များ ဝဲလာခဲ့သည်။

သူသည် ယဲ့ချန်ကို လမ်းမှန်ပေါ်သို့ ပြန်လည်လမ်းညွှန်နိုင်ပြီး သူ့ကို စာသင်ပေးကာ ကောင်းမွန်သော ဘဝတစ်ခုကို နေထိုင်စေနိုင်မည်ဟု အမြဲတမ်း ယုံကြည်ခဲ့သည်။

“ချန်းဟူ”

အသံတစ်သံက လီချန်းဟူကို သူ၏အတွေးများထဲမှ နိုးထလာစေခဲ့သည်။ သူက အမြန်ခေါင်းငုံ့လိုက်ပြီး မျက်လုံးထောင့်စွန်းမှ မျက်ရည်များကို သုတ်လိုက်ကာ အသံလာရာဘက်သို့ ကြည့်လိုက်သည်။

ထိုနေရာတွင် ဆံပင်ဖြူနှင့် ရိုးသားဟန်ရှိသော သက်ကြီးပိုင်း လယ်သမားတစ်ဦး ရပ်နေသည်။ သူ၏အရေပြားသည် နေလောင်ဒဏ်ကြောင့် ညိုမည်းနေကာ အိမ်တွင်းဖြစ်အဝတ်နှင့် ဘောင်းဘီပွကြီးကို ရိုးရှင်းစွာ ဝတ်ဆင်ထားသည်။

“ဦးလေးရွှီ”

လီချန်ဟူက မတ်တပ်ရပ်ပြီး သူ၏ဘောင်းဘီကို ဖုန်ခါလိုက်သည်။

“အိမ်မှာ အခြေအနေဘယ်လိုရှိလဲ။ စားဖို့ရော လုံလောက်ရဲ့လား”

သူက အမှန်တကယ် စိုးရိမ်ပူပန်မှုဖြင့် မေးလိုက်သည်။

“ဟုတ်ကဲ့၊ အများကြီးရှိပါတယ်”

အဘိုးကြီး၏ မျက်ရည်များသည် လီချန်းဟူ၏

အဖြေကိုကြားသည်နှင့် လိမ့်ဆင်းလာခဲ့သည်။

သူသည် အသက်အရွယ်ကြီးရင့်နေပြီ ဖြစ်သော်လည်း ကြံ့ခိုင်နေဆဲဖြစ်သည်။ သူ၏ တစ်ဦးတည်းသောသားမှာမူ အိပ်ရာထဲလဲနေပြီး လယ်ယာလုပ်ငန်းများကို မလုပ်ဆောင်နိုင်ခဲ့ပေ။

လီချန်းဟူသည် သူတို့ကို ငှားရမ်းခ လျှော့ချပေးခဲ့ပြီး အစားအစာများ ထောက်ပံ့ပေးခဲ့ကာ ခက်ခဲသောအချိန်များကို ကျော်လွှားနိုင်ရန် ကူညီပေးခဲ့သည်။

လီချန်းဟူကို ကလေးဘဝမှ အရွယ်ရောက်သည်အထိ ကြီးပြင်းလာသည်ကို ကြည့်ရှုခဲ့သော အဘိုးရွှီသည် သူ့ကို သူ၏ကိုယ်ပိုင်ကလေးကဲ့သို့ပင် သဘောထားသည်။ ထိုသို့သော ကြင်နာမှုကို ကြုံတွေ့ခဲ့ရသောကြောင့် သူသည် လီချန်းဟူအပေါ် နက်ရှိုင်းသော ကျေးဇူးတင်မှုကို ခံစားနေရသည်။

အဘိုးရွှီနှင့် စကားပြောဆိုခြင်းက လီချန်းဟူကို သူ၏ဝမ်းနည်းမှုမှ လျှင်မြန်စွာ အာရုံလွှဲပေးနိုင်ခဲ့သည်။

“တစ်ခုခုလိုအပ်ရင် ကျွန်တော့်ကိုပြောဖို့ အားမနာပါနဲ့။ ဦးလေးရွှီရဲ့ လယ်ကွင်းတွေကို စောင့်ရှောက်ဖို့ လွန်ခဲ့တဲ့ရက်နည်းနည်းကပဲ အဖေက ကျွန်တော့်ကို သတိပေးထားလို့ လာကြည့်တာပါ”

သူကပြောလိုက်သည်။

လောကအတွေ့အကြုံ ရင့်ကျက်လှပြီဖြစ်သော လီချန်းဟူ၏ လုပ်ရပ်များသည် အမှန်စင်စစ် လီမုထျန်း၏ မျက်နှာသာပေးမှုများသာ ဖြစ်ကြောင်း သေသေချာချာ သိနေသဖြင့် အဘိုးရွှီက ရယ်မောလိုက်သည်။ ထို့နောက် သူက လက်သီးဆုပ် ဂါရဝပြုလိုက်ရင်း ရယ်မောကာ ပြောသည်။

