← Chapters

အခန်း ၂၀

Vol. 2 Ch. 20

အခန်း ၂၀

Vol. 2 Ch. 20

အခန်း - (၂၀) ဆရာ

အစိမ်းရောင်ဝတ်ရုံကို ဆင်မြန်းထားပြီး နတ်ဘုရားတစ်ပါးအလား အရှိန်အဝါရှိသော ပုံရိပ်သည် လေထဲမှ ခြံဝင်းအတွင်းသို့ ညင်သာစွာ ဆင်းသက်လာသည်ကို မြင်လိုက်ရသောအခါ လီရှန်းဖျင်၏ ရင်ထဲ၌ စိုးရိမ်စိတ်တို့ဖြင့် မွန်းကြပ်သွားခဲ့သည်။

“သောက်ကျိုးနည်း၊ သူက ကြေးမုံရဲ့ ပိုင်ရှင်များ ဖြစ်နေမလား”

သူက စိတ်ထဲကနေ တွေးမိလိုက်သည်။

ထိုသူ၏ လူ့လောကနှင့် မသက်ဆိုင်သော အရှိန်အဝါကို ခံစားလိုက်ရသဖြင့် ထိုခဏတွင် သူသည် ချက်ချင်းပင် သတိကြီးစွာ ထားလိုက်တော့သည်။ သူက လီချယ်ကျင်းနှင့် လီထုန်ယာတို့ကို လှမ်းကြည့်လိုက်သောအခါ သူတို့သည် အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း မျက်ဝန်းများထဲတွင်မူ ထိတ်လန့်ရိပ်အနည်းငယ် ဖြတ်ပြေးသွားကြပြီး မိမိ၏ အတွေးများနှင့် ထပ်တူကျနေပုံရသည်။

"ငါက မိုးပြာကန်ဂိုဏ်းရဲ့ ချင်စွေ့တောင်ထွတ်က တောင်သခင်ပါ"

ထိုသူက ခပ်ဖွဖွပြုံးရင်း သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။

လီမိသားစု၏ သတိကြီးစွာ ထားနေသော အမူအရာကို သတိပြုမိလိုက်သောအခါ သူတို့သည် သူ့ကဲ့သို့သော ကျင့်ကြံသူများကို တွေ့လျှင် ဝပ်တွားကိုးကွယ်တတ်ကြသည့် သာမန်ရွာသားမျိုး မဟုတ်ကြောင်း သူရိပ်မိလိုက်၏။

၎င်းက သူ၏ထင်မြင်ချက်ကို ပိုမိုခိုင်မာသွားစေခဲ့ပြီး သူက နှစ်သိမ့်ကာ ပြောလိုက်သည်။

"သတိထားဖို့ မလိုပါဘူး။ ဒီကုလီလမ်းက မိုးပြာကန်ဂိုဏ်းရဲ့ ပိုင်နက်အောက်မှာ ရှိတာပါ။ မင်းတို့က အင်မော်တယ် ကျင့်ကြံခြင်းလမ်းစဉ်ထဲကို ရောက်ရှိလာပြီဖြစ်လို့ ငါတို့ဂိုဏ်းရဲ့ အကာအကွယ်အောက်ကို ရောက်ရှိသွားပါပြီ"

လာရောက်သူသည် ကြေးမုံကို လိုက်လံရှာဖွေနေခြင်း မဟုတ်ကြောင်း သိလိုက်ရသဖြင့် လီထုန်ယာနှင့် အခြားသူများ သက်ပြင်းချနိုင်ခဲ့ကာ သိသိသာသာ စိတ်သက်သာရာရသွားကြသည်။

