အခန်း ၂၄
Vol. 3 Ch. 24
အခန်း - (၂၄) ကလန်ထဲ ပြန်ဝင်ခြင်း
“အရမ်းကောင်းတယ်။ ဝိညာဉ်အပေါက်ရှိတဲ့ နောက်တစ်ယောက်။ ပြီးတော့ လီမိသားစုရဲ့ မျိုးဆက်တစ်ယောက်ပါ ဖြစ်နေသေးတယ်”
လီထုန်ယာက စင်မြင့်ပေါ်မှ အော်ပြောလိုက်သည်။
ဤစကားကိုကြားသောအခါ ယဲ့ချန်ဖူသည် လျှပ်စစ်နှင့် တို့ထိခံလိုက်ရသကဲ့သို့ ခုန်ထလိုက်မိသည်။ သူ၏မျက်လုံးများသည် ငေးကြောင်နေသော ယဲ့ချုံယန်ပေါ်တွင် စူးစိုက်နေပြီး အလွန်အမင်းဝမ်းမြောက်မှုဖြင့် ပြည့်လျှံနေသဖြင့် ကောင်းကင်ယံသို့ ဝမ်းမြောက်ဝမ်းသာဖြင့် ရယ်မောလိုစိတ်ကို မနည်းချိုးနှိမ်ထားခဲ့ရသည်။
“မင်းမျိုးရိုးနာမည်က ယဲ့ဆိုတော့ မင်းအဖေက ဘယ်သူလဲ”
လီထုန်ယာက ညင်သာစွာပြုံးကာ မေးမြန်းလိုက်သည်။
“ယဲ့… ယဲ့ချန်ဖူပါ”
ယဲ့ချုံယန်က စင်မြင့်အောက်တွင် ပျော်ရွှင်စွာ ကခုန်နေသော သူ၏ဖခင်ကို လှမ်းကြည့်ရင်း ရေရွတ်လိုက်သည်။
လီထုန်ယာသည် ကောင်လေး၏အကြည့်နောက်သို့ လိုက်သွားပြီး ထိုလူကိုပြုံးရင်း အသိအမှတ်ပြုဟန်ဖြင့် ပြောလိုက်သည်။
“ဂုဏ်ယူပါတယ် ညီအစ်ကိုချန်ဖူ”
“ကျေးဇူးတင်ပါတယ် အင်မော်တယ်ဆရာ”
ယဲ့ချန်ဖူသည် သူ၏မျက်နှာပေါ်မှ အပြုံးကို မထိန်းချုပ်နိုင်ဘဲ ကျေးဇူးတင်စွာဖြင့် ရိုသေစွာ လက်သီးဆုပ် အရိုအသေပေးလိုက်သည်။
လီထုန်ယာသည် ပြုံးရင်း ခေါင်းခါလိုက်ပြီး ကျန်ကလေးများကို ဆက်လက်အကဲဖြတ်လိုက်သည်။
ပြီးဆုံးသွားသောအခါ သူက ကြေညာလိုက်သည်။
“ကျန်ကလေးတွေက ရွေးချယ်ခံရတဲ့သူတွေ မဟုတ်ဘူး။ ခင်ဗျားတို့ရွာတွေဆီ ပြန်နိုင်ကြပါပြီ”
တိုးညင်းသော စိတ်ပျက်လက်ပျက် ရေရွတ်သံများသည် စင်မြင့်အောက်တွင် စုဝေးနေသူများကြားတွင် ပျံ့နှံ့သွားခဲ့သည်။ သို့သော်လည်း မကြာမီပင် လူအုပ်ကြီးသည် လူစုခွဲသွားကြပြီး တစ်ဦးချင်းစီသည် မတူညီသော ဦးတည်ရာများဖြင့် သူတို့၏ ရွာများဆီသို့ ပြန်သွားခဲ့ကြသည်။
လီထုန်ယာဘေးတွင် ရပ်နေသော လီယဲ့ရှန့်က ရွာတာဝန်ခံများကို ခေါ်လိုက်သည်။
“စာရွက်စာတမ်းတချို့နဲ့ စာရင်းဇယားတွေ စစ်ဆေးအတည်ပြုဖို့ လီအိမ်တော်ကို ကျွန်တော်နဲ့အတူ လိုက်ခဲ့ပေးပါ”
