အခန်း ၂၂
Vol. 3 Ch. 22
အခန်း - (၂၂) အင်မော်တယ်ဂိုဏ်း
လီအိမ်တော်၏ ပင်မခြံဝင်းထဲတွင် လီထုန်ယာနှင့်အခြားသူများ ထိုင်နေကြစဉ် လီယဲ့ရှန့်သည် ခြံဝင်းထဲတွင်ရပ်နေပြီး အဝတ်စတစ်ခုမှ စာများကို ဖတ်နေခဲ့သည်။
“လီကျင်းရွာတွင် အိမ်ထောင်စု ၂၂၉ စု၊ လီချွမ်းခိုရွာတွင် ၁၀၁ စု၊ ကျင်းယန်ရွာတွင် ၂၉၇ စုနှင့် လီတောက်ခိုရွာတွင် ၁၅၈ စုရှိသည်။ စုစုပေါင်း အိမ်ထောင်စု ၇၈၅ စုနှင့် စုစုပေါင်းလူဦးရေ ၄၂၈၀ ယောက်ရှိသည်”
“လူပေါင်း ၄၂၈၀ ယောက်၊ အိမ်ထောင်စုတစ်စုမှာ အလုပ်လုပ်နိုင်တဲ့ယောက်ျား သုံးယောက်လောက်ဆိုတော့ ငါတို့ ဝိညာဉ်အပေါက်ရှိတဲ့သူ တစ်ယောက်၊ နှစ်ယောက်တော့ ရှာတွေ့နိုင်မှာ သေချာတယ်”
လီရှန်းဖျင်က သစ်သားစားပွဲတစ်ခုကိုမှီရင်း အတွေးနက်စွာဖြင့် ရေရွတ်လိုက်သည်။
“မနေ့ညက ကျွန်တော့်ဆီ လာလည်ခဲ့တဲ့ ယဲ့မိသားစုက အကြီးအကဲတွေအကြောင်း ပြောရဦးမယ်…။ သူတို့တွေက သူတို့ရဲ့ ဘိုးဘေးမျိုးရိုးနာမည်ကို ပြန်ရယူနိုင်ဖို့ မျှော်လင့်နေကြတယ်”
လီယဲ့ရှန့်က အနေရခက်သောအပြုံးဖြင့် သတင်းပို့လိုက်သည်။
“ဘိုးဘေးမျိုးရိုးနာမည်လား”
လီထုန်ယာက နားမလည်နိုင်သောအမူအရာဖြင့် မော့ကြည့်ရင်း မေးလိုက်သည်။
လီမုထျန်းသည် သူတို့၏ ရှုပ်ထွေးနေသော အမူအရာများကို ကြည့်ရှုရင်း ချောင်းဟန့်ကာ စတင်ရှင်းပြလိုက်သည်။
“ယဲ့မိသားစုက အစက ငါတို့ လီမိသားစုရဲ့ မျိုးရိုးခွဲတစ်ခုပဲ။ အတိတ်က အမှားတစ်ခုကြောင့် သူတို့က နှင်ထုတ်ခံရပြီး သူတို့မျိုးရိုးနာမည်ကို ယဲ့လို့ ပြောင်းခဲ့ကြရတယ်။ အဲဒီအချိန်ကစပြီး ဒီအဖြစ်အပျက်ကို ဘယ်သူမှ မပြောကြတော့ဘူး။ ဒါပေမဲ့ အခု ငါတို့မိသားစုရဲ့ ကံကြမ္မာကိုမြင်တော့ ယဲ့မိသားစုက ပြန်ပူးပေါင်းပြီး သူတို့ရဲ့ မူလမျိုးရိုးနာမည်ကို ပြန်တောင်းချင်နေကြတာ”
ဤစကားကို ကြားသောအခါ လီယဲ့ရှန့်က နားလည်စွာ ခေါင်းညိတ်လိုက်သည်။ သူသည် ယမန်နေ့ညက ယဲ့မိသားစုမှအကြီးအကဲများက ဤရှေးဟောင်းလျှို့ဝှက်ချက်များကို ထုတ်ဖော်ပြောဆိုရင်း ငိုယိုခဲ့ကြသည်ကို ပြန်လည်သတိရမိလိုက်သည်။ အကယ်၍ လီမိသားစုသာ အင်မော်တယ်ကံကြမ္မာကို မရှိခဲ့ပါက အကြီးအကဲများ၏ ရည်ရွယ်ချက်သည် ပင်မမိသားစုနှင့် ပြန်လည်ပေါင်းစည်းရန်သက်သက်သာ ဖြစ်သည်ဟု သူ အမှန်တကယ် ယုံကြည်မိပေလိမ့်မည်။
