အခန်း ၂၃
Vol. 3 Ch. 23
အခန်း - (၂၃) ဝိညာဉ်အပေါက်
လီထုန်ယာသည် လက်ဟန်များ ပြုလုပ်ပြီးနောက် များပြားလှသော ဝိညာဉ်မိုးများက မြေဆီလွှာနက်ကို အာဟာရဖြည့်တင်းပေးနေသည်ကို ကြည့်ရှုနေခဲ့သည်။
သို့သော် သူ၏မျက်နှာတွင် ပင်ပန်းနွမ်းနယ်ဟန် ပေါ်နေကာ သူက ပြန်လည်တွေးတောနေမိသည်။
“ဒီဝိညာဉ်အပင်ပျိုးထောင်တာ အထူးသဖြင့် ဝိညာဉ်မိုးမန္တန်က အရမ်းပင်ပန်းတာပဲ။ အလင်းဆောင်နှင်း ချက္ကရာကို စုစည်းဖွဲ့တည်ပြီးတဲ့နောက် တစ်ကြိမ်လောက် အသုံးပြုဖို့ကို မနည်းကြိုးစားနေရတယ်။ ဒါ့အပြင် ဒီဝိညာဉ်အပင်တွေက နေ့စဉ် ဂရုစိုက်ပေးဖို့ လိုသေးတယ်… ငါတို့ ဒီအတွက် သေချာပေါက်ကို လူအင်အား ပိုလိုနေတယ်”
လီရှန်းဖျင်နှင့် လီထုန်ယာတို့သည် ရွာများ၏ ဝိညာဉ်လယ်ကွင်းများကို စူးစမ်းလေ့လာခဲ့ကြပြီး ၎င်းတို့သည် စိတ်ပျက်ဖွယ်ရာပင် ရှားပါးလှသည်ကို တွေ့ရှိခဲ့ကြရသည်။ လီကျင်းရွာရှိ အကြီးဆုံးမြေကွက်သည် အဖြူရောင်အဆီအနှစ်သစ်သီး ၁၀ပင်သာ ပျိုးထောင်နိုင်သည်။
ထို့ကြောင့် လီထုန်ယာသည် တောင်ခြေရင်းရှိ တစ်ချိန်က မြေလပ်မြေရိုင်းပေါ်တွင် ခြံဝင်းငယ်တစ်ခုကို တည်ထောင်ခဲ့သည်။ သူသည် များသောအားဖြင့် ဤနေရာတွင် ကျင့်ကြံပြီး လယ်ကွင်းကို စောင့်ရှောက်လေ့ရှိသည်။ ထောက်ပံ့ရေးပစ္စည်းများကို သူ့ထံသို့ ပုံမှန်ပို့ဆောင်ပေးသောကြောင့် ၎င်းသည် အတော်လေး သက်သောင့်သက်သာရှိသော အခြေအနေတစ်ခုဖြစ်သည်။
လီရှန်းဖျင်သည် ကျင်းယန်ရွာရှိ လယ်ကွင်းတစ်ခုကို ရွေးချယ်ပြီး ထိုနေရာတွင် ဝိညာဉ်စပါးများကို မျိုးစေ့ချခဲ့သည်။ ထိုလုပ်ရပ်သည် ဒေသခံရွာသားများကို သူ၏ခြံဝင်းအပြင်ဘက်တွင် နေ့စဉ်စုရုံးစေပြီး ကြည်ညိုလေးစားစွာဖြင့် ဆုတောင်းကြသည်ဖြစ်ရာ ၎င်းသည် စိတ်ကျေနပ်ဖွယ်ရာ ထူးခြားသော မြင်ကွင်းတစ်ခုဖြစ်ပေသည်။