“ငါ့ကိုယ်စား မင်းရဲ့အဖေကို ကျေးဇူးတင်စကား ပြောပေးပါဦး။ ငါတို့တစ်မိသားစုလုံးက တကယ့်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်”

“အို ဒါက ဘာမှမဟုတ်ပါဘူး။ ကျွန်တော်တို့ လုပ်သင့်တာကို လုပ်တာပါ”

လီချန်းဟူက လက်ဝေ့ယမ်းကာ ကျေးဇူးတင်စကားကို ပယ်ချလိုက်သည်။

သူတို့ လယ်ကွင်းထဲတွင် စကားစမြည်ပြောနေကြသောအချိန်တွင် လီရှန်းဖျင်သည် အဝတ်အိတ်တစ်လုံးကို ကိုင်ဆောင်လျက် ကျူတောများရှိရာသို့ ချဉ်းကပ်လာခဲ့ပြီး မြစ်ကမ်းပါးထက်တွင် ထိုင်နေသော လီယဲ့ရှန့်ကို အကဲခတ်ကြည့်ရှုလိုက်လေသည်။

လီယဲ့ရှန့်သည် လက်ချောင်းများကို ချိုးကာရေတွက်ရင်း သူ့ဘာသာသူ ရေရွတ်နေခဲ့သည်။

“ငါ တစ်နေ့က တတိယဦးလေးဆီကို သွားလည်ခဲ့တယ်။ အဲဒီမတိုင်ခင်က အကြီးဆုံးဦးလေးဆီကို သွားခဲ့ပြီး မနေ့က စတုတ္ထဦးလေးဆီက အငြင်းခံခဲ့ရတယ်။ ဒီနေ့တော့ တောထဲက ဟင်းသီးဟင်းရွက်တွေနဲ့ပဲကျေနပ်ပြီး ဟင်းချိုချက်ဖို့ ပုစွန်တချို့ဖမ်းပြီး အိမ်ပြန်ရမှာပဲ”

သူသည် လှုပ်ခါနေသော ကျူပင်များကို ငေးကြည့်ရင်း သူ့ကိုကျွေးမွေးခဲ့သော နေရာများကို ပြန်လည်စဉ်းစားနေခဲ့သည်။ ဤကျူပင်များသာ မရှိခဲ့ပါက သူသည် ကြာမြင့်စွာကတည်းက လူမသိသူမသိ တစ်နေရာရာတွင် သေဆုံးသွားလောက်ပေပြီ။

“ငါ ဦးကြီးနဲ့သူ့မိသားစုကို ကျေးဇူးအကြွေးတင်နေတယ်”

သူက သူ့ကိုယ့်ကိုယ်သူ သတိပေးလိုက်စဉ် ကျူပင်များကြားမှ ထွက်ပေါ်လာသော ပုံရိပ်တစ်ခုကြောင့် ထိတ်လန့်သွားခဲ့သည်။

“အစ်ကိုရှန်းဖျင်”

လီယဲ့ရှန့်သည် အံ့အားသင့်စွာဖြင့် ထရပ်လိုက်သည်။ ပင်မမိသားစုက မြင့်မားသော တံတိုင်းခတ်ထားသော ခြံဝင်းကို တည်ဆောက်ပြီးကတည်းက လီရှန်းဖျင်သည် စာပေဖတ်ရှုခြင်း၌ နစ်မြောနေသည်ဟု ကောလာဟလများ ထွက်ပေါ်နေခဲ့ပြီး အပြင်သို့ထွက်ခဲသည်။ လီယဲ့ရှန့်သည် ပင်မအိမ်တွင် စားသောက်စဉ် ရံဖန်ရံခါသာ သူ့ကို တွေ့မြင်ရတတ်သည်။

“ရော့ ယူလိုက်”

လီရှန်းဖျင်က ပြုံးလိုက်ပြီး သူ၏အဝတ်အိတ်ထဲမှ ပေါက်ဆီတစ်လုံးကို ဆွဲထုတ်ကာ သူ့ထံသို့ ပေးလိုက်သည်။

လီယဲ့ရှန့်က ၎င်းကို ကမန်းကတန်း လှမ်းယူလိုက်ပြီး၊ ဆာလောင်မွတ်သိပ်စွာဖြင့် အငမ်းမရ ကိုက်စားလိုက်သည်။ ထို့နောက် လှိုက်လှိုက်လှဲလှဲ ပြောသည်။