“ယဲ့မိသားစုဝင် တစ်ယောက်ယောက်ဆီမှာ ဝိညာဉ်အပေါက်ရှိခဲ့ရင် ငါတို့ သူတို့ကို လီမျိုးရိုးနာမည် ပြန်ပြောင်းခွင့်ပေးပြီး ငါတို့မိသားစုရဲ့ မျိုးနွယ်ခွဲတစ်ခု ဖြစ်လာစေမယ်”
လီရှန်းဖျင်က လီမုထျန်း၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် လီယဲ့ရှန့်အား ဤသတင်းစကားကို ယဲ့မိသားစု၏ အကြီးအကဲများထံသို့ ပို့ဆောင်ရန်ညွှန်ကြားရင်း လျှင်မြန်စွာ ပြန်ဖြေလိုက်သည်။
ထို့နောက် သူက လီမုထျန်းဘက်သို့လှည့်ပြီး မေးလိုက်သည်။
“အဖေ၊ ဒီရွာတွေရဲ့ အဓိကတာဝန်ခံတွေက ဘယ်သူတွေဖြစ်မှာလဲ”
“ချန်အားနျိုက ထက်မြက်ပြီး အရည်အချင်းရှိတယ်။ သူက မူလက လီချွမ်းခိုရွာကဆိုတော့ အဲဒီရွာက သူနဲ့ကိုက်ညီလိမ့်မယ်။ ကျင်းယန်ရွာအတွက်တော့ လူဦးရေများပြီး ချမ်းသာတော့ အာရုံစိုက်နိုင်ပြီး ထိုးထွင်းသိမြင်နိုင်တဲ့ တစ်ယောက်ယောက်လိုတယ်။ ဦးလေးရန်ကို ကြီးကြပ်ခိုင်းလိုက်ရအောင်။”
လီမုထျန်းသည် လက်ဖက်ရည်ကို တစ်ငုံသောက်ပြီးနောက် ဆက်ပြောလိုက်သည်။
“လီတောက်ခိုရွာက ကုလီလမ်းနဲ့နီးတော့ ဒုက္ခသည်တွေ အများကြီးရောက်လာတတ်တယ်။ အဲဒီမှာ အခြေအနေတွေက တော်တော်လေး ရှုပ်ထွေးတယ်။ ရွှီဝမ်ရှန်၊ သူက ဉာဏ်ကစားတတ်တဲ့သူပဲ။ သူနဲ့ သူ့ဒုက္ခသည်အုပ်စုကို ကိုင်တွယ်ခိုင်းလိုက်ကြတာပေါ့”
“တော်တော်လေးကောင်းတဲ့ ဆုံးဖြတ်ချက်ပါပဲ အဖေ”
လီရှန်းဖျင်က သူကိုင်ထားသော ဝိညာဉ်အပင်များ စိုက်ပျိုးခြင်းအကြောင်း စာအုပ်ကို ငုံ့ကြည့်ရင်း သဘောတူလိုက်သည်။
“ကျွန်တော်တို့ရဲ့ ပထမဦးစားပေးက ဒီစာအုပ်ထဲက ဝိညာဉ်ရှာဖွေခြင်းပညာရပ်ကို အသုံးပြုပြီး ရွာတွေရဲ့ မြေကမ္ဘာသွေးကြောတွေကို စူးစမ်းလေ့လာဖို့ပဲ။ ဝိညာဉ်စပါးတွေနဲ့ အဖြူရောင်အဆီအနှစ်သစ်သီးတွေ မြန်နိုင်သမျှမြန်မြန် စပြီးစိုက်ပျိုးနိုင်ဖို့ ဝိညာဉ်လယ်ကွင်းတွေကို အမြန်ဆုံးရှာဖွေဖို့လိုတယ်”
xxxxxxxxxx
