အခန်း ၁၈
Vol. 2 Ch. 18
အခန်း - (၁၈) သုံးနှစ်
လီကျင်းရွာတွင် ယမန်နေ့က ဖြစ်ပွားခဲ့သော ဆူညံမှုများသည် ညနက်သည်အထိ ဆက်လက် ဖြစ်ပွားနေခဲ့သည်။ နေ့သစ်တစ်နေ့ စတင်ပြီဖြစ်ကြောင်း အချက်ပေးသည့် ကြက်တွန်သံကို ကြားရသည်နှင့် ရွာသူရွာသားများ နိုးကြားလှုပ်ရှားနေကြပြီဖြစ်သည်။
ဆောင်းဦးအစောပိုင်း မနက်ခင်းလေထုသည် နှင်းရည်စက်များကြောင့် လန်းဆန်းအေးမြ နေသော်လည်း ရွာကလေးတွင်မူ လေးလံထိုင်းမှိုင်းသော အငွေ့အသက်များ လွှမ်းခြုံနေလေသည်။
လျိုနှင့်လီ မိသားစုများသည် ရွာအဝင်ဝတွင် စုဝေးနေသော ဒုက္ခသည်များအတွက် ရိက္ခာခြောက်အချို့ကို ထောက်ပံ့ပေးခဲ့ကြသည်။
သူတို့ကို ဦးဆောင်လာသော လူလတ်ပိုင်းအမျိုးသားသည် လူနှစ်ဆယ်ကျော်ရှိသောအုပ်စုကို စိုးရိမ်စွာကြည့်ရှုရင်း သူ့ဘာသာသူ တွေးလိုက်မိသည်။
“အခုတော့ တကယ်ပဲ ဒုက္ခရောက်နေပြီ။ ငါတို့ထဲက တစ်ယောက်ယောက်က အုပ်ချုပ်သူမိသားစုရဲ့ ထင်ရှားတဲ့ မိသားစုဝင်တစ်ယောက်ကို သတ်ပစ်လိုက်ပြီ။ ငါတို့ ဆက်နေလို့လည်းမရဘူး။ ထွက်ပြေးဖို့ဆို ပိုတောင်မဖြစ်နိုင်တော့ဘူး”
ဒုက္ခသည်များမှာ စိတ်မသက်မသာ ဖြစ်နေကြသည်။ သူတို့ တောင်ပေါ်လမ်းကို မော့ကြည့်လိုက်စဉ် တစ်စုံတစ်ယောက်က အော်ပြောလိုက်သည်။
“ကြည့်ပါဦး၊ လမ်းပေါ်မှာ တစ်ယောက်ယောက်ရှိနေတယ်။ အဘိုးကြီးတစ်ယောက်ပဲ”
ဆံပင်ဖြူနှင့် သက်ကြီးပိုင်းလယ်သမားတစ်ဦးသည် ကွေ့ကောက်သော လမ်းပေါ်တွင် ပေါ်ထွက်လာခဲ့သည်။ သူ၏အဝတ်အစားများနှင့် လက်များတွင် သွေးများ စွန်းထင်းနေပြီး သူ၏ဘယ်ဘက်လက်တွင် သွေးစွန်းနေသော အလောင်းတစ်လောင်းကို ဆွဲလာခဲ့သည်။ သူ၏ ညာဘက်တွင်မူ ဆံပင်များ ဖရိုဖရဲဖြစ်နေသော ဦးခေါင်းပြတ်တစ်ခုကို ချိတ်ဆွဲထားသည့် ပေါက်ပြားတစ်လက်ကို သယ်ဆောင်လာခဲ့သည်။
“အဲဒါ လုပ်ကြံတဲ့သူပဲ”
ရွာသားအချို့သည် ဦးခေါင်းပြတ်နေသောအလောင်း၏ အဝတ်အစားများကို မှတ်မိသွားကြပြီး သူတို့၏ ကျောရိုးထဲတွင် အေးစိမ့်သွားကြသည်။ လူသတ်သမားသည် ယမန်ညကမှ လွတ်မြောက်သွားခဲ့ပြီး နောက်တစ်နေ့ နံနက်တွင် ဦးခေါင်းဖြတ်ခံလိုက်ရသည်။
ဤအဖြစ်အပျက်သည် အဘိုးကြီး မည်သူဖြစ်သည်နှင့် လီမိသားစု၏ အစွမ်းအစအတိုင်းအတာကို သိလိုစိတ်များ ဖြစ်ပေါ်လာစေခဲ့သည်။