လီထုန်ယာက ရှေ့သို့တစ်လှမ်းတက်ကာ ရိုသေစွာ ဦးညွှတ်အရိုအသေပေးလိုက်ရင်း ပြောသည်။

"ကျွန်တော်တို့က ကျင့်ကြံခြင်းလောကကြီးအကြောင်း ဘာမှမသိတဲ့ သာမန်ရွာသားတွေသာ ဖြစ်ကြပါတယ်။ ကျွန်တော်တို့က မထင်မှတ်ထားဘဲ ဆန်းကြယ်အသွင်အဆင့်ကို အောင်မြင်ခဲ့တာမို့ အခုလို မြင့်မြတ်လှတဲ့ ဂိုဏ်းကြီးတွေအကြောင်းကို မသိနားမလည်ခဲ့ပါဘူး။ ကျွန်တော်တို့ရဲ့ မသိနားမလည်မှုကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်"

စစ်ယွမ်ပိုင်က ခေတ္တမျှ ငြိမ်သက်သွားခဲ့သည်။ ဤဒေသတွင် မိုးပြာကန်ဂိုဏ်း ပျောက်ကွယ်နေခဲ့သည်မှာ ကြာပြီဖြစ်သောကြောင့် ဤရွာသားများ မသိကြခြင်းဖြစ်မည်ဟု သူနားလည်လိုက်သည်။ ထို့နောက် သူက လက်ဟန်တစ်ခုကို ပြုလုပ်ပြီး မန္တန်ကိုအသုံးပြုလိုက်ရာ လေထုထဲတွင် ယွဲ့ပြည်နယ်၏ အသက်ဝင်လှသော မြေပုံတစ်ခု ရုတ်ချည်း ထွက်ပေါ်လာခဲ့သည်။

လီမိသားစုဝင်များသည် ထိုကဲ့သို့သော စွမ်းအားပြသမှုကို ကြည့်ပြီး အံ့အားသင့်မှင်သက်သွားကြသည်။ သူတို့သည် အခြေခံမန္တန်အချို့ကို တတ်မြောက်ထားသော်လည်း မြေပုံတစ်ခုကို လေထဲတွင် ဖန်တီးရန်မှာ မဖြစ်နိုင်သလောက်ပင်။ ယခုကဲ့သို့ အသေးစိတ်ကျလှသော မြေပုံဆိုလျှင် ပြောစရာပင် မရှိတော့ချေ။

"ဒါကတော့ ယွဲ့ပြည်နယ်ပဲ"

စစ်ယွမ်ပိုင်က ရှင်းပြလိုက်သည်။ ယွဲ့ပြည်နယ်၏ လေးပုံတစ်ပုံခန့်ကို ဖုံးလွှမ်းထားသော အပြာရောင်အစက်အပြောက်တစ်ခုကို လက်ညှိုးထိုးပြလိုက်ကာ ပြောသည်။

"ပြီးတော့ ဒါက မိုးပြာကန်ဂိုဏ်း ရှိတဲ့နေရာပေါ့"

"အော် ဒါက မိုးပြာကန် အင်မော်တယ်ဂိုဏ်းပေါ့"

လီမုထျန်းက မှတ်မိသွားပြီး ရိုသေစွာ ဦးညွှတ်ကာ အရိုအသေပေးကာ ပြောလိုက်သည်။

"ကျွန်တော် ငယ်ငယ်တုန်းက စစ်သူကြီးရန်နဲ့အတူ ယွဲ့တောင်တိုက်ပွဲမှာ ပါဝင်တုန်းက အဆောင်အချို့ကို မြင်ဖူးခဲ့တာ သတိရမိပါတယ်။ အဲဒါတွေက မိုးပြာကန်အင်မော်တယ်ဂိုဏ်းက ဖြစ်ဖို့များပါတယ်"

"ငါတို့ကလည်း အင်မော်တယ်ဂိုဏ်းရဲ့ အစိတ်အပိုင်းလေး တစ်ခုမျှသာပါပဲ"