လီချယ်ကျင်းသည် ပျံသန်းနေသော လွန်းပျံယာဉ်ပေါ်တွင် စီးနင်းရင်း အောက်မှ ကျယ်ပြန့်သောမြေပြင်ကို ငေးကြည့်နေခဲ့သည်။ အိမ်များသည် ပုရွက်ဆိတ်အရွယ်များမျှသာ ရှိသည်ဟုထင်ရပြီး မကြာမီပင် မြို့တော်၏ ခမ်းနားထည်ဝါမှုသည် အဝေးတွင် မှေးမှိန်သွားခဲ့သည်။ အိမ်မှ ထွက်ခွာလာရခြင်းအတွက် သူခံစားနေရသော ဝမ်းနည်းမှုများ လျှင်မြန်စွာ ပျောက်ကွယ်သွားပြီး သူ၏နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုတစ်ခုဖြင့် အစားထိုးသွားခဲ့သည်။
“ယောက်ျားကောင်းတစ်ယောက်ဟာ လေကိုစီးနင်းပြီး ဓားနဲ့ စွန့်စားခန်း ထွက်သင့်တယ်။”
လေးနာရီခန့် ပျံသန်းပြီးနောက် လီချယ်ကျင်းသည် သူ၏ရှေ့တွင် ပေါ်ထွက်လာသော အထင်ကြီးလေးစားဖွယ်ကောင်းသည့် တောင်တန်းတစ်ခုကို တွေ့လိုက်ရသည်။ တောင်များသည် တစ်ခုနှင့်တစ်ခု ချောမွေ့စွာပေါင်းစပ်နေသော အဆောင်များနှင့် ခန်းမများ စီတန်းကာ အလှဆင်ထားပြီး ဒဏ္ဍာရီပုံပြင်များထဲမှ မြင်ကွင်းတစ်ခုကို ဖန်တီးနေခဲ့သည်။
ဤသာယာလှပသော မြင်ကွင်းအလယ်တွင် ကြိုးကြာခေါင်းနီတစ်အုပ်သည် လေထဲတွင် ကခုန်နေခဲ့သည်။ သူ၏ဆရာဖြစ်သူ စစ်ယွမ်ပိုင်သည် တရားထိုင်နေရာမှ ထလိုက်ပြီး တံဆိပ်ပြားတစ်ခုကို ရှေ့သို့ပစ်လွှတ်ကာ မျှော်လင့်တကြီးဖြင့် စောင့်ဆိုင်းနေခဲ့သည်။
ကြိုးကြာဖြူတစ်ကောင်သည် တံဆိပ်ပြားကို နှုတ်သီးဖြင့် ဖမ်းယူလိုက်ပြီး ပြောသည်။
“အာ၊ ဆရာဦးလေးယွမ်ပိုင် ပြန်ရောက်လာပြီပဲ”
ထို့နောက် ၎င်းသည် လီချယ်ကျင်းထံ ချဉ်းကပ်လာပြီး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
“ဒီလူငယ်လေးက ဘယ်သူများလဲ”
စကားပြောနိုင်သော အင်မော်တယ်သားရဲတစ်ကောင်ကို မြင်တွေ့ရခြင်းကြောင့် စိတ်လှုပ်ရှားနေသော လီချယ်ကျင်းသည် စကားတစ်ခွန်းမျှ မပြောနိုင်ဘဲ ဖြစ်သွားခဲ့ရသည်။
စစ်ယွမ်ပိုင်က ပြုံးရင်း မိတ်ဆက်ပေးလိုက်သည်။
“သူက ချင်စွေ့တောင်ထွဋ်က တပည့်အသစ်တစ်ယောက်ပဲ”
“ဂုဏ်ယူပါတယ် ဆရာဦးလေး”
အင်မော်တယ်ကြိုးကြာက ပြန်ပြောလိုက်သည်။ သူ၏တောင်ပံများကို ညင်သာစွာ ခတ်လိုက်သောအခါ ကြည်လင်သော အလင်းမျက်နှာပြင်ဆီမှ သူတို့အတွက် လမ်းကြောင်းတစ်ခုကို ဖွင့်ပေးလိုက်သည်။
ထိုအခါမှသာ လီချယ်ကျင်းသည် စိမ်းပြာရေအိုင်ဂိုဏ်းပတ်လည်တွင် အတွင်းမှ ဝိညာဉ်ချီစွမ်းအင်ကို အပြင်ဘက်နှင့် ခွဲခြားထားသည့် ကြီးမားပြီး မမြင်နိုင်သော အတားအဆီးကြီးတစ်ခုရှိကြောင်း သဘောပေါက်လိုက်သည်။