အဘိုးကြီးရွှီ ချဉ်းကပ်လာသောအခါ လူအုပ်သည် သူ့အတွက် လမ်းဖယ်ပေးရန် အလျှင်အမြန် နောက်ဆုတ်သွားကြသည်။
သို့သော် အဘိုးကြီးရွှီသည် ဖြူဖျော့သောမျက်နှာနှင့် ဗလာဖြစ်နေသော မျက်လုံးများဖြင့် လျှောက်သွားခဲ့ပြီး ကြည့်ရှုနေသူများကို အရေးမစိုက်ခဲ့ပေ။
သူသည် ရွာအစွန်ရှိ လီအိမ်တော်သို့ တည့်တည့်မတ်မတ် ဦးတည်သွားခဲ့သည်။ သူရင်ငှားတစ်ဦးက မိသားစုထံသို့ သတင်းပို့ပြီးဖြစ်သည်။ သူတို့သည် ခြံဝင်းတံခါးကို ဖွင့်လိုက်ပြီး လီမုထျန်းက ပင်ပန်းနွမ်းနယ်စွာဖြင့် မိသားစုဝင်များကို ဦးဆောင်ကာ သူ့ကို နှုတ်ဆက်ရန် ထွက်လာခဲ့သည်။
“ဦးလေးရွှီ ဒါက…”
“ယွမ်မိသားစုရဲ့ မျိုးဆက်ပဲ… ငါ သူ့ကို သတ်လိုက်တယ်။ ဒါက သူ့အလောင်းပဲ။ လျိုလင်ဖုန်းနဲ့ ထျန်းရှို့ရွှေကို လာပြီးစစ်ဆေးခိုင်းလိုက်”
အဘိုးရွှီသည် အလောင်းကို အောက်သို့ ချထားလိုက်ပြီးနောက် အမောဖြေရန် ထိုင်ချလိုက်လေသည်။ ထိုအခိုက်တွင် သူ၏ ခြေလက်များ၌ အေးစိမ့်သော အငွေ့အသက်တစ်ခုကို ခံစားလိုက်ရ၏။
လီထုန်ယာသည် အဘိုးရွှီထံသို့ လက်ဖက်ရည်ကို အမြန်ယူဆောင်လာခဲ့သော်လည်း အဘိုးကြီး၏ တုန်ယင်နေသောလက်များက ခွက်ကိုပင် မကိုင်နိုင်ခဲ့ပေ။ လီထုန်ယာက ခွက်ကို သူကိုယ်တိုင်ယူကာ အဘိုးကြီးကို တိုက်လိုက်ရသည်။
မကြာမီပင် လျိုလင်ဖုန်းနှင့် ထျန်းရှို့ရွှေတို့သည် အဘိုးကြီးရွှီ၏ အကြီးဆုံးသားနှင့်အတူ လီအိမ်တော်ဆီသို့ ရောက်ရှိလာကြသည်။ အဘိုးရွှီသည် ဖြစ်ရပ်များကို ပြန်ပြောပြလိုက်ပြီး သေဆုံးသူမှာ ယွမ်မိသားစု၏ မျိုးဆက်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။
“ဦးကြီးရွှီ၊ ခင်ဗျားက ကျွန်တော့်အစ်ကိုကြီးအတွက် လက်စားချေပေးခဲ့တယ်။ လီမိသားစုက ထာဝရ ကျေးဇူးတင်နေမှာပါ…”
လီထုန်ယာက မျက်ရည်စများနှင့် စတင်ပြောလိုက်သည်။
သို့သော် အဘိုးကြီးရွှီသည် မျက်ရည်များဖြင့် သူ့ကို လက်ကာပြလိုက်သည်။
“မင်း ငါ့ကို ကျေးဇူးတင်စရာမလိုပါဘူး။ ငါ ဟူအာအပေါ်မှာ အကြွေးတင်နေတယ်။ ဒါကြောင့် ငါ သူ့အတွက် ဒီလူကို သတ်ခဲ့တာ။ လီမိသားစုဆီက ဘယ်ဆုလာဘ်ကိုမှ ငါမမျှော်လင့်ဘူး။ ငါ့လက်ကျန်နေ့ရက်တွေက ဘယ်လိုပဲဖြစ်ဖြစ် ရေတွက်လို့ ရနေပါပြီ။ မင်း ငါ့ကို ကျေးဇူးတင်ချင်တယ်ဆိုရင် မွေးလာမယ့်ကလေးကို ငါ့ဆီလာပြပါဦး”