စစ်ယွမ်ပိုင်က နှိမ့်ချစွာ ပြန်ပြောလိုက်သည်။

ထို့နောက် သူက လီရှန်းဖျင်နှင့် သူ၏ ညီအစ်ကိုများဘက်ကိုလှည့်၍ ပြောလိုက်သည်။

"အခု မင်းတို့က ဆန်းကြယ်အသွင်အဆင့်ရဲ့ တံခါးဝကို ဝင်ရောက်နိုင်ခဲ့ပြီဖြစ်လို့ ဒီကုလီလမ်းတစ်လျှောက် အနီးနားက ရွာတွေကို မင်းတို့ပဲ တာဝန်ယူ စောင့်ရှောက်ရလိမ့်မယ်။ ဂိုဏ်းက သတ်မှတ်ထားတဲ့ နှစ်စဉ်ဆက်သရမယ့် ပဏ္ဏာတွေကို ပြည့်မီအောင် လုပ်ဆောင်ပေးဖို့ပဲ လိုအပ်ပါတယ်"

သူက ဆက်လက်၍ ပြောသည်။

"ဒီကုလီလမ်းတစ်လျှောက်မှာ မိသားစုတွေ အများအပြားရှိပါတယ်။ မင်းတို့ရဲ့ ကျင့်စဉ်အခြေခံက အစပြုရုံပဲ ရှိသေးတာမို့ တတ်နိုင်သမျှ လိုက်လျောညီထွေနေထိုင်ပြီး မလိုအပ်တဲ့ ပဋိပက္ခတွေကို ရှောင်ရှားဖို့ ငါအကြံပြုချင်တယ်။ ငါးနှစ်တစ်ကြိမ် ဂိုဏ်းကနေ တောင်ပေါ်က ပါရမီရှင်တွေကို လာရောက်စုဆောင်းဖို့ ကိုယ်စားလှယ်တွေ စေလွှတ်လိမ့်မယ်။ မင်းတို့မိသားစုကနေ ထူးချွန်ထက်မြက်တဲ့သူတွေ ထွက်ပေါ်လာနိုင်မယ်ဆိုရင် ဒါက အားလုံးအတွက် အများကြီးအကျိုးရှိမှာပါ"

လီထုန်ယာ၏ မျက်နှာအမူအရာသည် သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး သူက တိုးညှင်းသောအသံဖြင့် မေးလိုက်သည်။

"ဆက်သရမယ့် ပဏ္ဏာတွေက..."

"ငါးနှစ်ကြာတိုင်း အဖြူရောင်အဆီအနှစ်သစ်သီး ၁၀ လုံးနဲ့ ဝိဉာဉ်စပါး ကျင်း ၂၀၀ ကို ဆက်သရမယ်"

(Note. တစ်ကျင်းမှာ ၅၀၀ ဂရမ် ရှိပါတယ်။)

စစ်ယွမ်ပိုင်က ပကတိအတိုင်းပင် ပြန်လည်ဖြေကြားလိုက်သည်။

"မင်းတို့မိသားစုထဲကနေ မိုးပြာကန်ဂိုဏ်းထဲကို ဝင်ရောက်လိုတဲ့ တပည့်တွေ ရှိဆိုရင်တော့ ဒီသတ်မှတ်ချက်ကို လျှော့ပေါ့ပေးဖို့ ညှိနှိုင်းလို့ရနိုင်တယ်။ မဟုတ်ရင်တော့ ဒီပဏ္ဏာသတ်မှတ်ချက်အတိုင်း အတည်ဖြစ်လိမ့်မယ်"

စစ်ယွမ်ပိုင်၏ စကားအဆုံးတွင် လီထုန်ယာနှင့် အခြားသူများက တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြသည်။