သူတို့ တောင်တံခါးကို ဝင်ရောက်လိုက်သောအခါ လီချယ်ကျင်းသည် အသက်စွမ်းအင်များ ထကြွလှုပ်ရှားလာသည်ကို ခံစားလိုက်ရသည်။
“ဒီမှာ ဝိညာဉ်ချီစွမ်းအင်က အရမ်းသိပ်သည်းတာပဲ”
သူက အံ့ဩတကြီး အော်ပြောလိုက်သည်။
စစ်ယွမ်ပိုင်သည် သူ၏တုံ့ပြန်မှုကြောင့် တိုးညင်းစွာ ရယ်မောလိုက်သည်။
“ဒါက စိမ်းပြာရေအိုင်ဂိုဏ်းရဲ့ အလယ်ဗဟိုက ဝိညာဉ်အစီအရင်တစ်ခုပဲ။ ဒါက အံ့ဩစရာစရာကောင်းတယ်။ အတွင်းနဲ့အပြင်ကို ခွဲခြားပြီး စိမ်းပြာတောင်ရဲ့ ဝိညာဉ်သွေးကြောတွေကို ငါတို့ဂိုဏ်းအတွက် သီးသန့်ဖြစ်စေတယ်။ အစီအရင်ရဲ့စွမ်းအားနဲ့ဆိုရင် အခြေတည်အဆင့်က ကျင့်ကြံသူတစ်ယောက်တောင်မှ ခရမ်းရောင်စံအိမ်တော်အဆင့်က ကျင့်ကြံသူတွေ ငါတို့ရဲ့ခံတပ်ကို ဖောက်ဖျက်တာကို တားဆီးနိုင်တယ်”
“အံ့ဩစရာကောင်းလိုက်တာ”
လီချယ်ကျင်းက စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။
“ငါ ဒီအစီအရင်ကိုသင်ယူပြီး အိမ်ပြန်ရောက်ရင် တောင်ပေါ်မှာ တစ်ခုလောက် တည်ဆောက်နိုင်မလားမသိဘူး။”
စစ်ယွမ်ပိုင်သည် လီချယ်ကျင်း၏ အံ့ဩတကြီးအမူအရာကို သတိပြုမိသောအခါ သူ့ဂိုဏ်း၏ အံ့ဩဖွယ်ရာများကြောင့် လွှမ်းမိုးခံနေရသည်ဟုယူဆပြီး ရှင်းပြလိုက်သည်။ “အင်မော်တယ်ကျင့်ကြံခြင်းမှာ အတတ်ပညာတွေ ရာနဲ့ချီပြီးရှိတယ်။ အစီအရင်တွေ၊ ဆေးလုံးတွေ၊ မှော်ပစ္စည်းတွေ၊ အဆောင်တွေ၊ သားရဲတွေကို ထိန်းချုပ်အမိန့်ပေးတာတွေ၊ ဝိညာဉ်သွေးကြောတွေကို စူးစမ်းလေ့လာတာတွေနဲ့ တခြားအရာတွေ၊ အများကြီးပဲ။ တစ်ခုချင်းစီမှာ သူ့ဟာနဲ့သူ ထူးခြားလေးနက်မှု ရှိကြတယ်။ ဒါကြောင့် တစ်ခုခုကို တစိုက်မတ်မတ်လုပ်တာ အကောင်းဆုံးပဲ”
လီချယ်ကျင်းက သိလိုစိတ် ပြင်းပြစွာဖြင့် မေးလိုက်သည်။
“ဆရာ၊ အင်မော်တယ်ကျင့်ကြံခြင်းရဲ့ အတတ်ပညာ တစ်ရာထဲက ဘယ်ဟာကို လေ့ကျင့်ပါသလဲ”
စစ်ယွမ်ပိုင်က ဂုဏ်ယူဟန်ဖြင့် ပြန်ဖြေလိုက်သည်။
“ချင်စွေ့တောင်ထွဋ်က စိမ်းပြာတောင်ရဲ့ တောင်ထွဋ် ၃၆ ခုထဲမှာ ဓားသိုင်းပညာနဲ့ ကျော်ကြားတယ်…”
လီချယ်ကျင်းသည် နားလည်စွာခေါင်းညိတ်ရင်း စစ်ယွမ်ပိုင်၏ခါးတွင် ချိတ်ဆွဲထားသောဓားကို လှမ်းကြည့်လိုက်သည်။