ချန်အားနျိုနှင့် အခြားရွာတာဝန်ခံ နှစ်ယောက်သည် ချက်ချင်းသဘောတူလိုက်ကြပြီး လီယဲ့ရှန့်နောက်သို့ လိုက်ပါသွားခဲ့ကြသည်။
လီထုန်ယာသည် စင်မြင့်မှဆင်းလာပြီး ယဲ့ချန်ဖူနှင့် ကျင်းယန်ရွာမှ လျိုမိသားစုအကြီးအကဲကိုကြည့်ကာ ညင်သာစွာပြောလိုက်သည်။
“ကျေးဇူးပြုပြီး ကျွန်တော်နဲ့အတူလိုက်ခဲ့ပါ”
ယဲ့ချန်ဖူသည် သူ၏ကလေးကို ပွေ့ဖက်ထားပြီး သူ၏မျက်လုံးများတွင် ပျော်ရွှင်မှုမျက်ရည်များဖြင့် အားတက်သရောခေါင်းညိတ်ရင်း ပြောလိုက်သည်။
“ဟုတ်ကဲ့၊ ဟုတ်ကဲ့ပါ”
xxxxxxxxxx
ယဲ့ချန်ဖူနှင့် ယဲ့ချုံယန်တို့သည် ဘိုးဘေးခန်းမတွင် အမွှေးတိုင်တစ်တိုင်စီ ပူဇော်ပြီးနောက် ဒူးထောက်ကာ မြေပေါ်သို့ ဦးချလိုက်ကြသည်။
လီမိသားစုဝင်များ၏ ရှေ့မှောက်တွင် သူတို့သည် သူတို့၏ မျိုးရိုးနာမည်ကို ယဲ့မှလီသို့ တရားဝင် ပြန်လည်ပြောင်းလဲခဲ့ကြသည်။
လီမိသားစု၏ အသက်အကြီးဆုံး မိသားစုဝင်အနေဖြင့် လီမုထျန်းသည် ခြံဝင်း၏ရှေ့တွင် ထင်ရှားစွာ ထိုင်နေခဲ့သည်။
“မိသားစုခေါင်းဆောင်”
ထိုနှစ်ယောက်သည် လီမုထျန်းကို အရိုအသေပေးသည့်အနေဖြင့် လက်ဖက်ရည် ဆက်သပြီးနောက် သူ၏ရှေ့တွင် ဒူးထောက်ကာ သူပြောမည့်အကြောင်းအရာများကို အာရုံစိုက်နားထောင်နေခဲ့ကြသည်။
“ချုံယန်က အခု ငါတို့လီမိသားစုရဲ့ တပည့်တစ်ယောက်ဖြစ်သွားပြီ။ သူက ဝိညာဉ်အပေါက် ပိုင်ဆိုင်တယ်၊ ဒါကြောင့် သူက ငါတို့ရဲ့ကျင့်စဉ်တွေကို သင်ယူရမယ်။”
လီမုထျန်းသည် သစ်သားပြားတစ်ချပ်ကို ယူလိုက်ပြီး ညင်သာစွာ ဆက်ပြောလိုက်သည်။
“ကလန်က မင်းကို စိမ်းပြာအဆီအနှစ်မရီဒျန်အားဖြည့်ကျင့်စဉ်ကို အပ်နှင်းလိုက်တယ်။ ကျင့်ကြံခြင်းမှာ မင်းကိုယ်မင်း မြှုပ်နှံလိုက်ပါ။ ဂိုဏ်း၊ တာအိုနဲ့ မင်းမိသားစုရဲ့ဂုဏ်ကိုဆောင်ပါ။ ပြီးတော့ မလိုလားအပ်တဲ့ အာရုံစိုက်မှုတွေကို ရှောင်ရှားဖို့ အင်မော်တယ်ကျင့်စဉ်တွေရဲ့ လျှို့ဝှက်ချက်တွေကို ဘယ်တော့မှ ထုတ်ဖော်မပြဖို့ မှတ်ထားပါ”
ယခုအခါ လီချုံယန်ဟုအမည်တွင်သော ကောင်လေးက နက်ရှိုင်းစွာ ဦးညွှတ်လိုက်သည်။
“ကျွန်တော် မိသားစုခေါင်းဆောင်ရဲ့ သင်ကြားမှုတွေကို နာခံပါ့မယ်”
သူက စိတ်ပိုင်းဖြတ်ထားသောအကြည့်ဖြင့် ကတိပြုလိုက်သည်။