“အစ်ကိုကအကောင်းဆုံးပဲ”

“ဟား ဟား ဟား ဟား ဟား”

လီရှန်းဖျင်သည် ကလေးဘဝကတည်းကပင် လီယဲ့ရှန့်အတွက် မုန့်များခိုးကျွေးလေ့ရှိသည်။ လီမုထျန်းသည် ၎င်းကို သိနေခဲ့သော်လည်း မသိချင်ဟန်ဆောင်ခဲ့သည်။

လီရှန်းဖျင်သည် အမှန်ပင် သူ့ကို များစွာပေးကမ်းခဲ့သည်။

“ဒါကိုလည်းယူလိုက်ဦး”

လီရှန်းဖျင်က အနည်းငယ်စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ပြောလိုက်သည်။

သူသည် အဝတ်အိတ်ကို လီယဲ့ရှန့်၏ လက်ထဲသို့ ထိုးထည့်ပေးလိုက်ရင်း ဆက်ပြောသည်။

“ဒါတွေက ငါခပ်ငယ်ငယ် ပညာသင်တုန်းက ဖတ်ခဲ့တဲ့ စာအုပ်တွေပဲ။ မင်း ဘဲတွေကြည့်နေရင်းနဲ့ အားတဲ့အခါ ဖတ်လို့ရတာပေါ့”

“ကျေးဇူးတင်ပါတယ် အစ်ကို”

လီယဲ့ရှန်းသည် သိသိသာသာ စိတ်လှုပ်ရှားသွားပြီး မြစ်ရေအချို့ကို ခပ်ယူကာ သူ၏လက်များကို ဆေးကြောပြီးနောက် အဝတ်အိတ်ကို ဂရုတစိုက် လက်ခံယူလိုက်သည်။

“ငါ ရက်နည်းနည်းလောက်ကြာရင် အဖေ့ကို ပြောကြည့်မယ်။ မင်းအချိန်ရတဲ့အခါ စာပေပညာရှင်ဆီမှာ စာသင်ခွင့်ရအောင် သူပြောပေးနိုင်မလား ကြည့်ကြတာပေါ့။ မင်းမေးချင်တာတွေရှိရင်လည်း ငါတို့ကို မေးလို့ရတယ်"

“အာ၊ ကျွန်တော် ဦးကြီးကို ဒီလိုဒုက္ခမပေးသင့်ပါဘူး”

လီယဲ့ရှန့်သည် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားမိသော်လည်း တစ်ပြိုင်နက်တည်းမှာပင် တွန့်ဆုတ်နေမိပြန်သည်။ သူ၏ ရင်ထဲတွင်လည်း စိုးရိမ်စိတ်နှင့် မျှော်လင့်တောင့်တမှုတို့က ဒွန်တွဲနေကာ သူက လက်ကို အကြိမ်ကြိမ်ခါယမ်းလျှက် ထိုကဲ့သို့ စေတနာအပြည့်ဖြင့် ပေးကမ်းမှုကို ငြင်းဆန်ရန် အဖန်ဖန် ကြိုးပမ်းနေမိသည်။

“ပြီးတော့ စာသင်တာက ပိုက်ဆံကုန်တယ်လို့ ကျွန်တော် ကြားဖူးတယ်။ အစ်ကိုကြီးက ကျွန်တော့်အတွက် ဘယ်တော့မှ ပေးမှာမဟုတ်ဘူး”

လီရှန်းဖျင်က သူ့ကို ဖျတ်ခနဲကြည့်လိုက်ပြီး ရမ်းသွမ်းသွေး၍ ပြောလိုက်သည်။

“အဲဒီအတွက် မင်းစိတ်ပူစရာ မလိုပါဘူး။ ငါ အဖေ့ကိုပေးခိုင်းလိုက်မယ်”

“ဒါပေမဲ့…”

သူ့ရင်ထဲတွင် ရိုသေလေးစားစိတ်များ တဖွားဖွား ဖြစ်ပေါ်လာခဲ့ပြီး စိတ်ထဲကနေ တိတ်တဆိတ် ရေရွတ်လိုက်မိသည်။

‘အစ်ကိုရှန်းဖျင်က တကယ့်ကို ဦးကြီးနဲ့တူတာပဲ…!’

လီယဲ့ရှန့်၏အတွေးများကို မသိသော လီရှန်းဖျင်သည် သူ၏ပခုံးကို ပုတ်လိုက်ပြီး စာပေသင်ကြားခြင်းကို အာရုံစိုက်ရန် အားပေးကာ အိမ်သို့ ဦးတည်ထွက်ခွာသွားလေတော့သည်။

All Chapters