“ဒီအချိန်ကို ရွေးပြီးလာတာက တိုက်ဆိုင်မှုတော့ မဟုတ်ဘူး။ ကျင်းအာ ကျင့်စဉ်အဆင့် တက်လှမ်းနိုင်တဲ့အချိန်ကျမှ သူက ရုတ်တရက် ပေါ်လာတာဆိုတော့ ကျင်းအာကို မိုးပြာကန်ဂိုဏ်းထဲ ခေါ်သွားဖို့ မျှော်လင့်နေတာ ဖြစ်ရမယ်။ အင်း၊ ဒါက အကောင်းဆုံးလည်း ဖြစ်သွားနိုင်ပါတယ်။ ကျင်းအာမှာ တကယ့်ကို ထူးခြားတဲ့ ပါရမီတွေ ရှိနေတာမို့ ဒီလိုတောင်ပေါ်မှာပဲ ထားရတာက နှမြောစရာပဲ။ အင်မော်တယ်ဂိုဏ်းထဲ ဝင်ခွင့်ရတာက သူ့ရဲ့တိုးတက်မှုအတွက် အကောင်းဆုံးဖြစ်သလို သူ အဲဒီမှာ ရှိနေတာက မိသားစုအတွက်လည်း အကျိုးရှိပါတယ်'

လီမုထျန်းက စိတ်ထဲတွင် သုံးသပ်လိုက်သည်။

ထိုသို့ တွေးတောပြီးနောက် လီမုထျန်းက လီချယ်ကျင်းအား မသိမသာ ခေါင်းညိတ်ပြလိုက်ရာ လီချယ်ကျင်းကလည်း ဖခင်၏ ရည်ရွယ်ချက်ကို ချက်ချင်းပင် နားလည်သွားခဲ့သည်။ သူသည် စစ်ယွမ်ပိုင်အား အလေးအနက် ဦးညွှတ်အရိုအသေပေးလိုက်ပြီး ပြောသည်။

"ကျွန်တော့်ရဲ့ ပါရမီက နည်းပါးလှပေမယ့်လည်း တောင်သခင်ရဲ့ စွမ်းအားတွေကို အလွန်အမင်း အားကျမိပါတယ်။ တောင်သခင်ရဲ့ သင်ကြားမှုတွေကို သင်ယူခွင့်ရဖို့ဆိုရင် တောင်သခင်ရဲ့ တောင်ထွတ်မှာ အဆင့်နိမ့်ဆုံး တပည့်တစ်ယောက်အနေနဲ့ပဲဖြစ်ဖြစ် ဝင်ရောက်ခွင့်ရတာဟာ ကျွန်တော့်အတွက်တော့ အတိုင်းမသိ ဂုဏ်ယူစရာပါပဲ။"

"ပြောတာကောင်းတယ်။ မင်းက တကယ့်ကို ငါ့ရဲ့ ချင်စွေ့တောင်ထွတ်ကို ဝင်ရောက်ဖို့ သင့်တော်တဲ့သူပဲ"

စစ်ယွမ်ပိုင်က သဘောကျစွာ ခေါင်းညိတ်ရင်း ပြန်ပြောလိုက်သည်။

သူက ခါးကို လက်ဖြင့်ပုတ်လိုက်ရာ အရွယ်အစားမတူညီသော အိတ်နှစ်လုံး မြေပြင်ပေါ်တွင် ရုတ်ချည်း ထွက်ပေါ်လာခဲ့သည်။

လီမိသားစုဝင်များ၏ အံ့ဩသင့်သွားသော မျက်နှာများကို ကြည့်ပြီး သူက ရှင်းပြလိုက်သည်။

"ဒါတွေက သိုလှောင်အိတ်တွေပဲ။ မင်းတို့ ကျောက်စိမ်းမြို့တော်ချက္ကရာကို ရောက်ရှိပြီးမှသာ ဒါတွေကို သုံးနိုင်လိမ့်မယ်။ အိတ်အကြီးထဲမှာတော့ ဝိဉာဉ်စပါး မျိုးစေ့တွေပါပြီး အိတ်အသေးထဲမှာတော့ အဖြူရောင်အဆီအနှစ်သစ်သီးရဲ့ အစေ့တွေ ပါတယ်"