“မင်းက ရှန်းဖျင်နဲ့အတူ ကျင်းယန်ရွာရဲ့ ဝိညာဉ်လယ်ကွင်းမှာ ကျင့်ကြံခြင်း ပြုလုပ်ရမယ်။ ဆန်းကြယ်အသွင် ချက္ကရာကို မစုစည်းဖွဲ့တည်မပြီးမချင်း ထွက်ခွာခွင့်မရှိဘူး”
လီမုထျန်းက ညွှန်ကြားလိုက်သည်။
“နားလည်ပါပြီ”
လီချုံယန်သည် သစ်သားပြားကို လက်ခံယူရင်း ထရပ်လိုက်သည်။
အသက်ရှစ်နှစ်၊ ကိုးနှစ်အရွယ် ကလေး၏အသံသည် စိတ်လှုပ်ရှားမှုဖြင့် တုန်ယင်နေပြီး သူ၏ဖခင် ယဲ့ချန်ဖူဘက်သို့လှည့်ကာ ပြောလိုက်သည်။
“အဖေ၊ ကျွန်တော် ကျင့်ကြံဖို့ ပင်မမိသားစုနဲ့အတူ ထွက်ခွာသွားတော့မယ်”
“အေး ငါ့သား။ အိမ်အတွက် စိတ်မပူနဲ့။ မနက်ဖြန်ကျရင် ငါ မင်းရဲ့အဝတ်အစားတွေနဲ့ တခြားနေ့စဉ်သုံးပစ္စည်းတွေကို ကျင်းယန်ရွာက ခြံဝင်းဆီကို ပို့ပေးလိုက်မယ်။ မင်းရဲ့ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်၊ ဒါက အရေးကြီးဆုံးပဲ…”
ယဲ့ချန်ဖူက သူ၏မျက်လုံးများတွင် မျက်ရည်များပြည့်လျှံနေကာ ခေါင်းညိတ်ရင်း ပြန်ဖြေလိုက်သည်။
“လာ ချုံယန်”
လီရှန်းဖျင်က နွေးထွေးသောအပြုံးဖြင့် လီချုံယန်၏ လက်လေးကို ညင်သာစွာ ဆွဲကိုင်လိုက်သည်။ သူသည် သူ၏ဖခင် လီမုထျန်းကို ခေါင်းညိတ်ပြလိုက်ပြီး နေအိမ်မှ ထွက်ခွာသွားခဲ့သည်။
လီမုထျန်းက ချောင်းတစ်ချက်ဟန့်ကာ မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။
“မင်းလည်း ထုပ်ပိုးပြင်ဆင်သင့်ပြီ ချန်ဖူ။ မင်းမိသားစု ဒီရက်ပိုင်းအတွင်း ရွာကို ပြောင်းရွှေ့နိုင်တယ်”
လီချန်ဖူသည် ထွက်ခွာသွားသော လူနှစ်ယောက်ကို လှမ်းကြည့်ရင်း အလျှင်အမြန် သဘောတူညီလိုက်ပြီး ထွက်ခွာရန် ခွင့်တောင်းလိုက်သည်။
လီချန်ဖူ အလျှင်အမြန်ထွက်ခွာသွားသည်ကို ကြည့်ရှုပြီးနောက် လီမုထျန်းက တည်ကြည်သောအသံဖြင့် ပြောလိုက်သည်။
“အဲဒီလျိုမိသားစုက မိန်းကလေးကို မင်းနဲ့အတူ ခဏလောက်ခေါ်သွားလိုက်။ လီကျင်းရွာက ခြံဝင်းငယ်လေးမှာ သူ့ရဲ့ကျင့်စဉ်ကို လမ်းညွှန်ပေးလိုက်။ သူ့ကို အရင်ဆုံး ဆန်းကြယ်အသွင် ချက္ကရာကို စုစည်းဖွဲ့တည်ခိုင်း။ ဒါပေမဲ့ ဘယ်မန္တန်ကိုမှတော့ မသင်ပေးသေးနဲ့ဦး”
