← Chapters

အခန်း ၁၉

Vol. 2 Ch. 19

အခန်း ၁၉

Vol. 2 Ch. 19

အခန်း - (၁၉) ကျင့်ကြံသူ

ညအချိန် ကျရောက်လာခဲ့ပြီး လမင်းသည် ကောင်းကင်ပေါ်တွင် ထိန်ထိန်သာနေခဲ့သည်။

လီချယ်ကျင်းသည် ခြံဝင်းထဲတွင် တင်ပုလ္လင်ခွေထိုင်နေပြီး ချီကျင့်ကြံခြင်းတွင် နက်ရှိုင်းစွာ နစ်မြောနေခဲ့သည်။ သူသည် တတိယအဆင့်ဖြစ်သော မန္နာစွမ်းအင်သံသရာ ချက္ကရာကို စုစည်းဖွဲ့တည်ရန် အာရုံစိုက်နေခဲ့သည်။

အထွဋ်အထိပ်ယင် မရီဒန်အားဖြည့်ကျမ်းတွင် ဖော်ပြထားသည့်အတိုင်းဆိုရလျှင် လူ့ခန္ဓာကိုယ်သည် မရီဒျန် ၁၂ခုနှင့် ဒန်တျန် ၃ခု အပါအဝင် အဆုံးမဲ့အံ့ဩဖွယ်ရာများကို ပိုင်ဆိုင်ထားသည်။

“အောက်ပိုင်းဒန်တျန်သည် အဆီအနှစ်ကို ထိန်းသိမ်းသည်။ အလယ်ပိုင်းဒန်တျန်သည် ချီစွမ်းအင်ကို ထိန်းသိမ်းသည်။ အပေါ်ပိုင်းဒန်တျန်သည် အသိစိတ်ကို ထိန်းသိမ်းသည်။”

ချက္ကရာခြောက်ခုထဲတွင် ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်၏ စိန်ခေါ်မှုသုံးရပ်ဟု လူသိများသော ဆန်းကြယ်အသွင်၊ မန္နာစွမ်းအင်သံသရာနှင့် ကျောက်စိမ်းမြို့တော်တို့သည် အထူးသဖြင့် စိန်ခေါ်မှုကြီးမားသည်။

အဓိကအချက်သည် မတူညီသော ဒန်တျန်များအတွင်း ဗလာနတ္ထိအဖြစ်မှ ဤချက္ကရာများကို ဖြစ်ပေါ်လာစေပြီး ဝိညာဉ်ချက္ကရာတစ်ခုကို ဖွဲ့စည်းရန်ဖြစ်သည်။

ကျန်ချက္ကရာသုံးခုမှာမူ ရှုပ်ထွေးမှုနည်းပါးသည်။ ဥပမာအားဖြင့် အောက်ပိုင်းဒန်တျန်ရှိ ချီဟိုင်အပ်စိုက်အမှတ်တွင် တည်ရှိသော ဆန်းကြယ်အသွင် ချက္ကရာကို စုစည်းဖွဲ့တည်ပြီးနောက် လူတစ်ဦးသည် သူတို့၏အသက်ရှူခြင်းပုံစံကိုသာ အာရုံစိုက်ရုံဖြင့် အလင်းဆောင်နှင်း ချက္ကရာသည် ချီဟိုင်အပ်စိုက်အမှတ်တွင် ပုံမှန်အတိုင်း ပေါ်ထွက်လာမည်ဖြစ်သည်။

ခန္ဓာကိုယ်၏ သိုဝှက်ထားသော ချီစွမ်းအင်သိုလှောင်ရာနေရာဖြစ်သည့် ကျီချွဲ့ခုံရုံးတွင်(ရန်မရီဒန်တစ်လျှောက်မှာရှိတဲ့ အမှတ်တွေထဲက တစ်ခု။ အဆုတ်ရဲ့အောက် အနီးဆုံးမှာ တည်ရှိပါတယ်) တည်ရှိသော မန္နာစွမ်းအင်သံသရာ ချက္ကရာကို စုစည်းဖွဲ့တည်ပြီးသည်နှင့် ၎င်းသည် မန္နာစွမ်းအင်ကို ခန္ဓာကိုယ်တစ်လျှောက် လွတ်လပ်စွာ စီးဆင်းစေမည်ဖြစ်သည်။