“ဒါဆို… ဆရာက အဆောင်ရေးဆွဲတာကိုလည်း လေ့ကျင့်တယ်လို့ ဆိုလိုတာပေါ့”
စစ်ယွမ်ပိုင်သည် မထင်မှတ်ထားသော မေးခွန်းကြောင့် အငိုက်မိသွားပြီး အနေရခက်စွာ ပြန်ဖြေသည်။
“အင်း၊ မင်းရဲ့ ဆရာဘိုးဘိုးက ငါ ဓားသိုင်းကျွမ်းကျင်သူမဖြစ်ခင် စောစောစီးစီး ကွယ်လွန်သွားခဲ့တယ်။ ချင်စွေ့တောင်ထွဋ်က ငွေကြေးအထောက်အပံ့ လိုအပ်ခဲ့တယ်။ ဒါကြောင့် ငါက ကနဦးမှာ အဆောင်ရေးဆွဲတာကို စမ်းလုပ်ကြည့်ခဲ့တာပဲ။ အံ့ဩစရာကတော့ အချိန်ကြာလာတာနဲ့အမျှ ငါက အဲဒီအပိုင်းမှာ ပိုပိုပြီးကျွမ်းကျင်လာတာကို တွေ့ရှိခဲ့ရတယ်…”
“နားလည်ပါပြီ”
လီချယ်ကျင်းက နားလည်စွာ ခေါင်းညိတ်လိုက်သည်။
“အရင်ဆုံး မင်းရဲ့ ဆရာတူအစ်ကိုတွေနဲ့ သွားတွေ့ကြရအောင်”
စစ်ယွမ်ပိုင်က လီချယ်ကျင်းကို တောင်ထွဋ်များတစ်လျှောက် လမ်းညွှန်ပြသရင်း အကြံပြုလိုက်သည်။ သူတို့သည် အနိမ့်ဆုံးတောင်ထွဋ်ဖြစ်သော ချင်စွေ့တောင်ထွဋ်ပေါ်သို့ ဆင်းသက်လိုက်ကြပြီး ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်က ချက်ချင်းပင် ကြိုဆိုနှုတ်ဆက်လိုက်ကြသည်။
“မင်းက ငါ့ရဲ့ သတ္တမမြောက်တပည့်ပဲ။ ဒါက ချီကျင့်ကြံခြင်းအဆင့်မှာ သတ္တမအဆင့်ကိုရောက်ပြီးတဲ့ မင်းရဲ့တတိယအစ်ကိုကြီး ရှောင်ယွမ်စစ်၊ ပြီးတော့ ဒါက တတိယအဆင့် ချီကျင့်ကြံခြင်းအဆင့်ကိုရောက်ပြီးတဲ့ မင်းရဲ့စတုတ္ထအစ်မကြီး ယွမ်ထွမ်းပဲ”
စစ်ယွမ်ပိုင်က မိတ်ဆက်ပေးလိုက်သည်။
လီချယ်ကျင်းသည် သူတို့ကို ရိုသေစွာ နှုတ်ဆက်လိုက်သည်။ ထူထဲသောမျက်ခုံးများနှင့် ကျယ်ပြန့်သော မျက်နှာသွင်ပြင်များရှိသော ရှောင်ယွမ်စစ်သည် ကျောက်စိမ်းကျမ်းစာလိပ်တစ်ခုကို ပေးအပ်လိုက်ပြီး ပြောသည်။
“ငါ ဒီဓားသိုင်းကျမ်းကို ခရီးသွားရင်း တွေ့ခဲ့တာ။ လက်ဆောင်အနေနဲ့ ယူလိုက်ပါ ဂျူနီယာညီလေး”
ယွမ်ထွမ်းသည် ခပ်ဖျော့ဖျော့ပြုံးကာ ကျောက်စိမ်းဆွဲသီးတစ်ခုကို ပေးအပ်လိုက်ပြီး ပြောသည်။