“တကယ်ကောင်းတဲ့ အစီအစဉ်ပဲ အဖေ။ လီမိသားစုရဲ့ ယုံကြည်ရတဲ့ မိသားစုဝင်တစ်ယောက်က လျိုမိသားစုအစား ကျင်းယန်ရွာကို ကြီးကြပ်လိမ့်မယ်။ ပြီးတော့ သူတို့ရဲ့အင်မော်တယ်ကျင့်ကြံသူကို လီကျင်းရွာကို ပြောင်းရွှေ့ပြီး အရာရာကို စောင့်ကြည့်ခိုင်းမယ်။ ဒီလိုနည်းနဲ့ဆိုရင် သူတို့ ပြဿနာရှာဖို့ ခက်ခဲသွားလိမ့်မယ်”
လီထုန်ယာက ဖခင်ဖြစ်သူ၏ ဉာဏ်ပညာကို အထင်ကြီးလေးစားစွာဖြင့် ရိုသေစွာ ပြန်ဖြေလိုက်သည်။
“သူတို့ အဲဒီလိုလုပ်ဖို့က စောလွန်းပါသေးတယ်”
လီမုထျန်းက လက်ဖက်ရည်ကို သောက်သုံးရင်း မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး ဆက်ပြောလိုက်သည်။
“ကြေးမုံရဲ့အကူအညီ ဒါမှမဟုတ် အင်မော်တယ် ကျင့်ကြံခြင်းဆေးလုံးတွေမရှိဘဲ သူတို့ ဆန်းကြယ်အသွင် ချက္ကရာကို စုစည်းဖွဲ့တည်ဖို့ တစ်နှစ်လောက် ကြာနိုင်တယ် မဟုတ်လား”
“အဲထက်တောင် ပိုကြာဦးမှာ”
လီထုန်ယာက ခေါင်းခါလိုက်ပြီး ရှင်းပြလိုက်သည်။
“ကျွန်တော် စိမ်းပြာအဆီအနှစ်မရီဒျန်အားဖြည့်ကျင့်စဉ်ကို ဖတ်ကြည့်ပြီးပြီ။ ဒီကျင့်စဉ်နဲ့ ကျင့်ကြံထားတဲ့ မန္နာစွမ်းအင်က ပေါ့ပါးပြီး အားနည်းတတ်တယ်။ ဒါ့အပြင် ဒီမန္နာစွမ်းအင်ကို ပို့လွှတ်တဲ့လုပ်ငန်းစဉ်က တော်တော်လေး ခက်ခဲတယ်။ ဒီအချက်တွေကို ထည့်စဉ်းစားလိုက်ရင် ဆန်းကြယ်အသွင် ချက္ကရာကို စုစည်းဖွဲ့တည်ဖို့ သုံးနှစ်ကျော် ကြာသွားနိုင်တယ်”
“အမှန်ပဲ။ စိမ်းပြာအဆီအနှစ်မရီဒျန်အားဖြည့်ကျင့်စဉ်က အစွမ်းမထက်သလို တိုးတက်မှုကလည်း နှေးကွေးတယ်။ မလိုအပ်ဘဲ အရမ်းကြီး အလေးအနက်ထားစရာမလိုဘူး။ ဒါပေမဲ့ အမြဲတမ်းတော့ သတိထားနေရမယ်"
လီမုထျန်းက ပြောလိုက်သည်။
“အဖေပြောတာ မှန်ပါတယ်”
လီထုန်ယာက သဘောတူလိုက်ပြီး လက်ဖက်ရည်ခွက်ကို ချလိုက်သည်။ လီမုထျန်းက အဝေးသို့ငေးကြည့်ရင်း အတွေးထဲတွင် နစ်မြောနေသည်ကို သတိပြုမိသောအခါ သူက ရိုသေစွာ လက်သီးဆုပ်အရိုအသေပေးပြီး ထွက်ခွာသွားခဲ့သည်။
လီမုထျန်းသည် ခြံဝင်းထဲတွင် တစ်ယောက်တည်းထိုင်နေခဲ့ပြီး အချိန်အတော်ကြာ စဉ်းစားတွေးတောနေပြီးနောက် တိုးညင်းသော သက်ပြင်းတစ်ချက်ကို ချလိုက်သည်။
“လုံလောက်အောင် မရက်စက်ဘူးသေးဘူး…”
xxxxxxxxxxx