မန္နာစွမ်းအင်ကို မျက်လုံးများသို့ ပို့လွှတ်သောအခါ ၎င်းသည် အလွန်ကွာဝေးသော နေရာများကိုပင် ရောက်နိုင်သော အမြင်အာရုံကို ပေးအပ်မည်ဖြစ်သည်။ ခြေထောက်များသို့ ပို့လွှတ်သောအခါ ၎င်းသည် ထူးထူးခြားခြား ပေါ့ပါးဖျတ်လတ်မှုကို ပေးစွမ်းပြီး နံရံများပေါ်တွင်လည်း မြေပြန့်ကဲ့သို့ လွယ်ကူစွာလမ်းလျှောက်နိုင်ခြင်းကဲ့သို့သော ထူးခြားသော စွမ်းဆောင်မှုများကို လုပ်ဆောင်နိုင်စေမည်ဖြစ်သည်။

လီချယ်ကျင်းသည် တစ်နာရီ၏ လေးပုံတစ်ပုံကြာ ကျင့်ကြံပြီးနောက် သူ၏ ချီဟိုင်အပ်စိုက်အမှတ် ပြည့်လျှံသွားသည်ကို ခံစားလိုက်ရသည်။ သူ၏ ဝိညာဉ်ချက္ကရာနှစ်ခုသည် သူလက်ဟန်ပြုလုပ်လိုက်သောအခါ အချင်းချင်းရစ်ပတ်ကာ လည်ပတ်လာခဲ့သည်။

သူသည် ရှီမန်၊ ကွမ်းယွမ်၊ ရှန်းချွဲ့နှင့် မင်မန် အပ်စိုက်အမှတ်များကဲ့သို့သော အရေးကြီးသောအမှတ်များမှတစ်ဆင့် ချီစွမ်းအင်ကို ပို့လွှတ်ရင်း ဝိညာဉ်ချက္ကရာကို ဖွဲ့စည်းရန် ဤစွမ်းအင်ကို ကျီချွဲ့ခုံရုံးတွင် စုစည်းရန် အာရုံစိုက်ထားသည်။

လုကျန်းရှန်းသည် သူ၏နတ်ဘုရားအာရုံကို အသုံးပြု၍ လီချယ်ကျင်းကို အဝေးမှကြည့်ရှုနေပြီး သူတို့၏ အငယ်ဆုံးညီလေးကို ကာကွယ်စောင့်ရှောက်နေကြသော လီထုန်ယာနှင့် လီရှန်းဖျင်တို့နှင့်အတူ အကာအကွယ်မန္တန်ကို အသုံးပြုကာ ပူးပေါင်းလုပ်ဆောင်ပေးခဲ့သည်။

လီချယ်ကျင်းက သူ၏ကျင့်ကြံခြင်း အဆင့်တက်နိုင်ရန် ပြင်ဆင်နေစဉ် လုကျန်းရှန်းသည် သူ၏နောက်တွင် တည်ရှိမှုတစ်ခုကို ရုတ်တရက် အာရုံခံမိလိုက်သည်။ အစွမ်းထက်သော အရှိန်အဝါတစ်ခုသည် အဝေးတစ်နေရာမှနေ၍ တလီတောင်ဆီသို့ လျှင်မြန်စွာ ချဉ်းကပ်လာနေခဲ့သည်။

လုကျန်းရှန်းသည် နှစ်ဖက်စလုံး၏ အင်အားကို ချိန်ဆပြီးနောက် လျှင်မြန်စွာ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။ သူသည် သူ၏နတ်ဘုရားအာရုံကို ကြေးမုံထဲသို့ ပြန်လည်ရုပ်သိမ်းလိုက်ပြီး ခေါင်မိုးပြတင်းပေါက်မှ ဖြာကျနေသောလရောင်ကို စုပ်ယူနေခြင်းကိုပင် ရပ်တန့်လိုက်သည်။

ကြေးမုံသည် ဘိုးဘေးခန်းမ၏ အမှောင်ထုထဲတွင် ငြိမ်သက်စွာတည်ရှိနေပြီး အမှန်တကယ် ကြေးပစ္စည်းတစ်ခုနှင့် ခွဲခြား၍မရတော့ပေ။