လီထုန်ယာသည် မန္နာစွမ်းအင်သံသရာ ချက္ကရာကို မရရှိသေးသောကြောင့် သူ၏မန္နာစွမ်းအင်ကို ပြန်လည်ဖြည့်တင်းရန် တရားထိုင်ခြင်း၌ တစ်နာရီနီးပါး အချိန်ကုန်ဆုံးခဲ့ရသည်။ နောက်ဆုံးတွင် သူ့မျက်လုံးများကို ဖွင့်လိုက်သောအခါ လီယဲ့ရှန့်သည် သူ၏လူများနှင့်အတူ အပြင်ဘက်တွင် အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့သည်ကို တွေ့ရှိလိုက်ရသည်။
သစ်သားတံခါးက ကျွီခနဲပွင့်လာသည်နှင့် လီယဲ့ရှန့်က လျှင်မြန်စွာ ဦးညွှတ်နှုတ်ဆက်လိုက်သည်။
“ရွာတွေက လူငယ်လေးတွေအားလုံး ရောက်နေကြပါပြီ။ အစ်ကိုထုန်ယာ အခုထွက်ခွာဖို့ အသင့်ဖြစ်ပြီလား”
“အေး”
လီထုန်ယာသည် လီယဲ့ရှန့်နှင့် သူ့လူများ၏ လေးစားကြည်ညိုသောအပြုံးများ ခြံရံလျှက် ရွာသူကြီးအိမ်ဘက်သို့ လျှောက်သွားရင်း တိုးညင်းစွာ ပြန်ဖြေလိုက်သည်။
xxxxxxxxxx
ရွာအဝင်ဝရှိ ထနောင်းပင်ကြီးအောက်တွင် လူအုပ်တစ်အုပ်ကို စုစည်းထားသည်။ အမျိုးမျိုးသောရွာများမှ ကိုယ်စားလှယ်များသည် လီမိသားစုက ခန့်အပ်ထားသော သက်ဆိုင်ရာ တာဝန်ခံပုဂ္ဂိုလ်နှင့်အတူ သူတို့၏ သက်ဆိုင်ရာရွာများမှ ကလေးတစ်အုပ်ကို လမ်းညွှန်ခေါ်ဆောင်လာခဲ့ကြသည်။
ခန့်အပ်ခံရသော ခေါင်းဆောင်များသည် သစ်ပင်အောက်တွင် တိုးတိုးလေး စကားစမြည်ပြောဆိုရင်း အေးအေးဆေးဆေး ရှိနေကြပုံရသည်။ ဆန့်ကျင်ဘက်အနေဖြင့် အပြင်မှရွာသားများသည် စိုးရိမ်စွာဖြင့် တိတ်ဆိတ်စွာ ရပ်နေကြပြီး အလွန်တင်းမာကာ ထိတ်လန့်နေကြသဖြင့် စကားပင် မပြောနိုင်ကြပေ။ ထိုအခြေအနေကို အာရုံခံမိသော ကလေးများကလည်း မြေပြင်ပေါ်တွင် လိမ်လိမ်မာမာ ထိုင်နေကြသည်။
ချန်အားနျိုသည် မကြာသေးမီက ရရှိခဲ့သော သူ၏အောင်မြင်မှုများအပေါ် ဂုဏ်ယူဝင့်ကြွားစိတ်များဖြင့် ပြည့်လျှံနေပြီး မနက်ခင်းတိုင်းတွင် ရွှင်မြူးစွာဖြင့် အိပ်ယာမှ ထလာနိုင်ခဲ့သည်။ သူ၏မိသားစု ဘိုးဘေးများသည် သူတို့၏သင်္ချိုင်းများတွင် မရေမတွက်နိုင်သော နှစ်များကြာအောင် မမောမပန်း အလုပ်လုပ်ခဲ့ကြဟန်ရသည်။ ယခုအခါ နောက်ဆုံးတွင် သူသည် ဘဝတွင် သိသာထင်ရှားသော ကောင်းမွန်သည့် အလှည့်အပြောင်းတစ်ခုကို မျက်မြင်ကိုယ်တွေ့ ကြုံနေရပြီဖြစ်သည်။