ထို့နောက် စစ်ယွမ်ပိုင်သည် သစ်သားပေလွှာအချို့ကို ထုတ်ယူလိုက်ပြီး ဆက်ပြောသည်။

"မင်းက ငါ့တပည့် ဖြစ်လာပြီဆိုတော့ ငါ့ရဲ့နာမည်ကို သိထားဖို့လိုတယ်။ ငါက မိုးပြာကန်ဂိုဏ်းက တောင်ထွတ်သခင် စစ်ယွမ်ပိုင်။ ငါ့ရဲ့တောင်ထွတ်ကို သန့်ရှင်းရေးလုပ်ဖို့ ခိုင်းတာမျိုးတွေ မလုပ်ပါဘူး"

သူက ပေလွှာများကို ကမ်းပေးရင်း ဆက်ပြောသည်။

"ဒီပေလွှာသုံးခုကတော့ ယွဲ့ပြည်နယ်မှာ အသုံးများတဲ့ ကျင့်စဉ်တွေပဲ။ မင်းတို့မိသားစုအတွက် အသုံးဝင်လိမ့်မယ်။ ကျန်တဲ့ပေလွှာထဲမှာတော့ ဝိဉာဉ်စပါးနဲ့ အဖြူရောင်အဆီအနှစ်သစ်သီးကို ဘယ်လိုစိုက်ပျိုးရမလဲဆိုတဲ့ အသေးစိတ်အချက်အလက်တွေ ပါဝင်တယ်။ သေချာလေ့လာကြပါ"

လီမိသားစုဝင်များကလည်း နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်ကြသည်။

"အရမ်းလည်း စိတ်မတင်းကြပ်ကြပါနဲ့။ ဒါနဲ့ မင်းတို့က လက်ရှိ ဘယ်ကျင့်စဉ်တွေကို ကျင့်ကြံနေကြတာလဲ"

စစ်ယွမ်ပိုင်က ပြုံးလျှက် မေးလိုက်သည်။

လီရှန်းဖျင်နှင့် အခြားသူများ တုံ့ဆိုင်းသွားကြပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်ချင်းဖလှယ်လိုက်ကြသည်။ အတန်ကြာသည်အထိ မည်သည့်စကားသံမျှ ထွက်မလာခဲ့ပေ။

သူတို့ တုံ့ဆိုင်းနေသည်ကို သိလိုက်သောအခါ စစ်ယွမ်ပိုင်က ချက်ချင်းပင် နှစ်သိမ့်ပေးလိုက်သည်။

"ငါနားလည်ပါတယ်၊ ငါနားလည်ပါတယ်။ မင်းတို့ကို လမ်းညွှန်ပေးခဲ့တဲ့ စီနီယာက ဒါကို လျှို့ဝှက်ထားဖို့ မှာကြားခဲ့တာ ဖြစ်မှာပေါ့"

စစ်ယွမ်ပိုင်သည် လွန်ခဲ့သည့်နှစ်ကမှ အခြေတည်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သောကြောင့် လွန်ခဲ့သော ဆယ်စုနှစ် တစ်ခုကတည်းက ဤအဆင့်သို့ ရောက်ရှိနေခဲ့သည်ဟု ယူဆရသောသူအား စီနီယာဟု သဘာဝကျစွာပင် သတ်မှတ်ထားခြင်း ဖြစ်ပေသည်။

ထိုစကားကို ကြားသောအခါ လီမုထျန်းက ချောင်းတစ်ချက်ဟန့်ကာ ရှေ့သို့တိုးလာပြီး တိုးညှင်းစွာ ပြောလိုက်သည်။

"လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ဒဏ်ရာရထားတဲ့ စီနီယာတစ်ယောက်ကို ကျွန်တော် ကူညီခဲ့ဖူးပါတယ်။ သူက ကျွန်တော်တို့အိမ်မှာ နှစ်နည်းနည်းကြာအောင် ဒဏ်ရာတွေကို ကုသခဲ့ပါတယ်။ သူက ဒီကျင့်စဉ်တွေကို ချန်ထားပေးခဲ့ပြီး လျှို့ဝှက်ထားဖို့ မှာကြားပြီး ထွက်ခွာသွားခဲ့တာပါ..."