သူသည် ထိုစကားများကို ပြောပြီးနောက် ပင်ပန်းနွမ်းနယ်စွာဖြင့် မတ်တပ်ရပ်လိုက်သည်။ သူသည် လီမိသားစုတွင် နေထိုင်ရန် တောင်းပန်မှုများကို လျစ်လျူရှုရင်း သူ၏အကြီးဆုံးသားနှင့်အတူ ထွက်ခွာသွားခဲ့သည်။
လီအိမ်တော်သည် အဖြူရောင်အထည်များဖြင့် လွှမ်းခြုံထားခဲ့သည်။ လီချန်းဟူ၏ ဈာပနသည် ရက်ပေါင်းများစွာ ကြာမြင့်ခဲ့သည်။ သူ၏ ရက်ရောမှုနှင့် ဖြောင့်မတ်မှုတို့သည် လူအများကို အကျိုးပြုခဲ့သောကြောင့် ရွာသည် ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
လီထုန်ယာသည် ဈာပနအစီအစဉ်များနှင့် အလုပ်ရှုပ်နေခဲ့သောကြောင့် သူ၏ကျင့်ကြံခြင်း အဆင့်တက်ရန် ရွှေ့ဆိုင်းခဲ့ရသည်။ လီချန်ဟူကို သင်္ဂြိုဟ်ပြီး နှစ်လအကြာမှသာ လီထုန်ယာသည် သူ၏စိတ်အခြေအနေကို တည်ငြိမ်အောင်လုပ်နိုင်ခဲ့ပြီး ဆန်းကြယ်အသွင် ချက္ကရာကို စုစည်းဖွဲ့တည်နိုင်ကာ အင်မော်တယ်ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ အခြေချနိုင်ခဲ့သည်။
xxxxxxxxxx
နှစ်နှစ်ကြာသော်…
နံနက်ခင်းနေမင်းသည် ခြံဝင်းကို တောက်ပသော ရောင်ခြည်များဖြင့် လင်းထိန်စေပြီး သစ်ပင်ငယ်အချို့ပေါ်တွင် အလင်းနှင့်အရိပ်တို့၏ ရှုပ်ထွေးသောပုံစံများကို ခြယ်မှုန်းနေခဲ့သည်။ ထိုသစ်ပင်များအောက်တွင် ချောမောသော လူငယ်လေးတစ်ယောက်သည် တင်ပုလ္လင်ခွေထိုင်နေပြီး အသက်ရှူလေ့ကျင့်ခြင်းတွင် နက်ရှိုင်းစွာ နစ်မြောနေခဲ့သည်။
အချိန်အနည်းငယ်ကြာပြီးနောက် သူသည် ရှည်လျားစွာ အသက်ရှူထုတ်လိုက်ပြီး ထိုနေ့အတွက် လေ့ကျင့်ခြင်းကို အဆုံးသတ်လိုက်ကာ ခြံဝင်းကို ပြုံးရင်း လှည့်ပတ်ကြည့်ရှုလိုက်သည်။
နှစ်နှစ်အရွယ် ကောင်လေးတစ်ယောက်သည် သူ၏လက်ထဲတွင် တောပန်းများကို ဆုပ်ကိုင်ထားရင်း အိမ်နောက်ဘက်သို့ ပြေးဝင်လာပြီး ဝမ်းမြောက်စွာဖြင့် အော်နေသည်။
“ဦးရေး… ချီ…”
လီချယ်ကျင်းသည် ပြုံးလိုက်ပြီး ကလေးကို လေထဲသို့မြှောက်တင်ရန် လက်လှမ်းလိုက်သည်။ သူက ကောင်လေး၏ခေါင်းကို ညင်သာစွာပုတ်ရင်း ချစ်ခင်စွာမေးလိုက်သည်။
“ရွှမ်းအာ ဒီနေ့လိမ္မာရဲ့လား”
“ချီ…”
ကလေးငယ်သည် သူ၏မေးခွန်းကိုမဖြေဘဲ တခစ်ခစ် ရယ်မောလိုက်ပြီး လီချယ်ကျင်း ပွေ့ချီထားသည့်လက်အတွင်း၌ ကိုယ်ကိုတွန့်လိမ်ကာ လူးလွန့်နေတော့သည်။