ခဏအကြာတွင် အပြာရောင် အလင်းစီးကြောင်းတစ်ခုသည် လီအိမ်တော်အပေါ်မှ ပျံသန်းသွားခဲ့သည်။ လုကျန်းရှန်းသည် ထိုအရှိန်အဝါက အဝေးတွင် မှေးမှိန်ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရပြီး သက်ပြင်းချတော့မည်အပြုတွင် အပြာရောင်အလင်းတန်းသည် ပြန်လှည့်လာခဲ့ပြီး လီအိမ်တော်ပေါ်ရှိ ကောင်းကင်တွင် ရပ်တန့်သွားသည်ကို သတိပြုမိလိုက်သည်။

xxxxxxxxxx

စစ်ယွမ်ပိုင်သည် ချင်စွေ့တောင်ထိပ်မှ ထွက်ခွာလာပြီးနောက် သူ၏ကျင့်ကြံခြင်း တိုးတက်လာသည်နှင့် တလီတောင်ပေါ်ရှိ နာမည်ဆိုးဖြင့် ကျော်ကြားသော ဝက်နတ်ဆိုးနှင့် ရင်ဆိုင်ရန် စိတ်ပိုင်းဖြတ်လိုက်သည်။ သူသည် လွန်းပျံယာဉ်ပေါ်သို့တက်ကာ ကုလီလမ်းအတိုင်း တောင်ဘက်ဆီသို့ ဦးတည်ပျံသန်းလာခဲ့သည်။

“တလီတောင်ရဲ့မြောက်ဘက်ခြေရင်းက ဝိညာဉ်စွမ်းအင်ဟာ စစ်ပွဲကြီးကြောင့် ပျက်စီးသွားခဲ့ပြီး မြေကမ္ဘာသွေးကြောတွေကို အရှုပ်အထွေး ဖြစ်သွားစေခဲ့တယ်။ အခုတော့ နှစ်ပေါင်းသုံးရာ ကြာပြီးတဲ့နောက်မှာ စွမ်းအင်က ပြန်လည်ကောင်းမွန်လာနေပြီး နတ်ဆိုးတွေရဲ့ အာရုံကို ဆွဲဆောင်နေခဲ့တယ်”

စစ်ယွမ်ပိုင်သည် တလီတောင်သို့ ချဉ်းကပ်လာသောအခါ တောင်ခြေရင်းတွင် အထူးသဖြင့် အမည်မသိမြစ်တစ်စင်း၏ ကမ်းစပ်များတစ်လျှောက်တွင် ရွာအများအပြား ပြန့်ကျဲတည်ရှိနေသည်ကို သတိပြုမိလိုက်သည်။ ထိုဒေသသည် သက်ဝင်လှုပ်ရှားနေပုံရသည်။

“စစ်ပွဲက ဒေသတွင်းက နတ်ဆိုးတွေကို ရှင်းလင်းလိုက်ပြီး ဝိညာဉ်စွမ်းအင်ကို ပျက်စီးသွားစေခဲ့တယ်။ အဲဒီအချိန်ကစပြီး သေမျိုးတွေအတွက် ဘေးကင်းရာနေရာ ဖြစ်လာခဲ့တာပဲ”

စစ်ယွမ်ပိုင် အပေါ်မှကြည့်ရှုနေစဉ် သူ၏အာရုံသည် အောက်မှ ရွာငယ်လေးတစ်ရွာထံသို့ ရုတ်တရက် ရောက်ရှိသွားခဲ့သည်။ သူသည် ထိုနေရာတွင် မန္နာစွမ်းအင် တုန်ခါမှုတစ်ခုကို အာရုံခံမိလိုက်သည်။

ထိုအရာသည် နတ်ဆိုးငယ်တစ်ကောင်ဟု ထင်မိသောကြောင့် ပိုမိုရှင်းလင်းစွာ မြင်နိုင်ရန်အတွက် သူ၏ဓမ္မမျက်လုံးကို အသက်သွင်းလိုက်သည်။ သူသည် လရောင်အောက်တွင် လူငယ်နှစ်ယောက် ဝိုင်းရံထားကာ တရားထိုင်နေသော ချောမောသော လူငယ်တစ်ယောက်ကို တွေ့လိုက်ရပြီး သူတို့အားလုံး မန္နာစွမ်းအင်များ ထုတ်လွှတ်နေကြသည်ကို တွေ့လိုက်ရသည်။

“ထူးခြားလိုက်တာ။ လူငယ်တစ်ယောက်က ကြီးကြပ်ဖို့ အကြီးအကဲတွေမရှိဘဲ အတားအဆီးတစ်ခုကို ကျော်လွှားနေတာပဲ”