သူသည် လီချွမ်းခိုရွာကို စီမံခန့်ခွဲရမည်ဖြစ်ကြောင်း သိရှိရသောအခါ ချန်အားနျိုသည် လီအိမ်တော်ရှေ့တွင် ကိုးကြိမ်တိုင်တိုင် ဒူးထောက်ဦးချခြင်းဖြင့် သူ၏ကျေးဇူးတင်မှုကို ဖော်ပြခဲ့သည်။
သူက မျက်ရည်စက်လက်ဖြင့် သခင်ကြီးလီကို ကတိပြုခဲ့သည်။
“ကျွန်တော် အားနျိုက လီချွမ်းခိုရွာကို ဇွဲရှိရှိ စီမံခန့်ခွဲပြီး သခင်ကြီးလီရဲ့ယုံကြည်မှုကို ဘယ်တော့မှ သစ္စာမဖောက်ပါဘူးလို့ ကျိန်ဆိုပါတယ်”
ချန်အားနျို၏ဘဝသည် လီမိသားစု၏ ရက်ရောမှုကြောင့် သိသိသာသာ ကွဲပြားသွားခဲ့ရသည်။ ဒုက္ခသည်တစ်ဦးအနေဖြင့် သူရရှိခဲ့သော အကူအညီများမှစ၍ သူ၏အိမ်ထောင်ရေးနှင့် မြေယာပိုင်ဆိုင်မှု၊ သူ၏ဇနီးသည်အတွက် ပေးအပ်ခဲ့သော ဆေးဝါးကုသမှုများအထိ ဤကြင်နာမှုများအားလုံးသည် သူ့ကို လီမိသားစု၏ အရေးကိစ္စများတွင် နက်ရှိုင်းစွာ ပါဝင်စေခဲ့သည်။
ထို့အပြင် အားနျိုသည် အကျိုးအမြတ်များနှင့် ဆုလာဘ်များနောက်ကိုသာ တကောက်ကောက်လိုက်သူအဖြစ်လည်း လူသိများသည်။ သူသည် အကျိုးအမြတ်ရရှိရန်အတွက်ဆိုလျှင် ဘာမဆိုလုပ်ရန် ဝန်မလေးသူဖြစ်ပြီး နောက်ဆုံးတွင် ခွေးချေးစားရမည် ဆိုလျှင်ပင် နောက်ဆုတ်မည့်သူ မဟုတ်ပေ။
သို့သော် အခြားသူရင်းငှားတစ်ဦးဖြစ်သော ရွှီဝမ်ရှန်နှင့် သူ၏ဆက်ဆံရေးသည် အမြဲတမ်း တင်းမာမှုများဖြင့် ပြည့်နှက်နေခဲ့သည်။ ဤရန်လိုမှုသည် သူတို့၏ ရွာများအကြားတွင် မကြာခဏ ပွတ်တိုက်မှုများကို ဖြစ်ပေါ်စေခဲ့သည်။
ရန်ဖျင်အန်း တစ်ဦးတည်းသည်သာ ဤသေးငယ်သော စကားများ၊ ရန်ဖြစ်မှုများကို ဂရုမစိုက်ဘဲ သူ့ကိုယ်ပိုင်ရွာ၏ ကိစ္စများကိုသာ အာရုံစိုက်ရန် ရွေးချယ်ခဲ့သည်။
“တာဝန်ခံချန်…”
အသံတစ်သံက ချန်အားနျို၏ အတွေးများကို ဖြတ်တောက်လိုက်သည်။
သူလှည့်ကြည့်လိုက်သောအခါ ထိုသူသည် လီချွမ်းခိုရွာမှ ရွာသားတစ်ဦးဖြစ်သော ချန်ကျန်းဟူဖြစ်ကြောင်း မှတ်မိလိုက်သည်။