ရန်ဖျင်အာသည် အိမ်နောက်ဘက်ဆီသို့ ဝင်ရောက်ရန် တုံ့ဆိုင်းနေပြီး အဝင်ဝမှ ညင်သာစွာ အော်ခေါ်လိုက်သည်။
“ရွှမ်းအာ၊ အဲဒီကနေ ချက်ချင်းထွက်ခဲ့”
လီချယ်ကျင်းသည် ကလေးကို မြေပေါ်ချပေးလိုက်ပြီး သူ့မိခင်၏ လက်ထဲသို့ ခုန်ဝင်သွားသည်ကို ကြည့်နေခဲ့သည်။
ထို့နောက် သူက သူ့ဘာသာသူ ရေရွတ်လိုက်သည်။
“ဒီ မန္နာစွမ်းအင်သံသရာ ချက္ကရာက စုစည်းဖွဲ့တည်ရတာ တကယ်ပဲ ခက်ခဲတယ်။ တစ်နှစ်ခွဲတောင် ကြာသွားခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးတော့ ရတော့မှာပါ”
လီရှန်းဖျင်က မတ်တပ်ရပ်လိုက်ပြီး ရယ်မောရင်း ဆုံးမလိုက်သည်။
“စိတ်ရှည်စမ်းပါ ကျင်းအာရာ။ ငါတို့က ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်ရဲ့ ဆန်းကြယ်အသွင် ချက္ကရာကိုပဲ စုစည်းဖွဲ့တည်နိုင်သေးတာ။ ငါတို့က တတိယအဆင့်ဖြစ်တဲ့ မန္နာစွမ်းအင်သံသရာ ချက္ကရာကိုတောင် မစတင်ရသေးဘူး။ မင်းကတာ့ ဒီမှာ ညည်းညူနေပြီ။ အရမ်းအလျင်လိုလွန်းနေတာပဲ”
လီချယ်ကျင်းက ရယ်မောလိုက်ပြီး ပြောလိုက်သည်။
“ကျွန်တော် ဒီည မန္နာစွမ်းအင်သံသရာ ချက္ကရာကို စပြီးစုစည်းဖွဲ့တည်တော့မယ်။ ပြီးရင် တကယ့်မန္နာစွမ်းအင်စီးကြောင်းက ဘယ်လိုမျိုးလဲဆိုတာ အစ်ကို့ကို ပြမယ်”
“ဒီကောင်ဆိုးလေးကတော့ကွာ”
လီရှန်းဖျင်က ရယ်မောလိုက်သည်။
လီမုထျန်း အိမ်နောက်ဘက်သို့ ဝင်ရောက်လာသည်ကို သတိပြုမိသောအခါ သူ၏အသံကို အမြန်နှိမ့်လိုက်ပြီး နှုတ်ဆက်လိုက်သည်။
“အဖေ”
လီမုထျန်းသည် လွန်ခဲ့သော ၂ နှစ်အတွင်း သိသိသာသာ အိုမင်းလာခဲ့သည်။ သူ၏ဆံပင်များသည် ဖြူဖွေးလာခဲ့ပြီး သူ၏မျက်နှာပေါ်တွင် နက်ရှိုင်းသော အရေးအကြောင်းများ ထင်ရှားလာခဲ့သည်။ သူသည် တည်ကြည်ကာ အပြုံးအရယ်မရှိသော အမူအရာကို ဆောင်ထားပြီး ၁၀စုနှစ် တစ်ခုကျော်စာ ပို၍အသက်ကြီးနေပုံရသည်။
“ရွှမ်ရွှမ်က တော်တော်ဆိုးတာပဲ”
သူ၏မြေး လီရွှမ်ရွှမ်ကိုမြင်သောအခါ လီမုထျန်း၏ မျက်နှာသည် နောက်ဆုံးတွင် ပျော့ပြောင်းသွားခဲ့ကာ အပြုံးများပင် ပေါ်လာခဲ့သည်။
လီချန်းဟူ သေဆုံးပြီးကတည်းက အဘိုးကြီးသည် စိတ်ဓာတ်ကျနေခဲ့သော်လည်း ဤကလေးမွေးဖွားလာခြင်းက သူ့ကို ပြန်လည်လန်းဆန်းစေခဲ့သည်။