အခြားသိသာထင်ရှားသော မန္နာစွမ်းအင်တုန်ခါမှုများ မရှိကြောင်း အမြန်စစ်ဆေးပြီးနောက် စစ်ယွမ်ပိုင်က တွေးတောမိသည်။

“သူက တာအိုကျင့်ကြံသူတစ်ယောက်ရဲ့ တစ်ညတာပျော်ပါးပြီး ရလာတဲ့ သားသမီးတစ်ယောက်ယောက် ဖြစ်နိုင်တယ်”

တစ်ချိန်တည်းမှာပင် အပေါ်မှကြည့်ရှုနေသည်ကို မသိရှိသော လီချယ်ကျင်းသည် ကံကောင်းသည်ဟု ခံစားနေရသည်။ သူ၏ အဆက်မပြတ်ကြိုးပမ်းမှုများက အရာထင်လာခဲ့သည်။ သူသည် ကျမ်းစာထဲမှ ပဟေဠိများကို နောက်ဆုံးတွင် ဖြေရှင်းနိုင်ခဲ့သည်။ မန္နာစွမ်းအင်သည် ကျီချွဲ့ခုံရုံးတွင် လျှင်မြန်စွာစုစည်းလာပြီး ကြည်လင်သော ဝိညာဉ်ချက္ကရာတစ်ခုသည် အကြိမ်ကြိမ် လေ့ကျင့်ထားသောကြောင့် အလွယ်တကူပင် စတင်ဖွဲ့စည်းလာခဲ့သည်။

“တော်တော် အလားအလာရှိတဲ့ လူငယ်လေးပဲ”

စစ်ယွမ်ပိုင်က သူ၏မုတ်ဆိတ်များကို ပွတ်သပ်ရင်း သဘောကျစွာ ရေရွတ်လိုက်သည်။

အင်မော်တယ်ကျင့်ကြံခြင်းလမ်းစဉ်သည် စိန်ခေါ်မှုများဖြင့် ပြည့်နှက်နေသည်။ ဝိညာဉ်အပေါက်သည် အခြေခံလိုအပ်အချက်များထဲမှ တစ်ခုသာဖြစ်သည်။ ကံတရား၊ နားလည်နိုင်စွမ်း၊ စိတ်ဓာတ်ခိုင်မာမှု၊ မိသားစုနောက်ခံ၊ ဂိုဏ်းနှင့် ကျင့်စဉ်ကဲ့သို့သော အခြားအရာများလည်း အရေးကြီးသေးသည်။

“ဒီလူငယ်လေးမှာ တမူထူးခြားတဲ့ နားလည်နိုင်စွမ်းနဲ့ အရည်အချင်းရှိတယ်။ သူ့ရဲ့ကျင့်စဉ်တွေကလည်း နက်ရှိုင်းတယ်။ ဒါပေမဲ့ ဒီလိုလူသူမနီးတဲ့ သေမျိုးရွာလေးတစ်ရွာမှာ အင်မော်တယ်အရင်းအမြစ်တွေနဲ့ လျှို့ဝှက်ကျင့်စဉ်တွေကို သူ ဘယ်လောက်များများ ရယူနိုင်မှာလဲ။ သူ့ရဲ့အလားအလာက သာမန်ချီကျင့်ကြံခြင်းလောက်ပဲ ရောက်နိုင်လောက်တယ်။ ဖုန်မှုန့်နဲ့ ပြာတွေထက် နည်းနည်းပိုသာရုံပဲရှိမှာ။ အင်မော်တယ်ကျင့်ကြံခြင်းဆိုတဲ့ ဒီပင်ပန်းခက်ခဲတဲ့ခရီးမှာ အရည်အချင်းရှိတဲ့ လူငယ်ဘယ်လောက်များများ လမ်းတစ်လျှောက်မှာ ကျရှုံးခဲ့ကြမလဲမသိဘူး”

သူက တွေးတောမိသည်။

စစ်ယွမ်ပိုင်သည် လွန်းပျံယာဉ်ကို ဆင်းသက်စေလိုက်သည်။ သူသည် လက်ဟန်တစ်ခုပြုလုပ်လိုက်ပြီး ကိုယ်ပျောက်မန္တန်ကို အသုံးပြုကာ ခြံဝင်းထဲမှ ကျောက်တုံးတစ်တုံးပေါ် ထိုင်ချလိုက်ပြီး ထိုမြင်ကွင်းကို အေးအေးလူလူ ကြည့်ရှုနေခဲ့သည်။