"ဒါကြောင့်ကိုး!"

စစ်ယွမ်ပိုင်က ခေါင်းကို ညင်သာစွာညိတ်လိုက်ပြီး မိမိ၏ လျှင်မြန်သော အမြော်အမြင်ကြောင့် စိတ်ထဲတွင် ကျေနပ်မိနေတော့သည်။

“သူတို့ဆီမှာ ရှိတာက ရိုးရှင်းတဲ့ မရီဒျန်အားဖြည့်ကျမ်းလောက်ပဲ ဖြစ်မှာပါ။ နေနဲ့လရဲ့ အဆီအနှစ်တွေကို စုစည်းရတဲ့ ဆန်းကြယ်လှတဲ့ အင်မော်တယ်ကျင့်စဉ်တွေတော့ မဟုတ်နိုင်ပါဘူးလေ။ သူတို့ကို ထပ်ပြီး အတင်းအကျပ် မေးနေစရာ မလိုတော့ပါဘူးလေ။ မဟုတ်ရင် ငါ့ရဲ့တပည့်အသစ်လေး စိတ်အနှောင့်အယှက် ဖြစ်သွားလိမ့်မယ်”

သူက စိတ်ထဲတွင် တွေးလိုက်မိသည်။

စစ်ယွမ်ပိုင်သည် ထိုအဘိုးအိုအား ဂရုဏာသက်သော မျက်လုံးများဖြင့်ကြည့်ရင်း လက်ကိုဝှေ့ယမ်းကာ အပြာနုရောင် ကျောက်စိမ်းတံဆိပ်တုံးတစ်တုံးကို ဖန်ဆင်းလိုက်သည်။ သူက ၎င်းကို ပွတ်သပ်လိုက်သောအခါ တံဆိပ်တုံးသည် ရွှေရောင်အလင်းတန်းများ တောက်ပလာခဲ့ပြီး ‘မိုးပြာကန်၏ စီရင်အုပ်ချုပ်မှု’ ဟူသော စာလုံးများ ပေါ်ထွက်လာခဲ့သည်။

"ဒါက ငါတို့ မိုးပြာကန်ဂိုဏ်းရဲ့ လုပ်ပိုင်ခွင့်အာဏာကို ကိုယ်စားပြုတယ်။ ငါက အဲဒီအပေါ်မှာ မှော်စည်းတံဆိပ် ခတ်နှိပ်ပေးထားတယ်။ ဒါကိုသုံးပြီး အနီးနားက အခြားကလန်တွေနဲ့ မင်းတို့ရဲ့ ပိုင်နက်နယ်မြေကို ပိုင်းခြားသတ်မှတ်နိုင်သလို လိုအပ်တဲ့အချိန်မှာလည်း ဂိုဏ်းဆီကနေ အကူအညီ တောင်းခံနိုင်လိမ့်မယ်။ သေသေချာချာ ထိန်းသိမ်းထားပါ"

စစ်ယွမ်ပိုင်က ရှင်းပြလိုက်သည်။

သူက ကျောက်စိမ်းတံဆိပ်တုံးကို လီထုန်ယာထံသို့ အသာအယာ ကမ်းပေးလိုက်သည်။ လီထုန်ယာက ၎င်းကို ဂရုတစိုက် သိမ်းဆည်းလိုက်သည်ကို ကြည့်ပြီးနောက် စစ်ယွမ်ပိုင်က လီချယ်ကျင်းအား နွေးထွေးစွာ ပြုံးပြရင်း တိုက်တွန်းလိုက်သည်။