လီရွှမ်ရွှမ် မွေးဖွားသောအခါ လီမုထျန်းသည် လီရှန်းဖျင် အကြံပြုသည့်အတိုင်း “လက်ခံရယူခြင်းကျင့်စဉ်” မှ စာပုဒ်သုံးပုဒ်ကို အခြေခံ၍ မျိုးဆက်အမည်များကို သတ်မှတ်ရန် လီမိသားစုကို စုစည်းခဲ့သည်။
လီရှန်းဖျင်သည် ရက်ပေါင်းများစွာ စဉ်းစားပြီးနောက် ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့် ကျင့်ကြံခြင်းစာသားမှ စာပုဒ်သုံးပုဒ်ကို ရွေးချယ်ခဲ့သည်။
“ကြည်လင်ခြင်းတို့ လွှမ်းမိုးရာ ဆန်းကြယ်အသွင်ဝယ် နေနှင့်လတို့သည် အလင်းကိုဆောင်နှင်းကြ၏။
မန္နာစွမ်းအင် သံသရာအတွင်း၌ စိမ်းပြာအဆီအနှစ်ကို ဖမ်းဆုပ်ရန် ရှာဖွေကြ၏။
ကျောက်စိမ်းမြို့တော်၌မူကား နိုးထဝိညာဉ် တစ်ခုတည်းသာလျှင် ထင်ဟပ် ပေါ်လွင်လေသည်။”
ထိုစာပုဒ်များနှင့်အညီ လီထုန်ယာ၊ လီရှန်းဖျင်နှင့် အခြားသူများ၏ ကလေးများအတွက် အမည်ပေးခြင်းဓလေ့ကို တည်ထောင်ခဲ့သည်။ ယောက်ျားလေးများသည် “ရွှမ်” ပါဝင်သောအမည်များကို ရရှိမည်ဖြစ်ပြီး မိန်းကလေးများမှာ “ကျင်” ပါဝင်သောအမည်များ ရရှိမည်ဖြစ်ကာ ထိုသို့ဖြင့် ဆက်လက်သွားမည်ဖြစ်သည်။
(Note. အခုလို နာမည်ပေးတာမျိုးကို “မျိုးဆက်နာမည်” လို့ခေါ်ပါတယ်။ အခုလို “မျိုးဆက်နာမည်” မျိုးက ကဗျာတစ်ပုဒ်အပေါ် အခြေခံထားလေ့ ရှိပါတယ်။ လီမိသားစုကတော့ ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့် ကျင့်ကြံခြင်းစာသားထဲက ကဗျာ သုံးပုဒ်ကို အခြေခံထားပါတယ်။
ပထမ တစ်ပါဒ်က “ရွှမ် ကျင် ယွမ် ချင်” ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ “ကြည်လင်ခြင်းတို့ လွှမ်းမိုးရာ ဆန်းကြယ်အသွင်ဝယ်” လို့ရပါတယ်။ ဒါကြောင့် ညီအစ်ကို လေးယောက်ရဲ့ ကလေးတွေက အရှေ့နှစ်လုံးဖြစ်တဲ့ “ရွှမ်” နဲ့ “ကျင်” ကို ယူရမှာပါ။ ယောက်ျားလေးဆိုရင် “ရွှမ်” ဖြစ်ပြီး မိန်းကလေးဆို “ကျင်” ပါ။ နောက်တစ်ခါ ဒီ “ရွှမ်” နဲ့ “ကျင်” နာမည်ယူထားတဲ့ ကလေးတွေရဲ့ နောက်မျိုးဆက်တွေကတော့ “ယွမ်” နဲ့ “ချင်” ကို ယူရမှာဖြစ်ပြီးတော့ ဒီလိုနဲ့ ဆက်သွားမှာ ဖြစ်ပါတယ်။ ဒီလိုနဲ့ မျိုးဆက် ၁၂ ခုရဲ့ နာမည်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
ရွှမ် ကျင် ယွမ် ချင်၊ ရှီ ယွဲ့ ချန် မင်
ကျိုး ရှင် ကျောက် ချွဲ့၊ စွေ့ ယွီ ချင် ယွမ်