လီချွမ်းခိုရွာတွင် ချန်မိသားစုဝင်များက အဓိကနေထိုင်ကြပြီး ချန်ကျန်းဟူသည် မိသားစု၏အကြီးဆုံးအနေဖြင့် ရွာတွင် အတော်လေး ရိုသေလေးစားခံရသည်။ လူအုပ်ကြီးက သူတို့၏ကိုယ်စားလှယ်အဖြစ် သူ့ကို တစ်ညီတစ်ညွတ်တည်း အကြံပြုခဲ့သည်မှာ သူ၏ကျော်ကြားမှုကြောင့်ပင် ဖြစ်သည်။
ပုံမှန်အားဖြင့် တည်ငြိမ်ပြီး ဂုဏ်သိက္ခာရှိသော အကြီးအကဲသည် စိုးရိမ်နေသော မျက်နှာထားဖြင့် ရွာအဝင်ဝသို့ ငေးကြည့်ရင်း တိုးညင်းသောအသံဖြင့် မေးလိုက်သည်။
“လီမိသားစုရဲ့ ဒီအင်မော်တယ်ကျင့်ကြံသူက ငါတို့ချန်မိသားစု ကလေးတွေကို တကယ်ပဲ လက်ခံပေးမှာလား”
“သူတို့မှာ အင်မော်တယ်ကံကြမ္မာ ရှိဖို့ပဲလိုတာပါ။ ခင်ဗျားတို့ ချန်မိသားစုက အသက်ခုနစ်နှစ်နဲ့ ဆယ့်သုံးနှစ်ကြားက ဝိညာဉ်အပေါက်ရှိတဲ့ ဘယ်ကလေးကိုမဆို လီမိသားစုက လက်ခံမှာပါ”
ချန်အားနျိုက အာမခံလိုက်သည်။
ချန်ကျန်းဟူက ထပ်ခါထပ်ခါ ခေါင်းညိတ်နေသည်ကို ကြည့်ရှုရင်း ချန်အားနျိုသည် မအားကျမိဘဲ မနေနိုင်ခဲ့ပေ။ စိတ်ထဲတွင် သူသည် သူ၏ကိုယ်ပိုင်ကလေးများက ဤအခွင့်အရေးကိုရယူရန် အသက်ကြီးလွန်းနေခြင်း သို့မဟုတ် စစ်ဆေးခံရန် အရည်အချင်းမမီသေးခြင်းတို့ကြောင့် ညည်းညူမိသည်။
“အင်မော်တယ်တွေရောက်လာပြီ”
ချန်အားနျိုက ရွာအဝင်ဝတွင် လီထုန်ယာကို တွေ့လိုက်ရသဖြင့် ကြေညာလိုက်သည်။
သူသည် ဖော်ရွေပျူငှာသော အပြုံးတစ်ခုကို ဆင်မြန်းကာ ခပ်သွက်သွက် ချဉ်းကပ်လာခဲ့ပြီး စိတ်ထဲတွင် တွေးနေမိသည်။
“ဒီနေ့တော့ ဒီရွာထဲက ကလေးတွေထဲက ဘယ်တစ်ယောက်ကများ ရွေးချယ်ခံရဖို့အထိ ကံကောင်းမလဲမသိဘူး”
လီထုန်ယာသည် လက်သီးဆုပ် အရိုအသေပေးလိုက်ကာ ချန်အားနျိုကို ပြုံးပြလိုက်ပြီးနောက် လီယဲ့ရှန့်ဘက်သို့လှည့်ကာ ညွှန်ကြားလိုက်သည်။
“စလိုက်ကြရအောင်”
ထနောင်းပင်ဘေးတွင် သစ်သားစင်မြင့်တစ်ခုကို တည်ဆောက်ထားသည်။ လီထုန်ယာသည် ၎င်းအပေါ်တွင် နေရာယူလိုက်ပြီး စင်မြင့်အောက်တွင် အလုပ်လုပ်နေသူများက နာမည်များ စတင်ခေါ်လိုက်ကြသည်။
“လီချွမ်းခိုရွာ၊ ချန်လီဖူ”