ထိုအချိန်မှာပင် သက်ကြီးပိုင်း သေမျိုးတစ်ဦးသည် ခြံဝင်းဆီသို့ ချဉ်းကပ်လာခဲ့သည်။ အစောင့်အဖြစ် ဆောင်ရွက်နေသောလူငယ်က “အဖေ” ဟု နှုတ်ဆက်လိုက်သည်။

ထိုလူငယ်၏ခေါ်သံကို ကြားသောအခါ စစ်ယွမ်ပိုင်၏အမူအရာသည် စူးစမ်းလိုစိတ်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ဝိညာဉ်အပေါက်ရှိသူတစ်ဦးကို ရှာဖွေတွေ့ရှိရန် ရှားပါးသော်လည်း သူသည် မိသားစုတစ်စုတည်းတွင် သုံးယောက်ရှိနေကို တွေ့ရှိခဲ့ရသည်။ ထိုကလေးသုံးယောက်သည် အမှန်တကယ်ပင် သာမန်အဖိုးကြီးတစ်ဦး၏ သားသမီးများ ဟုတ်၊ မဟုတ်ကို သူအံ့ဩမဆုံး ဖြစ်နေခဲ့သည်။

စစ်ယွမ်ပိုင်သည် သူတို့၏ သန့်စင်သောမန္နာစွမ်းအင်ကို ကြည့်ရှုရင်း သူတို့သည် နက်ရှိုင်းသောကျင့်စဉ်တစ်ခုကို လေ့ကျင့်နေကြရမည်ဟု ခန့်မှန်းလိုက်သည်။

ဤကလေးများသည် တာအိုကျင့်ကြံသူတစ်ဦး၏ မရည်ရွယ်ဘဲ ရရှိခဲ့သော သားသမီးများ ဖြစ်နိုင်သည်ဟု သူယုံကြည်သွားခဲ့သည်။ သူတို့၏ဖခင်က သူတို့ကို အိမ်သို့ခေါ်ဆောင်ရန် တွန့်ဆုတ်နေသောကြောင့် ငယ်စဉ်ကတည်းက သူတို့ကို ဤရွာတွင် လေ့ကျင့်ရန် ထားခဲ့သည်ဟု သူခန့်မှန်းလိုက်သည်။

“ကလေးသုံးယောက်လုံးမှာ ဝိညာဉ်အပေါက်တွေ ရှိနေတာဆိုတော့ သူတို့အဖေက အနည်းဆုံးတော့ အခြေတည်အဆင့်ကို ရောက်ရှိခဲ့ရမယ်”

ကျင့်ကြံမှုအဆင့်မြင့်လေလေ ကလေးရရှိရန် ပိုမိုခက်ခဲလေလေ ဖြစ်သည်မှာ မှန်သော်လည်း ထိုကလေးများ ဝိညာဉ်အပေါက် ပိုင်ဆိုင်နိုင်ခြေမှာလည်း သိသိသာသာ ပိုမိုများပြားပေသည်။ ချီကျင့်ကြံခြင်းအဆင့်သို့ ရောက်ရှိခဲ့သူများ၏ သားသမီးဆယ်ယောက်တွင် တစ်ယောက်၊ နှစ်ယောက်ခန့်တွင်သာ ဝိညာဉ်အပေါက် ရှိနိုင်ပေသည်။ ဤဖြစ်နိုင်ခြေသည် ကျင့်ကြံသူတစ်ဦး အခြေတည်အဆင့်သို့ ရောက်ရှိသည်နှင့် ဆယ်ယောက်တွင် ငါးယောက်ခန့်အထိ တိုးမြင့်သွားသည်။

ကလေးသုံးယောက်လုံး ဝိညာဉ်အပေါက် ပိုင်ဆိုင်သည်ကို ထောက်ရှုလျှင် သူတို့၏ဖခင်သည် အခြေတည်အဆင့်သို့ ရောက်ရှိခဲ့သော ကျင့်ကြံသူတစ်ဦး ဖြစ်နိုင်ခြေအလွန်များသည်။