ယွီး ကျင်း ယုံ့ ရှောင်း၊ ဝေ ကျန့် လင် ချူ)
လီမုထျန်းသည် ချွေးမ၏အမြင်ကိုလည်း တောင်းခံခဲ့သည်။ ရန်ဖျင်အာသည် တစ်ညတာ စဉ်းစားပြီးနောက် လီချန်းဟူ၏သားအတွက် “လီရွှမ်ရွှမ်” ဟူသောအမည်ကို ပေးရန်ဆုံးဖြတ်ခဲ့သည်။
“ဒါက အဖေ သူ့ကို အလိုလိုက်လွန်းလို့ပါ”
လီထုန်ယာက စင်ပေါ်သို့ သစ်သားပြားတစ်ချပ်ကို ပြန်တင်ရင်း ပြုံးကာ မှတ်ချက်ချလိုက်သည်။
“မဟုတ်တာတွေ”
လီမုထျန်းက ဒေါသထွက်ဟန်ဆောင်ပြီး ပြောလိုက်သည်။ ထို့နောက် သူ၏မုတ်ဆိတ်ကိုပွတ်ကာ အလေးအနက်အသံဖြင့် ပြောသည်။
“ငါ ယဲ့ရှန့်ကို ငါ့ဘေးမှာ ပိုပြီးသင်ယူစေချင်တယ်” တည်ကြည်စွာပြောလိုက်သည်။
“လီယဲ့ရှန့်လား”
လီထုန်ယာသည် ခဏတာ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။
“ဒါက စိတ်ကူးကောင်းတစ်ခုပဲ။ လီယဲ့ရှန့်က တစ်ယောက်တည်းဖြစ်နေပြီးတော့ ကျွန်တော်တို့မိသားစုကိုလည်း တော်တော်လေး တွယ်တာတယ်။ ကျွန်တော်တို့က ကျင့်ကြံခြင်းနဲ့ အလုပ်ရှုပ်နေတော့ မိသားစုကိစ္စတွေကို သိပ်ဂရုမစိုက်နိုင်ဘူး။ သူကလည်း လီမိသားစုရဲ့ သွေးသားဖြစ်နေတော့ အကောင်းဆုံးရွေးချယ်မှုတစ်ခုပဲ”
“သူ့ကိုယ်ကျိုးအတွက် တစ်ကိုယ်ကောင်းဆန်တဲ့ ရည်ရွယ်ချက်တွေ အချိန်နဲ့အမျှ တိုးပွားလာမှာကိုတော့ ကျွန်တော် စိုးရိမ်တယ်…”
လီချယ်ကျင်းက မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။
“ငါသူ့ကို အနည်းဆုံး နောက်ထပ် ၁၀နှစ်လောက်တော့ ထိန်းထားနိုင်သေးတယ်”
လီမုထျန်းက ယုံကြည်မှုရှိစွာ ပြောလိုက်သည်။ “၁၀ စုနှစ်တစ်ခု ကုန်သွားတဲ့အခါ မင်းတို့ကလေးတွေအားလုံး ကြီးပြင်းလာကြပြီ။ အဲဒီအခါကျရင် သူ မဟုတ်တာလုပ်ချင်ရင်တောင် အခွင့်အရေးမရှိတော့ဘူး”
“ထိထိရောက်ရောက် အုပ်ချုပ်ဖို့ဆိုရင် ကြင်နာမှုနဲ့အာဏာကို မျှတအောင် ထိန်းထားရမယ်။ လီယဲ့ရှန့်က မိသားစုတစ်ခု တည်ဆောက်နိုင်သွားရင် အရာရာက သူ့အလိုလို အဆင်ပြေသွားမှာပါ”
လီရှန်းဖျင်က ပေါ့ပေါ့ပါးပါး ထည့်ပြောလိုက်သည်။
“အမှန်ပဲ”
လီချယ်ကျင်းက စင်ပေါ်မှ အခြားသစ်သားပြားတစ်ချပ်ကို ထုတ်ယူပြီး ဖုန်ခါလိုက်သည်။ ထို့နောက် သူက တိုးညင်းစွာ ရယ်မောကာ ပြောလိုက်သည်။
“အင်မော်တယ်ကျင့်ကြံခြင်း ၁၀နှစ်ကတော့ တကယ်ပဲ မျှော်လင့်စရာအများကြီး ပေးစွမ်းတော့မှာပဲ”