ချန်မိသားစုမှ ကလေးတစ်ယောက်သည် သိသိသာသာ စိတ်လှုပ်ရှားစွာဖြင့် ရှေ့သို့ခေါ်ဆောင်လာခြင်း ခံလိုက်ရသည်။ လီထုန်ယာသည် သူ၏လက်ကို ကလေး၏ပခုံးပေါ်သို့ တင်လိုက်ပြီး မန္နာစွမ်းအင်ကို ပို့လွှတ်လိုက်သည်။
သူ၏မန္နာစွမ်းအင်က ကလေး၏ ခန္ဓာကိုယ်တစ်လျှောက် အမြန်စီးဆင်းသွားပြီးနောက် သူက ပယ်ချလိုက်သောအမူအရာဖြင့် လက်ဝေ့ယမ်းကာ ပြောလိုက်သည်။
“မင်းဆင်းသွားနိုင်ပြီ”
ကလေးနှင့် သူ၏အဖော်သည် စကားတစ်ခွန်းမျှမပြောဘဲ စင်မြင့်မှ အလျှင်အမြန်ထွက်ခွာသွားကြပြီး စင်မြင့်အောက်မှ ချန်ကျန်းဟူ၏ မျက်နှာပေါ်တွင် စိတ်ပျက်မှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။
“နောက်တစ်ယောက်”
xxxxxxxxxx
မကြာမီပင် လီချွမ်းခိုရွာမှ လူအားလုံး ထွက်ခွာသွားကြသည်။ ချန်ကျန်းဟူ၏မျက်နှာသည် ညှိုးငယ်သွားခဲ့ပြီး ချန်အားနျိုကို တောင်းပန်သောအကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။
ချန်အားနျိုသည် မျက်လုံးများကိုသာ လှန်ပြလိုက်ပြီး သူ၏လက်များကိုဖြန့်ကာ အခြေအနေနှင့်ပတ်သက်၍ သူဘာမှမလုပ်ပေးနိုင်တော့ကြောင်း ဖော်ပြလိုက်သည်။
ဆောင်းရာသီနှောင်းပိုင်း နေ့လည်ခင်း၏ အေးမြမှုကြားတွင် သစ်ပင်အောက်၌ အများအပြားစုဝေးနေသော ရွာသားများသည် စိတ်လှုပ်ရှားစွာ မျှော်လင့်ရင်း သိသိသာသာ ချွေးများထွက်နေကြသည်။
လီချွမ်းခိုရွာမှ မည်သူမျှ မရွေးချယ်ခံရသည်ကို မြင်သောအခါ သူတို့သည် တဖြည်းဖြည်း ပိုမိုစိုးရိမ်လာကြသည်။
သို့သော် လီထုန်ယာသည် ဤရလဒ်ကြောင့် မတုန်လှုပ်ဘဲ ရှိနေပုံရသည်။ ဝိညာဉ်အပေါက်ရှိသော ကလေးတစ်ယောက်ကို ရှာဖွေတွေ့ရှိနိုင်ရန်မှာ ရှားပါးသောကြောင့် ဤရွာများအားလုံးမှ ကလေးတစ်ယောက်ကို ရှာဖွေတွေ့ရှိပင်လျှင် အောင်မြင်မှုတစ်ခုအဖြစ် သတ်မှတ်နိုင်မည်ဖြစ်ပြီး နှစ်ယောက် ရှာဖွေတွေ့ရှိလျှင်မူ ပို၍ပင်ကြီးမားသော အောင်မြင်မှုဖြစ်မည်ဖြစ်သည်။
“ကျင်းယန်ရွာ၊ လျိုရို့ရွှမ်”