ရွှီဝမ်ရှန်သည် လီတောက်ခိုရွာကို ကြီးကြပ်နေသည်မှာ လေးလကျော်ပြီ ဖြစ်သည်။ သူသည် သူ၏လုပ်ငန်းတာဝန်အချို့ကို လက်ထောက်များထံသို့ လွှဲအပ်ခဲ့ပြီး ရွာသားများသည် သူ၏ထိန်းချုပ်မှုအောက်တွင် ခိုင်မာစွာ ရှိနေခဲ့သည်။
ယခင်က ကုန်သည်အုပ်စုကို အမိန့်ပေးခဲ့ဖူးသော ရွှီဝမ်ရှန်သည် လီတောက်ခိုကဲ့သို့သော ရွာငယ်လေးတစ်ရွာကို ကြီးကြပ်ခြင်းမှာ အတော်လေး ရိုးရှင်းသည်ဟု ခံစားရသည်။ ရွာတွင် မျိုးရိုးများအကြား ဆက်ဆံရေးများ ရှုပ်ထွေးစွာ ရောနှောနေသော်လည်း ထင်ရှားသောမိသားစုများ၏ သြဇာလွှမ်းမိုးမှုမရှိခြင်းက သူ့အတွက် အကျိုးဖြစ်ထွန်းစေခဲ့သည်။ သူသည် တစ်လတာအတွင်းတွင် ရွာတစ်ခုလုံး၏ လုပ်ငန်းဆောင်တာများကို ခိုင်မာစွာ နားလည်သဘောပေါက်ခဲ့သည်။
သို့သော် ရွှီဝမ်ရှန်သည် အငြိမ်မနေတတ်သူတစ်ဦးဖြစ်သည်။ သူသည် အထက်လူကြီးများ သူ့အပေါ် ရေရှည်အထင်ကြီးမှုကို ရရှိရန် မည်သို့ပြုလုပ်ရမည်နှင့် ချန်အားနျိုကို မည်သို့ကျော်လွှားရမည်ကို အမြဲတမ်း စဉ်းစားနေခဲ့သည်။ ရွာတွင် ငှားရမ်းခများနှင့် စာရင်းဇယားများကို စီမံခန့်ခွဲခြင်းသည် သူ၏စွမ်းရည်များကို အသုံးမပြုဘဲထားသလို ခံစားနေရသည်။
ရွှီဝမ်ရှန်သည် မြေပုံတစ်ခုနှင့် အမှတ်မထင် ကစားနေရင်း ချန်အားနျိုနှင့် သူ၏ပြိုင်ဆိုင်မှုအပေါ် တွေးတောနေခဲ့သည်။
သူတို့ကြားက ဆက်ဆံရေး အထူးသဖြင့် သူတို့ရွာများကြား လယ်ကွင်းများနှင့် ရေအရင်းအမြစ်များ ခွဲဝေမှုအပေါ်တွင် တသမတ်တည်း ပွတ်တိုက်မှုများ ရှိနေခဲ့သည်။
ရွှီဝမ်ရှန်သည် ဤပဋိပက္ခများတွင် ကျေနပ်စရာတစ်ခုကို တွေ့ရှိခဲ့သည်။ လီဒတောက်ခိုရွာမှ ရွာသားများက လီချွမ်းခိုရွာမှ ချန်အားနျိုအကြောင်းကို မကျေမနပ် ပြောဆိုကြသည်ကို သူသိရှိပြီး သူတို့သည် သူ့မျက်နှာကို လက်သီးဖြင့်ထိုးရန် လက်ယားနေကြသည်။
“ရန်သူတစ်ယောက်ရှိတာက ကိုယ့်အတွက် ထောက်ခံမှုကို စုစည်းဖို့ ထိရောက်တဲ့နည်းလမ်းတစ်ခုပဲ”
သူက ကျေနပ်စွာဖြင့် တွေးလိုက်သည်။
ရွှီဝမ်ရှန်သည် ကုန်သည်အုပ်စုကို စီမံခန့်ခွဲနေစဉ်ကလည်း သူ၏လက်အောက်ငယ်သားများနှင့် အကွာအဝေးတစ်ခု ထားထားလေ့ရှိပြီး သူတို့ကြားတွင် မီးမွှေးပေးရသည်ကို နှစ်သက်လေ့ရှိသည်။