စစ်ယွမ်ပိုင်သည် သူတို့၏ဖခင်က ခရမ်းရောင်စံအိမ်တော်အဆင့်သို့ ရောက်ရှိခဲ့သော ကျင့်ကြံသူတစ်ဦး ဖြစ်နိုင်ခြေကိုမူ ပယ်ချလိုက်သည်။ အမျိုးမျိုးသော အင်မော်တယ်ဂိုဏ်းများ၏ ဘိုးဘေးများမှလွဲ၍ ယွဲ့ပြည်နယ်တစ်ခုလုံးတွင် ထိုသို့သော လေးစားဖွယ်ရာ ကျင့်ကြံသူများသည် လက်တစ်ဆုပ်စာထက် မပိုပေ။

ထို့အပြင် ခရမ်းရောင်စံအိမ်တော်အဆင့်ရှိ ကျင့်ကြံသူတစ်ဦးသည် ဤကဲ့သို့သော ရွာငယ်လေးတစ်ရွာတွင် အခြေချနေထိုင်ရန် စိတ်ဝင်စားမည်မဟုတ်ပေ။ သူတို့အနေဖြင့် တရားမဝင်ကလေးတစ်ဦးကို မွေးဖွားခဲ့လျှင်ပင် ထိုကလေးကို သူတို့၏အိမ်ဆီသို့ အပြစ်ပေးခံရမည်ကိုမကြောက်ဘဲ အလွယ်တကူ ခေါ်ဆောင်သွားနိုင်ပေသည်။ ထိုသို့သောကလေးသည် တန်ဖိုးရှိသော မျိုးဆက်တစ်ဦးအဖြစ် အားလုံး၏ အလေးအမြတ်ထားခြင်းကို ခံရပေမည်။

လူငယ်လေးက သူ၏ကျင့်ကြံခြင်းကို အဆုံးသတ်လိုက်ပြီး ဝမ်းမြောက်စွာ ပြောလိုက်သည်။

“အဖေ၊ ကျွန်တော် အဆင့်တက်သွားပြီ”

လီမိသားစုသည် ဝမ်းသာအားရဖြင့် အောင်ပွဲခံနေကြေသော်လည်း အဝေးမှနေ၍ စောင့်ကြည့်နေသော စစ်ယွမ်ပိုင်ကမူ အခြေအနေအရပ်ရပ်ကို တည်ငြိမ်စွာ တွေးတောသုံးသပ်နေခဲ့သည်။

“တလီတောင်ကိုသွားတဲ့ ကုလီလမ်းက သေမျိုးတွေနဲ့ ပြည့်နှက်နေပေမဲ့ စစ်ပွဲကြောင့် နှစ်ပေါင်းသုံးရာကြာ ဘယ်ကျင့်ကြံသူကမှ စောင့်ကြပ်နေတာမျိုး မရှိခဲ့ဘူး။ အခုတော့ မြေကမ္ဘာသွေးကြောတွေ ပြန်တည့်မတ်လာပြီး ဝိညာဉ်စွမ်းအင်လည်း တဖြည်းဖြည်း ပြန်ရောက်ရှိလာတာနဲ့ ဤမြေဟာ ဂိုဏ်းတစ်ခုရဲ့ အုပ်ချုပ်မှုအောက်ကို ပြန်ပြီးကျရောက်သွားလိမ့်မယ်။

ငါ ဒီမိသားစုကို ငါတို့ကလန်ထဲကို ခေါ်သွင်းပြီး ဒီဒေသကို လုံခြုံအောင်လုပ်ဖို့ သူတို့ကို အသုံးချသင့်တယ်။ ဒီနေရာက နတ်ဆိုးတွေကို နှိမ်နင်းဖို့ အခြေတည်အဆင့်ကို ရောက်ရှိခဲ့တဲ့ အဲဒီအကြီးအကဲရဲ့ စွမ်းအားကိုလည်း ငါတို့ အသုံးချနိုင်လိမ့်မယ်။

ယွဲ့ပြည်နယ်ရဲ့ တောင်ပိုင်းခရိုင်ငါးခုကို အုပ်ချုပ်ရတဲ့ စိမ်းပြာရေအိုင်ဂိုဏ်းမှာ ခိုင်မာတဲ့ အုပ်ချုပ်မှုစနစ်တစ်ခုရှိတယ်။ ဂိုဏ်းက များသောအားဖြင့် မြို့တွေကို စီမံခန့်ခွဲဖို့ တပည့်တွေကို စေလွှတ်တတ်ပြီး ကျေးလက်ဒေသတွေကိုတော့ အင်မော်တယ်ကျင့်ကြံခြင်းကလန်တွေရဲ့ ရှုပ်ထွေးပွေလီနေတဲ့ သွေးသားတော်စပ်မှု ကွန်ယက်တွေကတစ်ဆင့် ထိန်းချုပ်တယ်။