"မင်းရဲ့မိသားစုကို နှုတ်ဆက်ဖို့ အချိန်တန်ပြီ ငါ့ရဲ့ တပည့်အလိမ္မာလေးရေ"

လီချယ်ကျင်းသည် မျက်ရည်များဝိုင်းလျှက် သူ၏ အစ်ကိုနှစ်ဦးကို ဖက်လဲတကင်း နှုတ်ဆက်လိုက်ပြီးနောက် လီမုထျန်း၏ရှေ့တွင် ဒူးထောက်ကာ မြေပြင်ပေါ်သို့ သုံးကြိမ်တိုင်တိုင် ဦးချကန်တော့လိုက်တော့သည်။

"အနာဂတ်မှာ အဖေနဲ့အမေတို့ရဲ့အနားမှာ မစောင့်ရှောက်နိုင်တော့မယ့် တာဝန်မကျေတဲ့ သားမိုက်ကို ခွင့်လွှတ်ပေးပါ။ အဖေရော အမေပါ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြပါ"

သူ၏အသံသည် စိတ်လှုပ်ရှားမှုများကြောင့် တုန်ယင်နေလေသည်။

လီမုထျန်းက ချောင်းတစ်ချက်ဟန့်ကာ လီချယ်ကျင်းကို တွဲထူပေးလိုက်ပြီး နှစ်သိမ့်ပေးလိုက်သည်။

"စိတ်မပူပါနဲ့။ မင်းရဲ့အစ်ကိုတွေက ဒီကကိစ္စတွေကို ကြည့်ရှုစောင့်ရှောက်သွားမှာပါ။ မင်းကတော့ ဂိုဏ်းထဲမှာ ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ပြီး ငါတို့လီမိသားစု ဂုဏ်တက်အောင် လုပ်ဆောင်ပါ"

သူ၏အစ်ကိုများကို နောက်ဆုံးအကြိမ် နှုတ်ဆက်ပြီးနောက် လီချယ်ကျင်းသည် လေးလံသော စိတ်နှလုံးဖြင့် စစ်ယွမ်ပိုင်၏အနားသို့သွားကာ ပြောလိုက်သည်။

"ဆရာ၊ ကျွန်တော် မိသားစုကို နှုတ်ဆက်ပြီးပါပြီ"

စစ်ယွမ်ပိုင်က ခေါင်းညိတ်ပြလိုက်ပြီး သူ့အား ဒူးထောက်ဂါရဝပြုနေကြသည့် လီထုန်ယာနှင့် အခြားသူများကိုမူ လျစ်လျူရှုထားလိုက်သည်။

သူက လှိုက်လှိုက်လှဲလှဲ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ့ဘာသာ ရေရွတ်လိုက်သည်။

"ဒီနေ့တော့ ငါ့မှာ အလားအလာရှိတဲ့ တပည့်ကောင်းတစ်ယောက် ရလိုက်ပြီဆိုတော့... ဟို ဝက်နတ်ဆိုးကို နောက်တစ်ရက်လောက်တော့ အသက်ရှင်ခွင့် ပေးလိုက်သေးတာပေါ့လေ"

သူက လက်ကို တစ်ချက်ဝှေ့ယမ်းကာ လွန်းပျံယာဉ်တစ်စင်းကို ဆင့်ခေါ်လိုက်ပြီး လူနှစ်ဦးစာ ဆံ့နိုင်စေရန် မန္တန်ဖြင့် ဆွဲဆန့်လိုက်လေသည်။

ထို့နောက် သူက လီချယ်ကျင်း၏ လက်ကို ဆွဲကိုင်ကာ လွန်းပျံယာဉ်ပေါ်သို့ တက်လိုက်ပြီး မြောက်ဘက်အရပ်ဆီသို့ ဥက္ကာပျံတစ်ခုအလား လျှင်မြန်စွာ ပျံသန်းထွက်ခွာသွားတော့သည်။

Translator-Min Si Thu

Dawn Translationမှပြန်ဆိုသည်။

All Chapters