ရွှီဝမ်ရှန်သည် ရွာများ၌ လီမိသားစု၏ သတင်းပေးများ ရှိသည်မှာ သေချာသောကြောင့် ချန်အားနျိုနှင့် သူ၏ပဋိပက္ခကို အထက်လူကြီးများ၏ အထင်ကြီးမှုကို ရယူနိုင်မည့် နည်းလမ်းတစ်ခုအဖြစ် ရှမြင်ပေသည်။
“ငါ ချန်အားနျိုကို အကြိမ်ပေါင်းများစွာ အနိုင်ယူခဲ့ပြီးပြီ”
သူက ရေရွတ်လိုက်ပြီး သူ၏အာရုံစိုက်မှုကို ရှေ့မှမြေပုံဆီသို့ ပြန်လည်ပို့ဆောင်လိုက်သည်။ သူ၏မျက်လုံးများသည် ကွေ့ကောက်သော ကုလီလမ်းပေါ်သို့ ကျရောက်သွားခဲ့ပြီး သူ၏စိတ်ထဲတွင် စိတ်ကူးတစ်ခု ပေါ်လာခဲ့သည်။
“ဘာလို့ ငါ့ရဲ့နည်းလမ်းဟောင်းတွေကို ပြန်မသုံးရမှာလဲ”
သူ၏စိတ်ထဲတွင် အစီအစဉ်တစ်ခု စတင်ပေါ်လာသည်နှင့် ပေါင်ကို ဖြန်းခနဲရိုက်လိုက်သည်။
“ကုလီလမ်းတစ်လျှောက် ရွာက သွားလာရခက်ခဲတော့ ကုန်သွယ်ရေးမှာ မထိရောက်လှဘူး။ အကျိုးဆက်အနေနဲ့ မိသားစုတွေက ကိုယ့်မိသားစု ဖူလုံစေဖို့အတွက် လယ်ယာလုပ်ငန်းနဲ့ ယက်ကန်းလုပ်ငန်းတွေကို အတင်းအကျပ် လုပ်ဆောင်နေရတယ်။ ဒီလုပ်ငန်းမှာ အနှစ်နှစ်ဆယ်ကျော် အလုပ်လုပ်ခဲ့ပြီးတော့ ဒီအခြေအနေကို ငါမပြောင်းလဲနိုင်ဘူးလား။”
“ပင်မမိသားစုက အင်မော်တယ်ကျင့်ကြံခြင်းကို အာရုံစိုက်နေတော့ ဒီရိုးရိုးကုန်ပစ္စည်းတွေက သူတို့အတွက် အသေးအဖွဲ့တွေပဲ ဖြစ်နေနိုင်တယ်။ တောင်ပေါ်လမ်းကိုဖွင့်ပြီး ပိုလျှံနေတဲ့စပါးနဲ့ ပိုးထည်တွေကို ဘာလို့ မရောင်းရမှာလဲ။ ငါတို့ ကျောက်စိမ်းနဲ့ ဝိညာဉ်ပစ္စည်းတွေလို တန်ဖိုးရှိတဲ့ပစ္စည်းတွေနဲ့တောင် လဲလှယ်နိုင်မလားပဲ။ အဲ့ဒါတွေက ပင်မမိသားစုအတွက် အသုံးဝင်နိုင်တယ်”
သူ၏ကိုယ်ပိုင်အစီအစဉ်ကြောင့် စိတ်လှုပ်ရှားသွားသော ရွှီဝမ်ရှန်သည် သူယုံကြည်ရသော လက်ထောက်များ၊ အတိတ်က သူနှင့်အတူ ထွက်ပြေးလွတ်မြောက်လာခဲ့သော ဒုက္ခသည်များကို အလျှင်အမြန်ခေါ်ယူပြီး ထိုစိတ်ကူးကို ဆွေးနွေးကြည့်လိုက်သည်။
သူတို့အုပ်စုသည် အလားအလာကို ချက်ချင်းမြင်တွေ့သွားပြီး ၎င်းသည် အဆိုပြုချက်ကောင်းတစ်ခုဖြစ်ကြောင်း စိတ်အားထက်သန်စွာ သဘောတူညီခဲ့ကြသည်။
“ငါ ဒီစိတ်ကူးကို ပင်မမိသားစုကို အသေးစိတ်တင်ပြလိုက်မယ်”
ရွှီဝမ်ရှန်က လူအုပ်ကို တံခါးအပြင်သို့ ဦးဆောင်သွားရင်း အားရပါးရရယ်မောကာ ကြေညာလိုက်သည်။