ဒီစနစ်မှာ ကလန်တွေကို ကုန်ကြမ်းတွေ ထုတ်လုပ်ခိုင်းဖို့နဲ့ ကျင့်ကြံခြင်းအဆင့်နိမ့်တဲ့သူတွေဆီက လူအင်အား ထောက်ပံ့ပေးဖို့အတွက် ဆေးလုံးတွေနဲ့ မှော်ပစ္စည်းတွေကို အသုံးချပြီး တွန်အားပေးတာတွေ ပါဝင်တယ်။ ပြီးတော့ ဂိုဏ်းအနေနဲ့ ကိုယ့်ရဲ့အဆင့်အတန်းကို ခိုင်မာစေဖို့ ဒီကလန်တွေဆီကနေ အတော်ဆုံးတပည့်တွေကို နှစ်စဉ် စုဆောင်းလေ့ရှိတယ်။ ကျင့်ကြံခြင်းလောကမှာ အများလက်ခံကျင့်သုံးကြတဲ့ ဒီနည်းလမ်းကို စိမ်းပြာရေအိုင်ဂိုဏ်းက နှစ်ပေါင်းငါးရာကျော်ကြာ အသုံးပြုခဲ့တယ်။

ဒါ့အပြင် ဒီအခြေအနေက အခြေတည်အဆင့်ကို ရောက်ရှိခဲ့တဲ့ အဲဒီကျင့်ကြံသူနဲ့လည်း ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခု တည်ဆောက်ဖို့အတွက် အခွင့်အရေးတစ်ခု ဖြစ်သွားနိုင်တယ်။”

စစ်ယွမ်ပိုင်သည် ထိုသို့တွေးကာ ကိုယ်ပျောက်မန္တန်ကို ဖယ်ရှားရန် လက်ဟန်တစ်ခု ပြုလုပ်လိုက်ပြီး ခြံဝင်းထဲသို့ ကျက်သရေရှိစွာ ဆင်းသက်လာခဲ့သည်။

လီချယ်ကျင်းသည် ကျင့်စဉ်အဆင့်တက်သွားခြင်း၏ အရှိန်အဟုန်နှင့်အတူ ခန္ဓာကိုယ်အတွင်း စီးဆင်းနေသော မန္နာစွမ်းအင်များကို ခံစားနေစဉ် သူ၏ရှေ့မှောက်၌ အစိမ်းရောင်ဝတ်စုံဝတ် ပုဂ္ဂိုလ်တစ်ဦး ရုတ်ခြည်း ပေါ်ထွက်လာသည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။

ပေါ်ထွက်လာသော ထိုပုံရိပ်သည် စိမ်းပြာရောင် ဝတ်ရုံကို ဆင်မြန်းထားပြီး အသက်သုံးဆယ်၊ လေးဆယ်ခန့် ရှိဟန်ရသည့် ချောမောခန့်ညားသော ရုပ်ရည်ပိုင်ရှင် ဖြစ်သည်။ သူသည် ရင်းနှီးဖော်ရွေသော အပြုံးကို ဆင်မြန်းထားကာ ခါးတွင်လည်း တောက်ပနေသော ဓားရှည်တစ်စင်းကို ချိတ်ဆွဲထားရာ သူ၏ ခန့်ညားထည်ဝါပြီး နတ်ဘုရားဆန်လှသော အမူအရာကို ပိုမိုတိုးပွားစေတော့သည်

လီညီအစ်ကိုများသည် အန္တရာယ်ရှိနိုင်သည်ကို သတိပြုမိသည်နှင့် လီမုထျန်းကို အလိုအလျှောက် ကာကွယ်လိုက်ကြပြီး လီထုန်ယာက သတိကြီးစွာထားကာ မေးမြန်းလိုက်သည်။

“ဆရာကြီးက ဘယ်သူလဲဆိုတာ သိခွင့်ရှိမလားခင်ဗျာ”

All Chapters