နာမည်ခေါ်လိုက်သည်နှင့် ၁၃ နှစ်၊ ၁၄နှစ်ခန့်ရှိသော ကောင်မလေးတစ်ယောက်သည် စိတ်လှုပ်ရှားစွာဖြင့် နှုတ်ခမ်းကိုကိုက်ရင်း မတ်တပ်ရပ်လိုက်သည်။ သူမတွင် လှပသောမျက်ခုံးများနှင့် အတွင်းစိတ်ကို ပေါ်လွင်စေသော မျက်လုံးများရှိသည်။
သူမသည် ၁၄နှစ်ရှိပြီဖြစ်ပြီး သူတို့လက်ခံနိုင်သော အကြီးဆုံးအသက်ထက် တစ်နှစ် ပိုကြီးနေသည်။ လီထုန်ယာသည် ခေါင်းခါလိုက်သော်လည်း ၎င်းကို လျစ်လျူရှုလိုက်ပြီး စစ်ဆေးမှုကို ဆက်လက်လုပ်ဆောင်လိုက်သည်။ သူသည် ဘယ်ဘက်လက်ကို သူမ၏ပခုံးပေါ် တင်လိုက်ပြီး မန္နာစွမ်းအင်ကို ပို့လွှတ်လိုက်သည်။
သူ၏မန္နာစွမ်းအင်က မိန်းကလေး၏ မရီဒျန်တစ်လျှောက် စီးဆင်းသွားသည်နှင့် လီထုန်ယာသည် အံ့ဩသံတစ်ချက် ပြုလိုက်မိသည်။ စင်မြင့်အောက်တွင် တင်းမာသောစိတ်များဖြင့် စောင့်ကြည့်နေခဲ့သော ကျင်းယန်ရွာမှ လျိုမိသားစုသည် ယခုအခါ မျှော်လင့်ချက်ဖြင့် အသက်အောင့်ထားကြသည်။
လီထုန်ယာအတွက် အံ့ဩသင့်သွားရသည်မှာ သူသည် မိန်းကလေး၏ ချီဟိုင်အပ်စိုက်အမှတ်တွင် ချီစွမ်းအင်က တက်ကြွစွာ စီးဆင်းနေသည်ကို တွေ့ရှိခဲ့ရသည်။ ထိုနေရာရှိ ချီအပေါက်တစ်ခုသည် သူ့အလိုလို အသက်ရှူနေသကဲ့သို့ စည်းချက်ကျကျ တုန်ခါနေခဲ့သည်။
“မဆိုးဘူး”
လီထုန်ယာက မျက်လုံးဖွင့်ကြည့်လိုက်သည်။
သူက ကောင်မလေးကို ပြုံးပြလိုက်ပြီး ညင်သာစွာ ညွှန်ကြားလိုက်သည်။
“ငါ့နောက်မှာရပ်နေ”
လျိုရို့ရွှမ်းသည် လီထုန်ယာ၏ မျက်လုံးများကို တွေဝေစွာ စိုက်ကြည့်နေပြီး မမျှော်လင့်ထားသော သတင်းကောင်းကြောင့် အံ့အားသင့်နေပုံရသည်။ ၎င်းကို နားလည်သဘောပေါက်ရန် ခဏတာ အချိန်ယူလိုက်ပြီးနောက် တောက်ပသောမျက်နှာဖြင့် လီထုန်ယာ၏နောက်သို့ ရွှေ့ပြောင်းရပ်နေလိုက်သည်။
ကျင်းယန်ရွာမှ လူအုပ်သည် လီထုန်ယာကို မနှောင့်ယှက်မိစေရန် သတိထားရင်း တိုးတိုးတိုးတိုးဖြင့် အောင်ပွဲခံသံများ ထွက်ပေါ်နေခဲ့သည်။ တစ်ချိန်တည်းမှာပင် လီချွမ်းခိုရွာအပေါ်တွင် တင်းမာသော လေထုတစ်ခု လွှမ်းခြုံသွားခဲ့ပြီး ကျန်ရွာများ၏ စိုးရိမ်စိတ်မှာလည်း ပိုမိုနက်ရှိုင်းသွားခဲ့သည်။