“ဒီဆွဲသီးက စိတ်ကိုတည်ငြိမ်အောင် ကူညီပေးပြီး တရားထိုင်ဖို့အတွက် အကျိုးရှိတယ်။ ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်က လူတွေအတွက် အထူးသဖြင့် အသုံးဝင်တယ်။ ဂျူနီယာမောင်လေး နင့်ကိုပေးမယ်” လီချယ်ကျင်းသည် သူတို့တစ်ယောက်ချင်းစီကို ကျေးဇူးတင်ကြောင်း ဖော်ပြပြီးနောက် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
“တခြားအစ်ကိုကြီးတွေနဲ့ အစ်မကြီးတွေက တံခါးပိတ် ကျင့်စဉ်ဝင်နေကြတာလား”
စစ်ယွမ်ပိုင်က ညင်သာသောအပြုံးဖြင့် ဖြေသည်။
“မင်းရဲ့ အကြီးဆုံးအစ်ကိုကြီးက အရမ်းထူးခြားတဲ့ အရည်အချင်းရှိခဲ့တယ်။ သူက လွန်ခဲ့တဲ့နှစ်က ချီကျင့်ကြံခြင်းအဆင့်ရဲ့ အထွဋ်အထိပ်ကို ရောက်ရှိခဲ့ပေမယ့် အခြေတည်အဆင့်ကို ကျော်လွှားဖို့ကြိုးစားရင်း ဝမ်းနည်းဖို့ကောင်းစွာနဲ့ပဲ ကျရှုံးပြီး သေဆုံးသွားခဲ့တယ်”
လီချယ်ကျင်းသည် ဤမထင်မှတ်ထားသော အဖြေကြောင့် စကားတစ်ခွန်းမျှ မပြောနိုင်တော့ဘဲ စစ်ယွမ်ပိုင်ကို စိတ်ရှုပ်ထွေးသောအမူအရာဖြင့်သာ ကြည့်နေမိတော့သည်။
စစ်ယွမ်ပိုင်က ဆက်ပြောသည်။
“မင်းရဲ့ တခြားအစ်ကိုကြီးတွေနဲ့ အစ်မကြီးတွေကတော့ တချို့က နတ်ဆိုးတွေလက်ချက်နဲ့ ကျဆုံးခဲ့တယ်။ တချို့က ရတနာရှာဖွေရင်း၊ ဒါမှမဟုတ် သူတို့ရဲ့ကျင့်ကြံခြင်းမှာ အတားအဆီးတွေကြောင့် ကျရှုံးခဲ့ကြတယ်။ သူတို့အားလုံးကို ဒီတောင်ထွဋ်မှာပဲ မြှုပ်နှံထားတယ်။ ငါတို့အတူတူ သူတို့ကို သွားဂါရဝပြုကြမယ်”
လီချယ်ကျင်း၏ တောင့်တင်းနေသော အမူအရာကို မြင်သောအခါ စစ်ယွမ်ပိုင်က အေးစက်သောလေသံဖြင့် လက်တွေ့ကျစွာ ပြောလိုက်သည်။
“အင်မော်တယ်ကျင့်ကြံခြင်းလမ်းစဉ်က ကြီးမားတဲ့ ရုန်းကန်မှုတွေ၊ အန္တရာယ်တွေ ပြည့်နှက်နေတဲ့ လမ်းစဉ်တစ်ခုပဲ။ ဒါက တိုက်ခိုက်ပြီး အနိုင်ယူရတာပဲ။ မင်းမနိုင်ဘူးဆိုရင် သေခြင်းတရားနဲ့ ရင်ဆိုင်ရမယ်။ နှမျောနေစရာ ဘာမှမရှိဘူး”
သူသည် လီချယ်ကျင်းကို ခိုင်မာစွာကြည့်လိုက်ပြီး ဆက်ပြောလိုက်သည်။
“မင်း၊ လီချယ်ကျင်းက တိုက်ခိုက်ဖို့ရွေးချယ်ခဲ့ပြီး ကျရှုံးသွားခဲ့ရင် ဒါက မင်းရဲ့အဆုံးသတ်ပဲ။ မင်းရဲ့မိသားစုအတွက်လည်း အတူတူပဲ။ ဒီချင်စွေ့တောင်ထွဋ်မှာ ငါတို့က အန္တရာယ်တွေကို သိလျက်သားနဲ့ အောင်မြင်မှုအတွက် ကြိုးစားကြတယ်။ ဒီလောကမှာ အားအကောင်းဆုံးသူကသာ ရှင်သန်ရပ်တည်နိုင်တာပဲ။ ငြင်းဆန်နေလို့ အသုံးမဝင်ဘူး”