မကြာမီပင် ကျင်းယန်ရွာနှင့် လီတောက်ခိုရွာတို့သည်လည်း စစ်ဆေးမှုများကို ပြီးမြောက်သွားခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်းပင် အခြားဝိညာဉ်အပေါက်ရှိသော ကလေးများကို မတွေ့ရှိခဲ့ရပေ။
“လီကျင်းရွာ”
လီထုန်ယာက စင်မြင့်အောက်တွင် စုဝေးနေသော ကလေးများအပေါ် သူ၏အကြည့်များ ဝေ့ဝဲရင်း ကြေညာလိုက်သည်။
ထိုကလေးများကြးတွင် လီရွှမ်ရွှမ် မပါသည်မှာ ပြောစရာမလိုပေ။ ကလေးသည် သုံးနှစ်သားသာ ရှိသေးသောကြောင့် သူ၏ခန္ဓာကိုယ်သည် ဝိညာဉ်အပေါက်စစ်ဆေးရန် အလွန်နုနယ်သေးသည်။ အနည်းဆုံး ၇နှစ်ရှိသော ကလေးများသာ စစ်ဆေးခံနိုင်ပေသည်။
ဒေသခံရွာ၏ ကလေးများအလှည့် ရောက်လာသောအခါ လီယဲ့ရှန့်သည် မျက်ခုံးများပင့်ကာ သူတို့၏နာမည်များကို စတင်ခေါ်လိုက်သည်။
“အစ်ကိုထုန်ယာသာ ငါ့ကို အရင်က မစစ်ဆေးခဲ့ဘူးဆိုရင် ငါလည်း အဲဒီပေါ်တက်ပြီး ငါ့ကံကို စမ်းကြည့်နေမှာပဲ။” သူသည် နာမည်များကို ကျယ်လောင်စွာကြေညာရင်း မကျေမနပ်ဖြင့် တွေးလိုက်မိသည်။
“ယဲ့ချုံယန်”
သူက နာမည်ခေါ်လိုက်သည်။
ထိုနာမည်ကိုကြားသည်နှင့် စင်မြင့်အောက်တွင် ရပ်နေခဲ့သော ယဲ့ချန်ဖူ တောင့်တင်းသွားခဲ့သည်။ သူ၏ခြေထောက်များသည် စင်မြင့်ပေါ်မှ သူ၏ ရှစ်နှစ်၊ ကိုးနှစ်အရွယ်ကလေးကို စူးစိုက်ကြည့်နေစဉ် ယိုင်နဲ့သွားမလိုပင် ဖြစ်သွားခဲ့သည်။
သူ၏နှလုံးသားထဲတွင်မူ သူသည် မိမိဘာသာ ပြန်အားပေးနေမိသည်။
“ငါတို့ ယဲ့မိသားစုက အမြဲတမ်း လီမိသားစုရဲ့ မျိုးနွယ်ခွဲတစ်ခု ဖြစ်ခဲ့တာပဲ။ ငါတို့ထဲမှာ အင်မော်တယ်ကံကြမ္မာအတွက် အခွင့်အရေးတစ်ခုတော့ ရှိမှာသေချာတယ်…”
လီထုန်ယာက သူ၏လက်ကို ယဲ့ချုံယန်၏ပခုံးပေါ် တင်လိုက်သည်ကိုကြည့်ရင်း ယဲ့ချန်ဖူသည် မျှော်လင့်ချက်များဖြင့် ပြည့်လျှံနေကာ မျက်လုံးများကို မှိတ်လိုက်သည်။ ထို့နောက် သူသည် သဲမြေပေါ်သို့ ရုတ်တရက် ထိုင်ချလိုက်ကာ စိုးရိမ်စွာဖြင့် တိတ်တဆိတ်သာ စောင့်ဆိုင်းနေလိုက်တော့သည်။